Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Saturday, August 17, 2013

လူတော် လူကောင်းများဖြင့် အားဖြည့်နိုင်ကြစေသား

မိမိ တစ်ဦးတည်း၏ ကိုယ်ပိုင်ဘဝ ကြီးပွါးရေးအတွက်သော်လည်းကောင်း၊ မိသားစုဘဝ၏ ကြီးပွါးရေးအတွက်သော်လည်းကောင်း၊ အဖွဲ့အစည်းနှင့် နိုင်ငံတော်၏ ကြီးပွါးတိုးတက်ရေအတွက်သော်လည်းကောင်း လူတော်နှင့်လူကောင်းများလိုအပ်သည်မှာ အမှန်ပင်ဖြစ်သည်။ ယနေ့ကမ္ဘာတွင် ကြီးပွါးတိုးတက်အောင်မြင်နေကြသော အဖွဲ့အစည်းများ၊ ကုမ္မဏီကြီးများနှင့် နိုင်ငံကြီးများသည် လူတော်နှင့် လူကောင်းများကို လူမှန်နေရာမှန်ဖြစ်အောင် အသုံးချနိုင်သည်ကို တွေ့ရမည်ဖြစ်သည်။ လူတော်လူကောင်းများကိုလည်း စဉ်ဆက်မပြတ်မွေးထုတ်ပေးနိုင်ကြသည်။ ဆန့်ကျင်ဘက်အနေဖြင့် ပြောင်းပြန်တွေးလျှင် လူတော်နှင့်လူကောင်းများကို နေရာမှန်အောင် မသုံးတတ်လျှင် သို့မဟုတ် မသုံးနိုင်ကြလျှင် သို့မဟုတ် မရွေးချယ်နိုင်ကြလျှင် သို့မဟုတ် မတော်မကောင်းသူတို့ ရှေ့ တန်းသို့ရောက်နေကြလျှင် ထိုသူ၊ ထိုမိသားစု၊ထိုအဖွဲ့အစည်း၊ ထိုနိုင်ငံသည် ရေရှည်တွင် အောက်ကျနောက်ကျဖြစ်နေမည်မှာ အသေအချာပင်ဖြစ်သည်။ ထိုသို့ အောက်ကျ နောက်ကျဖြစ်ပြီ ဆိုကတည်းက ဘယ်အရာလေးမျှ အဆင်ပြေမည်မဟုတ်တော့။ စည်းကမ်းပိုင်းတွင်းလည်း ဖရိုဖရဲ၊ ကိုယ်ကျင့်ပိုင်းတွင်လည်း ကျိုးကျိုးပဲ့ပဲ့၊ ရည်မှန်းချက်ပိုင်းတွင်လည်း ရေတိုရေရှည်မသဲကွဲ၊ လုပ်ဆောင်မှုပိုင်းတွင်လည်း အကွဲကွဲအပြဲပြဲ၊ တွေးခေါ်မှုပိုင်းတွင်လည်း မနက်နဲ၊ ဖြစ်ပေါ်လာမည့် အကျိုးဆက်ပိုင်းကိုလည်း သဲသဲကွဲကွဲ မသိဘဲ မှောင်နဲ့မဲမဲတွင် စမ်းတဝါးဝါးလမ်းလျှောက်ရသော မျက်မမြင်ကဲ့သို့ ဖြစ်ချေမည်။

