Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Thursday, March 28, 2013

အနှိုင်းမဲ့အဖြည့်ခံ ယသောဓရာ ( ၁၂ )

မောင်တော်ဟာ ဘုရားဖြစ်ပီးတော့ ဗရာဏသီပြည်ကို အရင်ကြွသွားခဲ့တယ်နော်။ ဗာရာဏသီရွှေပြည်တော်မှာ ထိပ်တန်းလက်ရွေးစင် သံဃာတော်အပါး ( ၆၀ ) ကိုအရင်စုစည်းပီးတဲ့နောက်မှာတော့ ရာဇဂြိုဟ်ပြည်ကို ကြွသွားပြန်တယ်။ တတိယအနေနဲ့မှ ဖခမည်းတော်ဘုရင်ကြီးရဲ့ ပင့်ဖိတ်ချက်အရ ကိုယ့်တိုင်းပြည်ကို ပြန်လာခဲ့တယ်။ မောင်တော်မွေးရပ်ဌာနီ ကိုယ့်တိုင်းပြည်ကို ပြန်ရောက်တော့ ဘုရားဖြစ်ပီးလို့ တစ်နှစ်တင်းတင်းပြည့်တဲ့နေ့ပေါ့။ မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့်နေ့မှာ ဘုရားဖြစ်ပီးတော့ မဟာသက္ကရာဇ် ၁၀၄ ခုနှစ် ကဆုန်လပြည့်နေ့မှာ တိုင်းပြည်ကိုပြန်ရောက်ခဲ့တာလေ။
ရောက်တဲ့ နေ့မှာပဲ ဝေဿန္တရာဇာတ်တော်ကြီးကို အကျယ်တဝင့်ဟောကြားတဲ့အခါမှာ နှမတော်လေ ကျေနပ်လိုက်တာ။ မဒ္ဒီမိဖုရားဘဝနဲ့ ဝေဿန္တရာလို ပညာရှင်သူတော်စင် ရှင်ဘုရင်တစ်ယောက်ကို ဖြည့်ဆည်းပေးခဲ့ရတာတွေကို အသေးစိတ် ခရေစေ့တွင်းကျ ပြန်သိရလို့ ကျေနပ်လိုက်တာ မောင်တော်ဘုရားရယ်။ မောင်တော်ဘုရားရဲ့ အနှိုင်းမဲ့စွဲဆောင်အားတွေပါပီး လေးနက်မှန်ကန် ဖြောင့်မတ်တဲ့ တရားစကားတွေကို နာကြားကြရတော့ နန်းတွင်းသူ/သားများရော ပြည်သူပြည်သားအားလုံးကရော အလွန်တရာကို ကျေနပ်ကြတယ်။ ဒါတောင် မာန်မာနကြီးလွန်းတဲ့ အချို့ဆွေတော် မျိုးတော်တွေကို ပေါက္ခရဝဿမိုးရွာသွန်းပီးတော့ တန်ခိုးအရှိန်အဝါသုံးပီး မာနကို ချိုးပစ်ခဲ့ရသေးတယ်။

   နှမတော်ရဲ့ တိုက်ခန်းကိုရောက်လာပြန်တော့ စန္ဒကိန္နရီဇာတ်တော်ကိုဟောတော်မူတော့လဲ ထပ်ပီးကျေနပ်ရပြန်ပါတယ်။ ဒီဘဝမှာ နှမတော်ရဲ့ အပြုစုအယုယနဲ့ အချစ်တွေကို ပစ်ခွါခဲ့ပေမယ့် နှမတော်ရဲ့ အချစ်တွေကို လက်ခံခဲ့တဲ့ ဘဝတွေလဲ ရှိပါလားဆိုတာ သိရလို့ပေါ့။ နောက်ပီးတော့ မောင်တော်ပြန်ခါနီး ကဆုန်လကုန်လောက်မှာ ဓမ္မပါလဇာတ်တော်ကြီးကိုဟောပြန်တော့လဲ ကြားနာလို့ ကောင်းလိုက်တာ။ ကြားနာလို့ မဝနိုင်အောင်ပါပဲ။ ကိုယ့်တိုင်းကိုယ့်ပြည်ကို ပြန်လာစဉ် ရက်သတ္တနှစ်ပတ်လောက်အတွင်းမှာ သံသရာသမိုင်းလဲတွင်ခဲ့ပီးတော့ အားလုံးကိုလဲ တရားထူးတွေရစေခဲ့တဲ့ ဇာတ်တော်ကြီးတွေကို အချက်ကျကျ တရားရအောင် စွဲဆောင် ဟောသွားခဲ့တယ်နော်။ ဒီတော့မှပဲ သမိုင်းစစ်သမိုင်းမှန်ဆိုတာ ပစ္စက္ခမှာ ပြုပြင်ပြောင်းလဲ ကျင့်သုံးနိုင်ဘို့ သင်္ခန်းစာတွေလဲပေးသလို အနာဂတ်အတွက် လင်းလက်တဲ့ အခြေနေတွေကိုလဲ ဖန်တီးပေးနိုင်ပါလားဆိုတာ ကောက်ချက်စွဲနိုင်ခဲ့တာပေါ့။ တကယ်တော့ အတိတ်သံသရာဆိုတာဟာ ဘဝသမိုင်းတွေပဲမလား။ အတိတ်သံသရာက ဘဝသမိုင်းတွေကို တကယ်မသိကြလို့ မတတ်ကြလို့သာ သတ္တဝါတွေဟာ မိုက်မဲနေကြတာပဲလေ။ အချို့သော ပညာတတ်တွေ ဒဿနဆရာတွေကတော့ သမိုင်းနဲ့ပတ်သက်လို့ ပြောကြတယ်။ သမိုင်းဆိုတာ သမိုင်းသက်သက်မျှ
သာပါပဲ ပရမတ္ထမဟုတ်သလို ဖြစ်ရပ်မှန်အကုန်အစင်လည်းမဟုတ်ပါဘူးတဲ့။ သမိုင်းကိုအပြည့်အဝယုံကြည်မှုမပါတဲ့ ဒီဝါကျကို ဘာကြောင့်များပြောကြပါလိမ့်ဆိုတာ မောင်တော်ရှင်းပြတဲ့ ဇာတ်တော်တွေကို နာကြားပီးမှ နှိုင်းယှဉ်တတ်လာတယ်။ နားလည်တတ်လာတယ်။ ကျေးဇုးအထူးပါပဲမောင်တော်ရယ်။        တကယ်တော့ လောကသမိုင်းတွေဆိုတာ လောဘ ဒေါသ မောဟစတဲ့ သဘာဝတရားဆိုးတွေမကင်းသေးဘဲ  အားသာတဲ့သူတွေ နိုင်တဲ့သူတွေက ရေးခဲ့ကြတာဆိုတော့ အားလုံးမှန်မှာလဲ မဟုတ်သလို အပြည့်အဝလဲ
သန့်စင်နိုင်မှာမဟုတ်ပါဘူး။ မောင်တော်ရှင်းပြခဲ့တဲ့ အတိတ်သံသရာထဲက ဘဝသမိုင်းတွေကတော့ ပညတ်အကြောင်းတွေ ဖြစ်ရပ်အကြောင်းတွေ ပရမတ်အကြောင်းတွေ ဘဝအကြောင်းတွေကို ကမ္ဘေကမ္ဘာချီပီး အနှိုင်းမဲ့တဲ့ အတိတ်သိဥာဏ်တော်နဲ့ တိကျပြတ်သားစွာဟောပြခဲ့တာမို့ လောကသားတွေအတွက် အကျိုးရှိလိုက်တာ မောင်တော်ရယ်။
ပြည့်စုံသန့်စင်လိုက်ပါဘိ။ ဒါပေမယ့်လေ ကိုယ့်တိုင်းပြည်ပြန်ရောက်တုန်းမှာ တစ်ဝါတလေတောင်မဆိုတော့ဘဲ ရက်သတ္တနှစ်ပတ်လောက်လေးနေပီး ပြန်သွားတာကိုတော့ မကျေမနပ်ဖြစ်မိတယ်။

    နောက်ပီးတော့လေ နန်းညွန့်နန်းလျာဖြစ်တဲ့ နန္ဒမင်းသားကိုလဲ ရောက်ပီးလို့ နှစ်ရက်မြောက်နေ့မှာ ရဟန်းပြုပေးလိုက်တော့ တိုင်းပြည်နဲ့ လူမျိုးအတွက် ရတက်မအေးဖြစ်ခဲ့ရပါသေးတယ်။ ဒီထက်ပိုဆိုးပြန်တာက နောက်ဆုံးနန်းညွန့်နန်းလျာအဖြစ် အသိမှတ်ပြုထားတဲ့ မင်းလောင်းလေး၊ ချစ်မဝနိုင်တဲ့ သားတော်လေး ရာဟုလာကိုလဲ ရောက်ပီးလို့ ခုနစ်ရက်မြောက်နေ့မှာ ကိုရင်ဝတ်ပေးလိုက်တော့ နန်းတော်ရဲ့အသဲ၊ သကျမျိုးတွေရဲ့ သူရဲကောင်း၊ တိုင်းပြည်ရဲ့ ဥသျှောင်လေးတွေဟာ
မောင်တော်နောက်ပါကုန်ကြပီ။ မောင်တော်ပြန်ရောက်လာလို့ အားရှိပီလို့ထင်ခဲ့မိတာ။ ခုတော့ အားမတက်ဘဲ အားပျက်ခဲ့ရတဲ့အထိတောင် ခံစားရမိပါရဲ့။ ဒါနဲ့တင်ရပ်မသွားခဲ့ဘူးလေ။ တိုင်းပြည်မှာ အဓိကကျတဲ့ မှုးကြီးမတ်ကြီးတွေ၊ ဝန်ကြီးဝန်ငယ်တွေ၊ စစ်သည်တော်တွေစတဲ့ ရဲစွမ်းသတ္တိရော အရည်အချင်းပါပြည့်ဝကြတဲ့ ထိပ်ပိုင်းကလူကြီးတွေကလဲ မောင်တော်နောက်ကို လိုက်သွားကြပီ။  တိုင်းပြည်နဲ့လူမျိုးကိုဦးဆောင် မောင်းနှင်ကြမယ့် လူတွေကလဲ နဲကုန်ပီ။ နောက်ပီးတော့ မောင်တော်အရင်းဖြစ်တဲ့ ဒေဝဒတ်မင်းသားလဲ မောင်တော်နောက်ကိုပါသွားခဲ့ပီ။
အနုရုဒ္ဓါမင်းသား၊ ဘဒ္ဒိယမင်းသားစတဲ့ လူစွမ်းလူတော်တွေလဲ မရှိကြတော့ဘူး။ မောင်တော်ပြန်လာတော့မှပဲ တိုင်းပြည်ဟာ အားအင်တွေချည့်နဲ့ခဲ့ရတော့တယ်။ ဖခမည်းတော်ဘုရင်ကြီးက အနာဂါမ်အရိယာကြီးဖြစ်သွားခဲ့ပီ။ မိထွေးတော်ကြီးမဟာပဇာပတိဂေါတမီက သောတာပန်တည်ခဲ့ပီ။ ဒီတော့ သူတို့မှာတော့ အရာရာအတွက် လွတ်မြောက်အေးငြိမ်းတဲ့ တရားအရသာကို ခံစားနိုင်ကြပီမို့ တရားနဲ့ဖြေဆည်နိုင်ကြပီပေါ့။ တရားတော်ရဲ့ လွတ်မြောက်မှုအရသာကို နားလည်ခံစားနိုင်သွားကြပီကိုး။  နှမတော်အဘို့မှာတော့ အားမလိုအားမရ ဝမ်းလဲသာ ဝမ်းလဲနဲ မချိတင်ကဲခံစားနေဆဲပါပဲ။ ဒါပေမယ့်  အံ့သြမိတဲ့အချက်တစ်ခုက ဘယ်လိုရာထူးတွေ ငွေကြေးတွေ စည်းစိမ်တွေ အာဏာတွေ အပျော်အပါးတွေမှမပါဘဲနဲ့ ဘဝရဲ့ပိုင်ဆိုင်မှုအရာရာကို စွန့်လွှတ်နိုင်လောက်အောင် ပြောင်မြောက်တဲ့ မောင်တော်ရဲ့ စည်းရုံးရေးစွမ်းအားကိုပေါ့။ အမျိုးမျိုးအဖုံဖုံ ကွဲပြားနေတဲ့ လူတန်းစားအလွှာစုံကို တစ်တန်းစားတည်းဖြစ်စေပီးတော့ အအေးချမ်းဆုံး အထက်တန်းအကျဆုံး
သံဃအဖွဲ့အစည်းကြီးကို ခိုင်ခိုင်မာမာတည်ထောင်နိုင်ခဲ့တာကိုလဲ ထပ်ဆင့်လို့ အလွန်အံ့သြမိပါရဲ့။ ဒီလိုအဖွဲ့အစည်းဟာ ဒီကမ္ဘာမှာပထမဆုံးအဖွဲ့အစည်းကြီးပါပဲ။ ဘယ်လိုခေါင်းဆောင်တစ်ဦးတစ်ယောက်ကမှ ဒီလောက်မြင့်မြတ် အေးချမ်းတည်ငြိမ်တဲ့အဖွဲ့အစည်းမျိုး မတည်ထောင်ခဲ့ကြသေးပါဘူး။

