Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Thursday, April 18, 2013

အနှိုင်းမဲ့အဖြည့်ခံ ယသောဓရာ ( ၁၅ ) နိဂုံးပိုင်း

ရှင်တော်မြတ်ဘုရားနှင့် တပည့်တော်မတို့၏ထင်ရှားသော ဗျာဒိတ်မိုင်းကြောင်းကို ပြန်ပြောင်းလျှောက်ထားရပါလျှင် လွန်ခဲ့သော လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်ဝယ် ဒီပင်္ကရာဘုရားရှင် ပွင့်ထွန်းတော်မူခဲ့ပါတယ်။ အဲဒီတုန်းက ရမ္မာဝတီပြည်သူ ပြည်သားများက ဘုရားရှင်နှင့် သံဃာတော်များ ဆွမ်းစားကြွလာဘို့အရေး လမ်းကိုသုတ်သင်ပြင်ဆင် ခင်းကျင်းကြပါတယ်။ အဲဒီအခမ်းအနားမှာ အရှင်ဘုရားလည်း ပါဝင်ခဲ့သလို တပည့်တော်မလဲ ပါဝင်ခဲ့ပါတယ်။  အဲဒီတုန်းက တပည့်တော်မဟာ သုမိတ္တာမည်သော အမျိုးသမီးဖြစ်ခဲ့၍ ရှင်တော်မြတ်ဘုရားသည် သုမေဓာမည်သော ရှင်ရသေ့ဖြစ်ခဲ့ပါ၏။ ဒီပင်္ကရာဘုရားရှင်ကြွလာတော်မူသောကြောင့် ကြာပန်းရှစ်ခိုင်ကို ဘုရားရှင်အားလှုရန်ယူလာသောအခါ ပရိသတ်အလယ်တွင် တင့်တယ် သပ္ပါယ် ခန့်ငြားလှသော အရှင်ရသေ့ကို တပည့်တော်မ အထင်အရှားဖူးတွေ့ခဲ့ရပါပီ။ ထိုစဉ်အခါ ရှေးရှေးဘဝများစွာက အတူတကွချစ်ခဲ့ကြင်နာခဲ့ကြရသော ချစ်မေတ္တာစွမ်းကြောင့် ရှင်ရသေ့၏ တင့်တယ်သော ဥပဓိရုပ်ရည်သည် တပည့်တော်မ၏ စိတ်ထားနှင့် နှလုံးသားကို စွဲဆောင်သွားခဲ့ပါပီ။ ရှင်ရသေ့ကို ဖူးတွေ့ရခြင်းကြောင့် တပည့်တော်မ၏ ရင်တွင်းတွင်လည်း ဤဘဝအသက်ရှင်ရခြင်းသည် အကျိုးရှိလေစွဟု ထင်မှတ်အောက်မေ့ခဲ့ပါ၏။ ထို့ပြင် တပည့်တော်မ၏ ကြည်ညိုစိတ်နှင့် ချစ်မေတ္တာစိတ်များသည် ရှင်ရသေ့အပေါ်တွင် တက်ကြွစွာယိုဖိတ်ဖြစ်ပေါ်လာသောကြောင့် ကြာပန်းငါးခိုင်ကို ရှင်ရသေ့အားလှုပြီးလျှင် ကျန်သုံးခိုင်ကို တပည့်တော်မကိုယ်တိုင်ကိုင်ဆောင်လျှက် ရှင်ရသေ့၏သမ္မာသမ္ဗောဓိဥာဏ်အတွက် ပါရမီတော်တို့ကို ကူညီဖြည့်ဆည်းရင်း အတူတကွဘဝဆက်တိုင်းပေါင်းဆုံရပါစေသားဟု ခွင့်မတောင်းမိဘဲ ဆုပန်ခဲ့ပါ၏။

       ရှင်ရသေ့နှင့်တပည့်တော်မတို့ကြာပန်းတို့ကို အတူတူလှုကြသောအခါ ဒီပင်္ကရာဘုရားရှင်သည် အရှင်ဘုရားနှင့်တပည့်တော်မတို့အတွက် ဤသို့သောဗျာဒိတ်စကားတော်ကို မိန့်ကြားတော်မူခဲ့ပါ၏။ ရသေ့မြတ် ဤရှုမငြီးအလှဖြင့်ချစ်စရာအတိပြီးသော သတို့သမီးငယ်သည် ကိုယ်နှုတ်စိတ်တို့၏ လုပ်ရပ်ဖြစ်ရပ်ဟူသော သုံးထပ်သောကံတို့၌ သင်နှင့်ထပ်တူဖြစ်လတံ့။ ထို့ပြင် ဤသတို့သမီးသည် မြင်ရသူလူအပေါင်း၏ ရှု၍မငြီး ကြည့်၍မဝသော ချစ်ဖွယ်ရာရုပ်အဆင်းအင်္ဂါနှင့်ပြည့်စုံသူဖြစ်ပြီးလျှင် သူတစ်ပါးတို့အား နှလုံးစိတ်ဝမ်းပျော်ရွှင်အေးချမ်းမှုကိုလဲ တိုးပွါးစေနိုင်သူဖြစ်လတံ့။ မြတ်စွာဘုရားရှင်တို့၏ တရားတော်တို့၌ နှလုံးပျော်ပိုက်ကာ ကျင့်နိုင်သူဖြစ်ပြီးလျှင် ဘုန်းတန်ခိုးရှိန်စော် အာနုဘော်ကြီးသူဖြစ်လတံ့။ အရှင်သခင်၏ဘဏ္ဍာကို အစဉ်မပြတ် စောင့်ရှောက်သကဲ့သို့ ကုသိုလ်တရားမှန်သမျှတို့၌လည်း အစဉ်အမြဲစောင့်ရှောက်ထိန်းသိမ်းသူဖြစ်လတံ့။ ဘုရားဖြစ်ရန်ပါရမီဆယ်ပါးကို ဖြည့်ကျင့်တော့မည်ဖြစ်သောသင့်အား
ဖေါက်ပြန်ခြင်းမရှိဘဲ အစဉ်အမြဲစောင့်ရှောက်လျှက် ပါရမီတို့ကို ကူညီဖြည့်ဆည်းသူဖြစ်ပေလတံ့။
ခြင်္သေ့သည် နှောင်အိမ်ချိုင့်ကိုဖျက်ဆီး၍ လွတ်မြောက်ရာကိုသွားသကဲ့သို့ ( သင်ဘုရားဖြစ်သောအခါ ) ကိလေသာတို့ကို ဖျက်ဆီး၍ သံသရာမှလွတ်မြောက်ရာ သာဝကဗောဓိဥာဏ် ( နိဗ္ဗာန် ) သို့ ရောက်လတံ့ဟု များပြားလှသော ရမ္မာဝတီပြည်သူပြည်သားတို့၏ရှေ့မှောက်၌ ဗျာဒိတ်စကားကို မိန့်ကြားတော်မူခဲ့ပါ၏။

     တပည့်တော်မသည် ထိုဗျာဒိတ်စကားတော်ကိုကြားရသောအခါ ရှင်တော်မြတ်ဘုရားနှင့်လက်တွဲ၍ ပါရမီလုပ်ငန်းတို့ကို ကျင့်ဆောင်ခွင့် ဖြည့်ဆည်းခွင့်ကိုရပြီဟု တွေးတောမိ၍လည်း အလွန်အမင်းဝမ်းမြောက်ကြည်နူးခဲ့ရပါ၏။ ထိုဝမ်းမြောက်ကြည်နူးမှုသည် ယခုအခါ ဖေါ်ပြ၍မရနိုင်လောက်သည့် အထွဋ်အထိတ်သို့ရောက်ခဲ့ပါပြီ။ ထိုသို့ဝမ်းမြောက်ခဲ့သည့်အလျောက်လည်း ဗျာဒိတ်စကားတော်အတိုင်း ကံသုံးရပ်တို့ဖြင့် ဖြည့်ကျင့်ခဲ့ပါသည်ဘုရား။ ဒီပင်္ကရာဘုရားရှင်ကိုလည်း အလွန်အမင်းကြည်ညိုခဲ့ပါ၏။ ထိုကဲ့သို့ဘုရားရှင်ကိုကြည်ညို၍ သာသနာတော်အဆုံးအမတိုင်း
နေထိုင်ကျင်လည်ကာ ဖြည့်ဆည်းခဲ့ရသော ကုသိုလ်စွမ်းတို့ကြောင့် လူ့ပြည်နတ်ပြည်တို့၌ မရေတွက်နိုင်လောက်အောင် ချမ်းသာသုခကိုခံစားခဲ့ရပါသည်ဘုရား။ အရှင်ဘုရားနှင့် သံသရာတွင်ပေါင်းဆုံမိသည့်အတွက် ဤကဲ့သို့သော ချမ်းသာသုခမျိုးကိုရရှိခဲ့ပါသည်ဘုရား။ ထိုကဲ့သို့ပူးတွဲ၍ ဆည်းပူးခဲ့ရသော ကုသိုလ်ကံအရှိန်တို့ကြောင့် ဘဝဆက်တိုင်း ချမ်းသာသုခကိုခံစားခဲ့ရသော်လဲ လောက၏နိယာမဖြစ်သော လောကဓံတရားတို့ကိုတော့ ရှောင်လွှဲ၍မရနိုင်သောကြောင့် အတိုင်းမသိသော အနှိုင်းဆမဲ့သော ဒုက္ခများစွာကိုလဲ ခံစားခဲ့ရပါ၏။ ထိုသို့ခံစားရသော်လည်း ဖေါက်ပြန်ယိမ်းယိုင်ခြင်း အလျဉ်းမရှိခဲ့ပါ။ ဘဝသံသရာဝယ် ပါရမီတော်တို့ကို ကူညီဖြည့်ဆည်းရင်း နောက်ဆုံးဖြစ်သော ယခုဘဝတွင် သာကီဝင်မင်းမျိုး၌ မင်းသမီးဖြစ်ခဲ့ပါ၏။

             တပည့်တော်မသည် နောက်ဆုံးဖြစ်သော ယခုဘဝဝယ် ရုပ်အဆင်းအားဖြင့်လည်း ရှု၍မငြီးချစ်၍မဝ တင့်တယ်လှပသူဖြစ်ရပါ၏။ စည်းစိမ်ဥစ္စာအားဖြင့်လည်း လိုအပ်သည့်အရာဟူ၍ မရှိလောက်အောင်ပင် ပြည့်စုံသူဖြစ်ရပါ၏။ အခြံအရံအလုပ်အကျွေးတို့လည်း များပြားလှပါ၏။ သီလတရားကိုလဲ အလေးအမြတ်ထားကာ စောင့်ထိန်းပါ၏။ ကိုယ်အင်္ဂါအစိတ်အပိုင်းများလည်း တင့်တယ်စွာပြည့်စုံကြ၍ လူအပေါင်းတို့၏ လေးစားရိုသေပူဇော်မှုကို ခံယူရသူဖြစ်ရပါ၏။ လောကဓံဆိုးများနှင့်ကြုံရသောအခါတွင်လည်း စိတ်ဆင်းရဲခြင်းမဖြစ်ပါ။ လုံခြုံပြည့်ဝ အေးချမ်းသောဘဝဖြင့်နေထိုင်ရပါသည်ဘုရား။ ရှင်တော်မြတ်ဘုရား မိမိတိုင်းပြည်ဖြစ်သော ကပိလဝတ္ထုသို့ ပြန်လည်ကြွရောက်စဉ်အခါတုန်းက နန်းတော်တွင်းဝယ် သာကီဝင်မင်းမျိုးတို့၏ ရှေ့မှောက်၌ တပည့်တော်မ၏ဂုဏ်ကျေးဇူးတို့ကို ဤသို့ဖွင့်ထုတ်မိန့်ကြားတော်မူသည်ကို ကြားယောင်နေမိပါသေးသည်ဘုရား။ အရှင်ဘုရားမိန့်တော်မူသည်မှာ ဤရှု၍မငြီးအံ့ချီးလောက်သည့် ချစ်ဇနီးဖြစ်ခဲ့ဖူးသော ယသောဓရာသည်
ကျေးဇူးအထူးကို ပြုလည်းပြုတတ်၍ သိလည်းသိတတ်သူဖြစ်ပေ၏။ အမျိုးမျိုးသောဆင်းရဲ အမျိုးမျိုးသော ချမ်းသာတို့၌ စိတ်ဖေါက်ပြန်ခြင်း ယိမ်းယိုင်ခြင်းအလျဉ်းမရှိဘဲ ခိုင်ကြည်တည့်မတ်သော စိတ်ထားရှိသည့် မိန်းမမြတ်ဖြစ်ပေ၏။ ကုသိုလ်အကျိုးစီးပွါးတိုးပွါးသည့်စကားကိုသာ ပြောကြားတတ်သူဖြစ်ပေ၏။ ကောင်းမှုကုသိုလ်မှန်သမျှကိုလည်း အစဉ်အမြဲစောင့်ရှောက်တတ်သော မိန်းမမြတ်ဖြစ်ပေ၏တကား။ ဤသည့်စကားတို့မှာ ရှင်တော်မြတ်ဘုရား ကပိလဝတ်နန်းတော်တွင်းဝယ် သာကီဝင်မင်းမျိုးတို့၏ ရှေ့မှောက်၌ တပည့်တော်မသည် သံသရာ၏ကောင်းမှုကို အစဉ်စောင့်ရှောက် ထိန်းသိမ်းကျင့်ကြံ ဖြည့်ဆည်းခဲ့သူဖြစ်ကြောင်းကို ထင်ရှားအောင် တပည့်တော်မ၏ ဂုဏ်တို့ကို ချီးမွမ်းမိန့်ကြားခဲ့သော စကားတော်များဖြစ်ပါသည်ဘုရား။ တပည့်တော်မ ဆက်လက်လျှောက်ထားသည်ကို နားကြားတော်မူစေချင်ပါသည်ဘုရား။

