Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~
Monday, September 2, 2013
အသုံးတည့်ပညာ
ယနေ့ခေတ်ကို knowledge era ပညာခေတ်ဟုဆိုကြသည်။ ဆိုသလောက်ပင် ပညာရပ်များနှင့်ပတ်သက်၍လည်း လိုက်စား၍မကုန်နိုင်အောင် များပြားကျယ်ပြန့်လှသလို ပညာတတ်သူများလည်း များပြားလှသည်။ မိမိအနေဖြင့်မူ များပြားကျယ်ပြန့်လှသော ပညာရပ်များကို လေ့လာတတ်မြောက်ဘို့ရန် မဆိုထားဘိ၊ မိမိနှင့်သက်ဆိုင်သည့် ပညာရပ်များကိုပင် နှစ်များစွာလေ့လာပါသော်လည်း အပြီးဆုံးသို့မရောက်နိုင် မတတ်နိုင်သေးဘဲဖြစ်ရလေသည်။ အမှန်စင်စစ် ပညာရပ်တစ်ခုကို အမှန်တကယ် တတ်မြောက်ဘို့ဆိုသည်မှာ လွယ်ကူသောကိစ္စတော့မဟုတ်ချေ။ ရှေးရှေးကမ္ဘာဦးခေတ်မှသည် ယနေ့ နှစ်ဆယ့်တစ်ရာစုခေတ်တိုင်အောင် လူသားတို့သည်  အုပ်ချုပ်ရေး လူမှုဆက်ဆံရေး ဘာသာရေး ကူးသန်းရောင်းဝယ်ရေး လူနေမှုပုံစံနှင့် နေ့စဉ်လူမှုဘဝများစွာအတွက် စနစ်အမျိုးမျိုး နည်းလမ်းအသွယ်သွယ် ယဉ်ကျေးမှုအဖုံဖုံ ဘာသာစကားအမျိုးစုံ ပညာရပ်အသီးသီးတို့ဖြင့် လူ့လောကကြီးကို ချီတက်ခဲ့ကြ ပုံဖေါ်ခဲ့ကြသည်။ လူ့သမိုင်းကို လူသားများကိုယ်တိုင် စိတ်တိုင်းကျ တစ်ခေတ်ပြီးတစ်ခေတ် စနစ်အသစ်အသစ်တို့ဖြင့် ပြုပြင်ပြောင်းလဲ အကောင်အထည်ဖေါ်ခဲ့ကြသည်။ တွေးခေါ်ခဲ့ ရေးသားခဲ့ကြသည်။ လူသားတို့သည် အသိပညာရော အတတ်ပညာပါ နှစ်ခုလုံးမဖွံ့ဖြိုးမီဝယ် လူသားဘဝနှင့်ပတ်သက်သော အရာရာသည်လည်း နောက်ကျခဲ့သည်။ နှေးကွေးခဲ့သည်။ တဖြည်းဖြည်းနှင့် အသိပညာရော အတတ်ပညာပါ  ဖွံ့ဖြိုးလာသည်နှင့်အမျှ လူသားဘဝနှင့်ပတ်သက်သော အရာရာသည် သူ့ထက်ငါ ရှေ့ရောက်အောင်ကြိုးစားခြင်းဖြင့် ပြိုင်ဆိုင်မှုအခြေအနေသို့ရောက်ရှိလာခဲ့သည်။ အဖြစ်အပျက်နှင့် လုပ်ဆောင်ချက်မှန်သမျှတို့သည်လည်း အရင်ထက်စာလျှင် မြန်သည်ထက်မြန်လာသည်။ သွက်သည်ထက် သွက်လာသည်။
   ရှေးယခင်က သက်ဆိုင်ရာပညာရပ်များသည် သက်ဆိုင်ရာလူမှုအဖွဲ့အစည်းအတွက် သီးခြားစီအသုံးပြု၍ အကန့်အသတ်ဖြင့် ပြောင်းလဲစေခဲ့ရာမှ ယနေ့ကမ္ဘာသည် သီးခြားစီခွဲခြား၍ မရတော့ဘဲ အားလုံးတပြေးညီ တချိန်တည်း တပြိုင်တည်း သက်ဆိုင်သည့်အနေအထားသို့ရောက်ရှိလာသည်။ ရှေးယခင်က ဒေသတစ်ခု၏ ဖြစ်ရပ်များသည် အခြားဒေသတစ်ခုသို့ မကူးစက်နိုင်သော်လည်း သို့မဟုတ် ကူးစက်မှုနှေးကွေးသော်လည်း ယနေ့ခေတ်တွင် ကူးစက်မှုကား တမုဟုတ် တခဏချင်းပင်မြန်ဆန်လှသည်။ စီးပွါးရေးသတင်းများကိုဖတ်မိသည့်အခါ စီးပွါးရေး၏ ရိုက်ခတ်မှုသည် အသီးသီးသောအားကြီး အားသေးအတိုင်းအတာအရ ကူးစက်မှုအင်းအားပြင်ထန်လှသည်ကို သိရသည်။ ထိုစီးပွါးရေးအရှိန်၏ရိုက်ခတ်မှုမှတဆင့် နိုင်ငံရေး လူမှုရေး ပညာရေး စသည့်အရာရာတို့သည်လည်း ကူးစက်ခံရကာ အပြောင်းအလဲများဖြစ်ကုန်ကြသည်။ ထို့အတူပင် နိုင်ငံရေးအဆောက်အအုံတစ်ခု ပြောင်းလဲသည့်အခါလည်း အခြားလူနှင့်ပတ်သက်သမျှသော အရာရာသည် ကူးစက်ခံရမှုမြန်ဆန်လှသည်။ အထူးသဖြင့် ကောင်းသည့်အရာတိုင်း အဖြစ်အပျက်တိုင်းတွင် ကူးစက်မှုနှေးကွေးသည်ဟု ဆိုနိုင်ရန်ရှိသော်လည်း မကောင်းသည့်ဖြစ်ရပ်တိုင်းတွင် ကူးစက်မှုကား အံ့သြဘွယ်မြန်ဆန်လှသည်။ ဤသည်တို့မှာ တိုးတက်လာသော ပညာရပ်များ၏ ရိုက်ခတ်မှု သို့မဟုတ် တွန်းအား သို့မဟုတ် အကျိုးသက်ရောက်မှုပင်ဖြစ်သည်။ ပညာရပ်များမတိုးတက်မီက ယခုကဲ့သို့ ရိုက်ခတ်မှု မမြန်ဆန်ခဲ့ချေ။ သို့သော် တိုးတက်လာသော ပညာရပ်များသည် အားလုံးအကောင်းဘက်သို့ချည်း ဦးတည်သည်တော့မဟုတ်။ အကောင်းနှင့်အဆိုးဒွန်တွဲလျှက်သာ ခရီးဆက်နေကြသည်ကိုတွေ့ရသည်။ ဤသည်မှာလည်း လောက၏သဘာဝဟုသာ ဆိုရမည်ထင်သည်။