   မောင်တော်တိုင်းပြည်က ပြန်မကြွခင်လေးမှာ မိထွေးတော်ကြီးက ဘိက္ခုနီမ (အမျိုးသမီးရဟန်း )
ဖြစ်ချင်ကြောင်းလျှောက်ထားတော့ မောင်တော်ဘုရားက ခွင့်မပြုခဲ့ဘူး။ ရဟန်းပြုချင်စိတ်မရှိတဲ့ နန်းညွန့်နန်းလျာ နန္ဒမင်းသားနဲ့ သားတော်လေးတွေကိုတော့ ရဟန်းပြုပေး ရှင်ပြုပေးတယ်။ မောင်တော်ရဲ့လုပ်ရပ်တွေဟာ
ပညာရှင်သူတော်စင်တွေအနေနဲ့ လက်ခံနိုင်စရာဖြစ်ပေမယ့် နှမတော်လို ပုထုဇဉ်မိန်းမသားအနေနဲ့တော့ လက်မခံနိုင်စရာတွေချည်းပါပဲ။ တကယ်တော့လဲ ဒါတွေက ခံစားသိနဲ့ပြောပြနေတာပါမောင်တော်ရယ်။ ဒါပေမယ့် ဦးနှောက်ရဲ့ဆင်ခြင်သိနဲ့ သိနေတာက မောင်တော်ဟာ မိမိအတွက်ရော လောကအတွက်ရော ကောင်းကျိုးမဲ့စေတဲ့ လုပ်ရပ်ကို ဘယ်တော့မှ မလုပ်ဘူးဆိုတာပါပဲ၊ အနှိုင်းမဲ့ဘုရားရှင် မဖြစ်ခင်ကတောင် လောကကောင်းကျိုးကို ကြီးကျယ်စွာ သယ်ပိုးနိုင်ခဲ့တဲ့ မောင်တော်ဟာ ဘုရားဖြစ်လာတဲ့အခါမှာတော့ အထူးပြောစရာမလို၊ ချွင်းချက်မရှိအောင်
ဆောင်ရွက်နိုင်မယ်ဆိုတာကိုလဲ နှမတော် အသေအချာ သုံးသပ်စဉ်းစားနားလည်မိပါတယ်။ ဒါကြောင့် နှလုံးသားနဲ့ ပစ္စက္ခရင်တွင်းခံစားအသိက လက်မခံနိုင်သော်လဲ သံသရာမှာ ပါရမီတွေဖြည့်ခဲ့ရတဲ့အစွမ်းတွေကြောင့် မူလမွေးရာပါ ဗီဇအသိနဲ့ ဆင်ခြင်သိက အားလုံးကို နားလည်နေခဲ့တယ်လေ။ မောင့်ဝမ်းထဲမှာ အူဘယ်နှစ်ခွေရှိတယ်ဆိုတာသိသလို မောင်တော်ရဲ့ စိတ်ဓာတ်နဲ့လုပ်ရပ်ကိုလဲ အပ်ကျမတ်ကျသိနေခဲ့ပါတယ်။

      မောင်တော်ဘုရားဖြစ်ပီးလို့ ငါးဝါမြောက် မောင်ဘုရားရဲ့ သက်တော် လေးဆယ်မှာပေါ့။ ဝေသာလီတိုင်းပြည် မဟာဝုန်တော ကူဋာဂါရကျောင်းတိုက်ကြီးမှာ သံဃာတော်များစွာ ခြံရံပီးသီတင်းသုံးစဉ်ကပေါ့။ အလွန်ကျေးဇူးကြီးမားလှတဲ့ မိထွေးတော်ကြီး မဟာပဇာပတိဂေါတမီဟာ ကိုယ်ကိုယ်တိုင်ပဲ ခေါင်းရိတ်၊ သင်္ကန်းဝတ်ပီးတော့ နန်းတွင်းသူ မောင်းမိဿံငါးရာကို ဦးဆောင်ကာ အမျိုးသမီးရဟန်းဖြစ်ဘို့အရေးတောင်းဆိုဘို့ မောင်တော်ဘုရားရှိရာကို သွားခဲ့ပါတယ်။ နှမတော်နဲ့ ဇနပဒကလျာဏီတို့က မလိုက်ပါခဲ့ကြဘူးလေ။ အမှန်ကိုပြောရရင် အမျိုးသမီးရဟန်းမလဲ မဖြစ်ချင်ဘူး။ တရားလဲ အားမထုတ်ချင်ဘူး။ နိဗ္ဗာန်လဲမရောက်ချင်ပါဘူး။ တိုင်းပြည်မှာ မောင်တော်ဘုရားရဲ့ မိဖုရားခေါင်ကြီးအဖြစ်နဲ့ပဲ နေချင်ခဲ့ တမ်းတခဲ့တာလေ။
နောက်ဆုံးမှာတော့ တူတော်လေးဖြစ်တဲ့ အရှင်အာနန္ဒာရဲ့အကူအညီနဲ့ မိထွေးတော်ကြီးနဲ့တကွနန်းတွင်းသူ ငါးရာဟာ အမျိုးသမီး ရဟန်းပြုခွင့်ရခဲ့ကြပါတယ်။ ဘိက္ခုနီမအဖြစ်ကိုရခဲ့ကြပါတယ်။  ဒါဟာ မှားယွင်းနေတဲ့ ကမ္ဘာ့အစဉ်အလာဟောင်းတစ်ခုကို
ချေဖျက်ပီးတော့ မှန်ကန်ကောင်းမြတ်တဲ့အစဉ်အလာသစ်တစ်ခုကို မောင်တော်ဖန်တီးလိုက်တာပါပဲ။
အမျိုးသမီးတွေရဲ့ဘဝနဲ့ အခန်းကဏ္ဍကို အစဉ်အမြဲနှိမ့်ချဆက်ဆံခဲ့တဲ့ ကမ္ဘာ့အစဉ်အလာဟောင်း စံနစ်ဆိုးကြီးကို ပယ်ဖျက်ပီးတော့ အမျိုးသမီးတွေကို လူနတ်ဗြဟ္မာတွေရဲ့ကိုးကွယ်ခံ လူတန်းစားအဖြစ် မောင်တော်မြှင့်တင်လိုက်တာပါပဲ။ အမျိုးသမီးတွေမှာလဲ ဒီလိုအရည်အသွေးတွေရှိတယ်ဆိုတာကို မောင်တော်ကလက်တွေ့ဖေါ်ဆောင်ပြလိုက်တာပါပဲ။ အမျိုးသမီးအခွင့်အရေးကို ကိုးကွယ်ခံလူတန်းစားဖြစ်တဲ့အထိ မြှင့်တင်ပေးတာဟာ ဒီဘဒ္ဒကမ္ဘာမှာ ကကုသန်ဘုရားရှင် ကောဏာဂုံဘုရားရှင် ကဿပဘုရားရှင်နဲ့ မောင်တော်ဘုရားရယ်ဆိုပီး လေးဦးပဲ ရှိပါသေးတယ်။ အခြားဘယ်ဘာသာရေးခေါင်းဆောင်ကမှ အမျိုးသမီးတွေကို ဒီလိုအခွင့်အရေးမျိုးမပေးခဲ့ပါဘူး။ မောင်တော်ဘုရားဖြစ်လာတာဟာ အမျိုးသမီးတွေအတွက် အလွန်ကံကောင်းခြင်းလက်ဆောင်တစ်ခုကို ထိုက်ထိုက်တန်တန်ရလိုက်တာပါပဲ။ ကျေးဇူးကြီးမားလှပါဘိ မောင်တော်ဘုရားရယ်။
နောက်ပီးတော့ အခွင့်အရေးဆိုတာတွေဟာ အရည်အသွေးရှိမှ ပေးလို့ရတယ်ဆိုတာကိုလဲ မောင်တော်ရဲ့  လုပ်ရပ်တွေကိုကြည့်ပီး သုံးသပ်နိုင်ခဲ့ပါတယ်။

  နန်းတော်တွင်းမှာ ဖခမည်းတော်ဘုရင်ကြီးကလဲ ပလ္လင်တော်ပေါ်မှာပဲ ရဟန္တာဖြစ်ပီးတော့ ပရိနိဗ္ဗာန်ပြုသွားပီ။ သားတော်လေးလဲ တရားထူးတွေရနေပီ။။ မောင်တော်ငယ်လေး နန္ဒမင်းသားလဲ ရဟန်းဝတ်သွားလို့ ရဟန္တာဖြစ်နေပီ။ မိထွေးတော်ကြီးလဲ ရဟန်းပြုသွားပီ။ ရဟန်းပြုပီးတဲ့နောက် သံခိတ္တသုတ်ကို နာကြားတော်မူရင်းနဲ့ ရဟန္တာထေရီမကြီးဖြစ်လို့
လောကရဲ့အရသာအားလုံးထက်ကျော်လွန်ပီး လွတ်မြောက်တဲ့ အေးချမ်းမှုရသကိုခံစားနေရပီ။ နှမတော်အဘို့မှာတော့ နန်းတော်တွင်းမှာ ပိုလို့သာ အထီးကျန်လာခဲ့ရပါပီ။ ပျော်စရာအချိန်ဆိုလို့ တစ်စက္ကန့်လေးတောင်မရှိတော့သလို အခြွေအရံတွေကလဲ နဲကုန်ပီ။ သုံးဆောင်နေရတဲ့ အသုံးဆောင်တိုင်းဟာ မနွေးထွေး မအိစက်တော့ရုံမျှမက စက်ဆုပ်စရာလို့တောင်ခံစားလာခဲ့ရတဲ့အထိပါပဲလေ။ မိထွေးတော်ရဲ့ အကူညီကိုယူပီး ရဟန်းမိန်းမပြုရုံမှတပါး အခြားရွေးချယ်စရာလဲ မရှိတော့ပါဘူး။

      နောက်ပီးတော့လေ မောင်တော်နဲ့နှမတော်တို့အကြောင်း ဒီလိုလဲစဉ်းစားမိပါတယ်။ ပါရမီစတင်ဖြည့်ဘို့ ဗျာဒိတ်တော်ကို
ခံယူတုန်းကလဲ မောင်တော်ကစပီး လက်မကမ်းခဲ့ဘူး မခေါ်ခဲ့ဘူးနော်။ နှမတော်ကိုယ်တိုင်ကသာ ပူးပေါင်းခဲ့ရတာပါ။ ခုလဲ ဘုရားဖြစ်ပီးလို့ နောက်ဆုံးပရိနိဗ္ဗာန်ပြုတော့မယ့် ဘဝမှာလဲ မောင်တော်နောက်လိုက်ပီး ရဟန်းပြုဘို့ မခေါ်ခဲ့ဘူးနော်။ ပါရမီတွေရဲ့အစမှာလဲ မခေါ်ခဲ့သလို သံသရာရဲ့ အဆုံးတစ်နေ့မှာလဲမခေါ်ခဲ့ပါဘူး။ နေနိုင်ရက်လိုက်တာ မောင်တော်ရယ်။ ရက်စက်တာမဟုတ်ပေမယ့် နေနိုင်ရက်တာတော့ အမှန်ပါပဲ။ ဒေါသမဖြစ်ပေမယ့် မချိတင်ကဲတော့ခံစားရပါတယ်။ စကြာဝဠာအတွက် အလုပ်လုပ်နေရသူမို့ နှမတော်အတွက် ချွင်းချက်တော့ရှိမှာပဲလို့လဲ စဉ်းစား နားလည်မိပါတယ်။ ဘာပဲဖြစ်ဖြစ်လေ မောင်တော်နောက်ကိုလိုက်ရင် အကျိုးမယုတ်ဘူးဆိုတာရယ် လုံခြုံမှုတွေ အေးချမ်းမှုတွေ
ပြည့်ဝမှုတွေစတဲ့ ကောင်းကျိုးတွေအပြည့်အဝရမယ် ဆိုတာရယ်တော့ အသေအချာယုံကြည်နေပီးသားပါ။
သာမန်လောကီလူသားဘဝတွေတုန်းကတောင်မှ နှမတော်ရဲ့ ဘဝကို လုံခြုံမှု အေးချမ်းမှု ပျော်ရွှင်မှုတွေ အပြည့်အဝရအောင် ဆောင်ကြဉ်းနိုင်ခဲ့တာပဲလေ။ ခုလို လောကသုံးပါးရဲ့ ခေါင်းဆောင် အနှိုင်းမဲ့ ဘုရားသခင်ဖြစ်လာပီဆိုတော့ နှမတော်အတွက် တစ်စက်ကလေးမှ ပူပင်စရာအကြောင်းမရှိတော့ပါဘူး။ မောင်တော်ရဲ့ ထီးရိပ် နန်းရိပ် လောကီရိပ်ကို ခိုလှုံဘို့ မမျှော်လင့်မတမ်းတတော့ပါဘူး။ မြင့်မြတ်စင်ကြယ်မှုတွေနဲ့ စစ်မှန်တဲ့ လွတ်မြောက်မှုရသကိုပေးနိုင်တဲ့ မောင်တော်ရဲ့ဓမ္မအရိပ် သာသနာအရိပ် လောကုတ္တရာအရိပ်ကိုပဲ ခိုလှုံပါတော့မယ်။ ဒါကြောင့်လေ မောင်တော်လဲရှိတဲ့ မိထွေးတော်ကြီးလဲ ရှိနေတဲ့ ဝေသာလီပြည်ကို နှမတော်ရဟန်းပြုဘို့လိုက်ခဲ့ပါပီ။ ရဟန်းပြုပါတော့မယ်။ ရဟန်းပြုခွင့်ပေးပါတော့၊ ဓမ္မအရိပ်ကို ခိုလှုံခွင့်လေး ပေးပါတော့၊ ဓမ္မလက်နဲ့ကမ်းလို့ကြိုပေးပါတော့
မောင်တော်ဘုရားရယ်။ ( ဆက်လက်ဖေါ်ပြပါမယ် )

