Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Saturday, July 12, 2014

ဒိုင်ယာရီအပိုင်းအစလေးများ ( ၂ )



  "ပိုးစုန်းကြူးလေး၏ဆန္ဒ--(အပိုင်း-၂)"
 ရွှေပြည်ကိုပြန်ရောက်၍ မကြာမီပင် တရားဟောပလ္လင်ပေါ်သို့တက်ရသည်။
ရန်ကုန်မြို့ တွင် ရပ်ကွက်တိုင်းလမ်းတိုင်းလိုလိုပင် တရားပွဲများအပြိုင်အဆိုင်ကဲ့သို့ထင်ရလောက်အောင်ပင်ကျင်းပကြသည်။ ပြည်သူများကလည်း နာမည်ကြီးဓမ္မကထိကအကျော်အမော်ဆရာတော်များ၏ တရားတော်များကို အဝါးဝစွာ နာကြားထားကြသဖြင့် မိမိလိုအတွေ့အကြုံနုနယ်သော ဓမ္မကထိကတစ်ပါး၏ ဟောပြောချက်တို့ကို စိတ်ဝင်စားနိုင်ပါ့မလား ဟူသော သံသယစိတ်ကလည်း မဝံ့မရဲဖြစ်အောင် ဆွဲချနေတော့သည်။ သို့သော်  မိမိလေ့လာထားမိသမျှကို ပြောချင် သိစေချင်သော ဆန္ဒကားပြင်းပျလျှက်သာရှိသည်မို့ တက်ကြွစွာပင်ဟောပြောဖြစ်ခဲ့သည်။ မိမိ၏ ဟောကွက်ပြောကွက်များမှ အားနဲသည့်အရာများကို မိတ်ဆွေရဟန်းတော်များနှင့်ဒကာ ဒကာမများက အပြုသဘောဆောင်သော စိတ်ထားကောင်းများဖြင့် အကြံပြုဆောင်မကြသောကြောင့် မိမိ၏အားနဲချက်များကို ပြင်ဆင်နိုင်ခဲ့သည်။ သို့သော် မပြီးဆုံးသေးသောပြင်ဆင်မှုများ ဖြည့်စွက်မှုများကို ဆက်လက်လုပ်ဆောင်ရပေအုံးမည်။ တရားဟောရင်း သတိပြုမိသည်မှာ ရွှေပြည်တွင် နိုင်ငံအနှံ့ တောရောမြို့ ပါမကျန် တရားပွဲများကျင်းပ၍ နာယူကြသည်။ ဗီဒီယိုသရုပ်ဆောင်သစ်လေးများအဆက်မပြတ်ပေါ်ထွက်နေသလို ဓမ္မကထိကမျိုးဆက်သစ်လေးများကလည်း အစီအရီပေါ်ထွက်နေကြသည်။ ဓမ္မကထိကမျိုးစုံတို့၏ တရားများကို အဆက်မပြတ်နာကြားကြသော်လည်း ပြည်သူတို့၏ နေ့စဉ်ဘဝတွင် တရားနှင့်အတော်အလှမ်းဝေးနေကြသည်ကို တွေ့မိသတိပြုမိသည်။ တနည်းဆိုသော် တရားတော်တို့သည် နားတွင်းသို့သာရောက်၍ နှလုံးသားတွင်းသို့မရောက်ဘဲဖြစ်လေဟန်ရှိသည်။ ထို့ကြောင့်ပင် သွေးသားအရင်းအချာတို့ အချင်းချင်းပင် မယုံရဲ မယုံကြည်နိုင်ဖြစ်နေကြလေသည်။  
  
