Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Saturday, December 10, 2011

ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၁၅ ) ဒါနပါရမီ

ဒါနပါရမီဟူသည် သူတော်ကောင်းတို့၏ မြင့်မြတ်သော ကရုဏာ မေတ္တာစသော စိတ်ထား နှလုံးသားတို့ဖြင့် စွန့်လွှတ်ပေးဆပ်လှုဒါန်း၍ဖြည့်ဆည်းရသော ပါရမီဖြစ်ကြောင်း ဗုဒ္ဓဘာသာဝင် သူတော်စင်များ အားလုံး သိကြသည်ပင်ဖြစ်၏။ သို့ဆိုလျှင် ၁။ မည်သည့်အရာများကိုစွန့်လွှတ်သနည်း၊ ၂။ မည်သည့်ရည်ရွယ်ချက်ဖြင့် စွန့်လွှတ်သနည်း၊ ၃။ မည်သို့သောအကြောင်းကြောင့် စွန့်လွှတ်သနည်း၊ ၄။ မည်သူ့အတွက် စွန့်လွှတ်ပေးဆပ်သနည်း စသည်ဖြင့် စဉ်းစားဘို့လို၏။ နားလည်ဘို့လည်းလို၏။ စွန့် လွှတ်သည့်အရာများမှာ
   ၁။ ဓနပရိစ္စာဂ၊ တိုင်းပြည်အပါအဝင် ပိုင်ဆိုင်သည့် စည်းစိမ် ဥစ္စာ ပစ္စည်းမှန်သမျှ အားလုံးကို စွန့်လွှတ်ခြင်း
   ၂။ ပုတ္တပရိစ္စာဂ၊ မိမိ၏ ရင်နှစ် သွေးသားအစစ်ဖြစ်သည့် သားနှင့်သမီးတို့ကို စွန့်လွှတ်ခြင်း
   ၃။ ဘရိယပရိစ္စာဂ၊ သစ္စာရှိခြင်း မေတ္တာပြည့်ဝခြင်း စိတ်ဓါတ်ခိုင်မာခြင်းစသော စိတ်ပိုင်းအရည်အသွေးများရော တင့်တယ်ချောမောလှပခြင်းဟူသော ရုပ်ပိုင်းအရည်အသွေးများပါ ပြည့်စုံသော ဇနီးမယားကို စွန့်လွှတ်ခြင်း
  ၄။ အင်္ဂပရိစ္စာဂ၊ မျက်စိ နား နှာ အသဲ အဆုပ် စသော ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းတို့ကို စွန့်လွှတ်ခြင်း
  ၅။ ဇီဝိတပရိစ္စာဂ၊ မိမိ၏အသက်ကိုပင် စွန့်လွှတ်ခြင်း ဟူ၍ အရာငါးမျိုးကိုစွန့်လွှတ်၏။ တနည်းဆိုသော် ဘဝ၏ အရာရာကို စွန့်လွှတ်၏။ ထိုအရာများအပြင် ဘဝတွင် စွန့်လွှတ်စရာဟူ၍ ဘာတစ်ခုမျှမကျန်ရှိတော့ပေ။ ထိုသို့စွန့်လွှတ်ရာဝယ် ရည်ရွယ်ချက်မဲ့စွာ အဓိပ္ပါယ်မဲ့ စွန့်ပစ်သည်မဟုတ်၊ စွန့်လွှတ်ခြင်း၏ ရည်ရွယ်ချက် အဟုတ်ကား သဗ္ဗညုတဥာဏ်တော်ရရှိရေး တနည်း ဘုရားဖြစ်ရေးပင်ဖြစ်၏။ မှန်၏။ သိစရာမှန်က မကျန်ရအောင် လုံးဝစုံလင် အကုန်မြင်သိနိုင်သော သဗ္ဗညုတဥာဏ်တော်ဖြင့်သာ လောကကောင်းကျိုး လောကုတ္တရာကောင်းကျိုးတို့ကို အလွန်မြင့်မြတ်သော အနှိုင်းမဲ့ လမ်းစဉ်ဖြင့် သယ်ပိုးနိုင်ပေလိမ့်မည်။ ထိုသို့စွန့်လွှတ်မှုရည်ရွယ်ချက်၏ မူလအကြောင်းရင်းသည်ကား  မိမိတို့၏ အတွင်းအဇ္ဈတ္တသန္တာန်ဝယ် အလွန်ခိုင်မြဲစွာတည်ရှိနေသော တဏှာ လောဘကိုပယ်သတ်ရေးပင်ဖြစ်၏။ တနည်း တဏှာလောဘကို ပယ်သတ်လိုသောကြောင့် စွန့်လွှတ်ခြင်းဖြစ်၏။ မှန်၏။ ကောင်းကောင်းဆိုးဆိုး အမျိုးမျိုးကို တပ်မက်ခင်မင်လိုချင်တတ်သော တဏှာကို ပယ်သတ်နိုင်မှသာလျှင် ၃၁ ဘုံသားတို့၏ကောင်းကျိုးကို အမွန်မြတ်ဆုံးနည်းဖြင့် ဆောင်ရွက်နိုင်ပေမည်။ ထို့ပြင် ထိုစွန့်လွှတ်မှုသည် မည်သူ့အတွက် စွန့်လွှတ်သနည်း ဟူမူ ၃၁ ဘုံသားတို့၏ ကောင်းကျိုးချမ်းသာအတွက် စွန့်လွတ်ခြင်းဖြစ်၏။ လူ့သားအတွက်သာ ကန့်သတ်၍ စွန့်လွှတ်သည်လည်းမဟုတ်၊ သူ့နိုင်ငံ သူ့လူမျိုး သူ့အသိုင်းအဝိုင်းအတွက်သက်သက်ကိုလည်းမရွယ်ရွယ်၊ သူ၏စွန့်လွှတ်ခြင်းသည် လူသားအတွက်လည်းပါ၏။ တိရစ္ဆာန်အတွက်လည်းပါ၏။ အပါယ်ဘုံသားများ ငရဲသားများအတွက်လည်းပါ၏။ နတ်ဒေဝါများ ဗြဟ္မာများအတွက်လည်းပါ၏။ အောက်အဝီစိ ဘုံသားမှစ၍ အထက် အဇဋာဗြဟ္မာဘုံသားများအတွက်ထိပါဝင်၏။ ထိုသို့ကြီးကျယ်မြင့်မြတ်လှစွာ စွန့်လွှတ်ဖြည့်ဆည်းရသော ဒါနပါရမီသည် ဖြည့်ကျင့်သူကို ကောင်းမြတ်သော စွမ်းအင်နှစ်ရပ်ကိုပေးလေ၏။ ၎င်းစွမ်းအင်နှစ်ရပ်ဟူသည် အတ္တဆန်၍ ကိုယ်ကျင့်တရားကင်းမဲ့စေသော အတွေးအခေါ် အယူအဆတို့ကို ထိန်းချုပ်နိုင်သော စွမ်းရည်နှင့် ကိုယ်ကျိုးမငဲ့ဘဲ ဖြူစင်သန့်ရှင်း မြင့်မြတ်သည့် အတွေးအခေါ်အယူအဆတို့ကို ဖွံ့ဖြိုးစေနိုင်သော စွမ်းရည်တို့ပင်ဖြစ်ပါ၏။ ထို့ပြင် ထိုဒါနပါရမီစိတ်ဓါတ်သည် မိမိ၏ ဆိုင်ရာဆိုင်ရာ ကောင်းမှုကုသိုလ်
