အသင်စာဖတ်သူသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်းပါ အပိုဒ် သုံးဆယ်လုံးကို ဖတ်ရှုပြီးပေပြီ။ ထိုအပိုဒ် သုံးဆယ်လုံးသည် အဓိကအားဖြင့် ဘာကိုဖေါ်ညွှန်းပါသနည်း။ စာဖတ်သူကိုယ်တိုင်လည်း စဉ်းစားစေချင်ပါ၏။ မိမိစဉ်းစား သုံးသပ်မိသည်များကိုလည်း မိမိဥာဏ်မီသမျှ ဖေါ်ပြပါမည်။ အမှန်စင်စစ် အထက်ပါ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်းပါ အပိုဒ် သုံးဆယ်လုံးသည်
၁။ လူသား၏ မူလ မွေးရာပါတန်ဘိုးနှင့် ဂုဏ်သိက္ခာ
၂။ လူသားအချင်းချင်း ထားရှိရမည့်စိတ်ထားများနှင့်
၃။ လူသားအချင်းချင်းအပေါ် လိုက်နာစောင့်ထိန်းရမည့် ကိုယ်ကျင့်တရားများနှင့် တာဝန်များ
ဤအချက်သုံးချက်ကိုသာလျှင် အဓိကအားဖြင့် ဖေါ်ညွှန်းသည်ဟု မိမိကောက်ချက်စွဲမိ၏။ တိတိကျကျ ပြောရလျှင် မြတ်ဗုဒ္ဓညွှန်ကြားဖေါ်ပြတော်မူခဲ့သော ငါးပါးသီလအဆင့်အထိ မမီချေ။ ဆိုလိုသည်မှာ ငါးပါးသီလသည် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်းထက် အနှစ်သာရအားဖြင့်ပိုမို၍မြင့်မားပြီးလျှင် ငါးပါးသီလမျှကိုသာလုံခြုံပါလျှင် လူမှု့ လောကကြီးတစ်ခုလုံး မလိုလားအပ်သည့် လူမှု့ ပြဿနာများ ကင်းဝေးနေမည်မှာ အမှန်ပင်ဖြစ်လေ၏။ လူ့အခွင့်အရေးဟူသောစကားလုံးနှင့် လှုပ်ရှားမှုတို့သည်လည်း အဆိုပါ အချက်တို့ကို လိုက်နာမှု့ မရှိကြသောကြောင့်သာလျှင် ပေါ်ပေါက်လာခြင်းပင်ဖြစ်၏။ အထက်ပါအချက်သုံးချက်ကိုသာ လူသားများလိုက်နာ ကျင့်သုံး စောင့်ထိန်းခဲ့ကြပါက လူ့အခွင့်အရေးပြဿနာသည် ပေါ်ပေါက်လာစရာ အကြောင်းမရှိချေ။ အထက်ပါ အချက်သုံးချက်တွင် နံပါတ်တစ်ဖြစ်သည့် လူသား၏ မူလမွေးရာပါ တန်ဘိုးနှင့် ဂုဏ်သိက္ခာအကြောင်းကို ဦးစွာတင်ပြလိုပါ၏။ ဤကမ္ဘာပေါ်ဝယ်ရှိကြသော ဘာသာတရားများအနက် ဗုဒ္ဓဝါဒ၏ လူသားအပေါ်ထားရှိသည့် သဘောထားသည်အလွန်ထူးခြားလှ၏။ အဘယ့်ကြောင့်နည်း။ ဗုဒ္ဓဝါဒအရ လူသားတစ်ယောက်အဖြစ် မွေးဖွားလာဘို့အရေးသည် အလွန်တရာခက်ခဲပြီးလျှင် လူသားဘဝကို ရရှိခြင်းသည်လည်း တန်ဘိုးအရှိဆုံးသော အခွင့်အရေးကို ရရှိခြင်းပင်ဖြစ်၏ဟု လက်ခံထားသောကြောင့်ပင်တည်း။ ထို့ကြောင့် ဗုဒ္ဓဝဂ္ဂ ဧရကပတ္တနာဂရာဇဝတ္ထု ဓမ္မပဒ၌ ဘုရားရှင်ဤသို့ ဟောတော်မူ၏။
