Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Thursday, September 25, 2014

ဒိုင်ယာရီအပိုင်းအစလေးများ ( ၁၀ ) အဘိဓမ္မာသားလေး မွေးပြီ

    နေ့လည်ခင်း အဘိဓမ္မာသင်တန်းအချိန်သည် ( ၂ ) နာရီထိုးမှစတင်မည်ဖြစ်သဖြင့် ဆွမ်းစားပြီးသောအခါ အချိန်ပိုနေလေသည်။ အချိန်ကို အကျိုးရှိအောင် အသုံးပြုလိုသဖြင့် မိမိကပင်စတင်၍ “ မင်းတို့က ငါပြောတာကို နားထောင်နေကြတဲ့ အချိန်များတယ်၊ ငါလဲ မင်းတို့ပြောတာကို နားထောင်ချင်တယ် ” ဟု ပြောလိုက်သောအခါ “ ငါတို့မှာ ပြောစရာအထူးမရှိဘူး ” တဲ့။ “ ဒါဆိုရင် မင်းတို့ ဘာသာရေးအတွေ့အကြုံတွေကို ပြောပြပေးပါ ” ဟု တောင်းဆိုလိုက်သောအခါ တစ်ဦးချင်းစီပြောပြကြသည်။ သူတို့၏ပြောပြချက်များအရ ဤသို့ ခြုံငုံ၍ကောက်ချက်စွဲကာ သိနားလည်ခွင့်ရခဲ့သည်။ “ သူတို့အားလုံးသည် မိရိုးဖလာအရ ခရစ်ယာန်ဘာသာဝင်များဖြစ်ကြသည်။ အချို့ က ကျောင်းသားဘဝတွင် စိတ်ပညာနှင့်ဒဿနစာပေများကိုလေ့လာရင်း ဗုဒ္ဓတရားကိုမြည်းစမ်းကြည့်မိရာမှ စိတ်ဝင်စားလာခဲ့သည်။ အချို့ က မူရင်းခရစ်ယာန်ဘာသာကို မယုံကြည်တော့သောကြောင့် လက်တွေ့ကျသည့်သဘောတရားအသစ်ကို ရှာဖွေရင်း ဗုဒ္ဓတရားတော်နှင့်ထိတွေ့ခွင့်ရခဲ့ခြင်းမှစတင်ကာ စိတ်ဝင်စားမှုပိုလာခဲ့သည်။ အချို့ က ဖင်းလူမျိုး ဗုဒ္ဓဘာသာဘုန်းကြီး မဟာပညောနှင့်ရင်းနှီးခြင်းမှစတင်ကာ ဗုဒ္ဓဘာသာကိုစိတ်ဝင်စားလာခဲ့ကြသည်။ ဗုဒ္ဓတရားတော်ကို စိတ်ဝင်စားကြခြင်း၏ နောက်ခံအကြောင်းတရားမှာ မတူညီကြသော်လည်း နောက်ခံဘာသာရေးကား ခရစ်ယာန်ဘာသာဝင်များအဖြစ်အတူတူပင်ဖြစ်ခဲ့ကြသည်။ ပို၍ ထပ်တူဖြစ်လာသည့်အရာမှာ ဝိပဿနာကိုအားထုတ်ဖြစ်ကြရင်း တရားတော်၏အရသာကို လက်တွေ့ကျကျသိခွင့်ရလာသောကြောင့် ဗုဒ္ဓဘာသာဝင်စစ်စစ်များဖြစ်လာကြခြင်းပင်ဖြစ်သည်။

  သူတို့၏ ဗုဒ္ဓဘာသာအဆင့်မှာ အခြားမည်သူတစ်ဦးယောက်ကမျှ အခြားဘာသာအဖြစ်သို့ကူးပြောင်းစေရန် ဆွဲဆောင်၍ မရနိုင်တော့သည့်အခြေအနေပင်ဖြစ်သည် ဟု မိမိနားလည်မိသည်။ အကြောင်းမှာ သူတို့သည် မည်သူတစ်ဦးတစ်ယောက်၏ စည်းရုံးဟောပြောမှုကြောင့်မျှမဟုတ်ဘဲ သူတို့၏ကိုယ်ပိုင်အသိအမြင်ကိုအခြေခံ၍ အခြောက် အမြှောက်ကင်းကင်းဖြင့် လွတ်လပ်စွာ သတ္တိရှိရှိ ဖြစ်လာခဲ့ရသော ဗုဒ္ဓဘာသာများဖြစ်နေသောကြောင့်ပင်ဖြစ်သည်။ သို့သော် သူတို့သည် ထေရဝါဒဗုဒ္ဓဘာသာများတော့မဟုတ်ကြပါ။ အချို့ က ဇင်ဗုဒ္ဓဘာသာဝင်၊ အချို့ က တိဘက်တန်းဗုဒ္ဓဘာသာဝင်၊ အချို့ ကား ဝဇိရယာနဗုဒ္ဓဘာသာဝင်များဖြစ်နေကြလေသည်။ မတူညီသော ဂိုဏ်းဂဏဝင်များအချင်းချင်း စုပေါင်း၍ အသင်းအဖွဲ့တည်ထောင်ကာ သာသနာရေးအတွက် ဆောက်ရွက်နေကြသည်မှာ မိမိအဖို့ အတုယူစရာပင်ဖြစ်ခဲ့သည်။ ဂိုဏ်းဂဏနာမည်ပညတ်များကို အလေးမထားဘဲ အနှစ်အသားကျသည့် လမ်းစဉ်ကိုအတူတွဲ၍လျှောက်နိုင်ကြသော သူတို့၏ ရင့်ကျက်မှုကို တိတ်တခိုးအားကျရင်း မိမိ၏မရင့်ကျက်မှုကို တိတ်တခိုးဖြင့် ရှက်စနိုးခံစားမိသယောင်ယောင်ဖြစ်ခဲ့သည်။ ထို့ပြင် သူတို့အနေနှင့် ထေရဝါဒအဘိဓမ္မာကို ထိတွေ့ခွင့်ရသည်မှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။ ရွှေပြည်တွင်ရှိသော ထေရဝါဒဂိုဏ်းပေါင်း ( ၉ ) ဂိုဏ်းသည် ပိဋကတ်သုံးပုံနှင့်တကွယုံကြည်မှုပုံသဏ္ဌာန်မှအစအရာရာ အတူတူဖြစ်ပါလျှက် ဂိုဏ်းဂဏနာမည်ပညတ်လေးမျှဖြင့် သဘောထားကွဲကာ အစွဲကြီးစွဲနေကြသည်မှာ သတိပြုစရာအချက်ပင်ဖြစ်သည်။ မဟာစည်စွဲ မိုးကုတ်စွဲစသောအစွဲများဖြင့် ကွဲနေကြသည်မှာလည်း “ အမြင်မတော် ဆင်တော်နှင့်ခလောက်ပင် ” ဖြစ်သည်။