Saturday, March 23, 2013

အနှိုင်းမဲ့အဖြည့်ခံ ယသောဓရာ ( ၁၁ )

မောင်တော်ဟာ စကားလေးတစ်လုံးနဲ့တောင် နှုတ်မဆက်တော့ဘဲ  ထွက်ခွါသွားခဲ့တဲ့ ညကပေါ့။ မောင်တော် စိတ်ထိခိုက်မိအောင် ဘယ်လိုအရာ တစ်ခုခုများ လုပ်ခဲ့မိပါလိမ့်လို့ စဉ်းစားမိတိုင်း အဖြေမထွက်ခဲ့ဘူး။ နားမလည်နိုင်ခဲ့ဘူး။ အသေအချာ မှတ်မိတာတစ်ခုကတော့ ကံဆိုးမိုးမှောင်ကျတဲ့ လပြည့်ညကြီးဆိုတာပါပဲ။ အဲဒီ ထွက်ခွါသွားမယ့်နေ့မှာလေ ပါရမီဖြည့်ဖက်တို့ရဲ့ ဝတ္တရားတွေ မလစ်ဟင်းရအောင် ပြုစုပီးသားပါ။ ကိုယ့်တာဝန်ကိုယ်ကျေတယ်ဆိုတဲ့ စိတ်နဲ့ ယုံကြည်စိတ်ချ ကြည်နူးစွာပဲ မောင်တော်ရဲ့ လက်မောင်းတော်ပေါ်မှာခေတ္တ လှိုက်လှဲစွာ မှေးစက်ခဲ့တာပေါ့။ ဒါပေမယ့်လေ မောင်တော်ဟာ နှမတော်ကို စွန့်ခွါဘို့ စဉ်းစားဆုံးဖြတ်ခဲ့ပီးသားဆိုတာကို ကြိုတင်မသိခဲ့ရပါဘူး။ မောင်တော်ဟာ အလွန်ယဉ်ကျေးထက်မြက်တဲ့ မဟာလူသားတစ်ယောက်ဖြစ်တဲ့အတွက် နှမတော်ခေတ္တအိပ်ပျော်သွားခဲ့စဉ်မှာ ဖခင်ကောင်းတို့ရဲ့ မဟာကရုဏာနဲ့ သားတော်လေးကိုလဲ ဆိုတေးနဲ့ချော့သိပ်ခဲ့မယ်လို့ ယုံကြည်ခဲ့ပါတယ်လေ။ နှမတော် အသေအချာမှတ်မိနေတာက ညဉ့်ဦးယံမှာ သားတော် ရာဟုလာလေးကို နူးညံ့ညင်သာစွာ ထွေးပွေ့ပီးတော့ နှဖူးတော်လေးကို အသာအယာ နမ်းရှုပ်လိုက်တယ်။ ပီးတော့ ဆက်ပြောလိုက်တာက သားလေးရေ သားလေးရဲ့ မေမေကို စောင့်ရှောက်နော်တဲ့။ မောင်တော်ရဲ့ အပြုအမူတွေအတွက် ဘယ်လိုသံသယမှ မရှိခဲ့သလို မောင်တော် ဘာဆိုလိုမှန်းလဲ မသိခဲ့ရိုးအမှန်ပါ။

      အဲဒီညကလေ မောင်တော်နဲ့နှမတော်တို့ အတူစံမြန်းခဲ့ကြတဲ့ အိပ်ရာကုတင်ဘေးက လေသာပြတင်းကို ဖွင့်ပီးကြည့်လိုက်မိပါတယ်။ သေချာစူးစမ်းလိုက်တော့ ညဟာ ပုံမှန်မဟုတ်ဘဲ မငြိမ်မသက်ဖြစ်နေခဲ့တာကိုတော့ သတိပြုမိပါတယ်။ ပတ်ဝန်းကျင်က လေပြေလေညှင်းတွေဟာ အရင်လိုမညင်သာမငြိမ့်ညောင်းတော့ဘဲ ညာသံပေးပီး သစ်ပင်တွေ ယိမ်းထိုးနေလောက်အောင် တဝီဝီ အော်မြည်တိုက်ခတ်နေလေရဲ့။ ကြားရတဲ့ နှမတော်အတွက် စိတ်မသက်သာ စရာပါလေ။ မောင်တော်ဟာ ဘာမှမပြောမဆိုဘဲ နှမတော်ရဲ့ဘေးနားမှာ နွေးထွေးစွာအားပေးနှစ်သိမ့်ရင်း အိပ်စက်လဲလျောင်းခဲ့ပါသေးတယ်။ အဲဒီနေ့ဟာ အရမ်းပင်ပန်းခဲ့တာမို့ တစ်ခဏလေး တစ်မှေးအိပ်စက်ခဲ့ပါတယ်။ တစ်မှေးဆိုပေမယ့် အဲဒီညဟာ အနှစ်ခြိုက်ဆုံး အိပ်ပျော်ခဲ့ရတဲ့ နောက်ဆုံးညတစ်ညရဲ့ တစ်မှေးပါ။  အဲဒီညရဲ့ နှစ်ခြိုက်စွာ တစ်မှေးလေး မှေးစက်ခဲ့ရတဲ့နောက်မှာတော့ ဘယ်တော့မှ ပျော်ရွှင်အေးချမ်းမှုတွေမရခဲ့တော့ပါဘူး။
နောက်ပီးတော့ မောင်တော်ဟာ ဘယ်အချိန်မှာ စွန့်ခွါသွားခဲ့တယ်ဆိုတာကိုလဲ  မသိခဲ့တော့ပါဘူး။ ဒါတွေအားလုံးကို ကျိန်ဆိုပြောရဲပါတယ် မောင်တော်ရယ်။

        နှမတော်ကိုချစ်ကြင်နာရက်နဲ့ စွန့်ခွါသွားကတည်းက မောင်တော်ပြန်လာနိုင်မယ့် လမ်းတစ်လျှောက် ပြတင်းပေါက်ကိုဖွင့်လို့ အသင့်စောင့်မျှော်ခဲ့တာ နေ့တိုင်းပါပဲ။ အလွန်နူးညံ့တဲ့ ပိုးခြည်နဲ့ ရက်လုပ်ထားတဲ့ ပြတင်းခန်းဆီးကာလေးက ဖေါက်ထွက်လာတဲ့ အလင်းမှိန်မှိန်လေးကို အားပြုပီးတော့ မောင်တော်များ ပြန်လာလေမလားဆိုပီး စောင့်မျှော်ခဲ့ရတာ ညစဉ်ညတိုင်းပါပဲလေ။ ဒါပေမယ့်လဲလေ နှမတော်က မျှော်သာမျှော်ရသူ၊ ပေါ်မလာသူက မောင်တော်ရယ်ပေါ့။ မောင်တော်ပေါ်မလာနိုင်မှန်းသိပေမယ့် အလေ့အကျင့်ဖြစ်နေတဲ့အတွက်ကြောင့် လေသာပြတင်းကို ခပ်ပြင်းပြင်းလေး ထပ်ခါထပ်ခါ ဖွင့်မိကြည့်မိပါရဲ့။ ကြည့်လိုက်တိုင်းမှာ အရာရာဟာ အမြင်တွေဝေဝါးပီးတော့ ခြုံနွယ်ပိတ်ပေါင်းတွေကလဲ ပိန်းပိန်းပိတ်နေအေင် ကာဆီးထားကြလေရဲ့။ ဒါပေမယ့်လေ နှမတော်ရဲ့ နှလုံးသားမှာတော့ ဗလာဟင်းလင်း ကွင်းပြင်ကြီးပါပဲ။

      မောင်တော်ပြန်လာမယ့်နေ့ရက်ကို မမောနိုင်မပန်းနိုင်ဘဲ တမ်းတ ဆွေးမြေ့စွာ အစဉ်အမြဲတွေးနေခဲ့ရသလို မောင်တော်ပြန်လာနိုင်မယ့် နည်းလမ်းများရှိရင်လဲ သိချင်လိုက်တာ။ မောင်တော်ရဲ့ စူးရှထက်မြက်တဲ့ မျက်လုံးတွေရဲ့ အကြည့်အောက်မှာ ရင်ခွင်ထဲတိုးဝင်ပီးတော့ ကျေနပ်ကြည်နူးမှုပီတိလေးကို ခံစားချင်လှပါဘိ။ နောက်ပီးတော့လေ မောင်တော်ရဲ့ ခြေသလုံးကိုဖက်ပီးတော့ နောက်တစ်ကြိမ်ပစ်ခွါမသွားဘို့ အနူးအညွတ်တောင်းပန်ချင်လိုက်တာ။ မောင်တော် စိတ်ပြန်လည်လာအောင် အားပါးတရနမ်းရှုပ်ပီးတော့လဲ
ဖြားယောင်းသွေးဆောင်ချင်လိုက်တာ။ မီးတောင်ပေါက်ကွဲလို့ ထွက်ကျလာတဲ့ ချော်ရည်တွေလို နှမတော်ရဲ့ ရင်တွင်းမှာ မွန်းကြပ်ပီးပေါက်ကွဲထွက်လာတဲ့ ပရိဒေဝ ချော်ရည်တွေကို သန့်စင်ပေးလှဲ့ပါအုံး။ ထွက်ပေါက်လေးပေးပါအုံး မောင်တော်ရယ်။ ပရိဒေဝမီးတွေက မောင်တော်ကို အကျပ်ကိုင်တဲ့ မေးခွန်းတွေမေးခိုင်းနေပီး ဒေါသတွေနဲ့ ရန်တွေ့ခိုင်းနေလို့ပါ။ ဒီလိုရန်တွေ့ခွင့်သာမရရင် မောင်တော်ဟာ နှမတော်ကို မတပ်မက်တော့တဲ့ မျက်လုံးတွေနဲ့ ရိပ်ကနဲဝှေ့ကြည့်လိုက်တဲ့ အချိန်မှာပဲ သေပွဲဝင်လိုက်ရတော့မလား သို့မဟုတ်  ကျောက်ရုပ်ကြီးများဖြစ်သွားလေတော့မလားလို့တောင်
ကိုယ့်ကိုယ်ကိုထင်မိပါရဲ့။ စောင့်ဆိုင်းရင်း ရူးနေခဲ့ရတာ ကြာပီမို့ ကိုယ့်ကိုယ်ကို ဘာမှန်းတောင် မသိတော့ပါဘူးလေ။

        အထူးသဖြင့်တော့လေ နန်းတွင်းပုရောဟိတ်ကြီးတွေ၊ နက္ခတ္တဗေဒပညာရှင်ကြီးတွေက ပြောပြခဲ့ဖူးပါတယ်။
မောင်တော်ကို မွေးဖွားတုန်းကလဲ မြေငလျင်လှုပ်တာကစလို့ ထူးခြားတဲ့ မဟာမင်္ဂလာနိမိတ်ကြီးတွေ
ပေါ်ပေါက်ခဲ့တယ်တဲ့။ နောက်ပီးတော့လေ  မောင်တော်ဟာ လေးကျွန်းတစ်မြင့်မိုရ်လုံးကို အစိုးရတဲ့ စကြာဝတေးမင်းကြီးဖြစ်လိမ့်မယ် သို့မဟုတ် အနိုင်းမဲ့ ဥာဏ်ရှင် သဗ္ဗညုဘုရားသခင် ဖြစ်လိမ့်မယ်တဲ့။ နှမတော်လဲ စဉ်းစားမိတယ်လေ။ နှမတော်မွေးဖွားခါစမှာကတည်းက မောင်တော်လိုလင်ယောကျာ်းမျိုးကို ရလိမ့်မယ်၊ နောက်ပီးတော့ ခမ်းနားထယ်ဝါလှတဲ့ နန်းတော်တွင်းမှာ စည်းစိမ်းချမ်းသာတွေ အခြွေအရံတွေ၊ လိုအပ်တာမှန်သမျှ သက်ရှိသက်မဲ့တွေ ပြည့်စုံဝန်းရံနေရသော်လဲ အသက်မဲ့တဲ့ ကျောက်ရုပ်ကြီးလို အထီးကျန်နေလိမ့်မယ်ဆိုတဲ့
ဟောကိန်းကို ဟောခဲ့သူများရှိခဲ့ရင် သိပ်ကောင်းမှာပဲလို့ စဉ်းစားမိပါတယ်။ လူတွေက နှမတော်ကို လာလာပီးပြောကြတယ်။ မောင်တော်ရဲ့ ဖြောင့်မတ်မှန်ကန်လှတဲ့ စကားလုံးတွေ၊ နက်ရှိုင်းလှတဲ့ အသိပညာအကြောင်းတွေ၊ မောင်တော်အကြောင်း သတင်းကောင်းတွေကို ပါရမီဇာတ်ညွှန်းစာလွှာထဲက တစ်ဆင့်လာပြောကြတာပေါ့။ ပြောကြပုံကလေ မောင်တော်ဟာ အချိန်တွေအားလုံးကို ကျော်လွန်သွားပီတဲ့။ အနာဂတ်ဖြစ်လာမယ့် တဏှာကိုလဲ ကျော်ခဲ့ပီတဲ့။ အတိတ်က နောင်တတွေကိုလဲ ပစ်ပယ်ခဲ့ပီတဲ့။ ပစ္စုပ္ပန်မှာလဲ အရာရာပြည့်စုံနေတဲ့ မဟာလူသား ဘုရားဖြစ်နေခဲ့ပီတဲ့။ ဒါပေမယ့်လေ နှမတော်အတွက်တော့ အချိန်ဟာ ရှိနေဆဲ စောင့်ဆိုင်းနေဆဲရယ်ပါ။ ဒါအပြင်ထပ်ပြောကြသေးတာက ဘဝလွတ်မြောက်ရေးစစ်ပွဲကို ခြောက်နှစ်ကြာကြာ ဆင်နွှဲလို့အောင်မြင်ခဲ့ပီ။ ဘုရားရှင်ဖြစ်လာခဲ့ပီတဲ့။ ပီးတော့လေ လောကလူသားနဲ့ သတ္တဝါတွေအားလုံးကို ဦးဆောင်မောင်းနှင်ကာ လျှောက်လှမ်းရမယ့် မဂ္ဂင်လမ်းစဉ်တွေကိုလဲ ကြေငြာဟောပြောနေပီတဲ့။