 မိမိအဓိက ဟောပြချင်သိစေချင်သောအကြောင်းရာမှာအထူးအဆန်းမဟုတ်၊ အများသိပြီးသားဖြစ်သောအကြောင်းအရာကိုပင် တွန်းအားပေးချင်သောဆန္ဒပင်ဖြစ်သည်။ ၎င်းမှာ  မြတ်ဗုဒ္ဓ၏ဓမ္မတို့သည် လောကီကောင်းကျိုးပွါးတိုးရေးအတွက်သာမက လောကုတ္တရာကောင်းကျိုးပွါးတိုးရေးအတွက်ပါ လက်တွေ့ကျကျအသုံးတည့်ကြောင်း၊ ယနေ့ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများကိုကြည့်လျှင် အသွင်သဏ္ဌာန်အားဖြင့်သာသနာမရှိ ဟုထင်မြင်ဖွယ်ရှိသော်လည်း လက်တွေ့ကျင့်သုံးမှုအရ အနှစ်သာရအားဖြင့် သာသနာရှိကြောင်း၊ မိမိတို့နိုင်ငံတွင် အသွင်သဏ္ဌာန်အားဖြင့် သာသနာရှိသည်ဟု ထင်မြင်ဖွယ်ရှိသော်လည်း လက်တွေ့ကျင့်သုံးမှုအရ အနှစ်သာရအားဖြင့် သာသနာအားနဲကြောင်း၊ ထို့ကြောင့် လက်တွေ့သာသနာရှိသောနိုင်ငံများဖွံ့ဖြိုးတိုးတက်ကာ တရားဥပဒေစိုးမိုးကြ၍ မိမိတို့နိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဖြစ်ရုံမျှမက ကြီးနိုင်ငယ်ညှဉ်း နိုင်ရာစားလောကဖြစ်သော ဖားနိုင်ဖားစား ငါးနိုင်ငါးစားကျင့်ကြသည့် Jungle law or the law of the jungle တောရိုင်းဥပဒေအဆင့်မျှသာ ရှိသေးကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတွင် သာသနာတော်လာတရားတော်များ အမှန်တကယ်အသက်ဝင်ပါမှသာ အမှန်တကယ်ဖွံ့ ဖြိုးတိုးတက်နိုင်ကြောင်း စသည့်စသည့် အကြောင်းအရာတို့ကို ကွက်ကွက်ကွင်းကွင်းမြင်စေချင်သည်။ သိစေချင်သည်။ အမှန်ပြောရလျှင် မိမိသည် နိဗ္ဗာန်ရောက်ရေးထက် ဗုဒ္ဓဘာသာနာမည်ပညတ်ကိုအခိုင်အမာသုံးစွဲထားသော ရွှေပြည်သူ/သားတို့အား နာမည်ပညတ်ထက် အနှစ်သာရကိုပိုမိုအလေးပြုသောဗုဒ္ဓဘာသာ နိုင်ငံ့သားကောင်းများဖြစ်လာစေရန် ပို၍စိတ်ဝင်စားပါသည်။ 

  မိမိသည် အမှန်တကယ် ဘာတစ်ခုကိုမျှမစွမ်းဆောင်နိုင်သေးပါဘဲလျှက် ဤစကားမျိုးကိုရေးရ ပြောရသည်မှာ မလျော်ကန်လှပါ။ သို့သော် ရဟန်းတော်တစ်ပါးအနေနှင့် ခံစားချက်နှင့်အမြင်ကို လွတ်လပ်စွာပြောချင်သောကြောင့်သာ ပြောခြင်းဖြစ်ပါသည်။ မှန်၏။ လွတ်လပ်သော အတွေးအမြင်သည်  လွတ်လပ်သော အသိဥာဏ်ပညာကိုဖြစ်စေပါသည်။ လွတ်လပ်သောအသိဥာဏ်ပညာကသာလျှင် စည်းကမ်းပြည့်ဝ အထက်တန်းကျသောဘဝနှင့်လူမှုအဖွဲ့အစည်းကို ဖြစ်စေပါလိမ့်မည်။ အဆိုပါ စည်းကမ်းပြည့်ဝ အထက်တန်းကျသောဘဝနှင့်လူမှုအဖွဲ့အစည်းကသာလျှင် အေးချမ်းလွတ်လပ်သောအရသာကို ပေးစွမ်းနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။  ယနေ့မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသော လူမှုဒုက္ခအဝဝသည် လွတ်လပ်သောအတွေးအမြင်နှင့်အသိပညာကို အခြေခံ၍ဖြစ်ပေါ်လာသလော သို့မဟုတ် မြတ်ဗုဒ္ဓ၏ဓမ္မကိုကျင့်သုံးခြင်းကြောင့်လော သို့မဟုတ် အခြားအဘယ်အရာမှမြစ်ဖျားခံလာသနည်းဆိုသည်ကို စာဖတ်သူအလွယ်တကူပင် သိနိုင်မြင်နိုင်ပြီးပင်ဖြစ်သည်။


