ဒကာကြီး ဦးဇော်ဝင်း၏ ဒုတိယမေးခွန်းကိုဖြေဆိုပေးလိုက်ပါသည်။
လူသားမှန်သမျှ မွေးကင်းစအချိန်မှစ၍မိတ်ဆွေနှင့်ကင်း၍မရနိုင်ပေ။
အဘယ်မျှထိကင်း၍မရနိုင်သနည်းဆိုရမူ နောက်ဆုံးပြာအတိဖြစ်သည်အထိ မိတ်ဆွေလိုအပ်သည်ဟုဆိုရပေမည်။
မွေးဖွားစဉ်အချိန်တွင်လည်းမိတ်ဆွေအကူအညီလိုအပ်သည်။ ၎င်းနောက် အသက်ရှင်သန်စဉ်တွင်လည်း ဘဝခရီးကိုလှပဝေစည်စွာလျှောက်လှမ်းနိုင်ရေး
အတွက်အရေးတကြီးလိုအပ်သည်မှာ မိတ်ဆွေပင်ဖြစ်သည်။
သေဆုံးသောအချိန်တွင်လည်း မိတ်ဆွေရှိမှအလောင်းလှသည်ကို အများသိကြပြီးပင်ဖြစ်သည်။ တရားဟောဓမ္မကထိကတပါးသည်
တရားနာယူမည့် ဓမ္မမိတ်ဆွေရှိရမည့်နည်းတူ တရားနာယူချင်လိုသောသူတော်စင်များသည်လည်း ဓမ္မကထိကမိတ်ဆွေလိုအပ်ပြန်သည်။
ထုတ်လုပ်ရေးကုမ္မဏီတခုသည်လည်း စားသုံးသူ/သုံးစွဲသူ မိတ်ဆွေမရှိ၍မဖြစ်နိုင်သလို
စားသုံးသူ/သုံးစွဲသူများသည်လည်း ထုတ်လုပ်ရောင်းချသူရှိမှသာ ပို၍အဆင်ပြေနိုင်ပေမည်။
အရောင်းအဝယ်သမားသည်လည်း ဖောက်သည်နှင့်စားသုံးသူမိတ်ဆွေ
လိုအပ်သည်ပင်ဖြစ်သည်။ နိုင်ငံရေးသမားသည်လည်း
ထောက်ခံအားပေးသူနှင့်
အပြန်အလှန်ဟန်ချက်ညီစွာ မိတ်ဆွေဖြစ်မှသာနိုင်ငံရေးခရီးကို
ဆက်နိုင်မည်ပင်ဖြစ်သည်။
လူ့အလွှာအသီးသီးအလိုက် မိတ်ဆွေများလည်း
အလွှာကွဲပြားခြားနားသည်။ အလွှာမတူလျှင် မိတ်ဆွေဖြစ်ဖို့အရးမှာ ခက်ခဲလှသည်။ လူတဦးချင်းစီသည်လည်း
အလွှာအလိုက်မိတ်ဆွေဖြစ်ကြသည်။ နိုင်ငံများလည်း အလွှာတူချင်းသာ ဂုဏ်ရည်တူထား၍ဆက်ဆံကြသည်။
ဥပမာအားဖြင့် ယနေ့ ဥရောပသမဂ္ဂအဖွဲ့ ဝင်နိုင်ငံအများ (အင်္ဂလန်မှတပါး) တို့သည် ဗီဇာမဲ့
သွားလာခွင့် နေထိုင်ခွင့် လုပ်ကိုင်စားသောက်ခွင့်တို့ကိုမခွဲခြားဘဲ တတန်းစားထဲထား၍
အခွင့်အရေးပေးထားသည်။ အလွှာတူသောကြောင့်ပင်ဖြစ်သည်။ အလွှာမတူလျှင်အီးယူအဖွဲ့ ဝင်အဖြစ်ပင်
ဖြစ်ခွင့်မရှိပေ။ မိမိတို့ရွှေပြည်တော်ကြီးသည်ကား သူတို့ (ဥရောပနိုင်ငံများ၏) စည်းကမ်းဥပဒေနှင့်အညီ
တရားဝင်ငွေသွင်း၍ ဗီဇာလျှောက်သည်ကိုပင် ခပ်အင်အင်ဖြင့် ငြင်းချက်ထုတ်ခံရသည်များရှိသည်။
အလွှာကွာခြားခြင်းကြောင့်ပင်။ ရွှေပြည်ကြီးအတွက် ဗီဇာမလိုဘဲ သွားလာနိုင်သောနိုင်ငံများကား
လာအို ကမ္ဘောဒီးယား အင်ဒိုနီးရှား ဗီယက်နမ်စသော အလွှာတူအချင်းချင်းသာဖြစ်သည်။ ဒါတောင်
