Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Sunday, June 3, 2012

ဗုဒ္ဓဓမ္မနှင့်လူ့အခွင့်အရေး (၆) အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်းအပိုင်း (၃)

အပိုဒ် ( ၂၁ )
(၁) လူတိုင်းတွင် မိမိနိုင်ငံ၏အုပ်ချုပ်ရေး၌ ကိုယ်တိုင်ဖြစ်စေ၊ လွတ်လပ်စွာရွေးချယ်လိုက်သည့် ကိုယ်စားလှယ်များမှတစ်ဆင့်ဖြစ်စေ ပါဝင်ဆောင်ရွက်နိုင်ခွင့်ရှိသည်။
(၂) လူတိုင်းတွင် မိမိ၏နိုင်ငံရှိ ပြည်သူ့ဝန်ထမ်းအဖွဲ့၌ ဝင်ရောက်နိုင်ရန် တူညီသည့်အခွင့်အရေးရှိသည်။
(၃) ပြည်သူပြည်သားတို့၏ဆန္ဒသည် အုပ်ချုပ်မှုအာဏာ၏ အခြေခံဖြစ်ရမည်။ အဆိုပါဆန္ဒကို အချိန်ကာလပိုင်းခြားလျှက် စစ်မှန်သောရွေးကောက်ပွဲများဖြင့် ထင်ရှားစေရမည်။ ရွေးကောက်ပွဲများတွင်လည်း လူတိုင်းအညီအမျှ ဆန္ဒမဲပေးနိုင်ခွင့်ရှိရမည့်အပြင် ထိုရွေးကောက်ပွဲများကို လျှို့ဝှက်မဲပေးစံနစ်ဖြင့်ဖြစ်စေ၊ အလားတူလွတ်လပ်သော မဲပေးစံနစ်ဖြင့်ဖြစ်စေ ကျင်းပရမည်။

အပိုဒ် ( ၂၂ )
လူတိုင်းတွင် လူ့အဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ဦးအနေနှင့် လူမှုရေးလုံခြုံခွင့် ရယူပိုင်ခွင့်ရှိသည့်အပြင် နိုင်ငံရေးကြိုးပမ်းမှုဖြင့်ဖြစ်စေ၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဖြင့်ဖြစ်စေ၊ နိုင်ငံအသီးသီး၏ ဖွဲ့စည်းပုံနှင့်လည်းကောင်း၊ သယံဇာတအင်အားနှင့်လည်းကောင်း၊ ထိုလူ၏ဂုဏ်သိက္ခာနှင့်စရိုက်လက္ခဏာ လွတ်လပ်စွာ တိုးတက်မြင့်မားရေးအတွက် မရှိမဖြစ်လိုအပ်သော စီးပွါးရေး လူမှုရေးနှင့်ယဉ်ကျေးမှုအခွင့်အရေးများကို သုံးစွဲပိုင်ခွင့်ရှိသည်။

အပိုဒ် ( ၂၃ )
(၁) လူတိုင်းတွင် အလုပ်လုပ်ရန်လည်းကောင်း၊ မိမိနှစ်သက်ရာ အသက်မွေးမှုအလုပ်အကိုင်ကို လွတ်လပ်စွာရွေးချယ်ရန်လည်းကောင်း၊ တရားမျှတ၍ လုပ်ပျော်သောအလုပ်ခွင်၏ အခြေအနေကိုရရှိရန်လည်းကောင်း၊ အလုပ်လက်မဲ့ဖြစ်ရခြင်းမှ အကာအကွယ်ရရှိရန်လည်းကောင်း အခွင့်အရေးရှိသည်။
(၂) လူတိုင်းတွင်ခွဲခြားခြင်းမခံရစေဘဲ တူညီသောအလုပ်အတွက် တူညီသောအခကြေးငွေ ရနိုင်ခွင့်ရှိသည်။
(၃) အလုပ်လုပ်ကိုင်သည့်လူတိုင်းတွင် မိမိနှင့်မိမိ၏မိသားစုအတွက် လူ့ဂုဏ်သိက္ခာနှင့်ညီအောင် နေထိုင်စားသောက်နိုင်ရန် စိတ်ချလောက်သည့်အပြင် တရားမျှတ၍လုပ်ပျော်သည့် လစာကြေးငွေရပိုင်ခွင့်ရှိသည်။ လိုအပ်ခဲ့လျှင် အခြားနည်းလမ်းများမှ လူမှုရေးအထောက်အပံ့ကိုလည်း ထပ်မံ၍ရနိုင်ခွင့်ရှိသည်။
(၄) လူတိုင်းတွင် မိမိအကျိုးခံစားခွင့်ကို ကာကွယ်ရန် အလုပ်သမားအစည်းအရုံးများ ဖွဲ့စည်းခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်ရှိသည်။

အပိုဒ် ( ၂၄ )
လူတိုင်းတွင် သင့်မြတ်လျော်ကန်စွာ ကန့်သတ်ထားသည့် အလုပ်လုပ်ချိန်အပြင် လစာနှင့်တကွအခါအားလျော်စွာ သတ်မှတ်ထားသည့် အလုပ်အားလပ်ရက်များပါဝင်သည့် အနားယူခွင့်နှင့်အားလပ်ခွင့် ခံစားပိုင်ခွင့်ရှိသည်။