     ကြီးစွာသောလုံ့လရှိတော်မူသော မြတ်စွာဘုရား ရှေးလွန်လေပြီးသောကမ္ဘာများစွာဝယ် ကုဋေတစ်သိန်းရှစ်ဆယ့်ငါးဆူသောဘုရားရှင်တို့သည် ပွင့်ထွန်းပေါ်ပေါက်ခဲ့ကြပါကုန်၏။ နတ်ထက်နတ်ဖြစ်၍ မြတ်သထက်မြတ်တော်မူကြကုန်သော ထိုထိုများပြားလှသော ဘုရားရှင်တို့၏အထံတော်၌ များပြားလှသောအလှုကို ဖြစ်စေခဲ့ပါပီ။ မြောက်များလှစွာသော ဆုတောင်းခြင်းတို့ကိုလဲ ပြုခဲ့ပါပီ။ ထိုထိုလျှောက်ဆိုခဲ့ပြီးသော ဘုရားရှင်တို့၏ အထံတော်၌သာ အလှုဒါနပြု၍ဆုတောင်းခဲ့သည် မဟုတ်ပါ။ အခြားတစ်ပါးသော ခြောက်ဆယ့်လေးကုဋေသော ပစ္စေကဗုဒ္ဓါတို့သည်လည်း ပွင့်ထွန်းတော်မူခဲ့ကြကုန်ပြီးလျှင် ထိုထိုသောပစ္စေကဗုဒ္ဓါတို့၏ အထံတော်၌
တောင်းဆုပြုခဲ့သည်မှာလည်း များပြားလှပါ၏။ ထို့ပြင်ကိလေသာအာသဝေါကင်းကုန်ပြီးသော ရဟန္တာအရှင်မြတ်တို့ကား မရေမတွက်နိုင်အောင်ပင် ပေါ်ပေါက်ခဲ့ကြပါကုန်၏။ ထိုထိုပေါ်ပေါက်ခဲ့ကြသော ရဟန္တာအရှင်မြတ်တို့၏ အထံတော်၌လည်း မြောက်များလှစွာ တောင်းဆုပြုခဲ့ပါ၏။

       နတ်ထက်နတ်ဖြစ်တော်မူသော မြတ်စွာဘုရား တပည့်တော်မဆက်လက်လျှောက်ထားသည်တို့ကို နာကြားတော်မူစေချင်ပါ၏ဘုရား။ တရားတော်ကို ကောင်းစွာကျင့်ပြီးကုန်သော ဘုရားရှင်တို့၏အထံ၌လည်းကောင်း၊ တရားကိုအမြဲမပြတ်အခါခပ်သိမ်းကျင့်လေ့ရှိကုန်သော သူတော်စင်ပုဂ္ဂိုလ်မွန်တို့၏ အထံ၌လည်းကောင်း၊ ကိုးကွယ်ဆည်းကပ်၍ တရားကိုကျင့်သောသူသည် ပစ္စုပ္ပန်တမလွန် နှစ်တန်သောဘဝတို့၌ ချမ်းသာစွာနေရအိပ်ရ ကျင်လည်ရပါ၏။ တပည့်တော်မသည် ပါရမီတော်တို့ကို ကူညီဖြည့်ဆည်းပေးပြီးသော ယခုဘဝတွင် သံသရာကိုငြီးငွေ့၍ အခြံအရံတစ်ထောင်နှင့်အတူ အိမ်ရာမထောင် ရဟန်းဘောင်သို့ကြောင့်ကြမဲ့စွာ အနှောက်အယှက်ကင်းဝေးချမ်းသာစွာ ဝင်ရောက်ခဲ့ပါ၏။ ရဟန်းဘောင်သို့ဝင်ရောက်ပြီး၍ ရက်သတ္တနှစ်ပတ်မပြည့်မီမှာပင် ကိလေသာကုန်ခန်း ရဟန္တာအဖြစ်သို့ရောက်ခဲ့ပါပီ။ လူများစွာတို့သည် ဆွမ်းသင်္ကန်းကျောင်းဆေးဟူသော ပစ္စည်းလေးပါးတို့ကို သမုဒ္ဒရာလှိုင်းတံပိုးကဲ့သို့ အရှိန်အဟုန်ကြီးမားစွာ မြောက်များစွာ
ပို့ဆောင်ကြပါကုန်၏။ တပည့်တော်မသည် ယခုအခါ ကိလေသာအာသဝေါတို့ကို ရှို့မြိုက်လောင်ကျွမ်းစေပြီးဖြစ်ပါသဖြင့် အအေးမြဆုံးသောအရသာတို့တွင် အမြတ်ဆုံးအေးမြမှုရသကို ခံစားရပါပီ။ ရှင်တော်မြတ်ဘုရား၏ အဆုံးအမတော်တို့ကိုလည်း လိုက်နာကျင့်သုံးပြီးပါပီ။

      များပြားလှသောဘဝသံသရာတွင် ရှင်တော်မြတ်ဘုရားနှင့်အတူ ဆင်းရဲဒုက္ခအဖုံဖုံ ချမ်းသာသုခအစုံစုံကို
ကျေနပ်ကြည်နူးစွာခံစားပြီးလျှင် ယခုအခါဧတဒဂ်ငါးတန်ရသော ရဟန္တာထေရီမအဖြစ်သို့ရောက်လျှက် အထွဋ်မြတ်ဆုံးသော နိဗ္ဗာန်ချမ်းသာကို သုံးဆောင်ခံစားနိုင်ပါပီ။ မြင့်မြတ်ကြီးကျယ်လှသော ရှင်တော်မြတ်ဘုရား၏ ကောင်းမှုကုသိုလ်အကျိုးငှာ
အစဉ်အမြဲဖြည့်ဆည်းခဲ့ရသော တပည့်တော်မသည် ရှင်တော်မြတ်ဘုရားကဲ့သို့သော အနှိုင်းမဲ့သည့် အဆွေခင်ပွန်းကောင်းကို ဘဝပရမ္ပရ ဘဝအဆက်ဆက်ရရှိခဲ့ပါ၏။ နောက်ဆုံးဘဝဖြစ်သော ယခုအခါတွင် ရောက်သင့်ရောက်ထိုက်သော
ကံစိတ်ဥတုအာဟာရတည်းဟူသော အကြောင်းတရားလေးပါးတို့ ပြုပြင်စီရင်ခြင်း အလျဉ်းမရှိသော နိဗ္ဗာန်သို့ရောက်ရပါပီ။ မျက်မှောက်ပြုနိုင်ပါပီ။ နတ်တကာတို့ထက် နတ်ဖြစ်၍ အမြတ်တကာတို့ထက် မြတ်တော်မူသော ရှင်တော်မြတ်ဘုရား ယခုအခါ တပည့်တော်မအား အတိတ်ကံအားလုံးတို့သည် ကုန်ပါပီ။ ပစ္စုပ္ပန်ကံမှန်သမျှလည်း ချုပ်ဆုံးပါပီ။ အနာဂတ်ကံဟူသမျှလည်း ပျက်ဆီးချုပ်ငြိမ်းပါပီ။ မကြာမြင့်မီပင် ပရိနိဗ္ဗာန်ပြုတော့ပါမည်။ စက္ခုငါးပါးနှင့်ပြည့်စုံတော်မူသော ရှင်တော်မြတ်ဘုရား၏
ခြေတော်အစုံတို့ကို ဂုဏ်တော်အနန္တကို အာရုံပြုလျှက် ဦးခိုက်နှုတ်ဆက်ခဲ့ပါသည် ရှင်တော်မြတ်ကြီးဘုရား။ 

        တပည့်တော်မ ဒီလိုနှုတ်ဆက်တဲ့အခါမှာ ရှင်တော်မြတ်ဘုရားက တပည့်တော်မကို ပရိသတ်အလည်မှာ သိသာထင်ရှားအောင် တန်ခိုးပြခိုင်းတော်မူပါတယ်။ ပရိနိဗ္ဗာန်ပြုတော့မည့်ဆဲဆဲဖြစ်တဲ့ တပည့်တော်မဟာ အရှင်ဘုရား မိန့်ကြားတော်မူသည့်အတိုင်း အမျိုးမျိုးသောတန်ခိုးတို့ကို အံ့မခန်းလောက်အောင် ကြီးကျယ်များပြားလှသော ရဟန္တာစုံညီ ပရိသတ်ရှေ့မှာပြခဲ့ပါတယ်။ ရှုမြင်ကြရတဲ့ ပရိသတ်ကြီးဟာ အံ့သြဘနန်းဖြစ်ပီးတော့ ချီးမွန်းခန်းထုတ်ကြတာလဲ ဝက်ဝက်ကွဲမျှပါပဲ။ သံသရာဝဋ်အတွင်းမှ အပြီးအပြတ်ထွက်ခွါပီးတော့ နိဗ္ဗာန်ရွှေပြည်ကြီးကို ဆိုက်ရောက်ရတော့မယ့် ခုလိုချိန်မှာ တပည့်တော်မနဲ့ အရှင်ဘုရားတို့ရဲ့ သံသရာတွင်း ဖြည့်ဆည်းခဲ့ရတဲ့ လုပ်ရပ် ဖြစ်ရပ်များကို အကျဉ်းချူပ်ပီးတော့ ပြောပြရင်း နှုတ်ဆက်ခွင့်ရလို့ ဓမ္မပီတိဖြစ်ရပါတယ်။ နောက်ပီးတော့ အဘိညာဉ် ငါးပါးလုံးကိုကျွမ်းကျင်နိုင်နင်းတဲ့အတွက်ကြောင့် မဟာဘိညာပတ္တဆိုတဲ့ ဧတဒဂ်ဘွဲ့ထူးကိုရရှိကာ ဒီဘွဲ့ထူးတော်နဲ့ညီမျှတဲ့ တန်ခိုးတော်အမျိုးမျိုးတို့ကို ပြသခွင့်ရတာဟာလဲ နောင်လာနောက်သား အမျိုးသမီးတွေအတွက် စံနမူနာဖြစ်စေပါလိမ့်မယ်။ အနှိုင်းမဲ့ ဥာဏ်တော် ကံတော် တန်ခိုးတော်တို့နှင့်ပြည့်စုံတော်မူသော ရှင်တော်မြတ်ဘုရား ယခုအခါ တပည့်တော်မသည် ရှင်တော်မြတ်ဘုရားကို နောက်တစ်ဖန် ဘယ်တော့မှ ပြန်မဆုံတော့တဲ့
နှုတ်ဆက်ခြင်းဖြင့် ရှိခိုးဦးခိုက်လျှက် အပြီးအပိုင်နှုတ်ဆက်ခဲ့ပါပီ။  သံသရာဝဋ်ဒုက္ခတွေကိုလဲ နှုတ်ဆက်ခဲ့ပါပီ။ ယခုကြွရောက် စုဝေးတော်မူကြတဲ့ အသရေတင့်တယ်တော်မူကြတဲ့ အမျိုးသားရဟန်းရော အမျိုးသမီးရဟန်းမတွေပါ ပါဝင်တဲ့ မဟာသံဃာကိုလဲ နောက်ဆုံးအနေဖြင့်နှုတ်ဆက်ခဲ့ပါပီ။ အရှင်မြတ်တို့အားလုံးလဲ ဘေးကင်းရန်ရှင်းစွာ သံသရာကိုနှုတ်ဆက်၍ ပရိနိဗ္ဗာန်စံတော်မူနိုင်ကြပါစေသား အရှင်မြတ်တို့ဘုရား။

