Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Tuesday, September 30, 2014

ဒိုင်ယာရီအပိုင်းအစလေးများ ( ၁၃ ) လက်တွေ့အားထုတ်ခြင်းဟာ အဖြေ

မိမိကလည်း သူမ၏အမေးကိုအပြုံးဖြင့် လက်ခံလိုက်သည်။
မေးခွန်း…၄။ နိဗ္ဗာန်ဆိုတဲ့သဘောတရားကို ထင်ရှားအောင် ပြောပေးပါ။
ဖြေ….၄။ ဒီမေးခွန်းဟာ လူအများမေးနေကျ မေးခွန်းဖြစ်တယ်။ ပညာရှင်များစွာကလဲ ထင်ရှားအောင် ဖြေထားကြပြီးဖြစ်တယ်။ ငါ့အမြင်အရ ပြောရရင် နိဗ္ဗာန်ကိုထင်ရှားအောင် နားလည်ချင်ရင်တော့ မင်းကိုယ်တိုင်ရဲ့ ဥာဏ်ဟာလဲ ထင်ရှားနေမှဖြစ်မယ်။ ကြည်လင်နေမှ ရှင်းလင်းနေမှဖြစ်မယ်။ ဘယ်လောက်အထိ ကြည်လင် ရှင်းလင်းနေရမလဲဆိုရင် အနိမ့်ဆုံးအဆင့်အနေနဲ့ မင်းရဲ့ယုံမှားသံသယတွေ
 ( ဝိစိကိစ္ဆာ / doubt ) နဲ့မှောက်မှားလွဲချော်တဲ့အမြင် ( မိစ္ဆာဒိဋ္ဌိ / wrong vision ) တွေကို ချွင်းချက်မရှိ လုံးဝဖြတ်တောက်နိုင်လိုက်တဲ့အထိ ရှင်းလင်းကြည်လင်နေရမှာဖြစ်တယ်။ အဲဒီသဘောတရားနှစ်ခုဟာ မင်းရဲ့ဥာဏ်မှာ တွယ်ကပ်နေဆဲဆိုရင် မင်း အပြည့်အဝ နားလည်နိုင်မှာမဟုတ်ဘူး။ ငါလဲပဲ ထင်ထင်ရှားရှား ( အပြည့်အဝ ) နားလည်အောင် ကြိုးစားနေဆဲအဆင့်ပဲ ရှိသေးတယ်။ ဒါပေမယ့် ငါလေ့လာထားသမျှထဲက လိုရင်းကိုပြောပြမယ်။
( ၁ ) နိဗ္ဗာန်ဆိုတာ ဒီဘဝသေဆုံးပြီး နောက်ဘဝရောက်မှခံစားရတဲ့ စည်းစိမ်မျိုးမဟုတ်ဘူး။ နည်းမှန်လမ်းမှန်နဲ့ တကယ်ကျင့်သုံးရင် ဒီလက်ရှိဘဝမှာပဲ လက်တွေ့  မျက်တွေ့  ခံစားလို့ရတဲ့ သဘောတရားဖြစ်တယ်။ သို့သော် ဥာဏ်နဲ့မှသာ ခံစား ( သိနိုင် ) နိုင်တဲ့ အရာဖြစ်တယ်။ အဲဒီဥာဏ်က သောတာပတ္တိမဂ်ဥာဏ် ဖိုလ်ဥာဏ် (stream-winner’s Enlightenment ) ဖြစ်တယ်။ မိန်းမောတွေဝေပြီးခံစားရဲ့ဝေဒနာမျိုးမဟုတ်ဘူး၊ ဥာဏ်နဲ့ကြည်ကြည်လင်လင် သိပြီးတော့မှ အေးအေးချမ်းချမ်း တက်တက်ကြွကြွ သိရ ခံစားရတဲ့ တရားအရသာဖြစ်တယ်။
( ၂ ) နိဗ္ဗာန်ဟာ အကောင်းနဲ့အဆိုး အမှားနဲ့အမှန် ရှိခြင်းနဲ့မရှိခြင်းဆိုတဲ့ အယူအဆတွေမှလွန်မြောက်သွားတဲ့သဘောတရားဖြစ်တယ်။ တနည်းပြောရရင် ယုတ္တိဗေဒနဲ့ဆင်ခြင်တုံတရားရဲ့နယ်ပယ်ထဲမှာမရှိဘူး။ လွန်မြောက်သွားပြီ။ အဲဒါကို ပါဠိတော်မှာ ဘုရားရှင်ကိုယ်တော်တိုင် “ အတက္ကာဝစရော ” “ It’s beyond logic and reasoning “ လို့ ဟောတော်မူထားတယ်။
( ၃ ) အရိယာပုဂ္ဂိုလ်တွေသာ ထင်ထင်ရှားရှား ( တိုက်ရိုက်/ မျက်မှောက် ) သိမြင်နိုင်တယ်။ ဒါကို “ ပဏ္ဍိတဝေဒနိယော ” “ It’s realized by the noble wise “ လို့ ဘုရားရှင်ဟောတော်မူတယ်။
( ၄ ) မင်းရင်ထဲက လောဘ ဒေါသ မောဟစတဲ့ အညစ်အကြေးတွေ 50% လျော့ကျသွားရင် မင်းနိဗ္ဗာန်ကို 50% ခံစားလို့ရပီ။ နားလည်ပီ။ နာမ်တရားရဲ့အညစ်အကြေးတွေအားလုံး 100% သန့်စင်သွားတဲ့အခါ မင်းကိုယ်တိုင် 100% နိဗ္ဗာန်ကို သိမြင်နိုင်ပီ။ ဒါဟာ လက်တွေ့ကျတဲ့ အဖြေပါပဲ။
( ၅ ) ငါတို့ဟာ အရိယာပုဂ္ဂိုလ်တွေ မဖြစ်နိုင်သေးခင်မှာ ကြောင်းကျိုးဆင်ခြင်ပြီးသိတဲ့ ထောက်ဆ ( မှန်းဆ ) နားလည်မှုနဲ့တော့ သိလို့ရတယ်။ မင်းကိုယ်တိုင် မဂ္ဂင်ရှစ်ပါးကို လက်တွေ့ကျကျ ကျင့်ပြီးရင် ငါရှင်းပြတာထက် မင်းပိုနားလည်လာမှာပါ။ မင်းကိုယ်တိုင် မဂ္ဂင်လမ်းစဉ်ကိုလျှောက်လှမ်းတာဟာ မင်းကိုယ်တိုင်အဖြေကိုရှာခြင်းပါပဲ။ ငါဖြေတာထက် မင်းကိုယ်တိုင်ဖြေနိုင်ဘို့သာ ကြိုးစားစေချင်ပါတယ်။ တကယ်လက်တွေ့အားထုတ်ခြင်းဟာ လက်တွေ့အဖြေပါပဲ။
သူမသည်လည်း ဆိတ်ဆိတ်နေခြင်းဖြင့် လက်ခံသွားလေသတတ်။
သို့နှင့်ထိုနေ့ သင်တန်းပြီးဆုံးခဲ့လေသောကြောင့် မိမိတည်းခိုရမည့် Hotel Arthur သို့ Mrs Laura Porccedu နှင့် အဖေါ်တစ်ယောက်က လိုက်ပို့ကြလေသည်။
 ( ဆက်လက်ဖေါ်ပြပါမည် )