ကိစ္ဆော မနုဿပဋိလာဘော၊ ကိစ္ဆံ မစ္ဆာန ဇီဝိတံ။ ကိစ္ဆံ သဒ္ဓမ္မသဝနံ၊ ကိစ္ဆော ဗုဒ္ဓါန မုပ္ပါဒေါ။
အဓိပ္ပါယ်မှာ လူသားအဖြစ်ကိုရခြင်းသည် ခဲယဉ်း၏။ လူသားတို့၏ အသက်ရှည်စွာ နေရခြင်းသည်လည်းခဲယဉ်း၏။ သူတော်ကောင်းတရားကို ကြားနာရဘို့ရန် ခဲယဉ်း၏။ ဘုရားအဖြစ် သို့မဟုတ် ဘုရားဖြစ်ရာကာလကို ရဘို့ရန်ခဲယဉ်း၏ ဟူ၍ဖြစ်၏။ ဤ နေရာ၌ အဓိကပြောလိုသည်မှာ ကိစ္ဆော မနုဿပဋိလာဘော၊ လူသားအဖြစ်ကိုရခြင်းသည် ခဲယဉ်း၏ ဟူသောစကားပင်ဖြစ်၏။ လူ့ဘဝကို လွယ်လွယ်ရသည်မဟုတ်၊ အလွန်ရခဲ၏၊ အဘယ့်ကြောင့်နည်း လူသားဘဝသည် အလွန်တန်ဘိုးရှိသောကြောင့်ပင်တည်း။ သံယုတ္တနိကာယ် ပါဏသုတ်တွင်လည်း သမုဒ္ဒရာအောက်ခြေတွင် နေထိုင်သော မျက်လုံးတစ်ဖက်ကန်းနေသည့် လိပ်တစ်ကောင်သည် နှစ်ပေါင်းတစ်ရာကြာမှ ကောင်းကင်ကိုကြည့်ဘို့ရန် အပေါ်သို့တက်လာသည့်အခါ သမုဒ္ဒရာတွင်မျောနေသော ထမ်းပိုးတုံးမှ အပေါက်နှင့်စွပ်မိဘို့ရန် ခက်ခဲသကဲ့သို့ ထို့အတူ လူသားအဖြစ်ကိုလည်း ရရှိဘို့ရန်မှာ အလွန်ပင်ခက်ခဲကြောင်း မြတ်ဗုဒ္ဓဟောတော်မူပါ၏။ ထို့ကြောင့်ပင် မြတ်ဗုဒ္ဓသည် ယဉ်ကျေးမှု ဓလေ့ထုံးစံ နေရာဒေသ နိုင်ငံ အသားအရောင် ယောကျာ်းမိန်းမ စသည်ဖြင့် အပေါ်ယံအသွင်သဏ္ဌာန်အားဖြင့် မည်မျှပင် များပြားစွာကွဲပြားခြားနားနေစေကာမူ လူသားအားလုံးကို တန်းတူရည်တူ တန်ဘိုးထားလျှက် ကရုဏာထားမေတ္တာပွါးရမည်ဖြစ်ကြောင်း သင်ကြားဆုံးမတော်မူ၏။ ထို့ပြင် မေတ္တသုတ်၌လည်း မာတာ ယထာ နိယံ ပုတ္တ၊ မာယုသာ ဧကပုတ္တ မနုရက္ခေ။ ဧဝံပိ သဗ္ဗဘူတေသု မာနသံ ဘာဝယေ အပရိမာဏံ ဟုဟော်တော်မူ၏။ အဓိပ္ပါယ်မှာ မိခင်သည် မိမိ၏တစ်ဦးတည်းသောသားကို အသက်တမျှ တန်ဘိုးထားစောင့်ရှောက်သကဲ့သို့ ထို့အတူ လူသားအားလုံးသည်လည်း တစ်ဦးပေါ်တစ်ဦး လေးစားတန်ဘိုးထားကာ သက်ရှိသတ္တဝါ အားလုံးကိုမေတ္တာပွါးများကြရမည်ဟု ဆိုလို၏။ ထို့ပြင် မေတ္တာမပွါးနိုင်ဘဲ ဒေါသအလျောက် သတ်ဖြတ်မိပါကလည်း သတ္တဝါတို့၏ တန်ဘိုးအသီးသီးအလိုက် အပြစ်ရှိကြောင်းမြတ်ဗုဒ္ဓ သင်ကြားပေးတော်မူ၏။ သတ္တဝါတို့ကို သတ်ဖြတ်မှုကြောင့်ရရှိသောအပြစ်ဒဏ်များတွင် လူကိုသတ်သည့် အပြစ်သည် အကြီးလေးဆုံးဖြစ်ပါ၏။ အထင်ရှား အလွယ်ကူဆုံးသောသာဓက တစ်ခုကိုပြရလျှင် ရဟန်းတစ်ပါးသည် သေစေလိုသော