အပိုဒ် ( ၂၅ )
(၁) လူတိုင်းတွင် မိမိနှင့်တကွ မိမိ၏မိသားစုကျမ္မာရေးနှင့်တကွ ကိုယ်စိတ်နှစ်ဖြာ အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် အစာအာဟာရ အဝတ်အထည် နေအိမ် ဆေးဝါးအကူအညီနှင့် လိုအပ်သည့်လူမှုအထောက်အပံ့များပါဝင်သော သင့်တော်လျောက်ပတ်သည့်လူမှုအဆင့်အတန်းကို ရယူခံစားခွင့်ရှိသည်။ ထို့ပြင် အလုပ်လက်မဲ့ဖြစ်သောအခါ၌သော်လည်းကောင်း၊ မကျန်းမမာဖြစ်သောအခါ၌သော်လည်းကောင်း၊ ကိုယ်အင်္ဂါမစွမ်းမသန်ဖြစ်သောအခါ၌သော်လည်းကောင်း၊ မုဆိုးမဖြစ်သောအခါ၌သော်လည်းကောင်း၊ အသက်အရွယ်အိုးမင်းသောအခါ၌သော်လည်းကောင်း၊ မိမိကိုယ်တိုင်က မတတ်နိုင်သောအကြောင်းကြောင့် ဝမ်းစာရှာမှီးနိုင်သောနည်းလမ်း မရှိသောအခါ၌သော်လည်းကောင်း နေထိုင်စားသောက်ရေးအတွက် လုံခြုံစိတ်ချရမှုအခွင့်အရေးရှိသည်။
(၂) သားသည်မိခင်များနှင့်ကလေးများသည် အထူးစောင့်ရှောက်ခြင်းနှင့်အကူအညီပေးခြင်းကို ရခွင့်ရှိသည်။ ဥပဒေအရ ထိမ်းမြားခြင်းဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ၊ မွေးဖွားသောကလေးအားလုံးသည် တူညီသောလူမှုကာကွယ်စောင့်ရှောက်ရေးကို ရယူခံစားကြရမည်။

အပိုဒ် ( ၂၆ )
(၁) လူတိုင်းသည် ပညာသင်ယူနိုင်ခွင့်ရှိသည်။ အနည်းဆုံး မူလတန်းနှင့်အခြေခံအဆင့်အတန်းများတွင် ပညာသင်ကြားရေးသည်အခမဲ့ဖြစ်ရမည်။ မူလတန်းပညာသည် မသင်မနေရ ပညာဖြစ်ရမည်။ စက်မှုလက်မှုပညာနှင့် အသက်မွေးမှုပညာများကို ယေဘုယျအားဖြင့် သင်ကြားရယူနိုင်စေရမည်။ ထို့ပြင် အထက်တန်းပညာအတွက် အရည်အချင်းကိုအခြေခံပြု၍ တူညီသောအခွင့်အရေးရရှိစေရမည်။
(၂) ပညာသင်ကြားရေးကို လူသားတို့၏စရိုက်လက္ခဏာ အပြည့်အဝတိုးတက်မှုအပြင် လူ့အခွင့်အရေးနှင့်အခြေခံလွတ်လပ်ခွင့် ရိုသေလေးစားမှုတို့ကို ရှင်သန်ဖွံ့ဖြိုးလာစေရန်ရည်ရွယ်၍ သင်ကြားစေရမည်။ ပညာသင်ကြားရေးသည် နိုင်ငံအားလုံးတို့တွင်လည်းကောင်း၊ လူမျိုးစုများတွင်လည်းကောင်း၊ ဘာသာရေးအသင်းအဖွဲ့များတွင်လည်းကောင်း၊ အချင်းချင်းနားလည်မှုသည်းခံမှုနှင့်ခင်မင်ရင်းနှီးမှုတို့ကို အားပေးရမည်။ ထို့ပြင် ငြိမ်းချမ်းရေး တည်တံ့အောင် ဆောင်ရွက်ရန်အလို့ငှာ ကုလသမဂ္ဂ၏ဆောင်ရွက်မှုများကိုလည်း ဖြစ်မြောက်အောင်အားပေးရမည်။
(၃) မိဘတို့တွင် မိမိတို့၏ ကလေးများသင်ယူရမည့် ပညာအမျိုးအစားကိုရွေးချယ်နိုင်သော လက်ဦးအခွင့်အရေးရှိသည်။

အပိုဒ် ( ၂၇ )
(၁) လူတိုင်းတွင် သက်ဆိုင်ရာယဉ်ကျေးမှုလောက၌ လွတ်လပ်စွာပါဝင်ဆောင်ရွက်နိုင်ခွင့် သုခုမပညာရပ်များကို လွတ်လပ်စွာလိုက်စားမွေ့လျော်နိုင်ခွင့် သိပ္ပံပညာထွန်းကားရေးလုပ်ငန်းများတွင် လွတ်လပ်စွာဝင်ရောက်လုပ်ကိုင်နိုင်ခွင့်နှင့် ထိုပညာ၏အကျိုးအာနိသင်များကို လွတ်လပ်စွာ ခံစားသုံးစွဲနိုင်ခွင့်ရှိသည်။
(၂) လူတိုင်းတွင် သိပ္ပံမှဖြစ်စေ၊ စာပေမှဖြစ်စေ၊ သုခုမပညာမှဖြစ်စေ၊ မိမိကိုယ်ပိုင်ဥာဏ်ဖြင့် ကြံစည်ဖန်တီးမှုမှဖြစ်ထွန်းလာသည့် ဂုဏ်နှင့်ငွေကြေးအကျိုးအမြတ်များကို ခံစားရယူနိုင်ရန် အခွင့်အရေးအတွက် ကာကွယ်မှုကို ရရှိရန်အခွင့်အရေးရှိသည်။

အပိုဒ် ( ၂၈ )
လူတိုင်းသည် ဤကြေငြာစာတမ်းတွင် ဖေါ်ပြထားသည့် အခွင့်အရေးများနှင့်လွတ်လပ်ခွင့်များကို အပြည့်အစုံရယူနိုင်သော လူမှုဆက်ဆံရေးအခြေအနေနှင့် အပြည်ပြည်ဆိုင်ရာဆက်ဆံရေး အခြေအနေတို့၏ အကျိုးကျေးဇူးကိုခံစားနိုင်ခွင့်ရှိသည်။