                                                 ပီးပါပီ။

      သံသရာမှာ ပါရမီတွေအတူတူဖြည့်ခဲ့ကြရင်း လောကကောင်းကျိုးကို သယ်ပိုးတော်မူခဲ့ကြတဲ့ မြတ်စွာဘုရားရှင်နဲ့ ယသောဓရာတို့ရဲ့ ဖြစ်စဉ်ဖြစ်ရပ်များကို စံနမူနာယူ၍ လောကမှာ ရှိရှိသမျှ အမျိုးသား အမျိုးသမီးအားလုံး မိမိတို့
ချစ်ခင်နှစ်သက်ကြသောသူများနှင့် ဘဝဆက်တိုင်းပေါင်းဖက်ကြရ၍ မိမိတို့ဘဝရဲ့ ကောင်းကျိုး လောကရဲ့ကောင်းကျိုးကို
မြတ်ဗုဒ္ဓကိုယ်တော်တိုင် ကျင့်ကြံဖြည့်ဆည်းကာ မိန့်မှာတော်မူခဲ့သည့်အတိုင်း ကျင့်ကြံဖြည့်ဆည်းနိုင်ကြပါစေလို့
မေတ္တာအာသီသ ဖြန့်ဝေလိုက်ပါတယ်။

                ဒေါက်တာ အရှင်ပညာသာမိ။

               ကျမ်းကိုးစားရင်း

     ၁။ နိုင်ငံတော် ဗုဒ္ဓသာသနမဟာ ဗုဒ္ဓဝင်
     ၂။ စန္ဒကိန္နရီဇာတ်တော်နှင့် ဝေဿန္တရာဇာတ်တော်
     ၃။ ထေရီအပါဒါန် မြန်မာပြန်
     ၄။ သင်ဆရာ မြင်ဆရာ ကြားဆရာများ။

Monday, April 15, 2013

အနှိုင်းမဲ့ အဖြည့်ခံ ယသောဓရာ ( ၁၄ )


ရှင်တော်မြတ်ဘုရားဟောကြားတော်မူတဲ့တရားတော်တွေဟာ အလွန်ပဲလေးနက်လွန်းလှပါတယ်။ ဘယ်လောက်ထိနက်နဲသလဲဆိုရင် ယုန်သူငယ်တစ်ကောင်ဟာ မဟာသမုဒ္ဒရာရဲ့အလယ်ခေါင်မှာ အောက်ခြေကိုရောက်အောင် မထောက်တည်နိုင်သလို ပါရမီနဲလှတဲ့ သာမန်လူတွေအနေနဲ့တော့ ရှင်တော်မြတ်ဘုရားရဲ့တရားတော်တွေကို နားလည်နိုင် ခံစားနိုင်မှာမဟုတ်ပါဘူး။ အလွန့်အလွန်လဲ သိမြင်နိုင်ခဲလှပါတယ်။ ဒါကြောင့် တပည့်တော်မကိုယ်တိုင်လဲ ခုလိုလက်တွေ့ ဥာဏ်တွေ့ ခံစားသိမြင်လာမှသာ အလွန်သိမြင်နိုင်ခဲသော တရားတော်တွေဖြစ်ကြောင်း ထင်ထင်ရှားရှားပဲ သိမြင် နားလည်လာခဲ့ရပါတယ်။ နောက်ပီးတော့လဲ ယခင်က မရှင်းလင်း မကြည်လင်ခဲ့ရတဲ့ အရာရာတွေရဲ့ အဖြေဟာ ပီပြင်ကြည်လင်လာခဲ့ပါပီ။ နောက်ပီးတော့လေ ရှင်တော်ဘုရားရဲ့ တရားတော်တွေဟာ အတွေးအခေါ်ပညာရပ်တွေလဲ မဟုတ်ပါဘူး။ တကယ်လို့သာ ရှင်တော်ဘုရားရဲ့ ဓမ္မတွေဟာ အတွေးအခေါ်ပညာရပ်တွေသာဖြစ်ခဲ့မယ်ဆိုရင် အရှင်ဘုရားဟာ အတွေးအခေါ်ပညာရှင်တစ်ယောက်မျှသာဖြစ်မှာပါ၊ ဒီထက်မပိုပါဘူး။ အနှိုင်းမဲ့ သဗ္ဗညုတဥာဏ်ရှင်လဲ မဟုတ်နိုင်ပါဘူး။ တကယ်တော့ ရှင်တော်ဘုရားရဲ့တရားတော်တွေဟာ အတွေးအခေါ်တွေရဲ့ နယ်ပယ်ကိုကျော်လွန်သွားတဲ့ ထိုးထွင်းသိဥာဏ်နဲ့တွေ့ရှိထားတဲ့ တရားတော်တွေပါလားဆိုတာလဲ သိမြင်တတ်ပါပီ။ တွေးခေါ်လို့ဟောစတမ်း ပြောစတမ်းဆိုရင် ဒီလောက်အဆင်းရဲခံပီးကျင့်စရာမလိုပါဘူးလေ။ နန်းတော်ထဲမှာ ကာမဂုဏ်တွေခံစားရင်း စာပေတွေသင်ကာ
လောကီပညာတွေလေ့လာရင်လဲ တွေးခေါ်တတ်တာပါပဲ။ ဒါကြောင့် အတွေးခေါ်နယ်ပယ်ကိုကျော်လွန်သွားတဲ့ ထို်းထွင်းဥာဏ်နဲ့တွေ့သိထားတဲ့တရားတော်တွေပါလို့ တပည့်တော်ပြောရဲတာပါ။ စာပေတွေကိုလေ့လာလို့သိရတဲ့အသိနဲ့ နည်းမှန်လမ်းမှန်ကျင့်လို့ သိရတဲ့အသိဟာ ကွာခြားလွန်းလှပါတယ်။ အထူးသဖြင့်တော့လေ ပညာရှင် သူတော်စင်တွေသာ သိမြင်နိုင်တဲ့တရားတွေပါ။ အကြောင်းကတော့ သိမ်မွေ့လွန်းလို့ပါပဲ။

    တပည့်တော်မဟာ ကိလေသာမှန်သမျှ တစ်စမကျန် ပယ်လှန်သုတ်သင်ပီးတဲ့အခါမှာတော့ အခြားသူတွေထက် ထူးကဲတဲ့ အတိတ်သိဥာဏ်တော်ကို ရရှိပိုင်ဆိုင်ခဲ့ရပါတယ်။ ကိုယ်တိုင်သိတဲ့ ဒီအတိတ်သိဥာဏ်တော်နဲ့ ဆင်ခြင်လိုက်တဲ့အခါမှာ လွန်ခဲ့တဲ့ ကမ္ဘာတစ်သိန်းအထက်ကာလမှာ ပဒုမုတ္တရမြတ်စွာဘုရားရှင်အထံတော်သို့အရောက်သွားပီး ပါရမီကုသိုလ်တွေအားထုတ်ရင်း မဟာဘိညာပတ္တဆိုတဲ့ ကြီးကျယ်သော အဘိဥာဏ်ပညာမှာ နံပါတ်တစ် ဖြစ်လိုပါကြောင်း ဆုတောင်းခဲ့ပါတယ်။ ဒီဆုတောင်းဟာ ရှင်တော်မြတ်ဘုရားရဲ့ လက်ထက်မှာ ပြည့်ဝခဲ့ပါပီ။ သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးတော်မူစဉ်အခါကပေါ့။ များပြားစုံလင်လှတဲ့ ပရိသတ်တွေရဲ့အလယ်မှာ ဒီဆုကို ရှင်တော်မြတ်ဘုရားပေးအပ်ခဲ့တာပါ။ ဒါကလဲ ပါရမီတွေအတူတူ
လက်တွဲဖြည့်ခဲ့ရလို့ သနား စာနာတဲ့အနေနဲ့ပေးတာမဟုတ်ဘဲ တပည့်တော်မရဲ့ တကယ်စွမ်းနိုင်တဲ့ ကိုယ်ပိုင်အရည်အချင်းကြောင့်
ပေးအပ်ခဲ့တဲ့ အခွင့်ထူး ဆုထူး ဘွဲ့ထူးပါ။ တကယ်တော့ အခွင့်ထူး ဘွဲ့ထူးတွေဆိုတာ သက်ဆိုင်ရာ အရည်အချင်းရှိသူတွေကို ပေးအပ်မှသာ လောကကြီးအတွက် ကောင်းကျိုးဖြစ်ထွန်းမှာပါ။  ရှင်တော်ဘုရားပေးအပ်ခဲ့တဲ့ ဆုတိုင်းဘွဲ့တိုင်းဟာ အဂတိကင်းလွန်းလှပါတယ်။ ဆိုင်ရာအရည်အချင်းမရှိဘဲနဲ့ ဆိုင်ရာဂုဏ်ထူးဘွဲ့ထူးကို ဘယ်သူ့ကိုမှ ဘာကြောင့်မှ မပေးခဲ့ဘူးဆိုတာ အသေအချာပါပဲ။ သက်ဆိုင်ရာအရည်အချင်းအားလျော်စွာ သင့်တော်တဲ့ ရားထူး ဂုဏ်ထူးတွေနဲ့ ချီးမြှောက်ပီး လောကကိုမြှင့်တင်ပေးခဲ့တာ၊ နောင်လာနောက်သားတွေ သူတော်ကောင်းတရားတွေမှာ အားကျအတုယူနိုင်လောက်အောင် ဦးဆောင်ညွန်ပြ ဟောကြားပေးခဲ့တာတွေဟာ ဘာသာရေးသမိုင်းမှာတော့ ရှင်တော်မြတ်ဘုရားဟာ ပထမဆုံး အဦးဆုံး ဖေါ်ဆောင်ခဲ့သူပါ။ နောက်ပီးတော့ သာသနာတော်မှာ အလွန်အားကိုးရပီးတော့ ရှင်တော်မြတ်ဘုရားကိုလဲ ကြည်ညိုကြတဲ့ သောတာပန်အရိယာ ဗိမ္ဗိသာရဘုရင်ကြီးနဲ့ ပသေနဒီကောသလဘုရင်ကြီးတို့ဟာ ဘယ်လို ဧတဒဂ်ဆုမှမရခဲ့ကြပါဘူး။ လောကမှာ ဓမ္မနည်း အဓမ္မနည်းတွေ အမျိုးမျိုးနဲ့ ထိပ်တန်းနေရာတွေရနေကြသော်လဲ သာသနာတော်နဲ့ပတ်သက်လာရင် ဆိုင်ရာအရည်အသွေးမရှိဘဲနဲ့ ဘယ်လိုမှ ထိပ်တန်းကိုလဲ မရောက်နိုင်သလို
ထိပ်တန်းဘွဲ့ထူးတွေကိုလဲ မရနိုင်ပါဘူး။ ဒါကြောင့် တပည့်တော်မ ရရှိခဲ့တဲ့ မဟာဘိညာပတ္တဧတဒဂ်ဘွဲ့ထူးကြီးအတွက်
လေးလေးနက်နက် ဓမ္မပီတိဖြစ်ရပါတယ် ရှင်တော်မြတ်ဘုရား။

   နောက်ပီးတော့ တပည့်တော်မအတွက် ပေးအပ်ခဲ့တဲ့ မဟာဘိညာပတ္တဆိုတဲ့ဘွဲ့ထူးကြီးဟာ အလွန်ကြီးမြင့်လှပါတယ်။ ကြီးမြင့်သည့်အလျောက်လဲ တပည့်တော်မဟာ တင်ပလ္လင်ခွေထိုင်ရင်း ဆင်ခြင်စိတ်တစ်မျိုးတည်းဖြင့် တစ်အသင်္ချေနှင့်
ကမ္ဘာတစ်သိန်းကာလအတွင်းမှာ ဖြစ်ပျက်ခဲ့သမျှ အရာရာကို ခရေစေ့တွင်းကျ ပြန်လည်သိမြင်နိုင်ပါတယ်။
ဒီဆုကို သာသနာတော်မှာ လက်ဝဲရံလက်ယာရံ အဂ္ဂသာဝက မထေရ်မြတ်ကြီးနှစ်ပါးရယ် အရှင်ဗာကုလမထေရ်ရယ် တပည့်တော်မရယ်လို့ လေးဦးသာပိုင်ဆိုင်ခဲ့ပါတယ်။ ပညာအရာဧတဒဂ်ရတော်မူတဲ့ လက်ယာတော်ရံ အဂ္ဂသာဝကမထေရ်မြတ်ကြီး အရှင်သာရိပုတ္တရာလဲ ရတော်မူပီး အရှင်မြတ်ကြီးနဲ့ တန်းတူညီတဲ့ ဒီဘွဲ့ထူးကိုရယူပိုင်ဆိုင်ရတဲ့အတွက် အထူးပဲ ကျေနပ်ဝမ်းသာမိပါတယ်။ အနှိုင်းမဲ့ဥာဏ်တော်ရှင် ဘုရားသခင်ကပေးအပ်တဲ့ အလွန်မြင့်မားတဲ့ ဒီဘွဲ့ထူးကို ဒီကမ္ဘာမှာ အမျိုးသမီးတွေထဲက တပည့်တော်မဟာ ပထမဆုံးရရှိခဲ့သူပါ။ တကယ်တော့ ဒီဆုကို ရှင်တော်မြတ်ဘုရားထံမှာ တောင်းခဲ့တာလဲမဟုတ်သလို ပါရမီတွေကို အတူတူကူညီဖြည့်ဆည်းပေးရလို့လဲ ဒီဆုကိုမတောင်းဆိုခဲ့ပါဘူး။ တကယ်တော့ ဒီဆုကို ပဒုမုတ္တရဘုရားရှင်ထံမှာ ရှင်တော်မြတ်ဘုရားမပါဘဲ တပည့်တော်မ တစ်ယောက်ထဲ ကုသိုလ်ပြုရင်းတောင်းခဲ့တာပါ။ ရှင်တော်မြတ်ဘုရားနဲ့ပတ်သက်လာရင် ဘာတစ်ခုကိုမှ မတောင်းဆိုခဲ့ဘဲ အမြဲအဖြည့်ခံသက်သက်နဲ့ ရပ်တည်ခဲ့သူပါ။