ကြံရွယ်ချက်ဖြင့် လူကိုသတ်မိပါက ရဟန်းအဖြစ်မှလျှောကျလေတော့၏။ ပါရာဇိကကျလေ၏။ ရဟန်းဘဝဖြင့် ဆက်လက်၍နေခွင့်မရှိတော့ပေ။ အယုတ်ဆုံးအားဖြင့် လူရုပ်အသွင်သဏ္ဌာန်မပီပြင်သေးသော သန္ဓေသားကို ပျက်ကျစေရန် ကိုယ်ဝန်ဖျက်ဆေးပေးလျှင်ပင် ပါရာဇိကကျလေတော့၏။ ရဟန်းတစ်ပါးအနေဖြင့် မည်သည့်အကြောင်းကြောင့်မျှ လူကိုသတ်ခွင့်မရှိ၊ သတ်ဘို့ရန် နည်းလမ်းလည်းပေးခွင့်မရှိ၊ လူသားတစ်ယောက် သေစေရန်ရည်ရွယ်၍ မည်သို့သော နည်းပရိယာယ်ကိုမျှ အသုံးပြုခွင့်မရှိပေ။ အကယ်၍ လူကိုသေစေရန် တနည်းနည်းဖြင့် ကျူးလွန်မိပါက နောက်ထပ်တစ်ဖန် ရဟန်းဖြစ်ချင်၍ အကြိမ်တစ်ရာ ကမ္မဝါဖတ်၍ ရဟန်းခံသော်လည်း ရဟန်းအဖြစ်ကို မရနိုင်တော့။ အဘယ့်ကြောင့်နည်း။ အလွန်တန်ဘိုးကြီးလှသော လူသားဘဝကို ဆုံးရှုံးအောင် ပြုမူခြင်းကြောင့်ပင်တည်း။ မြတ်ဗုဒ္ဓ၏ဓမ္မသည် လူသားကိုဤမျှအထိတန်ဘိုးထား၏။ လေးစား၏။
ထို့ပြင် အသိဥာဏ်ပိုင်းအဆင့်အတန်းကို စဉ်းစားကြည့်လျှင်လည်း နိဗ္ဗာန်ကို ဦးစွာ မျက်မှောက်ပြုလျှက် သိနိုင် နားလည်နိုင်သည်မှာ ဤကမ္ဘာဝယ် လူသားသာလျှင်ဖြစ်၏။ နတ်လည်းမဟုတ်၊ ဗြဟ္မာလည်းမဟုတ်၊ တိရစ္ဆာန်ဆိုလျှင် ပိုလို့ပင်ဝေးလေစွ။ နိဗ္ဗာန်ဟူသည် ဒဿနဆိုင်ရာရုပ်လွန်ပညာရပ်မဟုတ်ချေ။ မြတ်ဗုဒ္ဓသင်ကြားတော်မူသည့်အတိုင်း အမှန်တကယ်လိုက်နာကျင့်သုံးလျှင် ကိုယ်တိုင်ကိုယ်ကျ မဂ်ပညာ ဖိုလ်ပညာတို့ဖြင့် သိနိုင်သော ဧကန်အရှိတရား ဖြစ်၏။ ထိုနိဗ္ဗာန်တရားကို မရေမတွက်နိုင်သောသက်ရှိသတ္တဝါများထဲတွင် လူသားသည်သာ အဦးဆုံးသိခဲ့၏။ ထို့ကြောင့် ဗုဒ္ဓဓမ္မအရ လူသားသည် မွေးရာပါအားဖြင့် ဂုဏ်သိက္ခာမြင့်၏၊ တင့်၏။ အခြားသတ္တဝါများထက် အသိဥာဏ်လည်းမြင့်၏။ မွေးရာပါ အပြစ်ကင်းစင်၏။ ဘာအပြစ်မှမပါဝင်။ တစ်ချို့ဘာသာများ၏ အဆိုအရ လူသားသည် မွေးရာပါအားဖြင့် အပြစ်ပါလာ၏။ အပြစ်သားဖြစ်၏။ ထိုအပြစ်ကို ဖြေဖျောက်၍ ကယ်တင်ပေးရန် သက်ဆိုင်ရာ ဘုရားကို မျက်နှာချိုသွေးကာ ဆုတောင်းကြရ၏။ ဗုဒ္ဓဓမ္မအရ လူသားသည် မွေးရာပါအားဖြင့်ပင် ဂုဏ်တင့်၏။ မြင့်၏။ ဥာဏ်ထက်၏။ အပြစ်ကင်းစင်၏။ မည်သို့သောပုဂ္ဂိုလ်ကိုမျှ ဒူးထောက်လက်မြှောက်၍ မျက်နှာချိုသွေးကာ ဆုတောင်းနေရန်မလိုပေ။ ထို့ပြင် လူသားသည် အရာရာကို