   မြတ်ဗုဒ္ဓ၏သာသနာတော်မြတ်ကြီးသည် ဘုရားရှင်၏လက်ထက်တော်မှာပင် အရင်ရှိနှင့်ပြီးဖြစ်သော ဂိုဏ်းဆရာကြီးတို့၏ အရှိန်အဟုန်နှင့် အောင်မြင်မှုတို့ကို အလျင်အမြန် ကျော်ဖြတ်နိုင်ခဲ့သည်။ အကြောင်းမှာ ထိပ်တန်းလူတော်နှင့်လူကောင်းဖြစ်သော အရှင်သာရိပုတ္တရာနှင့် အရှင်မဟာ မောဂ္ဂလာန်တို့ကို သာသနာတော်ဝယ် ထိပ်တန်းနေရာကိုပေး၍ လူမှန်နေရာမှန်ကို အသုံးချနိုင်ခဲ့ခြင်းသည် အဓိကကျသော အချက်ဖြစ်သည်ဟု ဆိုချင်သည်။ အမှန်စင်စစ် ပဉ္စဝဂ္ဂီငါးဦးတို့တွင် အရှင်ကောဏ္ဍညသည် သာသနာတော်ဝယ် ဘုရားရှင်ပြီးလျှင် ဝါတော်အကြီးဆုံးဖြစ်သည်။ ရဟန်းတို့၏ ကိုယ့်ကျင့်သီလနှင့်ပြည့်စုံသော လူကောင်း ရဟန်းကောင်းတစ်ပါးလည်းဖြစ်သည်။ သို့သော် ပညာအရာဝယ် ဧတဒဂ်အရာထားနိုင် ပေးအပ်နိုင်လောက်သည့် အရည်အချင်းမရှိပေ။ ပညာအရာ ဧတဒဂ် ပေးအပ်နိုင်လောက်သည့် လူတတ် လူတော် ရဟန်းတစ်ပါး မဟုတ်ချေ။ ထို့ကြောင့် အလွန်အရေးပါသော ပညာအရာဧတဒဂ်ကို မြတ်ဗုဒ္ဓက မအပ်နှင်းခဲ့ချေ။ ဆိုလိုသည်မှာ လူနှင့်နေရာကို ဟန်ချက်ညီ သဟဇာတဖြစ်အောင် အသုံးချနိုင်ခဲ့သောကြောင့် မြတ်ဗုဒ္ဓ၏ သံဃအဖွဲ့အစည်းကြီးသည် အလျင်အမြန်တိုးတက် ပြန့်ပွါး ထွန်းကားခဲ့သည်။ ယနေ့ထိတိုင်အောင်လည်း တည်တံ့ထွန်းကားဆဲဖြစ်သည်။ ကမ္ဘာ့ပထမဆုံးသော ဒီမိုကရေစီ စံနစ်ကိုကျင့်သုံးသည့် အဖွဲ့အစည်းလည်းဖြစ်သည်။ ( ရဟန်းဖြစ်ဘို့အတွက် တစ်ဦးတစ်ယောက်၏ အမိန့်အာဏာကို အသုံးမပြုရဘဲ သိမ်ထဲတွင် ရဟန်းတော်အားလုံး၏ ဆန္ဒနှင့်ကိုက်ညီမှသာ ရဟန်းအဖြစ်ကိုရသောကြောင့် ဤစကားကို ဆိုခြင်းဖြစ်သည်။ )

   ထို့ပြင် ဘီစီသုံးရာစုတွင် အသောကဘုရင်၏ ကိုးတိုင်းကိုးဌာန သာသနာပြုလုပ်ငန်းစဉ်တွင်လည်း ထို့အတူ လူမှန်နေရာမှန်ကို အသုံးချနိုင်ခြင်းကြောင့် သာသနာတော်သည် အိန္ဒိယနိုင်ငံ၏အပြင်ဘက်သို့ ရောက်ရှိပြန့်နှံ့ခဲ့သည်မှာ အထင်အရှားဖြစ်သည်။ သီရိလင်္ကာတွင် အရှင်မဟာ မဟိန္ဒနှင့် ဒေဝါနံပိယတိဿတို့၏ လက်တွဲညီစွာလူနှင့် နေရာမှန်ကို အသုံးပြုနိုင်ခဲ့ကြခြင်းကြောင့် သာသနာရေးနှင့်နိုင်ငံရေးတို့ အထက်တန်းကျကျအောင်မြင်ခဲ့သလို ပုဂံခေတ်တွင်လည်း အနော်ရထာနှင့် ရှင်အရဟံခေါ် အရှင်ဓမ္မဒဿီတို့၏ လူနှင့်နေရာကို ဟန်ချက်ညီအောင် အသုံးပြုနိုင်ခြင်းကြောင့် နိုင်ငံရေးနှင့်သာသနာရေး အောင်မြင်ခဲ့သည်မှာလည်း ဂုဏ်ယူဖွယ်နှင့် အတုယူဖွယ်ရာပင်ဖြစ်သည်။ တနည်းဆိုသော် လူတော်နှင့်လူကောင်းတို့ကို သာသနာရေးနှင့် နိုင်ငံရေးနယ်ပယ်တွင် တွင်ကျယ်အောင် နေရာပေးခဲ့သည်။ ဤသည့်သမိုင်းတို့သည် ယနေ့ခေတ်မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့်သာသနာရေးကို သင်္ခန်းစာရစေရန် မီးမောင်းထိုးပြရာလည်းရောက်သလို ပြက်ရယ်ပြုသယောင်လည်း ဖြစ်နေသည်ဟု မိမိပုဂ္ဂလိကအနေဖြင့်ခံစားရမိသည်။