   အတတ်ပညာနှင့် အသိပညာနှစ်မျိုးတွင် အတတ်ပညာသည် ရုပ်ဝတ္ထုများနှင့်ပို၍သက်ဆိုင်မှုများသည်ဟုထင်သည်။ အကြောင်းမှာ အတတ်ပညာပိုင်းတွင် ရုပ်ဝတ္ထုများကိုအခြေခံကာ စီမံခန့်ခွဲခြင်း ဖန်တီးခြင်း စမ်းသပ်လေ့လာခြင်းတို့ဖြင့် လုပ်ကိုင်ရသောကြောင့်ပင်ဖြစ်သည်။ အသိပညာသည် နာမ်တရားပိုင်းနှင့်ပို၍ သက်ဆိုင်မှုများပြားသည်ဟု ဆိုချင်သည်။ အကြောင်းမှာ အသိပညာပိုင်းတွင် ဘဝ၏ အတွေ့အကြုံများ၊ စိတ်ပိုင်းနှင့်ဆိုင်သော ခံစားချက်များနှင့် ယူဆချက်တို့ကို အခြေခံ၍ တိုးတက်လာသောကြောင့်ပင်ဖြစ်သည်။ ထိုထိုအတတ်ပညာနှင့် အသိပညာနှစ်မျိုးလုံးသည် မိမိတို့ တစ်ဦးချင်းစီ၏ ဘဝအတွက်ရော လူမှုအစုအဖွဲ့အတွက်ပါ ကောင်းကျိုးကိုဖြစ်ထွန်းစေခဲ့သည်မှန်သော်လည်း ဆိုးကျိုးကိုဖန်တီးခဲ့သည်မှာလည်း အကြိမ်ကြိမ်ရှိခဲ့ပြီးဖြစ်သည်ကို ကမ္ဘာ့သမိုင်းတစ်လျှောက် အဆက်မပြတ်သော ဒေသဆိုင်ရာစစ်ပွဲများ၊ ကမ္ဘာ့စစ်ပွဲကြီးများကိုထောက်ထား၍ သိနိုင်မည်ဖြစ်သည်။ အဘယ့်ကြောင့် ထိုထိုပညာရပ်များသည် ဆိုးကျိုးများကိုဖြစ်စေခဲ့သနည်းဟူမူ ထိုထိုအတတ်ပညာနှင့်အသိပညာတို့သည် ကိုယ်ကျင့်တရားကို အမြဲတန်းအခြေမပြု ( မဏ္ဍိုင်မပြု ) ခဲ့သောကြောင့်ပင်ဖြစ်သည်။
    မြတ်ဗုဒ္ဓပွင့်တော်မမူမီကာလ ဘီစီခြောက်ရာစုတွင်ပင် လူသားတို့သည် သူတို့၏နေ့စဉ်လူမှုဘဝများအတွက် အဆင့်မြင့်သော အတတ်ပညာများဖြင့် ဖန်တီးနေနိုင်ခဲ့ကြသည်။ ဆောက်လုပ်ရေးပိုင်းဆိုင်ရာ အတတ်ပညာများ၊ ပန်းတိမ် ပန်းတည်း ပန်းဘဲ စသော ပန်းအတတ်ပညာရပ်များ၊ ချည်ထည်အမျိုးမျိုး ပိုးထည်အမျိုးမျိုးတို့ကို ရက်လုပ်နိုင်သော အဝတ်အထည်ချုပ်အတတ်ပညာရပ်များ၊ နက္ခတ္တဗေဒပညာရပ်များ၊ အုပ်ချုပ်ရေးပိုင်းတွင်လည်း ပဒေသရာဇ် ဧကရာဇ်အုပ်ချုပ်မှုပုံစံများ၊ ဝေသာလီနိုင်ငံနှင့်ကုသိနာရုံပြည်တို့ကဲ့သို့ ပါလီမန်စနစ်ဖြင့်အုပ်ချုပ်သောနိုင်ငံများ၊ ဆေးပညာဘက်တွင်လည်း ဆရာဇီဝကကဲ့သို့ အထွေထွေနှင့်ခွဲစိတ်အထူးကုဆရာဝန်များပေါ်ပေါက်ခဲ့သည်အထိ ပညာရပ်များထွန်းကားခဲ့သည်ကို ပိဋကတ်စာပေတွင် အထင်အရှားတွေ့နိုင်ပေသည်။ အသိပညာပိုင်းအနေဖြင့်မူလည်း များစွာထွန်းကားခဲ့သည်။ မြတ်ဗုဒ္ဓပွင့်တော်မမူမီတွင် အရင်ဘုရားအဖြစ်ကိုခံယူနေကြသောပုဂ္ဂိုလ်ကြီးများမှာ သူ့ခေတ်သူ့အခါအရ အလွန်ထင်ရှားသော အသိပညာရှင်များ သို့မဟုတ် အတွေးအခေါ်ပညာရှင်များဖြစ်ကြလေသည်။ သူတို့၏ အချို့သောအသိနှင့်အတွေးအခေါ်ပညာရပ်တို့သည် မဂ်ဥာဏ်ဖိုလ်ဥာဏ်နှင့်နိဗ္ဗာန်ကိုမရနိုင် မသိနိုင်သော်လည်း အတိုင်းအတာတစ်ခုအထိ  လောကအပေါ်လွှမ်းနိုင်ခဲ့သည်ကတော့
အမှန်ပင်ဖြစ်သည်။ ယနေ့ခေတ်တိုင်အောင်ပင် ဘီစီခြောက်ရာစုကအတွေးအခေါ်ပညာရပ်များကို အိန္ဒိယတက္ကသိုလ်များနှင့်နိုင်ငံတကာတက္ကသိုလ်များတွင် ဒဿနိကဗေဒဋ္ဌာနတို့၌ လေ့လာသင်ကြားနေရဆဲပင်ဖြစ်သည်။ မိမိကိုယ်တိုင်သည်လည်း အိန္ဒိယတွင်ပညာသင်စဉ်ကာလဝယ် Department of Buddhist Studies နှင့် Department of Pali and Prakrit တို့၌ မသင်ယူခဲ့ဘဲ Department of Philosophy ၌သာပညာသင်ယူခဲ့သည်။
   မြတ်ဗုဒ္ဓပွင့်ထွန်းတော်မူလာသောအခါမှသာ အတွေးအခေါ်ပညာရပ်ထက်ကျော်လွန်သော ထိုးထွင်းသိပညာရပ်တို့ကို လူသားတို့သည် သိခွင့် ခံစားခွင့် ကျင့်သုံးခွင့်တို့ လက်ဝယ်ပိုင်ပိုင်ရရှိလာခဲ့ကြသည်။ မြတ်ဗုဒ္ဓ၏ ထိုးထွင်းသိပညာရပ်တို့ကို ယနေ့ဗုဒ္ဓဘာသာ သာသနာဟု  လူအများကသုံးစွဲနေကြသည်။ ယနေ့ကမ္ဘာတွင် အချို့သောပညာတတ်များသည် မြတ်ဗုဒ္ဓ၏ထိုးထွင်းသိပညာရပ်များကို ဒဿနိကဗေဒခေါ် အတွေးအခေါ်ပညာရပ်၌ ထည့်သွင်း၍သင်ကြားနေကြလေသည်။ ဤသည်မှာ အလွန်ဝမ်းနည်းစရာကောင်းသော သတ်မှတ်ချက်တစ်ခုပင်ဖြစ်သည်။ ဤကိစ္စနှင့်ပတ်သက်၍ မိမိအိန္ဒိယနိုင်ငံ ဘီဟာပြည်နယ် မဂဓတက္ကသိုလ်တွင် မာစတာတန်းကိုသင်ယူနေစဉ် ဆရာများနှင့် အငြင်းအခုံ အခြေအတင် အကြိမ်ကြိမ်ဖြစ်ခဲ့ရဖူးသည်။ အကြိမ်များစွာထဲက မှတ်မိသမျှ အဖြစ်အပျက်တစ်ခုကိုတင်ပြချင်သည်။ တစ်နေ့ စာသင်ခန်းတွင် မိမိ၏ဆရာဖြစ်သူနှင့် မြတ်ဗုဒ္ဓ၏ဓမ္မအကြောင်းကို ဆွေးနွေးဖြစ်ကြစဉ် " မိမိ၏ဆရာက ဗုဒ္ဓ၏ အတွေးအခေါ်များသည် အလွန်ထူးခြားကြောင်း၊ အိန္ဒိယတွင်ပေါ်ပေါက်ခဲ့ကြသောအတွေးအခေါ်များစွာတို့တွင် ဗုဒ္ဓ၏အတွေးအခေါ်တို့သည် လက်တွေ့ကျပြီး ခေတ်အဆက်ဆက် မမှေးမှိန်ခဲ့ဘဲ ထွန်းတောက်ပနေဆဲဖြစ်ကြောင်း၊ သို့သော် ဟိန္ဒူဘာသာမှလာရှိသည့် အတွေးအခေါ်တို့ကို ဗုဒ္ဓသည်ပြန်လည်ဆန်းသစ်အောင်လုပ်ပြီးတင်ပြခဲ့ကြောင်း" စသည်ဖြင့် မိမိအားပြောပြလေသည်။
   မိမိသည်ဤစကားကိုကြားရသောအခါ ဖြစ်စဉ်အမှန်ကို သိစေရန် ခံစားချက်ပြင်းပြင်းဖြင့် ချက်ချင်းပင် ပြန်လည်ချေပလိုက်သည်။ " မြတ်ဗုဒ္ဓ၏တရားတော်များသည် အတွေးအခေါ်ပညာရပ်များလုံးဝမဟုတ်ပါကြောင်း၊ အကယ်၍ မြတ်ဗုဒ္ဓ၏တရားတော်များသည် အတွေးအခေါ်ပညာရပ်များသာဖြစ်ခဲ့လျှင် မြတ်ဗုဒ္ဓသည် အတွေးအခေါ်ပညာရှင်တစ်ယောက်သာလျှင်ဖြစ်ခဲ့လိမ့်မည်ဖြစ်ကြောင်း၊ ကမ္ဘာတွင်ပေါ်ပေါက်ခဲ့ကြသော တရုပ်မှ ကွန်ဖြူးရှပ်စ်၊ လောင်ဇူး၊ အိန္ဒိယမှ ဂျိန်းခေါင်းဆောင် မဟာဝီရနှင့် တိတ္ထိဆရာကြီးများ၊ အနောက်မှ ပိုက်သာဂိုးရပ်စ်၊  ဆိုကရေတီးစ်၊ ပလေတို စသောအတွေးအခေါ်ပညာရှင်တို့နှင့် တစ်တန်းစားထဲဖြစ်သွားနိုင်ကြောင်း၊ အမှန်စင်စစ် မြတ်ဗုဒ္ဓသည် မည်သည့်သဘောတရားတစ်ခုကိုမျှ တွေးခေါ်ကြံဆ၍ဟောပြောခဲ့ခြင်းမရှိကြောင်း၊ တိုက်ရိုက်ထိုးထွင်းသိသော အရဟတ္တမဂ်ဥာဏ်တော် သဗ္ဗညုတဥာဏ်တော်ဖြင့်သာ ဟောကြားခဲ့ကြောင်း၊ ထို့ကြောင့်မြတ်ဗုဒ္ဓသည် အတွေးအခေါ်ပညာရှင်မဟုတ်ဘဲ အနှိုင်းမဲ့သဗ္ဗညုတဥာဏ်တော်ရှင်သာလျှင်ဖြစ်ကြောင်း၊  မြတ်ဗုဒ္ဓကိုယ်တော်တိုင်ကလည်း ပါဠိတော်များတွင် အတက္ကာဝစရော ငါဟောထားသည့်တရားတော်များကို တွေးခေါ်ကြံဆ၍သိနိုင်မည်မဟုတ်ဟု ဟောထားကြောင်း၊ လက်တွေ့မျက်တွေ့နှင့်ဥာဏ်တွေ့တို့ဖြင့် တိုက်ရိုက်ထိုးထွင်းသိထားသည့်အရာတို့ကိုသာဟောကြားထားကြောင်း၊ ထို့ကြောင့် မြတ်ဗုဒ္ဓ၏တရားတော်များကို ဒဿနိကဗေဒဋ္ဌာန၌ ထည့်သွင်းသင်ကြားသည်ကို မိမိတစ်ဦးတည်းအနေဖြင့်လက်မခံနိုင်ပါကြောင်း"  ပြန်ပြောင်းရှင်းပြခဲ့ဖူးသည်။
   ဤနေရာ၌ မိမိအဓိကပြောလိုသည်မှာ ဘီစီခြောက်ရာစုခေတ်သည် လူ့သမိုင်းတွင် မြင့်မားသော အသိပညာစတင်ပေါ်ထွန်းသောခေတ်ဖြစ်သည်ဟု။ တနည်းအားဖြင့် သစ္စာဓမ္မပေါ်ထွန်းသောခေတ်ဟုလည်း ပြောနိုင်ပေသည်။ ဘီစီခြောက်ရာစုမှစ၍ ယနေ့ခေတ် နှစ်ဆယ့်တစ်ရာစုတိုင်အောင်   နှစ်ပေါင်း ၂၆၀၀ ကြာသည်အထိ လူ့သမိုင်းကိုခရီးဆက်ခဲ့ကြရင်း ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာပညာရပ်များ များစွာတိုးတက်လာခဲ့သည်မှန်သော်လည်း မြတ်ဗုဒ္ဓ၏ သစ္စာဓမ္မကို တိုး၍တိုး၍သိသူများ နည်းပါးလာသည်ဟုဆိုက သင့်လျော်မည်ထင်သည်။ အမှန်စင်စစ် မြတ်ဗုဒ္ဓ၏သစ္စာဓမ္မကို မခံစားတတ်ကြ မသိကြလျှင် သို့မဟုတ် ခံစားတတ်သူ သိသူများနည်းပါးလာလျှင် သို့မဟုတ် မြတ်ဗုဒ္ဓ၏သင်ကြားချက်များနှင့်ဝေးကွာနေကြလျှင်  ယနေ့ပြောဆိုနေသော ကမ္ဘာ့ငြိမ်းချမ်းရေးဟူသည် စာရွက်ပေါ်တွင်သာ ခဏတာ သရုပ်ဆောင်အဖြစ်နှင့် တည်ရှိနေပေလိမ့်မည်။ တကယ်တန်းအသက်ဝင်နိုင်မည်မဟုတ်ချေ။ သို့မဟုတ် မီဒီယာများအတွက်ရေးသားစရာအချက်အလက် တစ်ခုမျှသာ
ဖြစ်နေပေမည်။ ယနေ့ခေတ်သည် အတတ်ပညာများရော အသိပညာများပါ တိုးတက်ထွန်းကားလာသောခေတ်ဖြစ်သည်ကို လူတိုင်းသိကြသည်။ သို့သော် ထိုထိုအတတ်ပညာနှင့် အသိပညာရပ်တို့သည် မြတ်ဗုဒ္ဓ၏ သစ္စာဓမ္မနှင့်မယှဉ်သောအခါ သို့မဟုတ် ကိုယ်ကျင့်တရားကို မဏ္ဍိုင်မပြုသောအခါ လောကအတွက်" ဆေးမဖြစ်ဘဲ ဘေးဖြစ်နေသည်ကများပါသည်။ အားကိုးစရာ အင်အားမဖြစ်ဘဲ ကြောက်မက်ဖွယ်ရာ ကျားပမာလည်းဖြစ်လာခဲ့သည်" ။
