Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Monday, October 31, 2011

ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၉ )

ချစ်မေတ္တာ သို့မဟုတ် တပ်မက်မှုရာဂသည် နည်းလမ်းမှန်အောင်အသုံးပြုပါက သာမညဒါနကောင်းမှု စသည့်ကုသိုလ်ကိုသာရနိုင်သည်မဟုတ်၊ နိဗ္ဗာန်အထိရောက်စေနိုင်ကြောင်းကို ပဋ္ဌာန်းတရားဒေသနာတော် ပဥှာဝါရ ဥပနိဿယပစ္စည်း အကု+ကု ၌ဤသို့ဆိုပါ၏။ ရာဂံ ဥပနိဿာယ ဒါနံ ဒေတိ၊သီလံ သမာဒိယတိ၊ ဥပေါသထ ကမ္မံ ကရောတိ၊ ဈာနံ ဥပ္ပါဒေတိ၊ ဝိပဿနံ ဥပ္ပါဒေတိ၊ မဂ္ဂံ ဥပ္ပါဒေတိ၊အဘိညံ ဥပ္ပါဒေတိ၊ သမာပတ္တိံ ဥပ္ပါဒေတိ။ ရာဂေါ သဒ္ဓါယ သီလဿ သုတဿ စာဂဿ ပညာယ ဥပနိဿယ ပစ္စယေနပစ္စယော ဟူသတည်း။ ဆိုလိုရင်းအဓိပ္ပါယ်မှာ ဤသို့ဖြစ်၏။ အချစ် သို့မဟုတ် ချစ်ခင်နှစ်သက်မှု သို့မဟုတ် တပ်မက်မှုရာဂကြောင့် ပေးလှု၏။ စွန့်လွှတ်နိုင်၏။ ကိုယ်ကျင့်တရားကို ကောင်းစွာဆောက်တည်၏။ ဥပုသ်သီလကို ဆောက်တည်၏။ ဈာန်တရားကို ရရှိအောင်အားထုတ်၏။ ဝိပဿနာကို အားထုတ်၏။ မဂ်ကိုရအောင်အားထုတ်၏။ အဘိညာဉ်ကို ဖြစ်စေ၏။ သမာပတ်ကိုဖြစ်စေ၏။ အချစ် သို့မဟုတ် ချစ်ခင်နှစ်သက်မှု သို့မဟုတ် တပ်မက်မှုရာဂသည် လေးစားယုံကြည်မှု၊ ကြည်ညိုမှု၊ ကိုယ်ကျင့်တရားကို ကျင့်စေမှု၊ အတတ်ပညာနှင့် အသိပညာကို ရရှိအောင် ကြိုးစားအားထုတ်မှု၊ စွန့်လွှတ်ပေးဆပ်မှုနှင့် မဂ်ဖိုလ်နိဗ္ဗာန်ကို ထိုးထွင်းသိမြင်နိုင်သော ဓမ္မပညာကို ဖြစ်စေနိုင်မှုတို့အတွက် အလွန်အားကြီးသော အကြောင်းတရား စွမ်းအားဖြင့် ကျေးဇူးပြု၏။ ဖြစ်စေ၏။ထို ဖြစ်ပြီးသော တရားများကိုလည်း အလွန်အားကြီးသော စွမ်းအားဖြင့် တည်ရှိနေစေရန် ကျေးဇူးပြု၏ ဟု အဓိပ္ပါယ်အချုပ် ထုတ်ပြအပ်၏။ မှန်လှ၏။ သုမိတ္တာအမျိုးသမီးကောင်းလေးသည် သုမေဓာရှင်ရသေ့အပေါ်ဝယ် ရှေးရှေးသောဘဝများစွာသံသရာတွင်
နှစ်ကိုယ်တူကြင်လည်၍ ချစ်ခဲ့ရသော ချစ်မေတ္တာနှင့် ယုံကြည်စိတ်တို့ကြောင့်ပင် ယခုဘဝတွင်လည်း မြင်လျှင်မြင်ချင်း သုမေဓာရှင်ရသေ့ကို ချစ်မိ၏။ ယုံကြည်မိ၏။ အားထားလက်တွဲလို၏။  ပြင်းပြင်းပြပြ သဒ္ဓါကြည်ညိုလေးစားကာ ချစ်အားပိုမိတော့၏။ ထို့ကြောင့်ပင် အလွန်မြင့်မြတ်ကြီးကျယ်လွန်းသော ပါရမီလုပ်ငန်းဝယ် အတူတွဲဘက်၍ဖြည့်ဆည်းရန်ဆုံးဖြတ်ရဲခြင်းပင်ဖြစ်ပေသည်။ အထူးသဖြင့် စံနမူနာယူသင့်သည့် အချက်မှာ သုမိတ္တာ၏အချစ်သည် သူမ၏ပါရမီဖြည့်ဘက်အပေါ်ဝယ် အစွန်းရောက်အချစ်မျိုးဖြစ်သော မျက်ကန်းချစ်ဖြင့် ရူးရူးမိုက်မိုက် ချစ်ခဲ့သည့် အချစ်မျိုးမဟုတ်ချေ။ အမှန်စင်စစ် သူမ၏ချစ်မေတ္တာသည် မဂ္ဂင်ရှစ်ဖြာ မဇ္ဈိမပဋိပဒါ လမ်းပေါ်တွင်လျှောက်လှမ်းခဲ့သည့် နှစ်ဘက်စွန်းလွတ် ချစ်မေတ္တာပင်ဖြစ်၏။  ထိုချစ်မေတ္တာဖြင့်ပင် ယုံကြည်ခဲ့၏။ ဖြည့်ဆည်းခဲ့၏။ ဖေးမကြင်နာခဲ့၏။ နားလည်မှုတွေပေးခဲ့၏။