Friday, September 26, 2014

ဒိုင်ယာရီအပိုင်းအစလေးများ ( ၁၂ ) မေးပါရစေ

     ပထမဦးဆုံးမေးခွန်းမေးသော အမျိုးသားကပင် ဆက်လက်၍ ဤသို့မေးပြန်သည်။
မေးခွန်းး ၃။ အဆင်းအာရုံတစ်ခုကို မြင်တဲ့အခါမှာ မျက်စိက မြင်တာမဟုတ်၊ စိတ်ကသာ မြင်နိုင်တာဆိုတဲ့ရှင်းပြချက်ကို နားလည်တည်။ လက်ခံပါတယ်။ အဲဒီလို စိတ်ကမြင်နိုင်ဘို့အတွက် အကြောင်းလေးချက်က ပြည့်စုံစွာထောက်ပံ့နိုင်မှသာ စိတ်ကမြင်နိုင်တယ်လို့ဆိုတယ်။ ဒါပေမယ့် တခါတလေမှာ အကြောင်းလေးချက် မပြည့်စုံဘဲနဲ့လဲ စိတ်ကမြင်နိုင်ပါတယ်။ ဥပမာ လုံးဝအမှောင်ကြီးထဲမှာ အလင်းရောင်မရှိဘဲ မျက်စိမှိတ်ထားရင်တောင် စိတ်ဟာ အဆင်းအာရုံတွေကို မြင်ရတတ်ပါတယ်။ အဲဒါရော ဘယ်လိုလဲ ?

