အထက်ပါ စန္ဒကိန္နရီဇာတ်တော်နှင့်တကွ အခြားအခြားသော မိမိလက်လှမ်းမီရာ ပိဋကစာပေလာ သာဓကများကို ထောက်ထားပီးတော့ မိမိသိသမျှ နားလည်သမျှ ခံစားမိသမျှ အတိုင်းအတာလေးဖြင့် ယနေ့ခေတ်ကာလရဲ့ အိမ်ထောင်ရေးစံနစ်နဲ့ စုံတွဲအချစ်ကို သုံးသပ်ကြည့်မိပါတယ်။ ဒီလိုသုံးသပ်တဲ့အခါမှာ မိမိရဲ့အားနဲချက်များတွေ့ခဲ့ရင် ဝေဘန်ထောက်ပြပေးပါလို့လဲ အထူးမေတ္တာရပ်ပါတယ်။ ဝေဘန်ထောက်ပြသူများကိုလဲ အမြဲကြိုဆိုပါတယ်။ ထေရဝါဒ ဗုဒ္ဓဘာသာ နိုင်ငံတွေမှာတော့ အထူးသဖြင့် မြန်မာနိုင်ငံမှာ တူမောင်နှံဂဟေဆက်တော့မယ်ဆိုရင် ဘုန်းကြီးပင့်ပီး မင်္ဂလာဆွမ်းကပ်ကြတယ်။ မင်္ဂလာတရားနာကြတယ်။ ဒီနေရာမှာ မင်္ဂလာတရားနာကြတယ်ဆိုလို့ အကြင်လင်မယားအဖြစ် လပ်ထပ်ထိမ်းမြားတာကို မင်္ဂလာတစ်ပါးအနေနဲ့ မြတ်ဗုဒ္ဓက မဟောခဲ့တာအမှန်ပါ။ မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့တဲ့ ( ၃၈ ) ဖြာမင်္ဂလာတရားတော်ထဲမှာ သမီးပေးခြင်း သမီးယူခြင်းဆိုတဲ့ အာဝါဟဝိဝါဟ မင်္ဂလာလုံးဝမပါပါဘူး။ တကယ်တော့ ဒီအာဝါဟဝိဝါဟဆိုတဲ့ လက်ထပ်မင်္ဂလာ သို့မဟုတ် သမီးပေးခြင်း သမီးယူခြင်းမင်္ဂလာဟာ ဘုရားရှင်ပွင့်ထွန်းတော်မမူမီကတည်းက ရှိခဲ့ လက်ခံကျင့်သုံးခဲ့တဲ့ ဟိန္ဒူတို့ရဲ့ဓလေ့ထုံးစံမင်္ဂလာပါ။ ဒါကို ဗုဒ္ဓဘာသာဝင်တွေက ဆက်လက်ပီး မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့တဲ့ မင်္ဂလာတရားတော်တွေထဲမှာ ပါသယောင်ယောင်နဲ့ အထင်မှတ်မှားပီး ဆက်လက်ကျင့်သုံးနေကြတာပါ။ ဒါနဲ့ စပ်မိလို့ ပြောချင်ပါသေးပါတယ်။ ဝါတွင်းမှာ လက်ထပ်မင်္ဂလာမလုပ်ရဘူး ဆိုတဲ့ အစဉ်အလာဟာလဲ ဗုဒ္ဓဘာသာနဲ့ဘာမှတော့မပတ်သက်ပါဘူး။ လက်ထပ်ခြင်းကိစ္စနဲ့ပတ်သက်လို့ ဘယ်လ ဘယ်ရက် ဘယ်ရာသီ ဘယ်နှစ်မှာ ကျင်းပရမယ်ဆိုတဲ့ တရာမျိုး တစ်လုံးတစ်ပါဒမှ မြတ်ဗုဒ္ဓက မဟောခဲ့ပါဘူး။ တကယ်တန်း မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့တာကတော့ လက်ထပ်ပီးကြတဲ့အခါမှာ လင့်ကျင့်ဝတ်ငါးပါး မယားကျင့်ဝတ်ငါးပါး ကို လိုက်နာကျင့်သုံးကြဘို့ကိုပဲ ဟောပါတယ်။ ဒါ့အပြင် လက်ထပ်ပီးကြတဲ့အခါ ပုတ္တဒါရဿသင်္ဂဟော ဆိုတဲ့အတိုင်း မိသားစုကို စီးပွါးရေး ကျမ္မာရေး ပညာရေး