ထိုအစွန်းလွတ်ချစ်မေတ္တာကြောင့်သာလျှင် ကြားလေသွေးသော်လည်း အချစ်မဝေးခဲ့ခြင်းဖြစ်၏။ တည်တံ့ခိုင်မြဲခဲ့၏။ အေးချမ်းသာယာ၍ ကြည်နူးဘွယ်ရာအတိရှိသော အိမ်ထောင်ရေးဘဝကို ဘဝဆက်တိုင်းရခဲ့ကြ၏။ ထိုထိုလောက၏ကောင်းကျိုးမှန်မျှထက်ကျော်လွန်၍ လောက၏အထွဋ်ဆုံး အမြတ်ဆုံးဖြစ်သည့် ဘုရားအဖြစ်သို့ရောက်သည့်တိုင်အောင် ပါရမီလုပ်ငန်းများကို လုပ်နိုင် ဖြည့်ဆည်းပေးနိုင်ခဲ့၏။ ဤသည်မှာ ချစ်မေတ္တာကို နည်းလမ်းမှန်အောင် အသုံးချတတ်ခြင်းကြောင့်  လောကကောင်းကျိုးများးကို ကျော်လွန်၍ လောကုတ္တရာ နိဗ္ဗာန်တိုင်အောင် အနှိုင်းမဲ့အကျိုးကို ရရှိခြင်းဖြစ်၏။ အများစုက ထင်ထားကြသည်မှာ မဂ္ဂင်ရှစ်ဖြာကို မဂ်ဖိုလ်နိဗ္ဗာန်ရရေး အားထုတ်သောအခါတွင်မှသာ အသုံးတည့်သည်ထင်ကြ၏။ လောကအရေးအရာများအတွက် သုံး၍မဖြစ်၊မသက်ဆိုင်ဟုယူဆထားကြ၏။ အမှန်စင်စစ် မဂ္ဂင်ရှစ်ဖြာသည် အချစ်ရေး အိမ်ထောင်ရေး နိုင်ငံရေး လူမှုရေး စီးပွါးရေးစသည့်အရေးအရာ အားလုံးတို့၌ အသုံးချတတ်ပါက လောကအတွက် အလွန်တရာမှအသုံးတည့်လှပါ၏။ ထိုမဂ္ဂင်လမ်းစဉ်ကိုသာ လူမှုနယ်ပယ်အသီးသီး၌ အသုံးပြုကြလျှင် သို့မဟုတ် လိုက်နာကျင့်သုံးကြလျှင် ယနေ့ကမ္ဘာသည် ပျော်ရွှင်ဘွယ်ရာ အတိဖြစ်နေမည်မှာ မြေကြီးလက်ခတ်မလွဲပင်ဖြစ်ပါ၏။ ယနေ့ လူသားအများစုအနေဖြင့်လည်း မဂ္ဂင်လမ်းစဉ်ကို အခြေခံ၍ ချစ်ကြစေချင်ပါ၏။ မဂ္ဂင်လမ်းစဉ် အိမ်ထောင်ရှင်များ လုပ်ငန်းရှင်များ ခေါင်းဆောင်များ ဖြစ်စေချင်ပါ၏။ အထူးသဖြင့် ထိုမဂ္ဂင်လမ်းစဉ်ကို အခြေခံသော ပါရမီိအိမ်ထောင်ရေး ပါရမီမိသားစု ပါရမီလူမှုအဖွဲ့အစည်းကြီး ဖြစ်စေချင်ပါ၏။ ဤသို့သာ ဖြစ်ကြလျှင် ဤကမ္ဘာ ဤလောကသည် မည်မျှငြိမ်းချမ်း တိုးတက်လိုက်မည်နည်း။ မည်မျှပျော်ရွှင်ဘွယ်ကောင်းသော လောကကြီးဖြစ်လိုက်မည်နည်း။ အကျွန်ုပ်သည် တွေးရင်းရေးရင်းဖြင့် ငြိမ်းချမ်း ဖွံ့ဖြိုး သာယာ ပျော်ရွှင်ဘွယ်ပြည့်ဝလှသော လူသားအဖွဲ့အစည်းကြီးအတွက် အိပ်မက်မက်မိသည်မှာ အမှန်ပင်ဖြစ်ပါ၏။  ထိုပါရမီအချစ်နှင့်ပတ်သက်၍ ယသောဓရာထေရီပါဒါန်တွင် ပရိနိဗ္ဗာန်စံခါနီးဖြစ်သော ယသောဓရာထေရီအရှင်မသည် မရေမတွက်နိုင်သောဘဝများစွာ ကမ္ဘာအနန္တဝယ် မဂ္ဂင်လမ်းစဉ်ကို အခြေခံလျှက် သင်္ချာပြ၍မရနိုင်လောက်အောင် အရာရာကို ချစ်မေတ္တာဖြင့် ပေးဆပ်စွန့်လွှတ် အနစ်နာခံကာ ပါရမီဖြည့်ခဲ့ရပုံကို ဘဝဇာတ်သိမ်း၍ ဒုက္ခအားလုံး ချုပ်ဆုံးတော့မည့် ပရိနိဗ္ဗာန်စံခါနီးဆဲဆဲ၌ ဘုရားရှင်အား ဤသို့ရင်ဖွင့် အသိပေး နှုတ်ဆက်စကား လျှောက်ထားလျှက်  သံသရာမှအပြီးအပိုင် ထွက်ခွာသွားခဲ့လေတော့၏။ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား တပည့်တော်မကား အရှင်မြတ်ဘုရား၏ ကြင်ယာသက်ထား ဖြစ်ခဲ့ဖူးသော ယသောဓရာဖြစ်ပင်ဖြစ်ပါ၏။ အရှင်မြတ်ဘုရား၏ ခြေတော်အစုံတို့ကို ဖူးမြှော်ဦးခိုက်၍ နှုတ်ဆက်လိုပါ၏။ တပည့်တော်မသည် အရှင်ဘုရား၏ အထံတော်၌ အမြင့်မြတ်ဆုံးဖြစ်သော အဘိညာဉ် ငါးပါးလုံးကို ထိုးထွင်းသိမြင် ရရှိခဲ့ပါပြီ။ ကိလေသာအာသဝေါကုန်ခန်း၍ အမြင့်မြတ်ဆုံးဖြစ်သော ရဟန္တာထေရီမအဖြစ်သို့လည်း ယခုအခါ