   နောက်တစ်ခုထပ်၍သိရသည်မှာ ဥရောပတွင်ဘာသာရေးအရ လုံးဝပြောင်းလဲမှုကြီးဖြစ်နေသည်၊ လက်ထပ်ထိမ်းမြားခြင်းနှင့်အသုဘချရေးအတွက် မိရိုးဖလာအရ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွင် အသင်းဝင်ထားသော်လည်း ဘုရားကျောင်းတက်သူလည်း အလွန်ရှားပါးလာသည်၊ အချို့ ဆိုလျှင် အသင်းဝင်ပင် မလုပ်ကြတော့ဘူးတဲ့။ ထို့ပြင် ဥရောပနိုင်ငံများတွင် ဗုဒ္ဓဘာသာဌာနများတိုးပွါးလာနေသည်၊ သို့သော် မျိုးဆက်သစ်အများစိတ်ဝင်စားလာကြသည်မှာ ဗုဒ္ဓဘာသာတစ်ခုတည်းတော့မဟုတ်၊ ဟိန္ဒူဘာသာကိုလည်း စိတ်ဝင်စားကြသလို အခြားဝါဒသစ်တစ်ခုကိုလည်း မျှော်လင့်နေကြကြောင်း သူတို့ပြောပြချက်များအရသိခွင့်ရခဲ့သည်။ ဤတွင် မိမိက ဤသို့ကောက်ချက်စွဲမိသည်။ “ စီးပွါးရေးကုမ္မဏီကြီးများသည် ငွေကြေးအကျိုးအမြတ်အတွက် ဈေးကွက်ရှာနေကြသည်။ ယှဉ်ပြိုင်ကာထိုးဖောက်နေကြသည်။ Customers များ၏ ဝယ်လိုအား သုံးနိုင်အား နိုင်ငံရေးအခြေအနေ တရားဥပဒေစိုးမိုးမှုစသည်ဖြင့် စသည်ဖြင့် တွက်ချက် မျှော်ကြည့်ကာ စီးပွါးရှာကြသည်။ ထို့အတူပင် သာသနာတော်ပြန့်ပွါးရေးအတွက်လည်းကြည့်ကြရသည်ပင်။ ဘုရားအလောင်းတော်ကိုယ်တိုင်သည်ပင် လူ့ပြည်ဝယ်ပဋိသန္ဓေမနေမီ ကာလ ဒီပ ဒေသ ကုလ မာတုအာယုပရိစ္ဆေဒ ဟူသော ကြည့်ခြင်းကြီးငါးပါးကို ကြည့်ခဲ့ရသည်မဟုတ်ပါလော။ ဘာသာရေးအရ ပြောင်းလဲလာနေသော ဥရောပသည် ဗုဒ္ဓဘာသာအတွက် ဈေးကွက်ကြီးနှင့်တူလှတော့သည်။ သူတို့သည် ဘာသာရေးကွက်လပ်ကြီးဖြစ်နေကြသည်။ Dhamma customers များက မြတ်ဗုဒ္ဓ၏ဓမ္မများကို စားသုံးရန်ငံ့လင့်နေကြဟန်ရှိသည်ဟု ယူဆမိသည်။ ဗုဒ္ဓဓမ္မများကို ကာလ ဒေသ ယဉ်ကျေးမှု အခြေအနေ နိုင်ငံရေးစနစ်တို့နှင့်ဆီလျော်အောင် တင်သွင်းကြဘို့ အချိန်ကျရောက်နေပြီဟုနားလည်မိသည်။ လူမှုလောကအကျိုးနှင့် သာသနာတော်အကျိုးကို မျှော်ကိုး၍ သင့်တော်သောနည်းလမ်းများဖြင့် စုပေါင်းလုပ်ဆောင်နိုင်ကြရန် clear vision, deep thought and courageous mission တို့လိုအပ်နေသည် ” ဟု နားလည်မိသည်။

  ဟယ်ဆင်ကီမြို့တွင်ပင် ဗုဒ္ဓဘာသာအဖွဲ့အစည်းပေါင်း ( ၄ ) ဖွဲ့ရှိလေသည်။ မိမိကိုဖိတ်ကြားသည့်အဖွဲ့မှာ Bodhidhamma Association ဖြစ်ပြီးလျှင် အဖွဲ့သည် ( ရွှေပြည်ကြီးလွတ်လပ်ရေးမရမီ ) ( ၁၉ ၄၇ ) ခုနှစ်ကပင် တည်ထောင်ခဲ့သော ဖင်လန်နိုင်ငံ၏ ပထမဦးဆုံးသော အဖွဲ့ဖြစ်ကြောင်းကိုလည်း ဖိတ်စာတွင်ထည့်သွင်းဖေါ်ပြပေးခဲ့သည်။ ဤသို့ သူတို့ပြောပြသည်များကိုနားထောင်ပြီးသောအခါ မိမိအကြောင်းကို ပြောပြဘို့အလှည့်ကျရောက်လာသဖြင့် မိမိ၏ ဘဝအစိတ်အပိုင်းအချို့ နှင့် ခံယူချက်များ၊ သာသနာရေးအမြင်များကို အကျဉ်းချုပ်၍ ပြောပြလိုက်သည်။ သို့စဉ် နေ့လည် ( ၂ ) နာရီအချိန်သို့ရောက်ရှိလာခဲ့သဖြင့် ရင့်မာနေသော အဘိဓမ္မာကိုယ်ဝန်ကိုသားဖွားပေးရတော့သည်။ သင်တန်းစလျှင်စချင်း မျက်တောင်မခတ်ဘဲ စူးစိုက်သည့်မျက်လုံးများဖြင့် စုပြုံ၍ မိမိ၏မွေးမြူပြုစုကို လေးလေးနက်နက်ခံယူကြသည်။ မိမိကလည်း သတိကြီးစွာထား၍ ပြုစုသင်ကြားပေးလိုက်သည်။ သန္ဓေသားလေးကား မွေးလေပြီ။ ကျေနပ်စရာ ချစ်စရာကောင်းသော သားငယ်လေးပင်ဖြစ်သည်။ ပို၍ကြည်နူးစရာကောင်းသည်မှာ သူတို့၏မျက်နှာများကား စူးရှဝင်းပနေကြခြင်းပင်ဖြစ်တော့သည်။ အဘိဓမ္မာအသိဥာဏ်တည်းဟူသော သားကလေးသည် မငို မအော်ပါဘဲ ကြည်လင်ဝင်းပစွာဖြင့် ဦးခေါင်းတည်းဟူသော မိခင်ဝမ်းမှ ထွက်ကျလာခဲ့လေပြီ။ မိခင်လောင်းတို့၏ ဓမ္မတည်းဟူသောကျမ္မာရေးလိုက်စားမှု၊ ဥာဏတည်းဟူသောအာဟာရပြည့်ဝမှုတို့ကြောင့်ဖြစ်မည်ထင်သည်။ ( ဆက်လက်ဖေါ်ပြပါမည် )



