Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Friday, March 1, 2013

အနှိုင်းမဲ့အဖြည့်ခံ ယသောဓရာ ( ၁၀ )

မောင်တော်စွန့်ခွါသွားခဲ့တဲ့ ညကလေ နှမတော်ရဲ့အေးမြကြည်နူးဆွတ်ပျံ့တဲ့ နှုတ်ခမ်းပါးလေးတွေဟာ လွင့်စင်ကွယ်ပျောက် ခြောက်ကပ်ညှိုးသွေ့ခဲ့ရပါပီ။ ဒါတင်မက မလိုလားအပ် မလိုချင်တဲ့ မျက်ရည်တွေကလဲ ပါးပြင်ပေါ်မှတဆင့် အိပ်ရာတပြင်လုံး လွှမ်းဖုံးစိုရွှဲနေခဲ့ရပါပီ။ အထီးကျန်ညမင်းကြီးဟာ နှမတော်ရဲ့အချစ်၊ သစ္စာနဲ့ စောင့်ဆိုင်းခြင်းတွေကို သက်သေပြုခဲ့ပါရဲ့၊ အဲဒီစောင့်ဆိုင်းခြင်းတွေဟာ ခုမှမဟုတ်ဘူးလေ၊ ဟိုလွန်ခဲ့သော အသင်္ချေ ကမ္ဘာများစွာကတည်းကပါ။ နောက်ပီးတော့လေ အဲဒီစောင့်ဆိုင်းခြင်းဟာ နှမတော်ရဲ့ကံကြမ္မာဆိုလဲမှန်ပါတယ်။ ဒါပေမယ့်လဲ မောင်တော်ဟာ နှမတော်ကို ဘဝအကြိမ်ကြိမ်စွန့်ခွါခဲ့လို့  ကြွင်းကျန်နေတဲ့ ကံကြမ္မာနဲ့ ဆက်လက်ရှင်သန်ရုံမှတပါး ဘာများတတ်နိုင်အုံးမှာလဲ မောင်တော်ရယ်။ နှမတော်ဟာ ကြွယ်ဝချမ်းသာမှုတွေ၊ စည်းစိမ်ချမ်းသာတွေ၊ ပိုင်ဆိုင်မှုတွေစတဲ့ အရာရာများစွာကို စွန့်လွှတ်ခဲ့ပီးပါပီ။ ခုထိလဲ မောင်တော်နဲ့ခွဲရတဲ့ ဆင်းရဲဒုက္ခကို ခံစားနေရဆဲပါ။

           နန်းတော်တွင်းမှာ ကမ္ဘာလောကရဲ့ထိပ်တန်းကျလှတဲ့ စည်းစိမ်တွေ၊ အားလုံးသော ရင်သပ်ရှုမောဘွယ်ရာတွေ၊ ခမ်းနားကြီးကျယ်မှုတွေအားလုံးဟာ မောင်တော်စွန့်ခွါသွားပီးတဲ့နောက် တစ်စက္ကန့်လေးမှ  အေးချမ်းကြည်နူးမှု
ရသတွေမရခဲ့တော့ပါဘူး။ လောကရဲ့ ထိပ်တန်းဆိုတဲ့အရာရာတွေဟာ ဘဝရဲ့ မှောင်နဲ့မဲမဲထဲမှာ အဓိပ္ပါယ်ကင်းမဲ့ပီး အနှစ်ဝေးလှပါတယ်။ နန်းတော်ထဲက ဖြေဖျော်နေကျ တေးဂီတတွေကိုလဲ ပျော်ရွှင်စရာလို့မမြင်တော့ဘဲ
သေဆုံးသူအတွက် တရားပြတဲ့ ဓမ္မတေးတွေအဖြစ်နဲ့သာ ခံစားရမိပါတော့တယ်မောင်ရယ်။ နှမတော်ရေးချယ်ခဲ့ရတဲ့ ဘဝအလှပန်းချီကားကို ညစ်ပတ်ပေရေနေတဲ့ နေ့နဲ့ညဆိုတဲ့ ကျောက်တုံးကြီးတွေပေါ်မှာ မညှာမတာ ဆက်ကာဆက်ကာ လူးလှိမ့်ပီးတော့ ပစ်ချကြည့်လိုက်စမ်းပါ။ အဲသလိုပစ်ချသော်လဲ တောက်ပသန့်စင်တဲ့ အမျိုးသမီးကောင်းတစ်ယောက်ရဲ့ နှလုံးသား ဝတ်စုံကို ဝတ်ဆင်ထားဆဲဖြစ်ပီးတော့ နှမတော်ရဲ့ခံစားချက်တွေကိုလဲ အဖြူရောင်သန့်သန့်နဲ့ နွေးထွေးထားဆဲဆိုတာ
မောင်တော်သိရမှာပါ။

        မောင်တော်မရှိတော့တဲ့ နှမတော်ရဲ့ဘဝဟာ သောကပင်လယ်ကြီးထဲမှာဆင်းပီးတော့ ပရိဒေဝ ရေပူတွေကို သောက်သုံးရင်း  အလွန်နာကျင်စွာခံခက်လှတဲ့ ဥပါယာသဆိုတဲ့ ရေငံပူတွေထဲမှာ စိမ်နှစ်ချိုးနေခဲ့ရပါတယ်။ နောက်ပီးတော့လေ
နှလုံးသားရဲ့ရင်ခုန်သံစည်းချက်တိုင်းဟာလဲ သိုင်းသိုင်းဝိုင်းဝိုင်းမရှိတော့ဘဲ အထီးကျန်ခြောက်ကပ်လှပါတယ်။ ဘာကြောင့်များ ဘဝဆက်တိုင်းနီးပါးမှာ ဒီလိုအပြစ်ဒဏ်တွေခံစားနေရလဲ၊ မောင်တော်ကို ဘာအပြစ်တွေများ ကျူးလွန်ခဲ့မိလဲဆိုတာ သိချင်လိုက်တာ။ တကယ်လို့ ဖန်ဆင်းရှင် ထာဝရဘုရားသာရှိခဲ့မယ်ဆိုရင် ဘာလို့များ ဒီလိုဘဝမျိုးကိုမှ နှမတော်အတွက် ရွေးချယ်ပေးရသလဲဆိုတာ စိတ်လိုက်မာန်ပါ မေးချင်လိုက်တာလေ။ ထာဝရဖန်ဆင်းရှင်ဘုရားဆိုတာ ကျိုးကြောင်းယုတ္တိသဘာဝအရရော၊ ဝိဇ္ဇာဥာဏ်တော်တွေကို ထိုးထွင်းသိမြင်တော်မူကြတဲ့ ဝိဇ္ဇာဥာဏ်တော်ရှင်များရဲ့လက်တွေ့ ရှုထောင့်အရပါ ဘယ်လိုမှ မရှိနိုင်ဘူးဆိုတာ မောင်တော်သင်ပြလို့ သိထားခဲ့ပီမို့ ဘယ်သူ့ကိုများ အပြစ်တင်ရတော့မှာလဲလေ။

        တကယ်တော့ ကိုယ်ရွေးချယ်ခဲ့တဲ့ ကိုယ့်ဘဝဇာတ်လမ်းပါပဲ။ လောကကြီးတော့ထင်ကြမယ်။ အနစ်နာခံနိုင်လွန်းလိုက်တာ၊ အချစ်အတွက် မိုက်ရူးရဲဆန်လိုက်တာလို့ပေါ့။ နှမတော်ကတော့ အနစ်နာခံရတယ်လို့မမြင်မိပါဘူး၊ ဘယ်တုန်းကမှလဲ မတွေးခဲ့မိပါဘူး။ မဟာလူသားယောက်ျားသားတစ်ယောက်အတွက် နှမတော်ရဲ့ရွေးချယ်မှု သက်သက်ရယ်ပါ။ ယောကျာ်းသား တစ်ယောက်အတွက် မက်မက်မောမော မိုက်ရူးရဲဆန်တာလဲ မဟုတ်ပါဘူး။ လောကအတွက် အနှိုင်းမဲ့ကောင်းကျိုးတွေကို သယ်ပိုးနေတဲ့ မဟာသူတော်စင်တစ်ယောက်အတွက် သက်သက်ဖြည့်ဆည်းခြင်းမျှသာရယ်ပါ။ တကယ်လို့ အသိပညာမဲ့တဲ့ လူမိုက်တစ်ယောက် သို့မဟုတ် ပညာတတ်သော်လဲ လောကအတွက် အဖျက်မျှသာကျေးဇူးပြုသူတစ်ယောက် သို့မဟုတ် လောကကိုဖျားယောင်းလိမ်လည်နိုင်စွမ်းသော စည်းရုံးရေးသမားကောင်းတစ်ယောက် သို့မဟုတ် လောကမှာ အလွန်ကျော်ကြားတဲ့ ရှင်ဘုရင်ကြီးဖြစ်နေရင်တောင် နှလုံးသားအနှစ်မဲ့နေရင် နှမတော် မပေးဆပ်ပါဘူး။ အနစ်နာမခံနိုင်ပါဘူး။ အထူးသဖြင့်တော့ ပယ်လင်ပြင်လောက်ကျယ်ပြန့်တဲ့ သံတွေမီးကျီးခဲတွေကို လက်ပစ်ကူးမှ ဘုရားဖြစ်မယ်ဆိုရင်တောင် တစ်စက်ကလေးမှ နောက်မတွန့်ဘဲ ရဲရဲရင့်ရင့်ကူးသွားမယ့် မောင်တော်ရဲ့ သတ္တိနဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်ကိုလဲ လေးစားလွန်းလို့ ဖြည့်ဆည်းတာပါ။ နောက်ပီးတော့ မောင်တော်ဟာ စကြာဝဠာအတွက် အသက်ကိုပင်စွန့်လွှတ်ပီးတော့ ဖြည့်ဆည်းနေတဲ့ ကရုဏာသက်ဝင် ပညာရှင်တစ်ယောက်မို့လဲ ဒီလောက်ထိ ရွေးချယ်ပေးဆပ်ခဲ့ရတယ်ဆိုတာ ကမ္ဘာအဆက်ဆက် သစ္စာကျိန်ဆိုရဲပါတယ် မောင်တော်ရယ်။

            နှမတော်ဟာ မောင်တော်ကို ဘဝအဆက်ဆက်ကိုယ်ကျိုးမဖက်ဘဲ သစ္စာနဲ့ယှဉ်ပီး ဘဝတစ်ခုလုံးပုံအပ်ကာ ချစ်ခဲ့ပါပီးပါပီ။ မောင်တော်အတွက် မပျော်ရွှင်မှုတွေ၊ ငြီးငွေ့မှုတွေ၊ သစ္စာမဲ့မှုတွေ၊ အပူမီးတွေကို ဘယ်တုန်းကမှ ဘယ်လိုအကြောင်းကြောင့်မှ ဘယ်နည်းနဲ့မှ မသယ်ဆောင် မဖန်တီးခဲ့ရပါဘူး။ နှမတော်စွမ်းနိုင်သမျှအရာရာကို မောင်တော်အတွက် ပါရမီဖြည့်ဖက် ဇနီးကောင်းတစ်ယောက်အနေနဲ့  ဖြည့်ဆည်းခဲ့တာချည်းသက်သက်ပါနော်။ သားလေးမွေးဖွားလာပြန်တော့လဲ မိခင်ကောင်းတစ်ယောက်အနေနဲ့ အူထဲအသဲထဲက အမြဲပဲပြုစုစောင့်ရှောက်ခဲ့ပါတယ်။ အဲဒီသားလေးဟာလေ မောင်တော်ရဲ့ အသွေးအသားထဲက သားလေးပေါ့။ နေ့ရောညပါ ရှုမဝ ကြည့်မဝ ချစ်မဝနိုင်တဲ့ သားလေးလေ။ နှမတော်ရဲ့ ကိုယ်ပိုင်ဘဝအတွက် ခမ်းနားကြီးကျယ်မှုတွေ၊ ထိပ်တန်းကျမှုတွေ၊ စည်းစိမ်တွေ၊ ပိုင်ဆိုင်မှုတွေ အရာရာအားလုံးကို ရရှိဘို့ ဘယ်တုန်းကမှ မကြိုးစားခဲ့သလို ဘယ်တုန်းကမှလဲ မောင်တော်ဆီက မတောင်းခံခဲ့ရပါဘူး။ မောင်တော်ရဲ့ အိမ်ထောင်ဖက် ကြင်ယာသက်ထားအဖြစ်မျှထက် မောင်တော်ရဲ့ ပါရမီဖြည့်ဖက်အဖြစ် အသက်ပေးလို့ ပုံအပ်ယုံစားခဲ့ရ၊ ကိုးကွယ်ခဲ့ရသူပါ။ ဒါတောင်မှလေ ကံကြမ္မာမုန်တိုင်း ရိုင်းပြစွာဝင်မွှေ့လေတော့ မောင်တော်ဟာ စကားလေးတစ်ခွန်းမျှတောင် မပြောတော့ဘဲ တိတ်တဆိတ်စွန့်ခွါသွားရက်လိုက်တာနော်။