  ထို့ပြင် သောဏဒဏ္ဍပုဏ္ဏားကြီးသည် မြတ်ဗုဒ္ဓ၏ရှေ့ တော်မှောက်ဝယ် ပုဏ္ဏားဖြစ်ရန် အင်္ဂါငါးချက်တွင် အမျိုးဇာတ်၊ အတတ်ပညာနှင့် ရုပ်အဆင်းတို့ကို ချန်ထား၍ရသော်လည်း ကိုယ်ကျင့်သီလနှင့် အသိပညာကို ချန်လှပ်၍ မရနိုင်ကြောင်းကို လျှောက်ထားခဲ့သည်။ ထိုခေတ်ထိုအခါကမှစ၍ ယနေ့ခေတ်တိုင်အောင် အိန္ဒိယနိုင်ငံတွင် ပုဏ္ဏားမျိုးဟူသည် လူ့မလိုင်များဖြစ်သည်။အထက်တန်းလွှာဖြစ်သည်။ ထိုအထက်တန်းလူတန်းစားဟု သတ်မှတ်နိုင်ရေးအတွက် ( ပုဏ္ဏားအလို) သီလနှင့်အသိပညာသည် မရှိမဖြစ်သော အချက်ဖြစ်လေ၏။ ထိုအချက်ကို မြတ်ဗုဒ္ဓကလည်း ထောက်ခံခဲ့သည်။ အမှန်စင်စစ် ကိုယ်ကျင့်သီလနှင့်ပြည့်စုံသူသည် လူကောင်းတစ်ယောက်ဖြစ်၏။ နှလုံးလှသူဟုလည်း ဆိုနိုင်၏။ သို့သော် လူတော်တစ်ယောက်တော့ ဟုတ်ချင်မှဟုတ်ပေမည်။ တဖန် အသိပညာ အတတ်ပညာတို့နှင့်ပြည့်စုံသူသည် လူတော်တစ်ယောက်ဖြစ်၏။ သို့သော် လူကောင်းတစ်ယောက်တော့ ဖြစ်ချင်မှဖြစ်ပေမည်။ ကိုယ်ကျင့်သီလရော ပညာပါနှစ်ခုလုံးပြည့်စုံသူသည် လူတော် လူကောင်းဖြစ်၏။ တော်လည်းတော် ကောင်းလည်းကောင်းပါမှသာ မိမိအတွက်ရော လောကကြီးအတွက်ပါ မင်္ဂလာကောင်းကျိုး ပွါးတိုးနိုင်ပေမည်။

    ထို့ကြောင့်ပင် မဃဒေဝမာန်လည်ဆရာတော်ကြီးက " ပညာပြည့်ဝ၊ နှလုံးလှသော်၊ ကိစ္စကြီးငယ်၊ ဆောက်သဖွယ်လျှင်၊ကြီးကျယ်ထွင်းဖေါက်၊ ဖြတ်တောက်လိုရာ၊ ပြီးနိုင်စွာ၏"  ဟုစပ်ဆိုတော်မူခဲ့လေသည်။ မှန်ပါ၏။ ပညာပြည့်ဝခြင်းကြောင့် လူတော်ဖြစ်ရပြီးလျှင် ကိုယ်ကျင့်သီလရှိခြင်းကြောင့် နှလုံးလှသည့် လူကောင်းဖြစ်ရကား ပညာပြည့်ဝ နှလုံးလှသည့် လူတော်လူကောင်းများသည် မိမိတို့အလိုရှိရာ ကောင်းကျိုးကို စွမ်းဆောင်နိုင်မည်မှာ မုချဆတ်ဆတ်ပင်ဖြစ်သည်။ ထိုကဲ့သို့ သီလရော အသိပညာပါ နှစ်ဖက်လှပြည့်ဝကြသည့် လူတော်လူကောင်းများဖြင့် အနာဂတ်မြန်မာ့နိုင်ငံအရေး၊ သာသနာအရေးနှင့် အမျိုးသားရေးတို့အတွက် အဖက်ဖက်မှပြည့်ုစုံအောင် ကြံဆောင်ကြိုးစားသင့်သော အချိန်အခါရောက်နေပေပြီ။ ယခုထက်ပို၍ နောက်မကျသင့်တော့ချေ။ အကြောင်းမှာ နောက်ကျခြင်းမှတ်တိုင်သည် နောက်ဆုံးတွင်ရှိနေသောကြောင့်ပင်ဖြစ်သည်။ ထို့ပြင် မိမိတို့တစ်ဦးချင်းစီအတွက်လည်း ပညာပြည့်ဝ နှလုံးလှသည့် လူတော်လူကောင်းများဖြစ်ဘို့အရေးကြီးသလို မိသားစု၊ အဖွဲ့အစည်း၊
နိုငံနှင့် အမျိုးဘာသာ သာသနာအတွက်လည်း အလွန်ပင်အရေးကြီးလှကြောင်းမှာ အားလုံးသိကြပြီးဖြစ်သည်။