လူမှုရေးစတဲ့အရာတွေအပါအဝင် အေးချမ်းအောင် ကြီးပွါးအောင် နှစ်ယောက်ပေါင်းပီး ကြိုးစားကြတာဟာလဲ မင်္ဂလာတစ်ပါးဖြစ်တယ်ဆိုတဲ့ အကြောင်းကိုဟောပါတယ်။ မင်္ဂလာဆိုတဲ့အဓိပ္ပါယ်က တိုးတက်ကြီးပွါးအေးချမ်းကြောင်း နည်းလမ်းကောင်းတွေကို ကြိုးစားခြင်း လို့အဓိပ္ပါယ်ရပါတယ်။ နောက်ပီးတော့ လင်ရယ်မယားရယ် ကျင့်ဝတ်ငါးပါးဆီဆိုတော့ ပေါင်းလိုက်ရင်ဆယ်းပါးကြီးများတောင်ဖြစ်ပီး နေ့စဉ်အိမ်ထောင်မှုဘဝမှာ ဆယ်ပါးလုံးဖြည့်ကျင့်နေရတဲ့အတွက် ကျင့်ဝတ်တွေ များလိုက်တာလို့ထင်ကောင်းထင်ကြမယ်။ တကယ်တော့ နှစ်ယောက်ပေါင်း ဆယ်ပါးဆိုသော်လဲပဲ တူရာတူရာကို ချုပ်ကြည့်လိုက်တဲ့အခါ မိမိဒီလိုတွေ့မိတယ်။
၁။ နှစ်ယောက်အကြား အပြန်အလှန် နားလည်မှု၊ ၂၊ နှစ်ယောက်အကြား အပြန်အလှန်တန်ဘိုးထားကာ ချစ်ကြင် လေးစားမှု၊ ၃။ နှစ်ယောက်အကြား အပြန်အလှန်သစ္စာရှိမှု၊ ၄။ နှစ်ယောက်အကြား အပြန်အလှန်ယုံကြည်မှုဆိုတဲ့ ဒီလေးချက်ကိုပဲ တွေ့မိတယ်။ ဒီအချက်လေးချက်သာ တကယ်တည်ရှိနေရင် ဇနီးမောင်နှံ နှစ်ယောက်အကြားက အချစ်ဆိုတာ ဘယ်တော့မှ မှေးမှိန်သွားမှာမဟုတ်ဘူးလို့ထင်တယ်။ ဒီလိုအချစ်မျိုးနဲ့သာ မိသားစုဘဝတစ်ခုကို တည်ဆောက်နိုင်ရင် တကယ်စွမ်းအားကြီးပီး မိသားစုကောင်းကျိုး လောကကောင်းကျိုးတွေကို တကယ်သယ်ပိုးနိုင်ကြလိမ့်မယ်လို့လဲ ယုံကြည်မိပါတယ်။ တကယ်တော့ ဒီလေးချက်ကို ဘဝတလျှောက်လုံး ဟန်ချက်ညီညီ ကျင့်သုံးဘို့အရေးဟာ အလွန်တရာခက်ခဲမယ်လို့ထင်တယ်။ သို့သော် အဓိကအားဖြင့် နှလုံးသားနဲ့ ဦးနှောက်ဟန်ချက်ညီအောင် ပေါင်းစပ်ထားတဲ့ ပေါင်းစပ်နိုင်တဲ့ အိမ်ထောင်ရေးဆိုရင်တော့ ဘာအခက်ခဲမှရှိမယ်မထင်မိပါဘူး။ ဘုရားအလောင်းတော်နဲ့ ယသောဓရာတို့ဟာ ဦးနှောက်သက်သက်နဲ့ ပေါင်းဖက်ခဲ့ကြတာလဲ မဟုတ်သလို နှလုံးသားသက်သက်နဲ့လဲ မိုက်တွင်းနက်ခဲ့ကြတာမဟုတ်ပါဘူး။ တကယ်လို့ ဦးနှောက်သက်သက်နဲ့သာ ပေါင်းဖက်ခဲ့ကြမယ်ဆိုရင် နှစ်ယောက်အကြားမှာ အပေးအယူဆန်ပီး ဆန်ပေးမှဆီရတဲ့ အိမ်ထောင်ရေး သို့မဟုတ် စီးပွါးရေးသဘောဆန်တဲ့ အကျိုးအမြတ်ကိုကြည့်လွန်းတဲ့ အိမ်ထောင်ရေးပဲဖြစ်နိုင်တာမို့ ပျော်ရွှင် ကျေနပ်စရာအခြေအနေတွေ နဲနေမယ်လို့ထင်မိပါတယ်။ နောက်ပီးတော့ ဘာစဉ်းစားတွေးခေါ်မှုမှမပါဘဲ နှလုံးသားသက်သက်နဲ့သာ မိုက်တွင်းနက်ပီး ဆုံးဖြတ်ခဲ့ ပေါင်းဖက်ခဲ့ကြမယ်ဆိုရင်လဲ အတွေ့အကြုံနဲ့ အသိဥာဏ်ရင့်ကျက်လာတာနဲ့အမျှ အတွေးအခေါ် အယူအဆတွေ ပြောင်းလဲပီး နှလုံးသားခံစားချက်ဟာလဲ ပြောင်းလဲသွားနိုင်တာကြောင့် အိမ်ထောင်ရေး သာယာမှုနဲနေမယ်လို့ထင်မိပါတယ်။
နောက်တစ်ချက်က ချစ်လို့လဲမဟုတ် ဦးနှောက်လဲမပါဘဲ တနည်းအားဖြင့် နှလုံးသားနဲ့ အသိဥာဏ်ကိုဘာတစ်ခုမှ ယှဉ်တွဲ မစဉ်းစားခဲ့ဘဲ အခြေအနေအရ သို့မဟုတ် သနားအားနာမှုအရ သို့မဟုတ် ယဉ်ကျေးမှုအရ လက်ထပ်လိုက်ရတာမျိုးတွေလဲ ရှိတတ်ကြပါတယ်။ ဒီအချက်ဟာလဲ အမျိုးသမီးများအတွက် အလွန်ဝမ်းနဲစရာပါပဲ။ ယဉ်ကျေးမှုအရ သူ့အကြောင်းကိုယ့်အကြောင်း အပြန်အလှန်ဘာတစ်ခုမှမသိဘဲ ( အချို့တော့ အနဲအကျဉ်းသိကြ ) မိဘတွေပေးစားတဲ့သူနဲ့ လပ်ထပ်ကြရတဲ့ အစဉ်အလာဟာ အိန္ဒိယမှာ ဘုရားရှင်ပွင့်တော်မမူမီကတဲက ဒီနေ့အထိ ဟိန္ဒူဘာသာဝင်တွေ အများစုလက်ခံကျင့်သုံးနေတဲ့ စံနစ်တစ်ခုပါပဲ။ ( ဒီနေ့ခေတ်မှာတော့ အိန္ဒိယမှာ ကိုယ်ကိုယ်တိုင် လက်တွဲဖေါ်ရှာကြတဲ့ လူအနဲစုလဲ ရှိလာပါပီ )။ အိန္ဒိယရဲ့ လက်ထပ်ထိမ်းမြားခြင်းမင်္ဂလာနဲ့ပတ်သက်လို့ အမျိုးသမီးများရဲ့ ခံစားနေကြရတဲ့ စိတ်ပိုင်းဒုက္ခကို သိထားမျှတွေထဲက တစ်ခုကို အနဲငယ်ပြောပြချင်ပါတယ်။ မိမိ နယူးဒေလီမှာ ဝါရင့် ဆရာမကြီးတစ်ဦးထံ အင်္ဂလိပ်စာကျူရှင်တက်နေစဉ် ဆရာမကြီးကို မေးဖူးခဲ့ပါတယ်။ ဒီလက်ရှိကျင့်သုံးနေတဲ့ ဟိန္ဒူဘာသာရေးစံနစ်အရ အိမ်ထောင်ပြုခဲ့ရလေတော့ ဆရာမကြီးတို့ အမျိုးသမီးတွေ ပျော်ပါသလားလို့ပေါ့။ ပြန်ဖြေတာက အိန္ဒိယက အိမ်ထောင်ရှင်မ အမျိုးသမီးအများစုဟာ မပျော်ကြပါဘူးတဲ့။ အိမ်ထောင်ပြုပီးလို့ လင့်အိမ်နောက်ကို လိုက်သွားရပီးကတည်းက ဘဝဟာ အရာရာအကျဉ်းကျသွားတော့တာပဲတဲ့။ အစကတည်းက ချစ်လို့မဟုတ်ဘဲ တစ်ယောက်အကြောင်းတစ်ယောက်သိလို့မဟုတ်ဘဲ ဟိန္ဒူဘာသာရေးနဲ့ယဉ်ကျေးမှု ထုံးစံအရ မိဘတွေပေးစားတာကို ယူလိုက်ရတဲ့အတွက် တစ်သက်တာမှာ ကျေနပ် နှစ်သိမ့် ပီတိဖြစ်ရတဲ့ အချိန်တွေ အရမ်းနဲပါးရပါတယ်တဲ့။ ဒါဟာ ကိုယ်တိုင် နားနဲ့ဆတ်ဆတ်ကြားသိခဲ့ရတဲ့ ဆရာမကြီးတစ်ယောက်ရဲ့ ရင်ဖွင့်သံပါ။