        မောင်တော်ဟာ နှမတော်ထက် သဗ္ဗညုတဥာဏ်တော်ကြီးကို ပိုလို့ချစ်တယ်ဆိုတာ နှမတော်သိတယ်လေ။ သာမန်မိန်းမသားတစ်ယောက်အနေနဲ့ဆိုရင် ကိုယ့်ကိုယ်ကိုပဲ ချစ်စေချင်မှာ အမှန်ပါ။ မုန့်ကိုသာ ဝေစားနိုင်ပေမယ့် အချစ်ကို ဝေမစားနိုင်ကြပါဘူး။ နှမတော်ကတော့လေ ဘဝအဆက်ဆက်မှာ အမြဲတန်း အချစ်ကို ဝေငှခဲ့ရသူပါ။ သို့သော်လဲ မောင်တော်က ဖောက်ပြန်တတ်တဲ့ယောကျာ်းမဟုတ်ဘူးဆိုတာလဲ နှမတော် အသွေးထဲ အသားထဲ နှလုံးသားထဲ အို ဦးနှောက်ထဲကပါ သိနေခဲ့ပါတယ်။ မောင်တော်နဲ့ နှမတော်ကွဲကွာခဲ့ကြတဲ့ အခါတိုင်းဟာ မောင်တော်မကြင်နာလို့မလို့မဟုတ်ဘဲ ဆိုးရွားလွန်းတဲ့ လောကဓံရဲ့ ရိုက်ချက်တွေကြောင့်ရယ်၊ မောင်တော်ရဲ့ လောကကိုကယ်တင်ရေးအတွက် သဗ္ဗညုတဥာဏ်တော်ကိုရရှိရေးတွေအတွက်ကြောင့်ရယ်ဆိုတာ သိတယ်လေ။ ဒါကြောင့်လဲ အမြဲပဲခွင့်လွှတ်နိုင်ခဲ့တာပါ။

      မောင်တော်လိုအနှိုင်းမဲ့လူသားတစ်ယောက်ကို ဖြည့်ဆည်းဘို့အတွက် အနှိုင်းမဲ့ပေးဆပ်ရမယ်ဆိုတာ မောင်တော်နဲ့ စတွေ့ခဲ့တဲ့ ဟိုး လေးအသင်္ချေနဲ့ကမ္ဘာတစ်သိန်းကာလ ကတည်းက သိခဲ့ နားလည်ခဲ့ ဆုံးဖြတ်ခဲ့တာပါ။ မဟာယောက်ျားသား တစ်ယောက်နဲ့အတူ ယှဉ်တွဲနေထိုင်ပီးတော့ ပေးဆပ်နိုင်ပါမှ မဟာမိန်းမသားတစ်ယောက်ဖြစ်မှာမလား။  ဒါကလဲ မောင်တော်က စည်းရုံးသွေးဆောင်လို့မဟုတ်ဘဲ နှမတော်ကိုယ်တိုင်ဆုံးဖြတ်ခဲ့တာပါ။ အကြောင်းက မောင်တော်ရဲ့ သဗ္ဗညုတဥာဏ်တော်ရရှိရေး၊ စကြာဝဠာကြီးကိုကယ်တင် လမ်းညွန်ရေး ဆိုတဲ့ ခိုင်မာပြတ်သားတဲ့ ရည်မှန်းချက် ဆုံးဖြတ်ချက်တွေကို မြတ်နိုးလွန်းလို့ပါ မောင်တော်ရယ်။  ဘာပဲဖြစ်ဖြစ်လေ နှမတော်ရဲ့ ပါဝင်ဖြည့်ဆည်းမှုကို မောင်တော်က အသိမှတ်ပြုပီး အသာတကြည်လက်ခံတာကိုပဲ ကျေးဇူးအနန္တပါ။ ဂုဏ်အနန္တပါ။ ဝမ်းသာမှုအနန္တပါလို့ ပြောပါရစေနော်။

        နန်းတော်ကထွက်ခွါသွားပီးလို့ ခြောက်နှစ်အလွန်မှာတော့ မောင်တော်တိုင်းပြည်ကိုပြန်ရောက်လာခဲ့တယ်နော်။
မောင်တော်ပြန်ရောက်လာရင်တော့ အပြေးကလေးကြိုကာ ထွေးပွေ့လို့နွေးထွေးလိုက်မယ်လို့ စိတ်ကူးယဉ်ထားပေမယ့်
မောင်တော်ရဲ့ အနှိုင်းမဲ့မြင့်မြတ်လှပီး အသရေစုံအောင်တင့်တယ်လှတဲ့ အနှိုင်းမဲ့ မဟာလူသား ဘုရားဖြစ်လာခဲ့ပီဆိုတာကို  ဖူးမြင်လိုက်ရချိန်မှာတော့ နှမတော်ရဲ့ စိတ်ကူးယဉ်အခွင့်အရေးလေးဟာ အဝေးသို့လွင့်စင် ပျက်ပြယ်ခဲ့ရပီပေါ့။
နောက်ပီး မောင်တော်က နှမတော်တို့ တူနှစ်ကိုယ် စံမြန်းခဲ့ကြဖူးတဲ့ တိုက်ခန်းကိုကြွရောက်လာတော့ မောင်တော်ရဲ့ ခြေဖမျက်ကို ကျစ်ကျစ်ပါအောင် ဖျစ်ညှစ်ဆုပ်နယ်ပီးတော့ မောင်တော်ရဲ့ခြေဖမိုးတော်ပေါ်မှာ ပါးကိုအပ်ကာ ဘယ်ပြန်ညာပြန်ထပ်တလဲလဲ စွဲနေအောင်  အားပါးတရ နန်းရှုပ်လိုက်မိတယ်။ ဒါပေမယ့်လေ နှမတော် မပျော်တော့ပါဘူး။ မပျော်တော့ပေမယ့်လဲ
ခြေဖမိုးတော်ကို နောက်ဆုံးအနေနဲ့ နန်းရှုခွင့်ရတာကိုပဲ ကိုယ့်ကိုယ်ကို  ဖြေဆည်ကျေနပ်နှစ်သိမ့်ရပါတော့တယ်။
မောင်တော်ရဲ့ခြေဖမိုးပေါ်မှာ ကျလာတဲ့ နှမတော်ရဲ့ မျက်ရည်တွေဟာ မျက်လုံးထဲက မျက်ရည်တွေ မဟုတ်ပါဘူး။ နှလုံးသားထဲ အသွေးတွေထဲ အကြောတွေထဲ အသဲထဲက ထွက်ကျလာတာပါ မောင်တော်ရယ်။

        ဟိုအရင်ကလို မောင်တော်ရဲ့ ရင်ခွင်ထဲမှာ မှေးစက်ခွင့်တွေလဲ ဘယ်တော့မှ ပြန်ရနိုင်မှာ မဟုတ်တော့သလို မောင်တော်ရဲ့ အနန်းဖွဖွလေးတွေကိုလဲ အစဉ်အမြဲစွန့်လွှတ်လိုက်ရပီဆိုတာ မောင်တော်ကို မြင်လိုက်ရကတည်းက သိလိုက်ပါပီ။ သိတာက ဒီလိုပါ၊ မောင်တော်ရှာဖွေတွေ့ရှိခဲ့တဲ့ သစ္စာတရားတွေနဲ့ နှမတော်လက်ခံထားဆဲ သစ္စာတရားတွေဟာ မိုးနဲ့မြေလို ဟိုးအဝေးကြီးမှာ ကွာဟခဲ့ပီ။ သစ္စာလမ်းတွေ ခွဲခဲ့ရပီ။ ဒဿနတွေ ကွဲပြားခဲ့ကြပီ။  ကမ္ဘာအဆက်ဆက် မပျက်ပြယ်ခဲ့တဲ့
မောင်တော်နဲ့ နှမတော်တို့ရဲ့အကြားက အချစ်နဲ့သစ္စာဆိုတာတွေဟာ နိဂုံးချုပ်ခဲ့ရပီ၊ ဘဝတွေခြားခဲ့ရပီ၊ ဘယ်တော့မှလဲ ပြန်လည်လို့ ဂဟေဆက်တွဲစပ်လို့လဲ မရနိုင်တော့ဘူး။ မောင်တော်ဟာ စကြာဝဠာရဲ့အနှိုင်းမဲ့လူသား ဘုရားတစ်ပါးဖြစ်လာတာကို
ဖေါ်မပြနိုင်လောက်အောင် ကျေနပ်ပေမယ့် အချစ်နဲ့သစ္စာလမ်းခွဲခဲ့ရတဲ့ နှမတော်ရဲ့ ဘဝအတွက်တော့ မပျော်ပိုက်တော့ပါဘူး မောင်တော်ရယ်။ နှမတော်ရဲ့ ရင်ထဲမှာ အပြုံးတဝက်၊ အမဲ့တစ်ဖက်၊ ရီတစ်ခါ နာတလှည့်၊ ကြည်နူးခြင်း တစ်ဝက်၊ နာကျင်ခြင်းတစ်ဝက်၊ ဝမ်းနဲ့ခြင်းပက်လက်၊ ဝမ်းသာခြင်းတစ်သက်၊ ကြေကွဲခြင်း တစ်ဖက်၊ ကြည်နူးဆွတ်ပျံ့ခြင်း တစ်ဖက်ရယ်ပါ။ ဘာပဲဖြစ်ဖြစ်လေ မောင်တော်လျှောက်လှမ်းတဲ့လမ်းစဉ်ကို လိုက်ရုံမှတပါး အခြားရွေးချယ်စရာ ဘာများရှိအုံးမှာလဲ။ မောင်တော် တွေ့ရှိခဲ့တဲ့ လောကုတ္တရာ သစ္စာလမ်းစဉ်ကိုသာ အတူလျှောက်ဘို့ ခေါ်ပါတော့။ ခေါ်ပါစေတော့ ခေါ်ပါတော့ မောင်တော်ရယ်။ ( ဆက်လက်ဖေါ်ပြပါမယ် )

Thursday, February 21, 2013

အနှိုင်းမဲ့အဖြည့်ခံ ယသောဓရာ ( ၉ )

ကပိလဝတ္ထုနိုင်ငံတော်က ဘုရားအလောင်းတော်သိဒ္ဓတ္ထမင်းသားနဲ့  ဒေဝဒဟနိုင်ငံတော်က အလှသရဖူ ယသောဓရာဒေဝီ မင်းသမီးတို့ဟာ သိဒ္ဓတ္ထမင်းသား အသက် ၁၆နှစ်အရွယ်ရောက်တဲ့အခါမှာ ထိမ်းမြားလက်ထပ်ခဲ့ကြပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ အသက်အရွယ်အတူတူပါပဲ။ ဘဝအဆက်ဆက်မှာလဲ ပါရမီဖြည့်ဘက်တွေဖြစ်ခဲ့ကြ ချစ်ခဲ့ကြပီးတော့ အတူတူပရိနိဗ္ဗာန်စံကြမယ့် နောက်ဆုံးဘဝမှာတော့ ဖြည့်ဆည်းပူးခဲ့ကြရတဲ့ ပါရမီတော်တွေရဲ့ အလွန်ရင့်ကျက်အစွမ်းထက်သော အရှိန်အဟုန်တွေကြောင့် ပိုလို့ပိုလို့ ချစ်ကြရပြန်ပါတယ်။ သို့သော် သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းဟာ အစွန်းမရောက်ဘဲ ရင့်ကျက်တည်ငြိမ်တဲ့ အလယ်အလတ်လမ်းစဉ်အချစ်မျိုးပါ။ အလယ်အလတ်ဆိုလို့ သိပ်မချစ်ကြတဲ့ အကြင်နာနဲတဲ့ အချစ်မျိုးလို့ ဆိုလိုတာမဟုတ်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်သိပ်ချစ်ကြတယ်။ သို့သော် အဲဒီအချစ်ကြောင့် လောကဓံအမျိုးမျိုးနဲ့ကြုံတွေ့ကြရတဲ့အခါမှာ ဘယ်သူ့ကိုမှမထိခိုက်မနစ်နာရလေအောင် ဖေါ်ဆောင်ကြိုးစားနိုင်တယ်။ သူတို့နှစ်ယောက်ရဲ့လမ်းခရီးမှာ လောကရဲ့ အခြေအနေအမျိုးမျိုး အကြောင်းအရပ်ရပ်ကြောင့် အခက်အခဲမျိုးစုံကိုရင်ဆိုင်ကြရတဲ့အခါတွေမှာ ဘယ်သူ့ကိုမှလဲ အပြစ်ပုံမချ၊ လောကကိုလဲ အပြစ်မတင်၊ ကံကြမ္မာကိုလဲ ရိုးမယ်မဖွဲ့ဘဲ ကြုံလာတိုင်းသောအခက်အခဲတွေကို နှစ်ယောက်ပေါင်းပီး သူတော်ကောင်းစိတ်နဲ့ ဖြေရှင်းခဲ့ကြ ရင်ဆိုင်ခဲ့ကြတဲ့ အချစ်မျိုးလို့ ဆိုလိုတာပါ။

