Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Thursday, July 10, 2014

ဒိုင်ယာရီအပိုင်းအစလေးများ ( ၁ )



 "ပိုးစုန်းကြူးလေး၏ဆန္ဒ--(အပိုင်း-၁)
မိမိသည် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် အမိရွှေပြည်သို့ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိဘဲ ပြန်လည်ရောက်ရှိခဲ့သည်။ အိန္ဒိယမှလည်း ပြန်ခဲ့ဖူးသောကြောင့် ပြန်ခဲ့ဖူးသည့် အကြိမ်ရေကို သေချာစွာမှတ်မထားမိတော့ပေ။ ဖင်လန်နိုင်ငံမှ ပြန်ရောက်သည်ကား နှစ်ကြိမ်မြောက်ဖြစ်သည်။ ရန်ကုန်လေဆိပ်သို့မဆင်းသက်မီ ကောင်းကင်ယံမှရန်ကုန်မြို့ ၏ အစွန်တစ်နေရာကို မြင်ရသည်ဆိုလျှင်ပဲ ရွှေပြည်၏အမည်ဖေါ်၍မပြနိုင်သော အရိပ်အရောင်နှင့်အငွေ့အသက်တို့က ရင်ထဲတွင်ဆို့နင့်စွာ ခံစားစေသည်။ ရွှေပြည်ကြီးသည် သူ့ထံသို့ပြန်လာကြသည့် သူ၏သားသမီးများဖြစ်သော ပြည်သူပြည်သားမှန်သမျှကို ထိုကဲ့သို့ ဆို့နင့်အောင်ကလူကျီစယ်တတ်သော အလေ့အထရှိပုံပေါ်သည်။ လေယာဉ်ပေါ်မှဆင်းသက်ပြီး၍ Immigration ကို ဖြတ်ကျော်သောအခါ တစ်ခါတစ်ရံ မနှစ်မြို့ ဘွယ်ရာ ဓာတ်ပုံရိုက်ခြင်းကိုခံရသည်။ လေဆိပ်မှပြန်လည်ထွက်ခွါသည့်အခါတိုင်းတွင်မူကား အမြဲဓာတ်ပုံရိုက်ယူသည်ကို ကြုံရသည်။ ဤသည်မှာ အစိုးရတစ်ရပ်၏ မတည်ငြိမ်သေးသော တရားဥပဒေစိုးမိုးမှုမရှိသေးသော  ပြည်သူကိုမယုံရဲသေးသော သို့မဟုတ် အစိုးရနှင့်ပြည်သူ အပြန်အလှန်မကြည်ဖြူသေးသော မနှစ်မြို့ ဘွယ်ရာ လုပ်ရပ်တစ်ခုဟု ထင်မြင်ခံစားရသည်။  မိမိရောက်ဖူးသမျှနိုင်ငံတိုင်းတွင် Immigration မှ ဓာတ်ပုံရိုက်ယူခြင်းကို မတွေ့ကြုံဘူးပေ။ 