ရောက်ခဲ့ပါပြီ ။ နောက်ထပ်တစ်ဖန် ဘဝသစ်၌ ပြန်လည်၍ဖြစ်ဘွယ်ရာမရှိတော့ပါ။ အရှင်မြတ်ဘုရား၏ ခြေတော်ရင်း၌ပင် အလွန်ရနိုင်ခဲလှသော ပဋိသမ္ဘိဒါလေးပါးကိုလည်း ထိုးထွင်းသိမြင်ရအပ်ခဲ့ပါပြီ။ ရဟန်းမြတ်ဖြစ်တော်မူသော မြတ်စွာဘုရား ရှေးရှေးသောဘုရားရှင်တို့၏ အထံတော်၌ အရှင်ဘုရားနှင့်အတူတကွ တပည့်တော်မတို့ ပေါင်းဆုံမိကြပြီးလျှင် အရှင်ဘုရားအတွက် ဆုတောင်းပေးခဲ့သည်မှာလည်း များပြားလှပါ၏။ လုံ့လကြီးတော်မူသော မြတ်စွာဘုရား အရှင်မြတ်ဘုရားအကျိုးငှာ ကုသိုလ်ကောင်းမှုများစွာကို တပည့်တော်မ ဆည်းပူးခဲ့ပါပြီ၊ ထိုကုသိုလ်ကောင်းမှုတို့ကို အောက်မေ့တော်မူပါလော့။ ရှင်တော်မြတ်ဘုရား တပည့်တော်မသည် မပြုကျင့်သင့် မပြုကျင့်ထိုက်သော အရာမှန်သမျှကို ရှောင်ကြဉ် ဖယ်ခွါ တားမြစ်လျှက် အရှင်ဘုရားအကျိုးအတွက် အသက်ကိုပင် ကျေနပ်စွာစွန့်လွှတ်ခဲ့ဖူးပါပြီ။ .... အရှင်မကား ဤသို့ဆက်လက်လျှောက်ထားလေ၏။...ဆက်ရန်....

Sunday, October 23, 2011

ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၈ )

ဤအကြောင်းအရာနှင့်ပတ်သက်၍ စဉ်းစားပုံကား ဤသို့ ဤသို့ စသဖြင့် စသဖြင့် ဖြစ်ပါ၏။  သုမိတ္တာအမျိုးသမီးလေး ပါရမီစခန်းခရီးကြမ်းကြီးအတွက် ဤသို့ဤနှယ် ပါဝင်လာခြင်းသည်
အကြောင်းမဲ့သက်သက်မဖြစ်တန်ရာ၊ထို့ပြင် သုမေဓာရှင်ရသေ့အနေဖြင့် သုမိတ္တာအားပါရမီဖြည့်ဘက်အဖြစ် လက်ခံလိုက်ခြင်းသည်လည်း အကြောင်းတရားမကင်းတန်ရာ။ အထူးသဖြင့် ဒီပင်္ကရာဘုရားရှင်
ပေးသောဗျာဒိတ်သည် အလွန်တရာခိုင်မာပြတ်သားလှချေ၏။ မလွဲနိုင်သော  တိကျခြင်းမျိုးဖြင့် တိကျမှန်ကန်လှ၏။ သို့ဖြစ်၍ ထိုဗျာဒိတ်သည်လည်း အတိတ်အကြောင်းမကင်းနိုင်ချေ။ ထိုအကြောင်းတရားသည်လည်း အလွန်အားကြီးသော အကြောင်းတရားသာ ဖြစ်ပေလိမ့်မည်။ အတိတ်ဘဝများစွာမှ များပြားလှသည့် ချခဲ့ဖူးသောရေစက် ပန္နက်ခဲ့ဖူးသောသစ္စာ များကြောင့်သာ သုမိတ္တာလည်း ပါရမီဖြည့်ဘက်အနေဖြင့်ပါဝင်သလို သုမေဓာကလဲ လက်ခံခြင်းဖြစ်ပေလိမ့်မည်။ ဒီပင်္ကရာဘုရားရှင်ကလည်း အစုံတွဲ၍ ဗျာဒိတ်ပေးတော်မူခြင်းဖြစ်ပေလိမ့်မည် ဟုစဉ်းစားမိ၏။ ထို့ပြင် ကမ္မနိယာမကို ယုတ္တိဗေဒကျအောင် စဉ်းစားပြန်သောအခါတွင်လည်း အလွန်တရာခက်ခဲကြမ်းတမ်းသော ပါရမီအဆန်ခရီးလမ်းကို အလွန်ပြင်းထန် ခိုင်မာသော စိတ်ဆန္ဒရှိသူတို့သာအတူစုံတွဲ၍
လျှောက်လှမ်းနိုင်မည်ဖြစ်ရာ ယခုဘဝတစ်ခဏလေးမျှတွင်သာတွေ့လိုက်ရ မြင်လိုက်ရခြင်းဖြစ်ပါက သူတို့နှစ်ဦးအဖို့ ဤမျှဝေးကွာ ကြာညောင်းလှသော လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းခရီးကို အတူတွဲ၍ ပါရမီဖြည့်နိုင်မည်မဟုတ်ပါချေ။ အမှန်စင်စစ် ရှေးရှေးဘဝဘဝများစွာက အတူယှဉ်တွဲ၍
ချစ်ခင်စွာနေထိုင်ခဲ့ကြခြင်းကြောင့်သာလျှင် ပါရမီအဆန်ခရီးကို မညီးမညူ အတူတွဲ၍လျှောက်လှမ်းဖို့ ဆုံးဖြတ်ရဲခြင်းဖြစ်ပေမည်။ ထို့ပြင်သူတို့၏ ဗျာဒိတ်ခံယူရာ ပစ္စုပ္ပန်ဘဝကို ကြည့်ပြန်လျှင်လည်း သုမေဓာသည် သတင်းကြီးသော သူဌေးသားဖြစ်သောကြောင့် သူ၏အရည်အချင်းနှင့်  ကိုယ်ကျင့်တရားကို တစ်မြို့တည်းသူလည်းဖြစ် အမျိုးဇာတ်လည်းတူကာ အရည်အသွေးပြည့်ဝလှသော သုမေဓာအမျိုးသမီးလေးက ယုံကြည်ထိုက်လောက်အောင် ဂဃနဏ သိပြီးဖြစ်ပေလိမ့်မည်။