Tuesday, September 23, 2014

ဒိုင်ယာရီအပိုင်းအစလေးများ ( ၉ ) ပြဿနာ၏ရင်းမြစ်

ရင့်မာလာပြီဖြစ်သောအဘိဓမ္မာပဋိသန္ဓေကို မွေးဖွားပေးရန် ကတိပေးလိုက်ပြီးနောက် မည်သို့မွေးဖွားမည်၊ မည်သည့်နေရာတွင်မွေးမည်၊ မည်သည့်စာအုပ်ကို မဏ္ဍိုင်ပြု၍ သင်ကြားမည်စသည်ဖြင့် ဆွေးနွေးရသည်။ ဆွေးနွေးသည်ဆိုရာဝယ် မျက်နှာချင်းဆိုင်ဆွေးနွေးခြင်းမဟုတ်ဘဲ အီးမေးလ်မှ အပြန်အလှန်စာပို့ခြင်းဖြင့်သာ ဆွေးရသည်။ ရံဖန်ရံခါ ဖုန်းဖြင့်ပြောရသည်များလည်းရှိသည်။ ရက်သတ္တတစ်ပတ်လောက် ဆွေးနွေးပြီးသည့်အခါ အဆင်ပြေသွားသည်။ ဆွေးနွေးညှိနှိုင်း၍အဆုံးတွင် ဤသို့အတည်ပြုခဲ့သည်။ ၁။ စနေ တနင်္ဂနွေ နှစ်ရက်တွင်သာ သင်တန်းကဖြစ်မည်။ ( ၂ ) ရထားခ ဟိုတယ်ခ စသည်အားလုံးသူတို့တာဝန်ယူစီစဉ်မည်။ ( မိမိနေသော မြို့ နှင့် သင်တန်းဖြစ်မည့်မြို့ သည် ကီလိုမီတာ ( ၄၀၀ ) လောက်ဝေးသောကြောင့်ဖြစ်သည်။ ) ( ၃ ) တစ်ရက်လျှင် သုံးကြိမ်သင်ကြားမည်။ နံနက်ပိုင်း တစ်ကြိမ်မှာ Buddhism ဘာသာရပ်ဖြစ်ပြီး နေ့လည်ပိုင်း နှစ်ကြိမ်မှာ အဘိဓမ္မာဘာသာရပ်ဖြစ်သည်။ ( ၄ ) သင်တန်းသား ဦးရေးမှာ (၂၀ ) မှ ( ၃၀ ) ထိရှိနိုင်မည်။ ( ၅ ) မိမိစိတ်တိုင်းကျ နည်းစနစ်အတိုင်းသင်ကြားနိုင်သည်၊ သို့သော် ဥရောပထုံးစံအရ မေးခွန်းများလွတ်လပ်စွာမေးမည်။ ( ၆ ) စက်တင်ဘာလ ( ၂၀ ) ရက်နေ့တွင် သင်တန်းစမည်။ ( ၇ ) စနေ တနင်္ဂနွေတိုင်း ဆက်တိုက်မဟုတ်ဘဲ ရပ်နားသည့်အခါများ ရှိမည်။
အထက်ပါ အချက်များကိုသဘောတူ အတည်ပြုပြီးနောက် ပြင်ဆင်ရတော့သည်။ ပြင်ဆင်ရသည်ဆိုသော်လည်း စာအုပ်ကအလွယ်တကူမရှိ၍ ဟိုရှာသည်ရှာ ရှာခဲ့ရသည်။ သို့သော် အိန္ဒိယနှင့် သီရိလင်္ကာမှသူငယ်များ၏ ( ဦးသုစိတ္တ၊ ဦးတိက္ခ ) သာသနာစိတ်အရင်းခံနှင့်ကူညီမှုကြောင့် ငွေကြေးမကုန်ကျဘဲ စာအုပ်များရရှိခဲ့သည်။ ဝမ်းသာလိုက်သည့်ဖြစ်ခြင်း။ ရွှေပြည်မှ ပါလာသောသက်ဆိုင်ရာစာအုပ်များလည်း ရှိထားသည်မို့ လေ့လာစရာ စာအုပ်ရော အချိန်ပါလုံလောက် ပြည့်စုံသွားခဲ့သည်။ ရွှေပြည်တွင် စာချခဲ့စဉ်က ဘာသာရပ်အပေါ်တွင်လဲ ရင်မခုန်ခဲ့၊ တပည့်များအပေါ်လည်း မတုန်လှုပ်ခဲ့၊ စာမေးပွဲအတွက် အံဝင်ဘို့နှင့် တပည့်များ နည်းလည်စေရန်သာ အလေးပေး၍သင်ကြားခဲ့သည်။များသောအားဖြင့် စာမေးပွဲမေးခွန်းပုံစံနှင့်ကိုက်ညီအောင် ဘောင်ဝင်အောင်အလေးပေးခဲ့သည်သာများသည်။ ထို့ကြောင့် စာသင်သားများ၏ အသိသည်စာမေးပွဲအဝန်းအဝိုင်းတွင် ရှိနေခဲ့သည်သာ များသည်ကိုနောက်ပိုင်းမှသတိပြုမိလာသည်။ အမှန်စင်စစ် ရွှေပြည်မှ စာမေးပွဲစနစ်သည် သီးခြားဆန်လွန်းနေသည်ဟုထင်သည်။ အမှတ်ရရေးကိုသာ ဦးစားပေးလွန်းပြီး တတ်မြောက်ရေးနှင့်စာရိတ္တရေးကို မှေးမှိန်စေသည်ဟု ယူဆမိသည်။ ထို့ပြင် ပညာကိုတန်ဘိုးထားတတ်၊ ချစ်မြတ်နိုးတတ်သောလူမှုအဖွဲ့အစည်းကြီးဖြစ်အောင်၊ အလွှာအသီးသီးမှလူအသီးသီးတို့ အချင်းချင်းသဟဇာတ အညမညဖြစ်အောင် သင်ကြားပေးရမည့်အစား ဂုဏ်တုဂုဏ်ပြိုင်သင်ကြားရေးနှင့်စိတ်ဓာတ်စွမ်းရည် အလွဲအသုံးပြုရေးတို့ဆီသို့ တွန်းပို့ပေးသကဲ့သို့ဖြစ်နေသည်ဟု မြင်သည်။
ထို့ပြင် အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့  Central University of Tibetan Studies တွင် ယာယီ lecturer လုပ်ခဲ့စဉ်က ပြင်ဆင်ချိန်သိပ်မရသော်လည်း ဘာသာရပ်အပေါ် သတိထားသင်ကြားရခြင်းမှလွဲ၍ စိုးရိမ်မှုကင်းခဲ့သည်။ မိတ်ဆွေရဟန်းတော်များအား အင်္ဂလိပ်စာသင်ပေးခဲ့စဉ်ကလည်း ပေါ့ပါ့ပါးပါးပင် ခံစားခဲ့ရသည်။ ယခုအကြိမ်တွင်တော့ သတိကြီးစွာထား၍ လေးလေးစားစားလုပ်မှဖြစ်မည်ဟု စိတ်ထဲတွင်အလိုလိုမှတ်ချက်ပြုမိနေသည်။ စိတ်ထဲတွင်လည်း အနည်းငယ်လေးနေမိသလို ခံစားရသည်။ မည်သို့ဆိုစေ ပြင်ဆင်သင့်သည်တို့ကို စေ့စေ့ငုငု လေးလေးစားစား ( ရံဖန်ရံခါ စိတ်အတက်အကျကြောင့် မလုပ်ဖြစ်သည်မှလွဲ၍ ) ပြင်ဆင်ဖြစ်ခဲ့သည်။ မြန်မာ ဒကာ ဒကာမများကလည်း ဆွမ်းကွမ်းစသောဝေယျာဝစ္စများကို မခက်ခဲရလေအောင် စီမံဆောင်ရွက်ရင်း ကုသိုလ်ယူကြသည်။ သို့နှင့်သင်တန်းစတင်ရမည့် ( ၂၀. ၀၉. ၂၀၁၄ ) ရက် ရောက်ရှိလာခဲ့သည်။ နံနက်စောစော ( ၄ ) နာရီထ၍ ဘူတာရုံသို့အသွားတွင် မိမိကိုလိုက်ပို့ပေးသော ( မိမိအား နေ့စဉ် ဝေယျာဝစ္စများပြုစုလုပ်ကျွေးရင်း ကုသိုလ်ယူနေသူ မြန်မာစာကျောင်းဆရာ ) ကိုမြတ်သစ်မှာ ထိုင်ခုံနံပါတ်ရှာမရဖြစ်နေသော မိမိကို ရထားပေါ်အထိလိုက်ပို့ရင်း ရထားမှ အော်တိုတံခါးပိတ်သွားသဖြင့် ပြန်ဆင်း၍မရတော့ဘဲ လိုက်ခဲ့ရတော့သည်။ ရထားထွက်၍ မကြာမီပင် လက်မှတ်စစ်ကလာလေပြီ။ ဒကာကိုမြတ်သစ်မှ အကျိုးအကြောင်းကိုရှင်းပြသည့်အခါ ဘေးနားမှပါလာသော ခရီးသည်အဖွားကြီးက သူသည် ( ကိုမြတ်သစ် ) ဆင်းရန်ကြိုးစားသော်လည်း တံခါးပိတ်သွားသောကြောင့် ယခုလိုလိုက်ပါရခြင်းဖြစ်ကြောင်း ထောက်ခံပေးသဖြင့် ဒဏ်ရိုက်မခံရတော့ဘဲ လက်မှတ်စစ်မှ ရှေ့ဘူတာတွင်ဆင်း၍ ရထားပြန်စီးသွားနိုင်ကြောင်းနှင့် ရထားအချိန်စာရင်းစာရွက်ပါ ပရင့်ထုတ်ပေးလိုက်သည်။ ခရီးသည်အချင်းချင်းကူညီရိုင်းပင်းမှုနှင့်ဝန်ထမ်းတို့၏ တာဝန်ဟူသောအကြောင်းပြချက်ဖြင့် မဆင်မခြင်မလုပ်ဘဲ စာနာမှုအပြည့်ဖြင့် ပြည်သူ့တာဝန်ထမ်းဆောင်နေကြသည်ကို တွေ့ကြုံရသည်။ ရွှေပြည်နှင့်ကွာခြားလှလေစွ။