   Immigration ကိုကျော်ဖြတ်ပြီး၍ ပါလာသည့် Luggages များကိုရွေးပြီးသောအခါ လက်တွန်းလှည်းပေါ်သို့ အနှီ Luggages များကိုစီရရီတင်လိုက်သည်။ ၎င်းနောက် ထွက်ပေါက်သို့ဖြည်းညှင်းစွာတွန်းသွားရင်း လာကြိုနေကြသော ဒကာ ဒကာမများကို တဖျပ်ဖျပ်မျက်တောင်ခတ်၍ ဟိုဟိုဒီဒီ စူးစမ်းလိုက်သည်။ တွေ့ပါပြီ။ လှိုက်လဲပျူငှာသော အပြုံးများ၊ နွေးထွးသော ဆက်ဆံရေးများ၊ ရင်းနှီးသောကြိုဆိုမှုများးးးး စသည်စသည်။ သူတို့က မိမိကိုကြိုတင်၍မြင်နေကြပုံပေါ်သည်။ ဒကာ ဒကာမများ၏ လှိုက်လှဲပျူငှာသောအပြုံးသည် မိမိရင်ကိုကျေနပ်စေသည့်အပြင် အားအင်လည်းဖြစ်စေခဲ့သည်။ သူတို့လည်း မိမိကိုမြင်တွေ့ရတော့ ဝမ်းသာကြသည်။ အမိရွှေပြည်ကြီးသည် မတိုးတက်ဘဲ မည်မျှပင်ခေတ်နောက်ကျ၍ ဆင်းရဲနေစေကာမူ ကိုယ့်သွေးကိုယ့်သား ကိုယ့်မြေ ကိုယ့်ရေဖြစ်သည်မို့ ပြန်လည်ထိတွေ့မိသည့်အခါတိုင်း  နှလုံးသားတွင်
ထိထိရှရှခံစားရသည်တော့အမှန်ပင်ဖြစ်သည်။  မှတ်မှတ်ရရ မိမိအိန္ဒိယနိုင်ငံမှ ပထမဆုံးအခေါက်ပြန်လာစဉ် ကြိုဆိုမည့်သူဟူ၍ တစ်ယောက်မျှမရှိ၊ မည်သူမျှလည်းမသိ၊ ကိုယ်လည်းသူ့မသိ သူလည်းကိုယ့်မသိ ခက်ပါဘိ နှင့်ကြုံခဲ့ရဖူးသည်။ Taxi ငှား၍ ကျောင်းသို့ပြန်ရောက်သွားသောအခါ လက်ထောက်ဆရာတော်က " ဟ မင်းက ဆိုင်းမဆင့် ဗုံမဆင့်နဲ့ ဘယ်လိုလုပ်ရောက်လာတာတုန်းကွ " ဟု အံ့သြစွာကြိုဆိုမှုကိုခံခဲ့ဖူးသည်။ မိမိက အပြုံးနှင့်သာ ပြန်လည်၍ အာဂန္တုကဧည့်ဝတ်ပြုလိုက်သည်။ သို့သော် ရင်ထဲတွင် ပျော်ရွှင်သောခံစားမှုတစ်ခုက ထိထိရှရှရှိလှသည်ကို အမှတ်ရမိသည်။  ဘဝ၏ ယခင်နှင့်ယခုသည် အရာရာဝယ် ( ရည်မှန်ချက်တို့ မအောင်မြင်သေးသည့်တိုင် ) အတိုင်းအတာတစ်ခုအထိ ခြားနားမှုဖြစ်လာသည်ဟုတော့ သတိပြုမိသည်။ 

  ရွှေပြည်ကိုပြန်သွားရခြင်း၏ အဓိကရည်ရွယ်ချက်သည် သင်ယူလေ့လာ၍ မိမိတတ်စွမ်းထားသမျှသောပညာရည်ဖြင့် အမိရွှေပြည်ကို စွမ်းသမျှကျေးဇူးဆပ်ရန်ပင်ဖြစ်သည်။ တိတိပပအားဖြင့်ဆိုရသော် ရဟန်းသံဃာများအတွက် ခေတ်နှင့်လျော်ညီသောပညာများဝေငှရေးနှင့် ဆင်းရဲသောကျောင်းသား ကျောင်းသူများနှင့်မိဘမဲ့ကလေးသူငယ်များအား အခမဲ့ပညာရေးဆောက်ရွက်ပေးရန်ပင်ဖြစ်သည်။ အမှန်စင်စစ် ထိုရည်ရွယ်ချက်များ အကောင်အထည်ဖေါ်ရန်အတွက် လုံလောက်သောငွေကြေးမဆိုထားနှင့်၊ အခြေခံငွေကြေးမျှပင်မရှိပါချေ။ ငွေကြေးမျှသာမဟုတ်သေး၊ လုပ်ကိုင်ရန်နေရာဌာနကိုလည်း ဘယ်ဆီဘယ်ဝယ်မျှော်မှန်းရမည်ကို သဲသဲကွဲကွဲမသိသေးချေ။ ရည်မှန်းချက်အတွက် မသေချာမရေရာမှုနှင့်ဝေဝါးမှုတို့ကသာ လွှမ်းခြုံအုံ့ဆိုင်းနေခဲ့သည်။ ဖြစ်ချင် လုပ်ချင်သော ဆန္ဒမှလွဲ၍ မည်သည့်အရာမျှ ကြည်လင်စွာမထင်ရှားခဲ့။ သို့သော် ကိုယ်တိုင်ကျေနပ်မိသည့်အရာကား ရည်မှန်းချက် ဆုံးဖြတ်ချက်နှင့် ဆန္ဒတို့လမ်းချော်မသွားဘဲ တည့်မတ်စွာ ဆက်လက်လျှောက်လှမ်းနေခြင်းပင်ဖြစ်သည်။ သို့သော် တစ်ခါတစ်ရံတွင် မထင်မှတ်ဘဲကြုံရလေ့ရှိသော အခက်ခဲများကြောင့် အောင့်အီးကာပုန်းအောင်းနေသောဒေါသသည် ဗြုန်းခနဲခုန်ထွက်၍ မျက်နှာပြောင်တိုက်ကာ အားမနာတမ်း ပွင့်လင်းစွာဖွင့်ဟမိခဲ့သည်များလည်း ရှိခဲ့သည်။ မည်သို့ဆိုစေ " တစ်ခါတစ်ရံ ဒေါသ၏ပေါက်ကွဲသံသည် သစ္စာတရား၏တိုက်စစ်မှုးလည်းဖြစ်နေတတ်သည် " ဟု ကောက်ချက်စွဲမိသည်။ 