ဖန်တီးနိုင်၏။ လူ့လောကကြီးတစ်ခုလုံးကို လူသားများသာ စိတ်တိုင်းကျချယ်လှယ်နေနိုင်ကြ၏။ အဘယ့်ကြောင့်နည်း။ လူသားသည် မူလမွေးရာပါ အစွမ်းရှိသောကြောင့်ပင်တည်း။ လူသားသည်သာ ကိုးကွယ်ရာ ဘုရားဖြစ်နိုင်၏။ လူသားမှတစ်ပါး မည်သည့်သက်ရှိသတ္တဝါမျှ ဘုရားမဖြစ်နိုင်ချေ။ ဗုဒ္ဓဓမ္မအရ လူသားသည် အကျင့်မြတ်ကို အမှန်တကယ်ကျင့်လျှင် စာလုံးကြီးဖြင့်ပေါင်းသော God ကလည်း လူသားကို လေးစားရိုသေရှိခိုးရ၏။ စာလုံးသေးဖြင့်ပေါင်းသော gods များစွာတို့သည်လည်း လူသားကို လေးစားကြရ၏။ လူသားသည် God နှင့် gods အားလုံးကို ရှိခိုးစရာမလို၊ သူတို့ထံသို့ဆုတောင်းခံစရာမလို၊ မေတ္တာပွါးရန်သာလို့၏။ လူသား၏တန်ဘိုးသည် ဤမျှအထိမြင့်မားလှ၏။ ဤကဲ့သို့ မွေးရာပါ လူသား၏ဂုဏ်သိက္ခာကို အရှိအတိုင်း သဘာဝအတိုင်း ဖေါ်ထုတ်တင်ပြပေးသော ဘာသာတရား အဘယ်မှာလျှင် ရှိပါမည်နည်း။ ရှိလျှင်လည်း ပြစမ်းပါလော့။ သိချင်လှပါ၏။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း အပိုဒ် (၁) တွင် လူတိုင်းသည် တူညီလွတ်လပ်သော ဂုဏ်သိက္ခာဖြင့်လည်းကောင်း၊ တူညီလွတ်လပ်သော အခွင့်အရေးများဖြင့်လည်းကောင်း၊ မွေးဖွားလာသူများဖြစ်သည်။ ထိုသူတို့၌ ပိုင်းခြားဝေဘန်တတ်သောဥာဏ်နှင့် ကျင့်ဝတ်သိတတ်သော စိတ်တို့ရှိကြ၍ ထိုသူတို့သည် အချင်းချင်း မေတ္တာထား၍ ဆက်ဆံကျင့်သုံးသင့်၏ ဟု ပြဋ္ဌာန်းထား၏။ ဤပြဋ္ဌာန်းချက်နှင့် ဗုဒ္ဓဓမ္မကို အသင်စာဖတ်သူ နှိုင်းယှဉ်ကြည့် သုံးသပ်ကြည့်စမ်းပါလော့။ ဤကြေငြာစာတမ်းသည် ယနေ့ကမ္ဘာ့လူသားများအတွက် ကျင့်သုံးထိုက်သည့် အခြေခံမူတစ်ခုဖြစ်ပါ၏။ သို့သော် မြတ်ဗုဒ္ဓသည် ဤကြေငြာစာတမ်းထက် လူသား၏တန်ဘိုးနှင့် ဂုဏ်သိက္ခာကို နှစ်ပေါင်း ၂၅၀၀ ကျော်စော၍ ကြိုတင်ကာ ဖေါ်ထုတ်တင်ပြခဲ့၏။ ထို့ကြောင့် ဗုဒ္ဓဓမ္မအရ လူသားသည် တန်ဘိုးအမြင့်ဆုံးဖြစ်၏။ ဂုဏ်သိက္ခာအမြင့်ဆုံးဖြစ်၏။ အလွတ်လပ်ဆုံးဖြစ်၏။ အသိဥာဏ်အမြင့်ဆုံးဖြစ်၏။ လူသားထက်မြင့်သော လူသားကကိုးကွယ်ရသော သက်ရှိသတ္တဝါဟူ၍မရှိချေ။ လူသားသည် သက်ရှိသတ္တဝါအားလုံးကို မေတ္တာတရား ကရုဏာတရား ကိုယ်ကျင့်တရား တာဝန်ဝတ္တရားတို့ဖြင့် ချီးမြှောက်ရန်သာတာဝန်ရှိလေ၏။

1 comments:
Post a Comment