  မှတ်ချက်။ ။ ( ဤနေရာ၌ စာဖတ်သူများ သိသာစေရန် မိမိပို့ချခဲ့သည်များကို အနည်းငယ်ဖြည့်စွက်တင်ပြပါမည်။ ) မြင်သိစိတ် ဖြစ်ပေါ်ဘို့အတွက် 
၁။ မျက်ကြည်လွှာအားကောင်းရမယ်။ ( စက္ခပသာဒ/ eye-sensitivity )
၂။ အလင်းရောင်ရှိရမယ်။ ( အာလောက/ light )
၃။ အဆင်းရူပါရုံရှိရမယ်။ ( ရူပါရမ္မဏ/ visible object )
၎။ သတိပြုမှု / နှလုံးသွင်းမှုရှိရမယ်။ ( မနသိကာရ / attention ) 
အဲဒီအကြောင်းလေးချက်ပြည့်စုံမှသာ မြင်နိုင်တယ်။ မြင်တဲ့အခါမှာလည်း မျက်စိက မြင်တာမဟုတ်ဘူး။ စိတ်ကမြင်တာ။ ဆိုလိုတာက အဲဒီအကြောင်းလေးချက်က ပြည့်စုံစွာထောက်ပံ့ပေးနိုင်မှသာ စိတ်ကမြင်နိုင်တာ။ တခါတလေမှာ နံပါတ် ၁၊ ၂၊ ၃၊ အချက်သုံးချက်လုံးပြည့်စုံနေတာတောင် သတိမပြုမိရင် ဂရုမစိုက်မိရင် မမြင်နိုင်ဘူး။ ( မြန်မာစကားတွင်လည်း “ သတိမမူတော့ ဂူမမြင်၊ သတိမူတော့ မြူတောင်မြင် ” ဆိုတဲ့ စကားပုံပင်ရှိ၏။ ထို့ပြင် အာရုံတစ်ခုခုအတွက် နစ်မျောနေသည့်အခါ မိမိရှေ့ မှ လူတစ်ယောက်ဖြတ်သန်းသွားသည်ကိုပင် မမြင်လိုက်မိချေ။ နံပါတ် ၄ အချက်ဖြစ်သည့် မနသိကာရ အင်္ဂါချွတ်ယွင်းခြင်းကြောင့်ပင်ဖြစ်သည်။ မေးခွန်းရှင်သည် ဤသင်ကြားချက်ကို အခြေခံ၍ ဤမေးခွန်းကို မေးခြင်းဖြစ်သည်။

   ဖြေ….။ မင်းတို့ကို ရှင်းပြခဲ့တဲ့ မြင်နိုင်ဘို့အကြောင်းလေးချက်ကို ၁။ မျက်စိ၊ ၂။ နား၊ ၃။ နှာခေါင်း၊ ၄။ လျှာ၊ ၅။ ကိုယ်ခန္ဓာလို့ခေါ်တဲ့ တံခါးငါးပေါက်မှာ အာရုံတွေနဲ့ ဝင်ရောက်ထိတွေ့လို့ ဖြစ်ပေါ်လာတဲ့ စိတ်ဖြစ်စဉ် ( The five-Door Process ) ပဉ္စဒွါရဝီထိအရ ရှင်းပြခဲ့တာဖြစ်တယ်။ ခု မင်းမေးတဲ့ မေးခွန်းက ခုရှင်းပြခဲ့တဲ့ ပဉ္စဒွါရဝီထိ / The five-door process နဲ့မပတ်သက်ဘူး။ နောက်ဆက်လက်သင်ပြမယ့် စိတ်တံခါးပေါက်မှာအာရုံနဲ့တိုက်ရိုက်ထိတွေ့လာတဲ့ စိတ်ဖြစ်စဉ် မနောဒွါရဝီထိ / The Mind-Door Process အရ အာရုံကို မြင်လာတဲ့စိတ်ပဲ။ ဒီ The mind-door process မှာ အကြောင်းလေးချက်ပြည့်စုံဘို့မလိုဘူး။ စိတ်တစ်ခုအပေါ်မှာပဲ မူတည်တယ်။ ဘယ်လောက်ပဲ အမှောင်ထဲကျရောက်နေပါစေ သမာဓိအားကောင်းလေ မြင်နိုင်စွမ်းအားကပိုကောင်းလေပါပဲ။ ဒီအကြောင်း ဒီမှာ ဒီလောက်ပဲပြောမယ်။ သက်ဆိုင်ရာအခန်းရောက်မှ ပြောပြတာ ပိုလို့ဆီလျော်မယ်။ 
မေးခွန်းရှင်ကား အပိုစကားမဆိုတော့ဘဲ နှုတ်ဆိတ်သွားလေတော့သည်။

ထိုစဉ် အမျိုးသမီးတစ်ယောက်မှ ( သူမနာမည်ကိုလည်း မမှတ်မိ ) မေးပါရစေဟုဆိုကာ လက်ထောင်ပြလာသည်။ ( ဆက်လက်ဖေါ်ပြပါမည်။ )