   ယနေ့ခေတ် နျူကလီးယားဗုံတစ်လုံး၏တန်ဘိုးသည် မည်မျှကြီးမားမည်ကို မိမိ မသိသော်လည်း ဖွံ့ဖြိုးရေးလုပ်ငန်းတွင် အသုံးပြုနိုင်ပါက လူတစ်သိန်းအတွက် ဆယ်နှစ်စီမံကိန်းဖြင့် ဖွံ့ဖြိုးရေးမြှင့်တင်နိုင်လိမ့်မည်ထင်မိသည်။ ထို့ပြင် တစ်ကမ္ဘာလုံးအတိုင်းအတာအရ ခြုံငုံကြည့်ရလျှင် နေ့စဉ် လက်နက်ကြီးငယ် အထူးအဆန်းတို့ကို ထုတ်လုပ်မှု၊ အသုံးပြုမှု၊ အသုံးပြုမှုကြောင့် ပျက်စီးဆုံးရှုံးသွားမှု ကုန်ကျစားရိတ်နှင့် နေ့စဉ်တစ်ကမ္ဘာလုံး၏ စားဝတ်နေရေးအတွက် ပုံမှန် စုစုပေါင်းအသုံးစားရိတ်ကိုနှိုင်းယှဉ်ကြည့်လျှင် 50% 50% ဖြစ်နေမည်ဟု မိမိအနေဖြင့်ထင်မိသည်။ ( သုတေသနအညွှန်းကိန်းများအရ ပြောခြင်းမဟုတ်ဘဲ မိမိ၏ ထင်မြင်ချက်သက်သက်သာဖြစ်ပါသည် )  အကြောင်းမှာ ကမ္ဘာတွင် စစ်ပွဲမဖြစ်သောနေ့ဟူ၍ မိမိမကြားဖူး မဖတ်ဖူးသောကြောင့်ပင်ဖြစ်သည်။ ဒေသအလိုက် လူမျိုးစုအလိုက် နိုင်ငံအလိုက် ဘယ်သောအခါမှ မပြတ်စဲသော စစ်ပွဲတို့သည် အနဲနှင့်အများ အကြီးနှင့်အငယ်သာကွာ၍ နေ့စဉ်စစ်ပွဲများ ဆက်တိုက်ဖြစ်နေခဲ့ကြသည်။ ထိုထိုစစ်ပွဲတို့တွင်လည်း အတတ်ပညာရပ်များနှင့် အသိပညာရပ်များကို အသုံးပြုခဲ့ကြရသည်။ ပြုနေကြဆဲလည်းဖြစ်သည်။ နောင်လည်း အသုံးပြုကြပေအုံးမည်။ ( ဆက်လက်ဖေါ်ပြပါမည် )
Tuesday, August 27, 2013
ကမ္ဘာမြေအေးစေဖို့ ချမ်းမြေ့စန္ဒီ တည်ကြစို့
မဇ္ဈိမဒေသအိန္ဒိယနိုင်ငံ၊ဗီဟာပြည်နယ်၊ဗုဒ္ဓဂယာမြေမြတ်မဟာ၊
ချမ်းမြေ့စန္ဒီမြန်မာသာသနာပြုကျောင်းတော်တည်ဆောက်ရေးနှိုးလွှာ
----------------------------------------------------------------------------------
''ဝိဟာရဒါနံ သံဃဿ၊ အဂ္ဂံ ဗုဒ္ဓေန ဝဏ္ဏိတံ။
တသ္မာ ဟိ ပဏ္ဍိတော၊ ပေါသော သမ္ပဿံ အတ္ထမတ္တနော။
ဝိဟာရေ ကာရယေ ရမ္မေ၊ ဝါသယေတ္ထ ဗဟုဿုတေ။
တေသံ အန္နဉ္စ ပါနဉ္စ၊ ဝတ္ထသေနာသနာနိ စ။
ဒဒေယျ ဥဇုဘူတေသု၊ ဝိပ္ပသန္နေန စေတသာ။
တေ တဿ ဓမ္မံ ဒေသေန္တိ၊ သဗ္ဗဒုက္ခာပနူဒနံ။
ယံ သော ဓမ္မံ ဣဓညာယ၊ ပရိနိဗ္ဗာတိ အနာသဝေါ ။”
သံဃာအား ကျောင်းလှူရခြင်းကို မြတ်၏ ဟု မြတ်စွာဘုရား ချီးမွမ်းတော်မူ၏။
ထို့ကြောင့် မိမိ၏အကျိုးကို မြင်သော ပညာရှိသူသည် မွေ့လျော်ဖွယ် ကျောင်းတို့ကို ဆောက်လုပ်စေရာ၏၊ ဤကျောင်းတို့၌ အကြားအမြင်များသော ရဟန်းတို့ကို နေစေရာ၏၊ ထို ဖြောင့်မတ်သော ရဟန်းတို့အား လျော်သော စားဖွယ်ကိုလည်းကောင်း၊ သောက်ဖွယ်ကိုလည်းကောင်း၊ သင်္ကန်း အိပ်ရာ နေရာတို့ကိုလည်းကောင်း ကြည်ညိုသော စိတ်ဖြင့် လှူရာ၏။
ထိုရဟန်းတို့သည် ထိုကျောင်းဒါယကာအား ဆင်းရဲအလုံးစုံကို ပယ်ဖျောက်တတ်သော တရားကို ဟောကုန်၏၊
ဤသာသနာတော်၌ ထိုကျောင်းဒါယကာသည် ထိုတရားကို သိ၍ အာသဝေါ တရားမရှိဘဲ ငြိမ်းအေးရလေ၏။
ဗုဒ္ဓ'(စူဠ၀ါပါဠိတော်မြန်မာပြန်၊ သေနာသနက္ခန္ဓက)
မြန်မာနိုင်ငံသားဆရာတော်ဒေါက်တာအရှင်စန္ဒိမာသည် အိန္ဒိယနိုင်ငံ၊ဗာရာဏသီမြို့၊သက္ကတတက္ကသိုလ်မှ ပါဠိစာပေဆိုင်ရာပါရဂူ(PhD)ဘွဲ့ကို ၂၀၁၀ ခုနှစ်တွင် ဆွတ်ခူးအောင်မြင်တော်မူခဲ့ပြီး ၂၀၁၁ ခုနှစ်တွင်
အိန္ဒိယနိုင်ငံ၏ ပထမဆုံးနှင့် တစ်ပါးတည်းသော စာပေပါရဂူတန်း(DLitt)တက်ခွင့်ရမြန်မာအမျိုးသားရဟန်းတော်အဖြစ် မှတ်တမ်းဝင်ခဲ့ပါသည်။
ယခုအခါ ဆရာတော်ဒေါက်တာအရှင်စန္ဒိမာသည် စာပေပါရဂူ(DLitt)ဘွဲ့အတွက် သုတေသနကျမ်းပြုစုတော်မူရင်း ဗုဒ္ဓအရှင်သစ္စာလေးပါးသိမြင်တော်မူ၍ စကြာဝဠာလောကအလင်းကိုဆောင်တော်မူရာ အိန္ဒိယနိုင်ငံ၊ဗုဒ္ဓဂယာမြေမြတ်မဟာတွင် အခြေချနေထိုင်သီတင်းသုံးလျက် ကမ္ဘာ့သာသနာပြုတော်မူရန် ရည်သန်ကာ ချမ်းမြေ့စန္ဒီမြန်မာသာသနာပြုကျောင်းတိုက်ကြီး တည်ထောင်ဖွင့်လှစ်နိုင်ရေးအတွက် ဗုဒ္ဓဂယာမဟာဗောဓိစေတီတော်ဝန်းကျင်ဗီယက်နမ်ဗုဒ္ဓဘာသာကျောင်းအနီးမြေကွက်ကို စရံငွေပေးချေ၍ စတင်ဝယ်ယူနေပြီဖြစ်ပါသည်။