      တကယ်တော့လေ မောင်တော်ဟာ ဘုရားပဲဖြစ်ဖြစ် စကြာဝတေးဘုရင်ကြီးပဲဖြစ်ဖြစ် နှမတော်သိထားတာက
မောင်တော်ဟာ မောင်တော်ပါပဲ။ မောင်တော်ဆိုတဲ့ နှလုံးသားရဲ့ သတ်မှတ်ချက်နဲ့ အချစ်က တစ်စက်ကလေးမှ ပျက်ပြယ်မသွားခဲပါဘူး။ ဒါကြောင့် တစ်ခုတော့ တောင်းဆိုပါရစေနော်။ မောင်တော်ပြန်လာတဲ့အခါ
မောင်တော်ကို နှစ်ရှည်လများစွာ ကံဆိုးမိုးမှောင်ကျရင်းနဲ့စောင့်ဆိုင်းခဲ့ရတာတွေ၊ စိတ်လိုက်မာန်ပါ တမ်းတစွာ ပြောခဲ့တာတွေများရှိရင်လေ အဲဒီအရာတွေဟာ မလုံလောက်သေးဘူးလို့။ မကျေသေးဘူးလို့။ ဘာကြောင့်လဲဆိုတော့ မောင်တော်ရဲ့ ဘေးနားမှာ မခွဲမခွါ ထာဝရနေချင်တဲ့ နှလုံးသားက စိုးမိုးနေလို့ပါ။ ခုတော့လေ မောင်တော်က အနှိုင်းမဲ့ဥာဏ်ရှင် ဘုရားသခင်ဖြစ်လာခဲ့ပီဆိုတော့ နှမတော်ရဲ့ အကူညီတွေ မလိုအပ်တော့ဘူးပေါ့နော်။ မောင်တော်အနားမှာ လုပ်ကျွေးပြုစုကြမယ့် စကြာဝဠာက လူတွေ နတ်တွေ ဗြဟ္မာတွေက များပြားလွန်းလှသကိုး။ နန်းတော်ထဲမှာ မောင်တော်ဆိုတဲ့ စကားလုံးကို တွင်တွင်သုံးပီးတော့ ထပ်တလဲလဲ ခေါ်နေမိတော့ နန်းတွင်းသူတွေက ပြောကြတယ်လေ။ သိဒ္ဓတ္ထမင်းသားဟာ ဘုရားဖြစ်သွားပီတဲ့။ မောင်တော်ဆိုတဲ့ အသုံးအနှုန်းကို စွန့်ပစ်သင့်ပါပီတဲ့။ သံသရာတစ်လျှောက်လုံး သုံးနှုန်းလာခဲ့တဲ့ ဒီဝေါဟာရကို တစ်ခဏလေးနဲ့ ဘယ်လိုလုပ် ဖြုတ်ပစ်နိုင်မှာလဲ မောင်တော်ရယ်။

      မောင်တော်ဟာ နှမတော်နဲ့ သားတော်လေးရာဟုလာကိုပစ်ခွါပီးတော့ သစ္စာတရားကိုရှာဖွေရင်း အနှိုင်းမဲ့ဥာဏ်တော်ရှင် ဘုရားသခင်ဖြစ်လာခဲ့တယ်။ နှမတော်အဘို့မှာတော့ အာဃာတတွေ အငြှိုးအတေးတွေကင်းမဲ့ပီး မာန်မာနရိုကျိုးစွာ ချစ်နေဆဲ တမ်းတနေဆဲဖြစ်တဲ့ ပုထုဇဉ်မိန်းမသား တစ်ယောက်ရယ်ပါ။ နောက်ပီးတော့လေ မောင်တော်ရွေးချယ်လက်ခံထားတဲ့ ကံကြမ္မာရဲ့သားကောင် သက်သက်ရယ်ပါ။ နှမတော်ကို တမ်းတစိတ် ကြင်နာစိတ်တွေနဲ့ ဘယ်တော့မှ ပြန်မလာတော့တဲ့ လမ်းကိုမျှော်ကြည့်ရင်း တံခါးမကြီးဘေးနားမှာ ရပ်စောင့်နေခဲ့တာ ခုထိပါပဲလေ။ မောင်တော်ကသာ  နှမတော်ကို ချစ်စိတ် တမ်းတစိတ်တွေနဲ့  ပြန်လာမယ်ဆိုရင်လေ ဒီနေရာကမရွှေ့ဘဲ နောက်ဘဝထိအောင် ဆက်လက်ပီးတော့ ဒီနေရာကအမြဲ စောင့်မျှော်နေမှာပါ။  မောင်တော်ရဲ့ အချစ်ကြောင့်ရရှိခံစားရတဲ့ ကျေနပ်ပျော်ရွှင်မှုကလွဲလို့ အခြားဘာကိုမှ ဘယ်တော့မှ မရှာတော့ပါဘူး။ နှမတော်အတွက်တော့ သိဒ္ဓတ္ထမင်းသားရဲ့ ကြင်ယာသက်ထား ဇနီးမယားဆိုတဲ့ ဂုဏ်ပုဒ်သည်သာလျှင် အထိုက်တန်ဆုံးပါ။ အလိုအပ်ဆုံး အပျော်ရွှင်ဆုံး ဆုလာဘ်ပါ။ အတမ်းတဆုံးပါ။ ကျက်သရေ အရှိဆုံးပါ။  နှမတော်တော်ရဲ့ အချစ်စစ်နဲ့ တမ်းတမှုများစွာတွေထဲက အနဲငယ်သော တမ်းတမှုဆန္ဒလေးကိုတောင် ဖြည့်ဆည်းပေးဘို့ သိပ်ခက်နေသလားလို့နန်းတော်ထဲက ထိတ်ထိတ်ကျဲပညာရှင်တစ်ယောက်ကိုတောင် မခံစားနိုင်တော့လို့ မေးကြည့်မိပါတယ်။

     မောင်တော်ကလေ နှမတော်ကိုစွန့်ပစ်ထွက်ခွါဘို့ဆုံးဖြတ်ခဲ့တုန်းက မောင်တော်ရဲ့ သစ္စာတရား စူးစမ်းရှာဖွေရေးအတွက် နှမတော်ကို ယုံကြည်ခဲ့မယ်ဆိုရင် နှမတော်ကလေ ကျေကျေနပ်နပ်ကြီးကို စတေးခံဖြည့်ဆည်းပေးချင်လိုက်တာ။ နှမတော်ရဲ့ စိတ်ထားနဲ့နှလုံးသားကို သိရက်သားနဲ့ ဘာဖြစ်လို့များ တိုးတိုးတိတ်တိတ် စွန့်ခွါထွက်ပြေးသွားခဲ့ရတာလဲ မောင်တော်ရယ်။ မောင်တော်ရဲ့ သစ္စာရှာဖွေရေးလမ်းစဉ်မှာ နှမတော်ဟာ ဆူးငြောင့်ခလုပ်ဖြစ်မှာကို ကြောက်နေခဲ့လို့လား သို့မဟုတ် မောင်တော်မထွက်ခွါမီ နှမတော်ကို မျက်နှာချင်းဆိုင်ပီး မဖွင့်ဟရဲဘဲ သတ္တိနဲနေခဲ့လို့လား။ ပြောပြစမ်းပါ။

       မောင်တော်ဟာ သားတော်လေးအကြောင်း တစ်စေ့တစ်စောင်းများ စဉ်းစားမိလေသလား သို့မဟုတ် နှမတော်အရေး အတွေးလေးများ အနဲငယ်ဝင်မိပါသလား သို့မဟုတ် တိုင်းပြည်နဲ့လူမျိုးအတွက် ငဲ့ကွက်စဉ်းစားခဲ့လေသလားတော့ မသိတတ်တော့ပါဘူး။ သစ္စာတရားတွေ တွေ့ရှိဘို့ထွက်ခွါသွားတဲ့မောင်တော်ဟာ သစ္စာတွေရရှိအောင်မြင်ခဲ့သလား ဆိုတာတောင်မသိတော့ပါဘူး။ သိလဲ မသိချင်ပါဘူး။ နှမတော်သိတဲ့အရာက မောင်တော် မတရားဘူး လုံးဝမတရားဘူး ဆိုတာပါပဲ။ ခုလိုစွပ်စွဲပြောဆိုမိခဲ့တဲ့အတွက် မောင်တော်ရဲ့ ခွင့်လွှတ်မှုကိုတော့ တမ်းတလိုချင်မိပါရဲ့။ မောင်တော်ကို စကြာဝဠာကြီးတစ်ခုလုံးက ဘယ်လောက်ပဲ ပူဇော်နေကြပါစေ၊ ဘယ်လောက်ပဲအထင်ကြီးလေးစား ကိုးကွယ်နေကြပါစေ ဘာမှကိစ္စမရှိဘူး။ စိတ်ထဲမှာ ခံစားနေမိတာက လက်ထပ်ပီးတဲ့နောက် ဘဝရဲ့ အနှိုင်းမဲ့ အဖေါ်မွန်ကောင်း တစ်ယောက်၊ အစဉ်အမြဲ ဘဝကိုလုံခြုံအေးချမ်းအောင် ကာကွယ်ပေးခဲ့သူတစ်ယောက်ဖြစ်ခဲ့တဲ့မောင်တော်ဟာ  လက်ထပ်ပီးလို့ ၁၃ နှစ်အကြာမှာတော့ ကတိသစ္စာတွေ ဖောက်ဖျက်ခဲ့သူတစ်ယောက်လို့ မြင်နေ ခံစားနေဆဲပါပဲ။

   ဒါပေမယ့်လေ ဒီလိုလဲ ပြန်လည်ဖြေဆည်မိပါတယ်။ မောင်တော်နဲ့ယှဉ်တွဲလို့ ပါရမီဖြည့်စဉ်ကာလမှာ မိဖရားခေါင်ကြီးဖြစ်ခဲ့တာလဲ အကြိမ်ကြိမ်၊ ဝန်ကတော် ဖြစ်ခဲ့တာလဲ ဂဏန်းချပြလို့မရ၊ ပညာရှင် ဇနီးမယားဘဝနဲ့လဲ မရေတွက်နိုင်၊ ဂုဏ်သိက္ခာမြင့်မားတဲ့ လင်ကောင်းတစ်ယောက်ရဲ့ ဇနီးကောင်းဖြစ်ခဲ့ရတဲ့ ဘဝတွေကလဲ အသင်္ချေရယ်ပါ။ ဒါကြောင့်လေ ပေးဆပ်ခဲ့ရတယ်ဆိုပေမယ့် ရရှိခဲ့ရတဲ့ အကျိုးအမြတ်တွေကလဲ အနန္တရယ်ပါ။ သံသရာတစ်လျှောက် ရရှိခဲ့ရတဲ့ အကျိုးအမြတ်တွေအားလုံးကို မောင်တော်က ရယူလိုစိတ်နဲ့ ကြိုးစားခဲ့တာလဲ မဟုတ်ဘဲ ပေးဆပ်စွန့်လွှတ်စိတ်နဲ့ ကြိုးစားခဲ့လို့ တရားသဖြင့်ရခဲ့တဲ့ အခွင့်ထူးတွေရယ်ပါ။ နောက်ပီးတော့ အမှန်တရားကို မြတ်နိုးစွာရှာဖွေခြင်းဟာ သစ္စာဖေါက်တာမှ မဟုတ်ဘဲ၊ လောကုတ္တရာသစ္စာအတွက် လောကီသစ္စာကို မောင်တော်ရင်းနှီးခဲ့ရတာပါလားလို့ နားလည်ပေးပါတယ်။

