Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Thursday, September 25, 2014

ဒိုင်ယာရီအပိုင်းအစလေးများ ( ၁၀ ) အဘိဓမ္မာသားလေး မွေးပြီ

    နေ့လည်ခင်း အဘိဓမ္မာသင်တန်းအချိန်သည် ( ၂ ) နာရီထိုးမှစတင်မည်ဖြစ်သဖြင့် ဆွမ်းစားပြီးသောအခါ အချိန်ပိုနေလေသည်။ အချိန်ကို အကျိုးရှိအောင် အသုံးပြုလိုသဖြင့် မိမိကပင်စတင်၍ “ မင်းတို့က ငါပြောတာကို နားထောင်နေကြတဲ့ အချိန်များတယ်၊ ငါလဲ မင်းတို့ပြောတာကို နားထောင်ချင်တယ် ” ဟု ပြောလိုက်သောအခါ “ ငါတို့မှာ ပြောစရာအထူးမရှိဘူး ” တဲ့။ “ ဒါဆိုရင် မင်းတို့ ဘာသာရေးအတွေ့အကြုံတွေကို ပြောပြပေးပါ ” ဟု တောင်းဆိုလိုက်သောအခါ တစ်ဦးချင်းစီပြောပြကြသည်။ သူတို့၏ပြောပြချက်များအရ ဤသို့ ခြုံငုံ၍ကောက်ချက်စွဲကာ သိနားလည်ခွင့်ရခဲ့သည်။ “ သူတို့အားလုံးသည် မိရိုးဖလာအရ ခရစ်ယာန်ဘာသာဝင်များဖြစ်ကြသည်။ အချို့ က ကျောင်းသားဘဝတွင် စိတ်ပညာနှင့်ဒဿနစာပေများကိုလေ့လာရင်း ဗုဒ္ဓတရားကိုမြည်းစမ်းကြည့်မိရာမှ စိတ်ဝင်စားလာခဲ့သည်။ အချို့ က မူရင်းခရစ်ယာန်ဘာသာကို မယုံကြည်တော့သောကြောင့် လက်တွေ့ကျသည့်သဘောတရားအသစ်ကို ရှာဖွေရင်း ဗုဒ္ဓတရားတော်နှင့်ထိတွေ့ခွင့်ရခဲ့ခြင်းမှစတင်ကာ စိတ်ဝင်စားမှုပိုလာခဲ့သည်။ အချို့ က ဖင်းလူမျိုး ဗုဒ္ဓဘာသာဘုန်းကြီး မဟာပညောနှင့်ရင်းနှီးခြင်းမှစတင်ကာ ဗုဒ္ဓဘာသာကိုစိတ်ဝင်စားလာခဲ့ကြသည်။ ဗုဒ္ဓတရားတော်ကို စိတ်ဝင်စားကြခြင်း၏ နောက်ခံအကြောင်းတရားမှာ မတူညီကြသော်လည်း နောက်ခံဘာသာရေးကား ခရစ်ယာန်ဘာသာဝင်များအဖြစ်အတူတူပင်ဖြစ်ခဲ့ကြသည်။ ပို၍ ထပ်တူဖြစ်လာသည့်အရာမှာ ဝိပဿနာကိုအားထုတ်ဖြစ်ကြရင်း တရားတော်၏အရသာကို လက်တွေ့ကျကျသိခွင့်ရလာသောကြောင့် ဗုဒ္ဓဘာသာဝင်စစ်စစ်များဖြစ်လာကြခြင်းပင်ဖြစ်သည်။