သို့ပါ၍ ဆရာတော်ဒေါက်တာအရှင်စန္ဒိမာတည်ထောင်မည့် ဗုဒ္ဓဂယာမြေမြတ်မဟာချမ်းမြေ့စန္ဒီမြန်မာကျောင်းတော်ကြီး
အမြန်ပြီးစီးအောင်မြင်ရေးအတွက် စေတနာသဒ္ဓါတရားထက်သန်သူတိုင်း
၃ စတုရန်းပေ တစ်ကွက်လျှင် မြန်မာငွေ ၃၀၀၀၀ ကျပ်၊
သို့မဟုတ် အိန္ဒိယ ရူပီးငွေ ၂၀၀၀၊
သို့မဟုတ် အမေရိကန် ၄၀ ဒေါ်လာ၊
သို့မဟုတ် စင်ကာပူ ၅၀ ဒေါ်လာဖြင့်
သာသနာဘူမိ၊ဓမ္မဘူမိ သာသနာ့အောင်မြေ၊ဓမ္မအောင်မြေတစ်ကွက်စီလှူဒါန်းနိုင်ကြပြီး
ထိုအစီအစဉ်အရ သဒ္ဓါကြည်လင်၊ပါရမီကုသိုလ်တော်ရှင်များအနေဖြင့်
မိမိတို့၏ စေတနာသဒ္ဓါတရားအလျောက် နည်းများမဟူ လှူဒါန်းတော်မူကြပါရန် နိဗ္ဗာန်အကျိုးမျှော်၍
နှိုးဆော်အပ်ပါသည်။
ယင်းသို့ထူးမြတ်သောသာသနာတွင်းမဇ္ဈိမဒေသအလှူတွင် ပါရမီတော်ယူ၊ကုသိုလ်တော်ပါဝင်နိုင်ကြရန်အတွက်လည်း မြန်မာနိုင်ငံအနှံ့အပြားတွင် ဆက်သွယ်လှူဒါန်းရာဌာနများ ဖွင့်လှစ်ထားရှိပါသည်။
ဆက်သွယ်လှူဒါန်းရန်ဌာနများ
---------------------
၁) ဒေါက်တာအရှင်စန္ဒိမာ
အခန်း (၁၉ ) ဆန်ဆခရစ်တက္ကသိုလ်၊ဗာရာဏသီမြို့၊ အိန္ဒိယနိုင်ငံ၊
ဖုန်း ၀၀-၉၁-၉၉ ၅၆၄၈၃၇၈၅၊
၂)ဆရာတော်ဘဒ္ဒန္တကောဝိဒဓဇ
ကျောက်ကုန်းတောရမေဒိနီစာသင်တိုက်
ကျောင်းသစ်ဆောင်
(၁၄)ရပ်ကွက် ရန်ကင်းမြို့နယ်၊ရန်ကုန်
ဖုန်း၀၉ ၇၃၁၇၅၃၂၃
၃)ဆရာတော်ဘဒ္ဒန္တအဂ္ဂ၀ရ
ဓမ္မရက္ခိတဖြူးမဟာစည်သာသနာ့ရိပ်သာ
အမှတ်(၂)ရပ်ကွက်၊ ကမာရွတ်ဘူတာရုံအနီး၊ အေးရိပ်မွန်ရိပ်သာ
လှိုင်မြို့နယ်၊ ရန်ကုန်
ဖုန်း ၀၉၅၃၉ ၀၄၁၇ ၊ ၀၁-၅၃၀၀၆၈၊ ၅၃၀၁၁၃
၎)ဒေါက်တာဝိလာသ
ဓမ္မပါရဂူကျောင်းတိုက်
ကာယ (၁၂) ၊ ဥာဏရပ်ကွက်
ပုလဲမြို့သစ်
မင်္ဂလာဒုံမြို့နယ်
ရန်ကုန်
ဖုန်း ၀၉ ၇၃၁၂၈၆၃၃၊၀၉ ၅၄၀၇၀၀၆
၅)ဒေါက်တာဝိစိတ္တ
ဝိစိတ္တာရာမဗုဒ္ဓဂယာကျောင်း
ငါးထပ်ကြီးတိုက်၊ဗဟန်မြို့နယ်၊ ရန်ကုန်
ဖုန်း ၀၉ ၅၀၂ ၈၉ ၁၁
၆) ဆရာတော်ဘဒ္ဒန္တအာလောကာစာရ
ရွှေဖောင်ဦးပရိယတ္တိစာသင်တိုက်
ရန်ကြီးအောင်ရပ်ကွက်
ထန်းတပင်ဇီးကုန်း
ကန့်ဘလူမြို့နယ်
စစ်ကိုင်းတိုင်းဒေသကြီး
ဖုန်း ၀၉ ၄၇၁၃၅၄၁၃
၇)ကျော်အောင်စံထားနှင့် သုခချမ်းသာမဇ္ဈိမဒေသဘုရားဖူးအဖွဲ့
ဦးမြတ်စိုး-ဒေါ်သူဇာညွန့်
အမှတ် ၂၂ မြေညီထပ်၊ ဇမ္ဗူရာဇ်လမ်း၊ ကျွန်းတော(တောင်)ရပ်ကွက်၊ စမ်းချောင်းမီးသတ်အနီး၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့
ဖုန်း၊ ၀၁ ၊ ၅၀၂၃၆၅ ၀၁၊၅၁၀၆၉ ၅ ၊ ၀၉ ၅၀၇၇၉ ၈၄၊၀၉ ၄၂၀၀၉ ၀၃၉ ၉ ၊
မန္တလေးဖုန်း၊ ၀၂-၃၆၈၀၀ ၊၀၉ ၂၀၅၁၃၅၉
၈)OD Tour ခရီးသွားလုပ်ငန်း
ဦးအေးသိန်း
အမှတ် ၅၃ ၊ ကျွန်းတောလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်
ဖုန်း၊ ၀၁-၅၃၆၈၅၅၊၅၂၃၁၈၇၊၅၀၄၈၀၈၊၅၂၆၃၄၉
၉ )ဦးအောင်ဝင်း+ဒေါ်မြင့်မြင့်ခင်
မွန်မလေးစတိုး
အမှတ်(၁၀၅၂)
ဘုရင့်နောင်လမ်း၊ ၅/၆ ရပ်ကွက်
ရွှေပြည်သာမြို့နယ်၊
ရန်ကုန်
ဖုန်း။ ၀၉ ၅၁၁၆၁၈၅၊ ၀၉ ၄၅၀၀၀၅၂၈၅
၀၁-၆၁၀၆၂၄
၁၀) ဦးကျင်ဟင်း-ဒေါ်ကျင်ပို့
အမှတ်(၁၀၁) ၄ ရပ်ကွက်
ဒုတိယလမ်း
ဖျာပုံမြို့
ဖုန်း ၀၉ ၄၂၂၅ ၅၂၅၀၉ ၊ ၀၄၅-၄၀၄၇၄
၁၁) ဒေါ်သိင်္ဂီစိုး
အော်တိုအိတ်ချိန်းရုံးဝင်း
ဧရာရပ်ကွက်
မြစ်ကြီးနားမြို့
ဖုန်း ၀၉ ၄၃၁၂၁၂၁၈၊၀၇၄-၂၂၄၆၉
၁၂)စင်ကာပူနိုင်ငံ
မဆွေဇင်
ဖုန်း ၀၀-၆၅-၉ ၀၀၅၃၂၄
Saturday, August 17, 2013
လူတော် လူကောင်းများဖြင့် အားဖြည့်နိုင်ကြစေသား
မိမိ တစ်ဦးတည်း၏ ကိုယ်ပိုင်ဘဝ ကြီးပွါးရေးအတွက်သော်လည်းကောင်း၊ မိသားစုဘဝ၏ ကြီးပွါးရေးအတွက်သော်လည်းကောင်း၊ အဖွဲ့အစည်းနှင့် နိုင်ငံတော်၏ ကြီးပွါးတိုးတက်ရေအတွက်သော်လည်းကောင်း လူတော်နှင့်လူကောင်းများလိုအပ်သည်မှာ အမှန်ပင်ဖြစ်သည်။ ယနေ့ကမ္ဘာတွင် ကြီးပွါးတိုးတက်အောင်မြင်နေကြသော အဖွဲ့အစည်းများ၊ ကုမ္မဏီကြီးများနှင့် နိုင်ငံကြီးများသည် လူတော်နှင့် လူကောင်းများကို လူမှန်နေရာမှန်ဖြစ်အောင် အသုံးချနိုင်သည်ကို တွေ့ရမည်ဖြစ်သည်။ လူတော်လူကောင်းများကိုလည်း စဉ်ဆက်မပြတ်မွေးထုတ်ပေးနိုင်ကြသည်။ ဆန့်ကျင်ဘက်အနေဖြင့် ပြောင်းပြန်တွေးလျှင် လူတော်နှင့်လူကောင်းများကို နေရာမှန်အောင် မသုံးတတ်လျှင် သို့မဟုတ် မသုံးနိုင်ကြလျှင် သို့မဟုတ် မရွေးချယ်နိုင်ကြလျှင် သို့မဟုတ် မတော်မကောင်းသူတို့ ရှေ့ တန်းသို့ရောက်နေကြလျှင် ထိုသူ၊ ထိုမိသားစု၊ထိုအဖွဲ့အစည်း၊ ထိုနိုင်ငံသည် ရေရှည်တွင် အောက်ကျနောက်ကျဖြစ်နေမည်မှာ အသေအချာပင်ဖြစ်သည်။ ထိုသို့ အောက်ကျ နောက်ကျဖြစ်ပြီ ဆိုကတည်းက ဘယ်အရာလေးမျှ အဆင်ပြေမည်မဟုတ်တော့။ စည်းကမ်းပိုင်းတွင်းလည်း ဖရိုဖရဲ၊ ကိုယ်ကျင့်ပိုင်းတွင်လည်း ကျိုးကျိုးပဲ့ပဲ့၊ ရည်မှန်းချက်ပိုင်းတွင်လည်း ရေတိုရေရှည်မသဲကွဲ၊ လုပ်ဆောင်မှုပိုင်းတွင်လည်း အကွဲကွဲအပြဲပြဲ၊ တွေးခေါ်မှုပိုင်းတွင်လည်း မနက်နဲ၊ ဖြစ်ပေါ်လာမည့် အကျိုးဆက်ပိုင်းကိုလည်း သဲသဲကွဲကွဲ မသိဘဲ မှောင်နဲ့မဲမဲတွင် စမ်းတဝါးဝါးလမ်းလျှောက်ရသော မျက်မမြင်ကဲ့သို့ ဖြစ်ချေမည်။
   မြတ်ဗုဒ္ဓ၏သာသနာတော်မြတ်ကြီးသည် ဘုရားရှင်၏လက်ထက်တော်မှာပင် အရင်ရှိနှင့်ပြီးဖြစ်သော ဂိုဏ်းဆရာကြီးတို့၏ အရှိန်အဟုန်နှင့် အောင်မြင်မှုတို့ကို အလျင်အမြန် ကျော်ဖြတ်နိုင်ခဲ့သည်။ အကြောင်းမှာ ထိပ်တန်းလူတော်နှင့်လူကောင်းဖြစ်သော အရှင်သာရိပုတ္တရာနှင့် အရှင်မဟာ မောဂ္ဂလာန်တို့ကို သာသနာတော်ဝယ် ထိပ်တန်းနေရာကိုပေး၍ လူမှန်နေရာမှန်ကို အသုံးချနိုင်ခဲ့ခြင်းသည် အဓိကကျသော အချက်ဖြစ်သည်ဟု ဆိုချင်သည်။ အမှန်စင်စစ် ပဉ္စဝဂ္ဂီငါးဦးတို့တွင် အရှင်ကောဏ္ဍညသည် သာသနာတော်ဝယ် ဘုရားရှင်ပြီးလျှင် ဝါတော်အကြီးဆုံးဖြစ်သည်။ ရဟန်းတို့၏ ကိုယ့်ကျင့်သီလနှင့်ပြည့်စုံသော လူကောင်း ရဟန်းကောင်းတစ်ပါးလည်းဖြစ်သည်။ သို့သော် ပညာအရာဝယ် ဧတဒဂ်အရာထားနိုင် ပေးအပ်နိုင်လောက်သည့် အရည်အချင်းမရှိပေ။ ပညာအရာ ဧတဒဂ် ပေးအပ်နိုင်လောက်သည့် လူတတ် လူတော် ရဟန်းတစ်ပါး မဟုတ်ချေ။ ထို့ကြောင့် အလွန်အရေးပါသော ပညာအရာဧတဒဂ်ကို မြတ်ဗုဒ္ဓက မအပ်နှင်းခဲ့ချေ။ ဆိုလိုသည်မှာ လူနှင့်နေရာကို ဟန်ချက်ညီ သဟဇာတဖြစ်အောင် အသုံးချနိုင်ခဲ့သောကြောင့် မြတ်ဗုဒ္ဓ၏ သံဃအဖွဲ့အစည်းကြီးသည် အလျင်အမြန်တိုးတက် ပြန့်ပွါး ထွန်းကားခဲ့သည်။ ယနေ့ထိတိုင်အောင်လည်း တည်တံ့ထွန်းကားဆဲဖြစ်သည်။ ကမ္ဘာ့ပထမဆုံးသော ဒီမိုကရေစီ စံနစ်ကိုကျင့်သုံးသည့် အဖွဲ့အစည်းလည်းဖြစ်သည်။ ( ရဟန်းဖြစ်ဘို့အတွက် တစ်ဦးတစ်ယောက်၏ အမိန့်အာဏာကို အသုံးမပြုရဘဲ သိမ်ထဲတွင် ရဟန်းတော်အားလုံး၏ ဆန္ဒနှင့်ကိုက်ညီမှသာ ရဟန်းအဖြစ်ကိုရသောကြောင့် ဤစကားကို ဆိုခြင်းဖြစ်သည်။ )
   ထို့ပြင် ဘီစီသုံးရာစုတွင် အသောကဘုရင်၏ ကိုးတိုင်းကိုးဌာန သာသနာပြုလုပ်ငန်းစဉ်တွင်လည်း ထို့အတူ လူမှန်နေရာမှန်ကို အသုံးချနိုင်ခြင်းကြောင့် သာသနာတော်သည် အိန္ဒိယနိုင်ငံ၏အပြင်ဘက်သို့ ရောက်ရှိပြန့်နှံ့ခဲ့သည်မှာ အထင်အရှားဖြစ်သည်။ သီရိလင်္ကာတွင် အရှင်မဟာ မဟိန္ဒနှင့် ဒေဝါနံပိယတိဿတို့၏ လက်တွဲညီစွာလူနှင့် နေရာမှန်ကို အသုံးပြုနိုင်ခဲ့ကြခြင်းကြောင့် သာသနာရေးနှင့်နိုင်ငံရေးတို့ အထက်တန်းကျကျအောင်မြင်ခဲ့သလို ပုဂံခေတ်တွင်လည်း အနော်ရထာနှင့် ရှင်အရဟံခေါ် အရှင်ဓမ္မဒဿီတို့၏ လူနှင့်နေရာကို