လုပ်ငန်းဟူသမျှဝယ် ကျေနပ်စွာလုပ်ဆောင်နိုင်ခြင်း၊
ပျော်ရွှင်မှုကိုဖြစ်စေခြင်း၊ နှစ်သိမ့်မှုကိုရရှိခြင်း၊ စိတ်ဒုက္ခဝေဒနာများမှလွတ်မြောက်ခြင်း ဟူသော ကောင်းကျိုးတို့ကိုလည်း လက်ငင်းဒိဋ္ဌ ရစေဖြစ်စေနိုင်၏။ မှန်၏။ ထိုပါရမီစိတ်ဓါတ်သာ မရှိလျှင် ဆိုင်ရာ ကောင်းမှုကုသိုလ်လုပ်ငန်းဟူသမျှဝယ် ပျင်းရိခြင်း တက်ကြွမှုမရှိခြင်း
ကျေနပ်မှုကိုမရရှိခြင်းတို့သာ ဖြစ်ပေါ်လာပေလိမ့်မည်။  အထူးသဖြင့် ဒါနပါရမီသည် သုံးဆယ်တစ်ဘုံသားများအတွက် အသားအရောင် လူမျိုး အယူဝါဒ ယုံကြည်မှု အဆင့်အတန်း ဒေသ ဘုံဌာနစသည်တို့ဖြင့် မခွဲခြားဘဲ တစ်သားတည်းထားကာ စွန့်လွှတ်သည်မှန်သော်လည်း ကောင်းကျိုးမရှိသော အရာဌာနတွင်တော့ မျက်ကန်းသဘောဖြင့်  စွန့်လွှတ်လိမ့်မည်မဟုတ်ချေ။ အကြောင်းကား ဒါနပါရမီတွင် အသိဥာဏ်ကပ်ယှဉ်နေသောကြောင့်ပင်ဖြစ်၏။ ဥပမာအနေဖြင့် လူဆိုးတစ်ယောက်သည် အကူအညီလိုအပ်နေ၏။ ပါရမီရှင်ထံအကူအညီတောင်း၏။ ပါရမီရှင်၏ အကူအညီဖြင့် လောကအတွက် အန္တရာယ်တစ်စုံတစ်ရာပြုမည့်သူလည်းဖြစ်၏။ ထိုအကူအညီကို အလွဲသုံးစား ပြုမည်ဖြစ်၏။ ထိုသို့သော လူစားမျိုး အခြေအနေမျိုးတွင် ပါရမီရှင်သည် လုံးဝအကူအညီပေးလိမ့်မည်မဟုတ်ချေ။ အကယ်၍ အဆိပ်ပင်ရေလောင်းသကဲ့သို့ အသိဥာဏ်မဲ့စွာ စွန့်လွှတ်ကူညီလျှင်လည်း ထိုလုပ်ရပ်သည် ပါရမီသဘောမသက်ရောက်နိုင်တော့ချေ။ အမှန်စင်စစ် ဒါနပါရမီအရ စွန့်လွှတ်ခြင်းဟူသည် လောက၏ ကောင်းကျိုးဖြစ်ထွန်းနိုင်သော အခြေအနေ ဖြစ်ရပ်ဖြစ်စဉ်တို့၌သာ အသိဥာဏ်နှင့်ယှဉ်၍ စွန့်လွှတ်ပေးဆပ်ခြင်းဖြစ်လေ၏။

Sunday, December 4, 2011

ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၁၄ ) ပါရမီဟူသည် ဘယ်အရာကို ခေါ်သနည်း

အမျိုးသမီးများ မရနိုင် မဖြစ်နိုင် မရောက်နိုင်သော အခြေအနေနှင့် ဘဝတို့မှာ
          ၁။ သဗ္ဗညုဘုရားရှင်နှင့် ပစ္စေကဗုဒ္ဓ အဖြစ်
         ၂။ စကြာဝတေးမင်းအဖြစ်
         ၃။ မဟာဗြဟ္မာမင်းအဖြစ်
         ၄။ သိကြားမင်းအဖြစ်
        ၅။ မာနတ်မင်းအဖြစ်
        ၆။ ဧဟိဘိက္ခုရဟန်းအဖြစ် တို့်ပေတည်း။ အထက်ပါ အခြေအနေရှိသော ဘဝတို့ကို ပိုင်ဆိုင်လို ဖြစ်လိုပါလျှင် အမျိုးသမီးဘဝမှ အမျိုးသားဘဝသို့ ရရှိရောက်ရှိအောင် ဦးစွာပထမ အားထုတ်ကြရမည်ဖြစ်၏။ အမျိုးသမီးနှင့် အမျိုးသားတို့အကြား နှိုင်းယှဉ်လေ့လာစရာများ မြောက်များစွာရှိသေးသော်လည်း ဤအကြောင်း ဤနေရာတွင်သာ ရပ်ပါမည်။ မူလဦးတည်ရေးသားမှုဖြစ်သော ဗုဒ္ဓဘာသာဇစ်မြစ်ဆီသို့ပြန်သွားပါမည်။ ဗုဒ္ဓဘာသာ၏ ဇစ်မြစ်အကြောင်းတရားတို့ကို စေ့ငုကြည့်သောအခါ ပါရမီသည်လည်း အဓိကအကြောင်းရင်းတွင် ပါဝင်နေသည်ကို တွေ့ရမည်ဖြစ်၏။ ဤနေရာ၌ ပါရမီ၏ ပုဒ်ပါဌ်အဖွင့်အဓိပ္ပါယ်တို့ကို မရေးတော့ဘဲ စာဖတ်သူများ အလွယ်တကူနားလည်နိုင်သော အဓိပ္ပါယ်စကားပြေကိုသာ ဦးစားပေး၍ ရေးသားပါမည်။ အမှန်စင်စစ် ပါရမီဟူသည် ကောင်းကောင်းဆိုးဆိုး အမျိုးအမျိုးဖြစ်နိုင်သော