       ဒီလိုနဲ့သူတို့နှစ်ယောက်ရဲ့ခမ်းနားထည်ဝါလှတဲ့ နန်းတွင်းစည်းစိမ်ခံ အိမ်ထောင်ရေးဟာ ၁၃ နှစ်ကြာမြင့်ခဲ့ပါတယ်။ ဒီ ၁၃ နှစ်ဆိုတဲ့ကာလအတောအတွင်းမှာ စိတ်ညစ်စရာ ဝမ်းနဲစရာ ကြေကွဲစရာဆိုတဲ့ အခြေအနေမျိုး ဖြစ်ရပ်မျိုးကို တစ်ကြိမ်တစ်ခါမှ မတွေ့ကြုံခဲ့ဖူးပါဘူး။ ကြေကွဲ ဝမ်းနဲပူဆွေးခြင်းဆိုတာတွေဟာ ရံဖန်ရံခါမှာ စကားလုံးအသံမျှကိုသာ ကြားဖူးသော်လဲ လက်တွေ့ဘဝမှာ နားလည်းမလည်၊ ကြုံလည်းမကြုံ၊ တကယ်တမ်းလက်တွေ့ဘဝမှာ ကြုံရဆုံရတာတွေက မောင်တော်ရဲ့ အကြင်နာတွေကြောင့် နေ့စဉ်ကျေနပ် ကြည်နူးခြင်းတွေသာပါပဲ။  ဒီ ၁၃ နှစ်ကာလအလွန်မှာတော့ ရာဟုလာဆိုတဲ့ သားတော်လေးတစ်ပါး ထွန်းကားခဲ့ပါတယ်။ သားတော်လေး ထွန်းကားဖွားမြင်တော်မူတဲ့ နေ့မှာပဲ အလောင်းတော်က အလှသရဖူပိုင်ရှင် ဇနီးသက်လျာ ယသောဓရာကို နှုတ်ကလေးတောင်မဆက်ဘဲ စွန့်ခွါထွက်ပြေးသွားခဲ့ပါတယ်။ အဲဒီခေတ်အဲဒီအခါရဲ့ ယဉ်ကျေးမှုအရ လင်ယောကျာ်းမရှိတဲ့ မိန်းမသားတစ်ယောက်ရဲ့ဘဝဟာ အလွန်ပဲ ဂုဏ်ငယ်လှပါတယ်။ မိန်းမသားတစ်ယောက်ရဲ့ ဘဝတစ်ခုလုံးဟာ လင်ယောကျာ်းထံမှာ အပ်နှင်းမြှုတ်နှံထားရပါတယ်။ သားလေး မွေးဖွားလာလို့ ဂုဏ်ယူခြင်းများစွာနဲ့အတူ မောင်တော်ကိုကျေနပ်ကြည်နူးခြင်းတွေနဲ့ရင်ဖွင့်ပီး ပိုလို့ခိုင်မာတဲ့ မိသားစုအဖြစ်ရည်မှန်းမိသော်လဲ ခုတော့လေ ခဲလေသမျှသဲရေကျခဲ့ရတဲ့ အခြေအနေကိုဆိုက်ရောက်ခဲ့ရပါပီ။

       မောင်တော်က နှမတော်ကိုစွန့်ခွါထွက်ပြေးသွားပီဆိုတာ သိလိုက်ရပီးတဲ့ နောက်မှာတော့ ယသောဓရာတစ်ယောက်ထဲ အံခဲလို့ ကွဲရှသွားခဲ့တဲ့အသဲကို မြဲမြံတည်ငြိမ်အောင်ထိန်းသိမ်းရင်း အတွေးကမ္ဘာထဲမှာ ဆွေးမြေ့ကြေကွဲစွာပဲ သံသရာတစ်ယောက်ထဲ လည်နေခဲ့ရပါတော့တယ်။ မောင်တော်ရယ် မောင်တော်က နှမတော်ကိုစွန့်ခွါထွက်ပြေးသွားတဲ့ညကလေ သာမန်ညမျိုးမဟုတ်ခဲ့ပါဘူး။ ညဆိုမှ တကယ့်ဝါဆိုလပြည့်ညကြီးပေါ့။ လမင်းကြီးရဲ့ ဝင်းဝင်းဝါ ကြည်လင်သာယာတဲ့ အရောင်အလင်းတွေဟာ လောကကြီးကို တန်ဆာဆင်နေခဲ့တယ်။ အဲဒီအချိန်မှာလေ  ကြည်နူးမဆုံးနိုင်တဲ့ သဘာဝအလှတရားတွေပြည့်နေတဲ့ ညနက်သန်းခေါင်ကြီးပေါ့မောင်တော်ရယ်။ လူတွေ တိရစ္ဆာတွေအပါအဝင် သက်ရှိသတ္တဝါအားလုံး အိပ်မောကျနေချိန်ကြီးပေါ့။ အားလုံးဟာ တိတ်ဆိတ်ငြိမ်သက်ပီး အသက်ကင်းမဲ့ကာ ဟာလာဟင်းလင်းကြီးဖြစ်နေခဲ့တာပေါ့။ ဒီအချိန်မှာ ညဇီးကွက်ကြီးတစ်ကောင်က ဗလာကျင်းနေတဲ့ လောကကြီးကို အသံသွင်းပီး ဖြည့်ဆည်းရင်း တကြော်ကြော်အော်ဟစ် မြည်တမ်းနေလေရဲ့။ အဲဒီအချိန်လေးမှာပဲ လမင်းကြီးဟာ မဲမှောင်ထူထပ်လှတဲ့ တိမ်လွှာစောင်ကြီးကို ခေါင်းမီးခြုံရင်း ချက်ချင်းပဲ ပုန်းကွယ်သွားလေရဲ့။ မကြာမီမှာပဲ ကောင်းကင်ရင်ခွင်ကြီးတစ်လုံးဟာ အမှတ်မထင်ပေါက်ကွဲပီးတော့ ကောင်းကင်ဘုံသား နတ်သားနတ်သမီးတွေဟာ လှိုက်လှဲကြေကွဲစွာ ငိုကြွေးကြတော့မယ် ထင်မိပါရဲ့လေ။ ကောင်းကင်ရင်ခွင်ကြီးနဲ့ ကောင်းကင်ဘုံသား နတ်သား နတ်သမီးတွေဟာ နှမတော်ရဲ့ မေတ္တာနဲ့အကြင်နာကို နားလည်ခံစားနိုင်ကြမယ်ဆိုရင်ပေါ့။

    ဒါပေမယ့်လေ လောကကြီးက နှမတော်ဘက်မှာ နဲနဲလေးမှမရပ်တည်ခဲ့ပါဘူး။ ခံစားနားလည်မပေးခဲ့ကြပါဘူး မောင်တော်ရယ်။ ဒီလိုအချိန်မှာ သားတော်လေးကိုရင်ခွင်ထဲမှာနွေးထွေးစေပီးတော့မှ နှမတော်ရဲ့ အံကြိတ်ကာထိန်းချုပ်ထားရတဲ့ သက်ပြင်းချသံတွေဟာ နှုတ်ခမ်းဝမှ ညင်သာစွာ ထွက်ခွါလာကြလေရဲ့။ ရင်တွင်းခံစားချက်ဟာ နှိုင်းမရအောင် ပြင်းပြနေပေမယ့် ညင်သာစွာပဲ သက်ပြင်းချပီး တည်ငြိမ်စွာပဲငိုကြွေးနေခဲ့ရတာပေါ့။ မောင်တော်က နူးညံ့ပျော့ပျောင်းတတ်အောင် သင်ပေးခဲ့တဲ့ကျေးဇူးတွေကြောင့်ပေါ့ မောင်တော်ရယ်။  နောက်ပီးတော့လေ နှမတော်ရဲ့အမူအရာ အသွင်အပြင်တွေကိုသာ ထိန်းချုပ်နိုင်ခဲ့ပေမယ့် ထိန်းချုပ်လို့မရနိုင်တဲ့ နှမတော်ရဲ့ မျက်ရည်တွေကလေ အရှိန်ပြင်းစွာပေါက်ကွဲထွက်ပေါ်လာပီးတော့ အိပ်ရာခင်းနဲ့ခေါင်းအုံးပေါ်မှာ စက်စက်ယိုကျနေခဲ့ရပီပေါ့။ မောင်တော်စွန့်ခွါသွားတဲ့ ညမင်းကြီးတစ်ညလုံးဟာ နှမတော်ရဲ့ အချစ်နဲ့စောင့်ဆိုင်းခြင်းကို သက်သေပြုနေကြလေရဲ့လေ။ အဲဒီစောင့်ဆိုင်းမှုဟာလေ လွန်ခဲ့သော ကမ္ဘာအသင်္ချေများစွာကတည်းက ခုချိန်ထိပေါ့မောင်တော်ရယ်။ နောက်ပီးတော့ အဲဒီစောင့်ဆိုင်းမှုဟာ နှမတော်ရဲ့ ကံကြမ္မာပါပဲမောင်တော်ရယ်။ ကြွင်းကျန်နေသေးတဲ့ ကံကြမ္မာကို စောင့်ဆိုင်းရှင်သန်နေရုံမှတပါး အခြားဘာဆိုဘာမှ လုပ်နိုင်စွမ်းမရှိတော့ဘူးလေ။ မောင်တော်ကို လွန်ဆန်ပီးလုပ်ချင်တဲ့ ဆန္ဒတွေမရှိတော့ဘူးဆိုရင် ပိုလို့မှန်ကန်မှာပါ။ နှမတော်ရဲ့ ဘဝအဆက်ဆက် ဆုံးဖြတ်ချက်နဲ့ အချစ်တွေဟာ မောင်တော်အတွက် ဖြည့်ဆည်းဘို့သက်သက်ပဲဆိုတာ မောင်တော်အသိဆုံးပါလေ။

        ဘယ်လိုပဲဖြစ်ပါစေ၊ မောင်တော်ကို ဘာအကြောင်းကြောင့်မှ အပြစ်တင်လို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ မောင်တော်ရဲ့ လုပ်ရပ်တိုင်းဟာ တစ်ဖက်သားနစ်နာအောင် ဘယ်တော့မှမလုပ်ဘဲ လောကအတွက် အဖြူထည်သက်သက် ကိုယ်ကျင့်သန့်သန့်နဲ့ မြင့်မြတ်သော စတေးခြင်းသက်သက်မျှသာ ဖြစ်တယ်ဆိုတာကို နှမတော်သိထားခဲ့ နားလည်ခဲ့ ယုံကြည်ခဲ့လို့ပေါ့။ နောက်ပီးတော့လေ မောင်တော်နဲ့ ဘဝအဆက်ဆက် ပေါင်းဖက်ခဲ့ရလို့သာ ခုလိုစွန့်လွှတ်ရေးသတ္တိတွေ၊ အနစ်နာခံနိုင်စွမ်းရည်တွေ၊ စစ်မှန်တဲ့ ချစ်သတ္တိတွေ၊ လောကကောင်းကျိုးမှန်သမျှအတွက် ရက်ရောစွာ ပေးဆပ်နိုင်တဲ့ နှလုံးသားတွေ၊ အကောင်းအဆိုးနဲ့ အကြောင်းအကျိုးကို ခွဲခြားဝေဘန်နိုင်ပီး ကောင်းကျိုးကိုသာဦးတည်ဖန်တီးနိုင်တဲ့ ဥာဏ်စွမ်းတွေ၊ ဘဝအဆက်ဆက်မှာ အထက်တန်းကျ မျက်နှာပန်းလှတဲ့ ဘဝတွေကိုသာပိုင်ဆိုင်ရခြင်းတွေ စတဲ့စတဲ့အရာအားလုံးကို နှမတော်ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ အို ပြောပြရရင် သံသရာတစ်လျှောက်လုံးမှာ မောင်တော်ကြောင့် ရခဲ့တဲ့ အကျိုးအမြတ်တွေဟာ မကုန်ဆုံးနိုင်ပါဘူးမောင်တော်ရယ်။ ဒါကြောင့်လေ မောင်တော်စွန့်ခွါသွားတာကို မနာကျည်းရက်ဘူး။ မနာကျင်ရက်ဘူး။ နာကျည်းစရာ နာကျင်စရာမှ မဟုတ်ပဲလေ။ နှမတော်ရဲ့ နှလုံးသားမှာ ချစ်လို့မဝတာပဲသိတယ်။  စိတ်ဓာတ်နှဲ့လုပ်ရပ် အထက်တန်းကျလှတဲ့ မောင့်လို ယောကျာ်းကောင်းတစ်ယောက်နဲ့ ဘဝအဆက်ဆက်ပေါင်းဖက်ခွင့်ရခဲ့တာကိုပဲ ဂုဏ်ယူမဆုံး ကျေနပ်လို့မဆုံးပါဘူးလေ။ တကယ်တော့လေ နှမတော် နိဗ္ဗာန်ကိုမလိုချင်ဘူး၊ မတမ်းတဘူး။ မောင်တော်နဲ့ စတွေ့ခဲ့တဲ့ ဘဝ၊ မောင်တော်ဘုရားဆုပန်ခဲ့တဲ့ဘဝ၊ မောင်တော်လောကကြီးကို သို့မဟုတ် စကြာဝဠာကြီးကို ကယ်တင်ဘို့ကြိုးစားခဲ့တဲ့ဘဝတွေမှာ နှမတော်လေ ဘာဆုကိုမှမပန်ဆင်ခဲ့ဘူး။ ဘယ်လိုရာထူးအဆင့်ဆင့်တွေ စည်းစိမ်တွေကိုမှလဲ မမက်မောခဲ့ဘူး။ မောင်တော်နဲ့ လက်တွဲနေရရင် နှမတော်ရင်မှာ အစဉ်အမြဲ အမောပြေမယ်လို့ ယုံကြည်ခဲ့တယ်။ ယုံကြည်တဲ့အတိုင်းလဲ အပြည့်အဝခံစားခဲ့ရပါတယ်။ ဒါကြောင့်လဲ မောင်တော်နဲ့ပဲ အမြဲမခွဲဘဲ ဆက်လက် တွဲနေချင်ခဲ့တာပါ။