နောက်တစ်ချက်က ကိုယ်ကိုယ်တိုင် ရွေးချယ်ခွင့်ရှိတဲ့ အလွန်လွတ်လပ်ပြီး အမျိုးသမီးအခွင့်အရေးတွေပြည့်ဝပါတယ်ဆိုတဲ့ ဥရောပမှာကျပြန်တော့လဲ အိမ်ထောင်ရေးဘဝသက်တမ်းဟာ မတည်မြဲ မခိုင်မာကြသလို ရေရှည်နှစ်များစွာကြာအောင် မကြင်နာ မပျော်ပိုက်ကြဘဲ နှစ်ကာလခဏအတွင်းမှာပဲ ကွာရှင်းပြတ်စဲကြ၊ မကွာရှင်းသော်လဲ မနွေးထွေး မငြိမ့်ငြောင်းတဲ့ အိမ်ထောင်ရေးတွေသာ များကြပါတယ်တဲ့။ အထူးသဖြင့် အသက်အရွယ်ကြီးလာလေလေ ပိုမိုအထီးကျန်လေလေဖြစ်ကြတော့တာပါပဲ။ အကြောင်းက မိသားစုအရေးထက် အခွင့်အရေးဆိုတာကို ခေါင်းစီးတပ်ပီး ပုဂ္ဂလိကအခွင့်အရေးတွေ ယူလွန်းကြတာကြောင့်ပဲလို့ မိမိယူဆမိပါတယ်။ မိမိဥရောပမှာနေထိုင်စဉ်မှာ ဥရောပသားတွေကိုယ်တိုင်ပြောဖူးပါတယ်။ သူတို့ ရုပ်ဝတ္ထုတွေကြွယ်ဝပါတယ်။ အဆင့်မြင့်မြင့်နေထိုင် သွားလာ ကျင်လည်ရပါတယ်တဲ့။ သို့သော်လဲ သူတို့တွေ တကယ်မပျော်ကြပါဘူးတဲ့။ အကြောင်းရင်းကို မိမိစဉ်းစားကြည့်လိုက်တော့ လူမှုထောက်ပံ့ရေးစံနစ် နိုင်ငံရေးစံနစ်စတာတွေ သိပ်ကောင်းသော်လဲပဲ မိသားစုစံနစ်ဟာ လုံးဝပုံစံပျက်ယွင်းနေလို့ပါပဲ။ တကယ်တော့ ဖွံ့ဖြိုးမှုရိပ်မြုံမှာ ဘယ်လောက်ပဲ စည်းစိမ်တွေပြည့်စုံနေပါစေ တိုးတက်မှုတွေ ဘယ်လောက်ပဲ မြင့်မားနေပါစေ မိသားစုစည်းလုံးညီညွတ်မှု ပျက်ပြားနေရင် မိသားစုအတွင်း အပြန်အလှန်နားလည်မှုတွေမတည်ဆောက်နိုင်ရင် တစ်ကိုယ်ရည် ပုဂ္ဂလိကအခွင့်အရေးတွေကို အသုံးပြုလွန်းရင် စည်းစိမ်တွေ တိုးတက်မှုတွေဆိုတာ အလကားပါပဲ။ အနှစ်အသားမဲ့နေမှာပါ။ ဇနီးမောင်နှံနှစ်ယောက်တို့ဦးဆောင်ကြတဲ့ မိသားစုတစ်ခုဟာ တစ်စိတ်တစ်ဝမ်းထဲ တစ်ချစ်ထဲဖြစ်နေပါမှသာ အေးချမ်းပျော်ရွှင်စရာ မိသားစုဘဝကိုပိုင်ဆိုင်နိုင်မှာပါ။
အဲဒီလူ့အခွင့်အရေးနဲ့ပတ်သက်လို့ အကျိုးဆက်တွေ ဆက်လက်ဖြစ်ပေါ်လာတာက လူ့အခွင့်အရေးတွေရှေ့တန်းတင်လွန်းတဲ့အခါ မိန်းမကလဲ မိန်းမအခွင့်အရေးဆိုပီးတော့ ရောင့်တက်လာတယ်။ ယောက်ျားကိုတန်းတူပဲဆိုပီး မထီမဲ့ပြင်လုပ်လာတယ်။ ( တကယ်တော့ မတူလို့ပဲ ယောကျာ်းနဲ့ မိန်းမဆိုပီး နှစ်ယောက်ဖြစ်နေတာ။ ယောက်ျားချင်းလဲမတူနိုင်ဘူး။ ယောကျာ်းနဲ့ မိန်းမဆိုတော့ ပိုလို့မတူနိုင်ပါဘူး။ သို့သော် လူသားချင်းတော့တူတယ်။ ဒီလောက်ပါပဲ။ အခြားအရာရာ ကွဲပြားမှုတွေအများကြီးပါ။) ယောက်ျားကလဲ သူ့အခွင့်အရေးဆိုပီး သူ့ဆန္ဒကိုအပြည့်အဝအသုံးချတယ်။ ကလေးကလဲ ကလေးအခွင့်အရေးအတွက် ရက်ရက်စက်စက်ယူတယ်။ ( မူလအကြောင်းအရာမှ ဝေးသွားမှာစိုးတာကြောင့် ဒီအကြောင်းတွေ ရှင်းပြချင်သော်လဲ အသေးစိတ်မရေးလိုတော့ပါ )။ ဒီတော့ ဘုံမိသားစုရပ်တည်ချက်တစ်ခု မိသားစုဘုံညီညွတ်မှုဟာ ပျောက်ဆုံးနေတော့တယ်။ ဒီအခါမှာ မိသားစုဘဝရဲ့ သာယာကျေနပ်စရာ ရသတွေဟာ တဖြည်းဖြည်း လုံးပါးပါးရင်းနဲ့ လုံးဝပျက်သုဉ်းပီးတော့ ကွာရှင်းကြတဲ့အထိဖြစ်လာကြတယ်။ ဆိုလိုချင်တာက အထက်မှာပြောပြခဲ့တဲ့ ၁။ အပြန်အလှန် နားလည်မှု၊ အပြန်အလှန်တန်ဘိုးထားလေးစားမှု၊ အပြန်အလှန်သစ္စာရှိမှု၊ အပြန်အလှန်ယုံကြည်မှုတွေဆိုတာ တစ်ဦးချင်းရဲ့ အခွင့်အရေးကို အလွန်မယူမိစေဘဲ အပြန်အလှန်ထိန်းညှိပေးတဲ့စံနစ်နဲ့ မိသားစုရဲ့ ဘုံရည်မှန်းချက် ဘုံပျော်ရွှင်ရေးအတွက် အပြန်အလှန်ဖြည့်ဆည်းပေးဘို့ ဗုဒ္ဓက ညွှန်ကြားခဲ့တာဖြစ်ပါတယ်။
ဥရောပမှာ အထူးသဖြင့် မိမိသိသလောက် ဖင်လန်နိုင်ငံမှာ ဒီအိမ်ထောင်ရေး ပြဿနာတွေဟာ သိပ်များပါတယ်။ အကြောင်းက တစ်ဦးချင်းရဲ့ အခွင့်အရေးတွေကိုရှေ့တန်းတင်လွန်းပီးတော့ မိသားစုရဲ့ ဘုံအခွင့်အရေးကို အလေးမပေးတဲ့အခါ မိသားစုစံနစ်ပျက်ယွင်းနေတာကြောင့်ပါပဲ။ မြတ်ဗုဒ္ဓကတော့ ကမ္ဘာကြီးကို စစ်မှန်တဲ့မိသားစု စံနစ်ကစပီးတည်ဆောက်ဘို့ မိန့်ကြားတော်မူပါတယ်။ နောက်ဆုံး ကမ္ဘာကြီးဟာ ကမ္ဘာ့မိသားစုကြီးဖြစ်တဲ့အထိ မိသားစုဂလိုဘယ်လိုက်ဇေးရှင်းကစပီး တည်ဆောက်ဘို့ ညွှန်ကြားတော်မူတာပါ။ ဒီနေ့ပြောနေတဲ့ ဂလိုဘယ်လိုက်ဇေးရှင်းဆိုတာဟာ အဓိကအားဖြင့် နည်းပညာအရ ဆက်သွယ်ရေးတွေ အားကောင်းလာတာကို အခြေခံပီးတော့ ဖြစ်လာတာပါ။ တကယ်တော့ လူအချင်းချင်း မိသားစုအချင်းချင်းကတော့ ဂလိုဘယ်မဖြစ်တဲ့အပြင် အခွင့်အရေးကို ခေါင်းစီးတပ်ပီးတော့ ဂလိုဘယ်နဲ့ပိုလို့အလှမ်းဝေးတဲ့ ဆန့်ကျင်ဘက်နေရာကို ဦးတည်နေကြလေရဲ့။ နောက်ပီးတော့ သူတို့ဥရောပမှာ အချိန်အများစုဟာ အလုပ်ထဲမှာသာ မြှုတ်နှံထားရတာကြောင့် မိသားစုအားလုံး နွေးထွေးတဲ့ ကြင်နာမှုတွေ စုစည်းတည်ဆောက်ဘို့ အခက်ခဲဖြစ်ကြရပါတယ်။ သူတို့အနောက်တိုင်းသားတွေမှာလဲ အချစ်စစ်အချစ်မှန်ကို လိုချင်ကြတာပါပဲ။ ဒါကြောင့်လဲ လက်မထပ်သေးဘဲ အတူနေကြတဲ့ Living together ဆိုတဲ့စံနစ်ဟာ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်မထပ်သေးဘဲ နှစ်အနဲငယ်ကြာကြာ အတူနေထိုင်ကြရင်း တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် စမ်းသပ်ကြရင်း အစမ်းသပ်ခံကြရင်းနဲ့ ကြာရှည်တည်မြဲတဲ့ အိမ်ထောင်တစ်ခုဖြစ်အောင် ကြိုတင်ပြင်ဆင်ကြတာပါပဲ။ ဒါပေမဲ့လဲ သူတို့မျှော်မှန်းထားတဲ့ အိမ်ထောင်ရေးဖြစ်ဘို့အရေးဟာ အလွန်ခက်ခဲရှားပါးကြတာကို တွေ့ရ ကြားရ မြင်ရခဲ့ပါတယ်။ ဗမာပြည်ဘက်ကိုပြန်ကြည့်လိုက်တဲ့အခါ ရှေးတုန်းကတော့ ဗမာပြည်မှာ သုံးနှစ်သုံးမိုး ပိုးပန်းကြရတာဟာလဲ ခိုင်မြဲတဲ့ မိသားစုတစ်ခုဖြစ်အောင် တည်ဆောက်ရေးအတွက် အချိန်ပေးလေ့လာကြရပါပဲ။ အနောက်တိုင်းမှာတော့ လက်မထပ်ဘဲ အတူတူနေပီး တစ်ဦးကိုတစ်ဦးလေ့လာကြတယ်။ ဗမာပြည်မှာတော့ သုံးနှစ်သုံးမိုး ပိုးပန်းရင်း လေ့လာကြရတယ်။ ( ခုတော့ ခေတ်ပြောင်းသွားပီဆိုတော့ ဘယ်လောက်အထိ အချိန်ယူခဲ့ကြသလဲဆိုတာ ကာယကံရှင်တွေ မေးကြည့်မှပဲ အတိအကျသိပါတော့မယ်။ )
အထက်မှာပြောပြခဲ့သလို လက်ထပ်ခြင်းဟာ မြတ်ဗုဒ္ဓရဲ့ ( ၃၈ ) ဖြာ မင်္ဂလာထဲမှာ မပါပါဘူး။ သို့သော်လဲ လက်ထပ်ပီးကြတဲ့အခါ ငြိမ်းချမ်း ပျော်ရွှင်တဲ့ မိသားစုတစ်ခုအဖြစ်နဲ့ ရေရှည်လက်တွဲနိုင်မယ့် နည်းလမ်း သို့မဟုတ် ကျင့်စဉ်တွေကိုတော့ မြတ်ဗုဒ္ဓက ညွှန်ကြားတော်မူခဲ့ပါတယ်။ ဒါတွေကတော့ လင့်ကျင့်ဝတ် မယားကျင့်ဝတ်ဆိုတဲ့ ကျင့်ဝတ်ငါးပါးစီအသီးသီးအားဖြင့် ပေါင်းရင် ဆယ်ပါးပါ။ ဒါတွေဒီနေရာမှာ အကျယ်မရှင်းလိုပါ။ ( ရှင်းစေချင်ရင်တော့ မင်္ဂလာဆွမ်းကျွေးပွဲကိုသာ ပင့်ပါတော့လို့ အကြံပြုချင်ပါတယ်။ :P :) :P ။ နောက်ပီးတော့ လက်ရှိပစ္စက္ခဘဝအတွက်လေးမျှသာ အေးချမ်းပျော်ရွှင်ဘို့မဟုတ်ဘဲ သံသရာတစ်လျှောက်လုံး အတူလက်တွဲပီး လောကကောင်းကျိုး မိသာစုကောင်းကျိုးတွေကို ဆင့်ကဲဆင့်ကဲ ဆောင်ရွက်နိုင်ဘို့အတွက်လဲ လမ်းညွှန်တော်မူခဲ့ပါတယ်။ ဒါတွေကတော့