သို့နှင့် နံနက် ၉ နာရီ ၄၈ မိနစ်တွင် ဟယ်ဆင်ကီသို့ရောက်ရှိခဲ့သည်။ ဟယ်ဆက်ကီဘူတာကြီးတွင် လာကြိုသူ Mrs Laura Porceddu နှင့်လွဲချော်ပြီး အနည်းငယ်စောင့်ရသည်မှလွဲ၍ အခက်ခဲတစ်စုံတရာမရှိဘဲ သင်တန်းဌာနသို့ရောက်ရှိခဲ့သည်။ အားလုံးမှ လှိုက်လှဲနွေးထွေးစွာကြိုဆိုကြသည်။ ခရီးရောက်မဆိုက်ပင် Buddhism ဖြင့်သင်တန်းကိုစတင်ခဲ့သည်။ ဓမ္မစကြာသုတ်မှ ကာမသုခလ္လိံကာ နုယောဂ အစွန်း ( Indulgence in sensual pleasure ) နှင့် အတ္ထကိလမထအစွန်း ( Addiction to self-mortification ) တို့ကိုအခြေခံ၍ အစွန်းရောက်လမ်းစဉ်၏ ဆိုးကျိုးဟူသည် သံသရာထွက်မြောက်ရေးလမ်းစဉ်ကို ကျင့်သူများအတွက်သာမက နိုင်ငံရေး လူမှုရေး မိသားစုရေး ဘာသာရေး စသည့်အရေးအရာအားလုံးတို့တွင်ပါ ဆိုးကျိုးသက်ရောက်ကြောင်းနှင့် ယနေ့နိုင်ငံတကာတွင်ဖြစ်ပျက်နေသော ပြဿနာအားလုံးသည် တနည်းနည်းဖြင့် အနဲနှင့်အများ အစွန်းတရားများပါဝင်နေမှုကြောင့်ဖြစ်ကြောင်း၊ အစွန်းတရားမှန်သမျှသည် ပြဿနာ၏ရင်းမြစ်ဖြစ်ကြောင်းတို့ကို ဆီးရီးယားပြဿနာမှစ၍ ကမ္ဘာ့စစ်ပွဲများဖြစ်ရခြင်းနှင့်မိသားစုပြဿနာများဖြစ်ရခြင်းအထိ ခြုံငုံရှင်းပြလိုက်သည်။ အားလုံးကနှစ်ခြိုက်သဘောကျကြသည်။ နံနက်ခင်း တစ်နာရီကျော်ကျော်မျှ သင်ကြားပြီးနောက် ( ၁၁ ) နာရီခွဲပြီဖြစ်သဖြင့် အနီးအနားရှိစားသောက်ဆိုင်သို့ပင့်ကာ ဆွမ်းကပ်ကြသည်။ ( ဆက်လက်ဖေါ်ပြပါမည် )