      တပည့်တော်မဟာ ယခုအခါ အာသဝေါကုန်းခန်းလို့ ရဟန္တာထေရီမကြီးဖြစ်ခဲ့ပီ။ ရှင်တော်မြတ်ဘုရား အသိမှတ်ပြုတော်မူတဲ့ မဟာဘိညာပတ္တ ဧတဒဂ်ဘွဲ့ထူးကြီးကိုလဲ ရရှိပိုင်ဆိုင်ခဲ့ပီ။ လောကုတ္တရာချမ်းသာအစစ်ဖြစ်တဲ့ ကိလေသာမှ လွတ်မြောက်မှု
ချမ်းသာကိုလဲ ပြည့်ဝစွာခံစားနိုင်ပါပီ။ ရှင်တော်မြတ်ဘုရားရဲ့ သာသနာတော်မှာ အလွန်ဂုဏ်ရှိန်တင့်တဲ့ ရဟန္တာထေရီမကြီး
အဖြစ်နဲ့လဲ နှစ်ပေါင်းများစွာနေထိုင်ခဲ့ပါပီ။ မဟာဘိညာပတ္တ ဧတဒဂ်ပိုင်ရှင် ဘဒ္ဒကဉ္ဇနာရဟန္တာထေရီမကြီးအဖြစ်ရောက်လာတော့ ရှင်တော်မြတ်ဘုရားနဲ့အတူ  ဖြည့်ဆည်းခံဘဝနဲ့ ပေးဆပ်ခဲ့ရတာတွေဟာ ထိုက်တန်လိုက်တာ၊ ပေးဆပ်ရကျိုးနပ်လိုက်တာလို့
ကျေနပ်စိတ်တွေ ဆင်ခြင်တိုင်းဖြစ်ရပါတယ်။ အကြောင်းက တပည့်တော်မကိုယ်တိုင်လဲ ဒီအနှိုင်းမဲ့တဲ့ လွတ်မြောက်မှုရဲ့ အရသာကို ဥာဏ်တွေ့လက်တွေ့ ခံစားနိုင်သလို အသင်္ချေ အနန္တများလှစွာသော သတ္တဝါတွေလဲ လွတ်မြောက်မှုအရသာကို ခံစားနိုင်ကြလို့ပါ။ အမှန်စင်စစ်တော့ လွတ်မြောက်ချမ်းသာဆိုတာ ထိုထွင်းသိဥာဏ်နဲ့ ဓမ္မအရသာကို  ခံစားတတ်လာတာ ခံစားနိုင်လာတာပါပဲ။ ကိလေသာအနှောင်အဖွဲ့ထဲမှာ ကျင်လည်ခဲ့စဉ်တုန်းက အလွန်ကောင်းတဲ့ အရသာတစ်ခုခုကို ခံစားရပီဆိုရင် ကိုယ်ချစ်တဲ့သူ ခင်တဲ့သူ နီးစပ်သူတွေကိုသာ ကွက်ကွက်လေး ဝေငှချင်ခဲ့တာပါ။ ကိုယ်နဲ့မနီးစပ်သူတွေ မချစ်ခင်သူတွေ စတဲ့  အခြားသူတွေကို ဝေငှဘို့ဝန်လေးခဲ့မိတယ်။ ခုတော့ သတ္တဝါအားလုံးကို ဘဝရဲ့အရာရာအားလုံး ဝေငှနိုင်ပါပီ။ ဒီလို ဓမ္မရဲ့အရသာကို ထိုးထွင်းသိဥာဏ်နဲ့ ခံစားနိုင်တာ၊ သတ္တဝါတွေအားလုံးကို အရင်ကထက်ပိုလို့ ကောင်းကျိုးတွေဝေငှနိုင်တာတွေဟာ ရှင်တော်မြတ်ဘုရားရဲ့ ကျေးဇူးကြောင့်ပါ။ ဒီတော့မှပဲ ရှင်တော်မြတ်ဘုရားကြိုးစားတာဟာ လောကတ္ထစရိယဆိုတဲ့ အသားအရောင်၊ ချမ်းသာဆင်းရဲ၊ အနိမ့်အမြင့်၊ ပညာရှိ ပညာမဲ့၊ ဘာသာအယူဝါဒ၊ အဖြူအမည်းစသည်ကို ဘာတစ်ခုမှ  မခွဲခြားဘဲ  လောကသားအားလုံးရဲ့ ကောင်းကျိုးချမ်းသာအတွက်ဆိုတာကို လုံးလုံးလျားလျား နားလည်ခဲ့ပါတော့တယ်။

        ရှင်တော်မြတ်ဘုရား တပည့်တော်မသည် ရဟန္တာထေရီမကြီးဘဝနဲ့ နှစ်ပေါင်း ၄၀ နီးပါးမျှ သီတင်းသုံးနေထိုင်ရင်း သာသနာတော်အတွက်ရော လောကအတွက်ပါ စွမ်းနိုင်သည့်ဘက်မှ ဆောင်ရွက်ခဲ့ပါပီ။ တပည့်တော်မလဲ အသက်အရွယ် အိုမင်း၍ ပရိနိဗ္ဗာန် စံချိန်ရောက်ပါပီ။ ဒါကြောင့် သံသရာမှာ အတူကျင်လည်ခဲ့ရစဉ် ပေးဆပ်ဖြည့်ဆည်းခဲ့ရသမျှသော အရာရာအတွက် ပရိသတ်စုံညီအလည်မှာ လျှောက်ကြားရင်း နှုတ်ဆက်ချင်ပါတယ်။ နှုတ်ဆက်စကား
လျှောက်ထားခွင့်ပေးတော်မူပါဘုရား။ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား တပည့်တော်မကား အရှင်ဘုရား၏ ကြင်ယာသက်ထား ဇနီးမယားဖြစ်ခဲ့ဖူးသော ယသောဓရာပင်ဖြစ်ပါ၏။ အရှင်မြတ်ဘုရား၏ ခြေတော်အစုံတို့ကို ဖူးမြှော်ဦးခိုက်၍ နှုတ်ဆက်လိုပါ၏။ တပည့်တော်မသည် အရှင်မြတ်ဘုရား၏ အထံတော်ဝယ် အမြင့်မြတ်ဆုံးသော အဘိဥာဏ်ငါးပါးလုံးကို ထိုးထွင်းသိမြင် ရရှိခဲ့ပါပီ။ ကိလေသာအာသဝေါကုန်ခန်း၍ အမြင့်မြတ်ဆုံးသော ရဟန္တာထေရီမကြီးအဖြစ်သို့လည်း ရောက်ရှိခဲ့ပါပီ။ နောက်ထပ်တစ်ဖန် ဘဝသစ်မှာလဲ ပြန်လည်၍ ဖြစ်ဘွယ်ရာမရှိတော့ပါ။ အရှင်မြတ်ဘုရား၏ ခြေတော်ရင်းမှာပင် အလွန်ရနိုင်ခဲလှသော ပဋိသမ္ဘိဒါလေးပါးကိုလဲ ထိုးထွင်းသိမြင်ရအပ်ခဲ့ပါပီ။ 

     ရဟန်းမြတ်ဖြစ်တော်မူသော မြတ်စွာဘုရား ရှေးရှေးသောဘုရားရှင်တို့၏ အထံတော်ဝယ် အရှင်ဘုရားနှင့်အတူတကွ တပည့်တော်မတို့ပေါင်းဆုံမိကြပြီးလျှင် ရှင်တော်ဘုရားအတွက် ဆုတောင်းပေးခဲ့ရသည်မှာလည်း များပြားလှပါ၏။ ရှင်တော်မြတ်ဘုရားအကျိုးငှာ ကုသိုလ်ကောင်းမှုများစွာကို တပည့်တော်မဆည်းပူးခဲ့ပါပီ။  ထိုကုသိုလ်ကောင်းမှုတို့ကို
အောက်မေ့တော်မူပါအရှင်မြတ်ကြီးဘုရား။ ရှင်တော်မြတ်ဘုရား တပည့်တော်မသည် မပြုကျင့်သင့် မပြုကျင့်ထိုက်သော အရာမှန်သမျှကို ရှောင်ကြဉ်ဖယ်ခွါတားမြစ်လျှက် အရှင်ဘုရားအကျိုးအတွက် အသက်ကိုပင် ကျေနပ်စွာစွန့်လွှတ်ခဲ့ဖူးပါပီ။ ရဟန်းမြတ်ဖြစ်တော်မူသော မြတ်စွာဘုရား ရှင်တော်မြတ်ဘုရားသည် သဗ္ဗညုတဥာဏ်တော်အကျိုးငှာ ဘဝပေါင်း ကုဋေတစ်ထောင်မက သူတပါး၏ သားမယားအဖြစ် တပည့်တော်မကိုလှုခဲ့ပါ၏။ တပည့်တော်မသည် ထိုသို့ဖြစ်ရခြင်းအတွက် အနဲငယ်မျှငြိုငြင်ဖောက်ပြန်ခြင်း မဖြစ်ခဲ့ပါဘုရား။ ထို့ပြင် ဘဝပေါင်း ကုဋေတစ်ထောင်မက တပည့်တော်မကို သူတစ်ပါး၏အစားအစာအလို့ငှာလဲ လှုခဲ့ပါ၏။ အရှင်ဘုရားအတွက် အသက်ကိုစွန့်လွှတ်ခဲ့ရသည်မှာလည်း ဘဝပေါင်း ကုဋေတစ်ထောင်မကပါ။ တပည့်တော်မ၏ ကိုယ်အင်္ဂါအဆင်တန်ဆာများနှင့် အဝတ်အစားများစသော ပိုင်ဆိုင်မှုအရာရာကိုလည်းမလျှို့ဝှက်ခဲ့ပါ။

          ရှင်တော်မြတ်ဘုရားအကျိုးငှာ လယ်ယာစပါး စီးပွါးဥစ္စာနှင့် မြို့ရွှာတို့ကိုလည်းကောင်း၊ ရင်နှစ်သည်းချာ သားသမီးရတနာတို့ကိုလည်းကောင်း စွန့်လွှတ်ခဲ့ဖူးပါပီ။ အရှင်ဘုရားအကျိုးငှာ စွန့်လွှတ်ခဲ့ရကုန်သော ဆင်မြင်းကျွဲနွား စီးပွါးဥစ္စာနှင့် ကျေးကျွန်မတို့သည်လည်း မရေတွက်နိုင်လောက်အောင် များခဲ့ပါပီ။ အလှုအတန်းပြုလုပ်ရန် တိုင်ပင်သောအခါတိုင်း တစ်ကြိမ်တစ်ခါမျှ ဖေါက်ပြန်ကန့်ကွက်ခြင်း မပြုခဲ့ဘဲ ကြည်ဖြူစွာပင် သဘောတူခဲ့ပါ၏။ အရှင်ဘုရား၏အကျိုးကို ဆောင်ရွက်ရင်း ချမ်းသာသည့်အခါ ကျေနပ်ဝမ်းမြောက်ခဲ့ရသလို ဆင်းရဲမှုကို ကြုံတွေ့ရသောအခါတွင်လည်း စိတ်မချမ်းမြေ့မှုမဖြစ်ခဲ့ပါ။ ကြုံတွေ့ခဲ့ရသော ဘဝ၏အနိမ့်အမြင့် လောကဓံများကို တစ်သားတည်း တစ်စိတ်တည်း မပြောင်းလဲဘဲ
ကျေနပ်ခံစားပေးဆပ်ခဲ့ပါ၏။ အရှင်ဘုရားသည် သဗ္ဗညုတဥာဏ်တော်ရရှိရေးကို အလေးပေး၍လျှောက်လှမ်းခဲ့သူပါ။ ထိုသို့လျှောက်လှမ်းစဉ် အမျိုးမျိုးသော ချမ်းသာဆင်းရဲတို့ကို ရင်ဆိုင်ဖြတ်သန်းပြီးလျှင် အရှင်ဘုရားသည် လောကသုံးပါး၏ အထွဋ်အထိတ် သဗ္ဗညုတဥာဏ်တော်ရှင်အဖြစ်သို့ ယခုအခါရောက်တော်မူပါပီ။ ဗြဟ္မဒေဝမြတ်စွာဘုရားမှအစပြု၍
ရှေးရှေးသောဘုရားရှင်တို့၏အထံတော်ဝယ် အရှင်ဘုရားနှင့်တပည့်တော်တို့ ဆုံစည်းခဲ့ရသောဘဝများ များပြားခဲ့ပါပီ။ ထိုသို့ဆုံစည်းခဲ့ရတိုင်း အရှင်ဘုရားအတွက် ဆုတောင်းပေးရခြင်းများလည်း  သင်္ချာပြ၍ရနိုင်မည်မထင်တော့ပါ။ အမှန်စင်စစ် တပည့်တော်မသည် ဘုရားဖြစ်ကြောင်းတရားတို့ကို ရှာဖွေခဲ့သော ရှင်တော်မြတ်ဘုရား၏ အလုပ်အကျွေးမျှသာဖြစ်ပါ၏ အရှင်ဘုရား။ ( ဆက်လက်ဖေါ်ပြပါမယ် )