  ညဥ့်မှောင်မှောင်ဝယ် ပိုးစုန်းကြူးငယ်တစ်ကောင်၏ ပျံသန်းသောခရီးစဉ်သည် အချိန်ကာလအားဖြင့်ရော အကွာအဝေးအတိုင်းအတာအားဖြင့်ရော တိုတောင်းနဲပါးလှပါသည်။ မိုင်ထောင်ချီ၍မပျံသန်းနိုင်ပါ။ သို့သော် သူပျံသန်းနေသော ခရီးစဉ်အတွင်းဝယ် ကြည်လင်တောက်ပသော အလင်းရောင်စဉ်ကို မှိတ်တခါ လင်းတစ်လှည့်ဖြင့် လောကကိုထွန်းညှိပေးပါသည်။ ထိုပိုးစုန်းကြူးငယ်လေး၏ အလင်းနှင့်အဆင်းသည် အပြစ်ကင်းစင်လှသည်။ မည်သူတစ်ဦးတစ်ယောက်ကိုမျှ မထိခိုက်မနစ်နာစေဘဲ သူစွမ်းနိုင်သောအလင်းကို သူ့ဆန္ဒအတိုင်းလွတ်လပ်စွာပေးသည်။ သူ၏အလင်းသည် နေရောင်ကဲ့သို့ ကြီးကျယ်သော ကောင်းကျိုးကိုမပြုစွမ်းနိုင်ပါ။ လရောင်နှင့်လည်း မနှိုင်းစာလောက်ပါ။ နေနှင့်လတို့၏ ကြီးမားသောဒြပ်နှင့်စွမ်းအင်ကိုလည်း မတုပနိုင်ပါ။ သို့သော် ပိုးစုန်းကြူးငယ်လေး၏ အလင်းရောင်ကို မြင်ရသူ လူသားတိုင်း ကျေနပ်နှစ်သက်ကြသည်။ သူ့ထံတွင် ရှိသမျှခွန်အားနှင့်စွမ်းနိုင်သမျှ လောကကိုအလင်းပေးခြင်းသက်သက်သာဖြစ်သည်။ သူ့အတွက် မည်သူ့ကိုမျှတာဝန်မတက်စေရဘဲ လောကအတွက် ဖြူစင်သောစေတနာသက်သက်ဖြင့် သူတာဝန်ယူပေးခြင်းသာဖြစ်သည်။ ပိုးစုန်းကြူးငယ်လေးတိုင်း ဤကဲ့သို့ တာဝန်ကျေကြသည်သာဖြစ်သည်။ ပိုးစုန်းကြူးငယ်လေး၏ ဆန္ဒနှင့်လုပ်ရပ်ကား အားကျဖွယ်ရှိစွ။ ချစ်ဖွယ်ရှိစွ။ ပိုးစုန်းကြူးငယ်လို စွမ်းနိုင်ချင်စမ်းပါဘိ၊ တာဝန်ကျေချင်စမ်းပါဘိဟုတွေးတောမိလေတော့သည်။


*~*~*~*~*~*

Thursday, July 10, 2014

ဒိုင်ယာရီအပိုင်းအစလေးများ ( ၁ )



 "ပိုးစုန်းကြူးလေး၏ဆန္ဒ--(အပိုင်း-၁)
မိမိသည် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် အမိရွှေပြည်သို့ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိဘဲ ပြန်လည်ရောက်ရှိခဲ့သည်။ အိန္ဒိယမှလည်း ပြန်ခဲ့ဖူးသောကြောင့် ပြန်ခဲ့ဖူးသည့် အကြိမ်ရေကို သေချာစွာမှတ်မထားမိတော့ပေ။ ဖင်လန်နိုင်ငံမှ ပြန်ရောက်သည်ကား နှစ်ကြိမ်မြောက်ဖြစ်သည်။ ရန်ကုန်လေဆိပ်သို့မဆင်းသက်မီ ကောင်းကင်ယံမှရန်ကုန်မြို့ ၏ အစွန်တစ်နေရာကို မြင်ရသည်ဆိုလျှင်ပဲ ရွှေပြည်၏အမည်ဖေါ်၍မပြနိုင်သော အရိပ်အရောင်နှင့်အငွေ့အသက်တို့က ရင်ထဲတွင်ဆို့နင့်စွာ ခံစားစေသည်။ ရွှေပြည်ကြီးသည် သူ့ထံသို့ပြန်လာကြသည့် သူ၏သားသမီးများဖြစ်သော ပြည်သူပြည်သားမှန်သမျှကို ထိုကဲ့သို့ ဆို့နင့်အောင်ကလူကျီစယ်တတ်သော အလေ့အထရှိပုံပေါ်သည်။ လေယာဉ်ပေါ်မှဆင်းသက်ပြီး၍ Immigration ကို ဖြတ်ကျော်သောအခါ တစ်ခါတစ်ရံ မနှစ်မြို့ ဘွယ်ရာ ဓာတ်ပုံရိုက်ခြင်းကိုခံရသည်။ လေဆိပ်မှပြန်လည်ထွက်ခွါသည့်အခါတိုင်းတွင်မူကား အမြဲဓာတ်ပုံရိုက်ယူသည်ကို ကြုံရသည်။ ဤသည်မှာ အစိုးရတစ်ရပ်၏ မတည်ငြိမ်သေးသော တရားဥပဒေစိုးမိုးမှုမရှိသေးသော  ပြည်သူကိုမယုံရဲသေးသော သို့မဟုတ် အစိုးရနှင့်ပြည်သူ အပြန်အလှန်မကြည်ဖြူသေးသော မနှစ်မြို့ ဘွယ်ရာ လုပ်ရပ်တစ်ခုဟု ထင်မြင်ခံစားရသည်။  မိမိရောက်ဖူးသမျှနိုင်ငံတိုင်းတွင် Immigration မှ ဓာတ်ပုံရိုက်ယူခြင်းကို မတွေ့ကြုံဘူးပေ။ 