   ယနေ့မြန်မာနိုင်ငံတွင် လူတော်များလည်းရှိကြသလို လူကောင်းများလည်းရှိကြသည်။ တော်လည်းမတော် ကောင်းလည်းမကောင်းကြသူများရှိသလို
 တော်လည်းတော် ကောင်းလည်းကောင်းသူများရှိကြသည်။
ထိုသူများသည် ဒူးနေရာဒူး တော်နေရာတော် ဖြစ်ကြပါရဲ့လား။ ဤကိစ္စသည် အလေးအနက်ထား၍ စဉ်းစားကျင့်သုံးရမည့် ကိစ္စဖြစ်သည်ကို အမြဲသတိပြုအပ်ပေသည်။  မြတ်ဗုဒ္ဓသည် လူနှင့်နေရာသင့်တော်အောင် သို့မဟုတ် အရည်အချင်းနှင့်ရာထူး ကိုက်ညီအောင် ခန့်အပ်သည့်နေရာတွင် အနှိုင်းမဲ့ဖြစ်တော်မူပါပေသည်။ ထို့ကြောင့်ပင် သံဃအဖွဲ့အစည်းသည် မြတ်ဗုဒ္ဓလက်ထက်တော်အခါဝယ် အနှိုင်းမဲ့ စံပြုထိုက်သော အဖွဲ့အစည်းဖြစ်ခဲ့သည်။ ယနေ့မြန်မာနိုင်ငံရှိ သံဃအဖွဲ့အစည်းသည် အမှန်တကယ် ပညာပြည့်ဝ နှလုံးလှသူတို့၏ ဦးဆောင်မှုကို ခံနေရပါသလော။ ဤအချက်သည်လည်း အစဉ်အမြဲ အလေးအနက်ထား၍ စဉ်းစားရမည့်အချက်ပင်ဖြစ်သည်။ အမျိုးဘာသာ သာသနာနှင့် နိုင်ငံကောင်းကျိုးအတွက် နိုင်ငံရေးခေါင်းဆောင်နှင့် သာသနာရေးခေါင်းဆောင်တို့သည် အလွန်အရေးကြီးလှပါ၏။ နိုင်ငံရေးခေါင်းဆောင်နေရာတွင်လည်း လူတော်လူကောင်းများ အင်အားကောင်းနေဘို့လိုအပ်သလို သာသနာရေးခေါင်းကြီးပိုင်းတွင်လည်း ပညာပြည့်ဝ နှလုံးလှသည့် နှစ်ဘက်လှရဟန်းတော်များ အားပြည့်နေဘို့ အမှန်ပင်လိုအပ်နေပါသည်။ သို့မှသာ အနာဂတ်မြန်မာနိုင်ငံတော်၏ အမျိုးဘာသာ သာသနာနှင့် နိုင်ငံ့အရေး စိတ်အေးကြရမည်ဖြစ်သလို ဂုဏ်လည်းယူနိုင်ကြပေမည်။

