Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Monday, October 31, 2011

ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၉ )

ချစ်မေတ္တာ သို့မဟုတ် တပ်မက်မှုရာဂသည် နည်းလမ်းမှန်အောင်အသုံးပြုပါက သာမညဒါနကောင်းမှု စသည့်ကုသိုလ်ကိုသာရနိုင်သည်မဟုတ်၊ နိဗ္ဗာန်အထိရောက်စေနိုင်ကြောင်းကို ပဋ္ဌာန်းတရားဒေသနာတော် ပဥှာဝါရ ဥပနိဿယပစ္စည်း အကု+ကု ၌ဤသို့ဆိုပါ၏။ ရာဂံ ဥပနိဿာယ ဒါနံ ဒေတိ၊သီလံ သမာဒိယတိ၊ ဥပေါသထ ကမ္မံ ကရောတိ၊ ဈာနံ ဥပ္ပါဒေတိ၊ ဝိပဿနံ ဥပ္ပါဒေတိ၊ မဂ္ဂံ ဥပ္ပါဒေတိ၊အဘိညံ ဥပ္ပါဒေတိ၊ သမာပတ္တိံ ဥပ္ပါဒေတိ။ ရာဂေါ သဒ္ဓါယ သီလဿ သုတဿ စာဂဿ ပညာယ ဥပနိဿယ ပစ္စယေနပစ္စယော ဟူသတည်း။ ဆိုလိုရင်းအဓိပ္ပါယ်မှာ ဤသို့ဖြစ်၏။ အချစ် သို့မဟုတ် ချစ်ခင်နှစ်သက်မှု သို့မဟုတ် တပ်မက်မှုရာဂကြောင့် ပေးလှု၏။ စွန့်လွှတ်နိုင်၏။ ကိုယ်ကျင့်တရားကို ကောင်းစွာဆောက်တည်၏။ ဥပုသ်သီလကို ဆောက်တည်၏။ ဈာန်တရားကို ရရှိအောင်အားထုတ်၏။ ဝိပဿနာကို အားထုတ်၏။ မဂ်ကိုရအောင်အားထုတ်၏။ အဘိညာဉ်ကို ဖြစ်စေ၏။ သမာပတ်ကိုဖြစ်စေ၏။ အချစ် သို့မဟုတ် ချစ်ခင်နှစ်သက်မှု သို့မဟုတ် တပ်မက်မှုရာဂသည် လေးစားယုံကြည်မှု၊ ကြည်ညိုမှု၊ ကိုယ်ကျင့်တရားကို ကျင့်စေမှု၊ အတတ်ပညာနှင့် အသိပညာကို ရရှိအောင် ကြိုးစားအားထုတ်မှု၊ စွန့်လွှတ်ပေးဆပ်မှုနှင့် မဂ်ဖိုလ်နိဗ္ဗာန်ကို ထိုးထွင်းသိမြင်နိုင်သော ဓမ္မပညာကို ဖြစ်စေနိုင်မှုတို့အတွက် အလွန်အားကြီးသော အကြောင်းတရား စွမ်းအားဖြင့် ကျေးဇူးပြု၏။ ဖြစ်စေ၏။ထို ဖြစ်ပြီးသော တရားများကိုလည်း အလွန်အားကြီးသော စွမ်းအားဖြင့် တည်ရှိနေစေရန် ကျေးဇူးပြု၏ ဟု အဓိပ္ပါယ်အချုပ် ထုတ်ပြအပ်၏။ မှန်လှ၏။ သုမိတ္တာအမျိုးသမီးကောင်းလေးသည် သုမေဓာရှင်ရသေ့အပေါ်ဝယ် ရှေးရှေးသောဘဝများစွာသံသရာတွင်
နှစ်ကိုယ်တူကြင်လည်၍ ချစ်ခဲ့ရသော ချစ်မေတ္တာနှင့် ယုံကြည်စိတ်တို့ကြောင့်ပင် ယခုဘဝတွင်လည်း မြင်လျှင်မြင်ချင်း သုမေဓာရှင်ရသေ့ကို ချစ်မိ၏။ ယုံကြည်မိ၏။ အားထားလက်တွဲလို၏။  ပြင်းပြင်းပြပြ သဒ္ဓါကြည်ညိုလေးစားကာ ချစ်အားပိုမိတော့၏။ ထို့ကြောင့်ပင် အလွန်မြင့်မြတ်ကြီးကျယ်လွန်းသော ပါရမီလုပ်ငန်းဝယ် အတူတွဲဘက်၍ဖြည့်ဆည်းရန်ဆုံးဖြတ်ရဲခြင်းပင်ဖြစ်ပေသည်။ အထူးသဖြင့် စံနမူနာယူသင့်သည့် အချက်မှာ သုမိတ္တာ၏အချစ်သည် သူမ၏ပါရမီဖြည့်ဘက်အပေါ်ဝယ် အစွန်းရောက်အချစ်မျိုးဖြစ်သော မျက်ကန်းချစ်ဖြင့် ရူးရူးမိုက်မိုက် ချစ်ခဲ့သည့် အချစ်မျိုးမဟုတ်ချေ။ အမှန်စင်စစ် သူမ၏ချစ်မေတ္တာသည် မဂ္ဂင်ရှစ်ဖြာ မဇ္ဈိမပဋိပဒါ လမ်းပေါ်တွင်လျှောက်လှမ်းခဲ့သည့် နှစ်ဘက်စွန်းလွတ် ချစ်မေတ္တာပင်ဖြစ်၏။  ထိုချစ်မေတ္တာဖြင့်ပင် ယုံကြည်ခဲ့၏။ ဖြည့်ဆည်းခဲ့၏။ ဖေးမကြင်နာခဲ့၏။ နားလည်မှုတွေပေးခဲ့၏။
ထိုအစွန်းလွတ်ချစ်မေတ္တာကြောင့်သာလျှင် ကြားလေသွေးသော်လည်း အချစ်မဝေးခဲ့ခြင်းဖြစ်၏။ တည်တံ့ခိုင်မြဲခဲ့၏။ အေးချမ်းသာယာ၍ ကြည်နူးဘွယ်ရာအတိရှိသော အိမ်ထောင်ရေးဘဝကို ဘဝဆက်တိုင်းရခဲ့ကြ၏။ ထိုထိုလောက၏ကောင်းကျိုးမှန်မျှထက်ကျော်လွန်၍ လောက၏အထွဋ်ဆုံး အမြတ်ဆုံးဖြစ်သည့် ဘုရားအဖြစ်သို့ရောက်သည့်တိုင်အောင် ပါရမီလုပ်ငန်းများကို လုပ်နိုင် ဖြည့်ဆည်းပေးနိုင်ခဲ့၏။ ဤသည်မှာ ချစ်မေတ္တာကို နည်းလမ်းမှန်အောင် အသုံးချတတ်ခြင်းကြောင့်  လောကကောင်းကျိုးများးကို ကျော်လွန်၍ လောကုတ္တရာ နိဗ္ဗာန်တိုင်အောင် အနှိုင်းမဲ့အကျိုးကို ရရှိခြင်းဖြစ်၏။ အများစုက ထင်ထားကြသည်မှာ မဂ္ဂင်ရှစ်ဖြာကို မဂ်ဖိုလ်နိဗ္ဗာန်ရရေး အားထုတ်သောအခါတွင်မှသာ အသုံးတည့်သည်ထင်ကြ၏။ လောကအရေးအရာများအတွက် သုံး၍မဖြစ်၊မသက်ဆိုင်ဟုယူဆထားကြ၏။ အမှန်စင်စစ် မဂ္ဂင်ရှစ်ဖြာသည် အချစ်ရေး အိမ်ထောင်ရေး နိုင်ငံရေး လူမှုရေး စီးပွါးရေးစသည့်အရေးအရာ အားလုံးတို့၌ အသုံးချတတ်ပါက လောကအတွက် အလွန်တရာမှအသုံးတည့်လှပါ၏။ ထိုမဂ္ဂင်လမ်းစဉ်ကိုသာ လူမှုနယ်ပယ်အသီးသီး၌ အသုံးပြုကြလျှင် သို့မဟုတ် လိုက်နာကျင့်သုံးကြလျှင် ယနေ့ကမ္ဘာသည် ပျော်ရွှင်ဘွယ်ရာ အတိဖြစ်နေမည်မှာ မြေကြီးလက်ခတ်မလွဲပင်ဖြစ်ပါ၏။ ယနေ့ လူသားအများစုအနေဖြင့်လည်း မဂ္ဂင်လမ်းစဉ်ကို အခြေခံ၍ ချစ်ကြစေချင်ပါ၏။ မဂ္ဂင်လမ်းစဉ် အိမ်ထောင်ရှင်များ လုပ်ငန်းရှင်များ ခေါင်းဆောင်များ ဖြစ်စေချင်ပါ၏။ အထူးသဖြင့် ထိုမဂ္ဂင်လမ်းစဉ်ကို အခြေခံသော ပါရမီိအိမ်ထောင်ရေး ပါရမီမိသားစု ပါရမီလူမှုအဖွဲ့အစည်းကြီး ဖြစ်စေချင်ပါ၏။ ဤသို့သာ ဖြစ်ကြလျှင် ဤကမ္ဘာ ဤလောကသည် မည်မျှငြိမ်းချမ်း တိုးတက်လိုက်မည်နည်း။ မည်မျှပျော်ရွှင်ဘွယ်ကောင်းသော လောကကြီးဖြစ်လိုက်မည်နည်း။ အကျွန်ုပ်သည် တွေးရင်းရေးရင်းဖြင့် ငြိမ်းချမ်း ဖွံ့ဖြိုး သာယာ ပျော်ရွှင်ဘွယ်ပြည့်ဝလှသော လူသားအဖွဲ့အစည်းကြီးအတွက် အိပ်မက်မက်မိသည်မှာ အမှန်ပင်ဖြစ်ပါ၏။  ထိုပါရမီအချစ်နှင့်ပတ်သက်၍ ယသောဓရာထေရီပါဒါန်တွင် ပရိနိဗ္ဗာန်စံခါနီးဖြစ်သော ယသောဓရာထေရီအရှင်မသည် မရေမတွက်နိုင်သောဘဝများစွာ ကမ္ဘာအနန္တဝယ် မဂ္ဂင်လမ်းစဉ်ကို အခြေခံလျှက် သင်္ချာပြ၍မရနိုင်လောက်အောင် အရာရာကို ချစ်မေတ္တာဖြင့် ပေးဆပ်စွန့်လွှတ် အနစ်နာခံကာ ပါရမီဖြည့်ခဲ့ရပုံကို ဘဝဇာတ်သိမ်း၍ ဒုက္ခအားလုံး ချုပ်ဆုံးတော့မည့် ပရိနိဗ္ဗာန်စံခါနီးဆဲဆဲ၌ ဘုရားရှင်အား ဤသို့ရင်ဖွင့် အသိပေး နှုတ်ဆက်စကား လျှောက်ထားလျှက်  သံသရာမှအပြီးအပိုင် ထွက်ခွာသွားခဲ့လေတော့၏။ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား တပည့်တော်မကား အရှင်မြတ်ဘုရား၏ ကြင်ယာသက်ထား ဖြစ်ခဲ့ဖူးသော ယသောဓရာဖြစ်ပင်ဖြစ်ပါ၏။ အရှင်မြတ်ဘုရား၏ ခြေတော်အစုံတို့ကို ဖူးမြှော်ဦးခိုက်၍ နှုတ်ဆက်လိုပါ၏။ တပည့်တော်မသည် အရှင်ဘုရား၏ အထံတော်၌ အမြင့်မြတ်ဆုံးဖြစ်သော အဘိညာဉ် ငါးပါးလုံးကို ထိုးထွင်းသိမြင် ရရှိခဲ့ပါပြီ။ ကိလေသာအာသဝေါကုန်ခန်း၍ အမြင့်မြတ်ဆုံးဖြစ်သော ရဟန္တာထေရီမအဖြစ်သို့လည်း ယခုအခါ
ရောက်ခဲ့ပါပြီ ။ နောက်ထပ်တစ်ဖန် ဘဝသစ်၌ ပြန်လည်၍ဖြစ်ဘွယ်ရာမရှိတော့ပါ။ အရှင်မြတ်ဘုရား၏ ခြေတော်ရင်း၌ပင် အလွန်ရနိုင်ခဲလှသော ပဋိသမ္ဘိဒါလေးပါးကိုလည်း ထိုးထွင်းသိမြင်ရအပ်ခဲ့ပါပြီ။ ရဟန်းမြတ်ဖြစ်တော်မူသော မြတ်စွာဘုရား ရှေးရှေးသောဘုရားရှင်တို့၏ အထံတော်၌ အရှင်ဘုရားနှင့်အတူတကွ တပည့်တော်မတို့ ပေါင်းဆုံမိကြပြီးလျှင် အရှင်ဘုရားအတွက် ဆုတောင်းပေးခဲ့သည်မှာလည်း များပြားလှပါ၏။ လုံ့လကြီးတော်မူသော မြတ်စွာဘုရား အရှင်မြတ်ဘုရားအကျိုးငှာ ကုသိုလ်ကောင်းမှုများစွာကို တပည့်တော်မ ဆည်းပူးခဲ့ပါပြီ၊ ထိုကုသိုလ်ကောင်းမှုတို့ကို အောက်မေ့တော်မူပါလော့။ ရှင်တော်မြတ်ဘုရား တပည့်တော်မသည် မပြုကျင့်သင့် မပြုကျင့်ထိုက်သော အရာမှန်သမျှကို ရှောင်ကြဉ် ဖယ်ခွါ တားမြစ်လျှက် အရှင်ဘုရားအကျိုးအတွက် အသက်ကိုပင် ကျေနပ်စွာစွန့်လွှတ်ခဲ့ဖူးပါပြီ။ .... အရှင်မကား ဤသို့ဆက်လက်လျှောက်ထားလေ၏။...ဆက်ရန်....

0 comments:

Post a Comment

***ဓမ္မမိတ်ဆွေများ၏အမှာစကား***