အမျိုးသမီးများ မရနိုင် မဖြစ်နိုင် မရောက်နိုင်သော အခြေအနေနှင့် ဘဝတို့မှာ
၁။ သဗ္ဗညုဘုရားရှင်နှင့် ပစ္စေကဗုဒ္ဓ အဖြစ်
၂။ စကြာဝတေးမင်းအဖြစ်
၃။ မဟာဗြဟ္မာမင်းအဖြစ်
၎။ သိကြားမင်းအဖြစ်
၅။ မာနတ်မင်းအဖြစ်
၆။ ဧဟိဘိက္ခုရဟန်းအဖြစ် တို့်ပေတည်း။ အထက်ပါ အခြေအနေရှိသော ဘဝတို့ကို ပိုင်ဆိုင်လို ဖြစ်လိုပါလျှင် အမျိုးသမီးဘဝမှ အမျိုးသားဘဝသို့ ရရှိရောက်ရှိအောင် ဦးစွာပထမ အားထုတ်ကြရမည်ဖြစ်၏။ အမျိုးသမီးနှင့် အမျိုးသားတို့အကြား နှိုင်းယှဉ်လေ့လာစရာများ မြောက်များစွာရှိသေးသော်လည်း ဤအကြောင်း ဤနေရာတွင်သာ ရပ်ပါမည်။ မူလဦးတည်ရေးသားမှုဖြစ်သော ဗုဒ္ဓဘာသာဇစ်မြစ်ဆီသို့ပြန်သွားပါမည်။ ဗုဒ္ဓဘာသာ၏ ဇစ်မြစ်အကြောင်းတရားတို့ကို စေ့ငုကြည့်သောအခါ ပါရမီသည်လည်း အဓိကအကြောင်းရင်းတွင် ပါဝင်နေသည်ကို တွေ့ရမည်ဖြစ်၏။ ဤနေရာ၌ ပါရမီ၏ ပုဒ်ပါဌ်အဖွင့်အဓိပ္ပါယ်တို့ကို မရေးတော့ဘဲ စာဖတ်သူများ အလွယ်တကူနားလည်နိုင်သော အဓိပ္ပါယ်စကားပြေကိုသာ ဦးစားပေး၍ ရေးသားပါမည်။ အမှန်စင်စစ် ပါရမီဟူသည် ကောင်းကောင်းဆိုးဆိုး အမျိုးအမျိုးဖြစ်နိုင်သော မည်သည့်တုန့်ပြန်ချက်ကိုမှ မမျှော်လင့် မကြောက်ရွံ့ဘဲ သဗ္ဗညုတဥာဏ်တော် ရရှိရေးကိုသာ ရှေးရှုအလေးဂရုပြုလျှက် ဘဝ၏ အရာရာကို စွန့်လွှတ်ပေးဆပ်အနစ်နာခံကာ လောကကောင်းကျိုးတို့ကို အနှိုင်းမဲ့သော ကရုဏာ မေတ္တာတို့ဖြင့် သယ်ပိုးဆောင်ရွက်ခြင်းပင်ဖြစ်၏။ ထိုပါရမီသည် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တည်းကသာ ပိုင်ဆိုင်သောသဘောတရားလည်းမဟုတ်။ ငါတို့နှင့်မဆိုင် မြင့်မြတ်ကြီးကျယ်သော သူတို့နှင့်သာဆိုင်သော လမ်းစဉ်ဖြစ်သည် ဟူ၍ ဆင်ခြေပေးကာ ရှောင်လွှဲသင့်သော သဘောတရားလည်းမဟုတ်ချေ။ ထို့ပြင် မည်သူတစ်ဦးတစ်ယောက်ကမျှ အာဏာဖြင့်လွှမ်းမိုး ချုပ်ကိုင်ကာ ချယ်လှယ်ပိုင်ခွင့်လဲမရှိ။ ဥပဒေဖြင့်လည်း ကန့်သတ်ပိတ်ပင်၍ မရစကောင်း ဖြစ်ချေ၏။ ပါရမီလမ်းစဉ်သည် မြင့်မြတ်၏။ လွတ်လပ်၏။ ပွင့်လင်း၏။ ကျယ်ပြန့်၏။ ဖြူစင်သန့်ရှင်း၏။ တည်ကြည်ခိုင်ခန့်၏။ ဖြောင့်မတ်၏။ ပြည့်ဝ၏။ အေးမြစေ