  တိုင်းပြည်ကိုတည်ဆောက်ရာဝယ် နိုင်ငံရေးနှင့် သာသနာရေးတို့ ဟန်ချက်ညီဘို့ အထူးလိုအပ်သည်ဟု ယူဆပါသည်။ အကြောင်းမှာ နိုင်ငံရေးသက်သက်ကိုသာ နားလည်၍ သာသနာရေးအမြင်အားနဲသော ခေါင်းဆောင်များတက်လာသောအခါ သာသနာတော် ညှိုးနွမ်းနစ်နာနိုင်သောကြောင့်ဖြစ်သည်။ တဖန် သာသနာရေးအမြင်သာရှိ၍ နိုင်ငံရေးအမြင်အားနဲသော ခေါင်းဆောင်တို့တက်လာသောအခါတွင်လည်း
 နိုင်ငံရော သာသနာပါ ထိခိုက်စေနိုင်သောကြောင့်ဖြစ်သည်။ ဤကဲ့သို့ ထိခိုက်နစ်နာခဲ့ရသည့် သာဓကများမှာ မြန်မာ့သမိုင်းတွင်ရော ကမ္ဘာ့သမိုင်းမှာပါ အထင်အရှားရှိခဲ့သည်။ အထူးသဖြင့် မိမိတို့မြန်မာနိုင်ငံသည် ထေရဝါဒထွန်းကားသော ဗုဒ္ဓဘာသာနိုင်ငံတော်ဖြစ်သည်။ မြတ်ဗုဒ္ဓသာသနာတော်တွင်းရှိ တရားတော်များသည် အလွန်ပင် နူးညံ့သိမ်မွေ့ပါသည်။ နက်နဲလွန်းလှသည်။ ကိုယ်ကျင့်ပိုင်း၊ အတွေးအခေါ်ပိုင်း၊ ထိုးထွင်းသိအပိုင်း၊ လောကုတ္တရာအပိုင်း၊ လောကီအပိုင်း၊ သိပ္ဂံနည်းကျသည့်အပိုင်း၊ လက်တွေ့ ဥာဏ်တွေ့အပိုင်း စသည်စသည်တို့ဖြင့် ပြည့်ဝစုံလင်လှသည်။ ဓမ္မ ရသအလှပေါင်းစုံတို့ဖြင့် ဝေဖြာတင့်တယ်လှသည်။ မြတ်ဗုဒ္ဓတရားတော်လောက် ပြည့်ဝစုံလင်သော တရားတော်များရှိလျှင် ပြစမ်းပါ။ သိချင်စမ်းလှပါသည်။ အမှန်စင်စစ် မြတ်ဗုဒ္ဓ၏ တရားတော်လောက် စုံလင်ပြည့်ဝသည့်တရားတော်ဟူ၍ ဤကမ္ဘာတွင် မရှိနိုင်တော့ပါ။ ထိုကဲ့သို့ ပြီးပြည့်စုံကာ တန်ဘိုးကြီးမားလှသည့် တရားတော်တို့ကို ခေတ်အဆက်ဆက် နှစ်ပေါင်း ၂၆၀၀ ကျော်တိုင်အောင် ယနေ့အထိ သယ်ဆောင်ခဲ့သော သံဃာတော်အပေါင်းကိုလည်း အထူးပင်ရိုသေလေးစားထိုက်လှပါသည်။
 ထို့ကြောင့် ပညာပြည့်ဝ နှလုံးလှသည့် လူတော်လူကောင်းများ၊ ရဟန်းတော် ရဟန်းကောင်းများဖြင့် နိုင်ငံတော်နှင့် အမျိုးဘာသာ သာသနာတော်ကို လူမှန်နေရာမှန် တာဝန်ယူကြလျှက် တည်ဆောက်နိုင်ကြလျှင် တစ်ချိန်တစ်ခါက ဂုဏ်ယူဝင့်ကြွားစွာ သမိုင်းဂုဏ်ရောင်ပြောင်ခဲ့သည့်နည်းတူ ယနေ့ခေတ်မှသည် နောင်သမိုင်းအဆက်ဆက်တိုင်အောင် ဂုဏ်ရောင်ပြောင်နေမည်သာဖြစ်တော့သည်။ ယနေ့ကြုံတွေ့နေရသော အခက်အခဲ အကြပ်အတည်း  မျိုးစုံမှ လွတ်မြောက်ကာ ဂုဏ်ရောင်ပြောင်အောင် စွမ်းဆောင်နိုင်ကြပါစေဟုလည်း ဆန္ဒပြုမိပါသတည်း။

0 comments:

Post a Comment

***ဓမ္မမိတ်ဆွေများ၏အမှာစကား***