   Immigration ကိုကျော်ဖြတ်ပြီး၍ ပါလာသည့် Luggages များကိုရွေးပြီးသောအခါ လက်တွန်းလှည်းပေါ်သို့ အနှီ Luggages များကိုစီရရီတင်လိုက်သည်။ ၎င်းနောက် ထွက်ပေါက်သို့ဖြည်းညှင်းစွာတွန်းသွားရင်း လာကြိုနေကြသော ဒကာ ဒကာမများကို တဖျပ်ဖျပ်မျက်တောင်ခတ်၍ ဟိုဟိုဒီဒီ စူးစမ်းလိုက်သည်။ တွေ့ပါပြီ။ လှိုက်လဲပျူငှာသော အပြုံးများ၊ နွေးထွးသော ဆက်ဆံရေးများ၊ ရင်းနှီးသောကြိုဆိုမှုများးးးး စသည်စသည်။ သူတို့က မိမိကိုကြိုတင်၍မြင်နေကြပုံပေါ်သည်။ ဒကာ ဒကာမများ၏ လှိုက်လှဲပျူငှာသောအပြုံးသည် မိမိရင်ကိုကျေနပ်စေသည့်အပြင် အားအင်လည်းဖြစ်စေခဲ့သည်။ သူတို့လည်း မိမိကိုမြင်တွေ့ရတော့ ဝမ်းသာကြသည်။ အမိရွှေပြည်ကြီးသည် မတိုးတက်ဘဲ မည်မျှပင်ခေတ်နောက်ကျ၍ ဆင်းရဲနေစေကာမူ ကိုယ့်သွေးကိုယ့်သား ကိုယ့်မြေ ကိုယ့်ရေဖြစ်သည်မို့ ပြန်လည်ထိတွေ့မိသည့်အခါတိုင်း  နှလုံးသားတွင်
ထိထိရှရှခံစားရသည်တော့အမှန်ပင်ဖြစ်သည်။  မှတ်မှတ်ရရ မိမိအိန္ဒိယနိုင်ငံမှ ပထမဆုံးအခေါက်ပြန်လာစဉ် ကြိုဆိုမည့်သူဟူ၍ တစ်ယောက်မျှမရှိ၊ မည်သူမျှလည်းမသိ၊ ကိုယ်လည်းသူ့မသိ သူလည်းကိုယ့်မသိ ခက်ပါဘိ နှင့်ကြုံခဲ့ရဖူးသည်။ Taxi ငှား၍ ကျောင်းသို့ပြန်ရောက်သွားသောအခါ လက်ထောက်ဆရာတော်က " ဟ မင်းက ဆိုင်းမဆင့် ဗုံမဆင့်နဲ့ ဘယ်လိုလုပ်ရောက်လာတာတုန်းကွ " ဟု အံ့သြစွာကြိုဆိုမှုကိုခံခဲ့ဖူးသည်။ မိမိက အပြုံးနှင့်သာ ပြန်လည်၍ အာဂန္တုကဧည့်ဝတ်ပြုလိုက်သည်။ သို့သော် ရင်ထဲတွင် ပျော်ရွှင်သောခံစားမှုတစ်ခုက ထိထိရှရှရှိလှသည်ကို အမှတ်ရမိသည်။  ဘဝ၏ ယခင်နှင့်ယခုသည် အရာရာဝယ် ( ရည်မှန်ချက်တို့ မအောင်မြင်သေးသည့်တိုင် ) အတိုင်းအတာတစ်ခုအထိ ခြားနားမှုဖြစ်လာသည်ဟုတော့ သတိပြုမိသည်။ 