မည်သည့်တုန့်ပြန်ချက်ကိုမှ မမျှော်လင့် မကြောက်ရွံ့ဘဲ သဗ္ဗညုတဥာဏ်တော် ရရှိရေးကိုသာ ရှေးရှုအလေးဂရုပြုလျှက် ဘဝ၏ အရာရာကို စွန့်လွှတ်ပေးဆပ်အနစ်နာခံကာ လောကကောင်းကျိုးတို့ကို အနှိုင်းမဲ့သော ကရုဏာ မေတ္တာတို့ဖြင့် သယ်ပိုးဆောင်ရွက်ခြင်းပင်ဖြစ်၏။ ထိုပါရမီသည် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တည်းကသာ ပိုင်ဆိုင်သောသဘောတရားလည်းမဟုတ်။ ငါတို့နှင့်မဆိုင် မြင့်မြတ်ကြီးကျယ်သော သူတို့နှင့်သာဆိုင်သော လမ်းစဉ်ဖြစ်သည် ဟူ၍ ဆင်ခြေပေးကာ ရှောင်လွှဲသင့်သော သဘောတရားလည်းမဟုတ်ချေ။ ထို့ပြင် မည်သူတစ်ဦးတစ်ယောက်ကမျှ အာဏာဖြင့်လွှမ်းမိုး ချုပ်ကိုင်ကာ ချယ်လှယ်ပိုင်ခွင့်လဲမရှိ။ ဥပဒေဖြင့်လည်း ကန့်သတ်ပိတ်ပင်၍ မရစကောင်း ဖြစ်ချေ၏။ ပါရမီလမ်းစဉ်သည် မြင့်မြတ်၏။ လွတ်လပ်၏။ ပွင့်လင်း၏။ ကျယ်ပြန့်၏။ ဖြူစင်သန့်ရှင်း၏။ တည်ကြည်ခိုင်ခန့်၏။ ဖြောင့်မတ်၏။ ပြည့်ဝ၏။ အေးမြစေ
၏။ နက်ရှိုင်း၏။ အစဉ်အမြဲ ကောင်းကျိုးကိုသာ ဦးတည်၏။ အစဉ်အမြဲ အခွင့်အလမ်းရှိ၏။ လောကအတွက် ဘယ်သောအခါမျှ သစ္စာမဖေါက်။ မည့်သည့်အကြောင်းကြောင့်မျှလည်း မေတ္တာမပျက်။ အနှောက်အယှက် အဟန့်အတားများအတွက် အာဃာတတရား အငြှိုးအတေး လုံးဝကင်းဝေး၏။ ထောင်လွှားမောက်မာသော မာန မရှိ။ ပါရမီ၏ မြင့်မြတ်သည့် ဂုဏ်တို့ကို ဖေါ်ပြရလျှင် များပြားလှ၏။ ချုပ်၍ဆိုရလျှင် ပါရမီဟူသည် ချွတ်ယွင်းအားနဲချက် အပြစ်အနာအဆာကင်းဝေးလျှက် အလွန်မြင့်မြတ်လှသည့် သူတော်ကောင်းတို့၏ လောကကောင်းကျိုးပြု လုပ်ငန်းစဉ် မူဝါဒသဘောတရားနှင့် ကျင့်စဉ်တို့သာလျှင်ဖြစ်၏ ဟုလည်းဆိုနိုင်ချိမ့်မည်။   နိုင်ငံတော်အခြေခံဥပဒေ လူမှုအဖွဲ့အစည်းဆိုင်ရာဥပဒေ စသည်တို့တွင် ပါရမီသဘောသက်ရောက်သည့် စည်းမျဉ်းစည်းကမ်းများပါဝင်အောင် ရေးစွဲချမှတ်ကာ ကျင့်သုံးကြလျှင် ဖွံ့ဖြိုးတိုးတက် အေးချမ်းသော နိုင်ငံများ လူမှုအဖွဲ့အစည်းများ ဖြစ်လာကြမည်မှာ ဧကန်ဧက ဟုပင်ဆိုချင်ပါ၏။ ကုလသမဂ္ဂအဖွဲ့အစည်းအပါအဝင် ယနေ့ဖွံ့ဖြိုးတိုးတက်သော နိုင်ငံနှင့်အဖွဲ့အစည်းများကိုကြည့်လျှင် အနည်းနှင့်အများ ( အပြည့်အဝမဟုတ်သော်လည်း ) ပါရမီသဘောသက်ရောက်သည့် တရားမျှတသော ဥပဒေတို့ကို ချမှတ်ကျင့်သုံးနေသည်ကို တွေ့နိုင်ပါမည်။ အကယ်၍ မဖွံ့ဖြိုး မတိုးတက်ဘဲ နောက်ကျကျန်နေခဲ့သော နိုင်ငံရှိလျှင် ထိုနိုင်ငံသည် တရားမျှတသော ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို ချတ်မှတ်ခြင်းလည်းမရှိ၊ ကျင့်သုံးမှုလည်းမရှိ၊ ပါရမီလမ်းစဉ်သဘောသက်ရောက်ဘို့ဆိုသည်မှာ စဉ်းစား၍မျှမရနိုင်သော နိုင်ငံနှင့်အဖွဲ့အစည်းဖြစ်မည်ဟု ယူဆမိ၏။ ထိုပါရမီ ထိုအဆင့်သို့ လူသားတိုင်း တစ်ဆင့်ပြီးတစ်ဆင့် တဖြည်းဖြည်း လျှေက်လှမ်းကြရမည်ဖြစ်၏။ လျှောက်လည်း လျှောက်လှမ်းသင့်၏။ ထိုသို့သာ လျှောက်လှမ်းကြလျှင် ယနေ့လူသားများ ကြုံတွေ့နေရသော အခက်အခဲများ ပြဿနာများ အနိဋ္ဌာရုံများ ပဋိပက္ခများ အားလုံးကင်းဝေး၍ ငြိမ်းအေးသော လူ့သားလောက ကမ္ဘာကြီးဖြစ်နေမည်မှာ မြေကြီးလက်ခတ်မလွဲပင်ဖြစ်ပေ၏။ ဘုရားအလောင်းအစရှိသော အလောင်းတော် သူတော်ကောင်းတို့သည်လည်း တစ်ဆင့်ပြီးတစ်ဆင့် တစ်ဘဝပြီးတစ်ဘဝ တဖြည်းဖြည်းဖြည့်ကျင့်ခဲ့ကြရ၏။ ဆိုလိုသည်မှာ ငါတို့နှင့်အလှမ်းဝေးပါတယ် ဟု ဆင်ခြေဆင်လက်ပေးကာ ရှောင်လွှဲစရာမလိုဘဲ လူသားတိုင်း ဖြည့်ကျင့်နိုင်သည့်လမ်းစဉ်ဖြစ်သည် ဟု