၁။ ယုံကြည်ချက်တူရမယ်၊ ဟုတ်တယ်။ ယုံကြည်ချက်မတူတဲ့ လူနှစ်ယောက် ရေရှည်ပေါင်းစပ်ဘို့ မဖြစ်နိုင်ပါဘူး။ သံသရာမဆိုထားနဲ့ ပစ္စက္ခမှာတောင် ပေါင်းစပ်ဘို့ သိပ်ခက်ပါတယ်။ ယုံကြည်ချက်လို့ဆိုရာမှာ ဘာသာရေးယုံကြည်ချက်၊ စီးပွါးရေး ယုံကြည်ချက်၊ လူမှုရေး နိုင်ငံရေး ပညာရေးစတဲ့ လူမှုနဲ့ပတ်သက်တဲ့ အရေးအရာ အဖြာဖြာတွေမှာ ထပ်တူယုံကြည်မှုကိုဆိုလိုခြင်းဖြစ်ပါတယ်။ တကယ်လို့ ဒီယုံကြည်ချက်တွေ မတူညီမှုများစွာထဲက အောင့်၂အီး၂နဲ့ သီးခံပီး ပေါင်းစပ်နိုင်တယ်ဆိုအုံးတော့။ လုံးဝ ပျော်ရွှင်နိုင်မှာမဟုတ်ပါဘူး။ နာနာကျင်ကျင်နဲ့ ဘာကျေနပ်စရာမှမရှိတဲ့ မိသားစုဘဝကို ရသမဲ့စွာ ကျင်လည်ရမှာပါ။
၂။ ကိုယ်ကျင့်တရားတူမျှရမှာပါ။ ဇနီးသည်က ကိုယ်ကျင့်တရားကောင်းပီး ခင်ပွန်းသည်က ကိုယ်ကျင့်တရားပျက်နေရင် သို့မဟုတ် ခင်ပွန်းသည်က သီလမြဲပီး ဇနီးသည်က သီလပျက်နေရင် ပစ္စုပ္ပန်မှာလဲ မိသားစုရသပျက်ယွင်းမှာ ဖြစ်သလို တမလွန်မှာလဲ ဆုံဆည်းနိုင်ဘွယ်မရှိပါဘူး။
၃။ စွန့်လွှတ်မှုတူညီရပါမယ်။ ဘုရားသွားကျောင်းတက်ကြရင်း ရက်ရက်ရောရော တစ်သဘောထဲ အတူတူလှုကြမယ်ဆိုရင်၊ ပတ်ဝန်းကျင်အတွက် လူ့လောကအတွက် သာသနာအတွက် နိုင်ငံအတွက် စတဲ့အရာတွေမှာ စွန့်လွှတ်ရေးစိတ်ထား တူမျှကြမယ်ဆိုရင် ဘယ်လိုပြဿနာမှ မိသားစုထဲဝင်ရောက်လာနိုင်မှာမဟုတ်ပါဘူး။ ဝင်ရောက်လာတယ်ဆိုရင်တောင် အတူပူးပေါင်းပီးတော့ အလွယ်တကူဖြေရှင်းနိုင်ကြမှာပါပဲ။ ချစ်မြဲချစ် သစ်မြဲသစ်ပီး စည်းလုံးမြဲစည်းလုံးနေကြမှာပါပဲ။
၎။ ပညာရေးတူညီကြရပါမယ်။ ပညာရေးဆိုလို့ နှစ်ယောက်စလုံး သိပ္ပံ ဝိဇ္ဇာဘွဲ့တွေ တူညီနေရမယ်လို့မဆိုလိုပါဘူး။ တစ်ယောက်က ဒေါက်တာဖြစ်ပီး တစ်ယောက်က မာစတာဘွဲ့ဖြစ်နေတာမျိုးကို မဆိုလိုပါဘူး။ ဆိုလိုတာက အဓိကအားဖြင့် အသိပညာအရည်အချင်းတူညီကြရမှာဖြစ်ပါတယ်။ အတတ်ပညာတွေ တူညီကြသော်လဲ အသိပညာတွေ မတူညီကြတဲ့အခါ မာနတွေပြိုင်ပီးတော့ ကွာရှင်းပြတ်ဆဲကြရတဲ့ စုံတွဲတွေ သို့မဟုတ် ငြှိမ်းလို့မရနိုင်တဲ့ အိမ်တွင်းရေးမီးတွေ အရှိအဟုန်ပြင်းစွာ လောင်ကျွမ်းနေကြတဲ့ စုံတွဲတွေလဲ ဒုနဲ့ဒေးပါ။