ဒိုင်ယာရီအပိုင်းအစလေးများ ( ၁၁ ) သားလေးများ တီတီတာတာပြောတတ်ပြီ


 ယနေ့ ( ၂၀.၀၉ .၂၀၁၄ ) အဘိဓမ္မာအသိဥာဏ်သားလေးကို စတင်မွေးဖွားပြီးသည့်အခါ မိမိ အတော်ကလေးပင်ပန်းသွားသည်။ ပါးစပ်မှ စကားလုံးထပ်မံမထွက်ချင်တော့လောက်သည်အထိ နွမ်းနယ်မှုကိုခံစားလိုက်ရသည်။ အကြောင်းမှာ နေ့လည် ( ၂ ) နာရီမှ စတင်ခဲ့ရာ ညနေ ( ၅ ) နာရီ ထိုးခါနီးမှပြီးဆုံးခဲ့သောကြောင့်ပင်ဖြစ်သည်။ ကြားထဲတွင် Tea break ( ၁၀ ) မိနစ်ခန့်နားသည်မှလွဲ၍ ဆက်တိုက်သင်ကြားလိုက်သည်။ ထို့ပြင် အကြောင်းအရာ ( ဘာသာရပ် ) ကလည်း လေးနက်သည့်နည်းတူ အင်္ဂလိပ် ဝေါဟာရ အသုံးအနှုန်းကိုလည်း အဓိပ္ဗါယ်သက်ရောက်မှုမထွေပြားစေရန်နှင့်တိကျမှုဖြစ်စေရန် သတိထားအားစိုက်ရသောကြောင့်လည်းဖြစ်သည်။ သို့သော် သူတို့၏ လေးလေးနက်နက်စိတ်ဝင်စားမှုနှင့်ရှင်းပြချက်များကို ကျေနပ်မှုတို့ကြောင့် ပင်ပန်းရကျိုးနပ်သည့်နည်းတူ မိမိလည်း ကျေနပ်မှုကိုခံစားရသည်။ ပျင်းရိခြင်းအလျဉ်းမရှိဘဲ ဓမ္မအသိကိုအားခဲနေကြသော သူတို့ကိုချီးကျူးမိသည်။ ဤပထမနေ့တွင် အဘိဓမ္မာ၏သမိုင်းအကျဉ်းချုပ်၊ မြန်မာပြည်၏ အဘိဓမ္မာလေ့လာမှု အခြေအနေနှင့်အဆင့်အတန်း၊ ယခုသင်ပြမည့် သဂြိုဟ်ကိုမဏ္ဍိုင်ပြုသောစာအုပ်များအကြောင်း၊ ပညတ်နှင့်ပရမတ်တို့၏ သဘောတရားများ၊ ပရမတ္ထတရားလေးပါးတို့၏ အသီးသီးသောသဘောတရားများကို ဥာဏ်စွမ်းမီသမျှ စိတ်အားသန်သန်ဖြင့် ရှင်းပြလိုက်သည်။

  မိမိက သင်တန်းမစမီတွင် မေးခွန်းများကို စိတ်တိုင်းကျမေးနိုင်ကြောင်း၊ သင်တန်းချိန်ပြီးဆုံးသည်အထိ မစောင့်ဘဲ ရှင်းပြဆဲကာလတွင်လည်း ဖြတ်တောက်၍ မေးနိုင်ကြောင်း၊ မင်းတို့နဲ့ငါနဲ့ကြားမှာ ဘာအတားအဆီးမှမရှိဘဲရင်းနှီးမှုဖြစ်စေရန် Break the ice ရေခဲတုံးကြီးခွဲထားလိုက်ပြီဖြစ်ကြောင်း ကြိုတင်၍ဖိတ်ခေါ်ပြောပြထားလိုက်သည်။ ထိုဖိတ်ခေါ်ချက်ကြောင့် သူတို့လည်း လွတ်လပ်ပေါ့ပါးသွားကြဟန်ရှိသည်။ သို့သော် ပထမနေ့သင်ကြားနေစဉ်အတွင်းဝယ် မည်သူတစ်ဦးတစ်ယောက်မျှကြားဖြတ်ရပ်တန့်၍ မမေးကြပေ။ ညနေပြီးဆုံးသောအခါတွင်ကား လွတ်လပ်ပွင့်လင်းစွာမေးကြတော့သည်။ အမျိုးသားတစ်ယောက်က မေးလိုပါကြောင်းခွင့်တောင်းလာသည်။ ( မေးသူ၏ နာမည်ကိုမမှတ်မိ )

   မေးခွန်းးး ၁။ ပရမတ္ထတရားလေးပါးတရားတွေဟာ ပြောင်းလဲခြင်းမရှိဘူး၊ ဖန်တီးလို့လည်းမရဘူး၊ ဖောက်ပြန်ခြင်းလည်းမရှိဘူးလို့်ဆိုတယ်။ ဒီလေးပါးထဲက စိတ်ဟာ ပြောင်းလဲတယ်လို့ထင်တယ်။ ဥပမာ ရဟန္တာဖြစ်လို့ နိဗ္ဗာန်ကိုမျက်မှောက်ပြုသွားတဲ့အခါ လောဘစိတ်တွေဟာ ပြောင်းလဲသွားတာပဲမလား? ထို့အတူ အခြားသော ဒေါသ မောဟစတဲ့ စိတ်စေတသိက်တွေဟာလဲ နိဗ္ဗာန်ကိုသိလာတဲ့အခါ ပြောင်းလဲသွားတာမဟုတ်ဘူးလား?

  အဖြေးးးး၁။ ရဟန္တာဖြစ်လို့ နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်သွားတဲ့အခါမှာ လောဘစတဲ့စိတ် စေတသိက်ပရမတ်တရားတွေဟာ ပြောင်းလဲသွားတာမဟုတ်ပါဘူး။ အဲဒီတရားတွေကို အမြစ်ပြတ် ပယ်သတ်နိုင်လိုက်တာသာဖြစ်တယ်။ စိတ်ရဲ့အညစ်အကြေးမှန်သမျှ ဘာမှမကျန်တော့အောင် သုတ်သင်ပစ်လိုက်တာဖြစ်တယ်။ အဲဒါဟာ ပြောင်းလဲခြင်းမဟုတ်ဘူး။ ကုန်ဆုံးပြတ်တောက်သွားတာသာဖြစ်တယ်။ မဖောက်ပြန် မပြောင်းလဲဘူးလို့ ပြောခဲ့တဲ့နေရာမှာ နေရာဒေသ အချိန်ကာလ ဘုံဌာန ပုဂ္ဂိုလ်အပေါ်မူတည်ပြီးပြောင်းလဲခြင်းမရှိဘူး၊ ပရမတ္ထတရားတို့ရဲ့ သဘောလက္ခဏာဟာ သူ့သဘာဝအတိုင်းပဲ ခိုင်မြဲတယ်လို့ဆိုလိုတာဖြစ်တယ်။ ဥပမာအားဖြင့် လောဘရဲ့သဘောတရားဟာ လိုချင်တပ်မက်ခြင်းသဘောတရားဖြစ်တယ်။ အဲဒီလိုချင်တပ်မက်ခြင်းသဘောတရားမှ လုံးဝပြောင်းမသွားဘူး။ ဘယ်သူ့သန္တာန်မှာပဲ ဖြစ်ဖြစ် ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် ဘယ်ဘုံမှာပဲဖြစ်ဖြစ် ဘာကြောင့်ပဲဖြစ်ဖြစ် လောဘမှန်ရင် လိုချင်ခြင်းသဘောတရားသာဖြစ်တယ်။ အဲဒီသဘောတရားမှ လုံးဝပြောင်းမသွားဘူး။ လောဘမှန်ရင် လိုချင်တဲ့သဘောတရားသာဖြစ်တယ်။ ဥပမာအားဖြင့် ခွေးတစ်ကောင်ဟာ အစားကောင်းတစ်ခုကိုစားလိုတယ်ဆိုရင် အဲဒါဟာ လောဘဖြစ်တယ်။ အဲဒီလောဘဟာ အာရှကခွေးမှာဖြစ်လဲ လောဘဲပဲ၊ ဥရောပကခွေးမှာဖြစ်လဲ လောဘပဲ၊ အမေရိကားကခွေးမှာဖြစ်လဲလောဘပဲ။ အဲလို နေရာဒေသကြောင့်လဲ ပြောင်းမသွားဘူး။
နံက်ခင်းမှာလိုချင်တပ်မက်လဲ လောဘပဲ၊ နေ့လည်ခင်းဖြစ်လဲ လောဘပဲ။ ညနေခင်း ညခင်း ဘယ်အချိန်မှာပဲ ဖြစ်ဖြစ်လောဘဟာ လိုချင်ခြင်းပဲ။ ရှေးခေတ်ကလိုချင်ရင်လဲ လောဘ၊ ခုခေတ်ဖြစ်လဲ လောဘ၊ နောင်ဖြစ်လဲ လောဘသာဖြစ်တယ်။ အဲဒီလို အချိန်ကာလတွေကြောင့်လဲ လောဘမှန်ရင် လိုချင်ခြင်းသဘောမှ ပြောင်းမသွားဘူး။ အပါယ်ဘုံမှာဖြစ်လဲ လောဘမှန်ရင် လိုချင်ခြင်းပဲ၊ လူ့ပြည် နတ်ပြည် ဖြစ်ချင်တဲ့ ဘုံမှာဖြစ်ပါစေ လောဘမှန်ရင် လိုချင်ခြင်းသဘောမှပြောင်းမသွားဘူး။ ထို့အတူ တိရစ္ဆာန်တစ်ကောင်ကလိုချင်ရင်လဲ လောဘပဲ။ ဘုန်းကြီးကလိုချင်ရင်လဲ လောဘ၊ သမ္မတ၊ နတ် ဗြာဟ္မာတွေကလိုချင်ရင်လဲ လောဘပဲ၊ ပုဂ္ဂိုလ်ရေးအကြောင်းပြုပီးတော့လဲ လောဘရဲ့သဘောမှလုံးဝပြောင်းသွားတာမဟုတ်ပါဘူး။ ဒါကြောင့် နိဗ္ဗာန်ကိုမျက်မှောက်ပြုသွားတဲ့ ရဟန္တာဟာ လောဘစိတ်ပြောင်းလဲသွားတာမဟုတ်ဘူး၊ လောဘကို အမြစ်ပြတ် ပယ်သတ် သုတ်သင် ရှင်းလင်းပစ်လိုက်တာသာဖြစ်တယ်။