               နောက်ပီးတော့လေ မောင်တော်က နှမတော်ကို ချစ်တတ်အောင်သာသင်ပေးပီးတော့ မုန်းတတ်အောင်တော့ မသင်ပြခဲ့ဘူးနော်။ ဒီတော့ ဘယ်လိုကြောင့်မုန်းနိုင်တော့မှာလဲ မောင်တော်ရယ်။  မောင်တော်ကလေ နှမတော်ကိုသာ ချစ်တတ်အောင် အနစ်နာခံတတ်အောင် စာနာတတ်အောင် ပေးဆပ်တတ်အောင် သင်ပေးခဲ့တာမှမဟုတ်ဘဲလေ၊ တကယ်တော့ လူသားတွေအားလုံး စကြာဝဠာကြီးတစ်ခုလုံးကို ချစ်တတ်အောင် စာနာတတ်အောင် ပေးဆပ်တတတ်အောင် သင်ပေးပီး မုန်းဘို့လေးကျတော့ နဲနဲလေးမှသင်မပေးခဲ့ဘူးလေ။ လောကကြီးအပေါ်မှာ ဒီလောက်အထိ အချစ်ကြီးချစ်ပီး ဖြူစင်လွန်းလှတဲ့ ချစ်မေတ္တာတွေကို ဦးဆောင်သင်ပြပေးခဲ့တဲ့ မောင်တော်ကို ဘယ်လိုမုန်းရက်မှာလဲ မောင်တော်ရယ်။ အထူးပြောချင်တာက မောင့်အကြောင်းကို အူဘယ်နှစ်ခွေရှိတယ်ဆိုတဲ့အထိ သိနေတဲ့ နှမတော်က မောင့်ကို ဘယ်လိုမုန်းနိုင်မှာလဲ မောင်။ မောင့်ကို မုန်းတဲ့သူတွေ ကဲ့ရဲ့ပြစ်တင်သူတွေ၊ မထေမဲ့မြင်ပြုသူတွေ မလိုလားသူတွေ မနာလိုသူတွေဆိုတာ မောင့်အကြောင်းကို မသိကြလို့သာပါ။ တကယ်တော့လေ မောင့်အကြောင်းကို သိလေလေ မောင့်ကို ပိုချစ်လေလေ၊ မောင့်ကို ပိုချစ်လေလေ မောင့်အကြောင်းကို ပိုလို့သိလေလေ ဖြစ်ကြမှာပဲ ဆိုတာကို နှမတော် ယုံကြည်ပါတယ်။ ဒါကြောင့်လဲလေ မောင်တော်နဲ့ မျိုးနွယ်ချင်းမတူသူ၊ နိုင်ငံချင်းမတူသူ၊ အယူဝါဒမတူသူ၊ ဂိုဏ်းဂဏမတူသူ၊ အကျင့်မတူသူ၊ လမ်းစဉ်မတူသူ၊ စရိုက်ချင်းမတူသူ ဦးဆောင်မှုမတူသူတွေရဲ့အကြားမှာ မောင်တော်ဟာ အနှိုင်းမဲ့ ယုံကြည်မှုကို ရခဲ့သူဆိုတာ ဘယ်လိုမှချေဖျက်လို့မရတဲ့အထိ နောင်အဆက်ဆက် သက်သေဖြစ်နေမှာပါ မောင်တော်ရယ်။

      နောက်ပီးတော့လေ မောင်တော်က သံသရာကိုအမြစ်ပြုတ်အောင် တိုက်တဲ့နေရာမှာ အနှိုင်းမဲ့ ဦးဆောင်နိုင်တဲ့ အနှိုင်းမဲ့ ဗိုလ်ချုပ်ကြီးပေါ့။ ဒါပေမယ့်လေ နှမတော်ကတော့ တပ်ကူ တပ်ထောက်မျှသာရယ်ပါ။  ဒါပေမယ့် မောင်တော်က သံသရာကို ဆွဲဆန့်မယ်ဆိုရင်လဲ ဘယ်လောက်ပင်ဘဝသံသရာကြီးရှည်ကြာပါစေ၊ နှမတော် မမောပါဘူး။ မပန်းပါဘူး။ မငြီးငြူပါဘူး။ မငြိုငြင်ပါဘူး။ တကယ်တော့လေ  မောင်တော်သာ နှမတော်အနားမှာရှိနေရင် နှမတော်ဘဝတိုင်း ကျေနပ်ကြည်နူးနေမှာပါ။ စိတ်ဓါတ်ခွန်အား၊ နှလုံးသားခွန်အား၊ ယုံကြည်မှုခွန်အား၊ ကြိုးစားမှုခွန်အား၊ ဆင်ခြင်စဉ်စားမှုခွန်အား၊ တည်ငြိမ်မှုခွန်အား၊ အရာရာခွဲခြား နားလည်မှုစွမ်းအားတွေဟာ မောင်တော်ရဲ့ စွမ်းအင်တွေမှ နှမတော်လက်ခံရရှိခဲ့ရသူပါ။ အထူးတစ်ခုပြောပြချင်တာက လူသားတစ်ယောက်ရဲ့ဘဝ သို့မဟုတ် လူသားတွေရဲ့ဘဝတွေမှာ ခွန်အားမျိုးစုံတွေရယ် ကျေနပ်ကြည်နူးမှုနဲ့ ထာဝရတည်ငြိမ်အေးချမ်းမှုတွေရယ်ကို ပိုင်ဆိုင်နိုင်အောင် ဟန်ဆောင်မှုနဲ့ ကိုယ်ကျိုးမပါဘဲ သင်ကြားပေးနိုင်တာဟာ ဒီစကြာဝဠာကြီးမှာ မောင်တစ်ယောက်ထဲပဲ ရှိတယ်ဆိုတာ ဥာဏ်ပညာကြီးကျယ်သူတိုင်း သိပါတယ်မောင်တော်ရယ်။ ဒါကြောင့်လဲလေ မောင်တော်စွန့်ခွါသွားတဲ့ညမှာကတည်းက နှမတော်နှလုံးသားမှာ ဖေါ်မပြနိုင်တဲ့ ဝေဒနာဆိုးတွေနဲ့ နာကျင်ခံခက်ရပေမယ့် မောင်တော်အပေါ်မှာတော့ မြူတစ်မှုန် နှင်းတစ်စက်ကလေးမှ နာကျင်လို့မရပါခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ်လေ နှမတော်ရဲ့ စောင့်ဆိုင်းခြင်းဟာ မောင်တော်အတွက်ရော နှမတော်အတွက်ရော လောကကြီးအတွက်ပါ တရားမျှတမယ်လို့ မမှိတ်မသုံ ယုံကြည်မိပါတယ်မောင်တော်ရယ်။ ဒီယုံကြည်ခြင်းဟာလဲ အရမ်းယုံ မျက်ကန်းယုံတော့မဟုတ်ပါဘူးမောင်တော်ရယ်။  မောင်တော်သင်ပေးခဲ့တဲ့ ကရုဏာကိုအခြေခံပီး ပညာကိုဦးတည်တဲ့ လောကကောင်းကျိုးလုပ်ရပ်တွေ အခြေခံပီးတော့မှ နှမတော် သိမြင်ခံစားနားလည်ခဲ့ရလို့ပေါ့။ ( ဆက်လက်ဖေါ်ပြပါမယ်။ )

Sunday, February 3, 2013

အနှိုင်းမဲ့အဖြည့်ခံ ယသောဓရာ ( ၈ )


အထက်ပါ စန္ဒကိန္နရီဇာတ်တော်နှင့်တကွ အခြားအခြားသော မိမိလက်လှမ်းမီရာ ပိဋကစာပေလာ သာဓကများကို ထောက်ထားပီးတော့ မိမိသိသမျှ နားလည်သမျှ ခံစားမိသမျှ အတိုင်းအတာလေးဖြင့် ယနေ့ခေတ်ကာလရဲ့ အိမ်ထောင်ရေးစံနစ်နဲ့ စုံတွဲအချစ်ကို သုံးသပ်ကြည့်မိပါတယ်။ ဒီလိုသုံးသပ်တဲ့အခါမှာ မိမိရဲ့အားနဲချက်များတွေ့ခဲ့ရင် ဝေဘန်ထောက်ပြပေးပါလို့လဲ အထူးမေတ္တာရပ်ပါတယ်။ ဝေဘန်ထောက်ပြသူများကိုလဲ အမြဲကြိုဆိုပါတယ်။  ထေရဝါဒ ဗုဒ္ဓဘာသာ နိုင်ငံတွေမှာတော့ အထူးသဖြင့် မြန်မာနိုင်ငံမှာ တူမောင်နှံဂဟေဆက်တော့မယ်ဆိုရင် ဘုန်းကြီးပင့်ပီး မင်္ဂလာဆွမ်းကပ်ကြတယ်။ မင်္ဂလာတရားနာကြတယ်။ ဒီနေရာမှာ မင်္ဂလာတရားနာကြတယ်ဆိုလို့ အကြင်လင်မယားအဖြစ် လပ်ထပ်ထိမ်းမြားတာကို မင်္ဂလာတစ်ပါးအနေနဲ့ မြတ်ဗုဒ္ဓက မဟောခဲ့တာအမှန်ပါ။ မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့တဲ့ ( ၃၈ ) ဖြာမင်္ဂလာတရားတော်ထဲမှာ သမီးပေးခြင်း သမီးယူခြင်းဆိုတဲ့ အာဝါဟဝိဝါဟ မင်္ဂလာလုံးဝမပါပါဘူး။ တကယ်တော့ ဒီအာဝါဟဝိဝါဟဆိုတဲ့ လက်ထပ်မင်္ဂလာ သို့မဟုတ် သမီးပေးခြင်း သမီးယူခြင်းမင်္ဂလာဟာ ဘုရားရှင်ပွင့်ထွန်းတော်မမူမီကတည်းက ရှိခဲ့ လက်ခံကျင့်သုံးခဲ့တဲ့ ဟိန္ဒူတို့ရဲ့ဓလေ့ထုံးစံမင်္ဂလာပါ။ ဒါကို ဗုဒ္ဓဘာသာဝင်တွေက ဆက်လက်ပီး မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့တဲ့ မင်္ဂလာတရားတော်တွေထဲမှာ ပါသယောင်ယောင်နဲ့ အထင်မှတ်မှားပီး ဆက်လက်ကျင့်သုံးနေကြတာပါ။ ဒါနဲ့ စပ်မိလို့ ပြောချင်ပါသေးပါတယ်။ ဝါတွင်းမှာ လက်ထပ်မင်္ဂလာမလုပ်ရဘူး ဆိုတဲ့ အစဉ်အလာဟာလဲ ဗုဒ္ဓဘာသာနဲ့ဘာမှတော့မပတ်သက်ပါဘူး။ လက်ထပ်ခြင်းကိစ္စနဲ့ပတ်သက်လို့ ဘယ်လ ဘယ်ရက် ဘယ်ရာသီ ဘယ်နှစ်မှာ ကျင်းပရမယ်ဆိုတဲ့ တရာမျိုး တစ်လုံးတစ်ပါဒမှ မြတ်ဗုဒ္ဓက မဟောခဲ့ပါဘူး။ တကယ်တန်း မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့တာကတော့ လက်ထပ်ပီးကြတဲ့အခါမှာ  လင့်ကျင့်ဝတ်ငါးပါး မယားကျင့်ဝတ်ငါးပါး ကို လိုက်နာကျင့်သုံးကြဘို့ကိုပဲ ဟောပါတယ်။ ဒါ့အပြင် လက်ထပ်ပီးကြတဲ့အခါ ပုတ္တဒါရဿသင်္ဂဟော ဆိုတဲ့အတိုင်း မိသားစုကို စီးပွါးရေး ကျမ္မာရေး ပညာရေး လူမှုရေးစတဲ့အရာတွေအပါအဝင် အေးချမ်းအောင် ကြီးပွါးအောင် နှစ်ယောက်ပေါင်းပီး ကြိုးစားကြတာဟာလဲ မင်္ဂလာတစ်ပါးဖြစ်တယ်ဆိုတဲ့ အကြောင်းကိုဟောပါတယ်။  မင်္ဂလာဆိုတဲ့အဓိပ္ပါယ်က တိုးတက်ကြီးပွါးအေးချမ်းကြောင်း နည်းလမ်းကောင်းတွေကို ကြိုးစားခြင်း  လို့အဓိပ္ပါယ်ရပါတယ်။  နောက်ပီးတော့ လင်ရယ်မယားရယ် ကျင့်ဝတ်ငါးပါးဆီဆိုတော့ ပေါင်းလိုက်ရင်ဆယ်းပါးကြီးများတောင်ဖြစ်ပီး နေ့စဉ်အိမ်ထောင်မှုဘဝမှာ ဆယ်ပါးလုံးဖြည့်ကျင့်နေရတဲ့အတွက် ကျင့်ဝတ်တွေ များလိုက်တာလို့ထင်ကောင်းထင်ကြမယ်။ တကယ်တော့ နှစ်ယောက်ပေါင်း ဆယ်ပါးဆိုသော်လဲပဲ တူရာတူရာကို ချုပ်ကြည့်လိုက်တဲ့အခါ မိမိဒီလိုတွေ့မိတယ်။