ဒိုင်ယာရီအပိုင်းအစလေးများ ( ၈ ) အဘိဓမ္မာသန္ဓေတည်တဲ့ ဖင်လန်ပြည်

ယခုတစ်ခေါက် ( ၂၀၁၄ ) ခုနှစ် ဇူလိုင်လတွင် ဖန်လန်နိုင်ငံသို့ တတိယအကြိမ်မြောက် ပြန်လည်ရောက်ရှိလာသောအခါ အဘိဓမ္မာသင်တန်းပြဘို့ရန် အခါအခွင့်ဆိုက်လာခဲ့လေသည်။ ဤအခါအခွင့်သည် ယခုလေးတင်မှ ဖြစ်ပေါ်လာသည်မဟုတ်ဘဲ ယခင်နှစ်များကတည်းက ကလလရေကြည်အဖြစ်ဖြစ်ဖြင့် စတင်တည်ခဲ့သော ပဋိသန္ဓေသားကောင်လေး မွေးဖွားလာခြင်းဖြစ်သည်။ ယခင် (၂၀၁၁ နှင့် ၂၀၁၂ ) ခုနှစ်ကာလ ဟယ်ဆင်ကီမြို့ တော်တွင် သီတင်းသုံးစဉ်ဝယ် Finn Buddhists Union နှင့် Bodhidhamma Association of Finland မှ ခေါင်းဆောင် ဘုန်းကြီးတစ်ပါး ( သူ၏ဘွဲ့အမည်မှာ မဟာပညောဖြစ်ပြီး ဖင်းလူမျိုးဖြစ်သည်၊ သူသည် အီတလီနိုင်ငံတွင် အမြဲသီတင်းသုံးသူဖြစ်သည် ) နှင့်လူအချို့ နှင့် မိမိကျောင်းသို့ လာရောက်ခိုက် စကားလက်ဆုံပြောဖြစ်ခဲ့သည်။ ဖင်းလူမျိုးတို့၏ ဘာသာရေးအပေါ် ရှုမြင်နားလည်မှုနှင့်အခြားစပ်မိစပ်ရာ ထွေရာလေးပါးပြောဖြစ်ကြရင်း မိမိက ဤသို့အကြံပေးစကား ပြောခဲ့ဖူးသည်။
“ မင်းတို့ ခုလို ဗုဒ္ဓဘာသာဝင်ဖြစ်လာကြခြင်းဟာ ဝိပဿနာတရားရဲ့ အေးချမ်းမှု၊ တဒင်္ဂပင်ပန်းနွမ်းနယ်ခြင်းမှလွတ်မြောက်မှု အရသာနှင့်တန်ဘိုးကို နာလည်ကြသောကြောင့်ဖြစ်တယ်။ တကယ်တော့ မင်းတို့မှာ ဒီတရားတော်တွေ ရေရှည်တည်တန့်ရေးအတွက် ထိန်းသိမ်းဘို့စဉ်းစားထားချက်မရှိသေးဘူးလို့ ငါထင်တယ်။ အထူးသဖြင့် မျိုးဆက်သစ်များအတွက် လက်ဆင့်ကမ်းဘို့ရည်ရွယ်ချက်မရှိသေးကြောင်း မင်းတို့စကားများအရ ငါကောက်ချက်ချမိတယ် ” ဟု တည့်တည့်ပင်ပြော၍ “ ငါ့ထင်မြင်ချက်ကို မင်းတို့ဘယ်လိုမြင်သလဲ ” ဟု မေးကြည့်ရာ သူတို့အားလုံးက မိမိ၏ထင်မြင်ချက်မှန်ကန်ကြောင်း လက်ခံကြသည်။ မိမိကကပင် တဖန်ဆက်၍ “ မင်းတို့နိုင်ငံမှာ အေးချမ်းလိုသူတိုင်း တရားတော်ရဲ့အရသာကို သုံးဆောင်ခံစားနိုင်ဘို့ ဗုဒ္ဓဘာသာ ပညာရေးလိုအပ်တယ်၊ ငါတို့နိုင်ငံမှာတော့ ပါဠိဘာသာနဲ့ဝါဒရေးသဘောတရားများကို ပူးတွဲသင်ကြားကြရတယ်၊ တို့နိုင်ငံမှာ ဒီတရားတော်တွေ ပညာရပ်တွေကို ထိန်းသိမ်းတဲ့ သံဃာတော်တွေလဲ အများကြီးရှိသလို ပြည်သူတွေအားလုံးကလဲ ထောက်ပံ့ကြတယ်၊ ဒါကြောင့် ဒီကနေ့အထိ ခိုင်မာစွာ တည်တံ့နေဆဲဖြစ်တယ်၊ မင်းတို့နိုင်ငံမှာတော့ ပါဠိဘာသာကို မသင်သေးဘဲ အဘိဓမ္မာကိုပထမသင်သင့်တယ်၊ ဖွံ့ဖြိုးပြီးနိုင်ငံတစ်ခုရဲ့ ပွင့်လင်းပြီးဖြစ်နေတဲ့ လူငယ်များရဲ့ မျက်စိနဲ့နားထဲကို နက်ရှိုင်းလွတ်လပ်ပွင့်လင်းစွာဖွင့်ချပေးထားတဲ့အဘိဓမ္မာပညာရပ်တွေ ထည့်သွင်းပေးသင့်တယ် ” ဟု ပြောပြလိုက်သောအခါ “ လူငယ်များမှမဟုတ်ပါဘူး၊ ငါတို့လဲ အဘိဓမ္မာဆိုတဲ့နာမည်ကိုသာ ကြားဖူးတာပါ၊ မသိကြ နားမလည်ကြပါဘူး ” ရိုးသားစွာ ဝန်ခံတုန့်ပြန်ကြသည်။
အလျဉ်းသင့်လျှင် အဘိဓမ္မာကို လေ့လာလိုကြောင်း၊ စိတ်ဝင်စားကြောင်း သူတို့ပြောပြကြသည်။ သို့နှင့် ထိုစဉ်အချိန်ကာလများတွင် မိမိကလည်း Doctorate အတွက် ကျမ်းပြုစုနေရသဖြင့် သင်ကြားရေးလုပ်ငန်းများ အကောင်အထည်ဖေါ်ဖြစ်အောင် အနဲငယ်လေးမျှစွမ်းဆောင်မပေးနိုင်ခဲ့ချေ။ ( ၂၀၁၃ ) ခုနှစ် ဇူလိုင်လတွင် မိမိ၏ ရည်မှန်းထားသော ပညာရေးပြီးဆုံးပြီဖြစ်သဖြင့် ဖင်လန်နိုင်ငံသို့ ဒုတိယအကြိမ်ပြည်လည်ရောက်ရှိခဲ့သည်။ ဤအကြိမ်တွင် အခြေအနေနှင့်အဖြစ်အပျက်တို့၏ ပြောင်းလဲမှုအရ ဟယ်ဆင်ကီမြို့ တွင် သီတင်းမသုံးဖြစ်တော့ဘဲ ဖင်လန်နိုင်ငံ၏ အလယ်ပိုင်း မြို့ တစ်မြို့ ဖြစ်သည့် ကူအိုပီအို ( Kuopio ) မြို့ သို့ ပြောင်းရွှေ့ ၍ သီတင်းသုံးဖြစ်ခဲ့သည်။ သို့သော် အထက်ပါ ဖင်းဗုဒ္ဓဘာသာအဖွဲ့အစည်းများနှင့်အဆက်အသွယ်မရှိတော့ဘဲ အချို့ သော အဖွဲ့ဝင် နှစ်ဦး သုံးဦးတို့လောက်နှင့်သာ မာကြောင်းသာကြောင်း ဖုန်းနှင့်စကားပြောဖြစ်ခဲ့သည်။ သို့သော် သူတို့၏ အဘိဓမ္မာကို သင်ယူလို လေ့လာလိုသော ဆန္ဒမျိုးစေ့ကား ခိုင်မာစွာတည်ရှိနေခဲ့သည်။ မိမိသည်လည်း ဖင်လန်နိုင်ငံတွင် သာသနာရေးဆောင်ရွက်ချက်များ အတန်အသင့်ဆောင်ရွက်ပြီးစီးသွားသောကြောင့် အမိမြန်မာပြည်တွင်လည်း သာသနာရေးနှင့်ပညာရေးမြှင့်တင်မှုများ မိမိတတ်စွမ်းနိုင်သလောက် စပါးတစ်စေ့ နှမ်းတစ်စေ့အဖြစ်မျှ အထောက်အပံ့လေးဖြစ်ဖြစ် ဆောင်ရွက်ရန် ( ၂၀၁၃ ) ဒီဇင်ဘာလတွင် အမိမြန်မာပြည်သို့ ပြန်သွားခဲ့သည်။ မိမိမြန်မာပြည်တွင် ရှိနေစဉ်အတွင်း ဖင်းလူမျိုးများက အဘိဓမ္မာကိုသင်ယူလိုကြောင်းနှင့် သင်တန်းပြပေးနိုင် မပေးနိုင်ကို သိလိုပါကြောင်း ဒေါ်မေကြီးမြင့်မှတဆင့် မိမိထံသို့ အီးမေးလ်ဖြင့်ဆက်သွယ်လာခဲ့သည်။ မိမိက ဖင်လန်နိုင်ငံသို့ ပြန်ရောက်မှသာ အဆုံးအဖြတ်ပေးမည်ဖြစ်ကြောင်းအကြောင်းပြန်ထားခဲ့သည်။