အပိုဒ် ( ၂၉ )
(၁) မိမိ၏စရိုက်လက္ခဏာ လွတ်လပ်စွာ ဖွံ့ဖြိုးတိုးတက်နိုင်သည့် တစ်ခုတည်းသောလူ့အသိုက်အဝန်းအတွက် လူတိုင်း၌တာဝန်ရှိသည်။
(၂) မိမိ၏အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကိုသုံးစွဲရာတွင် လူတိုင်းသည် အခြားသူများ၏အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကိုအသိအမှတ်ပြု၍ ရိုသေလေးစားစေရန်အလို့ငှာလည်းကောင်း၊ ဒီမိုကရေစီကျင့်သုံးသောလူ့အဖွဲ့အစည်းတွင် ကိုယ်ကျင့်တရားအပြင် ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူ့အကျိုးစီးပွါးဖြစ်ထွန်းရေးတို့အတွက် တရားမျှတစွာကျင့်ဆောင်ရန်အလို့ငှာလည်းကောင်း ဥပဒေကပြဋ္ဌာန်းထားသည့် ချုပ်ချယ်မှုများဖြင့်သာ ကန့်သတ်ခြင်းခံရမည်။
(၃) အဆိုပါအခွင့်အရေးများနှင့်လွတ်လပ်ခွင့်များကို မည်သည့်အမှုကိစ္စတွင်မျှ ကုလသမဂ္ဂ၏ရည်ရွယ်ချက်များနှင့်လည်းကောင်း၊ အခြေခံမူများနှင့်လည်းကောင်း ဆန့်ကျင်၍မသုံးစွဲရ။

အပိုဒ် ( ၃၀ )
ဤကြေငြာစာတမ်းပါအခွင့်အရေးနှင့်တကွ လွတ်လပ်ခွင့်များ၊ ပျက်စီးရာပျက်စီးကြောင်းတို့ကိုရည်ရွယ်၍ နိုင်ငံတစ်နိုင်ငံအတွက်ဖြစ်စေ၊ လူတစ်စုအတွက်ဖြစ်စေ၊ လူတစ်ဦးတစ်ယောက်အတွက်ဖြစ်စေ၊ ပါဝင်ဆောင်ရွက်ရန်အခွင့်ရှိသည်ဟု သော်လည်းကောင်း၊ ကိုယ်တိုင်ဆောင်ရွက်ရန်အခွင့်ရှိသည်ဟုသော်လည်းကောင်း အဓိပ္ပါယ် ပိုင်းခြားကောက်ယူခြင်းမရှိစေရ။

Sunday, May 27, 2012

ဗုဒ္ဓဓမ္မနှင့်လူ့အခွင့်အရေး (၅) အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်း အပိုင်း (၂ )

အပိုဒ် (၁၁)
(၁) လူအများရှေ့မှောက်၌ ဥပဒေအတိုင်းစစ်ဆေး၍ ပြစ်မှုကျူးလွန်သည်ဟု ထင်ရှားစီရင်ခြင်းခံရသည့် အချိန်အထိ ပြစ်မှုနှင့်တရားစွဲဆိုခြင်း ခံရသူတိုင်းသည် အပြစ်မဲ့သူဟူ၍ ယူဆခြင်းခံထိုက်သည့် အခွင့်အရေးရှိသည်။ ထိုအမှုကိုကြားနာစစ်ဆေးရာဝယ် စွပ်စွဲခံရသည့်ပြစ်မှုအတွက် ခုခံချေပနိုင်ရန် လိုအပ်သောအခွင့်အရေးအများကို ထိုသူအားပေးပြီးဖြစ်စေရမည်။
(၂) လူတစ်ဦးတစ်ယောက်အား နိုင်ငံဥပဒေအရဖြစ်စေ အပြည်ပြည်ဆိုင်ရာဥပဒေအရဖြစ်စေ ပြစ်မှုမမြောက်သောလုပ်ရပ် သို့မဟုတ် ပျက်ကွက်မှုအရ ဆွဲဆိုအပြစ်ပေးခြင်းမပြုရ။ ထို့အပြင် ပြစ်မှုကျူးလွန်စဉ်အခါက ထိုက်သင့်စေနိုင်သော အပြစ်ဒဏ်ထက်ပိုမိုကြီးလေးသော အပြစ်ဒဏ်ကို ထိုက်သင့်ခြင်းမရှိစေရ။

အပိုဒ် ( ၁၂ )
မည်သူမျှ မိမိသဘောအတိုင်း အေးချမ်းလွတ်လပ်စွာနေထိုင်ခြင်းကိုသော်လည်းကောင်း၊ မိမိ၏မိသားစုကိုသော်လည်းကောင်း၊ မိမိ၏နေအိမ် အသိုက်အဝန်းကိုသော်လည်းကောင်း၊ စာပေးစာယူကိုသော်လည်းကောင်း၊ ဥပဒေအရမဟုတ်သော ဝင်ရောက်စွက်ဖက်ခြင်းမခံစေရ။ ထို့ပြင်မိမိ၏ဂုဏ်သိက္ခာကိုလည်း အထက်ပါအတိုင်းပုတ်ခတ်ခြင်းမခံစေရ။ လူတိုင်းတွင် ထိုသို့ဝင်ရောက်စွက်ဖက်ခြင်းမှသော်လည်းကောင်း၊ ပုတ်ခတ်ခြင်းမှသော်လည်းကောင်း ဥပဒေအရ ကာကွယ်ပိုင်ခွင့်ရှိသည်။

အပိုဒ် ( ၁၃ )
(၁) လူတိုင်းတွင် မိမိ၏နိုင်ငံ နယ်နိမိတ်အတွင်း၌ လွတ်လပ်စွာ သွားလာရွှေ့ပြောင်းနိုင်ခွင့်၊ နေထိုင်ခွင့်ရှိသည်။
(၂) လူတိုင်းတွင် မိမိနေထိုင်ရာ တိုင်းပြည်မှလည်းကောင်း၊ အခြားတိုင်းပြည်မှလည်းကောင်း ထွက်ခွာသွားပိုင်ခွင့်ရှိသည့်အပြင် မိမိ၏တိုင်းပြည်သို့ ပြန်လာပိုင်ခွင့်လည်းရှိသည်။

အပိုဒ် ( ၁၄ )
(၁) လူတိုင်းသည် ညှဉ်းပန်းနှိပ်စက် ခံနေရခြင်းမှ လွတ်ကင်းရန် အခြားတိုင်းပြည်များ၌ အေးချမ်းစွာ ခိုလှုံနေနိုင်ခွင့်ရှိသည်။
(၂) နိုင်ငံရေးနှင့်မပတ်သက်သည့် ပြစ်မှုများမှသော်လည်းကောင်း၊ ကုလသမဂ္ဂ၏ရည်ရွယ်ချက်နှင့် သဘောတရားများကို ဖီဆန်သောအမှုများမှသော်လည်းကောင်း၊ အမှန်ပေါ်ပေါက်လာသောပြစ်မှုကြောင့် တရားစွဲဆိုခြင်းခံရသည့် အမှုအခင်းများတွင် အထက်ပါအခွင့်အရေးကို အသုံးမပြုနိုင်စေရ။

အပိုဒ် ( ၁၅ )
(၁) လူတိုင်းသည် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားအဖြစ် ခံယူခွင့်ရှိသည်။
(၂) ဥပဒေအရမဟုတ်လျှင် မည်သူမျှ မိမိ၏နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ခြင်းမခံစေရ၊ နိုင်ငံသားအဖြစ် ပြောင်းလဲနိုင်သော အခွင့်အရေးကိုလည်း ငြင်းပယ်ခြင်းမခံစေရ။

အပိုဒ် ( ၁၆ )
(၁) အရွယ်ရောက်ပြီးသော ယောကျာ်းနှင့်မိန်းမတို့တွင် လူမျိုးကိုသော်လည်းကောင်း၊ နိုင်ငံသားအဖြစ်ကိုသော်လည်းကောင်း၊ ကိုးကွယ်သည့်ဘာသာကိုသော်လည်းကောင်း အကြောင်းပြု၍ ချုပ်ချယ်ကန့်သတ်ခြင်းမရှိဘဲ ထိမ်းမြားနိုင်ခွင့်နှင့် မိသားစုထူထောင်နိုင်ခွင့်ရှိသည်။ အဆိုပါယောကျာ်းနှင့်မိန်းမတို့သည် လင်မယားအဖြစ်ပေါင်းသင်းနေစဉ် အချိန်အတွင်း၌သော်လည်းကောင်း၊ အိမ်ထောင်ကိုဖျက်သိမ်း၍ ကွာရှင်းကြသည့်အခါ၌သော်လည်းကောင်း လက်ထပ် ပေါင်းသင်း အိမ်ထောင်ပြုခြင်းနှင့်စပ်လျဉ်းသော တူညီသည့်အခွင့်အရေးများကို ရရှိထိုက်သည်။
(၂) သတို့သားနှင့်သတို့သမီး နှစ်ဦးနှစ်ဘက်၏ လွတ်လပ်သောသဘောဆန္ဒရှိမှသာလျှင် ထိမ်းမြားခြင်းကိုပြုရမည်။
(၃) မိသားစုတစ်ခုသည်  လူ့အဖွဲ့အစည်း၏ သဘာဝကျသော အခြေခံအဖွဲ့တစ်ရပ်ဖြစ်သည်၊ ထိုမိသားစုသည် လူ့အဖွဲ့အစည်းနှင့် အစိုးရတို့၏ကာကွယ်စောင့်ရှောက်ခြင်းကို ခံယူခွင့်ရှိသည်။

အပိုဒ် ( ၁၇ )
လူတိုင်းတွင် မိမိတစ်ဦးချင်းသော်လည်းကောင်း၊ အခြားသူများနှင့်ဖက်စပ်၍သော်လည်းကောင်း၊ ပစ္စည်းဥစ္စာတို့ကို ပိုင်ဆိုင်ရန်အခွင့်အရေးရှိရမည်။ ဥပဒေအရမဟုတ်လျှင် မည်သူမျှ မိမိ၏ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ကို  စွန့်လွှတ်ခြင်းမခံစေရ။

အပိုဒ် ( ၁၈ )
လူတိုင်းတွင် လွတ်လပ်စွာတွေးခေါ်ကြံဆနိုင်ခွင့်၊ လွတ်လပ်စွာခံယူရပ်တည်နိုင်ခွင့်နှင့် လွတ်လပ်စွာသက်ဝင်ကိုးကွယ်နိုင်ခွင့်ရှိသည်။ အဆိုပါအခွင့်အရေးများ၌ မိမိကိုးကွယ်သည့်ဘာသာကို သို့တည်းမဟုတ် သက်ဝင်ယုံကြည်ချက်ကို လွတ်လပ်စွာပြောင်းလဲနိုင်ခွင့်ပါဝင်သည့်အပြင် မိမိတစ်ယောက်ချင်းဖြစ်စေ၊ အခြားသူများနှင့်စုပေါင်း၍ဖြစ်စေ၊ ပြည်သူအများရှေ့မှောက်တွင်သော်လည်းကောင်း၊ ရှေ့မှောက်တွင် မဟုတ်ဘဲသော်လည်းကောင်း၊ မိမိကိုးကွယ်သော ဘာသာကို သို့တည်းမဟုတ် သက်ဝင်ယုံကြည်ချက်ကို လွတ်လပ်စွာသင်ပြနိုင်ခွင့်၊ ကျင့်သုံးနိုင်ခွင့်၊ ဝတ်ပြုကိုးကွယ်နိုင်ခွင့်နှင့် ဆောက်တည်နိုင်ခွင့်တို့လည်းပါဝင်သည်။