  သူတို့၏ ဗုဒ္ဓဘာသာအဆင့်မှာ အခြားမည်သူတစ်ဦးယောက်ကမျှ အခြားဘာသာအဖြစ်သို့ကူးပြောင်းစေရန် ဆွဲဆောင်၍ မရနိုင်တော့သည့်အခြေအနေပင်ဖြစ်သည် ဟု မိမိနားလည်မိသည်။ အကြောင်းမှာ သူတို့သည် မည်သူတစ်ဦးတစ်ယောက်၏ စည်းရုံးဟောပြောမှုကြောင့်မျှမဟုတ်ဘဲ သူတို့၏ကိုယ်ပိုင်အသိအမြင်ကိုအခြေခံ၍ အခြောက် အမြှောက်ကင်းကင်းဖြင့် လွတ်လပ်စွာ သတ္တိရှိရှိ ဖြစ်လာခဲ့ရသော ဗုဒ္ဓဘာသာများဖြစ်နေသောကြောင့်ပင်ဖြစ်သည်။ သို့သော် သူတို့သည် ထေရဝါဒဗုဒ္ဓဘာသာများတော့မဟုတ်ကြပါ။ အချို့ က ဇင်ဗုဒ္ဓဘာသာဝင်၊ အချို့ က တိဘက်တန်းဗုဒ္ဓဘာသာဝင်၊ အချို့ ကား ဝဇိရယာနဗုဒ္ဓဘာသာဝင်များဖြစ်နေကြလေသည်။ မတူညီသော ဂိုဏ်းဂဏဝင်များအချင်းချင်း စုပေါင်း၍ အသင်းအဖွဲ့တည်ထောင်ကာ သာသနာရေးအတွက် ဆောက်ရွက်နေကြသည်မှာ မိမိအဖို့ အတုယူစရာပင်ဖြစ်ခဲ့သည်။ ဂိုဏ်းဂဏနာမည်ပညတ်များကို အလေးမထားဘဲ အနှစ်အသားကျသည့် လမ်းစဉ်ကိုအတူတွဲ၍လျှောက်နိုင်ကြသော သူတို့၏ ရင့်ကျက်မှုကို တိတ်တခိုးအားကျရင်း မိမိ၏မရင့်ကျက်မှုကို တိတ်တခိုးဖြင့် ရှက်စနိုးခံစားမိသယောင်ယောင်ဖြစ်ခဲ့သည်။ ထို့ပြင် သူတို့အနေနှင့် ထေရဝါဒအဘိဓမ္မာကို ထိတွေ့ခွင့်ရသည်မှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။ ရွှေပြည်တွင်ရှိသော ထေရဝါဒဂိုဏ်းပေါင်း ( ၉ ) ဂိုဏ်းသည် ပိဋကတ်သုံးပုံနှင့်တကွယုံကြည်မှုပုံသဏ္ဌာန်မှအစအရာရာ အတူတူဖြစ်ပါလျှက် ဂိုဏ်းဂဏနာမည်ပညတ်လေးမျှဖြင့် သဘောထားကွဲကာ အစွဲကြီးစွဲနေကြသည်မှာ သတိပြုစရာအချက်ပင်ဖြစ်သည်။ မဟာစည်စွဲ မိုးကုတ်စွဲစသောအစွဲများဖြင့် ကွဲနေကြသည်မှာလည်း “ အမြင်မတော် ဆင်တော်နှင့်ခလောက်ပင် ” ဖြစ်သည်။

   နောက်တစ်ခုထပ်၍သိရသည်မှာ ဥရောပတွင်ဘာသာရေးအရ လုံးဝပြောင်းလဲမှုကြီးဖြစ်နေသည်၊ လက်ထပ်ထိမ်းမြားခြင်းနှင့်အသုဘချရေးအတွက် မိရိုးဖလာအရ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွင် အသင်းဝင်ထားသော်လည်း ဘုရားကျောင်းတက်သူလည်း အလွန်ရှားပါးလာသည်၊ အချို့ ဆိုလျှင် အသင်းဝင်ပင် မလုပ်ကြတော့ဘူးတဲ့။ ထို့ပြင် ဥရောပနိုင်ငံများတွင် ဗုဒ္ဓဘာသာဌာနများတိုးပွါးလာနေသည်၊ သို့သော် မျိုးဆက်သစ်အများစိတ်ဝင်စားလာကြသည်မှာ ဗုဒ္ဓဘာသာတစ်ခုတည်းတော့မဟုတ်၊ ဟိန္ဒူဘာသာကိုလည်း စိတ်ဝင်စားကြသလို အခြားဝါဒသစ်တစ်ခုကိုလည်း မျှော်လင့်နေကြကြောင်း သူတို့ပြောပြချက်များအရသိခွင့်ရခဲ့သည်။ ဤတွင် မိမိက ဤသို့ကောက်ချက်စွဲမိသည်။ “ စီးပွါးရေးကုမ္မဏီကြီးများသည် ငွေကြေးအကျိုးအမြတ်အတွက် ဈေးကွက်ရှာနေကြသည်။ ယှဉ်ပြိုင်ကာထိုးဖောက်နေကြသည်။ Customers များ၏ ဝယ်လိုအား သုံးနိုင်အား နိုင်ငံရေးအခြေအနေ တရားဥပဒေစိုးမိုးမှုစသည်ဖြင့် စသည်ဖြင့် တွက်ချက် မျှော်ကြည့်ကာ စီးပွါးရှာကြသည်။ ထို့အတူပင် သာသနာတော်ပြန့်ပွါးရေးအတွက်လည်းကြည့်ကြရသည်ပင်။ ဘုရားအလောင်းတော်ကိုယ်တိုင်သည်ပင် လူ့ပြည်ဝယ်ပဋိသန္ဓေမနေမီ ကာလ ဒီပ ဒေသ ကုလ မာတုအာယုပရိစ္ဆေဒ ဟူသော ကြည့်ခြင်းကြီးငါးပါးကို ကြည့်ခဲ့ရသည်မဟုတ်ပါလော။ ဘာသာရေးအရ ပြောင်းလဲလာနေသော ဥရောပသည် ဗုဒ္ဓဘာသာအတွက် ဈေးကွက်ကြီးနှင့်တူလှတော့သည်။ သူတို့သည် ဘာသာရေးကွက်လပ်ကြီးဖြစ်နေကြသည်။ Dhamma customers များက မြတ်ဗုဒ္ဓ၏ဓမ္မများကို စားသုံးရန်ငံ့လင့်နေကြဟန်ရှိသည်ဟု ယူဆမိသည်။ ဗုဒ္ဓဓမ္မများကို ကာလ ဒေသ ယဉ်ကျေးမှု အခြေအနေ နိုင်ငံရေးစနစ်တို့နှင့်ဆီလျော်အောင် တင်သွင်းကြဘို့ အချိန်ကျရောက်နေပြီဟုနားလည်မိသည်။ လူမှုလောကအကျိုးနှင့် သာသနာတော်အကျိုးကို မျှော်ကိုး၍ သင့်တော်သောနည်းလမ်းများဖြင့် စုပေါင်းလုပ်ဆောင်နိုင်ကြရန် clear vision, deep thought and courageous mission တို့လိုအပ်နေသည် ” ဟု နားလည်မိသည်။