ဟန်ချက်ညီအောင် အသုံးပြုနိုင်ခြင်းကြောင့် နိုင်ငံရေးနှင့်သာသနာရေး အောင်မြင်ခဲ့သည်မှာလည်း ဂုဏ်ယူဖွယ်နှင့် အတုယူဖွယ်ရာပင်ဖြစ်သည်။ တနည်းဆိုသော် လူတော်နှင့်လူကောင်းတို့ကို သာသနာရေးနှင့် နိုင်ငံရေးနယ်ပယ်တွင် တွင်ကျယ်အောင် နေရာပေးခဲ့သည်။ ဤသည့်သမိုင်းတို့သည် ယနေ့ခေတ်မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့်သာသနာရေးကို သင်္ခန်းစာရစေရန် မီးမောင်းထိုးပြရာလည်းရောက်သလို ပြက်ရယ်ပြုသယောင်လည်း ဖြစ်နေသည်ဟု မိမိပုဂ္ဂလိကအနေဖြင့်ခံစားရမိသည်။
  ထို့ပြင် သောဏဒဏ္ဍပုဏ္ဏားကြီးသည် မြတ်ဗုဒ္ဓ၏ရှေ့ တော်မှောက်ဝယ် ပုဏ္ဏားဖြစ်ရန် အင်္ဂါငါးချက်တွင် အမျိုးဇာတ်၊ အတတ်ပညာနှင့် ရုပ်အဆင်းတို့ကို ချန်ထား၍ရသော်လည်း ကိုယ်ကျင့်သီလနှင့် အသိပညာကို ချန်လှပ်၍ မရနိုင်ကြောင်းကို လျှောက်ထားခဲ့သည်။ ထိုခေတ်ထိုအခါကမှစ၍ ယနေ့ခေတ်တိုင်အောင် အိန္ဒိယနိုင်ငံတွင် ပုဏ္ဏားမျိုးဟူသည် လူ့မလိုင်များဖြစ်သည်။အထက်တန်းလွှာဖြစ်သည်။ ထိုအထက်တန်းလူတန်းစားဟု သတ်မှတ်နိုင်ရေးအတွက် ( ပုဏ္ဏားအလို) သီလနှင့်အသိပညာသည် မရှိမဖြစ်သော အချက်ဖြစ်လေ၏။ ထိုအချက်ကို မြတ်ဗုဒ္ဓကလည်း ထောက်ခံခဲ့သည်။ အမှန်စင်စစ် ကိုယ်ကျင့်သီလနှင့်ပြည့်စုံသူသည် လူကောင်းတစ်ယောက်ဖြစ်၏။ နှလုံးလှသူဟုလည်း ဆိုနိုင်၏။ သို့သော် လူတော်တစ်ယောက်တော့ ဟုတ်ချင်မှဟုတ်ပေမည်။ တဖန် အသိပညာ အတတ်ပညာတို့နှင့်ပြည့်စုံသူသည် လူတော်တစ်ယောက်ဖြစ်၏။ သို့သော် လူကောင်းတစ်ယောက်တော့ ဖြစ်ချင်မှဖြစ်ပေမည်။ ကိုယ်ကျင့်သီလရော ပညာပါနှစ်ခုလုံးပြည့်စုံသူသည် လူတော် လူကောင်းဖြစ်၏။ တော်လည်းတော် ကောင်းလည်းကောင်းပါမှသာ မိမိအတွက်ရော လောကကြီးအတွက်ပါ မင်္ဂလာကောင်းကျိုး ပွါးတိုးနိုင်ပေမည်။
    ထို့ကြောင့်ပင် မဃဒေဝမာန်လည်ဆရာတော်ကြီးက " ပညာပြည့်ဝ၊ နှလုံးလှသော်၊ ကိစ္စကြီးငယ်၊ ဆောက်သဖွယ်လျှင်၊ကြီးကျယ်ထွင်းဖေါက်၊ ဖြတ်တောက်လိုရာ၊ ပြီးနိုင်စွာ၏"  ဟုစပ်ဆိုတော်မူခဲ့လေသည်။ မှန်ပါ၏။ ပညာပြည့်ဝခြင်းကြောင့် လူတော်ဖြစ်ရပြီးလျှင် ကိုယ်ကျင့်သီလရှိခြင်းကြောင့် နှလုံးလှသည့် လူကောင်းဖြစ်ရကား ပညာပြည့်ဝ နှလုံးလှသည့် လူတော်လူကောင်းများသည် မိမိတို့အလိုရှိရာ ကောင်းကျိုးကို စွမ်းဆောင်နိုင်မည်မှာ မုချဆတ်ဆတ်ပင်ဖြစ်သည်။ ထိုကဲ့သို့ သီလရော အသိပညာပါ နှစ်ဖက်လှပြည့်ဝကြသည့် လူတော်လူကောင်းများဖြင့် အနာဂတ်မြန်မာ့နိုင်ငံအရေး၊ သာသနာအရေးနှင့် အမျိုးသားရေးတို့အတွက် အဖက်ဖက်မှပြည့်ုစုံအောင် ကြံဆောင်ကြိုးစားသင့်သော အချိန်အခါရောက်နေပေပြီ။ ယခုထက်ပို၍ နောက်မကျသင့်တော့ချေ။ အကြောင်းမှာ နောက်ကျခြင်းမှတ်တိုင်သည် နောက်ဆုံးတွင်ရှိနေသောကြောင့်ပင်ဖြစ်သည်။ ထို့ပြင် မိမိတို့တစ်ဦးချင်းစီအတွက်လည်း ပညာပြည့်ဝ နှလုံးလှသည့် လူတော်လူကောင်းများဖြစ်ဘို့အရေးကြီးသလို မိသားစု၊ အဖွဲ့အစည်း၊
နိုငံနှင့် အမျိုးဘာသာ သာသနာအတွက်လည်း အလွန်ပင်အရေးကြီးလှကြောင်းမှာ အားလုံးသိကြပြီးဖြစ်သည်။
   ယနေ့မြန်မာနိုင်ငံတွင် လူတော်များလည်းရှိကြသလို လူကောင်းများလည်းရှိကြသည်။ တော်လည်းမတော် ကောင်းလည်းမကောင်းကြသူများရှိသလို
 တော်လည်းတော် ကောင်းလည်းကောင်းသူများရှိကြသည်။