Wednesday, April 10, 2013

အနှိုင်းမဲ့ အဖြည့်ခံ ယသောဓရာ ( ၁၃ )

မောင်တော်ဘုရားသီတင်းသုံးတော်မူတဲ့ ဝေသာလီပြည်ကိုရောက်တော့ နှမတော်ရဲ့စိတ်ထဲမှာ ကျေနပ်အားရလိုက်တာ။ အကြောင်းက ဖွံ့ဖြိုးတိုးတက်ပီး စည်ပင်ဝပြောလှတဲ့ ဝေသာလီပြည်မှာ အုပ်ချုပ်သူလူတန်းစားတွေ၊ အုပ်ချုပ်ခံလူတန်းစားတွေ၊ အယူဝါဒမတူကြတဲ့ ဘာသာကွဲတွေ၊ ငွေရှင်ကြေးရှင်တွေ၊ အသိပညာရှင် အတတ်ပညာရှင်တွေမှအစ လူ့ဘုံစခန်းမှာ ကြင်လည်နေကြတဲ့ အလွှာစုံမှ လူသားအားလုံးဟာ မောင်တော်ဘုရားသီးတင်းသုံးတော်မူတဲ့ ကျောင်းတော်ကိုလာရောက်ပီးတော့ တရားနာကြ၊ ပူဇော်ကြတာတွေဟာ အံ့မခန်းထူးဆန်းတဲ့ဖြစ်ရပ်မို့ပါ။ ပိုလို့ထူးခြားတာက လူတန်းစားအလွှာစုံမှ စရိုက်အစုံနဲ့ အုံခဲပြည့်ကျပ်နေတဲ့ လူထုကြီးဟာ ကျောင်းတော်ဝင်းထဲမှာ ငြိမ်သက် အေးချမ်းစွာ အတူယှဉ်တွဲ သွားလာလှုပ်ရှားနေကြတဲ့အချက်ပါပဲ။ ဒီထက်ပိုလို့ထူးခြားတာက မောင်တော်ဘုရားရဲ့ တရားတစ်ပုဒ် သို့မဟုတ် စကားတစ်ခွန်းလောက်မျှနာကြားပီးရင် သူတို့ရဲ့မျက်နှာတွေ အမူအရာတွေ ပြောဆိုပုံတွေ နေ့စဉ်ဘဝမှာ သွားလာလှုပ်ရှားပုံတွေဟာ အေးချမ်း ယဉ်ကျေးပီးမြင့်မြတ်တဲ့အသွင်နဲ့ အထက်တန်းအဆင့်ကိုရောက်သွားကြတဲ့အချက်ပါပဲ။ ဒီတော့မှပဲ မောင်တော်ရဲ့လောကမှလွတ်မြောက်ရေးလမ်းစဉ်ဆိုတာ နေ့စဉ်လူနေမှုဘဝမှာ အသိရယ် သတိရယ် အကျင့်ရယ် တစ်ထပ်တည်းကျအောင် မိမိရဲ့အတွင်းအဇ္ဈတ္တကို အောင်နိုင်ရေးအတွက် ဦးစွာကြိုးစားရတာပါလားဆိုတာ ပုထုဇဉ်အတွေးနဲ့ သုံးသပ်နေမိပါတယ်။ နှမတော်ကိုယ်တိုင်ကတော့ လက်တွေ့ကျကျနားမလည်နိုင်သေးပါဘူး။ နိုင်ငံတော်အုပ်ချုပ်မှုစံနစ်ကလဲ သက်ဦးဆံပိုင် ဘုရင်စံနစ်မဟုတ်ဘဲ ကမ္ဘာ့ရဲ့ပထမဦးဆုံးသော ဒီမိုကရေစီစံနစ်ကိုကျင့်သုံးတဲ့ နိုင်ငံဖြစ်နေတာဟာလဲ အံ့သြစရာအချက်တစ်ခုပါပဲ။

      သူများနိုင်ငံနဲ့အခြားသူများအကြောင်းကိုအချိန်အကြာကြီးစဉ်းစားသုံးသပ်မနေတော့ပါဘူး။ မကြာခင်မှာပဲ နှမတော်ရယ်၊ ညီမလေး ဇနပဒကလျာဏီရယ် နှစ်ယောက်အတူတူ မိထွေးတော်ကြီး အထံမှာ ရဟန်းပြုခဲ့ကြပါတော့တယ်။ ရဟန်းမဘဝရောက်လာတော့ အနေအထိုင်ကကြပ်လိုက်တာလေ။ အရာရာကိုအောင့်အီးချုပ်တည်းရတာတွေက များလွန်းတော့ ရဟန်းဘဝဆိုတာ အကျဉ်းစံဘဝတစ်မျိုးပါလားလို့တောင် ခံစားမိပါတယ်။ နန်းတော်ထဲမှာ နေခဲ့စဉ်တုန်းကဘဝနဲ့ ရဟန်းမဘဝကွာခြားလိုက်ပါဘိ မောင်တော်ဘုရားရယ်။ မိုးနဲ့မြေမက မိုးနဲ့အဝီစိလောက်တောင်ကွာခြားလွန်းတယ်ထင်ပါရဲ့။ နန်းတော်ထဲမှာ နန်းတွင်းဟင်းလျာက နူးညံ့သင်းပျံ့ပီးအရသာပြည့်ဝတယ်။ ထမင်းမဆာတဲ့သူတောင် ဆာလောင်လာအောင် စားချင်စိတ်ကိုနှိုးဆွပေးနိုင်တဲ့ အနံ့အရသာပြည့်စုံလှပါတယ်။  ရဟန်းမဘဝနဲ့ဆွမ်းခံလို့ရတဲ့ဟင်းလျာကတော့ ဆာလောင်လွန်းလို့စားချင်နေတဲ့ ဆန္ဒတွေတောင် ပျောက်သွားတော့မတတ်ပါပဲ။ အိပ်ရာနေရာတွေ၊ အဆောက်အဦးကြီးတွေ၊ အဝတ်အစားတွေ အသုံးအဆောင်တွေစတဲ့ အရာရာဟာ ကွာချင်တိုင်းကွာနေတော့တာပါပဲ။ ရဟန်းမဘဝရောက်တော့မှပဲ
ရွှေနန်းတော်ရဲ့ စည်းစိမ်ချမ်းသာအရာရာကို စွန့်ခွါပီးတော့  ထမင်းမစား ဟင်းမစားဘဲ ခြောက်နှစ်ကြာကြာ ဒုက္ကရစရိယာကို ကျင့်နိုင်ခဲ့တဲ့ မောင်တော်ဘုရားရဲ့ သတ္တိကို အရမ်းပဲအံ့သြလေးစားမိပါတော့တယ်။ အထူးသဖြင့်တော့ လောကသားတွေအားလုံးကို လွတ်မြောက်ပီးချမ်းသာပြည့်ဝတဲ့အသိဥာဏ်ကို ပေးဘို့အတွက် အသက်ကိုတောင်မငဲ့ကွက်ဘဲ ကျင့်နိုင်ရဲ စွန့်နိုင်ရဲ အနစ်နာခံနိုင်ရဲတဲ့ သတ္တိကိုတော့ လေးစားကြည်ညိုလို့မဆုံးနိုင်တော့ပါဘူး။

       နှမတော်ရဲ့ဘဝဟာ အစားအစာ အဝတ်အစား အနေအထိုင်မှအစ အရာရာအားလုံးပြောင်းလဲခဲ့ရလို့ ရုပ်ပိုင်းဆိုင်ရာမှာ ခက်ခဲပင်ပန်းမှုရှိသော်လဲ စိတ်ပိုင်းဆိုင်ရာမှာတော့ တဖြည်းဖြည်းနဲ့သက်သာရာရလာခဲ့ပါပီ။ မောင်တော်ဘုရားဟောကြားတဲ့ အမျိုးမျိုးသော တရားတော်တွေကို နေ့စဉ်နာကြားခွင့်ရလို့ အေးချမ်းမှုလေးတွေလဲ စတင်လို့ခံစားလာရပါပီ။ ဒီထက် အစွန်းလဲမထွက် ဘေးထွက်ဆိုးကျိုးလဲကင်းပီး အလယ်အလတ်လမ်းစဉ်ကိုအခြေခံတဲ့ ဝိပဿနာတရားကိုလဲ ကျင့်သုံးခွင့်ရတာကြောင့် သမာဓိလေးရလို့ စိတ်တည်ငြိမ်မှုရဲ့ အေးချမ်းခြင်းရသကိုလဲ တစ်စွန်းတစ်စခံစားနိုင်ခဲ့ပါပီ။ ဒီတော့မှပဲ သာသနာတော်မှာ ရဟန်းမဘဝနဲ့နေရတာ စိတ်ကျေနပ်မှုလေး စတင်လို့ရခဲ့ပါတော့တယ်။ နောက်ပီးတော့ တရားတော်ကို အမြဲမပြတ်နာကြားချင်တဲ့စိတ်တွေ၊ တရားကို ဆက်လက်အားထုတ်ချင်စိတ်တွေဟာ တဖြည်းဖြည်းနဲ့ ပိုလို့ထက်သန်လာပါတော့တယ်။ ဒါကြောင့်လေ မောင်တော်ဘုရား ညွှန်ကြားပြသတော်မူတဲ့အတိုင်း ထက်ထက်သန်သန်ပဲ ဆက်လက်အားထုတ်ဖြစ်ခဲ့ပါတယ်။ စိတ်တည်ငြိမ်မှုသမာဓိလဲ ပိုလို့ရင့်ကျက်လာခဲ့ပါတယ်။ ကိလေသာတွေ အခိုက်အတန့်ကင်းနေတဲ့အတွက်ကြောင့် သမာဓိစွမ်းအားလေးနဲ့ အေးချမ်းတဲ့ရသကို ခံစားရတာလဲ စိတ်ရောကိုယ်ရော ပေါ့ပါးသွက်လက်လို့နေပါတော့တယ်။

     အစောကထင်ခဲ့မိတာက တရားကျင့်တယ်ဆိုတာ အရာရာမှာ ဖင့်နှေးလေးကန်တဲ့အမူရာနဲ့ ထိုင်းထိုင်းမှိုင်းမှိုင်းနေထိုင်ရတာပဲလို့ အလွယ်တွေးခဲ့မိပါတယ်။ ခုတော့လေ သမာဓိရဲ့အရှိန်နဲ့ခံစားရတဲ့ အေးချမ်းမှုရသလေးဟာ သွက်လက်တက်ကြွနေပါတယ်။ ဒီတက်ကြွမှုဟာ ပျာယာခတ်နေတဲ့ စိတ်အနေမျိုးလဲမဟုတ်သလို ဖြစ်ချင်စိတ် လုပ်ချင်စိတ်တွေ များပီး ဆန္ဒစောနေတဲ့ အမူအရာလဲမဟုတ်ပါဘူး။ သဘာဝရဲ့အရာရာကို သဘာဝအတိုင်း လက်တွေ့ကျကျ သွက်သွက်လက်လက် ထက်ထက်မြက်မြက် သိမြင်ခံစားတတ်လာတာပါ။ ဒီခံစားမှုမှာ သမာဓိကိုအခြေခံတဲ့ အသိဥာဏ်ပါလာတော့ ပိုလို့ငြိမ်ပီး ငြိမ်းအေးနေတော့တာပါပဲ။ ခန္ဓာကိုယ်တစ်ခုလုံးဟာ ပေါ့ပါးသွက်လက် အိစက်နေသလိုခံစားနေရပါတော့တယ်။ ခန္ဓာကိုယ်နဲ့ ထိလိုက်မိတဲ့အရာတိုင်းဟာ နူးညံ့မှုတွေချည်းဖြစ်နေသလို စိတ်နဲ့သိလိုက်မိတဲ့အရာတိုင်းဟာလဲ သွက်လက် ထက်မြက် လေးနက် လင်းလက်နေပါတော့တယ်။  ဒီအခြေအနေ ဒီအရသာဟာ နန်းတော်ထဲက ဘယ်လိုအရာနဲ့မှနှိုင်းစာလို့မရအောင် မြင့်မားလွန်းလှပါတယ်။ ဒါကြောင့်လဲ မောင်တော်ဟောကြားတဲ့တရားတော်ကို
ဧဟိပဿိက ( လာလှည့် ကျင့်ကြည့်လှည့် ) ဆိုတဲ့ ဂုဏ်တော်နဲ့ဝိသေသနနိုင်ပြုခဲ့တာပေါ့။ ဒီသမာဓိလေးတောင် နန်းတော်ထဲကအရာရာထက် သာလွန်နေတယ်ဆိုရင် မောင်တော်ဘုရားဟောကြားနေတဲ့ တရားထူးတရားမြတ်
လောကုတ္တရာတရားတွေဆိုတာ ဗြဟ္မာမင်းစည်းစိမ်ထက်တောင်သာတယ်ဆိုတာ ဟုတ်နိုင်လောက်ပါရဲ့လို့ မှန်းဆပီး
ယုံကြည်တတ်လာခဲ့ပါပီ။