         မောင်တော်ဟာ အနှိုင်းမဲ့ဥာဏ်ရှင် သစ္စာရှင်တစ်ယောက်ဖြစ်လာခဲ့ပီ။ ဒီစကြာဝဠာမှာ ဘယ်သူမှမယှဉ်နိုင်တဲ့ စွမ်းရည်တွေ ဂုဏ်ပုဒ်တွေ ရရှိလာခဲ့ပီ။ ဒါပေမဲ့လေ မဖြစ်နိုင်မှန်းသိရက်နဲ့ အတ္တကြီးစွာ ဆုတောင်းနေမိပြန်တယ်။ ဒါကတော့
မောင်တော်ရဲ့ လောကုတ္တရာသစ္စာတွေ ပြောင်းပြန်ဖြစ်ပါစေလို့ပေါ့။ နောက်ပီးတော့လေ တမ်းတမိတာက အချိန်နဲ့အာကာသဆိုတဲ့ သံသရာစက်ဝန်းကြီးထဲမှာ လောကုတ္တရာသစ္စာတွေ သွေဖည်ပီးတော့ လောကီသစ္စာတွေအတွက် တစ်ဖန် ပြန်လှည့်လာမယ့်နေ့ကို ကမ္ဘာရာစုနှစ် ထောင်စုနှစ် သိန်းသန်းနှစ်များစွာထိ စောင့်နေချင်ပါတယ်လို့ပေါ့။ အဲလိုသာ မောင်တော်ပြန်လာမယ်ဆိုရင်လေ မောင်တော့်မျက်နှာကို စူးစူးရဲရဲကြည့်ပီးတော့ မေးချင်လိုက်တာ။ မေးချင်တာက မိန်းမသား တစ်ယောက်ရဲ့ ခံစားမှုပိုင်းတွေ၊ ဂုဏ်သိက္ခာတွေ၊ ရပ်တည်ချက်တွေ၊ ခေတ်ကာလရဲ့ယဉ်ကျေးမှုအရ
ယောကျာ်းတစ်ယောက်က စွန့်ပစ်သွားတဲ့အခါ မိန်းမသားတစ်ယောက်ရဲ့ သိမ်ငယ်မှုတွေ၊ ကြေကွဲမှုတွေ၊ မဆုံးနိုင်တဲ့ နာကျင်မှုတွေ၊ ဖေါ်ပြလို့မရနိုင်လောက်အောင် နက်ရှိုင်းစူးဝင်နေတဲ့ ဒဏ်ရာတွေနဲ့ ချန်ထားခဲ့ ကျန်နေခဲ့ရတဲ့အဖြစ်ဟာ တရားမျှတသလားလို့ပေါ့။

      မောင်တော်စွန့်ခွါသွားတဲ့ ခြောက်နှစ်ဟာ ရာစုနှစ် ခြောက်ထောင်မကကြာမြင့်လှတယ်လို့ထင်မိပါတယ်။ ဒါပေမယ့်လဲ ခုချိန်ထိ တံခါးဝက စောင့်နေဆဲပါ။ ဖြစ်နိုင်ရင်လေ မောင်တော်ပရိနိဗ္ဗာန်စံသွားရင်တောင် မောင်တော်ရဲ့ ဓါတ်တော်တွေနဲ့ နှမတော်ရဲ့ ပြာမှုန်လေးတွေ မောင်တော်စွန့်ခွါခဲ့တဲ့ နန်းတော်ရဲ့ ကောင်းကင်ယံမှာ တွေ့ဆုံချင်လိုက်တာ။ အချိန်တွေဟာ ပြောင်းလဲခဲ့ပီမို့ နှမတော်ကိုစွန့်ခွါသွားခဲ့တဲ့ ညဥ့်နက်သန်းခေါင်ယံဟာ နှမတော်ကိုပြည်လည် ခိုးဆောင် ပေါင်းထုပ် ခေါ်ယူတဲ့ မင်္ဂလာညချမ်းကြီးဖြစ်လာပါစေလို့ မောင်တော်လာရာလမ်းကို မျှော်မှန်းရင်း တမ်းတမိပါရဲ့။ သိဒ္ဓတ္ထမင်းသားရဲ့ ကြင်ယာသက်ထား မယားချောယသောဓရာဟာ ချစ်လင်မောင်တော်ကိုစောင့်နေဆဲပါ။ အချစ်ဝေဒနာ သံသရာဆိုးမှ ကယ်ထုတ်ပေးလှဲ့ပါအုံး။ နှမတော်ရဲ့ နှလုံးသားဟာ မောင်တော်ကို နွေးထွေးပေးနေဆဲပါ။ မောင်တော်ရဲ့ ကြင်နာမှုတွေကိုလဲ ငတ်မွတ်နေဆဲပါ။ မောင်တော်ပြန်လာတဲ့ နေ့ဟာ နှမတော်ရဲ့ နိဗ္ဗာန်ပါ။ အို မောင်တော်ဘုရားရယ် မောင်တော်စွန့်ခွါသွားကတည်းက အိပ်ပျက်ရတဲ့ ညတွေအတွက် အကြင်နာတစ်စက်ကလေးဖြစ်ဖြစ် ပြန်လည်ရရှိဘို့ စောင့်နေဆဲပါ။ ပြန်လာလို့ ကုစားပေးပါတော့ မောင်တော်ရယ်။  ( ဆက်လက်ဖေါ်ပြပါမယ် )

Friday, March 1, 2013

အနှိုင်းမဲ့အဖြည့်ခံ ယသောဓရာ ( ၁၀ )

မောင်တော်စွန့်ခွါသွားခဲ့တဲ့ ညကလေ နှမတော်ရဲ့အေးမြကြည်နူးဆွတ်ပျံ့တဲ့ နှုတ်ခမ်းပါးလေးတွေဟာ လွင့်စင်ကွယ်ပျောက် ခြောက်ကပ်ညှိုးသွေ့ခဲ့ရပါပီ။ ဒါတင်မက မလိုလားအပ် မလိုချင်တဲ့ မျက်ရည်တွေကလဲ ပါးပြင်ပေါ်မှတဆင့် အိပ်ရာတပြင်လုံး လွှမ်းဖုံးစိုရွှဲနေခဲ့ရပါပီ။ အထီးကျန်ညမင်းကြီးဟာ နှမတော်ရဲ့အချစ်၊ သစ္စာနဲ့ စောင့်ဆိုင်းခြင်းတွေကို သက်သေပြုခဲ့ပါရဲ့၊ အဲဒီစောင့်ဆိုင်းခြင်းတွေဟာ ခုမှမဟုတ်ဘူးလေ၊ ဟိုလွန်ခဲ့သော အသင်္ချေ ကမ္ဘာများစွာကတည်းကပါ။ နောက်ပီးတော့လေ အဲဒီစောင့်ဆိုင်းခြင်းဟာ နှမတော်ရဲ့ကံကြမ္မာဆိုလဲမှန်ပါတယ်။ ဒါပေမယ့်လဲ မောင်တော်ဟာ နှမတော်ကို ဘဝအကြိမ်ကြိမ်စွန့်ခွါခဲ့လို့  ကြွင်းကျန်နေတဲ့ ကံကြမ္မာနဲ့ ဆက်လက်ရှင်သန်ရုံမှတပါး ဘာများတတ်နိုင်အုံးမှာလဲ မောင်တော်ရယ်။ နှမတော်ဟာ ကြွယ်ဝချမ်းသာမှုတွေ၊ စည်းစိမ်ချမ်းသာတွေ၊ ပိုင်ဆိုင်မှုတွေစတဲ့ အရာရာများစွာကို စွန့်လွှတ်ခဲ့ပီးပါပီ။ ခုထိလဲ မောင်တော်နဲ့ခွဲရတဲ့ ဆင်းရဲဒုက္ခကို ခံစားနေရဆဲပါ။

           နန်းတော်တွင်းမှာ ကမ္ဘာလောကရဲ့ထိပ်တန်းကျလှတဲ့ စည်းစိမ်တွေ၊ အားလုံးသော ရင်သပ်ရှုမောဘွယ်ရာတွေ၊ ခမ်းနားကြီးကျယ်မှုတွေအားလုံးဟာ မောင်တော်စွန့်ခွါသွားပီးတဲ့နောက် တစ်စက္ကန့်လေးမှ  အေးချမ်းကြည်နူးမှု
ရသတွေမရခဲ့တော့ပါဘူး။ လောကရဲ့ ထိပ်တန်းဆိုတဲ့အရာရာတွေဟာ ဘဝရဲ့ မှောင်နဲ့မဲမဲထဲမှာ အဓိပ္ပါယ်ကင်းမဲ့ပီး အနှစ်ဝေးလှပါတယ်။ နန်းတော်ထဲက ဖြေဖျော်နေကျ တေးဂီတတွေကိုလဲ ပျော်ရွှင်စရာလို့မမြင်တော့ဘဲ
သေဆုံးသူအတွက် တရားပြတဲ့ ဓမ္မတေးတွေအဖြစ်နဲ့သာ ခံစားရမိပါတော့တယ်မောင်ရယ်။ နှမတော်ရေးချယ်ခဲ့ရတဲ့ ဘဝအလှပန်းချီကားကို ညစ်ပတ်ပေရေနေတဲ့ နေ့နဲ့ညဆိုတဲ့ ကျောက်တုံးကြီးတွေပေါ်မှာ မညှာမတာ ဆက်ကာဆက်ကာ လူးလှိမ့်ပီးတော့ ပစ်ချကြည့်လိုက်စမ်းပါ။ အဲသလိုပစ်ချသော်လဲ တောက်ပသန့်စင်တဲ့ အမျိုးသမီးကောင်းတစ်ယောက်ရဲ့ နှလုံးသား ဝတ်စုံကို ဝတ်ဆင်ထားဆဲဖြစ်ပီးတော့ နှမတော်ရဲ့ခံစားချက်တွေကိုလဲ အဖြူရောင်သန့်သန့်နဲ့ နွေးထွေးထားဆဲဆိုတာ
မောင်တော်သိရမှာပါ။

        မောင်တော်မရှိတော့တဲ့ နှမတော်ရဲ့ဘဝဟာ သောကပင်လယ်ကြီးထဲမှာဆင်းပီးတော့ ပရိဒေဝ ရေပူတွေကို သောက်သုံးရင်း  အလွန်နာကျင်စွာခံခက်လှတဲ့ ဥပါယာသဆိုတဲ့ ရေငံပူတွေထဲမှာ စိမ်နှစ်ချိုးနေခဲ့ရပါတယ်။ နောက်ပီးတော့လေ
နှလုံးသားရဲ့ရင်ခုန်သံစည်းချက်တိုင်းဟာလဲ သိုင်းသိုင်းဝိုင်းဝိုင်းမရှိတော့ဘဲ အထီးကျန်ခြောက်ကပ်လှပါတယ်။ ဘာကြောင့်များ ဘဝဆက်တိုင်းနီးပါးမှာ ဒီလိုအပြစ်ဒဏ်တွေခံစားနေရလဲ၊ မောင်တော်ကို ဘာအပြစ်တွေများ ကျူးလွန်ခဲ့မိလဲဆိုတာ သိချင်လိုက်တာ။ တကယ်လို့ ဖန်ဆင်းရှင် ထာဝရဘုရားသာရှိခဲ့မယ်ဆိုရင် ဘာလို့များ ဒီလိုဘဝမျိုးကိုမှ နှမတော်အတွက် ရွေးချယ်ပေးရသလဲဆိုတာ စိတ်လိုက်မာန်ပါ မေးချင်လိုက်တာလေ။ ထာဝရဖန်ဆင်းရှင်ဘုရားဆိုတာ ကျိုးကြောင်းယုတ္တိသဘာဝအရရော၊ ဝိဇ္ဇာဥာဏ်တော်တွေကို ထိုးထွင်းသိမြင်တော်မူကြတဲ့ ဝိဇ္ဇာဥာဏ်တော်ရှင်များရဲ့လက်တွေ့ ရှုထောင့်အရပါ ဘယ်လိုမှ မရှိနိုင်ဘူးဆိုတာ မောင်တော်သင်ပြလို့ သိထားခဲ့ပီမို့ ဘယ်သူ့ကိုများ အပြစ်တင်ရတော့မှာလဲလေ။