တဖန် ယခုအခေါက် (၂၀၁၄ ) ခုနှစ် ဇူလိုင်လတွင် ဖင်လန်နိုင်ငံသို့ တတိယအကြိမ်ပြန်လည်ရောက်ရှိလာသည့်အခါတွင်ကား ဖင်းလူမျိုးတို့၏ နှလုံးသားအတွင်းသန္တာန်ဝယ် ကြာရှည်စွာဖြစ်တည်လာခဲ့သော အဘိဓမ္မာပဋိသန္ဓေကား ကိုယ်ဝန်အရင့်အမာကြီး ဖြစ်နေခဲ့ပေပြီ။ ထို ကိုယ်ဝန်ကို သားဖွားပေးသင့်လှသည်။ မွေးဖွားလာမည့် ထိုသားလေးသည် ချောမောလှပနေမည်မှာ သေချာသည်၊ တစ်ဦးချင်းစီအတွက်ရော လူ့အဖွဲ့အစည်းအတွက်ပါ ကောင်းကျိုးပြုနိုင်သော သားကောင်းရတနာလေးဖြစ်မည်မှာလည်း အမှန်ပင်၊ ယခင်က မိမိကိုယ်တိုင် သန္ဓေမျိုးစေ့ ချပေးခဲ့သည်။ သူတို့က ကျေနပ်ကြည်ဖြူစွာ ကိုယ်ဝန်ဆောင်ခဲ့ကြသည်။ ယခု ကိုယ်ဝန်က ရင့်နေပြီ၊ သားဖွားစားရိတ်လည်းသူတို့ တာဝန်ခံမည် တဲ့၊ မိမိတာဝန်ကား မွေးဖွာပေးရန်သာဖြစ်သည်။ မွေးဖွားပေးရပေတော့မည်။ တာဝန်ယူမွေးဖွားပေးမည်ဟု ကတိပေးလိုက်သည်။ ( ဆက်ရန် )

Sunday, August 17, 2014

ကိုယ်စီဆွဲအားများ


ဟာ သူငယ်ချင်း မတွေ့ရတာ ကြာပီကွာ…….၊ သတိတော့ရပါရဲ့..ဒါပေမယ့်…..ဟု မိမိအိမ်ကို စောစောစီးစီး ဆိုင်းမဆင့်ဗုံမဆင့် ဗြုန်းကနဲ့ပေါက်ချလာသော ကိုမိုးက ဝမ်းသာအယ်လဲ ဆက်လက်ပြောမည့်ဟန်ပြင်လိုက်သည်တွင်….. ဘာလဲ၊ မအားတာတွေ… အချိန်မပေးနိုင်တာတွေ ဘာကြောင့် ညာကြောင့်တွေနဲ့ အကြောင်းပြအုံးမလို့လား….၊ အကြောင်းလဲ ပြမနေနဲ့၊ စကားတွေလဲ ပလ္လင်ခံမနေနဲ့တော့ကွာ… ပြောချင်တာတွေကိုသာ တိုက်ရိုက်ပြောကြမယ်ကွာ..ဟု မိမိကတဲ့တိုးပြောရင်း နောက်ပြောင်လိုက်သည်။ ငယ်စဉ်ကတည်းက နှစ်ကိုယ့်တစ်စိတ်ပေါင်းသင်းကာ ချစ်ခင်ခဲ့ရသော သူငယ်ချင်းအရင်းအချာဖြစ်သည်မို့ " အားမနာ လျှာမကျိုး" ပြောဖြစ်ကြသည်မှာ မထူးဆန်းတော့ချေ။ …. ကိုအောင်ကတော့ ငယ်ငယ်တုန်းကအတိုင်းပဲနော်၊ ငယ်မူငယ်ကျင့်တွေ ပြောင်းမသွားဘူး…ဟု ကိုမိုးကပင် စကားကိုပြန်ဆက်လိုက်သည်။ … ပြောင်းလဲအောင် ကြိုးစားထားပါတယ်ကွာ…၊ ခုလဲ အကောင်းဘက်ကိုဆက်လက်ကြိုးစားနေဆဲပါ..၊ ပြောင်းလဲမှုတွေကို ကိုမိုးက သတိမပြုမိလို့ဖြစ်မယ်ထင်ပါတယ်..ဟု မိမိကပြန်ပြောလိုက်သည်တွင်… ဗိုက်ဆာလာတယ်၊ တစ်ခုခုစားချင်တယ်… ဟု ကိုမိုးကဆိုသဖြင့် အိမ်ထဲသို့ နှစ်ယောက်သား အတူဝင်သွားဖြစ်ကြသည်။ 

မတွေ့ဖြစ်ခဲ့သည်မှာကြာပြီဖြစ်သော မိမိတို့သူငယ်ချင်းနှစ်ယောက်သည် ပြောစရာစကားများ မကုန်နိုင်အောင်ရှိနေကြသည့်နည်းတူ တစ်ဦးနှင့်တစ်ဦးအပြန်အလှန်ရင်ဖွင့်ချင်သော ဆန္ဒကလည်း ရင်ကိုယ်စီထဲတွင်အပြည့်အသိပ်ပင်ရှိနေကြသည်။ သို့နှင့် ကိုယ်စီဖြတ်သန်းခဲ့ရသောအတွေ့အကြုံများ၊ လောကဓံ၏ အနိမ့်အမြင့်နှင့် အတက်အကျအလိုက် မလွှဲမရှောင်သာ ခံစားခဲ့ရသော ခါးသီးမှုများနှင့်ချိုမြိန်မှုရသများ၊ ဒုက္ခကိုပျားရည်စက်လို ချိုမြိန်သည်ဟုထင်မှတ်ပြီး သုခကိုတော့ အဆိပ်ရည်ပမာ လွဲမှားစွာထင်မှတ်ခဲ့ပုံများ၊ ပွင့်လင်းရိုးရှင်းစွာဆက်ဆံပြုမူတတ်လေ့ရှိပြီး မှန်သည်ဟုထင်လျှင် မိဘကိုပင် စည်းကမ်းနည်းလမ်းအရ လူအများအကြားတွင်ပင်ဖြစ်သော်လည်း မညှာမတာ ထောက်ပြဝေဘန်ပြောဆိုလေ့ရှိခဲ့သော မိမိအဖို့ အခြေအနေတစ်ခု၏အပြောင်းအလဲအောက်တွင် ကိုယ်ကျိုးရှာလူလိမ်တို့၏တိုက်ခိုက်မှုကို ခံခဲ့ရမှုများစသည်ဖြင့် စသည်ဖြင့် အပြန်အလှန်ရင်ဖွင့်သံများ လွင့်ပျံကူးလူးကာ ဆုံတွေ့နေကြသည့်အချိန်တွင် ဇနီးသည်လာချပေးသော ကြက်သားပေါင်းနှင့်ထမင်းကြော်ပူနွေးနွေးကို နှစ်ယောက်သားမြိန်လျှက်စွာ စားသောက်လိုက်ကြသည်။ 