အပိုဒ် ( ၁၉ )
လူတိုင်းတွင် လွတ်လပ်စွာထင်မြင်ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာဖွင့်ဟ ဖေါ်ပြနိုင်ခွင့်ရှိသည်။ အဆိုပါအခွင့်အရေးများ၌ အနှောက်အယှက်မရှိဘဲ လွတ်လပ်စွာထင်မြင်ယူဆနိုင်ခွင့်ပါဝင်သည့်အပြင် နိုင်ငံနယ်နိမိတ်များကို ထောက်ထားရန်မလိုဘဲ သတင်းအကြောင်းအရာနှင့် သဘောတရားများကို တနည်းနည်းဖြင့်လွတ်လပ်စွာ ရှာယူဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နှင့် ဝေငှဖြန့်ချီခွင့်တို့လည်း ပါဝင်သည်။

အပိုဒ် ( ၂၀ )
(၁) လူတိုင်းတွင် လွတ်လပ်အေးချမ်းစွာ စုဝေးနိုင်ခွင့်နှင့်ဖွဲ့စည်းနိုင်ခွင့်တို့ရှိသည်။
(၂) မည်သူ့ကိုမျှ အဖွဲ့အစည်းတစ်ခုသို့ ဝင်စေရန် အတင်းအကျပ်မပြုရ။

Sunday, May 20, 2012

ဗုဒ္ဓဓမ္မနှင့်လူ့အခွင့်အရေး (၄) အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း အပိုင်း ( ၁ )

  အပိုဒ် ( ၁ ) 
လူတိုင်းသည် တူညီလွတ်လပ်သောဂုဏ်သိက္ခာဖြင့်လည်းကောင်း၊ တူညီလွတ်လပ်သောအခွင့်အရေးများဖြင့်လည်းကောင်း မွေးဖွားလာသူများဖြစ်သည်။ ထိုသူတို့၌ ပိုင်းခြားဝေဘန်တတ်သောဥာဏ်နှင့် ကျင့်ဝတ်ကိုသိတတ်သောစိတ်တို့ရှိကြ၍ ထိုသူတို့သည် အချင်းချင်းမေတ္တာထား၍ ညီရင်းအကိုစိတ်ထားဖြင့် ဆက်ဆံကျင့်သုံးသင့်၏။

အပိုဒ် (၂)
လူတိုင်းသည်လူ့ အခွှင့်အရေးကြေငြာစာတမ်းတွင်ဖေါ်ပြထားသည့်
အခွှင့်ရေးအားလုံး လွတ်လပ်ခွှင့်အားလုံးတို့ ကိုပိုင်ဆိုင်ခံစားခွှင့်ရှိသည်။ လူမျိုးနွယ်အားဖြင့်ဖြစ်စေ၊
အသားအရောင်အားဖြင့်ဖြစ်စေ၊ ကျား၊ မ၊ သဘာဝအားဖြင့်ဖြစ်စေ၊ ဘာသာစကားအားဖြင့်ဖြစ်စေ၊
ကိုးကွယ်သည့်ဘာသာအားဖြင့်ဖြစ်စေ၊ နိုင်ငံရေးယူဆချက်၊ သို့ တည်းမဟုတ် အခြားယူဆချက်အားဖြင့် ဖြစ်စေ၊ နိုင်ငံနှင့်ဆိုင်သော သို့ တည်းမဟုတ် လူမူ့ အဆင့်တန်းနှင့်ဆိုင်သော
ဇစ်မြစ်အားဖြင့်ဖြစ်စေ၊ ပစ္စည်းဥစ္စာ ဂုဏ်အားဖြင့်ဖြစ်စေ၊ မျိုးရိုးဇာတိအားဖြင့်ဖြစ်စေ၊ အခြားအဆင့်အတန်း
အားဖြင့်ဖြစ်စေ ခွဲခြားခြင်းမရှိစေရ။
ထို့ ပြင် လူတဦးတယောက်နေထိုင်ရာ နိုင်ငံ၏ သို့ တည်းမဟုတ် နယ်မြေဒေသ၏နိုင်ငံရေးဆိုင်ရာ
ဖြစ်စေ စီရင်ပိုင်ခွှင့်ဆိုင်ရာဖြစ်စေ တိုင်းပြည်အချင်းချင်းဆိုင်ရာဖြစ်စေ၊ အဆင့်အတန်းတခုခုကို
အခြေပြု၍သော်လည်းကောင်း ဒေသနယ်မြေတခုသည် အချုပ်အခြာအာဏာပိုင် လွတ်လပ်သည့်နယ်မြေ
သို့ တည်းမဟုတ်  ကုလသမဂ္ဂ ထိန်းသိမ်းစောင့်ရှောက်ထားရသည့်နယ်မြေ၊ သို့ တည်းမဟုတ်
ကိုယ်ပိုင်အုပ်ချုပ်ခွှင့်အာဏာတို့ တစိတ်တဒေသလောက်သာရရှိသည့် နယ်မြေစသည်ဖြင့် ယင်းသို့ သော
နယ်မြေများဖြစ်သည် ဟူသောအကြောင်းကို အထောက်အထားပြု၍သော်လည်းကောင်း ခွဲခြားခြင်းလုံးဝ
မရှိစေရ။

အပိုဒ်(၃)
လူတိုင်း၌ အသက်ရှင်ရန်လွတ်လပ်မူ့ ခွှင့်နှင့် လုံခြုံစိတ်ချခွှင့်ရှိသည်။

အပိုဒ်(၄)
မည်သူ့ ကိုမျှကျေးကျွန်အဖြစ် သို့ တည်းမဟုတ် အစေအပါးအဖြစ်၊ နိုင်ထက်စီးနင်း စေခိုင်း ခြင်းမပြုရ။
လူကိုကျေးကျွန်သဖွယ် အဓ္ဓမစေခိုင်းခြင်း၊ အရောင်းအ၀ယ်ပြုခြင်းနှင့် ထိုသဘောသက်ရောက်သော
လုပ်ငန်းဟူသမျှကိုပိတ်ပင်တားမြစ်ရမည်။

အပိုဒ်(၅)
မည်သူ့ ကိုမျှ ညှင်းပမ်းနှိပ်စက်ခြင်း၊ သို့ တည်းမဟုတ် ရက်စက်ကြမ်းကြုတ်စွာ လူမဆန်စွာ
ဂုဏ်ငယ်စေသောဆက်ဆံမူ့ မပြုရ၊ သို့ တည်းမဟုတ်အပြစ်ဒဏ်ပေးခြင်းမပြုရ။