 ဤအကြောင်းအရာနှင့်ပတ်သက်၍ မိမိသည်တိတိကျသိချင်လှသောကြောင့် တတ်သိနားလည်သော သူများကိုလဲမေး၏။ ဆွေးနွေးသင့်သူများကိုလဲ ဆွေးနွေး၏။ ထိုသို့ ဆွေးနွေးမေးမြန်းခဲ့ရသဖြင့်သာ မိမိ၏အတွေးစတို့သည်လည်း ပိုမို၍ ရဲရင့်လာခဲ့ပါ၏။ ရေးအားလည်းတက်ခဲ့ပါ၏။ အထူးသဖြင့် ပါရမီနှင့်စစ်မှန်သောချစ်မေတ္တာသည် ကင်းကွာ၍မရစကောင်းသော သဘောတရားနှစ်ခုဖြစ်၏ ဟုလည်း မိမိထင်မြင် ယူဆ သဘောပေါက်မိ၏။ အမှန်စင်စစ် အချစ်စစ် သို့မဟုတ် ချစ်မေတ္တာမရှိပါက အတူတွဲ၍ ပါရမီလည်းဖြည့်၍မရသလို ပါရမီဖြည့်ဘက်အဖြစ် အနေနှင့်လည်း ပူးတွဲကာ ပါဝင်နိုင်မည်မဟုတ်ဟု မိမိယုံကြည်ယူဆမိတော့၏။ မှန်၏။ သူတို့နှစ်ဦး၏ အပြန်အလှန်ထားရှိသော အချစ်စစ် သို့မဟုတ် ချစ်မေတ္တာသည် တွဲဘက်၍
ပါရမီဖြည့်ဘို့အရေး ကြီးမားလှသောစွမ်းအင်ဖြစ်၏ ဟုလည်းနားလည်မိ၏။ ဟုတ်၏ မှန်၏ ဟုထပ်၍ဆိုချင်၏။ အကြောင်းကား အပြန်အလှန်ယုံကြည်မှု စာနာမှု နားလည်မှု ကြင်နာမှု ဖေးမမှု ပြုစုစောင်မမှုဟူသော ချစ်မေတ္တာမရှိပါက ပါရမီမဆိုထားနှင့်၊ လောက၏ သာမာန်လုပ်ငန်း သာမာန်နယ်ပယ်၌ပင် ပြုလုပ် အောင်မြင်နိုင်ဘွယ်မရှိချေ။ အလွန်တရာမြင့်မြတ်ကြီးကျယ် ခမ်းနားလှသောပါရမီလုပ်ငန်းကြီးကိုလုပ်ရာဝယ် ထိုမျှဤမျှ စစ်မှန် ကြီးမားလှသော ချစ်မေတ္တာမပါ မရှိလျှင် မည်သို့လျှင်အတူတွဲ၍ ပါရမီဖြည့်နိုင်ပါတော့မည်နည်း။ ပါရမီဖြည့်ကြမည့်သူတို့ နှစ်ဦးနှစ်ဘက် အပြန်အလှန် ချစ်မေတ္တာရှိမှသာလျှင် လောကကောင်းကျိုးအတွက် အတူတွဲ၍ အရာရာကို စွန့်လွှတ်အနစ်နာခံကာ ပါရမီလုပ်ငန်းကို အဟုတ်တမ်း ကြိုးပမ်းနိုင်ကြပေမည်။ ထို့ကြောင့် အတူတွဲ၍ ပါရမီဖြည့်ဘို့အရေးဝယ်  ထိုပါရမီနှင့်ချစ်မေတ္တာနှစ်ခုတွင် ချစ်မေတ္တာသည် မူလ အစ ပထမ ဖြစ်သည် ဟု မှတ်ယူ
ထင်မြင်သုံးသပ်မိ၏။( မှတ်ချက်။ ဘုရားအလောင်းတော်၏ မဟာကရုဏာတော်ကြောင့် ဘုရားဖြစ်ဘို့ရန်စိတ်ထက်သန်တော်မူပုံနှင့် သုမေဓာနှင့် သုမိတ္တာတို့နှစ်ဦး၏ ချစ်မေတ္တာကြောင့် အတူတွဲ၍ ပါရမီ ဖြည့်နိုင်ပုံကိုမရောထွေးစေချင်ပါ။ မရောထွေးသင့်။ ဤစကား ဤစာနှင့်ပတ်၍ မရှင်းပါက မေးနိုင်ပါသည်။ ) သို့ဖြစ်၍ အရင်းခံစစ်မှန်သော ချစ်မေတ္တာကြောင့်ပင် ပါရမီလုပ်ငန်းကို အဟုတ်တမ်းတွဲ၍ ဖြည့်နိုင်ခဲ့ကြသည်ဟု မိမိယုံကြည်နားလည်မိပါ၏။ မှန်၏။ အချစ်သည် သို့မဟုတ် တပ်မက်မှုရာဂသည် နည်းလမ်းမှန်အောင်အသုံးပြုပါက နိဗ္ဗာန်ထိပို့ဆောင်ပေးနိုင်ကြောင်းပဋ္ဌာန်းတရားတော်တွင်လည်းတိုက်ရိုက်လာပါ၏။ ထို့ပြင် သုမိတ္တာအမျိုးသမီးလေး၏ သုမေဓာရှင်ရသေ့ပေါ် ချစ်မေတ္တာဖြင့်အရာရာကို ကျေနပ်ကြည်နူးစွာ ဖြည့်ဆည်းပေးနိုင်ဘို့အရေး ပါရမီဖြည့်ဘက်အဖြစ်ဖြင့်ပါဝင်လာနိုင်ခြင်း၏ အကြောင်းကိုလည်း ယသောဓရာထေရီပါဒါန်တွင် ဤသို့ဆိုပါ၏။
( ဆက်ရန်......)