ပြောလိုရင်းဖြစ်ပါ၏။ ပါရမီကို ဖြည့်ဆည်းလိုသူအတွက် နေရာဒေသမရွေး အချိန်မရွေး  အလုပ်မရွေး ပုဂ္ဂိုလ်မရွေး နယ်ပယ်မရွေး ဖြည့်ဆည်းနိုင်သော အခွင့်အလမ်းရှိ၏။ အသားအရောင်ခွဲခြားမှုမရှိ၊ လူမျိုးအားဖြင့်လည်း သတ်မှတ်မှုမရှိ၊ ရာထူး ဂုဏ်သိန် အဆင့်အတန်းလည်း မပိုင်းခြား၊ကိုးကွယ်ယုံကြည်မှု ယောကျာ်းမိန်းမ ကလေးလူကြီး ဇာတ်နိမ့် ဇာတ်မြင့် ပညာရှိ ပညာမဲ့ စည်းစိမ်ရှိ စည်းစိမ်မဲ့ ရုပ်အဆင်းလှသူနှင့် မလှသူ စသည်တို့ဖြင့်လည်း မတိုင်းတာဘဲ မည့်သည်နေရာ မည်သည့်အချိန် မည့်သည့် ခေတ်ကာလ မည်သည့်ပုဂ္ဂိုလ်မဆို ဖြည့်ကျင့်နိုင်သည့် အခွင့်အလမ်းအပြည့်အဝရှိသော လမ်းစဉ်ဖြစ်ပါ၏။ ပါရမီကို ဖြည့်ဆည်းသူအတွက် လောကကြီးကပို၍ ခက်ခဲကြမ်းတမ်းလေလေ ကြိုးစားဖြည့်ဆည်းဘို့အတွက် အခွင့်အလမ်းပို၍ကောင်းလေလေပင်ဖြစ်တော့၏။ အနှစ်သာရအားဖြင့် ပါရမီသည် ပြင်ပအခြေအနေ ဖြစ်ရပ်ဖြစ်စဉ်တို့၌ အဓိကအားဖြင့် အကြောင်းမခံဘဲ ပါရမီကို ဖြည့်ဆည်းလိုသူ၏ ရင်တွင်း အဇ္ဈတ္တသန္တာန်၌ရှိသော ကရုဏာနှင့် မေတ္တာစွမ်းအားတို့တွင်သာ အဓိကအားဖြင့် မူတည်ပါ၏။ အမှန်စင်စစ် ပါရမီဟူသည် လူသားတိုင်းနှင့်သက်ဆိုင်ပီး လောကကောင်းကျိုးကို အထက်တန်းကျကျ ကျယ်ကျယ်ပြန့်ပြန့် လေးလေးနက်နက် ထိရောက်စွာ ဆောင်ရွက်သယ်ပိုးလိုသူတိုင်း ဖြည့်ကျင့်ရမည့် လမ်းစဉ်လည်းဖြစ်၏ဟုဆိုချင်၏။  ထိုလမ်းစဉ်သည် မဟာယာနဗုဒ္ဓဘာသာ အလိုအရ ပါရမီ ခြောက်ပါးရှိ၏။ မိမိတို့ ထေရဝါဒ ဗုဒ္ဓဘာသာအလိုအရ ပါရမီဆယ်ပါးရှိကြောင်း လူတိုင်းသိကြ၏။ မဟာယာန ဗုဒ္ဓဘာသာ အလိုအရ ပါရမီခြောက်ပါးသည် အောက်ပါအတိုင်းဖြစ်၏။
          ၁။ ဒါနပါရမီ၊
         ၂။ သီလပါရမီ
         ၃။ ခန္တီပါရမီ
         ၄။ ဝီရိယပါရမီ
         ၅။ ဈာနပါရမီ ( ဝါ ) သမာဓိပါရမီ
         ၆။ ပညာပါရမီ တို့ပင်ဖြစ်၏။ ထို့ပြင် မဟာယာနကျမ်းတစ်ကျမ်းဖြစ်သော ဒသဘူမိကသုတ်တော်အရ ပါရမီဆယ်ပါးအဖြစ်ရေတွက်လိုလျှင် အောက်ပါ ပါရမီလေးမျိုးကိုထည့်သွင်းရေတွက်ရမည်ဖြစ်ကြောင်း ပြဆိုလေ၏။
၎င်းတို့မှာ ၁။ ဥပါယပါရမီ
            ၂။ အဓိဋ္ဌာနပါရမီ
            ၃။ ဗလပါရမီ
            ၄။ဥာဏပါရမီ ဟူ၍ဖြစ်လေ၏။
မိမိတို့၏ ထေရဝါဒကျမ်းစာများအလိုအရ ပါရမီဆယ်ပါးဟူသည်မှာ ဤသို့ဖြစ်၏။
             ၁။ ဒါနပါရမီ
             ၂။ သီလပါရမီ
             ၃။ နေက္ခမ္မပါရမီ
             ၄။ပညာပါရမီ
            ၅။ ဝီရိယပါရမီ
            ၆။ခန္တီပါရမီ
            ၇။ သစ္စာပါရမီ
            ၈။ အဓိဋ္ဌာနပါရမီ
            ၉။ မေတ္တာပါရမီ
           ၁၀။ ဥပေက္ခာပါရမီ တို့ပေတည်း။ အထက်ပါ ထေရဝါဒနှင့် မဟာယာနဝါဒတို့တွင်လာရှိသည့် ပါရမီတို့ကို နှိုင်းယှဉ်ကြည့်လျှင် ဒါန သီလ ခန္တီ ဝီရိယ နှင့် ပညာပါရမီဟူသောငါးပါးတို့သည် အတူတူပင်ဖြစ်သည်ကို တွေ့ရမည်ဖြစ်၏။ မဟာယာနတွင်လာရှိသော ပါရမီခြောက်ပါးတွင် ဈာနပါရမီ ( ဝါ ) သမာဓိပါရမီသည်သာ ကွဲပြားကြောင်းတွေ့ရပေမည်။ ထိုပါရမီတို့၏ တစ်ခုချင်းအဓိပ္ပါယ်အကျဉ်းမှာ  ဤသို့ဖြစ်၏။

Sunday, November 27, 2011

ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၁၃ ) အမျိုးသားနှင့် အမျိုးသမီး မည်သူကပို၍ မြင့်မြတ်သနည်း