              ၁။ နှစ်ယောက်အကြား အပြန်အလှန် နားလည်မှု၊ ၂၊ နှစ်ယောက်အကြား အပြန်အလှန်တန်ဘိုးထားကာ ချစ်ကြင် လေးစားမှု၊ ၃။  နှစ်ယောက်အကြား အပြန်အလှန်သစ္စာရှိမှု၊ ၄။ နှစ်ယောက်အကြား အပြန်အလှန်ယုံကြည်မှုဆိုတဲ့ ဒီလေးချက်ကိုပဲ တွေ့မိတယ်။ ဒီအချက်လေးချက်သာ တကယ်တည်ရှိနေရင် ဇနီးမောင်နှံ နှစ်ယောက်အကြားက အချစ်ဆိုတာ ဘယ်တော့မှ မှေးမှိန်သွားမှာမဟုတ်ဘူးလို့ထင်တယ်။ ဒီလိုအချစ်မျိုးနဲ့သာ မိသားစုဘဝတစ်ခုကို တည်ဆောက်နိုင်ရင် တကယ်စွမ်းအားကြီးပီး မိသားစုကောင်းကျိုး လောကကောင်းကျိုးတွေကို တကယ်သယ်ပိုးနိုင်ကြလိမ့်မယ်လို့လဲ ယုံကြည်မိပါတယ်။  တကယ်တော့ ဒီလေးချက်ကို ဘဝတလျှောက်လုံး ဟန်ချက်ညီညီ ကျင့်သုံးဘို့အရေးဟာ အလွန်တရာခက်ခဲမယ်လို့ထင်တယ်။ သို့သော် အဓိကအားဖြင့် နှလုံးသားနဲ့ ဦးနှောက်ဟန်ချက်ညီအောင် ပေါင်းစပ်ထားတဲ့ ပေါင်းစပ်နိုင်တဲ့ အိမ်ထောင်ရေးဆိုရင်တော့ ဘာအခက်ခဲမှရှိမယ်မထင်မိပါဘူး။ ဘုရားအလောင်းတော်နဲ့ ယသောဓရာတို့ဟာ ဦးနှောက်သက်သက်နဲ့ ပေါင်းဖက်ခဲ့ကြတာလဲ မဟုတ်သလို နှလုံးသားသက်သက်နဲ့လဲ မိုက်တွင်းနက်ခဲ့ကြတာမဟုတ်ပါဘူး။ တကယ်လို့ ဦးနှောက်သက်သက်နဲ့သာ ပေါင်းဖက်ခဲ့ကြမယ်ဆိုရင် နှစ်ယောက်အကြားမှာ အပေးအယူဆန်ပီး ဆန်ပေးမှဆီရတဲ့ အိမ်ထောင်ရေး သို့မဟုတ် စီးပွါးရေးသဘောဆန်တဲ့ အကျိုးအမြတ်ကိုကြည့်လွန်းတဲ့ အိမ်ထောင်ရေးပဲဖြစ်နိုင်တာမို့ ပျော်ရွှင် ကျေနပ်စရာအခြေအနေတွေ နဲနေမယ်လို့ထင်မိပါတယ်။  နောက်ပီးတော့ ဘာစဉ်းစားတွေးခေါ်မှုမှမပါဘဲ နှလုံးသားသက်သက်နဲ့သာ မိုက်တွင်းနက်ပီး ဆုံးဖြတ်ခဲ့ ပေါင်းဖက်ခဲ့ကြမယ်ဆိုရင်လဲ အတွေ့အကြုံနဲ့ အသိဥာဏ်ရင့်ကျက်လာတာနဲ့အမျှ အတွေးအခေါ် အယူအဆတွေ ပြောင်းလဲပီး နှလုံးသားခံစားချက်ဟာလဲ ပြောင်းလဲသွားနိုင်တာကြောင့် အိမ်ထောင်ရေး သာယာမှုနဲနေမယ်လို့ထင်မိပါတယ်။

         နောက်တစ်ချက်က ချစ်လို့လဲမဟုတ် ဦးနှောက်လဲမပါဘဲ တနည်းအားဖြင့် နှလုံးသားနဲ့ အသိဥာဏ်ကိုဘာတစ်ခုမှ ယှဉ်တွဲ မစဉ်းစားခဲ့ဘဲ အခြေအနေအရ သို့မဟုတ် သနားအားနာမှုအရ သို့မဟုတ် ယဉ်ကျေးမှုအရ လက်ထပ်လိုက်ရတာမျိုးတွေလဲ ရှိတတ်ကြပါတယ်။  ဒီအချက်ဟာလဲ အမျိုးသမီးများအတွက် အလွန်ဝမ်းနဲစရာပါပဲ။ ယဉ်ကျေးမှုအရ သူ့အကြောင်းကိုယ့်အကြောင်း အပြန်အလှန်ဘာတစ်ခုမှမသိဘဲ ( အချို့တော့ အနဲအကျဉ်းသိကြ ) မိဘတွေပေးစားတဲ့သူနဲ့ လပ်ထပ်ကြရတဲ့ အစဉ်အလာဟာ အိန္ဒိယမှာ ဘုရားရှင်ပွင့်တော်မမူမီကတဲက ဒီနေ့အထိ ဟိန္ဒူဘာသာဝင်တွေ အများစုလက်ခံကျင့်သုံးနေတဲ့ စံနစ်တစ်ခုပါပဲ။ ( ဒီနေ့ခေတ်မှာတော့ အိန္ဒိယမှာ ကိုယ်ကိုယ်တိုင် လက်တွဲဖေါ်ရှာကြတဲ့ လူအနဲစုလဲ ရှိလာပါပီ )။ အိန္ဒိယရဲ့ လက်ထပ်ထိမ်းမြားခြင်းမင်္ဂလာနဲ့ပတ်သက်လို့ အမျိုးသမီးများရဲ့ ခံစားနေကြရတဲ့ စိတ်ပိုင်းဒုက္ခကို သိထားမျှတွေထဲက တစ်ခုကို အနဲငယ်ပြောပြချင်ပါတယ်။ မိမိ နယူးဒေလီမှာ ဝါရင့် ဆရာမကြီးတစ်ဦးထံ အင်္ဂလိပ်စာကျူရှင်တက်နေစဉ် ဆရာမကြီးကို မေးဖူးခဲ့ပါတယ်။ ဒီလက်ရှိကျင့်သုံးနေတဲ့ ဟိန္ဒူဘာသာရေးစံနစ်အရ အိမ်ထောင်ပြုခဲ့ရလေတော့ ဆရာမကြီးတို့ အမျိုးသမီးတွေ ပျော်ပါသလားလို့ပေါ့။ ပြန်ဖြေတာက အိန္ဒိယက အိမ်ထောင်ရှင်မ အမျိုးသမီးအများစုဟာ မပျော်ကြပါဘူးတဲ့။ အိမ်ထောင်ပြုပီးလို့ လင့်အိမ်နောက်ကို လိုက်သွားရပီးကတည်းက ဘဝဟာ အရာရာအကျဉ်းကျသွားတော့တာပဲတဲ့။ အစကတည်းက ချစ်လို့မဟုတ်ဘဲ တစ်ယောက်အကြောင်းတစ်ယောက်သိလို့မဟုတ်ဘဲ  ဟိန္ဒူဘာသာရေးနဲ့ယဉ်ကျေးမှု ထုံးစံအရ မိဘတွေပေးစားတာကို ယူလိုက်ရတဲ့အတွက် တစ်သက်တာမှာ ကျေနပ် နှစ်သိမ့် ပီတိဖြစ်ရတဲ့ အချိန်တွေ အရမ်းနဲပါးရပါတယ်တဲ့။ ဒါဟာ ကိုယ်တိုင် နားနဲ့ဆတ်ဆတ်ကြားသိခဲ့ရတဲ့ ဆရာမကြီးတစ်ယောက်ရဲ့ ရင်ဖွင့်သံပါ။

        နောက်တစ်ချက်က ကိုယ်ကိုယ်တိုင် ရွေးချယ်ခွင့်ရှိတဲ့ အလွန်လွတ်လပ်ပြီး အမျိုးသမီးအခွင့်အရေးတွေပြည့်ဝပါတယ်ဆိုတဲ့ ဥရောပမှာကျပြန်တော့လဲ အိမ်ထောင်ရေးဘဝသက်တမ်းဟာ မတည်မြဲ မခိုင်မာကြသလို ရေရှည်နှစ်များစွာကြာအောင် မကြင်နာ မပျော်ပိုက်ကြဘဲ နှစ်ကာလခဏအတွင်းမှာပဲ ကွာရှင်းပြတ်စဲကြ၊ မကွာရှင်းသော်လဲ မနွေးထွေး မငြိမ့်ငြောင်းတဲ့ အိမ်ထောင်ရေးတွေသာ များကြပါတယ်တဲ့။ အထူးသဖြင့် အသက်အရွယ်ကြီးလာလေလေ ပိုမိုအထီးကျန်လေလေဖြစ်ကြတော့တာပါပဲ။ အကြောင်းက မိသားစုအရေးထက် အခွင့်အရေးဆိုတာကို ခေါင်းစီးတပ်ပီး ပုဂ္ဂလိကအခွင့်အရေးတွေ ယူလွန်းကြတာကြောင့်ပဲလို့ မိမိယူဆမိပါတယ်။  မိမိဥရောပမှာနေထိုင်စဉ်မှာ ဥရောပသားတွေကိုယ်တိုင်ပြောဖူးပါတယ်။ သူတို့ ရုပ်ဝတ္ထုတွေကြွယ်ဝပါတယ်။ အဆင့်မြင့်မြင့်နေထိုင် သွားလာ ကျင်လည်ရပါတယ်တဲ့။ သို့သော်လဲ သူတို့တွေ တကယ်မပျော်ကြပါဘူးတဲ့။ အကြောင်းရင်းကို မိမိစဉ်းစားကြည့်လိုက်တော့ လူမှုထောက်ပံ့ရေးစံနစ် နိုင်ငံရေးစံနစ်စတာတွေ သိပ်ကောင်းသော်လဲပဲ မိသားစုစံနစ်ဟာ လုံးဝပုံစံပျက်ယွင်းနေလို့ပါပဲ။ တကယ်တော့ ဖွံ့ဖြိုးမှုရိပ်မြုံမှာ ဘယ်လောက်ပဲ စည်းစိမ်တွေပြည့်စုံနေပါစေ တိုးတက်မှုတွေ  ဘယ်လောက်ပဲ မြင့်မားနေပါစေ မိသားစုစည်းလုံးညီညွတ်မှု ပျက်ပြားနေရင် မိသားစုအတွင်း အပြန်အလှန်နားလည်မှုတွေမတည်ဆောက်နိုင်ရင် တစ်ကိုယ်ရည် ပုဂ္ဂလိကအခွင့်အရေးတွေကို အသုံးပြုလွန်းရင် စည်းစိမ်တွေ တိုးတက်မှုတွေဆိုတာ အလကားပါပဲ။ အနှစ်အသားမဲ့နေမှာပါ။ ဇနီးမောင်နှံနှစ်ယောက်တို့ဦးဆောင်ကြတဲ့ မိသားစုတစ်ခုဟာ တစ်စိတ်တစ်ဝမ်းထဲ တစ်ချစ်ထဲဖြစ်နေပါမှသာ အေးချမ်းပျော်ရွှင်စရာ မိသားစုဘဝကိုပိုင်ဆိုင်နိုင်မှာပါ။

    အဲဒီလူ့အခွင့်အရေးနဲ့ပတ်သက်လို့ အကျိုးဆက်တွေ ဆက်လက်ဖြစ်ပေါ်လာတာက လူ့အခွင့်အရေးတွေရှေ့တန်းတင်လွန်းတဲ့အခါ မိန်းမကလဲ မိန်းမအခွင့်အရေးဆိုပီးတော့ ရောင့်တက်လာတယ်။ ယောက်ျားကိုတန်းတူပဲဆိုပီး မထီမဲ့ပြင်လုပ်လာတယ်။ ( တကယ်တော့ မတူလို့ပဲ ယောကျာ်းနဲ့ မိန်းမဆိုပီး နှစ်ယောက်ဖြစ်နေတာ။ ယောက်ျားချင်းလဲမတူနိုင်ဘူး။ ယောကျာ်းနဲ့ မိန်းမဆိုတော့ ပိုလို့မတူနိုင်ပါဘူး။ သို့သော် လူသားချင်းတော့တူတယ်။ ဒီလောက်ပါပဲ။ အခြားအရာရာ ကွဲပြားမှုတွေအများကြီးပါ။)  ယောက်ျားကလဲ သူ့အခွင့်အရေးဆိုပီး သူ့ဆန္ဒကိုအပြည့်အဝအသုံးချတယ်။ ကလေးကလဲ ကလေးအခွင့်အရေးအတွက် ရက်ရက်စက်စက်ယူတယ်။ ( မူလအကြောင်းအရာမှ ဝေးသွားမှာစိုးတာကြောင့် ဒီအကြောင်းတွေ ရှင်းပြချင်သော်လဲ အသေးစိတ်မရေးလိုတော့ပါ )။ ဒီတော့ ဘုံမိသားစုရပ်တည်ချက်တစ်ခု မိသားစုဘုံညီညွတ်မှုဟာ ပျောက်ဆုံးနေတော့တယ်။ ဒီအခါမှာ မိသားစုဘဝရဲ့ သာယာကျေနပ်စရာ ရသတွေဟာ တဖြည်းဖြည်း လုံးပါးပါးရင်းနဲ့ လုံးဝပျက်သုဉ်းပီးတော့ ကွာရှင်းကြတဲ့အထိဖြစ်လာကြတယ်။ ဆိုလိုချင်တာက အထက်မှာပြောပြခဲ့တဲ့ ၁။ အပြန်အလှန် နားလည်မှု၊ အပြန်အလှန်တန်ဘိုးထားလေးစားမှု၊ အပြန်အလှန်သစ္စာရှိမှု၊ အပြန်အလှန်ယုံကြည်မှုတွေဆိုတာ တစ်ဦးချင်းရဲ့ အခွင့်အရေးကို အလွန်မယူမိစေဘဲ အပြန်အလှန်ထိန်းညှိပေးတဲ့စံနစ်နဲ့  မိသားစုရဲ့ ဘုံရည်မှန်းချက် ဘုံပျော်ရွှင်ရေးအတွက် အပြန်အလှန်ဖြည့်ဆည်းပေးဘို့ ဗုဒ္ဓက ညွှန်ကြားခဲ့တာဖြစ်ပါတယ်။