Saturday, October 15, 2011

ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၇ )

ဤ သုမေဓာချစ်သားသည် နောင်အခါ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းရောက်သောကာလ၌ ဘဒ္ဒကမ္ဘာဝယ် သိစရာမှန်သမျှ ကြွင်းမဲ့ဥဿုံအလုံးစုံသိမြင်တော်မူသည့် ဘုရားအဖြစ်သို့ရောက်ရှိချိမ့်မည်၊ ဤ သုမိတ္တာ ချစ်သမီးသည်လည်း လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းတို့ပတ်လုံး ပါရမီဖြည့်ဘက်အဖြစ်ဖြင့် ပါဝင်ဖြည့်ဆည်းလိမ့်မည် ဟူ၍။  မိမိတို့ ဗုဒ္ဓဘာသာဝင်များ ယနေ့ကိုးကွယ်ဆည်းကပ်နေကြသော
ဂေါတမဘုရားရှင်၏ သာသနာတော်သည် ဤသို့ဗျာဒိတ်တော်ကိုခံယူရာမှ အစပြုခဲ့လေ၏။ ဒီပင်္ကရာဘုရားရှင်၏ ဗျာဒိတ်တော်သည် ယနေ့သာသနာတော်ကို ကြိုတင်၍ အသိမှတ်ပြုခဲ့ခြင်းလည်းဖြစ်၏ ဟုဆိုနိုင်၏။ ထို့ပြင်ဤဗျာဒိတ်တော်ကို ခံယူသည့်အခမ်းအနားသည် ယနေ့သာသနာတော်၏ အစဦးဆုံးသော အခင်းအကျင်း ဖြစ်၏ ဟူ၍လည်းဆိုနိုင်ချိမ့်မည်ထင်၏။  ဤသို့သော ဗျာဒိတ်တော်ကို ဒီပင်္ကရာဘုရားရှင်အား ဖူးမြှော်
ကြည်ညိုကြသော လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းကြားသိကြရသောအခါ စကြာဝဠာ၏ အနှိုင်းမဲ့ခေါင်းဆောင် သို့မဟုတ် သုံးဆယ့်တစ်ဘုံ၏ ခေါင်းဆောင်သည် ယခုပေါ်ပေါက်ချေပြီဟူ၍ များစွာ
နှစ်ထောင်းအားရဖြစ်ကြ၏။ ဝမ်းသာပီတိ အဖြစ်ကြီးဖြစ်ကြရ၏။ သူတို့၏ဝမ်းသာပီတိသည် အနှိုင်းအဆမဲ့၏၊ အလွန်တရာမြင့်မြတ်ဖြူစင်၏၊ သဂြိုင်္ဟ်စကားဖြင့်ပြောရလျှင် သောမနဿ သဟဂုတ်ဥာဏသမ္ပယုတ် အသင်္ခါရိက မဟာကုသိုလ်စိတ်ပင်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ကိလေသာပွါးစီး အားကြီးရေးအတွက် ဝမ်းမြောက်ခြင်းမဟုတ်ဘဲ ကိလေသာကုန်ခန်း မြတ်ရဟန်း ( ဘုရား ) ဖြစ်ရေးအတွက်
ဝမ်းမြောက်ခြင်းကြောင့်ပင်ဖြစ်၏။ ထို့ပြင် နတ်ဗြဟ္မာအပေါင်းတို့သည် ဤသို့လည်း မျှော်လင့်ကြပြန်လေ၏။ အကယ်၍မိမိတို့သည် ဤဒီပင်္ကရာဘုရားရှင်လက်ထက်တော်၌ တရားထူးကိုမရခဲ့လျှင်
နောင်အခါဝယ် ဂေါတမဘုရားရှင်လက်ထက်တော်၌ တရားထူးကိုရရှိကြမည် ဟူ၍။ သူတို့၏ မျှော်လင့်တမ်းတချက်သည် မြင့်မြတ်ပေစွတကား။ အတုယူ အားကျထိုက်လေစွ။ စံပြုထိုက်လေစွတကား။ ယနေ့သာသနာတော်၏ မြစ်ဖျားခံရာ အစဦးဆုံး အခမ်းအနားသည် ဤမျှသာဖြစ်၏။ ဤအခမ်းအနားနှင့်ပတ်သက်၍ မိမိဤသို့ဆက်လက်၍ အတွေးပထျာဖြန့် စဉ်းစားခြင်း သံသရာချဲ့ဆန့်မိပါတော့၏။ လောကုတ္တရာမှလွဲ၍ လောက၏ နယ်ပယ်အသီးသီးတွင် ဘို့နှစ်ဘို့လိုအပ်၏။ ဘက်နှစ်ဘက်သည်ရှိ၏။ ထိုဘို့နှစ်ဘို့ ဘက်နှစ်ဘက် ညီညွတ်မျှတ ပြည့်စုံပါမှ ရလာဒ်တစ်ခု ထွက်ပေါ်လာမြဲဖြစ်၏။ အဆိုးနယ်ပယ်တွင်ဖြစ်စေ အကောင်းနယ်ပယ်တွင်ဖြစ်စေ သိပ္ပံပညာရပ် နယ်ပယ်တွင်ဖြစ်စေ ဝိဇ္ဇာပညာရပ် နယ်ပယ်တွင်ဖြစ်စေ အဆိုပါ ဘို့နှစ်ဘို့ ဘက်နှစ်ဘက်သည် မလွဲမသွေရှိသည်သာဖြစ်၏။ ထိုအရာကား ဖိုသဘာဝနှင့် မသဘာဝပင်တည်း။ တနည်းဆိုသော် ဖိုသတ္တိစွမ်းအင်နှင့် မသတ္တိစွမ်းအင်ပင်ဖြစ်ချေ၏။ ဤသတ္တိစွမ်းအင်နှစ်ခုသည် ဆန့်ကျင်ဘက်လည်းဖြစ်၏။ အလွန်အားကြီးသောဆွဲအားလည်းဖြစ်၏။ ထိုဆန့်ကျင်ဘက်ဆွဲအားတို့၏ ဟန်ချက်ညီညီဖြင့် ညီညွတ်ပေါင်းစည်းမိသောအခါ ရလာဒ်တစ်ခုသည် မုချဖြစ်ပေါ်လာရလေတော့၏။ လောကဓံတရားဟု အများသိနေကြသည့် ပေါများခြင်းနှင့် ရှားပါးခြင်း၊ ချမ်းသာခြင်းနှင့်ဆင်းရဲခြင်း၊ ကဲ့ရဲ့ခြင်းနှင့်ချီးမွမ်းခြင်း၊ မိတ်ဆွေသင်္ဂဟ ပေါများခြင်းနှင့် အထီးကျန်ခြင်း ဟူသော ဒွန္ဒဒွန္ဒ အစုံအစုံသဘာဝတို့သည်လည်း မည်သည့်လောကီနယ်ပယ်တွင်မှ
ရှောင်လွှဲ၍မရဘဲ ထိုအစုံအစုံ သဘာဝတို့ကြောင့်ပင် အရာရာသည် ပြောင်းလဲ ဖြစ်ပျက် တိုးတက် ဆုတ်ယုတ်လျှက် ခရီးဆက်နေကြရခြင်းဖြစ်တော့၏။ ဤနေရာ၌ မိမိအဓိကတင်ပြလိုသည်မှာ ဆန့်ကျင်ဘက်တို့၏ အစုံအစုံသဘာဝဖြစ်ပါ၏။ သုံးဆယ့်တစ်ဘုံသားတို့အားကယ်တင်ရေးအတွက် သဗ္ဗညုတဥာဏ်တော်ရရှိရေး ရည်မှန်းချက်ဖြင့် ဗျာဒိတ်တော်ကိုခံယူလျှက် ပါရမီတော်ဆယ်ပါးကို ကိုယ်တော်တိုင်ဖြည့်ကျင့်တော့မည်ဖြစ်သော ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် သုမိတ္တာမည်သော အမျိုးသမီးလေးပါဝင်လာသည်ကို အဘယ့်ကြောင့် လက်ခံဘိသနည်း။ ထို့်ပြင် ဒီပင်္ကရာဘုရားရှင်သည်လည်း အဘယ့်ကြောင့် တစ်ဦးတည်းမခွဲဘဲ နှစ်ဦးတွဲ၍ ဗျာဒိတ်ပေးခဲ့လေသနည်း။ အထူးသဖြင့် အလွန်ရှည်ကြာလှသော လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလအတွင်းဝယ် သူတို့ နှစ်ဦး၏ ချစ်ခြင်း မေတ္တာတရားသည် အလွန်ပင်ကြီးမားလှသည်ကို တွေ့ရ မြင်ရ သိရ ဖတ်ရ၏။ ထိုချစ်ခြင်း မေတ္တာတရားသည် ပါရမီတော်တို့ကြောင့်ကြီးမားလာလေသလော၊ သို့မဟုတ် သူတို့နှစ်ဦး၏ ချစ်ခြင်း မေတ္တာတရားကြောင့်ပင် ပါရမီတော်တို့ကို ဖြည့်ဆည်းနိုင်ခဲ့လေသလော။ ဤသို့သော လော များစွာ ဘိသနည်း အသီးသီးကို မိမိဘာသာ မေးခွန်းထုတ်၍ မိမိဘာသာ ဤသို့ဆက်လက်၍ အတွေးစိတ်ကူး မြူးမိပါတော့သတည်း။
( ဆက်ရန်......)