        တကယ်တော့ ကိုယ်ရွေးချယ်ခဲ့တဲ့ ကိုယ့်ဘဝဇာတ်လမ်းပါပဲ။ လောကကြီးတော့ထင်ကြမယ်။ အနစ်နာခံနိုင်လွန်းလိုက်တာ၊ အချစ်အတွက် မိုက်ရူးရဲဆန်လိုက်တာလို့ပေါ့။ နှမတော်ကတော့ အနစ်နာခံရတယ်လို့မမြင်မိပါဘူး၊ ဘယ်တုန်းကမှလဲ မတွေးခဲ့မိပါဘူး။ မဟာလူသားယောက်ျားသားတစ်ယောက်အတွက် နှမတော်ရဲ့ရွေးချယ်မှု သက်သက်ရယ်ပါ။ ယောကျာ်းသား တစ်ယောက်အတွက် မက်မက်မောမော မိုက်ရူးရဲဆန်တာလဲ မဟုတ်ပါဘူး။ လောကအတွက် အနှိုင်းမဲ့ကောင်းကျိုးတွေကို သယ်ပိုးနေတဲ့ မဟာသူတော်စင်တစ်ယောက်အတွက် သက်သက်ဖြည့်ဆည်းခြင်းမျှသာရယ်ပါ။ တကယ်လို့ အသိပညာမဲ့တဲ့ လူမိုက်တစ်ယောက် သို့မဟုတ် ပညာတတ်သော်လဲ လောကအတွက် အဖျက်မျှသာကျေးဇူးပြုသူတစ်ယောက် သို့မဟုတ် လောကကိုဖျားယောင်းလိမ်လည်နိုင်စွမ်းသော စည်းရုံးရေးသမားကောင်းတစ်ယောက် သို့မဟုတ် လောကမှာ အလွန်ကျော်ကြားတဲ့ ရှင်ဘုရင်ကြီးဖြစ်နေရင်တောင် နှလုံးသားအနှစ်မဲ့နေရင် နှမတော် မပေးဆပ်ပါဘူး။ အနစ်နာမခံနိုင်ပါဘူး။ အထူးသဖြင့်တော့ ပယ်လင်ပြင်လောက်ကျယ်ပြန့်တဲ့ သံတွေမီးကျီးခဲတွေကို လက်ပစ်ကူးမှ ဘုရားဖြစ်မယ်ဆိုရင်တောင် တစ်စက်ကလေးမှ နောက်မတွန့်ဘဲ ရဲရဲရင့်ရင့်ကူးသွားမယ့် မောင်တော်ရဲ့ သတ္တိနဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်ကိုလဲ လေးစားလွန်းလို့ ဖြည့်ဆည်းတာပါ။ နောက်ပီးတော့ မောင်တော်ဟာ စကြာဝဠာအတွက် အသက်ကိုပင်စွန့်လွှတ်ပီးတော့ ဖြည့်ဆည်းနေတဲ့ ကရုဏာသက်ဝင် ပညာရှင်တစ်ယောက်မို့လဲ ဒီလောက်ထိ ရွေးချယ်ပေးဆပ်ခဲ့ရတယ်ဆိုတာ ကမ္ဘာအဆက်ဆက် သစ္စာကျိန်ဆိုရဲပါတယ် မောင်တော်ရယ်။

            နှမတော်ဟာ မောင်တော်ကို ဘဝအဆက်ဆက်ကိုယ်ကျိုးမဖက်ဘဲ သစ္စာနဲ့ယှဉ်ပီး ဘဝတစ်ခုလုံးပုံအပ်ကာ ချစ်ခဲ့ပါပီးပါပီ။ မောင်တော်အတွက် မပျော်ရွှင်မှုတွေ၊ ငြီးငွေ့မှုတွေ၊ သစ္စာမဲ့မှုတွေ၊ အပူမီးတွေကို ဘယ်တုန်းကမှ ဘယ်လိုအကြောင်းကြောင့်မှ ဘယ်နည်းနဲ့မှ မသယ်ဆောင် မဖန်တီးခဲ့ရပါဘူး။ နှမတော်စွမ်းနိုင်သမျှအရာရာကို မောင်တော်အတွက် ပါရမီဖြည့်ဖက် ဇနီးကောင်းတစ်ယောက်အနေနဲ့  ဖြည့်ဆည်းခဲ့တာချည်းသက်သက်ပါနော်။ သားလေးမွေးဖွားလာပြန်တော့လဲ မိခင်ကောင်းတစ်ယောက်အနေနဲ့ အူထဲအသဲထဲက အမြဲပဲပြုစုစောင့်ရှောက်ခဲ့ပါတယ်။ အဲဒီသားလေးဟာလေ မောင်တော်ရဲ့ အသွေးအသားထဲက သားလေးပေါ့။ နေ့ရောညပါ ရှုမဝ ကြည့်မဝ ချစ်မဝနိုင်တဲ့ သားလေးလေ။ နှမတော်ရဲ့ ကိုယ်ပိုင်ဘဝအတွက် ခမ်းနားကြီးကျယ်မှုတွေ၊ ထိပ်တန်းကျမှုတွေ၊ စည်းစိမ်တွေ၊ ပိုင်ဆိုင်မှုတွေ အရာရာအားလုံးကို ရရှိဘို့ ဘယ်တုန်းကမှ မကြိုးစားခဲ့သလို ဘယ်တုန်းကမှလဲ မောင်တော်ဆီက မတောင်းခံခဲ့ရပါဘူး။ မောင်တော်ရဲ့ အိမ်ထောင်ဖက် ကြင်ယာသက်ထားအဖြစ်မျှထက် မောင်တော်ရဲ့ ပါရမီဖြည့်ဖက်အဖြစ် အသက်ပေးလို့ ပုံအပ်ယုံစားခဲ့ရ၊ ကိုးကွယ်ခဲ့ရသူပါ။ ဒါတောင်မှလေ ကံကြမ္မာမုန်တိုင်း ရိုင်းပြစွာဝင်မွှေ့လေတော့ မောင်တော်ဟာ စကားလေးတစ်ခွန်းမျှတောင် မပြောတော့ဘဲ တိတ်တဆိတ်စွန့်ခွါသွားရက်လိုက်တာနော်။

        မောင်တော်ဟာ နှမတော်ထက် သဗ္ဗညုတဥာဏ်တော်ကြီးကို ပိုလို့ချစ်တယ်ဆိုတာ နှမတော်သိတယ်လေ။ သာမန်မိန်းမသားတစ်ယောက်အနေနဲ့ဆိုရင် ကိုယ့်ကိုယ်ကိုပဲ ချစ်စေချင်မှာ အမှန်ပါ။ မုန့်ကိုသာ ဝေစားနိုင်ပေမယ့် အချစ်ကို ဝေမစားနိုင်ကြပါဘူး။ နှမတော်ကတော့လေ ဘဝအဆက်ဆက်မှာ အမြဲတန်း အချစ်ကို ဝေငှခဲ့ရသူပါ။ သို့သော်လဲ မောင်တော်က ဖောက်ပြန်တတ်တဲ့ယောကျာ်းမဟုတ်ဘူးဆိုတာလဲ နှမတော် အသွေးထဲ အသားထဲ နှလုံးသားထဲ အို ဦးနှောက်ထဲကပါ သိနေခဲ့ပါတယ်။ မောင်တော်နဲ့ နှမတော်ကွဲကွာခဲ့ကြတဲ့ အခါတိုင်းဟာ မောင်တော်မကြင်နာလို့မလို့မဟုတ်ဘဲ ဆိုးရွားလွန်းတဲ့ လောကဓံရဲ့ ရိုက်ချက်တွေကြောင့်ရယ်၊ မောင်တော်ရဲ့ လောကကိုကယ်တင်ရေးအတွက် သဗ္ဗညုတဥာဏ်တော်ကိုရရှိရေးတွေအတွက်ကြောင့်ရယ်ဆိုတာ သိတယ်လေ။ ဒါကြောင့်လဲ အမြဲပဲခွင့်လွှတ်နိုင်ခဲ့တာပါ။

      မောင်တော်လိုအနှိုင်းမဲ့လူသားတစ်ယောက်ကို ဖြည့်ဆည်းဘို့အတွက် အနှိုင်းမဲ့ပေးဆပ်ရမယ်ဆိုတာ မောင်တော်နဲ့ စတွေ့ခဲ့တဲ့ ဟိုး လေးအသင်္ချေနဲ့ကမ္ဘာတစ်သိန်းကာလ ကတည်းက သိခဲ့ နားလည်ခဲ့ ဆုံးဖြတ်ခဲ့တာပါ။ မဟာယောက်ျားသား တစ်ယောက်နဲ့အတူ ယှဉ်တွဲနေထိုင်ပီးတော့ ပေးဆပ်နိုင်ပါမှ မဟာမိန်းမသားတစ်ယောက်ဖြစ်မှာမလား။  ဒါကလဲ မောင်တော်က စည်းရုံးသွေးဆောင်လို့မဟုတ်ဘဲ နှမတော်ကိုယ်တိုင်ဆုံးဖြတ်ခဲ့တာပါ။ အကြောင်းက မောင်တော်ရဲ့ သဗ္ဗညုတဥာဏ်တော်ရရှိရေး၊ စကြာဝဠာကြီးကိုကယ်တင် လမ်းညွန်ရေး ဆိုတဲ့ ခိုင်မာပြတ်သားတဲ့ ရည်မှန်းချက် ဆုံးဖြတ်ချက်တွေကို မြတ်နိုးလွန်းလို့ပါ မောင်တော်ရယ်။  ဘာပဲဖြစ်ဖြစ်လေ နှမတော်ရဲ့ ပါဝင်ဖြည့်ဆည်းမှုကို မောင်တော်က အသိမှတ်ပြုပီး အသာတကြည်လက်ခံတာကိုပဲ ကျေးဇူးအနန္တပါ။ ဂုဏ်အနန္တပါ။ ဝမ်းသာမှုအနန္တပါလို့ ပြောပါရစေနော်။

        နန်းတော်ကထွက်ခွါသွားပီးလို့ ခြောက်နှစ်အလွန်မှာတော့ မောင်တော်တိုင်းပြည်ကိုပြန်ရောက်လာခဲ့တယ်နော်။
မောင်တော်ပြန်ရောက်လာရင်တော့ အပြေးကလေးကြိုကာ ထွေးပွေ့လို့နွေးထွေးလိုက်မယ်လို့ စိတ်ကူးယဉ်ထားပေမယ့်
မောင်တော်ရဲ့ အနှိုင်းမဲ့မြင့်မြတ်လှပီး အသရေစုံအောင်တင့်တယ်လှတဲ့ အနှိုင်းမဲ့ မဟာလူသား ဘုရားဖြစ်လာခဲ့ပီဆိုတာကို  ဖူးမြင်လိုက်ရချိန်မှာတော့ နှမတော်ရဲ့ စိတ်ကူးယဉ်အခွင့်အရေးလေးဟာ အဝေးသို့လွင့်စင် ပျက်ပြယ်ခဲ့ရပီပေါ့။
နောက်ပီး မောင်တော်က နှမတော်တို့ တူနှစ်ကိုယ် စံမြန်းခဲ့ကြဖူးတဲ့ တိုက်ခန်းကိုကြွရောက်လာတော့ မောင်တော်ရဲ့ ခြေဖမျက်ကို ကျစ်ကျစ်ပါအောင် ဖျစ်ညှစ်ဆုပ်နယ်ပီးတော့ မောင်တော်ရဲ့ခြေဖမိုးတော်ပေါ်မှာ ပါးကိုအပ်ကာ ဘယ်ပြန်ညာပြန်ထပ်တလဲလဲ စွဲနေအောင်  အားပါးတရ နန်းရှုပ်လိုက်မိတယ်။ ဒါပေမယ့်လေ နှမတော် မပျော်တော့ပါဘူး။ မပျော်တော့ပေမယ့်လဲ
ခြေဖမိုးတော်ကို နောက်ဆုံးအနေနဲ့ နန်းရှုခွင့်ရတာကိုပဲ ကိုယ့်ကိုယ်ကို  ဖြေဆည်ကျေနပ်နှစ်သိမ့်ရပါတော့တယ်။
မောင်တော်ရဲ့ခြေဖမိုးပေါ်မှာ ကျလာတဲ့ နှမတော်ရဲ့ မျက်ရည်တွေဟာ မျက်လုံးထဲက မျက်ရည်တွေ မဟုတ်ပါဘူး။ နှလုံးသားထဲ အသွေးတွေထဲ အကြောတွေထဲ အသဲထဲက ထွက်ကျလာတာပါ မောင်တော်ရယ်။