  ရွှေပြည်ကိုပြန်သွားရခြင်း၏ အဓိကရည်ရွယ်ချက်သည် သင်ယူလေ့လာ၍ မိမိတတ်စွမ်းထားသမျှသောပညာရည်ဖြင့် အမိရွှေပြည်ကို စွမ်းသမျှကျေးဇူးဆပ်ရန်ပင်ဖြစ်သည်။ တိတိပပအားဖြင့်ဆိုရသော် ရဟန်းသံဃာများအတွက် ခေတ်နှင့်လျော်ညီသောပညာများဝေငှရေးနှင့် ဆင်းရဲသောကျောင်းသား ကျောင်းသူများနှင့်မိဘမဲ့ကလေးသူငယ်များအား အခမဲ့ပညာရေးဆောက်ရွက်ပေးရန်ပင်ဖြစ်သည်။ အမှန်စင်စစ် ထိုရည်ရွယ်ချက်များ အကောင်အထည်ဖေါ်ရန်အတွက် လုံလောက်သောငွေကြေးမဆိုထားနှင့်၊ အခြေခံငွေကြေးမျှပင်မရှိပါချေ။ ငွေကြေးမျှသာမဟုတ်သေး၊ လုပ်ကိုင်ရန်နေရာဌာနကိုလည်း ဘယ်ဆီဘယ်ဝယ်မျှော်မှန်းရမည်ကို သဲသဲကွဲကွဲမသိသေးချေ။ ရည်မှန်းချက်အတွက် မသေချာမရေရာမှုနှင့်ဝေဝါးမှုတို့ကသာ လွှမ်းခြုံအုံ့ဆိုင်းနေခဲ့သည်။ ဖြစ်ချင် လုပ်ချင်သော ဆန္ဒမှလွဲ၍ မည်သည့်အရာမျှ ကြည်လင်စွာမထင်ရှားခဲ့။ သို့သော် ကိုယ်တိုင်ကျေနပ်မိသည့်အရာကား ရည်မှန်းချက် ဆုံးဖြတ်ချက်နှင့် ဆန္ဒတို့လမ်းချော်မသွားဘဲ တည့်မတ်စွာ ဆက်လက်လျှောက်လှမ်းနေခြင်းပင်ဖြစ်သည်။ သို့သော် တစ်ခါတစ်ရံတွင် မထင်မှတ်ဘဲကြုံရလေ့ရှိသော အခက်ခဲများကြောင့် အောင့်အီးကာပုန်းအောင်းနေသောဒေါသသည် ဗြုန်းခနဲခုန်ထွက်၍ မျက်နှာပြောင်တိုက်ကာ အားမနာတမ်း ပွင့်လင်းစွာဖွင့်ဟမိခဲ့သည်များလည်း ရှိခဲ့သည်။ မည်သို့ဆိုစေ " တစ်ခါတစ်ရံ ဒေါသ၏ပေါက်ကွဲသံသည် သစ္စာတရား၏တိုက်စစ်မှုးလည်းဖြစ်နေတတ်သည် " ဟု ကောက်ချက်စွဲမိသည်။ 

  အချို့ က  " အရှင်ဘုရားက ဒီရည်မှန်းချက်ကို အကောင်အထည်ဖေါ်မှာဆိုတော့ ဘယ်အင်အားတွေ ဘယ်လောက်ရှိလို့လဲ " ဟု တဲ့တဲ့ပင် မေးကြသည်။  မေးထိုက်သောမေးခွန်းဖြစ်၍ ဖြေထိုက်သောအဖြေဖြင့်တဲ့တဲ့ပင် တုန့်ပြန်လိုက်သည်။ "  စိတ်ဆန္ဒကလွဲရင် ဘာမှမရှိဘူး "။ ဤသို့ဆိုလေသော် ဆက်လက်မမေးကြဘဲ အကဲခတ်သည့်အကြည့်မျိုးဖြင့် စူးစမ်းကြလျှက် နှုတ်ဆိတ်နေကြသည်ကိုကြုံရသည်။ " အလကားပါကွာ၊ ဒီကောင် ဘာမှမစွမ်းဆောင်နိုင်ပါဘူး၊ လေကြီးမိုးကြီးတွေ ပြောနေတာပါ " ဟုအချို့ ဘုန်းကြီးများက ကွယ်ရာတွင် ဝစီကံမေတ္တာပို့ကြသည်ကို တစ်ဆင့်ပြန်လည်ကြားသိရသည်များလည်းရှိသည်။ မှန်ပါသည်။ မိမိရည်မှန်းချက်နှင့်ဆန္ဒအတွက် ဘယ်အရာတစ်ခုကိုမျှ ထိထိမိမိ အကောင်အထည်မဖေါ်ဆောင်ရသေးသော မိမိအဖို့ သူတို့ပေးသော လက်ဆောင်များသည် ငြင်းပယ်ရန်မလိုဘဲ ပြုံးအံခဲ၍ လက်ခံရမည်သာဖြစ်သည်။ မည်သူမဆိုကြုံရတတ်သော အစဉ်အလာလောကဓံပင်ဖြစ်သည်မို့ တည်ငြိမ်စွာလက်ခံနိုင်အောင်ကြိုးစားရုံမှတပါး အခြားလမ်းမရှိပေ။ အမှန်စင်စစ် " စစ်မှန်ပြင်းပြသော ဆန္ဒဟူသည် သဘာဝတောအုပ် တောမြိုင်ကြီး၏ စွမ်းအားကောင်းသော မျိုးစေ့ငယ်ပင်မဟုတ်ပါလား သို့မဟုတ် ကြီးမားသော ရလာဒ်တိုင်း၏ အမြုတေပင်မဟုတ်ပါလား  " ဟူသော အတွေးဖြင့် စိတ်စွမ်းအင်ကိုထပ်မံ၍အားဖြည့်လိုက်မိသည်။ ( ဆက်ရန် )