ထိုသူများသည် ဒူးနေရာဒူး တော်နေရာတော် ဖြစ်ကြပါရဲ့လား။ ဤကိစ္စသည် အလေးအနက်ထား၍ စဉ်းစားကျင့်သုံးရမည့် ကိစ္စဖြစ်သည်ကို အမြဲသတိပြုအပ်ပေသည်။  မြတ်ဗုဒ္ဓသည် လူနှင့်နေရာသင့်တော်အောင် သို့မဟုတ် အရည်အချင်းနှင့်ရာထူး ကိုက်ညီအောင် ခန့်အပ်သည့်နေရာတွင် အနှိုင်းမဲ့ဖြစ်တော်မူပါပေသည်။ ထို့ကြောင့်ပင် သံဃအဖွဲ့အစည်းသည် မြတ်ဗုဒ္ဓလက်ထက်တော်အခါဝယ် အနှိုင်းမဲ့ စံပြုထိုက်သော အဖွဲ့အစည်းဖြစ်ခဲ့သည်။ ယနေ့မြန်မာနိုင်ငံရှိ သံဃအဖွဲ့အစည်းသည် အမှန်တကယ် ပညာပြည့်ဝ နှလုံးလှသူတို့၏ ဦးဆောင်မှုကို ခံနေရပါသလော။ ဤအချက်သည်လည်း အစဉ်အမြဲ အလေးအနက်ထား၍ စဉ်းစားရမည့်အချက်ပင်ဖြစ်သည်။ အမျိုးဘာသာ သာသနာနှင့် နိုင်ငံကောင်းကျိုးအတွက် နိုင်ငံရေးခေါင်းဆောင်နှင့် သာသနာရေးခေါင်းဆောင်တို့သည် အလွန်အရေးကြီးလှပါ၏။ နိုင်ငံရေးခေါင်းဆောင်နေရာတွင်လည်း လူတော်လူကောင်းများ အင်အားကောင်းနေဘို့လိုအပ်သလို သာသနာရေးခေါင်းကြီးပိုင်းတွင်လည်း ပညာပြည့်ဝ နှလုံးလှသည့် နှစ်ဘက်လှရဟန်းတော်များ အားပြည့်နေဘို့ အမှန်ပင်လိုအပ်နေပါသည်။ သို့မှသာ အနာဂတ်မြန်မာနိုင်ငံတော်၏ အမျိုးဘာသာ သာသနာနှင့် နိုင်ငံ့အရေး စိတ်အေးကြရမည်ဖြစ်သလို ဂုဏ်လည်းယူနိုင်ကြပေမည်။
  တိုင်းပြည်ကိုတည်ဆောက်ရာဝယ် နိုင်ငံရေးနှင့် သာသနာရေးတို့ ဟန်ချက်ညီဘို့ အထူးလိုအပ်သည်ဟု ယူဆပါသည်။ အကြောင်းမှာ နိုင်ငံရေးသက်သက်ကိုသာ နားလည်၍ သာသနာရေးအမြင်အားနဲသော ခေါင်းဆောင်များတက်လာသောအခါ သာသနာတော် ညှိုးနွမ်းနစ်နာနိုင်သောကြောင့်ဖြစ်သည်။ တဖန် သာသနာရေးအမြင်သာရှိ၍ နိုင်ငံရေးအမြင်အားနဲသော ခေါင်းဆောင်တို့တက်လာသောအခါတွင်လည်း
 နိုင်ငံရော သာသနာပါ ထိခိုက်စေနိုင်သောကြောင့်ဖြစ်သည်။ ဤကဲ့သို့ ထိခိုက်နစ်နာခဲ့ရသည့် သာဓကများမှာ မြန်မာ့သမိုင်းတွင်ရော ကမ္ဘာ့သမိုင်းမှာပါ အထင်အရှားရှိခဲ့သည်။ အထူးသဖြင့် မိမိတို့မြန်မာနိုင်ငံသည် ထေရဝါဒထွန်းကားသော ဗုဒ္ဓဘာသာနိုင်ငံတော်ဖြစ်သည်။ မြတ်ဗုဒ္ဓသာသနာတော်တွင်းရှိ တရားတော်များသည် အလွန်ပင် နူးညံ့သိမ်မွေ့ပါသည်။ နက်နဲလွန်းလှသည်။ ကိုယ်ကျင့်ပိုင်း၊ အတွေးအခေါ်ပိုင်း၊ ထိုးထွင်းသိအပိုင်း၊ လောကုတ္တရာအပိုင်း၊ လောကီအပိုင်း၊ သိပ္ဂံနည်းကျသည့်အပိုင်း၊ လက်တွေ့ ဥာဏ်တွေ့အပိုင်း စသည်စသည်တို့ဖြင့် ပြည့်ဝစုံလင်လှသည်။ ဓမ္မ ရသအလှပေါင်းစုံတို့ဖြင့် ဝေဖြာတင့်တယ်လှသည်။ မြတ်ဗုဒ္ဓတရားတော်လောက် ပြည့်ဝစုံလင်သော တရားတော်များရှိလျှင် ပြစမ်းပါ။ သိချင်စမ်းလှပါသည်။ အမှန်စင်စစ် မြတ်ဗုဒ္ဓ၏ တရားတော်လောက် စုံလင်ပြည့်ဝသည့်တရားတော်ဟူ၍ ဤကမ္ဘာတွင် မရှိနိုင်တော့ပါ။ ထိုကဲ့သို့ ပြီးပြည့်စုံကာ တန်ဘိုးကြီးမားလှသည့် တရားတော်တို့ကို ခေတ်အဆက်ဆက် နှစ်ပေါင်း ၂၆၀၀ ကျော်တိုင်အောင် ယနေ့အထိ သယ်ဆောင်ခဲ့သော သံဃာတော်အပေါင်းကိုလည်း အထူးပင်ရိုသေလေးစားထိုက်လှပါသည်။
 ထို့ကြောင့် ပညာပြည့်ဝ နှလုံးလှသည့် လူတော်လူကောင်းများ၊ ရဟန်းတော် ရဟန်းကောင်းများဖြင့် နိုင်ငံတော်နှင့် အမျိုးဘာသာ သာသနာတော်ကို လူမှန်နေရာမှန် တာဝန်ယူကြလျှက် တည်ဆောက်နိုင်ကြလျှင် တစ်ချိန်တစ်ခါက ဂုဏ်ယူဝင့်ကြွားစွာ သမိုင်းဂုဏ်ရောင်ပြောင်ခဲ့သည့်နည်းတူ ယနေ့ခေတ်မှသည် နောင်သမိုင်းအဆက်ဆက်တိုင်အောင် ဂုဏ်ရောင်ပြောင်နေမည်သာဖြစ်တော့သည်။ ယနေ့ကြုံတွေ့နေရသော အခက်အခဲ အကြပ်အတည်း  မျိုးစုံမှ လွတ်မြောက်ကာ ဂုဏ်ရောင်ပြောင်အောင် စွမ်းဆောင်နိုင်ကြပါစေဟုလည်း ဆန္ဒပြုမိပါသတည်း။
Tuesday, August 13, 2013
စာအုပ်ထုတ်ဝေခြင်း
မိမိရဲ့ဘလော့ဂ်မှာ "အနှိုင်းမဲ့အဖြည့်ခံ ယသောဓရာ"ဆိုတဲ့ ခေါင်းစဉ်နဲ့
အခန်းဆက်ရေးသားခဲ့တဲ့ ပို့စ်များကို စုစည်း၍ စာအုပ်အဖြစ်ထုတ်ဝေလိုက်ပါပြီ။
သို့သော် ဘလော့ထဲက ခေါင်းစည်းအတိုင်းမဟုတ်တော့ဘဲ နာမည်ပြောင်းထုတ်လိုက်ပါတယ်။
 ခေါင်းစည်းက "အမြင့်မြတ်ဆုံးအမျိုးသမီး သို့မဟုတ် အနှိုင်းမဲ့ အဖြည့်ခံ" လို့ နာမည်ပြောင်းပေးလိုက်ပါတယ်။
ကျေးဇူးအထူးပဲတင်ရှိပါတယ်။
ကိုယ်စိတ်နှစ်ပါးငြိမ်းချမ်းကြပါစေ.....။
***ဓမ္မမိတ်ဆွေများ၏အမှာစကား***