အထက်ပါ အချက်လေးချက်နဲ့ညီအောင် နေထိုင်နိုင်ကြတဲ့ စုံတွဲဟာ ပါရမီဖြည့်ဖက်တွေလို့တောင်ပြောနိုင်ပါတယ်။ ဒါကြောင့် စုံတွဲတွေကို အကြံပြုချင်တာက အိမ်ထောင်ဖက်သက်သက်မျှ သို့မဟုတ် ကာမဖြည့်ဖက်သက်သက်မျှသာ မဖြစ်စေဘဲ ပါရမီဖြည့်ဖက်သဘော သက်ရောက်တဲ့ အိမ်ထောင်ရေးမျိုးတည်ဆောက်ကြပါလို့ အကြံပြုချင်ပါတယ်။ တကယ်တော့ ပါရမီဖြည့်ဖက်အနေနဲ့ ချစ်နိုင်ကြမှသာ စံပြုထိုက်တဲ့အိမ်ထောင်ရေး စံပြုထိုက်တဲ့ အချစ်လို့ခေါ်ဆိုရမှာပါ။ အဲဒါဟာ အချစ်စစ်ပဲလို့လဲ ထင်တယ်။ အဲဒီအချစ်စစ်မှာ အတတ်ပညာတွေ သူ့ဘက်ကိုယ့်ဘက် စည်းစိမ်တွေ အသိုင်းအဝိုင်းတွေ လောကရဲ့အဆောင်အယောင်တွေ စတဲ့အရာတွေကို အခြေခံပီး မာနတွေယှဉ်ပြိုင်နေကြမှာမဟုတ်ပါဘူး။ ခင်ပွန်းသည်အတွက် ဒီလဘယ်လောက်ကုန်တယ်၊ ဇနီးသည်အတွက် ဘယ်လောက်ကုန်တယ် ဘာတွေကုန်တယ် ဘာကြောင့်ကုန်တယ်စတဲ့ ကုန်ကျစားရိတ်တွေကိုလဲ တိုင်းတာစဉ်းစားနေမှာမဟုတ်တော့ပါဘူး။ ခင်ပွန်းသည်ကလဲ သူကြိုးစားရှာဖွေသမျှတွေဟာ သူ့ချစ်ဇနီးအတွက် ထာဝရအခမဲ့၊ ထာဝရ မာနမဲ့၊ထာဝရပေးဆပ်ခြင်းနဲ့၊ ဇနီးသည်ရဲ့ ခင်ပွန်းအပေါ်ပြုစုစောင့်ရှောက်မှုဟာလဲ အမြဲတန်း အခမဲ့ အမြဲတန်း မာနမဲ့တွေပဲ ဖြစ်နေကြမှာပါ။ သို့သော် အဲဒီအရာရာမှာ အခမဲ့နဲ့ မာနမဲ့စွာ ထမ်းဆောင်ကြသူတို့ရဲ့ အချစ်နဲ့ နှလုံးသားကတော့ အနှိုင်းဆမဲ့နက်ရှိုင်းနေမှာပါ။ နက်ရှိုင်းသလောက် ကျေနပ်နှစ်သက်မှုတွေဟာလဲ ကြည်လင်မြင့်မားနေမှာပါ။ နောက်ပီး သူတို့ဘဝရဲ့အရာရာဟာ တစ်သဘောထဲ တစ်သွေးထဲ တစ်သားထဲဖြစ်ပီးတော့ နှစ်လွှာပေါင်းထားတဲ့ စွယ်တော်တစ်ရွက်ထဲဖြစ်နေမှာအမှန်ဖြစ်သလို ခံစားတတ်တဲ့ နှလုံးသားနဲ့အသဲဟာလဲ မကွဲပြားဘဲ တစ်သားထဲဖြစ်နေမှာပါ။ မေခနဲ့ မလိခပေါင်းစပ်ပီးတော့ ဧရာဝတီအနေနဲ့ ဗမာပြည်ကြီးကိုအလှဆင် ကျေးဇူးပြုနေသလို အချစ်စစ်နဲ့ ပေါင်းဖက်ထားနိုင်ကြတဲ့ ဇနီးမောင်နှံဟာလဲ လောကကောင်းကျိုး ဘဝကောင်းကျိုး ပစ္စုပ္ပန်သံသရာကောင်းကျိုးတွေကို လက်တွဲပီးဆောင်ရွက်နိုင်ကြမယ်ဆိုတာ သံသယဖြစ်ဘွယ်ရာမရှိပါဘူး။ ဘုရားအလောင်းတော်နဲ့ ယသောဓရာတို့ဟာ ဘဝအဆက်ဆက်မှာ ဒီနည်းနဲ့ ဂဟေဆက်ပေါင်းဖက်ခဲ့ကြတာမို့ လောကအတွက် ကမ္ဘာကြီးအတွက် နိဗ္ဗာန်ထိအောင် ပို့ဆောင်နိုင်တဲ့အထိ ဆောင်ရွက်ပေးနိုင်ခဲ့ကြပါတယ်။ ( ဆက်လက်ဖေါ်ပြပါမယ်။)
0 comments:
Post a Comment