  ဟယ်ဆင်ကီမြို့တွင်ပင် ဗုဒ္ဓဘာသာအဖွဲ့အစည်းပေါင်း ( ၄ ) ဖွဲ့ရှိလေသည်။ မိမိကိုဖိတ်ကြားသည့်အဖွဲ့မှာ Bodhidhamma Association ဖြစ်ပြီးလျှင် အဖွဲ့သည် ( ရွှေပြည်ကြီးလွတ်လပ်ရေးမရမီ ) ( ၁၉ ၄၇ ) ခုနှစ်ကပင် တည်ထောင်ခဲ့သော ဖင်လန်နိုင်ငံ၏ ပထမဦးဆုံးသော အဖွဲ့ဖြစ်ကြောင်းကိုလည်း ဖိတ်စာတွင်ထည့်သွင်းဖေါ်ပြပေးခဲ့သည်။ ဤသို့ သူတို့ပြောပြသည်များကိုနားထောင်ပြီးသောအခါ မိမိအကြောင်းကို ပြောပြဘို့အလှည့်ကျရောက်လာသဖြင့် မိမိ၏ ဘဝအစိတ်အပိုင်းအချို့ နှင့် ခံယူချက်များ၊ သာသနာရေးအမြင်များကို အကျဉ်းချုပ်၍ ပြောပြလိုက်သည်။ သို့စဉ် နေ့လည် ( ၂ ) နာရီအချိန်သို့ရောက်ရှိလာခဲ့သဖြင့် ရင့်မာနေသော အဘိဓမ္မာကိုယ်ဝန်ကိုသားဖွားပေးရတော့သည်။ သင်တန်းစလျှင်စချင်း မျက်တောင်မခတ်ဘဲ စူးစိုက်သည့်မျက်လုံးများဖြင့် စုပြုံ၍ မိမိ၏မွေးမြူပြုစုကို လေးလေးနက်နက်ခံယူကြသည်။ မိမိကလည်း သတိကြီးစွာထား၍ ပြုစုသင်ကြားပေးလိုက်သည်။ သန္ဓေသားလေးကား မွေးလေပြီ။ ကျေနပ်စရာ ချစ်စရာကောင်းသော သားငယ်လေးပင်ဖြစ်သည်။ ပို၍ကြည်နူးစရာကောင်းသည်မှာ သူတို့၏မျက်နှာများကား စူးရှဝင်းပနေကြခြင်းပင်ဖြစ်တော့သည်။ အဘိဓမ္မာအသိဥာဏ်တည်းဟူသော သားကလေးသည် မငို မအော်ပါဘဲ ကြည်လင်ဝင်းပစွာဖြင့် ဦးခေါင်းတည်းဟူသော မိခင်ဝမ်းမှ ထွက်ကျလာခဲ့လေပြီ။ မိခင်လောင်းတို့၏ ဓမ္မတည်းဟူသောကျမ္မာရေးလိုက်စားမှု၊ ဥာဏတည်းဟူသောအာဟာရပြည့်ဝမှုတို့ကြောင့်ဖြစ်မည်ထင်သည်။ ( ဆက်လက်ဖေါ်ပြပါမည် )



0 comments:

Post a Comment

***ဓမ္မမိတ်ဆွေများ၏အမှာစကား***