        ဟိုအရင်ကလို မောင်တော်ရဲ့ ရင်ခွင်ထဲမှာ မှေးစက်ခွင့်တွေလဲ ဘယ်တော့မှ ပြန်ရနိုင်မှာ မဟုတ်တော့သလို မောင်တော်ရဲ့ အနန်းဖွဖွလေးတွေကိုလဲ အစဉ်အမြဲစွန့်လွှတ်လိုက်ရပီဆိုတာ မောင်တော်ကို မြင်လိုက်ရကတည်းက သိလိုက်ပါပီ။ သိတာက ဒီလိုပါ၊ မောင်တော်ရှာဖွေတွေ့ရှိခဲ့တဲ့ သစ္စာတရားတွေနဲ့ နှမတော်လက်ခံထားဆဲ သစ္စာတရားတွေဟာ မိုးနဲ့မြေလို ဟိုးအဝေးကြီးမှာ ကွာဟခဲ့ပီ။ သစ္စာလမ်းတွေ ခွဲခဲ့ရပီ။ ဒဿနတွေ ကွဲပြားခဲ့ကြပီ။  ကမ္ဘာအဆက်ဆက် မပျက်ပြယ်ခဲ့တဲ့
မောင်တော်နဲ့ နှမတော်တို့ရဲ့အကြားက အချစ်နဲ့သစ္စာဆိုတာတွေဟာ နိဂုံးချုပ်ခဲ့ရပီ၊ ဘဝတွေခြားခဲ့ရပီ၊ ဘယ်တော့မှလဲ ပြန်လည်လို့ ဂဟေဆက်တွဲစပ်လို့လဲ မရနိုင်တော့ဘူး။ မောင်တော်ဟာ စကြာဝဠာရဲ့အနှိုင်းမဲ့လူသား ဘုရားတစ်ပါးဖြစ်လာတာကို
ဖေါ်မပြနိုင်လောက်အောင် ကျေနပ်ပေမယ့် အချစ်နဲ့သစ္စာလမ်းခွဲခဲ့ရတဲ့ နှမတော်ရဲ့ ဘဝအတွက်တော့ မပျော်ပိုက်တော့ပါဘူး မောင်တော်ရယ်။ နှမတော်ရဲ့ ရင်ထဲမှာ အပြုံးတဝက်၊ အမဲ့တစ်ဖက်၊ ရီတစ်ခါ နာတလှည့်၊ ကြည်နူးခြင်း တစ်ဝက်၊ နာကျင်ခြင်းတစ်ဝက်၊ ဝမ်းနဲ့ခြင်းပက်လက်၊ ဝမ်းသာခြင်းတစ်သက်၊ ကြေကွဲခြင်း တစ်ဖက်၊ ကြည်နူးဆွတ်ပျံ့ခြင်း တစ်ဖက်ရယ်ပါ။ ဘာပဲဖြစ်ဖြစ်လေ မောင်တော်လျှောက်လှမ်းတဲ့လမ်းစဉ်ကို လိုက်ရုံမှတပါး အခြားရွေးချယ်စရာ ဘာများရှိအုံးမှာလဲ။ မောင်တော် တွေ့ရှိခဲ့တဲ့ လောကုတ္တရာ သစ္စာလမ်းစဉ်ကိုသာ အတူလျှောက်ဘို့ ခေါ်ပါတော့။ ခေါ်ပါစေတော့ ခေါ်ပါတော့ မောင်တော်ရယ်။ ( ဆက်လက်ဖေါ်ပြပါမယ် )

Thursday, February 21, 2013

အနှိုင်းမဲ့အဖြည့်ခံ ယသောဓရာ ( ၉ )

ကပိလဝတ္ထုနိုင်ငံတော်က ဘုရားအလောင်းတော်သိဒ္ဓတ္ထမင်းသားနဲ့  ဒေဝဒဟနိုင်ငံတော်က အလှသရဖူ ယသောဓရာဒေဝီ မင်းသမီးတို့ဟာ သိဒ္ဓတ္ထမင်းသား အသက် ၁၆နှစ်အရွယ်ရောက်တဲ့အခါမှာ ထိမ်းမြားလက်ထပ်ခဲ့ကြပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ အသက်အရွယ်အတူတူပါပဲ။ ဘဝအဆက်ဆက်မှာလဲ ပါရမီဖြည့်ဘက်တွေဖြစ်ခဲ့ကြ ချစ်ခဲ့ကြပီးတော့ အတူတူပရိနိဗ္ဗာန်စံကြမယ့် နောက်ဆုံးဘဝမှာတော့ ဖြည့်ဆည်းပူးခဲ့ကြရတဲ့ ပါရမီတော်တွေရဲ့ အလွန်ရင့်ကျက်အစွမ်းထက်သော အရှိန်အဟုန်တွေကြောင့် ပိုလို့ပိုလို့ ချစ်ကြရပြန်ပါတယ်။ သို့သော် သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းဟာ အစွန်းမရောက်ဘဲ ရင့်ကျက်တည်ငြိမ်တဲ့ အလယ်အလတ်လမ်းစဉ်အချစ်မျိုးပါ။ အလယ်အလတ်ဆိုလို့ သိပ်မချစ်ကြတဲ့ အကြင်နာနဲတဲ့ အချစ်မျိုးလို့ ဆိုလိုတာမဟုတ်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်သိပ်ချစ်ကြတယ်။ သို့သော် အဲဒီအချစ်ကြောင့် လောကဓံအမျိုးမျိုးနဲ့ကြုံတွေ့ကြရတဲ့အခါမှာ ဘယ်သူ့ကိုမှမထိခိုက်မနစ်နာရလေအောင် ဖေါ်ဆောင်ကြိုးစားနိုင်တယ်။ သူတို့နှစ်ယောက်ရဲ့လမ်းခရီးမှာ လောကရဲ့ အခြေအနေအမျိုးမျိုး အကြောင်းအရပ်ရပ်ကြောင့် အခက်အခဲမျိုးစုံကိုရင်ဆိုင်ကြရတဲ့အခါတွေမှာ ဘယ်သူ့ကိုမှလဲ အပြစ်ပုံမချ၊ လောကကိုလဲ အပြစ်မတင်၊ ကံကြမ္မာကိုလဲ ရိုးမယ်မဖွဲ့ဘဲ ကြုံလာတိုင်းသောအခက်အခဲတွေကို နှစ်ယောက်ပေါင်းပီး သူတော်ကောင်းစိတ်နဲ့ ဖြေရှင်းခဲ့ကြ ရင်ဆိုင်ခဲ့ကြတဲ့ အချစ်မျိုးလို့ ဆိုလိုတာပါ။

       ဒီလိုနဲ့သူတို့နှစ်ယောက်ရဲ့ခမ်းနားထည်ဝါလှတဲ့ နန်းတွင်းစည်းစိမ်ခံ အိမ်ထောင်ရေးဟာ ၁၃ နှစ်ကြာမြင့်ခဲ့ပါတယ်။ ဒီ ၁၃ နှစ်ဆိုတဲ့ကာလအတောအတွင်းမှာ စိတ်ညစ်စရာ ဝမ်းနဲစရာ ကြေကွဲစရာဆိုတဲ့ အခြေအနေမျိုး ဖြစ်ရပ်မျိုးကို တစ်ကြိမ်တစ်ခါမှ မတွေ့ကြုံခဲ့ဖူးပါဘူး။ ကြေကွဲ ဝမ်းနဲပူဆွေးခြင်းဆိုတာတွေဟာ ရံဖန်ရံခါမှာ စကားလုံးအသံမျှကိုသာ ကြားဖူးသော်လဲ လက်တွေ့ဘဝမှာ နားလည်းမလည်၊ ကြုံလည်းမကြုံ၊ တကယ်တမ်းလက်တွေ့ဘဝမှာ ကြုံရဆုံရတာတွေက မောင်တော်ရဲ့ အကြင်နာတွေကြောင့် နေ့စဉ်ကျေနပ် ကြည်နူးခြင်းတွေသာပါပဲ။  ဒီ ၁၃ နှစ်ကာလအလွန်မှာတော့ ရာဟုလာဆိုတဲ့ သားတော်လေးတစ်ပါး ထွန်းကားခဲ့ပါတယ်။ သားတော်လေး ထွန်းကားဖွားမြင်တော်မူတဲ့ နေ့မှာပဲ အလောင်းတော်က အလှသရဖူပိုင်ရှင် ဇနီးသက်လျာ ယသောဓရာကို နှုတ်ကလေးတောင်မဆက်ဘဲ စွန့်ခွါထွက်ပြေးသွားခဲ့ပါတယ်။ အဲဒီခေတ်အဲဒီအခါရဲ့ ယဉ်ကျေးမှုအရ လင်ယောကျာ်းမရှိတဲ့ မိန်းမသားတစ်ယောက်ရဲ့ဘဝဟာ အလွန်ပဲ ဂုဏ်ငယ်လှပါတယ်။ မိန်းမသားတစ်ယောက်ရဲ့ ဘဝတစ်ခုလုံးဟာ လင်ယောကျာ်းထံမှာ အပ်နှင်းမြှုတ်နှံထားရပါတယ်။ သားလေး မွေးဖွားလာလို့ ဂုဏ်ယူခြင်းများစွာနဲ့အတူ မောင်တော်ကိုကျေနပ်ကြည်နူးခြင်းတွေနဲ့ရင်ဖွင့်ပီး ပိုလို့ခိုင်မာတဲ့ မိသားစုအဖြစ်ရည်မှန်းမိသော်လဲ ခုတော့လေ ခဲလေသမျှသဲရေကျခဲ့ရတဲ့ အခြေအနေကိုဆိုက်ရောက်ခဲ့ရပါပီ။

       မောင်တော်က နှမတော်ကိုစွန့်ခွါထွက်ပြေးသွားပီဆိုတာ သိလိုက်ရပီးတဲ့ နောက်မှာတော့ ယသောဓရာတစ်ယောက်ထဲ အံခဲလို့ ကွဲရှသွားခဲ့တဲ့အသဲကို မြဲမြံတည်ငြိမ်အောင်ထိန်းသိမ်းရင်း အတွေးကမ္ဘာထဲမှာ ဆွေးမြေ့ကြေကွဲစွာပဲ သံသရာတစ်ယောက်ထဲ လည်နေခဲ့ရပါတော့တယ်။ မောင်တော်ရယ် မောင်တော်က နှမတော်ကိုစွန့်ခွါထွက်ပြေးသွားတဲ့ညကလေ သာမန်ညမျိုးမဟုတ်ခဲ့ပါဘူး။ ညဆိုမှ တကယ့်ဝါဆိုလပြည့်ညကြီးပေါ့။ လမင်းကြီးရဲ့ ဝင်းဝင်းဝါ ကြည်လင်သာယာတဲ့ အရောင်အလင်းတွေဟာ လောကကြီးကို တန်ဆာဆင်နေခဲ့တယ်။ အဲဒီအချိန်မှာလေ  ကြည်နူးမဆုံးနိုင်တဲ့ သဘာဝအလှတရားတွေပြည့်နေတဲ့ ညနက်သန်းခေါင်ကြီးပေါ့မောင်တော်ရယ်။ လူတွေ တိရစ္ဆာတွေအပါအဝင် သက်ရှိသတ္တဝါအားလုံး အိပ်မောကျနေချိန်ကြီးပေါ့။ အားလုံးဟာ တိတ်ဆိတ်ငြိမ်သက်ပီး အသက်ကင်းမဲ့ကာ ဟာလာဟင်းလင်းကြီးဖြစ်နေခဲ့တာပေါ့။ ဒီအချိန်မှာ ညဇီးကွက်ကြီးတစ်ကောင်က ဗလာကျင်းနေတဲ့ လောကကြီးကို အသံသွင်းပီး ဖြည့်ဆည်းရင်း တကြော်ကြော်အော်ဟစ် မြည်တမ်းနေလေရဲ့။ အဲဒီအချိန်လေးမှာပဲ လမင်းကြီးဟာ မဲမှောင်ထူထပ်လှတဲ့ တိမ်လွှာစောင်ကြီးကို ခေါင်းမီးခြုံရင်း ချက်ချင်းပဲ ပုန်းကွယ်သွားလေရဲ့။ မကြာမီမှာပဲ ကောင်းကင်ရင်ခွင်ကြီးတစ်လုံးဟာ အမှတ်မထင်ပေါက်ကွဲပီးတော့ ကောင်းကင်ဘုံသား နတ်သားနတ်သမီးတွေဟာ လှိုက်လှဲကြေကွဲစွာ ငိုကြွေးကြတော့မယ် ထင်မိပါရဲ့လေ။ ကောင်းကင်ရင်ခွင်ကြီးနဲ့ ကောင်းကင်ဘုံသား နတ်သား နတ်သမီးတွေဟာ နှမတော်ရဲ့ မေတ္တာနဲ့အကြင်နာကို နားလည်ခံစားနိုင်ကြမယ်ဆိုရင်ပေါ့။

    ဒါပေမယ့်လေ လောကကြီးက နှမတော်ဘက်မှာ နဲနဲလေးမှမရပ်တည်ခဲ့ပါဘူး။ ခံစားနားလည်မပေးခဲ့ကြပါဘူး မောင်တော်ရယ်။ ဒီလိုအချိန်မှာ သားတော်လေးကိုရင်ခွင်ထဲမှာနွေးထွေးစေပီးတော့မှ နှမတော်ရဲ့ အံကြိတ်ကာထိန်းချုပ်ထားရတဲ့ သက်ပြင်းချသံတွေဟာ နှုတ်ခမ်းဝမှ ညင်သာစွာ ထွက်ခွါလာကြလေရဲ့။ ရင်တွင်းခံစားချက်ဟာ နှိုင်းမရအောင် ပြင်းပြနေပေမယ့် ညင်သာစွာပဲ သက်ပြင်းချပီး တည်ငြိမ်စွာပဲငိုကြွေးနေခဲ့ရတာပေါ့။ မောင်တော်က နူးညံ့ပျော့ပျောင်းတတ်အောင် သင်ပေးခဲ့တဲ့ကျေးဇူးတွေကြောင့်ပေါ့ မောင်တော်ရယ်။  နောက်ပီးတော့လေ နှမတော်ရဲ့အမူအရာ အသွင်အပြင်တွေကိုသာ ထိန်းချုပ်နိုင်ခဲ့ပေမယ့် ထိန်းချုပ်လို့မရနိုင်တဲ့ နှမတော်ရဲ့ မျက်ရည်တွေကလေ အရှိန်ပြင်းစွာပေါက်ကွဲထွက်ပေါ်လာပီးတော့ အိပ်ရာခင်းနဲ့ခေါင်းအုံးပေါ်မှာ စက်စက်ယိုကျနေခဲ့ရပီပေါ့။ မောင်တော်စွန့်ခွါသွားတဲ့ ညမင်းကြီးတစ်ညလုံးဟာ နှမတော်ရဲ့ အချစ်နဲ့စောင့်ဆိုင်းခြင်းကို သက်သေပြုနေကြလေရဲ့လေ။ အဲဒီစောင့်ဆိုင်းမှုဟာလေ လွန်ခဲ့သော ကမ္ဘာအသင်္ချေများစွာကတည်းက ခုချိန်ထိပေါ့မောင်တော်ရယ်။ နောက်ပီးတော့ အဲဒီစောင့်ဆိုင်းမှုဟာ နှမတော်ရဲ့ ကံကြမ္မာပါပဲမောင်တော်ရယ်။ ကြွင်းကျန်နေသေးတဲ့ ကံကြမ္မာကို စောင့်ဆိုင်းရှင်သန်နေရုံမှတပါး အခြားဘာဆိုဘာမှ လုပ်နိုင်စွမ်းမရှိတော့ဘူးလေ။ မောင်တော်ကို လွန်ဆန်ပီးလုပ်ချင်တဲ့ ဆန္ဒတွေမရှိတော့ဘူးဆိုရင် ပိုလို့မှန်ကန်မှာပါ။ နှမတော်ရဲ့ ဘဝအဆက်ဆက် ဆုံးဖြတ်ချက်နဲ့ အချစ်တွေဟာ မောင်တော်အတွက် ဖြည့်ဆည်းဘို့သက်သက်ပဲဆိုတာ မောင်တော်အသိဆုံးပါလေ။