  အချို့ က  " အရှင်ဘုရားက ဒီရည်မှန်းချက်ကို အကောင်အထည်ဖေါ်မှာဆိုတော့ ဘယ်အင်အားတွေ ဘယ်လောက်ရှိလို့လဲ " ဟု တဲ့တဲ့ပင် မေးကြသည်။  မေးထိုက်သောမေးခွန်းဖြစ်၍ ဖြေထိုက်သောအဖြေဖြင့်တဲ့တဲ့ပင် တုန့်ပြန်လိုက်သည်။ "  စိတ်ဆန္ဒကလွဲရင် ဘာမှမရှိဘူး "။ ဤသို့ဆိုလေသော် ဆက်လက်မမေးကြဘဲ အကဲခတ်သည့်အကြည့်မျိုးဖြင့် စူးစမ်းကြလျှက် နှုတ်ဆိတ်နေကြသည်ကိုကြုံရသည်။ " အလကားပါကွာ၊ ဒီကောင် ဘာမှမစွမ်းဆောင်နိုင်ပါဘူး၊ လေကြီးမိုးကြီးတွေ ပြောနေတာပါ " ဟုအချို့ ဘုန်းကြီးများက ကွယ်ရာတွင် ဝစီကံမေတ္တာပို့ကြသည်ကို တစ်ဆင့်ပြန်လည်ကြားသိရသည်များလည်းရှိသည်။ မှန်ပါသည်။ မိမိရည်မှန်းချက်နှင့်ဆန္ဒအတွက် ဘယ်အရာတစ်ခုကိုမျှ ထိထိမိမိ အကောင်အထည်မဖေါ်ဆောင်ရသေးသော မိမိအဖို့ သူတို့ပေးသော လက်ဆောင်များသည် ငြင်းပယ်ရန်မလိုဘဲ ပြုံးအံခဲ၍ လက်ခံရမည်သာဖြစ်သည်။ မည်သူမဆိုကြုံရတတ်သော အစဉ်အလာလောကဓံပင်ဖြစ်သည်မို့ တည်ငြိမ်စွာလက်ခံနိုင်အောင်ကြိုးစားရုံမှတပါး အခြားလမ်းမရှိပေ။ အမှန်စင်စစ် " စစ်မှန်ပြင်းပြသော ဆန္ဒဟူသည် သဘာဝတောအုပ် တောမြိုင်ကြီး၏ စွမ်းအားကောင်းသော မျိုးစေ့ငယ်ပင်မဟုတ်ပါလား သို့မဟုတ် ကြီးမားသော ရလာဒ်တိုင်း၏ အမြုတေပင်မဟုတ်ပါလား  " ဟူသော အတွေးဖြင့် စိတ်စွမ်းအင်ကိုထပ်မံ၍အားဖြည့်လိုက်မိသည်။ ( ဆက်ရန် )



0 comments:

Post a Comment

***ဓမ္မမိတ်ဆွေများ၏အမှာစကား***