အပိုဒ်(၆)
လူတိုင်းတွင် ဥပဒေအရာ၌ လူပုဂ္ဂိုလ်တဦးအဖြစ်ဖြင့် အရာခပ်သိမ်းတွင် အသိအမှတ်ပြုခြင်းကို
ခံယူပိုင်ခွှင့်ရှိသည်။

အပိုဒ်(၇)
လူအားလုံးတို့ သည် ဥပဒေအရာ၌တူညီကြသည့်အပြင်၊ ဥပဒေ၏အကာအကွယ်ကို ခြားနားခြင်း
မခံရစေပဲ တူညီစွာခံစားပိုင်ခွှင့်ရှိသည်။ ဤကြေငြာစာတမ်းပါသဘောတရားများကို ဖီဆန်၍
ခွဲခြားခြင်းမှလည်းကောင်း၊ ထိုသို့ ခွဲခြားခြင်းကိုလှုံဆော်ခြင်းမှလည်းကောင်း၊ ကင်းလွတ်စေရန်
အကာအကွယ်ကို တူညီစွာခံစားပိုင်ခွှင့်ရှိသည်။

အပိုဒ်(၈)
ဖွဲ့ စည်းပုံအခြေခံဥပဒေက သော်လည်းကောင်း၊ အခြားဥပဒေကသော်လည်းကောင်း၊
လူတိုင်းအတွက်ပေးထားသည့် အခြေခံအခွှင့်အရေးများသည် ချိုးဖေါက်ဖျက်ဆီးခြင်းခံခဲ့ရလျှင်
ထိုသို့ ချိုးဖေါက်ဖျက်ဆီးသောပြုလုပ်မူ့ ကြောင့် ဖြစ်ပေါ်လာသောနစ်နာချက်အတွက်
ထိုသူသည် နိုင်ငံဆိုင်ရာ အာဏာပိုင်တရားရုံးတွင်ထိရောက်စွာသက်သာခွှင့်ရနိုင်စေရမည်။

အပိုဒ်(၉)
မည်သူမျှ ဥပဒေအရမဟုတ်သော ဖမ်းဆီးခြင်းကိုဖြစ်စေ၊ ချုပ်နှောင်ခြင်းကိုဖြစ်စေ၊
ပြည်နှင်ခြင်းကိုဖြစ်စေမခံစေရ။

အပိုဒ်(၁၀)
အခွှင့်အရေးများနှင့် တာဝန်ဝတ္တရားများကို အဆုံးအဖြတ်ခံရာတွင်လည်းကောင်း၊
ပြစ်မူ့ ကြောင့်တရားစွဲဆိုစီရင် ဆုံးဖြတ်ခံရာတွင်လည်းကောင်း၊ လူတိုင်းသည် လွတ်လပ်၍
ဘက်မလိုက်သော တရားရုံးတော်၏ လူအများရှေ့ မှောက်တွင် မျှတစွာကြားနာစစ်ဆေးခြင်းကို
တူညီစွာခံစားပိုင်ခွှင့်ရှိသည်။

Sunday, May 13, 2012

ဗုဒ္ဓဓမ္မနှင့်လူ့အခွင့်အရေး ( ၃ ) အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်း

လူသားသည် မိမိ၏သမိုင်းကို မိမိတို့ကိုယ်တိုင်သာလျှောက်လှမ်းခဲ့ ဖန်တီးခဲ့ရကြောင်း၊ ယခုလည်းလူသားကိုယ်တိုင်သာ ဖန်တီးနေရ လျှောက်လှမ်းနေရကြောင်း၊ နောက်နောင်တွင်လည်း လူသားကိုယ်တိုင်သာ ဆက်လက်လျှောက်လှမ်းဖန်တီးရမည်သာဖြစ်ကြောင်း၊ လူသားမဟုတ်သည့် ဘယ်လိုတန်ခိုးရှင်ကမှ ဝင်ရောက်၍ ကူညီဖြေရှင်းပေးခြင်း အလျဉ်းမရှိကြောင်း၊  လူသား၏အသိဥာဏ်၊ လူသား၏ကိုယ်ကျင့်တရားနှင့် လူသား၏ မေတ္တာ ကရုဏာစသောသူတော်ကောင်း တရားတို့သည်သာ လူသားအားမြှင့်တင်ပေးနိုင်ကြောင်း၊ လူ့ဂုဏ်သိက္ခာနှင့်တန်ဘိုးကို လူသားကသာမြှင့်တင်နိုင်ပြီးလျှင် လူသားကသာ နှိမ့်ချနိုင်ကြောင်းတို့ကို စေ့စေ့တွေးက ထင်းထင်းကြီးပေါ်လွင်လှပါ၏။

     ထို့ကြောင့်လူသားအချင်းချင်း လေးစားတန်ဘိုးထားကာ လူသားတန်ဘိုးများ လူသား၏အခွင့်အရေးများ ဂုဏ်သိက္ခာများမြှင့်တင်ရေးအတွက် ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေညီလာခံကြီးသည် အချက်အလက်စာပိုဒ် (၃၀) ပါဝင်သည့် ကမ္ဘာလုံးဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်းကြီးကို တညီတညွတ်တည်း ကြေငြာခဲ့လေသည်။ ဤကြေငြာစာတမ်းတွင် လူသားများအားလုံး တပြေးညီရပိုင်ခွင့်ရှိသည့်
 ပြည်သူ့အခွင့်အရေးများ၊ နိုင်ငံရေးဆိုင်ရာအခွင့်အရေးများ၊ စီးပွါးရေး လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာအခွင့်အရေးများအားလုံးပါဝင်၏။ ဤအခွင့်အရေးများသည် လူမျိုး၊ အသားအရောင်၊ အရပ်ဒေသ၊ နိုင်ငံ၊ ဘာသာစကား၊ ယုံကြည်ကိုးကွယ်ရာ ဘာသာတရား၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံစံများ စသည်တို့ကို တဖက်စောင်းနင်းဖြစ်စွာ အလေးပေးထည့်သွင်းစဉ်းစားခြင်း အလျဉ်းလုံးဝမရှိ၊ လူသားအချင်းချင်း တန်းတူရည်တူရှိမှုသဘောတရားအပေါ်တွင်သာ အခြေပြုထားလေ၏။ လူသား၏တန်ဘိုးနှင့်ဂုဏ်သိက္ခာကိုသာ အလေးထား၍ဖေါ်ပြထား၏။