ဥရောပမှာ အထူးသဖြင့် မိမိသိသလောက် ဖင်လန်နိုင်ငံမှာ ဒီအိမ်ထောင်ရေး ပြဿနာတွေဟာ သိပ်များပါတယ်။ အကြောင်းက တစ်ဦးချင်းရဲ့ အခွင့်အရေးတွေကိုရှေ့တန်းတင်လွန်းပီးတော့ မိသားစုရဲ့ ဘုံအခွင့်အရေးကို အလေးမပေးတဲ့အခါ မိသားစုစံနစ်ပျက်ယွင်းနေတာကြောင့်ပါပဲ။ မြတ်ဗုဒ္ဓကတော့ ကမ္ဘာကြီးကို စစ်မှန်တဲ့မိသားစု စံနစ်ကစပီးတည်ဆောက်ဘို့ မိန့်ကြားတော်မူပါတယ်။ နောက်ဆုံး ကမ္ဘာကြီးဟာ ကမ္ဘာ့မိသားစုကြီးဖြစ်တဲ့အထိ မိသားစုဂလိုဘယ်လိုက်ဇေးရှင်းကစပီး တည်ဆောက်ဘို့ ညွှန်ကြားတော်မူတာပါ။ ဒီနေ့ပြောနေတဲ့ ဂလိုဘယ်လိုက်ဇေးရှင်းဆိုတာဟာ အဓိကအားဖြင့် နည်းပညာအရ ဆက်သွယ်ရေးတွေ အားကောင်းလာတာကို အခြေခံပီးတော့ ဖြစ်လာတာပါ။ တကယ်တော့ လူအချင်းချင်း မိသားစုအချင်းချင်းကတော့ ဂလိုဘယ်မဖြစ်တဲ့အပြင် အခွင့်အရေးကို ခေါင်းစီးတပ်ပီးတော့ ဂလိုဘယ်နဲ့ပိုလို့အလှမ်းဝေးတဲ့ ဆန့်ကျင်ဘက်နေရာကို ဦးတည်နေကြလေရဲ့။  နောက်ပီးတော့ သူတို့ဥရောပမှာ  အချိန်အများစုဟာ အလုပ်ထဲမှာသာ မြှုတ်နှံထားရတာကြောင့် မိသားစုအားလုံး နွေးထွေးတဲ့ ကြင်နာမှုတွေ စုစည်းတည်ဆောက်ဘို့ အခက်ခဲဖြစ်ကြရပါတယ်။ သူတို့အနောက်တိုင်းသားတွေမှာလဲ အချစ်စစ်အချစ်မှန်ကို လိုချင်ကြတာပါပဲ။ ဒါကြောင့်လဲ လက်မထပ်သေးဘဲ အတူနေကြတဲ့ Living together ဆိုတဲ့စံနစ်ဟာ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်မထပ်သေးဘဲ နှစ်အနဲငယ်ကြာကြာ အတူနေထိုင်ကြရင်း တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် စမ်းသပ်ကြရင်း အစမ်းသပ်ခံကြရင်းနဲ့ ကြာရှည်တည်မြဲတဲ့ အိမ်ထောင်တစ်ခုဖြစ်အောင် ကြိုတင်ပြင်ဆင်ကြတာပါပဲ။ ဒါပေမဲ့လဲ သူတို့မျှော်မှန်းထားတဲ့ အိမ်ထောင်ရေးဖြစ်ဘို့အရေးဟာ အလွန်ခက်ခဲရှားပါးကြတာကို တွေ့ရ ကြားရ မြင်ရခဲ့ပါတယ်။ ဗမာပြည်ဘက်ကိုပြန်ကြည့်လိုက်တဲ့အခါ ရှေးတုန်းကတော့ ဗမာပြည်မှာ သုံးနှစ်သုံးမိုး ပိုးပန်းကြရတာဟာလဲ ခိုင်မြဲတဲ့ မိသားစုတစ်ခုဖြစ်အောင် တည်ဆောက်ရေးအတွက် အချိန်ပေးလေ့လာကြရပါပဲ။ အနောက်တိုင်းမှာတော့ လက်မထပ်ဘဲ အတူတူနေပီး တစ်ဦးကိုတစ်ဦးလေ့လာကြတယ်။ ဗမာပြည်မှာတော့ သုံးနှစ်သုံးမိုး ပိုးပန်းရင်း လေ့လာကြရတယ်။ ( ခုတော့ ခေတ်ပြောင်းသွားပီဆိုတော့ ဘယ်လောက်အထိ အချိန်ယူခဲ့ကြသလဲဆိုတာ ကာယကံရှင်တွေ မေးကြည့်မှပဲ အတိအကျသိပါတော့မယ်။ )

      အထက်မှာပြောပြခဲ့သလို လက်ထပ်ခြင်းဟာ မြတ်ဗုဒ္ဓရဲ့ ( ၃၈ ) ဖြာ မင်္ဂလာထဲမှာ မပါပါဘူး။ သို့သော်လဲ လက်ထပ်ပီးကြတဲ့အခါ ငြိမ်းချမ်း ပျော်ရွှင်တဲ့ မိသားစုတစ်ခုအဖြစ်နဲ့ ရေရှည်လက်တွဲနိုင်မယ့် နည်းလမ်း သို့မဟုတ် ကျင့်စဉ်တွေကိုတော့ မြတ်ဗုဒ္ဓက ညွှန်ကြားတော်မူခဲ့ပါတယ်။ ဒါတွေကတော့ လင့်ကျင့်ဝတ် မယားကျင့်ဝတ်ဆိုတဲ့ ကျင့်ဝတ်ငါးပါးစီအသီးသီးအားဖြင့် ပေါင်းရင် ဆယ်ပါးပါ။ ဒါတွေဒီနေရာမှာ အကျယ်မရှင်းလိုပါ။ ( ရှင်းစေချင်ရင်တော့ မင်္ဂလာဆွမ်းကျွေးပွဲကိုသာ ပင့်ပါတော့လို့ အကြံပြုချင်ပါတယ်။ :P :) :P ။   နောက်ပီးတော့ လက်ရှိပစ္စက္ခဘဝအတွက်လေးမျှသာ အေးချမ်းပျော်ရွှင်ဘို့မဟုတ်ဘဲ သံသရာတစ်လျှောက်လုံး အတူလက်တွဲပီး လောကကောင်းကျိုး မိသာစုကောင်းကျိုးတွေကို ဆင့်ကဲဆင့်ကဲ ဆောင်ရွက်နိုင်ဘို့အတွက်လဲ လမ်းညွှန်တော်မူခဲ့ပါတယ်။ ဒါတွေကတော့

       ၁။ ယုံကြည်ချက်တူရမယ်၊ ဟုတ်တယ်။ ယုံကြည်ချက်မတူတဲ့ လူနှစ်ယောက် ရေရှည်ပေါင်းစပ်ဘို့ မဖြစ်နိုင်ပါဘူး။ သံသရာမဆိုထားနဲ့ ပစ္စက္ခမှာတောင် ပေါင်းစပ်ဘို့ သိပ်ခက်ပါတယ်။ ယုံကြည်ချက်လို့ဆိုရာမှာ ဘာသာရေးယုံကြည်ချက်၊ စီးပွါးရေး ယုံကြည်ချက်၊ လူမှုရေး နိုင်ငံရေး ပညာရေးစတဲ့ လူမှုနဲ့ပတ်သက်တဲ့ အရေးအရာ အဖြာဖြာတွေမှာ ထပ်တူယုံကြည်မှုကိုဆိုလိုခြင်းဖြစ်ပါတယ်။ တကယ်လို့ ဒီယုံကြည်ချက်တွေ မတူညီမှုများစွာထဲက အောင့်၂အီး၂နဲ့ သီးခံပီး ပေါင်းစပ်နိုင်တယ်ဆိုအုံးတော့။ လုံးဝ ပျော်ရွှင်နိုင်မှာမဟုတ်ပါဘူး။ နာနာကျင်ကျင်နဲ့ ဘာကျေနပ်စရာမှမရှိတဲ့ မိသားစုဘဝကို ရသမဲ့စွာ ကျင်လည်ရမှာပါ။
       ၂။ ကိုယ်ကျင့်တရားတူမျှရမှာပါ။ ဇနီးသည်က ကိုယ်ကျင့်တရားကောင်းပီး ခင်ပွန်းသည်က ကိုယ်ကျင့်တရားပျက်နေရင် သို့မဟုတ် ခင်ပွန်းသည်က သီလမြဲပီး ဇနီးသည်က သီလပျက်နေရင် ပစ္စုပ္ပန်မှာလဲ မိသားစုရသပျက်ယွင်းမှာ ဖြစ်သလို တမလွန်မှာလဲ ဆုံဆည်းနိုင်ဘွယ်မရှိပါဘူး။
      ၃။ စွန့်လွှတ်မှုတူညီရပါမယ်။ ဘုရားသွားကျောင်းတက်ကြရင်း ရက်ရက်ရောရော တစ်သဘောထဲ အတူတူလှုကြမယ်ဆိုရင်၊  ပတ်ဝန်းကျင်အတွက် လူ့လောကအတွက် သာသနာအတွက် နိုင်ငံအတွက် စတဲ့အရာတွေမှာ စွန့်လွှတ်ရေးစိတ်ထား တူမျှကြမယ်ဆိုရင် ဘယ်လိုပြဿနာမှ မိသားစုထဲဝင်ရောက်လာနိုင်မှာမဟုတ်ပါဘူး။ ဝင်ရောက်လာတယ်ဆိုရင်တောင် အတူပူးပေါင်းပီးတော့ အလွယ်တကူဖြေရှင်းနိုင်ကြမှာပါပဲ။ ချစ်မြဲချစ် သစ်မြဲသစ်ပီး စည်းလုံးမြဲစည်းလုံးနေကြမှာပါပဲ။
     ၄။ ပညာရေးတူညီကြရပါမယ်။ ပညာရေးဆိုလို့ နှစ်ယောက်စလုံး သိပ္ပံ ဝိဇ္ဇာဘွဲ့တွေ တူညီနေရမယ်လို့မဆိုလိုပါဘူး။ တစ်ယောက်က ဒေါက်တာဖြစ်ပီး တစ်ယောက်က မာစတာဘွဲ့ဖြစ်နေတာမျိုးကို မဆိုလိုပါဘူး။ ဆိုလိုတာက အဓိကအားဖြင့် အသိပညာအရည်အချင်းတူညီကြရမှာဖြစ်ပါတယ်။ အတတ်ပညာတွေ တူညီကြသော်လဲ အသိပညာတွေ မတူညီကြတဲ့အခါ မာနတွေပြိုင်ပီးတော့ ကွာရှင်းပြတ်ဆဲကြရတဲ့ စုံတွဲတွေ သို့မဟုတ် ငြှိမ်းလို့မရနိုင်တဲ့ အိမ်တွင်းရေးမီးတွေ အရှိအဟုန်ပြင်းစွာ လောင်ကျွမ်းနေကြတဲ့ စုံတွဲတွေလဲ ဒုနဲ့ဒေးပါ။