        ဘယ်လိုပဲဖြစ်ပါစေ၊ မောင်တော်ကို ဘာအကြောင်းကြောင့်မှ အပြစ်တင်လို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ မောင်တော်ရဲ့ လုပ်ရပ်တိုင်းဟာ တစ်ဖက်သားနစ်နာအောင် ဘယ်တော့မှမလုပ်ဘဲ လောကအတွက် အဖြူထည်သက်သက် ကိုယ်ကျင့်သန့်သန့်နဲ့ မြင့်မြတ်သော စတေးခြင်းသက်သက်မျှသာ ဖြစ်တယ်ဆိုတာကို နှမတော်သိထားခဲ့ နားလည်ခဲ့ ယုံကြည်ခဲ့လို့ပေါ့။ နောက်ပီးတော့လေ မောင်တော်နဲ့ ဘဝအဆက်ဆက် ပေါင်းဖက်ခဲ့ရလို့သာ ခုလိုစွန့်လွှတ်ရေးသတ္တိတွေ၊ အနစ်နာခံနိုင်စွမ်းရည်တွေ၊ စစ်မှန်တဲ့ ချစ်သတ္တိတွေ၊ လောကကောင်းကျိုးမှန်သမျှအတွက် ရက်ရောစွာ ပေးဆပ်နိုင်တဲ့ နှလုံးသားတွေ၊ အကောင်းအဆိုးနဲ့ အကြောင်းအကျိုးကို ခွဲခြားဝေဘန်နိုင်ပီး ကောင်းကျိုးကိုသာဦးတည်ဖန်တီးနိုင်တဲ့ ဥာဏ်စွမ်းတွေ၊ ဘဝအဆက်ဆက်မှာ အထက်တန်းကျ မျက်နှာပန်းလှတဲ့ ဘဝတွေကိုသာပိုင်ဆိုင်ရခြင်းတွေ စတဲ့စတဲ့အရာအားလုံးကို နှမတော်ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ အို ပြောပြရရင် သံသရာတစ်လျှောက်လုံးမှာ မောင်တော်ကြောင့် ရခဲ့တဲ့ အကျိုးအမြတ်တွေဟာ မကုန်ဆုံးနိုင်ပါဘူးမောင်တော်ရယ်။ ဒါကြောင့်လေ မောင်တော်စွန့်ခွါသွားတာကို မနာကျည်းရက်ဘူး။ မနာကျင်ရက်ဘူး။ နာကျည်းစရာ နာကျင်စရာမှ မဟုတ်ပဲလေ။ နှမတော်ရဲ့ နှလုံးသားမှာ ချစ်လို့မဝတာပဲသိတယ်။  စိတ်ဓာတ်နှဲ့လုပ်ရပ် အထက်တန်းကျလှတဲ့ မောင့်လို ယောကျာ်းကောင်းတစ်ယောက်နဲ့ ဘဝအဆက်ဆက်ပေါင်းဖက်ခွင့်ရခဲ့တာကိုပဲ ဂုဏ်ယူမဆုံး ကျေနပ်လို့မဆုံးပါဘူးလေ။ တကယ်တော့လေ နှမတော် နိဗ္ဗာန်ကိုမလိုချင်ဘူး၊ မတမ်းတဘူး။ မောင်တော်နဲ့ စတွေ့ခဲ့တဲ့ ဘဝ၊ မောင်တော်ဘုရားဆုပန်ခဲ့တဲ့ဘဝ၊ မောင်တော်လောကကြီးကို သို့မဟုတ် စကြာဝဠာကြီးကို ကယ်တင်ဘို့ကြိုးစားခဲ့တဲ့ဘဝတွေမှာ နှမတော်လေ ဘာဆုကိုမှမပန်ဆင်ခဲ့ဘူး။ ဘယ်လိုရာထူးအဆင့်ဆင့်တွေ စည်းစိမ်တွေကိုမှလဲ မမက်မောခဲ့ဘူး။ မောင်တော်နဲ့ လက်တွဲနေရရင် နှမတော်ရင်မှာ အစဉ်အမြဲ အမောပြေမယ်လို့ ယုံကြည်ခဲ့တယ်။ ယုံကြည်တဲ့အတိုင်းလဲ အပြည့်အဝခံစားခဲ့ရပါတယ်။ ဒါကြောင့်လဲ မောင်တော်နဲ့ပဲ အမြဲမခွဲဘဲ ဆက်လက် တွဲနေချင်ခဲ့တာပါ။

               နောက်ပီးတော့လေ မောင်တော်က နှမတော်ကို ချစ်တတ်အောင်သာသင်ပေးပီးတော့ မုန်းတတ်အောင်တော့ မသင်ပြခဲ့ဘူးနော်။ ဒီတော့ ဘယ်လိုကြောင့်မုန်းနိုင်တော့မှာလဲ မောင်တော်ရယ်။  မောင်တော်ကလေ နှမတော်ကိုသာ ချစ်တတ်အောင် အနစ်နာခံတတ်အောင် စာနာတတ်အောင် ပေးဆပ်တတ်အောင် သင်ပေးခဲ့တာမှမဟုတ်ဘဲလေ၊ တကယ်တော့ လူသားတွေအားလုံး စကြာဝဠာကြီးတစ်ခုလုံးကို ချစ်တတ်အောင် စာနာတတ်အောင် ပေးဆပ်တတတ်အောင် သင်ပေးပီး မုန်းဘို့လေးကျတော့ နဲနဲလေးမှသင်မပေးခဲ့ဘူးလေ။ လောကကြီးအပေါ်မှာ ဒီလောက်အထိ အချစ်ကြီးချစ်ပီး ဖြူစင်လွန်းလှတဲ့ ချစ်မေတ္တာတွေကို ဦးဆောင်သင်ပြပေးခဲ့တဲ့ မောင်တော်ကို ဘယ်လိုမုန်းရက်မှာလဲ မောင်တော်ရယ်။ အထူးပြောချင်တာက မောင့်အကြောင်းကို အူဘယ်နှစ်ခွေရှိတယ်ဆိုတဲ့အထိ သိနေတဲ့ နှမတော်က မောင့်ကို ဘယ်လိုမုန်းနိုင်မှာလဲ မောင်။ မောင့်ကို မုန်းတဲ့သူတွေ ကဲ့ရဲ့ပြစ်တင်သူတွေ၊ မထေမဲ့မြင်ပြုသူတွေ မလိုလားသူတွေ မနာလိုသူတွေဆိုတာ မောင့်အကြောင်းကို မသိကြလို့သာပါ။ တကယ်တော့လေ မောင့်အကြောင်းကို သိလေလေ မောင့်ကို ပိုချစ်လေလေ၊ မောင့်ကို ပိုချစ်လေလေ မောင့်အကြောင်းကို ပိုလို့သိလေလေ ဖြစ်ကြမှာပဲ ဆိုတာကို နှမတော် ယုံကြည်ပါတယ်။ ဒါကြောင့်လဲလေ မောင်တော်နဲ့ မျိုးနွယ်ချင်းမတူသူ၊ နိုင်ငံချင်းမတူသူ၊ အယူဝါဒမတူသူ၊ ဂိုဏ်းဂဏမတူသူ၊ အကျင့်မတူသူ၊ လမ်းစဉ်မတူသူ၊ စရိုက်ချင်းမတူသူ ဦးဆောင်မှုမတူသူတွေရဲ့အကြားမှာ မောင်တော်ဟာ အနှိုင်းမဲ့ ယုံကြည်မှုကို ရခဲ့သူဆိုတာ ဘယ်လိုမှချေဖျက်လို့မရတဲ့အထိ နောင်အဆက်ဆက် သက်သေဖြစ်နေမှာပါ မောင်တော်ရယ်။

      နောက်ပီးတော့လေ မောင်တော်က သံသရာကိုအမြစ်ပြုတ်အောင် တိုက်တဲ့နေရာမှာ အနှိုင်းမဲ့ ဦးဆောင်နိုင်တဲ့ အနှိုင်းမဲ့ ဗိုလ်ချုပ်ကြီးပေါ့။ ဒါပေမယ့်လေ နှမတော်ကတော့ တပ်ကူ တပ်ထောက်မျှသာရယ်ပါ။  ဒါပေမယ့် မောင်တော်က သံသရာကို ဆွဲဆန့်မယ်ဆိုရင်လဲ ဘယ်လောက်ပင်ဘဝသံသရာကြီးရှည်ကြာပါစေ၊ နှမတော် မမောပါဘူး။ မပန်းပါဘူး။ မငြီးငြူပါဘူး။ မငြိုငြင်ပါဘူး။ တကယ်တော့လေ  မောင်တော်သာ နှမတော်အနားမှာရှိနေရင် နှမတော်ဘဝတိုင်း ကျေနပ်ကြည်နူးနေမှာပါ။ စိတ်ဓါတ်ခွန်အား၊ နှလုံးသားခွန်အား၊ ယုံကြည်မှုခွန်အား၊ ကြိုးစားမှုခွန်အား၊ ဆင်ခြင်စဉ်စားမှုခွန်အား၊ တည်ငြိမ်မှုခွန်အား၊ အရာရာခွဲခြား နားလည်မှုစွမ်းအားတွေဟာ မောင်တော်ရဲ့ စွမ်းအင်တွေမှ နှမတော်လက်ခံရရှိခဲ့ရသူပါ။ အထူးတစ်ခုပြောပြချင်တာက လူသားတစ်ယောက်ရဲ့ဘဝ သို့မဟုတ် လူသားတွေရဲ့ဘဝတွေမှာ ခွန်အားမျိုးစုံတွေရယ် ကျေနပ်ကြည်နူးမှုနဲ့ ထာဝရတည်ငြိမ်အေးချမ်းမှုတွေရယ်ကို ပိုင်ဆိုင်နိုင်အောင် ဟန်ဆောင်မှုနဲ့ ကိုယ်ကျိုးမပါဘဲ သင်ကြားပေးနိုင်တာဟာ ဒီစကြာဝဠာကြီးမှာ မောင်တစ်ယောက်ထဲပဲ ရှိတယ်ဆိုတာ ဥာဏ်ပညာကြီးကျယ်သူတိုင်း သိပါတယ်မောင်တော်ရယ်။ ဒါကြောင့်လဲလေ မောင်တော်စွန့်ခွါသွားတဲ့ညမှာကတည်းက နှမတော်နှလုံးသားမှာ ဖေါ်မပြနိုင်တဲ့ ဝေဒနာဆိုးတွေနဲ့ နာကျင်ခံခက်ရပေမယ့် မောင်တော်အပေါ်မှာတော့ မြူတစ်မှုန် နှင်းတစ်စက်ကလေးမှ နာကျင်လို့မရပါခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ်လေ နှမတော်ရဲ့ စောင့်ဆိုင်းခြင်းဟာ မောင်တော်အတွက်ရော နှမတော်အတွက်ရော လောကကြီးအတွက်ပါ တရားမျှတမယ်လို့ မမှိတ်မသုံ ယုံကြည်မိပါတယ်မောင်တော်ရယ်။ ဒီယုံကြည်ခြင်းဟာလဲ အရမ်းယုံ မျက်ကန်းယုံတော့မဟုတ်ပါဘူးမောင်တော်ရယ်။  မောင်တော်သင်ပေးခဲ့တဲ့ ကရုဏာကိုအခြေခံပီး ပညာကိုဦးတည်တဲ့ လောကကောင်းကျိုးလုပ်ရပ်တွေ အခြေခံပီးတော့မှ နှမတော် သိမြင်ခံစားနားလည်ခဲ့ရလို့ပေါ့။ ( ဆက်လက်ဖေါ်ပြပါမယ်။ )

***ဓမ္မမိတ်ဆွေများ၏အမှာစကား***