            တစ်ဖန် မိမိတို့၏ လူ့သမိုင်းကို ပြန်လည်၍ အနည်းငယ်စေ့ငုကြည့်ပါက မြောက်များလှစွာသော သဘာဝဘေးအန္တရာယ်ဆိုးများနှင့်ကပ်ဆိုးများ၊ လူသားတို့ဖန်တီးခြင်းကြောင့် ကျရောက်ခဲ့ရသော ဘေးရန်အန္တရာယ်နှင့်ကပ်ဆိုးများစွာတို့သည် အတိတ်တွင်လဲ တွေ့ကြုံခဲ့ရ၏။ ယနေ့မျက်မှောက်တွင်လည်း တွေ့ကြုံနေရဆဲဖြစ်၏။ နောင်အနာဂတ်တွင်လည်း
 တွေ့ကြုံရင်ဆိုင်နေကြရပေအုံးမည်မှာ အသေအချာပင်ဖြစ်သည်။ အချိန်ကာလနှင့်ခေတ်ကာလသတ်မှတ်ချက်မရှိဘဲ အချိန်မရွေးဖြစ်ပွါးနိုင်သော အကြောင်းအမျိုးမျိုးကြောင့်ဖြစ်ပေါ်လာရသော စစ်ပွဲများသည် ကမ္ဘာပေါ်ဝယ် သဘာဝ၏သရုပ်သကန် ပုံရိပ်များလိုဖြစ်နေသည်။ အထူးအဆန်းဖြစ်ရပ်ဆန်းများမဟုတ်ကြတော့။ ထိုစစ်ပွဲများသည် မြောက်များလှစွာသော ဆင်းရဲဒုက္ခများ၊ အနိဋ္ဌာရုံဖြစ်ရပ်ဆိုးများနှင့် ကြီးမားလှစွာသော ကမ္ဘာ့အပျက်အစီးများကို လူသား၏ပခုံးပေါ်သို့ အကြင်နာမဲ့စွာ ကျရောက်စေလေတော့၏။ ဤဆင်းရဲဒုက္ခများအပြင် မုန်တိုင်းတိုက်ခတ်ခြင်း၊ ရေတိုက်စားခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ မြေပြိုခြင်း၊ အအေးလွန်ကဲခြင်းနှင့် အပူလွန်ကဲခြင်းစသော သဘာဝဘေးအန္တရာယ်များ၊ မဖြစ်သင့်မဖြစ်ထိုက်သော ကျမ္မာရေး ထိခိုက်စေမှုများ သို့မဟုတ် ကျမ္မာရေးအတွက် ထိတ်လန့်စိုးရိမ်စေမှုများနှင့်လူသား၏ ငြိမ်းချမ်းသောနေထိုင်မှုဘဝကို ခြောက်လှန့်မှုများတို့သည်လည်း အမြဲတစေရင်ဆိုင်နေရသော ပြဿနာကြီးများဖြစ်ကြလေ၏။

                ဤဆိုခဲ့ပြီးသော ကပ်ဆိုးများနှင့် အန္တရာယ်များမှကင်းဝေးနိုင်ရန် သို့မဟုတ် ကမ့္ဘာနိုင်ငံသားများအားလုံး၊ အဖွဲ့စည်းမှန်သမျှအားလုံးနှင့် လူသားမှန်သမျှအားလုံး အေးချမ်းစွာ တန်းတူရည်တူရှိစွာ ဂုဏ်သိက္ခာရှိစွာဖြင့်
 နေထိုင်နိုင်ရန်အတွက်လည်းကောင်း၊ နိုင်ငံရေးကိစ္စ၊ နိုင်ငံတကာအရေးကိစ္စ၊ နိုင်ငံနယ်နိမိတ်ပြဿနာအရေးကိစ္စများတွင် အပြန်အလှန်နားလည်မှု၊ တန်ဘိုးထားလေးစားမှုများ တည်ရှိလာစေရန် အတွက်လည်းကောင်း
 ကုလသမဂ္ဂကြေငြာစာတမ်းကို တညီတညွတ်တည်း ကြေငြာခဲ့ခြင်းဖြစ်ပေသည်။ ထိုကုလသမဂ္ဂလူ့အခွင့်အရေးကြေငြာစာတမ်းကို စာဖတ်သူများ အပြည့်အစုံသိစေရန်အတွက်လည်းကောင်း၊ ဗုဒ္ဓဓမ္မနှင့်နှိုင်းယှဉ်သုံးသပ်သည့်အခါ ပို၍ပွင့်လင်းမြင်သာမှုရှိစေရန်နှင့် ပို၍ထင်ရှားစွာနားလည်စေရန်အတွက်လည်းကောင်း စာပိုဒ် ၃၀ လုံးကို ဖေါ်ပြလိုက်ပါသည်။
                         