My Philosophy Of Life (1)




Our own experience is real teacher
 if we can see accordingly by own intelligence.
Otherwise, we are slave of ourselves.

*~*~*~*~*~*

 clear vision makes clear mission,
otherwise, dirty mission will overwhelm our society.
then, we'll have to meet many kinds of problems. 

*~*~*~*~*~*


  Activities illustrate and interpret exactly man's heart ,
but speech may be false.

*~*~*~*~*~*

Monday, April 7, 2014

နှစ်သစ်မှာ ဘဝတွေသစ်လွင်ကြပါစေ


မကြာမီသောရက်တွင် အတာသင်္ကြန်ကိုရောက်တော့မည်။ အတာသင်္ကြန်တွင် မြန်မာတို့ရိုးရာဓလေ့အတိုင်း နှစ်သစ်ကူးပွဲတော်ကို ပျော်ရွှင်စွာကျင်းပကြတော့မည်။ အတာသင်္ကြန်သည် မြန်မာတို့အဖို့ သမိုင်းစဉ်ဆက်ကျင်းပခဲ့၍ စွဲလမ်းရသော နှစ်သစ်ကူးပွဲတော်ပင်ဖြစ်သည်။ လူမျိုးအသီးသီးနိုင်ငံအသီးသီးသည် မိမိတို့၏သတ်မှတ်ချက်အရ နှစ်သစ်ကိုကြိုဆိုကြသည်။ ပျော်ပွဲရွှင်ပွဲများကျင်းပကြသည်။ ထိုသို့ နှစ်သစ်ကို ကူးကြ ကြိုဆိုကြသည်အခါ လူတစ်ဦးနှင့်တစ်ဦးမတူကြချေ။ အချို့က ဘာသာရေးအရ ဒါန သီလ ဘာဝနာများဖြင့်ကူးကြသလို အချို့ကပျော်ပွဲရွှင်ပွဲများဖြင့်ကြိုဆိုကြသည်။ အချို့က အပန်းဖြေခရီးထွက်ခြင်းနှင့်အချို့က ဘုရားဖူးခရီးထွက်ခြင်းတို့ဖြင့်နှစ်သစ်ကို ကူးကြပြန်သည်။ အချို့က ဘာမှမလုပ်ဘဲ အိမ်တွင်အေးအေးဆေးဆေးနေထိုင်ကြသည်များလည်းရှိကြသည်။ မည်သို့ဖြစ်စေ သတ်မှတ်ချက်အရ နှစ်ကာလအသစ်တစ်ခုဆီသို့ ပြောင်းသွားရသည်မှာတော့အမှန်ပင်ဖြစ်သည်။ အမှန်စင်စစ် သူ့အလိုလိုလည်ပတ်နေသော ကမ္ဘာ့ဖြစ်စဉ် ဥတုနိယာမဖြစ်စဉ် စကြာဝဠာဖြစ်စဉ်သဘာဝနိယာမကို လူသားများက နှစ်များ လများ ရက်များသတ်မှတ်၍ဘဝခရီးကို ဆက်နေကြသည်ဟု မြင်မိသည်။ 