(၁၄) ရက်မျှသာဖြစ်သည်။ ဒါတောင် ယခုလောလောဆယ်တွင်မှပွင့်လာသောအခွင့်အလမ်းဖြစ်သည်။
(ဖေ့စ်ဘုတ်တွင်တက်လာသောသတင်းအရဖေါ်ပြခြင်းဖြစ်သည်) ၎င်းပြင် ယခုလက်ရှိ မိမိနေထိုင်ရာ
ဖင်လန်နိုင်ငံသည် ဗီဇာမလိုဘဲ အလွတ်သွားလာနေထိုင်ခွင့်တို့ကို နိုင်ငံအတော်များများနှင့်
ချုပ်ဆိုထားပြီးဖြစ်သည်။
အထူးသဖြင့် အီးယူအဖွဲ့ ဝင်နိုင်ငံဖြစ်သောကြောင့်
အီးယူအဖွဲ့ ဝင်နိုင်ငံများတွင်ဗီဇာမလိုဘဲ
လွတ်လပ်စွာ နေထိုင်ခွင့် သွားလာခွင့် လုပ်ကိုင်စားသောက်ပိုင်ခွင့်တို့ကိုရရှိထားသည်။
အမေရိကန်နိုင်ငံထက်ပင်
ဗီဇာကင်းလွတ်ခွင့်ရနိုင်ငံပို၍များသည်။ ဤသို့အကျိုးတူမိတ်ဆွေအဖြစ်
လက်ခံအသိအမှတ်ပြုခြင်းသည် နိုင်ငံရေး စီးပွါးရေးစသောအလွှာတူညီမှသာဖြစ်နိုင်သည်။
ထို့ပြင် လုပ်ငန်းဘဝနယ်ပယ်ကွဲပြားလျှင်လည်း
မိတ်ဆွေဖြစ်ရန် အတော်အတန်ဝေးနေပြန်သေးသည်။
ဥပမာအာဖြင့် မဂ်ဖိုလ်နိဗ္ဗာန်တရားကိုရှာမှီးသောယောဂီသည်
သာသနာတော်အပေါ်သဒ္ဓါကင်းမဲ့ကာ မကြည်ညိုတတ်သောသူနှင့် မိတ်ဆွေဖြစ်ရန်ခက်ခဲပေမည်။ တက်ကြွစွာကြိုးစားရှာဖွေနေသော
စီးပွါးရေးသမားတစ်ယောက်သည်လည်း ပညာမတတ်သောလူပျင်းလူဖျင်းနှင့်နှင့်မိတ်ဆွေမဖြစ်နိုင်ပေ။
ပညာရေးကိုစိတ်မဝင်စားသော လူအလူနတယောက်သည်လည်း ပညာတတ်သူ ပညာမြတ်နိုးသူနှင့်မိတ်ဆွေဖြစ်ရေး
အလှမ်းဝေးမည်သာဖြစ်သည်။ ဤသည်တို့မှာ ဘဝနယ်ပယ်ကွဲပြားခြင်းတို့ကြောင့်ဖြစ်သည်။
မည်သို့ဖြစ်စေ လူသားတစ်ယောက်အဖို့
အသက်ရှင်သန်စဉ်တွင်ရော သေဆုံးချိန်အထိပါ မရှိမဖြစ်မိတ်ဆွေလိုအပ်လှသည်သာဖြစ်သည်။ လူသားတယောက်၏
မရှိမဖြစ်စာရင်းတွင် မိတ်ဆွေသည် နံပါတ်တစ်နေရာမှပါဝင်သည်ဟု ဆိုလျှင်မှားအံ့မထင်ပါ။
အကြောင်းမှာ လူသားသည် သက်ဆိုင်ရာသဘောတူသူအချင်းချင်း ပေါင်းသင်းကာမိတ်ဖွဲ့ ၍ နေထိုင်ရသောကြောင့်ပင်ဖြစ်သည်။
တနည်းဆိုသော် လူဟူသည် အဖွဲ့ အစည်းနှင့်နေရသော သတ္တဝါဖြစ်သည်။ မိမိနှင့်အတူနေရသော
လူမှုအဖွဲ
့အစည်းတွင် မိတ်ဆွေဆိုး အပေါင်းအသင်းဆိုးများကြောင့်
ဆုတ်ယုတ်ပျက်ဆီးနိုင်သလို မိတ်ဆွေကောင်း
အပေါင်းအသင်းကောင်းများကြောင့်
တိုးတက်အောင်မြင်လာသည်လည်းရှိသည်။
အမှန်စင်စစ် မိတ်ဆွေကောင်းဟူသည် ဘဝရည်မှန်းချက်အောင်မြင်ရေးအတွက် ရာနှုန်းပြည့်အင်အားပင်ဖြစ်သည်။
ထို့ကြောင့်ပင် မြတ်ဗုဒ္ဓရှင်တော်မှ အရှင်အာနန္ဒာအား “ အာနန္ဒာ မိတ်ဆွေကောင်းရှိလျှင်