                       အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်း
                                             စကားချီး
   လူခပ်သိမ်းတို့၏ မျိုးရိုးဂုဏ်သိက္ခာနှင့်တကွ လူတိုင်းအညီအမျှခံစားခွင့်ရှိသည့် အခွင့်အရေးများကို အသိအမှတ်ပြုခြင်းသည် လူခပ်သိမ်း၏ လွတ်လပ်မှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှုတို့၏ အခြေခံအုတ်မြစ်ဖြစ်သောကြောင့်လည်းကောင်း၊ လူ့အခွင့်အရေးများကို အရေးမထား မထီလေးစားပြုခြင်းသည် လူခပ်သိမ်း၏ အကျင့်သိက္ခာကို ချိုးဖောက်ဖျက်ဆီးတတ်သည့် ရက်စက်ကြမ်းကြုတ်သော အပြုအမူများကို ဖြစ်ပေါ်စေခဲ့သောကြောင့်လည်းကောင်း၊ လွတ်လပ်စွာဖွင့်ဟ ပြောဆိုနိုင်မှု၊ လွတ်လပ်စွာ သက်ဝင်ယုံကြည်နိုင်မှု၊ ကြောက်ရွံ့ခြင်း ချို့ငဲ့ခြင်းတို့မှ ကင်းလွတ်စွာအသက်မွေးနိုင်မှုတို့ကို ခံစားရယူစေနိုင်မည့် လောကတစ်ခုပေါ်ပေါက်လာရန်အရေးကို လူခပ်သိမ်းတို့က မိမိတို့၏အထက်သန်ဆုံးသော လိုလားချက်ဆန္ဒကြီးအဖြစ်ဖြင့်
 ကြွေးကြော်ကြေငြာပြီးဖြစ်သောကြောင့်လည်းကောင်း၊ လူခပ်သိမ်းတို့သည် တရားလက်လွတ် နှိပ်စက်ကလူပြုမှု၊ အုပ်စိုးမှုနှင့် ဖိစီးညှင်းပန်းမှုတို့ကို နောက်ဆုံးတွင် မလွှဲသာမရှောင်သာ လက်နက်စွဲကိုင်ကာ တော်လှန်ခြင်း ပုန်ကန်ခြင်းမပြုစေရန် လူ့အခွင့်အရေးများကို ဥပဒေဖြင့် ထိန်းသိမ်းကာကွယ်ပေးရမည်ဖြစ်သောကြောင့်လည်းကောင်း၊ နိုင်ငံအချင်းချင်း ချစ်ခင်ရင်းနှီးစွာ ဆက်ဆံရေးကို ပိုမိုတိုးတက်စေရန် ကြံဆောင်ရမည်ဖြစ်သောကြောင့်လည်းကောင်း၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်တို့သည် မူလလူ့အခွင့်အရေးများကိုလည်ကောင်း၊ လူ၏ဂုဏ်သိက္ခာကိုလည်းကောင်း၊ ယောက်ျားမိန်းမတို့၏ တူညီသည့်အခွင့်အရေးများကို
လည်းကောင်း၊ လေးစားယုံကြည်ပါသည်ဟု ကုလသမဂ္ဂတွင်ထပ်မံ၍အတည်ပြုပြီးသည့်ပြင် လူမှုကြီးပွါးတိုးတက်ရေးနှင့်တကွ ပိုမိုလွတ်လပ်ကောင်းမွန်သော လူ့ဘဝအဆင့်အတန်းတို့ကို မြှင့်တင်ရန် သံန္နိဋ္ဌာန်ချထားပြီး ဖြစ်သောကြောင့်လည်းကောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတို့သည်
ကုလသမဂ္ဂအဖွဲ့နှင့်ပူးပေါင်း၍ လူ့အခွင့်အရေးများကိုလည်းကောင်း၊ အခြေခံလွတ်လပ်ခွင့်အခွင့်အရေးများကိုလည်းကောင်း၊ ကမ္ဘာတဝှမ်းလုံးတွင် ရိုသေလေးစားကျင့်သုံးစောင့်စည်းကြခြင်းကို အားပေးမည်ဟု ကတိပြုပြီးဖြစ်သောကြောင့်လည်းကောင်း၊ ထိုအကြောင်းများကြောင့် အထွေထွေညီလာခံက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်းကို လူတိုင်း အဖွဲ့အစည်းတိုင်းသည် အစဉ်နှလုံးသွင်းလျှက် ကမ္ဘာတစ်ဝှမ်းလုံးတွင် အဆိုပါအခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို ရိုသေလေးစားကြစေရန် ဆုံးမသွန်သင်ခြင်းဖြင့် အားထုတ်ကြရမည်ဟုလည်းကောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ထိုနိုင်ငံတို့၏ အာဏာပိုင်နယ်နိမိတ်အတွင်းရှိ တိုင်းသူပြည်သားများအား အဆိုပါအခွင့်အရေးနှင့်လွတ်လပ်ခွင့်များကို ကျယ်ကျယ်ပြန့်ပြန့်ထိရောက်စွာ သိမှတ်ကျင့်သုံးစောင့်စည်းကြစေရန် ပြည်တွင်းပြည်ပဆိုင်ရာ တိုးတက်သောဆောင်ရွက်ချက်များဖြင့် အားထုတ်ကြရမည်ဟုလည်းကောင်း ရည်ရွယ်ပြီးလျှင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်းကို နိုင်ငံခပ်သိမ်း လူခပ်သိမ်းတို့ တပြေးညီစွာ ဆောင်ရွက်နိုင်ကြစိမ့်သောငှာ ယခုထုတ်ပြန်ကြေငြာလိုက်သည်။
   
             အပိုဒ် ( ၁ ) 
လူတိုင်းသည် တူညီလွတ်လပ်သောဂုဏ်သိက္ခာဖြင့်လည်းကောင်း၊ တူညီလွတ်လပ်သောအခွင့်အရေးများဖြင့်လည်းကောင်း မွေးဖွားလာသူများဖြစ်သည်။ ထိုသူတို့၌ ပိုင်းခြားဝေဘန်တတ်သောဥာဏ်နှင့် ကျင့်ဝတ်ကိုသိတတ်သောစိတ်တို့ရှိကြ၍ ထိုသူတို့သည် အချင်းချင်းမေတ္တာထား၍ ညီရင်းအကိုစိတ်ထားဖြင့် ဆက်ဆံကျင့်သုံးသင့်၏။

***ဓမ္မမိတ်ဆွေများ၏အမှာစကား***