  ထို့ပြင် လူသားအများစု၏သဘာဝသည် အသစ်ဆိုလျှင်တမ်းတတတ်ကြသည်။ လိုချင်မက်မောတတ်ကြသည်။ ပစ္စည်းကိုလည်း အသစ်လိုချင်သည်။ အိမ်ထောင်ဖက်ကိုလည်း အသစ်လိုချင်သည်။ နှစ်သစ်ကိုလည်း သဘောကျကြသည်။ အနုပညာတွင်လည်း ဆန်းသစ်မှုကို ကြိုက်နှစ်သက်ကြသည်ပင်။ အစိုးရများတွင်လည်း သစ်လွင်တောက်ပသော ထက်မြက်သော အစိုးရကိုသာလိုချင်ကြသည်။ ဤသို့စသည်ဖြင့် အသစ်မှန်သမျှကို အများစုကတမ်းတကြလေသည်။ အကြောင်းမှာ အသစ်ဟူသောသဘောတွင် သစ်လွင်သန့်စင်ခြင်းသဘောပါဝင်နေသောကြောင့်ပင်ဖြစ်သည်ဟု ကောက်ချက်စွဲမိသည်။ မှန်၏။ အဟောင်းဆိုလျှင် ညစ်နွမ်းပြီးဖြစ်သည်၊ သုံးစွဲပြီးဖြစ်သည်၊ သန့်စင်သစ်လွင်သောသဘောမရှိဟု အများစုက သတ်မှတ်ထားကြလေသည်။ လူသား၏သဘာဝသည် သန့်စင်ခြင်း သစ်လွင်ခြင်း တောက်ပခြင်း ထက်မြက်ခြင်းကို ဗီဇအရလိုလားကြသောကြောင့် ဤသို့ အသစ်အသစ်များကို တမ်းတကြသည်ဟု ယူဆမိသည်။ လူသား၏မူလဗီဇသဘာဝအရ သစ်လွင်သန့်စင်မှုကို လိုလားကြသော်လည်း မိမိတို့၏နေ့စဉ်ဘဝများတွင် အမြဲလိုလိုညစ်နွမ်းနေကြသည်ကများနေမည်ထင်သည်။ 


  မြတ်ဗုဒ္ဓ၏ဓမ္မအရဆိုလျှင် စိတ်သစ်နေဘို့သာ ပဓာနဖြစ်သည်။ မှန်၏။ စိတ်သစ်လျှင် စကားလည်းသစ်မည်။ အလုပ်လည်းသစ်မည်။ သို့ဆိုလျှင် ဘဝလည်းသစ်နေမည်သာဖြစ်သည်။ ဘဝသစ်နေလျှင် အမြဲတန်းနေ့တွေသစ်နေပေတော့မည်။ လတွေလည်းသစ်နေပေတော့မည်။ လတွေသစ်နေလျှင် ကမ္ဘာတည်သရွေ့  နှစ်သစ်တွေသာဖြစ်နေပေတော့မည်။ သို့ဖြစ်လျှင် ဤကမ္ဘာ ဤလောကသည်အစဉ်အမြဲသစ်လွင်၍တိုးတက်နေမည်သာဖြစ်သည်။ ထို့ကြောင့် မိမိတို့ရွှေမြန်မာများနှစ်သစ်ကူးကြသောအခါ မြတ်ဗုဒ္ဓ၏ဓမ္မနည်းလမ်းအရ ပြည့်ပြည့်ဝဝကူးနိုင်ကြလျှင် ကမ္ဘာတွင်စံပြနှစ်သစ်ကူးပွဲတော်ဖြစ်မည်ဟု ယုံကြည်မိသည်။ အမှန်စင်စစ် မြတ်ဗုဒ္ဓသည် နှစ်သစ်ကူးတရားဟူ၍ သီးသန့်ဟောကြားတော်မမူခဲ့ပေ။ စိတ်ထားသစ်ရေး စကားသစ်ရေး အလုပ်သစ်ရေး ဘဝသစ်ရေးကိုသာ လမ်းညွှန်တော်မူခဲ့လေသည်။ အထူးသဖြင့် နှစ်သစ်ကူးကောင်းဖို့ထက် ဘဝသစ်ကူးကောင်းဖို့နှင့်လက်ရှိဘဝသစ်လွင်ဖို့တို့ကိုသာဟောကြားတော်မူခဲ့ပါသည်။ 