ရာခိုင်နှုန်းတရာပြီးစီးသည်” မိန့်တော်မူဖူးခဲ့သည်။
လူသည်သာ မိတ်ဆွေလိုအပ်သည်မဟုတ်ဘဲ
တိရစ္ဆာန်အများစုသည်လည်း အသင်းအဖွဲ့ မိတ်ဆွေများနှင့် စုပေါင်းဆက်ဆံကာနေထိုင်ကြသည်ကိုတွေ့ရသည်။
ငါးအုပ်ကြီးများ ကျွဲအုပ်ကြီးများ ပျားအုပ်ကြီးများ ပုရွက်ဆိတ်အုပ်များ စသည်စသည်တို့ကိုအလွယ်တကူပင်တွေ့မြင်နိုင်ပေသည်။
ထို့ကြောင့် မိတ်ဆွေဟူသည် သက်ရှိသတ္တဝါတိုင်း မရှိမဖြစ်လိုအပ်သောအရာဟု ဆိုရမည်ပင်ဖြစ်သည်။
ထိုသို့ မိတ်ဆွေလိုအပ်သည်မှာမှန်သော်လည်း မိတ်ဆွေစစ်နှင့်မိတ်ဆွေတုကို ခွဲခြားနားလည်ကာ
ဆက်ဆံတတ်ဖို့တော့ အရေးကြီးလှသည်။
မိတ်ဆွေအစစ်နှင့်အတုကိုခွဲခြားနားမလည်ပါက မိမိကိုကောင်းကျိုးမပြုဘဲ ဆိုးကျိုးကိုသာဖြစ်စေမည်မှာ
အသေအချာပင်ဖြစ်သည်။ ပုဂံသမိုင်းတွင်လည်း ကျန်စစ်သားမိတ်ဆွေစစ်ကိုအတုဟုထင်မှားခဲ့သော
ငရမာန်ကန်းသည် အာဏာမျှသာမဟုတ်ဘဲ အသက်ပါဆုံးရှုံးခဲ့ရဖူးသည်။ ပိဋကတ်တော်လာဇာတကတွင်လည်း
ခိုးသားခေါင်းဆောင်ကိုသာ အထင်ကြီးအမြင်မှားကာ ချစ်လင်ကိုပစ်ခွါခဲ့သောကြောင့် အသက်ဆုံးရှုံးခဲ့ရသော
သာဓကတို့ဖြစ်ခဲ့ဖူးပြီ။ ထို့ကြောင့် မြတ်စွာဘုရားရှင်က ဘဝအောင်မြင်ပြည့်စုံကြောင်းသမ္ဗဒါတရားလေးပါးတွင်
ကလျာဏမိတ္တသမ္ဗဒါ မိတ်ဆွေကောင်း မိတ်ဆွေစစ်လိုအပ်ကြောင်းဟောတော်မူခဲ့သည်။
စိတ်ထားနှလုံးသားကောင်းသော မိတ်ဆွေစစ်
ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်တွင်
မြတ်ဗုဒ္ဓသီတင်းသုံးတော်မူစဉ် ပညာတတ်ပြီးတက်ကြွသူ၊ လိမ္မာထက်မြက်သူ သူဌေးသားလူငယ်သိင်္ဂ
ိါလအား မိတ်ဆွေစစ်နှင့်ပတ်သက်၍ ဤသို့
မိန့်ကြားတော်မူခဲ့သည်။
“ ချစ်သား သိင်္ဂိါလ စိတ်ထားနှလုံးသား
စစ်မှန်တဲ့ မိတ်ဆွေစစ်လေးယောက်တို့ကို သိသင့် နားလည်ထားသင့်တယ်။
၁။ မိမိအား ကျေးဇူးအထူးပြုပေးနိုင်သူ
(ဥပကာရမိတ္တ)
၂။ ဆင်းရဲနှင့်ချမ်းသာကိုမိမိနှင့်အတူဝေမျှခံစားနိုင်သူ
(သမာနသုခဒုက္ခမိတ္တ)
၃။ မိမိအား ကောင်းသောအကျိုးစီးပွါးဖြစ်မည့်အရာကိုသာ
အကြံပြု/ပြောကြားသူ (အတ္ထက္ခာယီမိတ္တ)
၎။ မိမိအားအစဉ်အမြဲငဲ့ညှာ သနားကြင်နာသူ
(အနုကမ္ဗကမိတ္တ)
ဒီလေးယောက်ဟာ အစဉ်အမြဲပေါ်င်းသင်းထိုက်တဲ့
မိတ်ဆွေကောင်း မိတ်ဆွေစစ်
လေးယောက်တို့ဖြစ်တယ်။ (ဆက်လက်ဖေါ်ပြပါမည်)
0 comments:
Post a Comment