Sunday, October 9, 2011

ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၆ )

ထိုသူမ၏နာမည်ကားသုမိတ္တာ ဟူသတတ်။ ထိုနာမည်၏ အဓိပ္ပါယ်ကား မိတ်ဆွေကောင်း သို့မဟုတ် အလွန်ချစ်ခင်အပ်သူ သို့မဟုတ် အလွန်ချစ်ခင်တတ်သူ ဟူ၍ဖြစ်သတတ်။ မှန်၏၊ သုံးဆယ့်တစ်ဘုံသား အားလုံးအတွက် အလောင်းတော်အား ဘုရားဖြစ်စေရန် ကူညီ၍ ပါရမီဖြည့်ဆည်းပေးရမည့်သူသည် မိတ်ဆွေကောင်းဖြစ်နေပါမှ သို့မဟုတ် အများပြည်သူလူထု၏ အလွန်ချစ်ခင်အပ်သူ သို့မဟုတ် အများပြည်သူလူထုကို ချစ်ခင်တတ်သူဖြစ်ပါမှ ပါရမီဖြည့်ဘက်ဖြစ်နိုင်ပေမည်။ ထိုသို့မဟုတ်ပါက သာမာန်အမျိုးသမီးဖြစ်သွားပေမည်။ ထိုဘုရားရှင်ကို ကြိုဆိုသည့် အခမ်းအနားတွင် ထိုသုမိတ္တာမည်သော အမျိုးသမီးငယ်လေးသည် ဒီပင်္ကရာဘုရားရှင်ကို လှုရန်အတွက် ကြာပန်းရှစ်ခိုင်ယူလာခဲ့လေ၏။ သူမ၏ အစပထမရည်ရွယ်ချက်သည် သူမကိုယ်တိုင် တစ်ဦးတည်း လှုဘို့ဖြစ်၏။ သို့သော် ဒီပင်္ကရာဘုရားရှင်အား သူ၏ခန္ဓာကိုယ်ကို တံတားခင်း၍လှုဒါန်းနေသော သုမေဓာရှင်ရသေ့ကို မြင်တွေ့ရသောအခါ သူမသည် လေးစားကြည်ညိုသွားလေ၏။ ယုံကြည်မှု၊ အားထားမှု၊ ချစ်ခင်မှု၊ ပူးပေါင်းဆောင်ရွက်လိုမှုနှင့် ပေးဆပ်ဖြည့်ဆည်းလိုမှုဟူသောဆန္ဒတို့သည်လည်း သူမ၏ရင်တွင်းသို့ အလိုအလျောက် ချင်းနင်းဝင်ရောက်လာခဲ့၏။ ထို့ကြောင့်ပင် သူမသည် လှုရန် ယူဆောင်လာခဲ့သော ကြာပန်းရှစ်ခိုင်အနက် သုံးခိုင်ကိုသာ သူမကိုင်ဆောင်လျှက် ကျန်ငါးခိုင်ကိုမူ သုမေဓာရှင်ရသေ့အား လိုလိုလားလားပင် ပေးလှုလိုက်လေ၏။ ဤနေရာတွင်မိမိ ဤသို့စဉ်းစားမိ၏။ အလောင်းတော်၏နာမည်ကား သုမေဓာ၊ အဓိပ္ပါယ်ကား ပညာပြည့်ဝ နှလုံးလှသူ သို့မဟုတ် စိတ်နှလုံးဖြူစင်လှသောပညာရှိ ဟူ၍ဖြစ်ပြီးလျှင် ကူညီ၍ ပါရမီဖြည့်မည့်သူ သုမိတ္တာ၏ အဓိပ္ပါယ်မှာ မိတ်ဆွေကောင်း သို့မဟုတ် အလွန်ချင်ခင်တတ်သူဟု အဓိပ္ပါယ်ရှိသဖြင့် သူတို့နှစ်ဦး၏ အမည်နာမ ဗျူပ္ပတ်နှင့် လုပ်ရပ်တို့သည် အလွန်ပင်ညီညွတ်တိုက်ဆိုင် ကြလေ၏တကား ဟူ၍။  ထို့နောက် သုမေဓာမည်သော ရှင်ရသေ့နှင့် သုမိတ္တာမည်သော အမျိုးကောင်းသား အမျိုးကောင်းသမီးနှစ်ယောက်တို့သည် ဒီပင်္ကရာဘုရားရှင်အား နှစ်ယောက်ပေါင်း၍ ကြာပန်းရှစ်ခိုင်ကိုလှုဒါန်းခဲ့ကြ၏။ ထိုသို့လှုဒါန်းစဉ်တွင် သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာဘုရားရှင်၏ အနှိုင်းမဲ့အသရေတော်ကို ဖူးတွေ့ရသဖြင့်အလွန်အားကျကြည်ညိုမိတော့၏။ အထူးသဖြင့် ဒီပင်္ကရာမြတ်စွာဘုရားရှင်သည် ငရဲနှင့် တိရစ္ဆာအပါအဝင် သုံးဆယ့်တစ်ဘုံသူ ဘုံသားတို့အတွက် လောကီကောင်းကျိုးနှင့် လောကုတ္တရာကောင်းကျိုးဤနှစ်မျိုးတို့ကို အနှိုင်းမဲ့သော ကရုဏာ၊ မေတ္တာ၊ ပညာတို့ဖြင့် အနှိုင်းမဲ့ဆောင်ရွက်တော်မူနိုင်သကဲ့သို့ သုမေဓာရှင်ရသေ့သည်လည်း လောကသားတို့၏ ကောင်းကျိုးမှန်သမျှကို သယ်ဆောင်လို ကယ်တင်လိုသော မဟာကရုဏာနှင့်  ဆန္ဒတို့သည် အလွန်အမင်းပြင်းပြင်းပြပြဖြစ်တော်မူလေ၏။ အမှန်စင်စစ် ဘုရားဖြစ်လိုသောဆန္ဒသည် အလွန်အမင်းပြင်းပြထက်သန်လာလေ၏။ မှန်လှ၏။ ဘုရားဖြစ်မှသာလျှင် အသားအရောင် အမျိုးအနွယ် နေရာဒေသ နိုင်ငံ ဘုံဌာန အဆင့်အလွှာ စသော လောကသားတို့၏ အပေါ်ယံအမြင်တို့ကို မရှုမြင် မခွဲခြားဘဲ သတ္တဝါတိုင်း၏ ပါရမီ အနုအရင့် အဆင့်အတန်းကိုသာ ကြည့်ရှုဆင်ခြင်တော်မူ၍ လောက ကောင်းကျိုးနှင့် လောကုတ္တရာ ကောင်းကျိုး ထိုနှစ်မျိုးတို့ကို အနှိုင်းမဲ့ဆောင်ရွက်နိုင်မည်ဖြစ်ပါ၏။ ထို့ကြောင့်ပင် သူသည်ဘုရားဖြစ်လိုစိတ် ထက်သန်ပြင်းပြခြင်းပင်ဖြစ်၏။ ထို့ပြင်သုမိတ္တာမည်သော အမျိုးသမီးကောင်းလေးသည်လည်း သုမေဓာရှင်ရသေ့နှင့် သံသရာတစ်လျှောက် ဘဝဆက်တိုင်းတွင် ဘုရားဖြစ်သည်အထိ လိုလိုလားလားပေးဆပ်ပြီး ချိုချိုခါးခါးမျှဝေ၍ အတူတကွ ဆောင်ရွက်လိုသော ပါရမီဖြည့်လိုစိတ်တို့သည်လည်း တားမနိုင်ဆီးမရ ဖြစ်ပေါ်လာလေတော့၏။ အမှန်စင်စစ် သူတို့နှစ်ယောက်လုံး၏ အသိဥာဏ်နှင့် စိတ်သန္တာန်တွင် သို့မဟုတ် ဦးနှောက်နှင့်နှလုံးသားတို့တွင် မိမိတို့၏ အရာရာကို စွန့်လွှတ်ပေးဆပ်၍ လောကကောင်းကျိုးလုပ်ဆောင်ရန် အလွန်အမင်းစိတ်သန် ခံယူ ခံစားလျှက်ရှိကြ၏။ ဤသည်မှာ သူတို့နှစ်ဦး၏ လောကအပေါ်ထားရှိသော မဟာကရုဏာနှင့် အသိဥာဏ်ပညာပင်ဖြစ်တော့၏။ ဤနေရာ၌ ဘုရားအလောင်းတော် သုမေဓာ၏ မဟာကရုဏာနှင့် ပညာသည်ပို၍ပြဋ္ဌာန်းအားကြီးလှသည်ကိုမမေ့သင့်ပေ။ မှန်၏။ လောကကောင်းကျိုးကို သယ်ပိုးရာတွင် ကရုဏာနှင့်ပညာသည် မရှိမဖြစ်လိုအပ်ပါ၏။ ကရုဏာသာရှိ၍ ပညာမပါလျှင် ထိုထိုလုပ်ရပ်တို့သည် ကောင်းကျိုးထက် ဆိုးကျိုးကို ဖြစ်စေတတ်ပါ၏။ စေတနာကောင်းရှိသော်လည်း နည်းလမ်းမှားသဖြင့် ကောင်းကျိုးမရ ဆိုးကျိုးဖြစ်ရတတ်သည်ဟု ဆိုလိုပါ၏။ တစ်ဖန် ပညာသာရှိ၍ ကရုဏာမပါလျှင်လည်း အကြင်နာမဲ့၍ ရက်စက်ကြမ်းကြုတ်တတ်သဖြင့် လောကသားများ၏ အားထားရာသဖွယ်မဖြစ်ဘဲ ဆိုးကျိုးများကို ခံစားရတတ်ပါ၏။ ထို့ကြောင့် လောကကောင်းကျိုးကို ဆောင်ရွက်ရာတွင် ကရုဏာနှင့်ပညာသဘောတရားတို့သည် အမှန်တကယ်လိုအပ်လှပါ၏။ သို့မှသာလျှင် လောကသားတို့အတွက် စစ်မှန်သော ကောင်းကျိုးချမ်းသာများကို ခံစားကြရမည်ဖြစ်ပါ၏။ ထိုသူနှစ်ယောက်တို့၏  ထိုအခြင်းအရာအားလုံးကို ဒီပင်္ကရာမြတ်စွာဘုရားရှင်သည် သဗ္ဗညုတဥာဏ်တော်ဖြင့်သိတော်မူလေ၏။ ထို့ပြင် သုမေဓာရှင်ရသေ့၏ အနာဂတ်ကို ဆင်ခြင်တော်မူသောအခါ၌လည်း နောင်လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းကြာသောကာလဝယ် ဘဒ္ဒကမ္ဘာ၌ ဂေါတမအနွယ်တော်ဖြင့် ဘုရားအဖြစ်သို့အမှန်မုချ ရောက်ရှိမည်ဖြစ်ကြောင်းကိုလည်းသိတော်မူသည့်အပြင် သုမိတ္တာအမျိုးကောင်းသမီးလေးသည်လည်း လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းတို့ပတ်လုံး ပါရမီဖြည့်ဖက်အဖြစ်ဖြင့် မလွဲမသွေပါဝင်ဖြည့်ဆည်းလိမ့်မည်ဖြစ်ကြောင်းတို့ကိုလည်း သိမြင်တော်မူလေ၏။ ထို့ကြောင့်ပင် ဘုရားရှင်က သူတို့နှစ်ဦးအား ဤသို့ ဗျာဒိတ်စကား မိန့်ကြားတော်မူလေ၏။
( ဆက်ရန်......)

***ဓမ္မမိတ်ဆွေများ၏အမှာစကား***