   မြတ်ဗုဒ္ဓ၏ဓမ္မအရ ဤစကြာဝဠာတွင် လူသားသည်သာ တန်ဘိုးအကြီးမားဆုံးဖြစ်သည့်ပြင်လူသားသည်သာပဓာနဖြစ်သောကြောင့် လူများသစ်လွင်နေဖို့သာပဓာနဖြစ်လေသည်။ လူသားများသာသစ်လွင်နေပါလျှင် ဤကမ္ဘာသည်တာဝတိံသာဘုံနှယ် တင့်တယ်နေပေလိမ့်မည်။ မှန်၏။ လူသား၏စိတ်ထားများသာ သစ်လွင်သန့်စင်နေပါက သဘာဝတောတောင်တို့သည်လည်း ညို့ညို့မှိုင်းမှိုင်းဖြင့် အုံ့ဆိုင်းကာသာယာနေပေမည်။ သဘာဝမြစ်ချောင်းအင်းအိုင်တို့သည်လည်း လူသားတို့၏ရက်စက်မှု ကန့်သတ်မှု မတရားအဆင်ခြင်မဲ့စွာအသုံးပြုမှုတို့မရှိဘဲ သဘာဝအတိုင်းပင်လွတ်လပ်စွာစီးဆင်းခွင့်ကိုရကြပေမည်။ သဘာဝပတ်ဝန်းကျင်လည်း ပျက်စီးဆုံးရှုံးမှုမဖြစ်နိုင်တော့ပေ။ သို့ဆိုလျှင် မပျက်စီးသောသဘာဝပတ်ဝန်းကျင်တွင် လူသားသည် သက်ရှည်ကျမ္မာ သာယာစွာနေထိုင်နိုင်ပေလိမ့်မည်။ အထူးသဖြင့် လှပသောသဘာဝတောတောင် အင်းအိုင် မြစ်ချောင်းများနှင့်အနီးကပ်နေထိုင်ကြရသောလူများသည် ဖြူစင်ရိုးသားကြသည်ကိုတွေ့ရသည်။ မှန်၏။ သဘာဝတောတောင်ကို မဖျက်ဆီးဘဲ ချစ်ခင်တန်ဘိုးထားသောသူသည် သဘာဝဖြူစင်သောစိတ်အခံရှိလေသည်။ သဘာဝပတ်ဝန်းကျင်ကို တန်ဘိုးမထားဘဲ ဝိသမလောဘဇောတိုက်၍ ဖျက်ဆီးသူသည် ဖြူစင်ရိုးဖြောင့်သောစိတ် နည်းပါးပေမည် သို့မဟုတ် ဖြူစင်မှုမရှိဟုထင်သည်။
 

    ဓမ္မပဒပါဠိတော်တွင် မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌာ မနောမယာ။ မနသာစေ ပသန္နေ၊ ဘာသတိဝါ ကရောတိဝါ။ တတော နံ သုခမနွေတိ၊ ဆာယာဝ အနုပါယိနီ။ Mind precedes all mental states. Mind is their chief; they are all mind-wrought. If with a pure mind a person speaks or acts, happiness follows him like his never-departing shadow. ဟူ၍ဟောတော်မူပါသည်။ ဤဒေသနာတော်ကို ကောက်ချက်စွဲကြည့်လျှင် လူသားများ၏စိတ်ထားသည်သာ ပဓာနဖြစ်သောကြောင့် လူသားများ၏စိတ်ထားသာဖြူစင်နေပါက နေ့ရက်တွေဖြူစင်ကြပေတော့မည်။ လတွေလည်းသစ်လွင်နေကြပေတော့မည်။ နှစ်တွေလည်း အစဉ်အမြဲဖြူစင်တောက်ပ၍သာနေပေတော့မည်။ ဘဝတွေလည်းဖြူစင်သစ်လွင်တောက်ပနေမည်သာဖြစ်တော့သည်။ ထို့ပြင် နိုင်ငံတော်ကြီးသည်လည်း တောက်ပနေမည်ဖြစ်သလို ဒီမိုကရေစီသည်လည်း လင်းလက်နေမည်သာဖြစ်ပါတော့သည်။ သို့ဖြစ်၍ နိုင်ငံသူ နိုင်ငံသားအားလုံး မြတ်ဗုဒ္ဓ၏ဓမ္မနည်းလမ်းဖြင့် ဓမ္မနှစ်သစ်ကိုကူးမြောက်နိုင်ကြပါစေ၊ စစ်မှန်သောဒီမိုကရေစီသို့ ဦးတည်သော နှစ်သစ်ဖြစ်ပါစေသားဟု။
 
*
*
*


***ဓမ္မမိတ်ဆွေများ၏အမှာစကား***