အထက်ပါ အဖြေကို နားထောင်ပြီးသောအခါ ဘေးနားတွင်ရှိသော Mikko ဟူသော ဒကာတစ်ယောက်က ဤသို့ ထပ်မံ၍ မေးလာပြန်သည်။
မေးခွန်းးး၂။ ပြောင်းလဲလို့ မရဘူးဆိုတာကြီးကို ပြောင်းလဲပစ်ချင်တယ်။ အဲဒါ ဘယ်လိုပြောင်းရမလဲ?
ဖြေ၊းးး၂။ ပြောင်းလဲလို့မရပါဘူးဆိုမှ မင်းကဘာကြောင့်ပြောင်းလဲချင်တာလဲ၊ အဲဒါကို အပြတ်ရှင်းလင်းသုတ်သင်ပစ်မှရမယ်။ အဲဒီလို ရှင်းလင်းပြီးရင် မင်းရဲ့ ပြောင်းလဲပစ်ချင်တဲ့စိတ်လဲ မရှိတော့ဘူး။ ဖြစ်ပေါ်မလာတော့ဘူး။ ဘာမှမရှိတော့တဲ့အခါ ပြောင်းလဲစရာလဲ မလိုတော့ဘူး။ Mikko ကား ပြုံးလျှက်နှုတ်ဆိတ်သွားလေသည်။ နက်ရှိုင်းကျယ်ပြောလှသော မြတ်ဗုဒ္ဓအဘိဓမ္မာသမုဒ္ဒရာ၏ အကြောင်းကို တီတီတာတာ မပီကလာ ချစ်စရာလေးများ ပြောတတ်ကြလေပြီ။ မကြာမီပင် သူတို့ဆော့ကစားနိုင်ကြလိမ့်မည်ထင်သည်။ ( ဆက်လက်ဖေါ်ပြပါမည် )



Thursday, September 25, 2014

ဒိုင်ယာရီအပိုင်းအစလေးများ ( ၁၀ ) အဘိဓမ္မာသားလေး မွေးပြီ

    နေ့လည်ခင်း အဘိဓမ္မာသင်တန်းအချိန်သည် ( ၂ ) နာရီထိုးမှစတင်မည်ဖြစ်သဖြင့် ဆွမ်းစားပြီးသောအခါ အချိန်ပိုနေလေသည်။ အချိန်ကို အကျိုးရှိအောင် အသုံးပြုလိုသဖြင့် မိမိကပင်စတင်၍ “ မင်းတို့က ငါပြောတာကို နားထောင်နေကြတဲ့ အချိန်များတယ်၊ ငါလဲ မင်းတို့ပြောတာကို နားထောင်ချင်တယ် ” ဟု ပြောလိုက်သောအခါ “ ငါတို့မှာ ပြောစရာအထူးမရှိဘူး ” တဲ့။ “ ဒါဆိုရင် မင်းတို့ ဘာသာရေးအတွေ့အကြုံတွေကို ပြောပြပေးပါ ” ဟု တောင်းဆိုလိုက်သောအခါ တစ်ဦးချင်းစီပြောပြကြသည်။ သူတို့၏ပြောပြချက်များအရ ဤသို့ ခြုံငုံ၍ကောက်ချက်စွဲကာ သိနားလည်ခွင့်ရခဲ့သည်။ “ သူတို့အားလုံးသည် မိရိုးဖလာအရ ခရစ်ယာန်ဘာသာဝင်များဖြစ်ကြသည်။ အချို့ က ကျောင်းသားဘဝတွင် စိတ်ပညာနှင့်ဒဿနစာပေများကိုလေ့လာရင်း ဗုဒ္ဓတရားကိုမြည်းစမ်းကြည့်မိရာမှ စိတ်ဝင်စားလာခဲ့သည်။ အချို့ က မူရင်းခရစ်ယာန်ဘာသာကို မယုံကြည်တော့သောကြောင့် လက်တွေ့ကျသည့်သဘောတရားအသစ်ကို ရှာဖွေရင်း ဗုဒ္ဓတရားတော်နှင့်ထိတွေ့ခွင့်ရခဲ့ခြင်းမှစတင်ကာ စိတ်ဝင်စားမှုပိုလာခဲ့သည်။ အချို့ က ဖင်းလူမျိုး ဗုဒ္ဓဘာသာဘုန်းကြီး မဟာပညောနှင့်ရင်းနှီးခြင်းမှစတင်ကာ ဗုဒ္ဓဘာသာကိုစိတ်ဝင်စားလာခဲ့ကြသည်။ ဗုဒ္ဓတရားတော်ကို စိတ်ဝင်စားကြခြင်း၏ နောက်ခံအကြောင်းတရားမှာ မတူညီကြသော်လည်း နောက်ခံဘာသာရေးကား ခရစ်ယာန်ဘာသာဝင်များအဖြစ်အတူတူပင်ဖြစ်ခဲ့ကြသည်။ ပို၍ ထပ်တူဖြစ်လာသည့်အရာမှာ ဝိပဿနာကိုအားထုတ်ဖြစ်ကြရင်း တရားတော်၏အရသာကို လက်တွေ့ကျကျသိခွင့်ရလာသောကြောင့် ဗုဒ္ဓဘာသာဝင်စစ်စစ်များဖြစ်လာကြခြင်းပင်ဖြစ်သည်။