မိမိတို့ အရှေ့တိုင်းနိုင်ငံအများစုတွင် အမျိုးသမီးများအား တစ်ဆင့်နှိမ့်၍ လွဲမှားစွာ  ကြည့်တတ်ကြ မြင်တတ်ကြ၏။ ထိုသို့ အမျိုးသမီးများအပေါ် လွဲမှားစွာ ဝမ်းနဲဘွယ်ရာ နှိမ်ချ၍ကြည့်ရာ၌ အိန္ဒိယနိုင်ငံနှင့် အာရပ်မူစလင်နိုင်ငံအများစုသည် အဆိုးရွားဆုံးဖြစ်မည်ဟု ထင်မိ၏။ ကြည့်မြင်ပုံမှာ ဤသို့... အမျိုးသမီးများသည် အမျိုးသားများအောက် မူလဗီဇအနေဖြင့် ယုတ်ညံ့ကြ၏။ အမျိုးသားများသည် အမျိုးသမီးများထက် မူလဗီဇအားဖြင့် ပို၍ မြင့်မြတ်ကြ၏ဟု ယူဆကြသတတ်။ ပို၍ဆိုးသည့်အချက်မှာ  မိန်းမဘဝဟူသည် ခွေးထီးလောက်မှ မမြင့်မြတ်ဟု ထင်မှတ်ယူဆကြသည်ကိုလည်း မိမိတွေ့ဖူး ကြားဖူးသတတ်။ ထိုအမြင်ထိုအယူအဆတို့သည်  လွဲခြင်းကြီးလွဲ၍ မှားခြင်းကြီးမှာလေစွ။ တစ်ဖက်သတ်ဆန်လွန်းလေစွ။ အဆင်ခြင်ဥာဏ်ကင်းမဲ့စွာ တွေးမှတွေးလေစွ။
မြတ်ဗုဒ္ဓ၏ဒေသနာတော်များအရ  ခွေးသည် အဟိတ်တိရစ္ဆာန် အပါယ်ဘုံသားဖြစ်ပြီး လုံးဝတရားထူးမရနိုင်သော အောက်တန်းစားသာဖြစ်၍ အမျိုးသမီးသည် သဟိတ်လူသားဖြစ်ကာ တရားထူးရနိုင်သော အဆင့်မြင့်တန်းစားသုဂတိဘုံသားဖြစ်လေ၏။ အဘိဓမ္မာတရားတော်အရ ပဋိသန္ဓေစိတ်အားဖြင့်လည်း လူသားနှင့်ခွေးသည် မတူခြားနားကွဲပြားပါ၏။ ထို့ပြင် ပစ္စုပ္ပန်ဘဝရှုထောင့်အရ အနေအထိုင် ဆက်ဆံရေး အပြုအမူ အကျင့်အကြံ အစားအစာ တွေးခေါ်မျှော်မြင်မှု ယာဉ်ကျေးမှုကို လက်ခံကျင့်သုံးမှု စသည့် အချက်များတို့ဖြင့်လည်း ခြားနားလွန်းလှ၏။ ထိုအချက်တို့ကို နဲနဲလေးမျှမစဉ်းစားဘဲ တမင်နှိမ်ချကာ အစဉ်အလာအားဖြင့်မှား၍ အကြင်နာမဲ့စွာသတ်မှတ်ကျင့်သုံးနေခြင်းသည် ဝမ်းနဲဘွယ်ကောင်းလေစွ။ ထို့ပြင် အမျိုးသမီးများသည် ယုတ်ညံ့သောကြောင့် ဘုရားရင်ပြင်၏ အထက်ပစ္စယံသို့ မတက်ရ တက်ခွင့်မရှိဟုလည်း ယုံကြည်ကြပြန်လေ၏။ ဤကဲ့သို့ လွဲမှားစွာ ထင်မြင်နားလည် ယူဆနေကြခြင်းသည် ယာဉ်ကျေးမှုအနေဖြင့်ရော ဘာသာတရားအနေဖြင့်ပါ ရောထွေး ယှက်တင်ကာ ဖြစ်ပေါ်လာခဲ့ပြီးလျှင် အချိန်ကာလ ကြာမြင့်စွာ ခိုင်ခံ့တည်ရှိလျှက် ကျင့်သုံးလာခဲ့သော အမှားတစ်ရပ်ပင်ဖြစ်သည်ဟု ထင်မိ၏။ ဤသို့အမျိုးသမီးများကို နှိမ်ချ၍ လွဲမှားသည့် အယူအဆ အစဉ်အလာကို အမျိုးသမီးများကိုယ်တိုင်ကရော အမျိုးသားများကပါ ဘယ်ခေတ်ဘယ်ကာလက စတင်ခဲ့သည်မသိရသော အလွန်ကြာမြင့်သည့် အချိန်ကာလတစ်ခုက အိန္ဒိယနိုင်ငံနှင့်အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံများမှ စတင်ဖြစ်ထွန်းကာ ကျင့်သုံးခဲ့သည်ဟု ထင်မိ၏။ အထူးသဖြင့် ကမ္ဘာဦးကာလ အမျိုးသားများ ကာယအား လက်ရုံးအားကိုး၍ လွှမ်းမိုးခဲ့သည့်အချိန်မှစတင်ခဲ့ဟန်ရှိ၏။ ယနေ့ကာလ နည်းပညာများ ထွန်းကားတိုးတက်လာခြင်းကြောင့် ကာယအား လက်ရုံးအားကို အသုံးပြုမှုများအားနဲလာသောအခါ ဥာဏအား အသုံးပြုမှုသည်
ပို၍အသုံးဝင်လာသည်ကိုတွေ့ရ၏။ ဤသို့ဥာဏအားအသုံးပြုမှုသည် ခရီးတွင်လျှက် အကျိုးဖြစ်ထွန်းလာသောအခါ အမျိုးသမီးများလည်း အမျိုးသားများနည်းတူ ရင်ဘောင်တန်း၍ အတူတွဲကာ ချီတက်နိုင်စွမ်း လုပ်နိုင်ကိုင်နိုင်စွမ်းရှိသည်ကိုတွေ့လာရ၏။ အမျိုးသမီးများ၏ ကံစွမ်းရည် ဥာဏ်စွမ်းရည်ထူးတို့သည် အစဉ်အလာနှင့် ယာဉ်ကျေးမှုတို့၏ ကန့်သတ်မှုဘောင်အတွင်းမှ ရုန်းထွက်လွတ်မြောက်လာကြ၏။ အမျိုးသမီးများသည် ကာယအားမှလွဲ၍ ဥာဏအားမနိမ့်ကျကြောင်းမှာ ယနေ့ခေတ်ကာလ အခြေအနေများအရ အထင်အရှားပင်ဖြစ်၏။ သို့သော် ကမ္ဘာ့သမိုင်းကိုပြန်လည်၍ ကြည့်လျှင်မူကား တီထွင်ဖန်တီးလိုစိတ်ပြင်းပြမှု၊ စွန့်လွှတ်စွန့်စားလိုစိတ်ရှိမှု၊တိုက်ရဲခိုက်ရဲသည့် ရဲစွမ်းသတ္တိရှိမှုတို့၌တွင်မူ အမျိုးသားသည် အမျိုးသမီးထက် ယေဘုယျအားဖြင့်သာသည်ဟု ဆိုက မှားအံ့မထင်။တနည်းဆိုသော် ဦးဆောင်လိုစိတ်သည် အမျိုးသားကပို၍ အားကောင်းခဲ့လေ၏။ ထို့ကြောင့်ပင် အမျိုးသားများက လွှမ်းမိုးခဲ့ကာ မြင့်မြတ်သူ အရှင်သခင်အဖြစ်ဖြင့် နေရာယူခဲ့ကြဟန်ရှိ၏။ ထို့ပြင် ယုတ်ညံ့ခြင်းနှင့်မြင့်မြတ်ခြင်းတို့သည် အမျိုးသားဖြစ်ခြင်း အမျိုးသမီးဖြစ်ခြင်းတို့နှင့်လုံးဝမသက်ဆိုင်ချေ။ အမှန်စင်စင်သော်ကား သဒ္ဓါ သီလ သုတ စာဂ ပညာ ဟိရိ သြတ္တပ တည်းဟူသော သူတော်ကောင်းတရား ခုနစ်ပါးကိုလက်ကိုင်ထား၍ ကျင့်သုံးသူသည် ဤဘဝတွင်လည်း မြင့်မြတ်၏။ နောက်ဘဝတွင်လည်းမြင့်မြတ်၏။ မိန်းမဖြစ်စေ ယောကျာ်းဖြစ်စေ အထက်ပါ သူတော်တရား ခုနစ်ပါးမရှိ မကျင့်သုံးပါက ယခုဘဝ၌ဖြစ်စေ နောက်ဘဝ၌ဖြစ်စေ ယုတ်ညံ့သူပင်ဖြစ်၏။ အမှန်စင်စစ် မြတ်ဗုဒ္ဓသည် လူသား၏ အဆင့်အတန်းကို သူတော်ကောင်းတရားကို အခြေခံ၍ သုံးသပ်ဆုံးဖြတ်၏။ လူသားတစ်ယောက်၏ အဆင့်အတန်းသည် အဇ္ဈတ္တသန္တာန်ကို အရင်းခံကာ ဖြစ်ပေါ်လာသည့် သူကျင့်သုံးနေသော အယူအဆ အကျင့်အကြံ အပြောအဆိုတို့တွင်သာ မူတည်ပါ၏။ ရာထူး စည်းစိမ် ဂုဏ်သိန် အရှိန်အဝါတို့ကို အခြေခံခြင်းလဲမရှိ၊ ဗဟိုလည်းမပြုချေ။ တနည်းဆိုသော် မြတ်ဗုဒ္ဓသည် လူသား၏ ယုတ်ညံ့မှုနှင့် မြင့်မြတ်မှုကို ပြင်ပသန္တာန်၌ရှိသော အခြေအနေ ဖြစ်ရပ်ဖြစ်စဉ်နှင့် အလွှာတို့ကိုကြည့်၍ မဆုံးဖြတ်ပေ။ လူသား၏ အဇ္ဈတ္တသန္တာန်၌ရှိသော ပါရမီ အရည်အသွေး စိတ်ဓါတ်သဘာဝနှင့်ကိုယ်ကျင့်တရားတို့ကို အခြေခံပြု စံနမူနာထား၍သာ ဆုံးဖြတ်၏။ အမျိုးသားဖြစ်ခြင်းကြောင့် မြင့်မြတ်ပြီးလျှင် အမျိုးသမီးဖြစ်ခြင်းကြောင့် ယုတ်ညံ့သည် ဟူသော ဟောကြားချက် သင်ကြားချက်တို့ကိုလည်း ပိဋကတ်တော်တွင် မိမိမတွေ့ဘူးပေ။ နာလည်းမနာကြားဘူးပေ။ ထို့ကြောင့် အမျိုးသမီးဖြစ်စေ အမျိုးသားဖြစ်စေ သဒ္ဓါ သီလစသော သူတော်ကောင်းတရားဖြစ်သည့် မူလလူသားအရင်းအမြစ် တရားတို့ရှိသူ ကျင့်သုံးသူသည် မြင့်မြတ်၏။ ထိုတရားများ ရှိလဲမရှိ ကျင့်လဲမကျင့်သုံးသူသည် ယုတ်ညံ့၏။ ယနေ့ပေါ်ပြုလာဖြစ်နေသော စကားလုံးနှင့်ပြောရလျှင်မူကား Human Resources လူသားအရင်းအမြစ်ဟူသည် ထိုသူတော်ကောင်းတရား ခုနစ်ပါးတို့ပင်ဖြစ်လေ၏။  ထိုသို့ လူသားအရင်းအမြစ်ဖြစ်သည့် သူတော်ကောင်းတရားများ ရှင်သန်အားကောင်းသောကြောင့်ပင် ယသောဓရာလောင်းလျာသည် မြင့်မြတ်သည့် ဘုရားလောင်းနှင့်အတူပေါင်းဖက်၍ ပါရမီဖြည့်နိုင်ခဲ့ခြင်းဖြစ်၏။ အနှိုင်းမဲ့လောကကောင်းကျိုးကို သယ်ပိုးတော်မူသည့် ဘုရားအလောင်းတော်နှင့် တွဲဘက်၍ ကူညီလုပ်ကိုင်နိုင်စွမ်းရှိခဲ့၏။  အကယ်၍ မိန်းမက ယုတ်ညံ့သည်မှန်လျှင် ယသောဓရာသည် ဘုရားလောင်းနှင့်တွဲဘက်၍ ပါရမီမဖြည့်နိုင်ရာ။ တွဲဘက်၍ လောကကောင်းကျိုးကို မသယ်ပိုးနိုင်ရာ။  ဆိုလိုသည်မှာ အမျိုးသမီးများသည် မူလ သဘာဝလူသားဗီဇ နှင့် လူသားဇာတ်သဘောအရ အမျိုးသားများအောက်ယုတ်ညံ့ကြသည်မဟုတ်။ မူလသဘာဝလူသား ဗီဇနှင့် လူသားဇာတ်အရ  အတူတူပင်ဖြစ်၏။( ရုပ်ပိုင်းဆိုင်ရာဖြစ်သည့် ဖိုမျိုးစေ့ မမျိုးစေ့ တနည်းအားဖြင့် ကမ္မဇရုပ်ကိုမဆိုလို။ လူသားဗီဇသဘာဝ တနည်းဆိုသော် လူသားပဋိသန္ဓေစိတ်ကိုသာဆိုလို၏။ အဘိဓမ္မာတွင် ယောကျာ်း ပဋိသန္ဓေစိတ် မိန်းမ ပဋိသန္ဓေစိတ်ဟူ၍ သီးခြားမလာ မပါရှိပေ။ ) ဤသို့ ရှုထောင့်စုံမှ သုံးသပ်ကြည့်လျှင် အမျိုးသမီးဖြစ်ခြင်းကြောင့် ယုတ်ညံ့သည်၊ အမျိုးသားဖြစ်ခြင်းကြောင့် မြင့်မြတ်သည်ဟု ယူဆ၍ မရနိုင်ကြောင်းမှာ ထင်ရှားလှ၏။ ထို့ကြောင့်အမျိုးသမီးများသည်လည်း မိမိတို့ကိုယ်မိမိတို့ ယုတ်ညံ့ကြသည်ဟု ဆက်လက်၍ အထင်မှား အမြင်မှားမဖြစ်စေလို၊ အမျိုးသားများကလည်း အမျိုးသမီးများအပေါ် တစ်ဖက်သတ် အထင်သေးမှုမျိုးမဖြစ်စေလိုပေ။ အထူးသဖြင့် ပြောလိုသည်မှာ အမျိုးသမီးများသည်လည်း အမျိုးသားများနည်းတူ လောကအတွက် အသုံးဝင်တန်ဘိုးရှိသော အဆင့်မြင့်လူသား လူသတ္တဝါဖြစ်၏ ဟူသည့်အချက်ပင်ဖြစ်ပါ၏။ သို့အတွက်ကြောင့် အမျိုးသမီးထုအနေဖြင့် မိမိတို့၏မူလစွမ်းပကား အရည်အသွေးတို့ကို လောကအတွက် ယသောဓရာကဲ့သို့ဖြစ်စေ၊အခြားအခြားသောပါရမီရှင်တို့ကဲ့သို့ဖြစ်စေ ကြိုးစားဆောင်ရွက်နိုင်ရန်တိုက်တွန်းအပ်ပါ၏။ ( မိမိသည်​ ဤစကားချပ်ကို စပ်မိ၍သာအကျဉ်းချုပ်၍ တင်ပြခြင်းဖြစ်၏။ အခါအခွင့်သင့်သည့်အခန်းသို့ရောက်လျှင်မူ အကျယ်ဆွေးနွေးတင်ပြပါအုံးမည်။ ဤအကြောင်းအရာသည် ကျယ်ပြန့်မှုလည်းရှိသလို စိတ်ဝင်စားဘွယ်လည်းကောင်းပါ၏။ )  သို့သော် အမျိုးသမီးဘဝဖြင့် မရနိုင် မဖြစ်နိုင် မရောက်နိုင်သော အခြေအနေတို့ကားရှိ၏။ ယင်းတို့မှာ.......

Saturday, November 19, 2011

ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၁၂ ) ယသောဓရာ၏ နောက်ဆုံးနှုတ်ဆက်ခြင်း

ကြီးစွာသောလုံ့လရှိတော်မူသော မြတ်စွာဘုရား ရှေးလွန်လေးပြီးသော ကမ္ဘာများစွာဝယ် ကုဋေတစ်သိန်းရှစ်ဆယ့်ငါးဆူသော ဘုရားရှင်တို့သည် ပွင့်ထွန်းပေါ်ပေါက်ခဲ့ကြပါကုန်၏။ နတ်ထက်နတ်ဖြစ်၍ မြတ်သထက်မြတ်တော်မူကြကုန်သော ထိုထိုများပြားလှသော ဘုရားရှင်တို့၏ အထံတော်၌ များပြားလှသော အလှုကိုဖြစ်စေခဲ့ပါပြီ။ မြောက်များလှစွာသော ဆုတောင်းခြင်းတို့ကိုလဲ
ပြုခဲ့ပါပြီ။ ရှင်တော်မြတ်ဘုရား ထိုထိုလျှောက်ဆိုခဲ့ပြီးသော သဗ္ဗညုတဘုရားရှင်တို့၏အထံတော်၌သာ အလှုဒါနပြု၍ ဆုတောင်းခဲ့သည်မဟုတ်ပါ။ အခြားတစ်ပါးသော ခြောက်ဆယ့်လေးကုဋေသော ပစ္စေကဗုဒ္ဓါတို့သည်လည်းပွင့်ထွန်းတော်မူခဲ့ကြကုန်ပြီးလျှင် ထိုထိုသော ပစ္စေကဗုဒ္ဓါတို့၏ အထံတော်၌ တောင်းဆုပြုခဲ့သည်မှာလည်း များပြားလှပါ၏။ ထို့ပြင် ကိလေသာအာသဝေါ ကင်းကုန်ပြီးသော ရဟန္တာအရှင်မြတ်တို့ကား မရေမတွက်နိုင်အောင်ပင် ပေါ်ပေါက်ခဲ့ကြပါကုန်၏။ ထိုထိုပေါ်ပေါက်ခဲ့ကြသော ရဟန္တာအရှင်မြတ်တို့၏အထံတော်တို့၌လည်း
မြောက်များလှစွာ တောင်းဆုပြုခဲ့ပါ၏။ နတ်ထက်နတ်ဖြစ်တော်မူသော မြတ်စွာဘုရား တပည့်တော်မဆက်လက်လျှောက်ထားသည်တို့ကို နားကြားတော်မူစေချင်ပါ၏ဘုရား။ တရားတော်ကို ကောင်းစွာကျင့်ပြီးကုန်သော ဘုရားရှင်တို့၏အထံ၌လည်းကောင်း၊ တရားကို အမြဲမပြတ် အခါခပ်သိမ်းကျင့်လေ့ရှိကြကုန်သော သူတော်စင် ပုဂ္ဂိုလ်မွန်တို့၏ အထံတော်၌လည်းကောင်း ကိုးကွယ်ဆည်းကပ်၍ တရားကိုကျင့်သောသူသည် ပစ္စုပ္ပန် တမလွန် နှစ်တန်သောဘဝတို့၌ ချမ်းသာစွာ နေရအိပ်ရ ကျင်လည်ရပါ၏။ တပည့်တော်မသည် ပါရမီတော်တို့ကို ကူညီဖြည့်ဆည်းပေးပြီးသော ယခုဘဝတွင် သံသရာကိုငြီးငွေ့၍ အခြံအရံတစ်ထောင်နှင့်အတူ အိမ်ရာမထောင်သော ရဟန်းဘောင်သို့ ကြောင့်ကြမဲ့စွာ အနှောက်အယှက်ကင်းဝေးချမ်းသာစွာ ဝင်ရောက်ခဲ့ပါ၏။ ရဟန်းဘောင်သို့ဝင်ရောက်ပြီး၍ ရက်သတ္တနှစ်ပတ်မပြည့်မီမှာပင် ကိလေသာကုန်ခန်း ရဟန္တာအဖြစ်သို့ရောက်ခဲ့ပါပြီ။ လူများစွာတို့သည် ဆွမ်း သင်္ကန်း ကျောင်း ဆေးဟူသော ပစ္စည်းလေးပါးတို့ကို သမုဒ္ဒရာလှိုင်းတံပိုးကဲ့သို့ အရှိန်အဟုန်ကြီးမားစွာ မြောက်များစွာပို့ဆောင်ကြပါကုန်၏။ တပည့်တော်မသည် ယခုအခါ ကိလေသာ အသဝေါတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေပြီးဖြစ်ပါသဖြင့် အအေးမြဆုံးသောအရသာတို့တွင် အမြတ်ဆုံးအေးမြမှုရသကိုခံစားရပါပြီ။ ရှင်တော်မြတ်ဘုရား၏ အဆုံးအမတော်တို့ကိုလဲ လိုက်နာကျင့်သုံးပြီးပါပြီ။ များပြားလှသော ဘဝသံသရာတွင် ရှင်တော်ဘုရားနှင့်အတူ ဆင်းရဲဒုက္ခအဖုံဖုံ ချမ်းသာသုခအစုံစုံကို ကျေနပ်ကြည်နူးစွာခံစားပြီးလျှင် ယခုအခါ ဧတဒဂ်ငါးတန်ရသော ရဟန္တာထေရီမအဖြစ်သို့ရောက်လျှက် အထွဋ်မြတ်ဆုံးဖြစ်သော နိဗ္ဗာန်ချမ်းသာကို သုံးဆောင်ခံစားနိုင်ပါပြီ။ မြင့်မြတ်ကြီးကျယ်လှသော ရှင်တော်မြတ်ဘုရား၏ ကောင်းမှုကုသိုလ်အကျိုးငှာ အစဉ်အမြဲ ဖြည့်ဆည်းခဲ့ရသော တပည့်တော်မသည် ရှင်တော်မြတ်ဘုရားကဲ့သို့သော အနှိုင်းမဲ့သည့် အဆွေခင်ပွန်းကောင်းကို ဘဝပရမ္ပရ ဘဝအဆက်ဆက်ရရှိခဲ့ပါ၏။ နောက်ဆုံးဘဝဖြစ်သော ယခုအခါတွင် ရောက်သင့်ရောက်ထိုက်သော ကံစိတ်ဥတုအာဟာရ တည်းဟူသော အကြောင်းတရားလေးပါးတို့ ပြုပြင်စီရင်ခြင်း အလျဉ်းမရှိသော နိဗ္ဗာန်သို့ရောက်ရပါပြီ။ နတ်တကာတို့ထက်နတ်ဖြစ်၍ အမြတ်တကာတို့ထက်မြတ်တော်မူသော ရှင်တော်မြတ်ဘုရား ယခုအခါ တပည့်တော်မအား အတိတ်ကံအားလုံးတို့သည် ကုန်ပါပြီ။ ပစ္စုပ္ပန်ကံ မှန်သမျှသည်လည်း ချုပ်ဆုံးပါပြီ။ အနာဂတ်ကံ ဟူသမျှသည်လည်း ပျက်ဆီးချုပ်ငြိမ်းခဲ့ပါပြီ။ မကြာမြင့်မီပင် ပရိနိဗ္ဗာန်ပြုပါတော့မည်။ စက္ခုငါးပါးနှင့်ပြည့်စုံတော်မူသော ရှင်တော်မြတ်ဘုရား၏ ခြေတော်အစုံတို့ကို ဂုဏ်တော်အနန္တကိုအာရုံပြုလျှက် ဦးခိုက်ခဲ့ပါသည် ရှင်တော်မြတ်ကြီးဘုရားးးး။ ယသောဓရာထေရီမြတ် အရှင်မကြီးသည် ဘုရားရှင်ကို ဤသို့နှုတ်ဆက်စကား လျှောက်ထားပြီး၍ ပရိနိဗ္ဗာန်ဝင်စံသွားခဲ့တော့၏။ ယသောဓရာထေရီမြတ်၏ နှုတ်ဆက်စကားတို့သည် သာမာန်လူသားတစ်ယောက်အနေဖြင့် နားထောင်ရမည်ဆိုလျှင် လွမ်းမိပေမည်။ ဝမ်းနဲငိုကြွေးမိပေမည်။ ယခုမူသော်ကား လျှောက်ထားသူကား  ယသောဓရာ ရဟန္တာထေရီမြတ်အရှင်မ၊ နားထောင်သူကား သဗ္ဗညုတဥာဏ်ရှင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့ ဖြစ်သောကြောင့်သာ သံသရာမှထွက်မြောက်သည့်နှုတ်ဆက်ပွဲသည် အေးချမ်းသောရသဖြင့် ပြီးဆုံးခဲ့လေ၏။ အမှန်ကိုဆိုရသော်  မိမိလည်း ဤစာကိုရေးရင်း ရင်ထဲ၌ လှိုက်လှဲစွာ ဝမ်းနဲဝမ်းသာ ခံစားရပါ၏။ အော် မိမိသည် သံသရာတွင်းသားဖြစ်ပေသေးသကိုးးးးးးးးးးးးးးးးးးးး။ အထူးသဖြင့် မိမိသည်ယသောဓရာအကြောင်းကို ဤမျှ ဋီကာချဲ့နေခြင်းသည် သုမေဓာနှင့်သုမိတ္တာတို့နှစ်ဦးသား ဗျာဒိတ်တော်ကို ခံယူကြရာဝယ် ဘဝအဆက်ဆက်က အတူနေထိုင်ကျင်လည်ခဲ့ကြ၊ ချစ်ကြင်နာခဲ့ကြ၊ ကုသိုလ်ကိုအတူတူပြုခဲ့ကြဖူးသော အကြောင်းအကျိုးတရားအဆက်ဆက်ကြောင့်သာ နှစ်ထောင်းအားရကျေနပ်စွာအတူပူးတွဲ၍ ဤကဲ့သို့ဗျာဒိတ်တော်ကို ခံယူခဲ့ကြခြင်းဖြစ်ကြောင်းထင်ရှားစေလို၍ ဖြစ်ပါ၏။ ထို့ပြင် အမျိုးသမီးများအပေါ် လူအများစု၏ အမြင်မှားနေသော အချက်အလက်များကိုလဲ အမြင်မှန်ရစေပြီး အားပေးချင်၍လည်းဖြစ်၏။ အမြင်လွဲနေသည့်အရားကား ဤနှယ်ဤသို့ ဖြစ်သတတ်။ အားပေးချင်သည့်အရာကား ဤသို့ဤနှယ်ဖြစ်သတည်းး။ ဆက်ရန်..........

***ဓမ္မမိတ်ဆွေများ၏အမှာစကား***