Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Monday, December 3, 2012

ဗုဒ္ဓဓမ္မနှင့်လူ့အခွင့်အရေး ( ၁၂ ) ဗုဒ္ဓ၏ တန်းတူအခွင့်အအရေးစံ သတ်မှတ်ချက် ( ခ )

ဗုဒ္ဓဓမ္မအရ အရည်အချင်းဟူသည် သဒ္ဓါ သီလ သုတ စာဂ ပညာ ဟိရိ သြတ္တပ္ပ ဟူသော သူတော်ကောင်း တရားခုနစ်ပါးတို့ပင်ဖြစ်၏။ ထိုတရား ခုနစ်ပါးကို မြန်မာမှုပြုပါက ၁။ ယုံကြည်မှုခိုင်မာခြင်း၊ ၂။ ကိုယ်ကျင့်တရားကောင်းမွန်ခြင်း၊ ၃။ အကြားအမြင်ဗဟုသုတ များပြားခြင်း၊ ၄။ စွန့်လွှတ်အနစ်နာခံစိတ်ရှိခြင်း၊ ၅။ ကျိုးကြောင်းဆင်ခြင်နိုင်သည့် ဥာဏ်ပညာရှိခြင်း၊ ၆။ မကောင်းမှု ပြုလုပ်ပြောဆိုကြံစည်ရမည်ကိုရှက်ခြင်းနှင့် ၇။ မကောင်းမှု ပြုလုပ်ပြောဆိုကြံစည်ရမည်ကို ကြောက်လန့်ခြင်းတို့ပင်ဖြစ်၏။ ထိုတရား ခုနစ်ပါးသည် တစ်ခုနှင့်တစ်ခု ခွဲခြား၍ ရကောင်းသော တရားမဟုတ်ချေ။ အမြဲယှဉ်တွဲဆက်စပ်လျှက်ရှိသော တရားတို့ဖြစ်၏။ စိတ်ဓါတ်ရေးရာအရ အထက်တန်းကျ မြင့်မြတ်လှသည့် သူတော်သူမြတ်တို့သာ ထာဝစဉ်ကျင့်သုံးနိုင်သော သဘောတရားတို့ဖြစ်ပါ၏။ လူသားမှန်သမျှတို့၏ ရင်တွင်းနှလုံးသားထဲဝယ် သံမှိုစွဲသကဲ့သို့စွဲရမည်လည်းဖြစ်သလို ဦးခေါင်းတွင်လဲ ထာဝစဉ်ဆင်ခြင်နိုင်သည့် ဥာဏ်ပညာဖြင့် ပန်ဆင်ထားရမည့် တရားများလည်းဖြစ်၏။ လူသားတိုင်း၏ နှလုံးသားနှင့်ဦးနှောက်တို့ဝယ် ထိုတရားများ ကိန်းဝပ်နေပါက အဘယ်မည်သော မကောင်းမှု ဒုစရိုက်ကို တွေ့မြင်နိုင်ပါတော့မည်နည်း။ သာယာငြိမ့်ငြောင်း ပျော်မွေ့ဖွယ် အတိကောင်းသည့်လောကကြီးဖြစ်နေမည်မှာ သေချာလှတော့၏။ ထို့ပြင် အဆိုပါ တရားခုနစ်ပါးသည် လူသားအရင်းအမြစ် စစ်စစ်လဲဖြစ်၏။ ယနေ့ကမ္ဘာဝယ် လူသားအရင်းအမြစ် ဖြစ်ထွန်းပြန့်ပွါးရေးအတွက် မျိုးဆက်သစ်များကိုမွေးထုတ်နေကြရာဝယ် ဤတရားခုနစ်ပါးကိုသာ မျိုးဆက်သစ်တို့၏ နှလုံးသားနှင့် ဦးနှောက်ဝယ် ထည့်သွင်းပေးနိုင်ပါက အမှန်တကယ်အားကိုးလောက်သည့် လူသားအရင်းအမြစ်ပြည့်ဝသော အနာဂတ်ခေါင်းဆောင်များဖြစ်လာကြမှာမလွဲပင်တည်း။ လူ့အခွင့်အရေးချိုးဖောက်မှုဟူသော စကားလုံးသည်လည်း ဤကမ္ဘာမြေမှ အပြီးအပိုင် ပျောက်ကွယ်သွားမည်သာတည်း။ ထို့ပြင် ဤတရားခုနစ်ပါးသည် နိဗ္ဗာန်ရောက်ကြောင်း နတ်ပြည်ရောက်ကြောင်းနှင့်သာသက်ဆိုင်၏။ လူမှုနိုင်ငံရေး စစ်ရေးစသည်တို့နှင့် မဆိုင်ဟု အမြင်ကျဉ်းမြောင်းစွာ ယူဆတတ်ကြသည်လည်း ရှိပါ၏။ အမှန်စင်စစ် ဤတရားခုနစ်ပါးကို သေချာစွာ ဆန်းစစ်ကြည့်ပါက လောကလူမှုနယ်ပယ်အသီးသီး၌ အပြည့်အစုံအသုံးချနိုင်သော စွမ်းရည်ပြည့်သဘောတရားများဖြစ်ပါ၏။ ထို့ကြောင့် မိမိတို့နိုင်ငံဝယ် ဒီမိုကရေစီခေတ်သို့သွားကြသော ယနေ့လို အချိန်အခါမျိုးတွင် ဤသူတော်ကောင်းတရားခုနစ်ပါးသည် မရှိမဖြစ်လိုအပ်ပါ၏။ မကျင့်မဖြစ် ကျင့်သင့်ကြပါ၏။ မသိမဖြစ် သိသင့်လှကြပါ၏။ လူသားအချင်းချင်းခေါင်းပုံဖြတ် သွေးစုပ်ချယ်လှယ်ကာ အမြတ်ကြီးစားနေကြသော မိမိတို့ဗမာပြည်ဝယ် ဤတရားများ ဒီထက်မက ပြန့်ပွါးသင့်လှပါ၏။ ဗုဒ္ဓဘာသာတိုင်းပြည်ဟု ဂုဏ်ယူဝင့်ကြွားပြီး မြတ်ဗုဒ္ဓ၏ လောကကြီးပွါးရေး စီးပွါးရေး သဘောတရားလမ်းစဉ်တို့ကို သွေဖည်ကာ လူသားမဆန်သော Jungle Law အကျင့်များတိုးပွါးလာနေသည်မှာ အလွန်ဝမ်းနည်းဘွယ်ကောင်းသော အချက်ကြီးပင်ဖြစ်တော့၏။ ထို့ပြင် ဤတရားခုနစ်ပါးသည် ကြီးပွါးရေးလမ်းညွန်လည်းဖြစ်၏။ စီးပွါးရေးလမ်းညွန်လည်းဖြစ်၏။ ငြိမ်းချမ်းရေးလမ်းညွန်လည်းဖြစ်၏။ မြင့်မြတ်ရေးလမ်းညွန်လည်းဖြစ်ပါ၏။ သူတော်ကောင်းကျင့်စဉ်လဲဖြစ်၏။ အောင်မြင်ရေးလမ်းညွန်လဲဖြစ်၏။ လူသားအရင်းအမြစ်လဲဖြစ်၏။ အဆင့်မြင့်လူသားအဖြစ်သို့ရောက်အောင်လဲ တင်ပေးနိုင်စွမ်း၏။ သို့ဖြစ်၍ ဗုဒ္ဓဓမ္မအရ အရည်အချင်းပြည့်လူသားဟူသည် ဤတရားခုနစ်ပါး ပြည့်စုံသူပင်ဖြစ်တော့၏။ ဤတရားခုနစ်ပါးကိုသာ နိုင်ငံသားအများစုက ပိုင်ဆိုင်နိုင်အောင် ကြိုးစားကြည့်စမ်းပါ။ ထိုနိုင်ငံသည် အမှန်ပင်တိုးတက် အောင်မြင် အေးချမ်းမည်မှာ မြေကြီးလက်ခတ်မလွဲပင်ဖြစ်ကြောင်း အာမခံပါ၏။ ယနေ့ကြီးပွါးအောင်မြင်နေကြသော ကမ္ဘာ့နိုင်ငံကြီးများကို ကြည့်လျှင် သူတို့၏ လုပ်ထုံးလုပ်နည်းများ ဥပဒေများ စည်းကမ်းများသည် ဤတရားခုနစ်ပါးကို ( အပြည့်အစုံမဟုတ်သော်လည်း ယေဘုယျအားဖြင့် )