        အထက်ပါ အချက်လေးချက်နဲ့ညီအောင် နေထိုင်နိုင်ကြတဲ့ စုံတွဲဟာ ပါရမီဖြည့်ဖက်တွေလို့တောင်ပြောနိုင်ပါတယ်။ ဒါကြောင့် စုံတွဲတွေကို အကြံပြုချင်တာက အိမ်ထောင်ဖက်သက်သက်မျှ သို့မဟုတ် ကာမဖြည့်ဖက်သက်သက်မျှသာ မဖြစ်စေဘဲ ပါရမီဖြည့်ဖက်သဘော သက်ရောက်တဲ့ အိမ်ထောင်ရေးမျိုးတည်ဆောက်ကြပါလို့ အကြံပြုချင်ပါတယ်။ တကယ်တော့ ပါရမီဖြည့်ဖက်အနေနဲ့ ချစ်နိုင်ကြမှသာ စံပြုထိုက်တဲ့အိမ်ထောင်ရေး စံပြုထိုက်တဲ့ အချစ်လို့ခေါ်ဆိုရမှာပါ။ အဲဒါဟာ အချစ်စစ်ပဲလို့လဲ ထင်တယ်။ အဲဒီအချစ်စစ်မှာ အတတ်ပညာတွေ သူ့ဘက်ကိုယ့်ဘက် စည်းစိမ်တွေ အသိုင်းအဝိုင်းတွေ လောကရဲ့အဆောင်အယောင်တွေ စတဲ့အရာတွေကို အခြေခံပီး မာနတွေယှဉ်ပြိုင်နေကြမှာမဟုတ်ပါဘူး။ ခင်ပွန်းသည်အတွက် ဒီလဘယ်လောက်ကုန်တယ်၊ ဇနီးသည်အတွက် ဘယ်လောက်ကုန်တယ် ဘာတွေကုန်တယ် ဘာကြောင့်ကုန်တယ်စတဲ့ ကုန်ကျစားရိတ်တွေကိုလဲ တိုင်းတာစဉ်းစားနေမှာမဟုတ်တော့ပါဘူး။ ခင်ပွန်းသည်ကလဲ သူကြိုးစားရှာဖွေသမျှတွေဟာ သူ့ချစ်ဇနီးအတွက် ထာဝရအခမဲ့၊ ထာဝရ မာနမဲ့၊ထာဝရပေးဆပ်ခြင်းနဲ့၊ ဇနီးသည်ရဲ့ ခင်ပွန်းအပေါ်ပြုစုစောင့်ရှောက်မှုဟာလဲ အမြဲတန်း အခမဲ့ အမြဲတန်း မာနမဲ့တွေပဲ ဖြစ်နေကြမှာပါ။ သို့သော် အဲဒီအရာရာမှာ အခမဲ့နဲ့ မာနမဲ့စွာ ထမ်းဆောင်ကြသူတို့ရဲ့ အချစ်နဲ့ နှလုံးသားကတော့ အနှိုင်းဆမဲ့နက်ရှိုင်းနေမှာပါ။ နက်ရှိုင်းသလောက် ကျေနပ်နှစ်သက်မှုတွေဟာလဲ ကြည်လင်မြင့်မားနေမှာပါ။ နောက်ပီး သူတို့ဘဝရဲ့အရာရာဟာ တစ်သဘောထဲ တစ်သွေးထဲ တစ်သားထဲဖြစ်ပီးတော့ နှစ်လွှာပေါင်းထားတဲ့ စွယ်တော်တစ်ရွက်ထဲဖြစ်နေမှာအမှန်ဖြစ်သလို  ခံစားတတ်တဲ့ နှလုံးသားနဲ့အသဲဟာလဲ မကွဲပြားဘဲ တစ်သားထဲဖြစ်နေမှာပါ။  မေခနဲ့ မလိခပေါင်းစပ်ပီးတော့ ဧရာဝတီအနေနဲ့ ဗမာပြည်ကြီးကိုအလှဆင် ကျေးဇူးပြုနေသလို အချစ်စစ်နဲ့ ပေါင်းဖက်ထားနိုင်ကြတဲ့ ဇနီးမောင်နှံဟာလဲ လောကကောင်းကျိုး ဘဝကောင်းကျိုး ပစ္စုပ္ပန်သံသရာကောင်းကျိုးတွေကို လက်တွဲပီးဆောင်ရွက်နိုင်ကြမယ်ဆိုတာ သံသယဖြစ်ဘွယ်ရာမရှိပါဘူး။ ဘုရားအလောင်းတော်နဲ့ ယသောဓရာတို့ဟာ ဘဝအဆက်ဆက်မှာ ဒီနည်းနဲ့ ဂဟေဆက်ပေါင်းဖက်ခဲ့ကြတာမို့ လောကအတွက် ကမ္ဘာကြီးအတွက် နိဗ္ဗာန်ထိအောင် ပို့ဆောင်နိုင်တဲ့အထိ ဆောင်ရွက်ပေးနိုင်ခဲ့ကြပါတယ်။ ( ဆက်လက်ဖေါ်ပြပါမယ်။)

Saturday, January 19, 2013

အနှိုင်းမဲ့အဖြည့်ခံ ယသောဓရာ ( ၇ )


ဟယ် မင်းယုတ် အသင်မင်း၏ တဏှာရာဂရမ္မက်ကြောင့် အပြစ်ကင်းစင်ကြင်နာတတ်တဲ့ ငါ့ချစ်လင်ကို အသင်သတ်လိုက်ချေပြီ။ ငါ့မှာ ဖြေမနိုင်ဆည်မရ ပူလောင်ရသကဲ့သို့ သင့်မိခင်လဲ သူ့လင်သူ့သားအတွက် ပူလောင်ပါစေ။ သင့်ဇနီးလဲ သူ့လင် သူ့သား သူ့သက်ထားအတွက် ပူလောင်ပါစေ လို့ ခပ်ကြမ်းကြမ်းကြိမ်ဆဲပါတော့တယ်။ ဒီအခါမှာ ဗာရာဏသီမင်းဟာ စိတ်မပျက်ဘဲ ဇွဲကောင်းကောင်းနဲ့ ရှေ့ကိုတစ်ဆင့်တက်လာပြန်ပါတယ်။ ( ဇွဲဆုလေးများ ရလေမလား ဆိုတဲ့အထင်လဲရှိနိုင်တာကိုး ) အို မယ်စကြာဝဠာဘွဲ့တောင် ထိုက်တန်ပီး ရှုမညီး ကြည့်မဝအောင် လှပတဲ့ ချစ်နှမ၊ သောကဖိစီး မငိုငြီးပါနဲ့။ ချစ်နှစ်မဟာ အတွေးအမြင်တွေ ဝေဝါးနေပါပေါ့လား။ ကိန္နရာရဲ့ ဇနီးမယားဘဝဟာ မခမ်းနား မတင့်တယ်ပါဘူးကွယ်။ ချစ်နှမတို့ နေထိုင်ရာ ဟိမဝန္တာဟာလဲ သွေ့ခြောက်လှပီး လူသူမနီးတဲ့တောကြီးမျက်မဲမျှသာဖြစ်ပါတယ်။ အရာရာဝယ် အလှဝေဖြာပီး ပြီးပြည့်စုံနေတဲ့ ရွှေနန်းတော်မှာ တောင်ညာစံဒေဝီ အဂ္ဂမဟေသီ မိဖုရားကြီးအဖြစ် တင်မြှောက်ပါမယ်။ လောကရဲ့ စည်းစိမ်မှန်သမျှကို ခံစားဘို့ ပျော်ရွှ့င်ကြည်နူးစွာပဲ လိုက်ခဲ့ပါတော့လို့ ဖျားယောင်းပြောဆိုပါတော့တယ်။ ဒီအခါမှာ စန္ဒကိန္နရီမလေးဟာ ဖျားယောင်းမှုနောက် မလိုက်ပါဘဲ ဒေါသအမျက် ချောင်းချောင်းထွက်ကာ ခြင်္သေ့ဟောက်သံကဲ့သို့ အလွန်စူးရှပြင်းထန်သော အသံနဲ့ အော်ဟစ်ပြောဆိုပါတော့တယ်။ ဟယ် ယုတ်မာကောက်ကျစ် ညစ်ညမ်းလှတဲ့ မင်းယုတ်၊ ငါ့ကိုလိုချင်၍ ငါ့လင်ကိုသတ်သော်လဲ သင့်လက်ထဲကို ငါဘယ်တော့မှမရောက်စေရဘူး။ အရောက်မခံဘူး။ ရဲရဲရင့်ရင့် နောက်မတွန့်ဘဲ ငါ့ကိုယ်ငါပဲ သတ်သေလိုက်တော့မယ်လို့ စန္ဒကိန္နရီမလေးက ခိုင်မာပြတ်သွားစွာပြောလိုက်ပါတော့တယ်။

      ဒီအခါမှာ ဗာရာဏသီမင်းဟာ စန္ဒကိန္နရီကို ဘယ်လိုမှသိမ်းပိုက်၍ ရမည်မဟုတ်ကြောင်း ကောင်းကောင်းသဘောပေါက်သွားပါတော့တယ်။ ဒါကြောင့် မြင်မြင်ချင်းပဲ စွဲလမ်းခဲ့တဲ့ တဏှာရမ္မက်ဟာလဲ တခဏအတွင်းမှာပဲ ပျောက်ဆုံးခန်းခြောက်သွားပါတော့တယ်။ အစကတည်းက တကယ်စစ်မှန်တဲ့အချစ်နဲ့ ချစ်တာမှမဟုတ်ဘဲလေ။ ဒါနဲ့ ဗာရာဏသီမင်းဟာ မရတဲ့အမဲ သဲနဲ့ပက်ဆိုသလို သစ်ပင်ချုံနွယ်တို့ကို စားသောက်ကြတဲ့ တိရစ္ဆာန်တွေဟာ တောကိုပဲနှစ်သက်ကြတယ်။ ခမ်းနာထယ်ဝါတဲ့ လူသားတွေရှိရာအရပ်ကို မပျော်ပိုက်ကြဘူး လို့ ခနိုးခနဲ့ ကဲ့ရဲ့တဲ့စကားနဲ့ ပြစ်တင်ပြောဆိုပီး ထွက်ခွါသွားပါတော့တယ်။ ဒီတော့မှ စန္ဒကိန္နရီမလေးဟာ ချစ်လင်ရှိရာကို အမြန်ပြေးဆင်းလာပီးတော့ ချစ်လင်ရဲ့ဦးခေါင်းကို ပေါင်ပေါ်တင်ပီးတော့ ရှိုက်ကြီးငင်ကာ ဒီလို အော်ဟစ်ငိုကြွေးပါတော့တယ်။

     လှိုင်ဂူတွေပေါ်များတဲ့ လျှိုမြောင်တောင်တောရဲ့ သာမောဖွယ်ရာ တို့နေရာတို့ကမ္ဘာလေးမှာ သည်းလျာချစ်ကြင် ခင်ပွန်းလင်နဲ့ ချစ်ကြင်ခွင့်တွေ တွေ့မြင်ခွင့်တွေ ဝေးရတော့မည်မို့ ဒီအပူ ဒီမီးတောက်နဲ့ တစ်ယောက်ထဲဘယ်လိုဆက်လက်ရှင်သန်နိုင်ပါတော့မလဲ မောင်တော်ရယ်။ အမျိုးအစားစုံ အရောင်အသွေးစုံ အလွှာစုံလှတဲ့ ကျေးငှက်သာရကာလေးတွေနဲ့ သားရဲတိရစ္တာန်တို့ ပေါများရာ တို့ကမ္ဘာတို့နေရာလေးဟာ ထူးခြားသာယာ အလှဖြာခဲ့သလို မောင်တော်နဲ့နှမတော်တို့ရဲ့ ချစ်ခြင်းဟာလဲ အမြဲပဲသစ်လွင်ကြည်သာ ကျေနပ်စရာအပြည့်နဲ့ ကြည်နူးမဝဖြစ်ခဲ့ရပါတယ် မောင်တော်ရယ်။ ဒီတောဒီတောင်မှာ ဒီအလှဒီရသတွေဟာ ဒီမျှတင်မကပါဘူးမောင်တော်၊ တကယ်တော့လေ သစ်ပင်သစ်ရွက် သစ်ခက်သစ်လက်လေးတွေနဲ့ မြကမ္ဗလာလို နူးညံ့အောင်ခင်းပီးတော့ ချစ်တင်းနှောခဲ့ရတဲ့ ဟောဒီမြေတလင်းမှာ ခုလိုစင်းစင်းကြီးလဲကျနေတဲ့ မောင်တော်ကိုမြင်ရတော့ ချစ်မဝရှုမငြီးအောင်  မြတ်နိုးရတဲ့ နှမတော်အနေနဲ့ ဘယ်လိုများခံစားနေရသလဲဆိုတာ မောင်တော်မသိနိုင်တော့ပါဘူးလေ။ နှမတော်တစ်ယောက်ထဲ ဘယ်လိုများ အားခဲလို့ ဘယ်အသဲနဲ့ ဆက်လက်ရှင်ရပါမလဲမောင်တော်ရယ်။

     ဒီလိုနဲ့ စန္ဒကိန္နရီမလေးဟာ ရင်ထဲမှာရှိသမျှခံစားချက်တွေကို စီကာပတ်ကုံးဖွင့်ထုတ်ပီးတော့ ငိုကြွေးရင်း ကိန္နရာဖိုလေးရဲ့ရင်ပတ်ပေါ်ကို လက်တင်ထားမိရာ အပူငွေ့ရှိသေးကြောင်းသိရတာကြောင့် မောင်တော်အသက်မသေသေးဘူးဆိုတာ သိလိုက်ရပါတော့တယ်။ ဒါနဲ့ ဒီဖြစ်ရပ်ဆိုးကို နတ်သူတော်စင်များအနေနဲ့ မစောင်မ မကယ်တင်ရကောင်းလားဆိုပီး မောင်တော့်အပေါ်မှာ ထားရှိတဲ့ချစ်ဇောစိတ်ကြောင့် နတ်တွေကိုပြစ်တင်ဝေဘန်ပြန်ပါတော့တယ်။ ဒါနဲ့ သိကြားမင်းရဲ့ မြကျောက်ဖြာဟာ ကိန္နရီမလေးရဲ့ မောင်တော်ကိုအမှန်ချစ်တဲ့ မေတ္တာအရှိန်အဟုန်ကြောင့် ပူပြင်းလာပါတော့တယ်။ ဒီတော့မှ သိကြားမင်းက ပုဏ္ဏားယောင်ဖန်ဆင်းပီးတော့ လူ့ပြည်ကိုဆင်းကာ ကူညီပါတော့တယ်။ သိကြားမင်းဟာ ကိန္နရာဖိုလေးရဲ့မြှားဒဏ်ရာကို ရေစင်နဲ့ပက်ဖျန်းလိုက်တဲ့အခါ ဒဏ်ရာဟာ ချက်ချင်းပဲပျောက်ကင်းသက်သာပီးတော့ မူလပကတိအတိုင်းပဲ ကျမ္မာသွားပါတော့တယ်။ ဒီအခါမှာ ကိန္နရာမောင်နှံစုံဟာ ပုဏ္ဏားယောင်ဆောင်ထားသော သိကြားမင်းကို ဝမ်းမြောက်ဝမ်းသာ ကျေးဇူးတင်စကားဆိုကြပါတယ်။ သိကြားမင်းကလဲ ဒီနေ့မှစလို့ လူတို့နဲ့နီးစပ်ရာ လူတို့သွားလာရာဖြစ်တဲ့ တောင်အောက်ကိုမဆင်းသက်ကြဖို့နဲ့ တောင်ပေါ်မှာသာ နေထိုင်ကြဖို့ ပြောဆိုဆုံးမပီးတော့ သူရဲ့ဘုံဗိမာန်ကို ပြန်သွားပါတော့တယ်။ ကိန္နရာမောင်နှံစုံဟာလဲ  လွတ်လပ်ပျော်ရွှင်စွာနဲ့ တောင်ပေါ်ကိုပျံတက်သွားကြပါတော့တယ်။ ဒီလိုပျံတက်ရင်း စန္ဒကိန္နရီမလေးဟာ အလွန်ကျေနပ်ဆွတ်ပျံ့စွာနဲ့ပဲ ဒီသီချင်းလေးကို သီဆိုပါတော့တယ်။