၏။ နက်ရှိုင်း၏။ အစဉ်အမြဲ ကောင်းကျိုးကိုသာ ဦးတည်၏။ အစဉ်အမြဲ အခွင့်အလမ်းရှိ၏။ လောကအတွက် ဘယ်သောအခါမျှ သစ္စာမဖေါက်။ မည့်သည့်အကြောင်းကြောင့်မျှလည်း မေတ္တာမပျက်။ အနှောက်အယှက် အဟန့်အတားများအတွက် အာဃာတတရား အငြှိုးအတေး လုံးဝကင်းဝေး၏။ ထောင်လွှားမောက်မာသော မာန မရှိ။ ပါရမီ၏ မြင့်မြတ်သည့် ဂုဏ်တို့ကို ဖေါ်ပြရလျှင် များပြားလှ၏။ ချုပ်၍ဆိုရလျှင် ပါရမီဟူသည် ချွတ်ယွင်းအားနဲချက် အပြစ်အနာအဆာကင်းဝေးလျှက် အလွန်မြင့်မြတ်လှသည့် သူတော်ကောင်းတို့၏ လောကကောင်းကျိုးပြု လုပ်ငန်းစဉ် မူဝါဒသဘောတရားနှင့် ကျင့်စဉ်တို့သာလျှင်ဖြစ်၏ ဟုလည်းဆိုနိုင်ချိမ့်မည်။ နိုင်ငံတော်အခြေခံဥပဒေ လူမှုအဖွဲ့အစည်းဆိုင်ရာဥပဒေ စသည်တို့တွင် ပါရမီသဘောသက်ရောက်သည့် စည်းမျဉ်းစည်းကမ်းများပါဝင်အောင် ရေးစွဲချမှတ်ကာ ကျင့်သုံးကြလျှင် ဖွံ့ဖြိုးတိုးတက် အေးချမ်းသော နိုင်ငံများ လူမှုအဖွဲ့အစည်းများ ဖြစ်လာကြမည်မှာ ဧကန်ဧက ဟုပင်ဆိုချင်ပါ၏။ ကုလသမဂ္ဂအဖွဲ့အစည်းအပါအဝင် ယနေ့ဖွံ့ဖြိုးတိုးတက်သော နိုင်ငံနှင့်အဖွဲ့အစည်းများကိုကြည့်လျှင် အနည်းနှင့်အများ ( အပြည့်အဝမဟုတ်သော်လည်း ) ပါရမီသဘောသက်ရောက်သည့် တရားမျှတသော ဥပဒေတို့ကို ချမှတ်ကျင့်သုံးနေသည်ကို တွေ့နိုင်ပါမည်။ အကယ်၍ မဖွံ့ဖြိုး မတိုးတက်ဘဲ နောက်ကျကျန်နေခဲ့သော နိုင်ငံရှိလျှင် ထိုနိုင်ငံသည် တရားမျှတသော ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို ချတ်မှတ်ခြင်းလည်းမရှိ၊ ကျင့်သုံးမှုလည်းမရှိ၊ ပါရမီလမ်းစဉ်သဘောသက်ရောက်ဘို့ဆိုသည်မှာ စဉ်းစား၍မျှမရနိုင်သော နိုင်ငံနှင့်အဖွဲ့အစည်းဖြစ်မည်ဟု ယူဆမိ၏။ ထိုပါရမီ ထိုအဆင့်သို့ လူသားတိုင်း တစ်ဆင့်ပြီးတစ်ဆင့် တဖြည်းဖြည်း လျှေက်လှမ်းကြရမည်ဖြစ်၏။ လျှောက်လည်း လျှောက်လှမ်းသင့်၏။ ထိုသို့သာ လျှောက်လှမ်းကြလျှင် ယနေ့လူသားများ ကြုံတွေ့နေရသော အခက်အခဲများ ပြဿနာများ အနိဋ္ဌာရုံများ ပဋိပက္ခများ အားလုံးကင်းဝေး၍ ငြိမ်းအေးသော လူ့သားလောက ကမ္ဘာကြီးဖြစ်နေမည်မှာ မြေကြီးလက်ခတ်မလွဲပင်ဖြစ်ပေ၏။ ဘုရားအလောင်းအစရှိသော အလောင်းတော် သူတော်ကောင်းတို့သည်လည်း တစ်ဆင့်ပြီးတစ်ဆင့် တစ်ဘဝပြီးတစ်ဘဝ တဖြည်းဖြည်းဖြည့်ကျင့်ခဲ့ကြရ၏။ ဆိုလိုသည်မှာ ငါတို့နှင့်အလှမ်းဝေးပါတယ် ဟု ဆင်ခြေဆင်လက်ပေးကာ ရှောင်လွှဲစရာမလိုဘဲ လူသားတိုင်း ဖြည့်ကျင့်နိုင်သည့်လမ်းစဉ်ဖြစ်သည် ဟု ပြောလိုရင်းဖြစ်ပါ၏။ ပါရမီကို ဖြည့်ဆည်းလိုသူအတွက် နေရာဒေသမရွေး အချိန်မရွေး အလုပ်မရွေး ပုဂ္ဂိုလ်မရွေး နယ်ပယ်မရွေး ဖြည့်ဆည်းနိုင်သော အခွင့်အလမ်းရှိ၏။ အသားအရောင်ခွဲခြားမှုမရှိ၊ လူမျိုးအားဖြင့်လည်း သတ်မှတ်မှုမရှိ၊ ရာထူး ဂုဏ်သိန် အဆင့်အတန်းလည်း မပိုင်းခြား၊ကိုးကွယ်ယုံကြည်မှု ယောကျာ်းမိန်းမ ကလေးလူကြီး ဇာတ်နိမ့် ဇာတ်မြင့် ပညာရှိ ပညာမဲ့ စည်းစိမ်ရှိ စည်းစိမ်မဲ့ ရုပ်အဆင်းလှသူနှင့် မလှသူ စသည်တို့ဖြင့်လည်း မတိုင်းတာဘဲ မည့်သည်နေရာ မည်သည့်အချိန် မည့်သည့် ခေတ်ကာလ မည်သည့်ပုဂ္ဂိုလ်မဆို ဖြည့်ကျင့်နိုင်သည့် အခွင့်အလမ်းအပြည့်အဝရှိသော လမ်းစဉ်ဖြစ်ပါ၏။ ပါရမီကို ဖြည့်ဆည်းသူအတွက် လောကကြီးကပို၍ ခက်ခဲကြမ်းတမ်းလေလေ ကြိုးစားဖြည့်ဆည်းဘို့အတွက် အခွင့်အလမ်းပို၍ကောင်းလေလေပင်ဖြစ်တော့၏။ အနှစ်သာရအားဖြင့် ပါရမီသည် ပြင်ပအခြေအနေ ဖြစ်ရပ်ဖြစ်စဉ်တို့၌ အဓိကအားဖြင့် အကြောင်းမခံဘဲ ပါရမီကို ဖြည့်ဆည်းလိုသူ၏ ရင်တွင်း အဇ္ဈတ္တသန္တာန်၌ရှိသော ကရုဏာနှင့် မေတ္တာစွမ်းအားတို့တွင်သာ အဓိကအားဖြင့် မူတည်ပါ၏။ အမှန်စင်စစ် ပါရမီဟူသည် လူသားတိုင်းနှင့်သက်ဆိုင်ပီး လောကကောင်းကျိုးကို အထက်တန်းကျကျ ကျယ်ကျယ်ပြန့်ပြန့် လေးလေးနက်နက် ထိရောက်စွာ ဆောင်ရွက်သယ်ပိုးလိုသူတိုင်း ဖြည့်ကျင့်ရမည့် လမ်းစဉ်လည်းဖြစ်၏ဟုဆိုချင်၏။ ထိုလမ်းစဉ်သည် မဟာယာနဗုဒ္ဓဘာသာ အလိုအရ ပါရမီ ခြောက်ပါးရှိ၏။ မိမိတို့ ထေရဝါဒ ဗုဒ္ဓဘာသာအလိုအရ ပါရမီဆယ်ပါးရှိကြောင်း လူတိုင်းသိကြ၏။ မဟာယာန ဗုဒ္ဓဘာသာ အလိုအရ ပါရမီခြောက်ပါးသည် အောက်ပါအတိုင်းဖြစ်၏။