အဆာပြေထမင်းစားပြီးသဖြင့် ရေနွေးကြမ်းပူပူကို အားပါးတရအကြိုက်တွေ့ စွာ မျိုချလိုက်ရင်း… ဒါနဲ့.. ကျုပ်လဲ ကိုအောင်နဲ့ခုလို အေးအေးဆေးဆေး စကားလက်ဆုံပြန်ပြောဖြစ်တော့မှပဲ သတိပြုမိတယ်…။ ကိုအောင်.. ချင်ဗျား ပြောတာတွေက Attraction ရှိတယ်ဗျ…အရင်ကနဲ့မတူတော့ဘူး… ပြောင်းလဲသွားပြီ….ဟု ကိုမိုးက မိမိ၏ ရင်ဖွင့်သံများကို စိတ်ဝင်စားစွာနားထောင်ရင်း ထောက်ခံသည့်အနေဖြင့် ချီးမွမ်းစကားဆိုကာ စကားဝိုင်းကိုပြန်လည်အသက်သွင်းလိုက်သည်။ ….ဘာ Attraction တွေများရှိနေလို့လဲဗျ… လင်းစမ်းပါအုံး… ဟု မိမိက စိတ်ဝင်တစား မေးဖြစ်လိုက်သည်။ …. ဒီလိုဗျာ… ကိုအောင် ပြောတဲ့အကြောင်းအရာတွေက ကျုပ်အတွက်ထူးဆန်းနေတယ်…၊ ကျုပ်လဲ ပညာရေးနယ်ပယ်ထဲမှာနေပြီး ပညာရပ်ဆန်ဆန်ပြောဆိုတာကို နှစ်ခြိုက်တယ်…၊ စိတ်ဝင်စားတယ်…. ဒါပေမယ့် ကိုအောင်လို ရှုထောင့်စုံကနေ ယထာဘူတကျအောင် မကြည့်တတ်ဘူး…။ မသုံးသပ်နိုင်သေးဘူးဖြစ်နေတယ်…၊ ရှုထောင့်စုံကနေ ယထာဘူတကျအောင် သုံးသပ်ပြောဆိုနိုင်တာကြောင့်.. ကိုအောင်ပြောတဲ့စကားတွေဟာ Attraction ရှိနေတယ်လို့ ပြောချင်တာပါ…ဟု …. ကိုမိုးက လေးနက်သောလေသံဖြင့် ဆိုလာသည်။ 

ဤတွင်.. အမြှောက်ကြိုက်တတ်သောမိမိက…. အားတက်ရွှပြစွာ မမောနိုင် မပန်းနိုင် စုံကြီးဂနိုင်ချဲ့ ၍ ဤသို့ဤနှယ် ပြောမိလေတော့သည်။ အေးဗျာ.. ကိုမိုးပြောလို့ ပြောစရာအတွေးလေးတွေပေါ်လာတယ်…၊ Attraction နဲ့ပတ်သက်လို့ပါ….၊ အချိန်ရတယ်မလား….ဟု ပြောချင်ဇောဖြင့် မိမိကမေးမိရာ…၊ ရပါတယ်ဗျာ… ပြောမှာသာပြောစမ်းပါ… ကိုအောင်ကလဲ ဇာချဲ့ နေပြန်ပါပြီ…ဟု ကိုမိုးက စိတ်မရှည်ဟန်ဖြင့် တုန့်ပြန်လိုက်သည်။… ဒီလိုပါ ကိုမိုးရာ… Attraction နဲ့ပတ်သက်လို့ စဉ်းစားမိတာလေးပါ။ လောကမှာ နာမည်ကြီးပြီး အောင်မြင်ကြတဲ့ သူတိုင်းမှာ Attraction ကိုယ်စီရှိကြတယ်..။ Attraction ကိုယ်စီဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ပိုင်ဆိုင်ထားကြတဲ့ Attraction တွေကလဲ တူညီကြမှာမဟုတ်ပါဘူး…။ Attraction တွေရဲ့ စွမ်းအားအတိမ်အနက် တွေကွာမယ်….၊ အတိုင်းအတာတွေကွာမယ်…၊ အချိန်ကာလတွေကွာမယ်…၊ နောက်ဆုံး အကျိုးသက်ရောက်မှုတွေကွာမယ်ပေါ့ ကိုမိုးရာ…။... အေးဗျာ ကိုအောင် ပြောတာနဲ့ ပိုလို့တောင် စိတ်ဝင်စားလာပြီ…၊ ဆုံးအောင်တော့ ပြောရမယ်နော်… ဟု ကိုမိုးက စိတ်အားထက်သန်စွာ ထပ်ဆင့်တောင်းဆိုလာပြန်သည်။ 

ကျုပ်ကလဲ ကိုမိုးနဲ့စကားစပ်မိလို့ ခေါင်းထဲအတွေးဝင်လာတာကြောင့် ထင်မြင်မိတာလေးကိုဆွေးနွေးဖြစ်တာပါ..၊ အားနဲချက်တွေ့ရင်တော့ ထောက်ပြစေချင်တယ်..ဟုမိမိကဆိုသောအခါ... ကိုမိုးက ခေါင်းညိတ်ပြကာ လက်ခံလိုက်သည်။…. ဒီတော့ အကြမ်းဖျင်းအားဖြင့် 1.. Physical attraction… 2.. Verbal attraction… 3… Cultural attraction… 4… Facial attraction… 5… Social attraction… 6… Attraction of dignity….. 7.. Sexual attraction… 8...Moral attraction လို့ဆိုပြီး ( ၈) ရှစ်မျိုးလောက် ခေါင်းထဲမှာ ပေါ်လာတယ်ဗျ..။ .. ဖွင့်ဆိုချက်လား… လာမှာပေါ့ဗျာ...အဲ.. တစ်ခုစီကို ထင်မြင်မိသလောက် ဖွင့်ဆိုရရင်တော့ ဒီလိုဗျာ….၊ ပင်ကိုက Body structure ကောင်းတာ..သို့မဟုတ် ကိုယ်ခန္ဓာကို ကြည့်ကောင်းအောင် လေ့ကျင့်ပြုပြင်ထားတာ.. အပြုအမူ အနေအထိုင်သန့်ရှင်းတာတွေဟာ Physical attraction ဖြစ်ပါတယ်..၊.. နောက်ပြီးတော့... ကာလံ ဒေသံ ဓနံ အဂ္ဃံ ပုဂ္ဂလံ ဆိုတဲ့ အချက်ငါးချက်ကိုသေချာစွာထည့်သွင်းစဉ်းစားပြီးမှ ကောင်းကျိုးဖြစ်ထွန်းစေမယ့်အရာများကိုသာ ညှိနှိုင်းဆွေးနွေးပြောဆိုတတ်ခြင်းဟာ Verbal attraction ဖြစ်ပါတယ်။ 