        လူဆိုးလူသွမ်းကင်းရာ ငွေတောင်သာသို့ မောင်မယ်အတူ သွားကြစို့နော်။

        ချောင်းကြီးချောင်းငယ် သွယ်သွယ်စီးရာ တောင်ပေါ်မှာ ဝေဆာပွင့်ဖူးတဲ့ ပန်းကလေးများကို အတူခူးကြမယ်နော်။

        ညင်သာအေးမြ သန့်စင်လှတဲ့ တောင်ပေါ်လေချိုအေးကို တူမောင်နှံရှုရှိုက်ရင်း သီချင်းတွေဆိုကြမယ်နော်။

         အသဲဘဝင်မှာ အမြဲကြည်ရွှင်စေတဲ့ ဂီတချိုတွေ သီဆိုကြမယ်နော် တဲ့။

           စန္ဒကိန္နရီဇာတ်တော်ဟာ အလွန်ကျေနပ်ကြည်နူးစရာ ဒီဖြစ်ရပ်လေးနဲ့ အဆုံးသတ်သွားပါတယ်။ ဒီလိုဇာတ်တော်ကို အဆုံးသတ်ပီးတော့မှ ဘုရားရှင်က ဖခင်ဘုရင် သုဒ္ဓေါဒနကို ဒီလိုမိန့်တော်မူပါတယ်။ ယသောဓရာဟာ ယခုဘဝမှာသာ ငါဘုရားကို မေတ္တာနဲ့သစ္စာခိုင်မြဲစွာစောင့်စည်းခဲ့တာမဟုတ်၊ ရှေးယခင်ဘဝတွေမှာလဲ စောင့်စည်းခဲ့ပါပေတယ်လို့ ချီးကျူးစကားမိန့်ကြားတော်မူပါတယ်။ ဒီနောက် မြတ်စွာဘုရားရှင်က ယသောဓရာဟာ ယခင်က စန္ဒကိန္နရီဖြစ်ခဲ့တယ်။ ငါဘုရားကတော့ စန္ဒကိန္နရာဖြစ်ခဲ့တယ်လို့ ဇာတ်တော်ကိုပေါင်းထုတ် နိဂုံးချုပ်ခဲ့ပါတော့တယ်။

    ဒီဇာတ်တော်ကိုဖတ်ပီးတော့ မိမိဒီလိုကောက်ချက်ဆွဲမိပါတယ်။ စန္ဒကိန္နရီမလေးဟာ အချစ်စစ်အချစ်မှန်နဲ့ချစ်ခဲ့တာကြောင့် သစ္စာတည်တာဖြစ်ပါတယ်။ အကယ်၍ တကယ်အချစ်စစ်မဟုတ်ပါဘဲနဲ့ အခြေအနေနဲ့အကြောင်းကြောင်းအရ  တူနှစ်ဖြာဂဟေဆက်ခဲ့မိကြရင် ပျော်ရွှင် ကြည်လင်အေးမြတဲ့အိမ်ထောင်ရေး ရသဟာလဲကင်းမဲ့နေမှာဖြစ်သလို သစ္စာတည်မြဲဘို့အရေးဟာလဲ အလွန်ခက်ခဲလိမ့်မယ်လို့ထင်ပါတယ်။ ယသောဓရာဟာ ဘဝအဆက်ဆက်မှာ အရာရာကို ကိန်းဂဏန်းချပြလို့မရနိုင်လောက်အောင် ပေးဆပ်ဖြည့်ဆည်းခဲ့သော်လဲ ဘယ်အရာတစ်ခုကိုမျှ မတောင့်တ မမျှော်လင့်ခဲ့သလို ဘာဆုကိုမျှလဲ မပန်ဆင်ခဲ့ပါဘူး။ မောင်တော်နဲ့သေအတူရှင်မကွာ ဘဝအဆက်ဆက်ပေါင်းဖက် ဖြည့်ဆည်းပေးချင်တဲ့ အချစ်နဲ့ ဆန္ဒကလွဲလို့ ဘယ်အရာတစ်ခုကိုမှ ပိုင်ဆိုင်ဘို့မကြိုးစားခဲ့ပါဘူး။ မောင်တော်ကို ချစ်တဲ့စိတ်နဲ့ ပေးဆပ်ဖြည့်ဆည်းရုံသက်သက်မျှပါပဲ။ ဒါကြောင့် လူငယ်များကို အကြံပြုချင်တာက ပစ္စက္ခရေတိုဖြစ်တဲ့ ရုပ်ဝတ္ထုချမ်းသာသက်သက်ကိုသာမကြည့်ဘဲ ရေရှည်ကိုကြည့်ပီးတော့မှသာ တူနှစ်ကိုယ်လက်ဆက်သင့်ပါတယ်။ တကယ်လို့ တဒင်္ဂရေတိုမျှကိုသာ သာယာမက်မောပီးလက်ဆက်လိုက်ရင် ရေရှည်မှာတော့ ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင် ဆိုတဲ့စကားလို ကြီးကျယ်ခမ်းနားတယ်ထင်ရသော်လဲ ရင်တွင်းမှာတော့ အမြဲပူလောင်နေရတတ်ပါတယ်။ အိမ်ထောင်ရေးရဲ့ ဘယ်လိုသာယာကြည်နူးစရာမှ မခံစားရဘဲ ဒူးနဲ့မျက်ရည် အမြဲသုတ်နေရတဲ့ ဘဝမျိုးတွေဖြစ်တတ်ပါတယ်။

     အထူးသဖြင့် ဒီနေရာမှာ အမျိုးသမီးငယ်လေးများကို ပြောပြချင်တာက တကယ်နှလုံးရည်ပြည့်ဝတဲ့ အမျိုးသားကို ရွေးချယ်တတ်ပါမှ ပစ္စုပ္ပန်ရော သံသရာမှာပါ ကောင်းကျိုးစီးပွါး များပြားပီးတော့ ထာဝစဉ်ပျော်ရွှင်ကျေနပ်နိုင်တဲ့ မိသားစုဘဝကို တည်ဆောက်နိုင်ပါမယ်။ ယသောဓရာဟာ နှလုံးရည်ပြည့်ဝလှတဲ့ ယောကျာ်းကောင်းတစ်ယောက်ကို ရွေးချယ်နိုင်ခဲ့တဲ့အတွက် သံသရာတစ်လျှောက်လုံးမှာ ကျေနပ်မှု ပျော်ရွှင်မှုပြည့်ဝတဲ့ အိမ်ထောင်ရေးကိုပဲ ရရှိခဲ့တယ်။ ချစ်လို့မဝနိုင်တဲ့ ပီတိရသကို အစဉ်အမြဲခံစားခဲ့ရတယ်။ နှလုံးရည်ဆိုရာမှာ အသိပညာ အတတ်ပညာအပါအဝင် မေတ္တာ ကရုဏာ အကြင်နာ စာနာတရားနဲ့သစ္စာရှိမှုတွေကို ဆိုလိုတာပါ။ အချို့သော အမျိုးသမီးငယ်လေးများဟာ ဆိုခဲ့ပီးတဲ့ နှလုံးရည်ကို လိုလားကြဖွယ်ရှိသော်လဲ တဒင်္ဂ တခဏ သာယာမှုကို ဦးစားပေးမိကြတဲ့အခါ တစ်သက်လုံး ဘဝအမှောင်ကျကြရပါတော့တယ်။ ဒါ့အပြင် အလိုမကျမှုတွေ နာကျည်းမှုတွေ ကသိကအောက်ခံစားချက်တွေဟာ အမြဲလိုလိုရင်ထဲမှာ မွန်းကျပ်ပြည့်သိပ်နေပီးတော့ မှန်းချက်နဲ့နှမ်းထွက်မကိုက်ဘဲ မျှော်လင့်ခဲ့သမျှအရာရာ ပြိုကွဲပျက်ဆီးကုန်ကြပါတော့တယ်။ ကုန်ရှုံးတော့ တစ်ခေါက်၊ လင်ကုန်ရှုံးတော့ တစ်သက်လုံးမှောက်၊ ဆရာကုန်ရှုံးတော့ တစ်သံသရာလုံးမှောက်ဆိုတဲ့ ဆိုရိုးစကားရှိသော်လဲ သတိမမူ ဂူမမြင်ဖြစ်နေတတ်ကြပါတယ်။ လင်ကုန်ရှုံးလို့တစ်သက်လုံးမှောက်နေကြရတဲ့ အမျိုးသမီးကောင်းတွေ များစွာရှိနေနိုင်ပါတယ်။ နောက်ပီးတော့ အိမ်ထောင်မှု ဘုရားတည်၊ ဆေးမှင်ရည်စုတ်ထိုး၊ ဤသုံးမျိုးချက်မပိုင်လျှင် နောက်ပြင်ရန် ခက်သည့်အမျိုး  လို့ရှေးကအဆိုရှိပါတယ်။ ဒီအဆိုဟာ ဒီနေ့လဲ မှန်နေဆဲပါ။ နောင်ခေတ်လဲ မှန်နေအုံးမှာပါပဲ။

        ပါရမီဖြည့်ဘက်တို့ရဲ့ဘဝမှာတော့ ဘုရားအလောင်းတော်က ရွှေဆိုရင် ယသောဓရာအလောင်းက မြ၊ အလောင်းတော်က နေဆိုရင် ယသောဓရာက လ၊ အလောင်းတော်က ပညာကိုသရုပ်ဖေါ်ရင် ယသောဓရာက အကြင်နာ ကရုဏာရဲ့ ပုံရိပ်၊ အလောင်းတော်က နှလုံးရည်နဲ့ ဦးဆောင်သူဆိုရင် ယသောဓရာက နှလုံးရည်နောက်လိုက်ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူတို့နှစ်ဦးပါရမီတွေစတင်ဖြည့်ကျင့်စဉ်ကတဲက သူတို့အိမ်ထောင်ရေးအတွက်၊ ဒီထက် လောကကြီးအတွက်၊ ထို့ထက် ၃၁ ဘုံသားများရဲ့ စကြာဝဠာအတွက် ဘယ်လိုအကြမ်းဖက်မှု၊ ခေါင်းပုံဖြတ်မှု၊ ရက်စက်မှု၊ ကလိမ်ကကျစ်ကျမှုကိုမျှအသုံးမပြုဘဲ နှလုံးရည်သက်သက်နဲ့ မဟာဗျူဟာမြောက် အဂ္ဂဗျူဟာမြောက် ကြိုးစားနိုင်ခဲ့ကြတယ်။ မိမိ ဒီလိုလဲ ဆက်လက်စဉ်းစားမိပါသေးတယ်။ တကယ်လို့သာ ယသောဓရာရဲ့အချစ်စစ်နဲ့ ပေးဆပ်မှုသာမပါဝင်ခဲ့ရင် သို့မဟုတ် ယသောဓရာကသာ အရာရာမှာ ကာဆီးကာဆီးနဲ့ ကန့်လန့်တိုက်နေရင် ဘုရားပွင့်ဘို့လဲခက် ဒီသာသနာပေါ်ပေါက်ဘို့အရေးလဲ အလွန်ခက်ပါလိမ့်မယ်။ အမှန်မှာတော့ ယသောဓရာရဲ့ အချစ်နဲ့ ပေးဆပ်မှုတွေဟာ ဘုရားပွင့်ဘို့ သာသနာတော်ကြီးပေါ်ပေါက်ဘို့အတွက် အလွန်ကြီးမားတဲ့ အရံအင်အားတစ်ခုလို့မြင်မိ ခံစားမိ သုံးသပ်မိပါတယ်။ ယောက်ျားက တိကျပြတ်သားတဲ့ ဦးဆောင်မှုကို ပေးနိုင်မယ်၊ မိန်းမကလဲ နောက်လိုက်ကောင်းဖြစ်မယ်ဆိုရင် စုံတွဲတိုင်း အိမ်ထောင်ရေးတိုင်း ရွှေနဲ့မြ နေနဲ့လဖြစ်နေကြမယ်လို့ မျှော်လင့်မိပါတယ်။ ဒီလိုဒီလို ရေးနေတာတွေဟာ လက်မထပ်ကြရသေးတဲ့ လူငယ်လေးများအပါအဝင် လက်ထပ်ကြပီးသားစုံတွဲတိုင်း မိသားစုအတွက်၊ ဒီထက် ရက်ကွက် ရပ်ကျေးအတွက်၊ ဒီထက် မြို့နယ် ခရိုင် နိုင်ငံမှစလို့ လောကကြီးအတွက် စစ်မှန်တဲ့မေတ္တာစစ် အချစ်စစ်တွေနဲ့ ( အလောင်းတော်နဲ့ ယသောဓရာတို့လို ) ကောင်းကျိုးတွေစွမ်းနိုင်တဲ့နေရာက ဆောင်ရွက်စေလိုတဲ့ ဆန္ဒနဲ့ မိမိခံစားသုံးသပ်မိသမျှကို တင်ပြခြင်းဖြစ်ပါတယ်။ ( ဆက်လက်တင်ပြပါမယ် )

***ဓမ္မမိတ်ဆွေများ၏အမှာစကား***