  သူတို့၏ ဗုဒ္ဓဘာသာအဆင့်မှာ အခြားမည်သူတစ်ဦးယောက်ကမျှ အခြားဘာသာအဖြစ်သို့ကူးပြောင်းစေရန် ဆွဲဆောင်၍ မရနိုင်တော့သည့်အခြေအနေပင်ဖြစ်သည် ဟု မိမိနားလည်မိသည်။ အကြောင်းမှာ သူတို့သည် မည်သူတစ်ဦးတစ်ယောက်၏ စည်းရုံးဟောပြောမှုကြောင့်မျှမဟုတ်ဘဲ သူတို့၏ကိုယ်ပိုင်အသိအမြင်ကိုအခြေခံ၍ အခြောက် အမြှောက်ကင်းကင်းဖြင့် လွတ်လပ်စွာ သတ္တိရှိရှိ ဖြစ်လာခဲ့ရသော ဗုဒ္ဓဘာသာများဖြစ်နေသောကြောင့်ပင်ဖြစ်သည်။ သို့သော် သူတို့သည် ထေရဝါဒဗုဒ္ဓဘာသာများတော့မဟုတ်ကြပါ။ အချို့ က ဇင်ဗုဒ္ဓဘာသာဝင်၊ အချို့ က တိဘက်တန်းဗုဒ္ဓဘာသာဝင်၊ အချို့ ကား ဝဇိရယာနဗုဒ္ဓဘာသာဝင်များဖြစ်နေကြလေသည်။ မတူညီသော ဂိုဏ်းဂဏဝင်များအချင်းချင်း စုပေါင်း၍ အသင်းအဖွဲ့တည်ထောင်ကာ သာသနာရေးအတွက် ဆောက်ရွက်နေကြသည်မှာ မိမိအဖို့ အတုယူစရာပင်ဖြစ်ခဲ့သည်။ ဂိုဏ်းဂဏနာမည်ပညတ်များကို အလေးမထားဘဲ အနှစ်အသားကျသည့် လမ်းစဉ်ကိုအတူတွဲ၍လျှောက်နိုင်ကြသော သူတို့၏ ရင့်ကျက်မှုကို တိတ်တခိုးအားကျရင်း မိမိ၏မရင့်ကျက်မှုကို တိတ်တခိုးဖြင့် ရှက်စနိုးခံစားမိသယောင်ယောင်ဖြစ်ခဲ့သည်။ ထို့ပြင် သူတို့အနေနှင့် ထေရဝါဒအဘိဓမ္မာကို ထိတွေ့ခွင့်ရသည်မှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။ ရွှေပြည်တွင်ရှိသော ထေရဝါဒဂိုဏ်းပေါင်း ( ၉ ) ဂိုဏ်းသည် ပိဋကတ်သုံးပုံနှင့်တကွယုံကြည်မှုပုံသဏ္ဌာန်မှအစအရာရာ အတူတူဖြစ်ပါလျှက် ဂိုဏ်းဂဏနာမည်ပညတ်လေးမျှဖြင့် သဘောထားကွဲကာ အစွဲကြီးစွဲနေကြသည်မှာ သတိပြုစရာအချက်ပင်ဖြစ်သည်။ မဟာစည်စွဲ မိုးကုတ်စွဲစသောအစွဲများဖြင့် ကွဲနေကြသည်မှာလည်း “ အမြင်မတော် ဆင်တော်နှင့်ခလောက်ပင် ” ဖြစ်သည်။

   နောက်တစ်ခုထပ်၍သိရသည်မှာ ဥရောပတွင်ဘာသာရေးအရ လုံးဝပြောင်းလဲမှုကြီးဖြစ်နေသည်၊ လက်ထပ်ထိမ်းမြားခြင်းနှင့်အသုဘချရေးအတွက် မိရိုးဖလာအရ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွင် အသင်းဝင်ထားသော်လည်း ဘုရားကျောင်းတက်သူလည်း အလွန်ရှားပါးလာသည်၊ အချို့ ဆိုလျှင် အသင်းဝင်ပင် မလုပ်ကြတော့ဘူးတဲ့။ ထို့ပြင် ဥရောပနိုင်ငံများတွင် ဗုဒ္ဓဘာသာဌာနများတိုးပွါးလာနေသည်၊ သို့သော် မျိုးဆက်သစ်အများစိတ်ဝင်စားလာကြသည်မှာ ဗုဒ္ဓဘာသာတစ်ခုတည်းတော့မဟုတ်၊ ဟိန္ဒူဘာသာကိုလည်း စိတ်ဝင်စားကြသလို အခြားဝါဒသစ်တစ်ခုကိုလည်း မျှော်လင့်နေကြကြောင်း သူတို့ပြောပြချက်များအရသိခွင့်ရခဲ့သည်။ ဤတွင် မိမိက ဤသို့ကောက်ချက်စွဲမိသည်။ “ စီးပွါးရေးကုမ္မဏီကြီးများသည် ငွေကြေးအကျိုးအမြတ်အတွက် ဈေးကွက်ရှာနေကြသည်။ ယှဉ်ပြိုင်ကာထိုးဖောက်နေကြသည်။ Customers များ၏ ဝယ်လိုအား သုံးနိုင်အား နိုင်ငံရေးအခြေအနေ တရားဥပဒေစိုးမိုးမှုစသည်ဖြင့် စသည်ဖြင့် တွက်ချက် မျှော်ကြည့်ကာ စီးပွါးရှာကြသည်။ ထို့အတူပင် သာသနာတော်ပြန့်ပွါးရေးအတွက်လည်းကြည့်ကြရသည်ပင်။ ဘုရားအလောင်းတော်ကိုယ်တိုင်သည်ပင် လူ့ပြည်ဝယ်ပဋိသန္ဓေမနေမီ ကာလ ဒီပ ဒေသ ကုလ မာတုအာယုပရိစ္ဆေဒ ဟူသော ကြည့်ခြင်းကြီးငါးပါးကို ကြည့်ခဲ့ရသည်မဟုတ်ပါလော။ ဘာသာရေးအရ ပြောင်းလဲလာနေသော ဥရောပသည် ဗုဒ္ဓဘာသာအတွက် ဈေးကွက်ကြီးနှင့်တူလှတော့သည်။ သူတို့သည် ဘာသာရေးကွက်လပ်ကြီးဖြစ်နေကြသည်။ Dhamma customers များက မြတ်ဗုဒ္ဓ၏ဓမ္မများကို စားသုံးရန်ငံ့လင့်နေကြဟန်ရှိသည်ဟု ယူဆမိသည်။ ဗုဒ္ဓဓမ္မများကို ကာလ ဒေသ ယဉ်ကျေးမှု အခြေအနေ နိုင်ငံရေးစနစ်တို့နှင့်ဆီလျော်အောင် တင်သွင်းကြဘို့ အချိန်ကျရောက်နေပြီဟုနားလည်မိသည်။ လူမှုလောကအကျိုးနှင့် သာသနာတော်အကျိုးကို မျှော်ကိုး၍ သင့်တော်သောနည်းလမ်းများဖြင့် စုပေါင်းလုပ်ဆောင်နိုင်ကြရန် clear vision, deep thought and courageous mission တို့လိုအပ်နေသည် ” ဟု နားလည်မိသည်။