    ရဟန်းမဘဝနဲ့ဆွမ်းခံလို့ရတဲ့ ဆန်ကြမ်းကြမ်းဆွမ်းနဲ့ ဆီမရွှန်းတဲ့ဟင်းနွမ်းနွမ်းတွေကို အသိ သတိ ဥာဏ်နဲ့ယှဉ်ပီးတော့ စားတတ်လာခဲ့ပါပီ။ တဏှာအာသာတွေနဲ့ အရသာခံပီး မစားချင်တော့ဘူး။ အဲဒီတဏှာအာသာတွေနဲ့ အရသာခံပီးစားတာထက် အသိရယ် သတိရယ် ဥာဏ်ရယ် ဒီသုံးခုကိုပေါင်းစပ်ပီးစားတတ်တော့မှ အာဟာရတွေရဲ့ တကယ့်အရသာစစ်စစ်ကို လက်တွေ့ကျကျ ခံစားတတ် သိမြင်တတ်ခဲ့ပါပီ။  နန်းတော်ထဲက ထိပ်တန်းအစားအစာတွေကို ပြန်လည်တမ်းတစိတ်တွေလဲ မရှိတော့လောက်အောင် နဲသထက်နဲလို့လာပါပီ။ နန်းတော်တွင်းမှာ အလွန်နူးညံ့တဲ့ ပိုးထည်တွေကိုမှ သုံးဆောင်ခဲ့ရသော်လဲ ခုတော့ သုဿာန်တစမှ ကောက်ယူလို့ရလာတဲ့ အဝတ်ကိုလျှော်ဖွတ်၊ ချုပ်စပ်ပီးဝတ်ရတဲ့ အကျင့်ရဲ့ လေးနက်မြင့်မြတ်မှုကိုလဲ သဘောပေါက်ခဲ့ပီ။ စားဝတ်နေရေးနဲ့ ပတ်သက်ပီးတော့ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ အပိုတာဝန်မတက်စေဘဲနဲ့ ရင်တွင်းက အလိုဆန္ဒဆိုးတွေကို ပယ်သတ်လျှက် အေးချမ်းလွတ်မြောက်အောင် ကျင့်ရတဲ့တရားဟာ မြင့်မြတ်လိုက်ပါဘိ။
ငြိမ်းအေးလိုက်ပါဘိ။ တရားတော်ရဲ့အရသာကို တဖြည်းဖြည်းချင်း တိုးတိုးပီး လေးလေးနက်နက်ခံစားတတ်လာတော့
မောင်တော်ဘုရားကို ပိုလို့ပိုလို့ကြည်ညိုလိုက်တာ၊ ကျေးဇူးတင်လိုက်တာ။ ဒီစကြာဝဠာမှာ ဒီအရသာကိုပေးနိုင်တာ မောင်တော်ဘုရား တစ်ပါးတည်းပဲရှိပါသေးတယ်။ အားလုံးကိုလဲ ဒီအရသာကို ခံစားစေချင်လိုက်တာလေ။

       တစ်ရက်ထက်တစ်ရက် ပိုလို့တိုးတက်လာရတဲ့ စိတ်ပိုင်းအေးချမ်းမှုဟာ အလွန်မြင့်တဲ့အနေထားကိုရောက်လာခဲ့ပါပီ။ တရားတော်ရဲ့ အရသာကိုခံစားတတ်လာတော့ နန်းတော်တွင်းမှာစံမြန်းခဲ့တုန်းက စွန့်ခွါထွက်ပြေးသွားခဲ့တဲ့ မောင်တော်ဘုရားကို အားမလိုအားမရဖြစ်မိတာတွေ၊ လွဲခဲ့မိတဲ့အထင်တွေ စိတ်ထဲကနေ မောင်တော်ဘုရားကို စိတ်ထင်တိုင်း ဝေဘန်ခဲ့မိတာတွေဟာ အလိုလိုပျောက်ဆုံးကုန်ပါတော့တယ်။ နောက်ပီးတော့ မောင်တော်ဘုရားဟာ ရက်စက်တတ်သူမဟုတ်ပေမယ့် မခေါ်မပြောဘဲ နေနိုင်ရက်သူကြီးရယ်လို့ထင်မှားခဲ့မိတာတွေဟာလဲ ခုတော့မရှိတော့ပါဘူး။ မျက်စိလည်ပြေခဲ့ပါပီ။
မောင်တော်ဘုရား ဇာတိဌာနီ မိမိတိုင်းပြည်ကိုပြန်လာတော့ ရက်သတ္တနှစ်ပတ်လောက်ပဲနေထိုင်သွားခဲ့တာကို
အားမလိုအားမရ မချိတင်ကဲ ခံစားခဲ့ရပါတယ်။ မောင်တော်ဘုရားရဲ့ မျက်နှာတော်ကို ဖူမြှော်လို့မဝ အားမရခဲ့တာကိုး။ ဒါကြောင့် မသိမိုက်မဲစွာ စိတ်အလိုမပြည့်ဝတိုင်း အထင်လွဲပီး စိတ်ထဲကပြစ်မှားခဲ့မိတဲ့ အရာရာအတွက် ခွင့်လွှတ်တော်မူပါဘုရား လို့ တောင်းပန်ခွင့်လေးပေးပါလား မောင်တော်ဘုရားရယ်။ ခုတော့လေ မောင်တော်ဘုရားရဲ့ သာသနာဘောင်ဆိုတဲ့ အိမ်ခြံဝင်းအတွင်းမှာ ဓမ္မဆိုတဲ့ သစ်ရိပ်ဝါးရိပ်ကို ခိုလှုံရတာဟာ မြင့်မြတ်အေးချမ်းလှပါတယ်။ ဒီရဟန်းမဘဝ ဒီအခြေ ဒီအကျင့် ဒီဓမ္မအရသာတွေနဲ့ နေ့စဉ်ထုံမွှမ်းနေရတာဟာ  မဝနိုင်လောက်အောင်ပါပဲ။ မဝနိုင်ဘူးဆိုလို့ အာသာငမ်းငမ်းတမ်းတတဲ့ အလိုရမက်မဟုတ်ပါဘူး။ တရားတော်ရဲ့ အေးငြိမ်းမှုရသဟာ ဝသွားပီ ဆုံးသွားပီ ပီးသွားပီဆိုတာမရှိဘဲ
ဓမ္မကိုခံစားနိုင်တဲ့ ဥာဏ်ရည်မြင့်သလောက် ခံစားနိုင်တာ ကျယ်ပြန့်တာ မြင့်မြတ်လွန်းတာကိုဆိုလိုတာပါ။

   ရဟန်းပြုပီးလို့ သိပ်မကြာခင်မှာပဲ မောင်တော်ဘုရားသင်ကြားတဲ့အတိုင်း ကျင့်ကြံလိုက်တဲ့အတွက် လောဘ ဒေါသ မေဟစတဲ့ ကိလေသာဆိုးတွေ အားလုံးကိုအမြစ်ပြတ် သုတ်သင်နိုင်ခဲ့ပါပီ။ ဘဝရဲ့ အရာရာဟာ အရင်နဲ့ဘာတစ်ခုကိုမျှ
နိုင်းစာလို့မရလောက်အောင် ပြောင်းလဲခဲ့ပါပီ။ အရင်ကတော့ မောင်တော်ဆိုတဲ့စကားလုံးကိုသာ သုံးရမှ ကျေနပ်အားရခဲ့တာလေ။ တစ်သံသရာလုံး ခေါ်ဝေါ်သုံးနှုန်းလာခဲ့တဲ့ မောင်တော်ဆိုတဲ့စကားလုံးကို ခုတော့ ကျေကျေနပ်နပ်စွန့်နိုင်ခဲ့ပါပီ။ မောင်တော်ဆိုတဲ့ အသုံးအနှုန်းအစား ရှင်တော်မြတ်ဘုရားဆိုတဲ့ အသုံးအနှုန်းက တပည့်တော်မရဲ့ ရင်ထဲ ဥာဏ်ထဲမှာ အလိုလိုဝင်ရောက်လာခဲ့ပါပီ။ မောင်တော်ဆိုတဲ့စကားလုံးဟာ အပီးအပိုင်ပျက်သုဉ်းသွားတော့ နှမတော်ဆိုတဲ့ နာမ်စားအသုံးဟာလဲ ပျောက်ဆုံးသွားခဲ့ပါပီ။ တပည့်တော် ဆိုတဲ့ ဝေါဟာရကိုသာ အလိုလိုသုံးမိလာပါပီ။ တစ်ချိန်က မျော်မှန်းတမ်းတခဲ့တဲ့ စကြာဝတေးဘုရင်ကြီး သိဒ္ဓတ္ထရဲ့ ကြင်ယာသက်ထား ဇနီးမယားအဖြစ်ကိုလဲ ဘယ်တော့မှမလိုချင်တော့ပါဘူး။ စကြာဝတေးဘုရင်ကြီးရဲ့ ဇနီမယားဘဝဟာ လောကသံသရာမှလွတ်မြောက်တဲ့
ရဟန်းမဘဝလောက် မချမ်းသာဘူး မအေးချမ်းဘူး မမြင့်မြတ်ဘူးဆိုတာကို ခုတော့ လက်တွေ့ကျကျသိမြင်ခဲ့ပါပီ။ ရှင်တော်မြတ်ဘုရားဟာ လောကသုံးပါးရဲ့ အနှိုင်းမဲ့ကျေးဇူးရှင်ကြီးပါလားဆိုတာ အလိုလိုခံစားတတ် သိမြင်တတ်ခဲ့ပါပီ။ ပါရမီတွေဖြည့်စဉ်ကာလမှာ အသက်ပါမကျန် ဘဝရဲ့အရာရာကိုစွန့်ပီးရှာဖွေခဲ့တဲ့အရာဟာ ဒီအသိ ဒီဥာဏ် ဒီလွတ်မြောက်မှု၊ ဒီဓမ္မ ဒီအရသာပါလားဆိုတာလဲ သဲသဲကွဲကွဲ နားလည်ခဲ့ပါပီ။ နောက်ပီးတော့ ရှင်တော်မြတ်ဘုရားရဲ့ ဓမ္မတွေဟာ အံ့မခန်းဖွယ်ရာ ဂုဏ်ပုဒ်တွေနဲ့လဲ ပြည့်စုံနေပါသေးတယ်။ ( ဆက်လက်ဖေါ်ပြပါမယ် )

Thursday, March 28, 2013

အနှိုင်းမဲ့အဖြည့်ခံ ယသောဓရာ ( ၁၂ )