ရေနွေးကြမ်းသောက်ရင်း နားထောင်လဲရပါတယ် ကိုမိုးရာ…ဟု မျက်တောင်မခတ်ဘဲ စူးစိုက်စွာငေးမောကြည့်ရင်းနားထောင်နေသော ကိုမိုးကို မိမိကပျူငှာစွာဧည့်ခံလိုက်သည်။ ကိုမိုးကလည်း မိမိအတွက်ပါ ရေးနွေးကြမ်းတစ်ပန်းကန် ထည့်ပေးသဖြင့် အာစိုသွားရန်တစ်ကြိုက်လောက် အားပါးတရသောက်ပစ်လိုက်သည်…။ ထို့နောက်.. မိမိကဆက်လက်၍…. သက်ဆိုင်ရာ ယဉ်ကျေးမှုအလိုက် ဝတ်စားဆင်ယင်မှု၊ လိမ်းခြယ်ပြင်ဆင် အလှဆင်မှုစတာတွေဟာ Cultural attraction ပါပဲ…၊ … Dignified smile လို့ခေါ်တဲ့ တည်ငြိမ်ခန့်ငြားတဲ့ အပြုံးဟာ Facial attraction ပါပဲ။..နောက်ပြီးတော့ ကျုပ်ကြားဖူးတာ တစ်ခုက.. မြတ်ဗုဒ္ဓဟာ ပရိသတ်ကိုတရားဟောတော်မူတဲ့အခါမှာ မျက်နှာအနေအထားက “ ဥတ္တာနမုခေါ ” ဖြစ်တော်မူတယ်ဆိုတဲ့ ပါဠိတော်လာစကားလုံးလဲ ရှိတယ်ဗျာ…၊ အဲဒီ ပါဠိစကားလုံးကို Buddha's facial attraction based on dignified smile လို့ ကျုပ်ကဘာသာပြန်ချင်တာဗျ....။… ဤတွင်….ခင်ဗျားစကားတွေက ကြီးကျယ်လာပြီ…၊ ရိုးရိုးသာမာန် လောက်ပဲပြောပြပါဗျာ.. ဥပမာ မိုနာလီဇာအပြုံးမျိုးလိုပေါ့…ဟု ကိုမိုးကထောက်ပြလာသဖြင့် မိမိစကား ခေတ္တရပ်တန့်သွားသည်။ 

..မိမိကပင် ဆက်လက်၍.. နောက်တစ်ခုက Social attraction ပေါ့..၊ ဒါကလဲ လောကမှာတော့ တော်တော်ကိုအရေးကြီးတဲ့ Attraction တစ်ခုလို့ထင်တယ်..၊ အကြောင်းက.. Social dealing ဟာ ဘယ်နေရာမှ ကင်းကွာလို့မရတာကြောင့်ပါပဲ…၊ အကျပ်အတည်းဖြစ်နေကြတဲ့ နှစ်ဦးနှစ်ဖက်ကို ပြေလည်သွားအောင် စွမ်းဆောင်နိုင်တာ…၊ ကောင်းကျိုးသက်ရောက်မှုတစ်ခုအထိ ဆက်ဆံရေးစွမ်းဆောင်နိုင်တာဟာ Socail attraction ရဲ့ မှတ်ကျောက်တင်ရမယ့် အရည်အသွေးတစ်ရပ်ပါပဲ..။ ဒီ.. Socail attraction သာမရှိဘူးဆိုရင် လောကမှ ကျယ်ကျယ်ပြန့်ပြန့် ဦးဆောင်လုပ်ကိုင်ဘို့ မလွယ်ဘူးလို့ ထင်တယ်ဗျ..၊ အထူးသဖြင့် ဒီ.. Social attraction ထဲမှာ ဘက်ပေါင်းစုံက အရည်အသွေးတွေလဲ အနည်းနဲ့အများတော့ ပါဝင်နေကြတယ်ဗျ…၊ ဘက်ပေါင်းစုံကအရည်အသွေးတွေ အချိုးကျ သဟဇာတဖြစ်စွာပါဝင်သူဖြစ်မယ်ဆိုရင်တော့ ဒီ..Socail attraction ဟာ အမြင့်ဆုံးအရည်အသွေးမှတ်တိုင်ကိုရောက်ရှိပြီးတော့ ကြီးပွါးအောင်မြင်မှာ သေချာပေါက်ပဲလို့ ယူဆမိတာပဲ..။ .. နောက်တစ်ခုကတော့… Attraction of dignity ပေါ့..၊ ဒါကတော့ နေ့စဉ်ပြုမူဆောင်ရွက်နေတဲ့ Daily activities တွေနဲ့ အများကြီးသက်ဆိုင်မယ်လို့ထင်တယ်..၊ ကိုယ်က ဣနြေ္ဒရရ တည်တည်ငြိမ်ငြိမ်နဲ့ ပြုမူဆောင်ရွက်တတ်မယ်ဆိုရင် ဒီ.. Attraction of dignity က ရလာတော့တာပဲလို့ မြင်တာပါပဲ..။… နောက်တစ်ခုက… Sexual attraction .. ဒါကတော့ ရှင်းပါတယ်ဗျာ..၊ ဆန့်ကျင်ဘက်လိင်ရှိသူတို့ အချင်းချင်း အလိုလိုဆွဲငင်အားတွေ ရှိပြီးသားပါ….၊ နောက်ဆုံးတစ်ခုက… Moral attraction… ဒါကတော့ ရို့းသား ဖြောင့်မတ်တဲ့ ကိုယ်ကျင့်တရားကြောင့် ဖြစ်ပေါ်လာတဲ့ ဆွဲဆောင်အားတစ်ခုပေါ့ဗျာ…။ 


ကိုမိုးပြောတဲ့ ကျုပ်မှာ Attraction ရှိတယ်ဆိုတာ ဘယ်အမျိုးအစားလဲဆိုတာတော့ကျုပ်မသိပါဘူး…၊ ရှိတယ်လို့လဲ မထင်ခဲ့မိဘူးဗျ…၊ အဲ..တကယ်တော့ Attraction ရှိချင်တာလဲ အမှန်ပဲဗျာ..ဟု ထင်မြင်မိသမျှကိုဝေငှကာ စကားကိုအဆုံးသတ်လိုက်သည်တွင်.... ကိုအောင် ဆီကိုလာရတာ လာရကျိုးနပ်တယ်ဗျာ...၊ ကျုပ်တို့ ရေနွေးကြမ်းတစ်အိုးကုန်သွားတာ….၊ တစ်မနက်ခင်းလုံး အချိန်တွေကို အကျိုးရှိရှိ အသုံးချလိုက်နိုင်တာတွေဟာ ကိုအောင်ရဲ့ Attraction တွေပေါ့ဗျာ…ဟု ကိုမိုးက အတည်ပေါက်ဖြင့်ပြောလာသည်..။ .... အင်း.. ကျုပ်အိမ်မှာ ကျုပ်ဇနီးရဲ့ အရသာထူးလှတဲ့ နံနက်စာကြက်သားပေါင်းထမင်းကြော်နဲ့ရေးနွေးကြမ်းကို ကျေကျေနပ်နပ်နဲ့ ဧည့်ခံပေးလိုက်ရတာရယ်….၊ ကျုပ်မှာလုပ်စရာ အလုပ်တွေရပ်တန့်ထားလိုက်ရတာရယ်…၊ တစ်ဖက်သားကို စူးစိုက်လေးစားစွာ နားထောင်ပေးတတ်တာရယ်..၊… ဒီအချက်တွေကလည်း ကိုမိုးရဲ့ Attraction ပါပဲဗျာ..။ ဒါကြောင့် လူကိုယ်စီမှာ Attraction အသီးသီးရှိကြပါတယ်လို့ ကျုပ်ပြောတာပေါ့…ဟု မိမိက ပြုံးရယ်စွာပြောသောအခါ.. ကိုမိုးသည်လည်း… သဘောတွေ့ မနောခွေ့ သွားလေတော့သည်။.. လူတိုင်း အမြှောက်ကြိုက် အကောင်းကြိုက်ချည်းမဟုတ်ပါလား…။

***ဓမ္မမိတ်ဆွေများ၏အမှာစကား***