  ဟယ်ဆင်ကီမြို့တွင်ပင် ဗုဒ္ဓဘာသာအဖွဲ့အစည်းပေါင်း ( ၄ ) ဖွဲ့ရှိလေသည်။ မိမိကိုဖိတ်ကြားသည့်အဖွဲ့မှာ Bodhidhamma Association ဖြစ်ပြီးလျှင် အဖွဲ့သည် ( ရွှေပြည်ကြီးလွတ်လပ်ရေးမရမီ ) ( ၁၉ ၄၇ ) ခုနှစ်ကပင် တည်ထောင်ခဲ့သော ဖင်လန်နိုင်ငံ၏ ပထမဦးဆုံးသော အဖွဲ့ဖြစ်ကြောင်းကိုလည်း ဖိတ်စာတွင်ထည့်သွင်းဖေါ်ပြပေးခဲ့သည်။ ဤသို့ သူတို့ပြောပြသည်များကိုနားထောင်ပြီးသောအခါ မိမိအကြောင်းကို ပြောပြဘို့အလှည့်ကျရောက်လာသဖြင့် မိမိ၏ ဘဝအစိတ်အပိုင်းအချို့ နှင့် ခံယူချက်များ၊ သာသနာရေးအမြင်များကို အကျဉ်းချုပ်၍ ပြောပြလိုက်သည်။ သို့စဉ် နေ့လည် ( ၂ ) နာရီအချိန်သို့ရောက်ရှိလာခဲ့သဖြင့် ရင့်မာနေသော အဘိဓမ္မာကိုယ်ဝန်ကိုသားဖွားပေးရတော့သည်။ သင်တန်းစလျှင်စချင်း မျက်တောင်မခတ်ဘဲ စူးစိုက်သည့်မျက်လုံးများဖြင့် စုပြုံ၍ မိမိ၏မွေးမြူပြုစုကို လေးလေးနက်နက်ခံယူကြသည်။ မိမိကလည်း သတိကြီးစွာထား၍ ပြုစုသင်ကြားပေးလိုက်သည်။ သန္ဓေသားလေးကား မွေးလေပြီ။ ကျေနပ်စရာ ချစ်စရာကောင်းသော သားငယ်လေးပင်ဖြစ်သည်။ ပို၍ကြည်နူးစရာကောင်းသည်မှာ သူတို့၏မျက်နှာများကား စူးရှဝင်းပနေကြခြင်းပင်ဖြစ်တော့သည်။ အဘိဓမ္မာအသိဥာဏ်တည်းဟူသော သားကလေးသည် မငို မအော်ပါဘဲ ကြည်လင်ဝင်းပစွာဖြင့် ဦးခေါင်းတည်းဟူသော မိခင်ဝမ်းမှ ထွက်ကျလာခဲ့လေပြီ။ မိခင်လောင်းတို့၏ ဓမ္မတည်းဟူသောကျမ္မာရေးလိုက်စားမှု၊ ဥာဏတည်းဟူသောအာဟာရပြည့်ဝမှုတို့ကြောင့်ဖြစ်မည်ထင်သည်။ ( ဆက်လက်ဖေါ်ပြပါမည် )



***ဓမ္မမိတ်ဆွေများ၏အမှာစကား***