၁။ ဒါနပါရမီ၊
၂။ သီလပါရမီ
၃။ ခန္တီပါရမီ
၎။ ဝီရိယပါရမီ
၅။ ဈာနပါရမီ ( ဝါ ) သမာဓိပါရမီ
၆။ ပညာပါရမီ တို့ပင်ဖြစ်၏။ ထို့ပြင် မဟာယာနကျမ်းတစ်ကျမ်းဖြစ်သော ဒသဘူမိကသုတ်တော်အရ ပါရမီဆယ်ပါးအဖြစ်ရေတွက်လိုလျှင် အောက်ပါ ပါရမီလေးမျိုးကိုထည့်သွင်းရေတွက်ရမည်ဖြစ်ကြောင်း ပြဆိုလေ၏။
၎င်းတို့မှာ ၁။ ဥပါယပါရမီ
၂။ အဓိဋ္ဌာနပါရမီ
၃။ ဗလပါရမီ
၎။ဥာဏပါရမီ ဟူ၍ဖြစ်လေ၏။
မိမိတို့၏ ထေရဝါဒကျမ်းစာများအလိုအရ ပါရမီဆယ်ပါးဟူသည်မှာ ဤသို့ဖြစ်၏။
၁။ ဒါနပါရမီ
၂။ သီလပါရမီ
၃။ နေက္ခမ္မပါရမီ
၎။ပညာပါရမီ
၅။ ဝီရိယပါရမီ
၆။ခန္တီပါရမီ
၇။ သစ္စာပါရမီ
၈။ အဓိဋ္ဌာနပါရမီ
၉။ မေတ္တာပါရမီ
၁၀။ ဥပေက္ခာပါရမီ တို့ပေတည်း။ အထက်ပါ ထေရဝါဒနှင့် မဟာယာနဝါဒတို့တွင်လာရှိသည့် ပါရမီတို့ကို နှိုင်းယှဉ်ကြည့်လျှင် ဒါန သီလ ခန္တီ ဝီရိယ နှင့် ပညာပါရမီဟူသောငါးပါးတို့သည် အတူတူပင်ဖြစ်သည်ကို တွေ့ရမည်ဖြစ်၏။ မဟာယာနတွင်လာရှိသော ပါရမီခြောက်ပါးတွင် ဈာနပါရမီ ( ဝါ ) သမာဓိပါရမီသည်သာ ကွဲပြားကြောင်းတွေ့ရပေမည်။ ထိုပါရမီတို့၏ တစ်ခုချင်းအဓိပ္ပါယ်အကျဉ်းမှာ ဤသို့ဖြစ်၏။
မဟာဒုက္ခက္ခန္ဓသုတ်
-
၁၆၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် – အခါတပါး၌ မြတ်စွာဘုရားသည်
သာဝတ္ထိပြည်အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။
ထိုအခါ များစ...
2 months ago
1 comments:
"ပါရမီကို ဖြည့်ဆည်းသူအတွက် လောကကြီးကပို၍ ခက်ခဲကြမ်းတမ်းလေလေ ကြိုးစားဖြည့်ဆည်းဘို့အတွက် အခွင့်အလမ်းပို၍ကောင်းလေလေပင်ဖြစ်တော့၏။"
စကားလုံးတိုင်းမှာအနှစ်သာရပြည့်ဝ၍
လေးနက်သောဓမ္မဒဿနများစွာပါဝင်ဖွဲ့ စည်းထားတဲ့
အလွန်တန်ဖိုးရှိသောဓမ္မဆောင်းပါးတပုဒ်ကိုဖတ်ရတဲ့အတွက်
ကျေးဇူးအနန္တတင်ရှိပါတယ်ဘုရား...။
အစဉ်ထာဝရရိုသေလေးစားစွာဖြင့်,
Post a Comment