မောင်တော်ဟာ ဘုရားဖြစ်ပီးတော့ ဗရာဏသီပြည်ကို အရင်ကြွသွားခဲ့တယ်နော်။ ဗာရာဏသီရွှေပြည်တော်မှာ ထိပ်တန်းလက်ရွေးစင် သံဃာတော်အပါး ( ၆၀ ) ကိုအရင်စုစည်းပီးတဲ့နောက်မှာတော့ ရာဇဂြိုဟ်ပြည်ကို ကြွသွားပြန်တယ်။ တတိယအနေနဲ့မှ ဖခမည်းတော်ဘုရင်ကြီးရဲ့ ပင့်ဖိတ်ချက်အရ ကိုယ့်တိုင်းပြည်ကို ပြန်လာခဲ့တယ်။ မောင်တော်မွေးရပ်ဌာနီ ကိုယ့်တိုင်းပြည်ကို ပြန်ရောက်တော့ ဘုရားဖြစ်ပီးလို့ တစ်နှစ်တင်းတင်းပြည့်တဲ့နေ့ပေါ့။ မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့်နေ့မှာ ဘုရားဖြစ်ပီးတော့ မဟာသက္ကရာဇ် ၁၀၄ ခုနှစ် ကဆုန်လပြည့်နေ့မှာ တိုင်းပြည်ကိုပြန်ရောက်ခဲ့တာလေ။
ရောက်တဲ့ နေ့မှာပဲ ဝေဿန္တရာဇာတ်တော်ကြီးကို အကျယ်တဝင့်ဟောကြားတဲ့အခါမှာ နှမတော်လေ ကျေနပ်လိုက်တာ။ မဒ္ဒီမိဖုရားဘဝနဲ့ ဝေဿန္တရာလို ပညာရှင်သူတော်စင် ရှင်ဘုရင်တစ်ယောက်ကို ဖြည့်ဆည်းပေးခဲ့ရတာတွေကို အသေးစိတ် ခရေစေ့တွင်းကျ ပြန်သိရလို့ ကျေနပ်လိုက်တာ မောင်တော်ဘုရားရယ်။ မောင်တော်ဘုရားရဲ့ အနှိုင်းမဲ့စွဲဆောင်အားတွေပါပီး လေးနက်မှန်ကန် ဖြောင့်မတ်တဲ့ တရားစကားတွေကို နာကြားကြရတော့ နန်းတွင်းသူ/သားများရော ပြည်သူပြည်သားအားလုံးကရော အလွန်တရာကို ကျေနပ်ကြတယ်။ ဒါတောင် မာန်မာနကြီးလွန်းတဲ့ အချို့ဆွေတော် မျိုးတော်တွေကို ပေါက္ခရဝဿမိုးရွာသွန်းပီးတော့ တန်ခိုးအရှိန်အဝါသုံးပီး မာနကို ချိုးပစ်ခဲ့ရသေးတယ်။

   နှမတော်ရဲ့ တိုက်ခန်းကိုရောက်လာပြန်တော့ စန္ဒကိန္နရီဇာတ်တော်ကိုဟောတော်မူတော့လဲ ထပ်ပီးကျေနပ်ရပြန်ပါတယ်။ ဒီဘဝမှာ နှမတော်ရဲ့ အပြုစုအယုယနဲ့ အချစ်တွေကို ပစ်ခွါခဲ့ပေမယ့် နှမတော်ရဲ့ အချစ်တွေကို လက်ခံခဲ့တဲ့ ဘဝတွေလဲ ရှိပါလားဆိုတာ သိရလို့ပေါ့။ နောက်ပီးတော့ မောင်တော်ပြန်ခါနီး ကဆုန်လကုန်လောက်မှာ ဓမ္မပါလဇာတ်တော်ကြီးကိုဟောပြန်တော့လဲ ကြားနာလို့ ကောင်းလိုက်တာ။ ကြားနာလို့ မဝနိုင်အောင်ပါပဲ။ ကိုယ့်တိုင်းကိုယ့်ပြည်ကို ပြန်လာစဉ် ရက်သတ္တနှစ်ပတ်လောက်အတွင်းမှာ သံသရာသမိုင်းလဲတွင်ခဲ့ပီးတော့ အားလုံးကိုလဲ တရားထူးတွေရစေခဲ့တဲ့ ဇာတ်တော်ကြီးတွေကို အချက်ကျကျ တရားရအောင် စွဲဆောင် ဟောသွားခဲ့တယ်နော်။ ဒီတော့မှပဲ သမိုင်းစစ်သမိုင်းမှန်ဆိုတာ ပစ္စက္ခမှာ ပြုပြင်ပြောင်းလဲ ကျင့်သုံးနိုင်ဘို့ သင်္ခန်းစာတွေလဲပေးသလို အနာဂတ်အတွက် လင်းလက်တဲ့ အခြေနေတွေကိုလဲ ဖန်တီးပေးနိုင်ပါလားဆိုတာ ကောက်ချက်စွဲနိုင်ခဲ့တာပေါ့။ တကယ်တော့ အတိတ်သံသရာဆိုတာဟာ ဘဝသမိုင်းတွေပဲမလား။ အတိတ်သံသရာက ဘဝသမိုင်းတွေကို တကယ်မသိကြလို့ မတတ်ကြလို့သာ သတ္တဝါတွေဟာ မိုက်မဲနေကြတာပဲလေ။ အချို့သော ပညာတတ်တွေ ဒဿနဆရာတွေကတော့ သမိုင်းနဲ့ပတ်သက်လို့ ပြောကြတယ်။ သမိုင်းဆိုတာ သမိုင်းသက်သက်မျှ
သာပါပဲ ပရမတ္ထမဟုတ်သလို ဖြစ်ရပ်မှန်အကုန်အစင်လည်းမဟုတ်ပါဘူးတဲ့။ သမိုင်းကိုအပြည့်အဝယုံကြည်မှုမပါတဲ့ ဒီဝါကျကို ဘာကြောင့်များပြောကြပါလိမ့်ဆိုတာ မောင်တော်ရှင်းပြတဲ့ ဇာတ်တော်တွေကို နာကြားပီးမှ နှိုင်းယှဉ်တတ်လာတယ်။ နားလည်တတ်လာတယ်။ ကျေးဇုးအထူးပါပဲမောင်တော်ရယ်။        တကယ်တော့ လောကသမိုင်းတွေဆိုတာ လောဘ ဒေါသ မောဟစတဲ့ သဘာဝတရားဆိုးတွေမကင်းသေးဘဲ  အားသာတဲ့သူတွေ နိုင်တဲ့သူတွေက ရေးခဲ့ကြတာဆိုတော့ အားလုံးမှန်မှာလဲ မဟုတ်သလို အပြည့်အဝလဲ
သန့်စင်နိုင်မှာမဟုတ်ပါဘူး။ မောင်တော်ရှင်းပြခဲ့တဲ့ အတိတ်သံသရာထဲက ဘဝသမိုင်းတွေကတော့ ပညတ်အကြောင်းတွေ ဖြစ်ရပ်အကြောင်းတွေ ပရမတ်အကြောင်းတွေ ဘဝအကြောင်းတွေကို ကမ္ဘေကမ္ဘာချီပီး အနှိုင်းမဲ့တဲ့ အတိတ်သိဥာဏ်တော်နဲ့ တိကျပြတ်သားစွာဟောပြခဲ့တာမို့ လောကသားတွေအတွက် အကျိုးရှိလိုက်တာ မောင်တော်ရယ်။
ပြည့်စုံသန့်စင်လိုက်ပါဘိ။ ဒါပေမယ့်လေ ကိုယ့်တိုင်းပြည်ပြန်ရောက်တုန်းမှာ တစ်ဝါတလေတောင်မဆိုတော့ဘဲ ရက်သတ္တနှစ်ပတ်လောက်လေးနေပီး ပြန်သွားတာကိုတော့ မကျေမနပ်ဖြစ်မိတယ်။

    နောက်ပီးတော့လေ နန်းညွန့်နန်းလျာဖြစ်တဲ့ နန္ဒမင်းသားကိုလဲ ရောက်ပီးလို့ နှစ်ရက်မြောက်နေ့မှာ ရဟန်းပြုပေးလိုက်တော့ တိုင်းပြည်နဲ့ လူမျိုးအတွက် ရတက်မအေးဖြစ်ခဲ့ရပါသေးတယ်။ ဒီထက်ပိုဆိုးပြန်တာက နောက်ဆုံးနန်းညွန့်နန်းလျာအဖြစ် အသိမှတ်ပြုထားတဲ့ မင်းလောင်းလေး၊ ချစ်မဝနိုင်တဲ့ သားတော်လေး ရာဟုလာကိုလဲ ရောက်ပီးလို့ ခုနစ်ရက်မြောက်နေ့မှာ ကိုရင်ဝတ်ပေးလိုက်တော့ နန်းတော်ရဲ့အသဲ၊ သကျမျိုးတွေရဲ့ သူရဲကောင်း၊ တိုင်းပြည်ရဲ့ ဥသျှောင်လေးတွေဟာ
မောင်တော်နောက်ပါကုန်ကြပီ။ မောင်တော်ပြန်ရောက်လာလို့ အားရှိပီလို့ထင်ခဲ့မိတာ။ ခုတော့ အားမတက်ဘဲ အားပျက်ခဲ့ရတဲ့အထိတောင် ခံစားရမိပါရဲ့။ ဒါနဲ့တင်ရပ်မသွားခဲ့ဘူးလေ။ တိုင်းပြည်မှာ အဓိကကျတဲ့ မှုးကြီးမတ်ကြီးတွေ၊ ဝန်ကြီးဝန်ငယ်တွေ၊ စစ်သည်တော်တွေစတဲ့ ရဲစွမ်းသတ္တိရော အရည်အချင်းပါပြည့်ဝကြတဲ့ ထိပ်ပိုင်းကလူကြီးတွေကလဲ မောင်တော်နောက်ကို လိုက်သွားကြပီ။  တိုင်းပြည်နဲ့လူမျိုးကိုဦးဆောင် မောင်းနှင်ကြမယ့် လူတွေကလဲ နဲကုန်ပီ။ နောက်ပီးတော့ မောင်တော်အရင်းဖြစ်တဲ့ ဒေဝဒတ်မင်းသားလဲ မောင်တော်နောက်ကိုပါသွားခဲ့ပီ။
အနုရုဒ္ဓါမင်းသား၊ ဘဒ္ဒိယမင်းသားစတဲ့ လူစွမ်းလူတော်တွေလဲ မရှိကြတော့ဘူး။ မောင်တော်ပြန်လာတော့မှပဲ တိုင်းပြည်ဟာ အားအင်တွေချည့်နဲ့ခဲ့ရတော့တယ်။ ဖခမည်းတော်ဘုရင်ကြီးက အနာဂါမ်အရိယာကြီးဖြစ်သွားခဲ့ပီ။ မိထွေးတော်ကြီးမဟာပဇာပတိဂေါတမီက သောတာပန်တည်ခဲ့ပီ။ ဒီတော့ သူတို့မှာတော့ အရာရာအတွက် လွတ်မြောက်အေးငြိမ်းတဲ့ တရားအရသာကို ခံစားနိုင်ကြပီမို့ တရားနဲ့ဖြေဆည်နိုင်ကြပီပေါ့။ တရားတော်ရဲ့ လွတ်မြောက်မှုအရသာကို နားလည်ခံစားနိုင်သွားကြပီကိုး။  နှမတော်အဘို့မှာတော့ အားမလိုအားမရ ဝမ်းလဲသာ ဝမ်းလဲနဲ မချိတင်ကဲခံစားနေဆဲပါပဲ။ ဒါပေမယ့်  အံ့သြမိတဲ့အချက်တစ်ခုက ဘယ်လိုရာထူးတွေ ငွေကြေးတွေ စည်းစိမ်တွေ အာဏာတွေ အပျော်အပါးတွေမှမပါဘဲနဲ့ ဘဝရဲ့ပိုင်ဆိုင်မှုအရာရာကို စွန့်လွှတ်နိုင်လောက်အောင် ပြောင်မြောက်တဲ့ မောင်တော်ရဲ့ စည်းရုံးရေးစွမ်းအားကိုပေါ့။ အမျိုးမျိုးအဖုံဖုံ ကွဲပြားနေတဲ့ လူတန်းစားအလွှာစုံကို တစ်တန်းစားတည်းဖြစ်စေပီးတော့ အအေးချမ်းဆုံး အထက်တန်းအကျဆုံး
သံဃအဖွဲ့အစည်းကြီးကို ခိုင်ခိုင်မာမာတည်ထောင်နိုင်ခဲ့တာကိုလဲ ထပ်ဆင့်လို့ အလွန်အံ့သြမိပါရဲ့။ ဒီလိုအဖွဲ့အစည်းဟာ ဒီကမ္ဘာမှာပထမဆုံးအဖွဲ့အစည်းကြီးပါပဲ။ ဘယ်လိုခေါင်းဆောင်တစ်ဦးတစ်ယောက်ကမှ ဒီလောက်မြင့်မြတ် အေးချမ်းတည်ငြိမ်တဲ့အဖွဲ့အစည်းမျိုး မတည်ထောင်ခဲ့ကြသေးပါဘူး။

   မောင်တော်တိုင်းပြည်က ပြန်မကြွခင်လေးမှာ မိထွေးတော်ကြီးက ဘိက္ခုနီမ (အမျိုးသမီးရဟန်း )
ဖြစ်ချင်ကြောင်းလျှောက်ထားတော့ မောင်တော်ဘုရားက ခွင့်မပြုခဲ့ဘူး။ ရဟန်းပြုချင်စိတ်မရှိတဲ့ နန်းညွန့်နန်းလျာ နန္ဒမင်းသားနဲ့ သားတော်လေးတွေကိုတော့ ရဟန်းပြုပေး ရှင်ပြုပေးတယ်။ မောင်တော်ရဲ့လုပ်ရပ်တွေဟာ
ပညာရှင်သူတော်စင်တွေအနေနဲ့ လက်ခံနိုင်စရာဖြစ်ပေမယ့် နှမတော်လို ပုထုဇဉ်မိန်းမသားအနေနဲ့တော့ လက်မခံနိုင်စရာတွေချည်းပါပဲ။ တကယ်တော့လဲ ဒါတွေက ခံစားသိနဲ့ပြောပြနေတာပါမောင်တော်ရယ်။ ဒါပေမယ့် ဦးနှောက်ရဲ့ဆင်ခြင်သိနဲ့ သိနေတာက မောင်တော်ဟာ မိမိအတွက်ရော လောကအတွက်ရော ကောင်းကျိုးမဲ့စေတဲ့ လုပ်ရပ်ကို ဘယ်တော့မှ မလုပ်ဘူးဆိုတာပါပဲ၊ အနှိုင်းမဲ့ဘုရားရှင် မဖြစ်ခင်ကတောင် လောကကောင်းကျိုးကို ကြီးကျယ်စွာ သယ်ပိုးနိုင်ခဲ့တဲ့ မောင်တော်ဟာ ဘုရားဖြစ်လာတဲ့အခါမှာတော့ အထူးပြောစရာမလို၊ ချွင်းချက်မရှိအောင်
ဆောင်ရွက်နိုင်မယ်ဆိုတာကိုလဲ နှမတော် အသေအချာ သုံးသပ်စဉ်းစားနားလည်မိပါတယ်။ ဒါကြောင့် နှလုံးသားနဲ့ ပစ္စက္ခရင်တွင်းခံစားအသိက လက်မခံနိုင်သော်လဲ သံသရာမှာ ပါရမီတွေဖြည့်ခဲ့ရတဲ့အစွမ်းတွေကြောင့် မူလမွေးရာပါ ဗီဇအသိနဲ့ ဆင်ခြင်သိက အားလုံးကို နားလည်နေခဲ့တယ်လေ။ မောင့်ဝမ်းထဲမှာ အူဘယ်နှစ်ခွေရှိတယ်ဆိုတာသိသလို မောင်တော်ရဲ့ စိတ်ဓာတ်နဲ့လုပ်ရပ်ကိုလဲ အပ်ကျမတ်ကျသိနေခဲ့ပါတယ်။

      မောင်တော်ဘုရားဖြစ်ပီးလို့ ငါးဝါမြောက် မောင်ဘုရားရဲ့ သက်တော် လေးဆယ်မှာပေါ့။ ဝေသာလီတိုင်းပြည် မဟာဝုန်တော ကူဋာဂါရကျောင်းတိုက်ကြီးမှာ သံဃာတော်များစွာ ခြံရံပီးသီတင်းသုံးစဉ်ကပေါ့။ အလွန်ကျေးဇူးကြီးမားလှတဲ့ မိထွေးတော်ကြီး မဟာပဇာပတိဂေါတမီဟာ ကိုယ်ကိုယ်တိုင်ပဲ ခေါင်းရိတ်၊ သင်္ကန်းဝတ်ပီးတော့ နန်းတွင်းသူ မောင်းမိဿံငါးရာကို ဦးဆောင်ကာ အမျိုးသမီးရဟန်းဖြစ်ဘို့အရေးတောင်းဆိုဘို့ မောင်တော်ဘုရားရှိရာကို သွားခဲ့ပါတယ်။ နှမတော်နဲ့ ဇနပဒကလျာဏီတို့က မလိုက်ပါခဲ့ကြဘူးလေ။ အမှန်ကိုပြောရရင် အမျိုးသမီးရဟန်းမလဲ မဖြစ်ချင်ဘူး။ တရားလဲ အားမထုတ်ချင်ဘူး။ နိဗ္ဗာန်လဲမရောက်ချင်ပါဘူး။ တိုင်းပြည်မှာ မောင်တော်ဘုရားရဲ့ မိဖုရားခေါင်ကြီးအဖြစ်နဲ့ပဲ နေချင်ခဲ့ တမ်းတခဲ့တာလေ။
နောက်ဆုံးမှာတော့ တူတော်လေးဖြစ်တဲ့ အရှင်အာနန္ဒာရဲ့အကူအညီနဲ့ မိထွေးတော်ကြီးနဲ့တကွနန်းတွင်းသူ ငါးရာဟာ အမျိုးသမီး ရဟန်းပြုခွင့်ရခဲ့ကြပါတယ်။ ဘိက္ခုနီမအဖြစ်ကိုရခဲ့ကြပါတယ်။  ဒါဟာ မှားယွင်းနေတဲ့ ကမ္ဘာ့အစဉ်အလာဟောင်းတစ်ခုကို
ချေဖျက်ပီးတော့ မှန်ကန်ကောင်းမြတ်တဲ့အစဉ်အလာသစ်တစ်ခုကို မောင်တော်ဖန်တီးလိုက်တာပါပဲ။
အမျိုးသမီးတွေရဲ့ဘဝနဲ့ အခန်းကဏ္ဍကို အစဉ်အမြဲနှိမ့်ချဆက်ဆံခဲ့တဲ့ ကမ္ဘာ့အစဉ်အလာဟောင်း စံနစ်ဆိုးကြီးကို ပယ်ဖျက်ပီးတော့ အမျိုးသမီးတွေကို လူနတ်ဗြဟ္မာတွေရဲ့ကိုးကွယ်ခံ လူတန်းစားအဖြစ် မောင်တော်မြှင့်တင်လိုက်တာပါပဲ။ အမျိုးသမီးတွေမှာလဲ ဒီလိုအရည်အသွေးတွေရှိတယ်ဆိုတာကို မောင်တော်ကလက်တွေ့ဖေါ်ဆောင်ပြလိုက်တာပါပဲ။ အမျိုးသမီးအခွင့်အရေးကို ကိုးကွယ်ခံလူတန်းစားဖြစ်တဲ့အထိ မြှင့်တင်ပေးတာဟာ ဒီဘဒ္ဒကမ္ဘာမှာ ကကုသန်ဘုရားရှင် ကောဏာဂုံဘုရားရှင် ကဿပဘုရားရှင်နဲ့ မောင်တော်ဘုရားရယ်ဆိုပီး လေးဦးပဲ ရှိပါသေးတယ်။ အခြားဘယ်ဘာသာရေးခေါင်းဆောင်ကမှ အမျိုးသမီးတွေကို ဒီလိုအခွင့်အရေးမျိုးမပေးခဲ့ပါဘူး။ မောင်တော်ဘုရားဖြစ်လာတာဟာ အမျိုးသမီးတွေအတွက် အလွန်ကံကောင်းခြင်းလက်ဆောင်တစ်ခုကို ထိုက်ထိုက်တန်တန်ရလိုက်တာပါပဲ။ ကျေးဇူးကြီးမားလှပါဘိ မောင်တော်ဘုရားရယ်။
နောက်ပီးတော့ အခွင့်အရေးဆိုတာတွေဟာ အရည်အသွေးရှိမှ ပေးလို့ရတယ်ဆိုတာကိုလဲ မောင်တော်ရဲ့  လုပ်ရပ်တွေကိုကြည့်ပီး သုံးသပ်နိုင်ခဲ့ပါတယ်။

  နန်းတော်တွင်းမှာ ဖခမည်းတော်ဘုရင်ကြီးကလဲ ပလ္လင်တော်ပေါ်မှာပဲ ရဟန္တာဖြစ်ပီးတော့ ပရိနိဗ္ဗာန်ပြုသွားပီ။ သားတော်လေးလဲ တရားထူးတွေရနေပီ။။ မောင်တော်ငယ်လေး နန္ဒမင်းသားလဲ ရဟန်းဝတ်သွားလို့ ရဟန္တာဖြစ်နေပီ။ မိထွေးတော်ကြီးလဲ ရဟန်းပြုသွားပီ။ ရဟန်းပြုပီးတဲ့နောက် သံခိတ္တသုတ်ကို နာကြားတော်မူရင်းနဲ့ ရဟန္တာထေရီမကြီးဖြစ်လို့
လောကရဲ့အရသာအားလုံးထက်ကျော်လွန်ပီး လွတ်မြောက်တဲ့ အေးချမ်းမှုရသကိုခံစားနေရပီ။ နှမတော်အဘို့မှာတော့ နန်းတော်တွင်းမှာ ပိုလို့သာ အထီးကျန်လာခဲ့ရပါပီ။ ပျော်စရာအချိန်ဆိုလို့ တစ်စက္ကန့်လေးတောင်မရှိတော့သလို အခြွေအရံတွေကလဲ နဲကုန်ပီ။ သုံးဆောင်နေရတဲ့ အသုံးဆောင်တိုင်းဟာ မနွေးထွေး မအိစက်တော့ရုံမျှမက စက်ဆုပ်စရာလို့တောင်ခံစားလာခဲ့ရတဲ့အထိပါပဲလေ။ မိထွေးတော်ရဲ့ အကူညီကိုယူပီး ရဟန်းမိန်းမပြုရုံမှတပါး အခြားရွေးချယ်စရာလဲ မရှိတော့ပါဘူး။

      နောက်ပီးတော့လေ မောင်တော်နဲ့နှမတော်တို့အကြောင်း ဒီလိုလဲစဉ်းစားမိပါတယ်။ ပါရမီစတင်ဖြည့်ဘို့ ဗျာဒိတ်တော်ကို
ခံယူတုန်းကလဲ မောင်တော်ကစပီး လက်မကမ်းခဲ့ဘူး မခေါ်ခဲ့ဘူးနော်။ နှမတော်ကိုယ်တိုင်ကသာ ပူးပေါင်းခဲ့ရတာပါ။ ခုလဲ ဘုရားဖြစ်ပီးလို့ နောက်ဆုံးပရိနိဗ္ဗာန်ပြုတော့မယ့် ဘဝမှာလဲ မောင်တော်နောက်လိုက်ပီး ရဟန်းပြုဘို့ မခေါ်ခဲ့ဘူးနော်။ ပါရမီတွေရဲ့အစမှာလဲ မခေါ်ခဲ့သလို သံသရာရဲ့ အဆုံးတစ်နေ့မှာလဲမခေါ်ခဲ့ပါဘူး။ နေနိုင်ရက်လိုက်တာ မောင်တော်ရယ်။ ရက်စက်တာမဟုတ်ပေမယ့် နေနိုင်ရက်တာတော့ အမှန်ပါပဲ။ ဒေါသမဖြစ်ပေမယ့် မချိတင်ကဲတော့ခံစားရပါတယ်။ စကြာဝဠာအတွက် အလုပ်လုပ်နေရသူမို့ နှမတော်အတွက် ချွင်းချက်တော့ရှိမှာပဲလို့လဲ စဉ်းစား နားလည်မိပါတယ်။ ဘာပဲဖြစ်ဖြစ်လေ မောင်တော်နောက်ကိုလိုက်ရင် အကျိုးမယုတ်ဘူးဆိုတာရယ် လုံခြုံမှုတွေ အေးချမ်းမှုတွေ
ပြည့်ဝမှုတွေစတဲ့ ကောင်းကျိုးတွေအပြည့်အဝရမယ် ဆိုတာရယ်တော့ အသေအချာယုံကြည်နေပီးသားပါ။
သာမန်လောကီလူသားဘဝတွေတုန်းကတောင်မှ နှမတော်ရဲ့ ဘဝကို လုံခြုံမှု အေးချမ်းမှု ပျော်ရွှင်မှုတွေ အပြည့်အဝရအောင် ဆောင်ကြဉ်းနိုင်ခဲ့တာပဲလေ။ ခုလို လောကသုံးပါးရဲ့ ခေါင်းဆောင် အနှိုင်းမဲ့ ဘုရားသခင်ဖြစ်လာပီဆိုတော့ နှမတော်အတွက် တစ်စက်ကလေးမှ ပူပင်စရာအကြောင်းမရှိတော့ပါဘူး။ မောင်တော်ရဲ့ ထီးရိပ် နန်းရိပ် လောကီရိပ်ကို ခိုလှုံဘို့ မမျှော်လင့်မတမ်းတတော့ပါဘူး။ မြင့်မြတ်စင်ကြယ်မှုတွေနဲ့ စစ်မှန်တဲ့ လွတ်မြောက်မှုရသကိုပေးနိုင်တဲ့ မောင်တော်ရဲ့ဓမ္မအရိပ် သာသနာအရိပ် လောကုတ္တရာအရိပ်ကိုပဲ ခိုလှုံပါတော့မယ်။ ဒါကြောင့်လေ မောင်တော်လဲရှိတဲ့ မိထွေးတော်ကြီးလဲ ရှိနေတဲ့ ဝေသာလီပြည်ကို နှမတော်ရဟန်းပြုဘို့လိုက်ခဲ့ပါပီ။ ရဟန်းပြုပါတော့မယ်။ ရဟန်းပြုခွင့်ပေးပါတော့၊ ဓမ္မအရိပ်ကို ခိုလှုံခွင့်လေး ပေးပါတော့၊ ဓမ္မလက်နဲ့ကမ်းလို့ကြိုပေးပါတော့
မောင်တော်ဘုရားရယ်။ ( ဆက်လက်ဖေါ်ပြပါမယ် )

***ဓမ္မမိတ်ဆွေများ၏အမှာစကား***