 အခြေခံထားကြသည်ကို တွေ့မြင်နိုင်ပါ၏။ ထို့ကြောင့်မြတ်ဗုဒ္ဓသည် ဓမ္မပဒ ဗြဟ္မဏဝဂ်၌ ယဿ ကာယေန ဝါစာယ၊ မနသာ နတ္ထိ ဒုက္ကဋံ။ သံဝုတံ တီဟိ ဌာနေဟိ၊ တမဟံ ဗြူမိ ဗြဟ္မဏံ။ ဟူ၍ ဟောတော်မူပါ၏။ အဓိပ္ပါယ်မှာ ကိုယ်နှုတ်စိတ် သုံးပါးလုံး၌ အပြစ်မဖြစ်အောင် ကျင့်သုံးနေထိုင်သူသည် ဗြဟ္မဏဖြစ်၏ ဟူ၍ဖြစ်ပါ၏။ မှန်၏။ ဤကဲ့သို့သော သူတော်ဥစ္စာခုနစ်ပါးဟု ပြောဆိုနေကြသည့် ကြီးပွါးရေး လမ်းညွန်ခုနစ်ပါးကို အခြေခံကာ နေထိုင်ကျင့်သုံးပါက ဗြဟ္မဏစစ်စစ်များဖြစ်လာကြမည်သာတည်း။ သို့ဆိုလျှင် လူ့အခွင့်အရေး ချိုးဖောက်မှုပြဿနာသည်လည်း ဤကမ္ဘာ ဤလောကမှ ပျောက်ကွယ်သွားတော့မည်သာတည်း။ သို့ဖြစ်၍ ဗုဒ္ဓ၏တန်းတူအခွင့်အရေးစံဟူသည် ဤသူတော်ကောင်းတရား ခုနစ်ပါးကို အခြေခံတည်ဆောက်ထားခြင်းဖြစ်၏။ ဤတရား ခုနစ်ပါးကိုသာ နိုင်ငံသားတိုင်းကျင့်သုံးကြလျှင် သို့မဟုတ် အုပ်ချူပ်သူအစိုးရကိုယ်တိုင်မှ အစပြု၍ လူအများစုကြီးက ကျင့်သုံးကြလျှင် လူသားတိုင်းတန်းတူ ရည်တူရှိမှု ဟူသောအခွင့်အရေးသည် အလိုလိုဖြည့်ကျင့်ပြီးသား ဖြစ်နေပေလိမ့်မည်။ တန်းတူရည်တူရှိမှု ဟုဆိုသောကြောင့် နွားထီးငါးကျပ် နွားမငါးကျပ်၊ ကြက်သားလဲ တစ်မတ်၊ ဝက်သားလဲတစ်မတ်၊ ငှက်သားလဲ တစ်မတ်၊ ကန်စွန်းရွက်လဲတစ်မတ်၊ ဗူးသီးလဲ တစ်မတ် ဟူသော တူညီမှုမျိုးကိုဆိုလိုသည်တော့မဟုတ်။ ဆိုလိုသည်မှာ ဤတရားခုနစ်ပါး သာလွန်သူသည် တည်ငြိမ်အေးချမ်းစွာ အထက်တန်းကိုရောက်ပေလိမ့်မည်။ သို့သော် ဤအထက်တန်းရောက်မှုသည် တဖက်သားကို ဖိနှိပ်ချုပ်ချယ်ကာ အမြတ်ကြီးစားသော လူစားမျိုးတော့ မဟုတ်ချေ။ ဤတရားခုနစ်ပါး အားနည်းသူသည် နိမ့်ကျနေပေလိမ့်မည်။ သို့သော် ဤနိမ့်ကျမှုသည် ဖိနှိပ်ခံသောအနေမျိုးဖြင့် နိမ့်ကျမည်တော့မဟုတ်ဘဲ လူ့ဂုဏ်သိက္ခာရှိရှိဖြင့် တည်ငြိမ်စွာ နေထိုင်ကျင့်သုံးနိုင်မည်သာဖြစ်၏။ ဤသို့သော သူတော်ကောင်းတရား ခုနစ်ပါး တန်းတူရည်တူကျင့်နိုင်မှာသာ ယနေ့ကမ္ဘာ့လူသားများ မျှော်မှန်းချီတက်နေကြသော တန်းတူရည်တူ အခွင့်အရေးပန်းခိုင်ကြီးကို လူသားတိုင်းလှလှပပပန်ဆင်နိုင်ကြပေမည်။

Tuesday, November 27, 2012

အနှိုင်းမဲ့ အဖြည့်ခံ ယသောဓရာ ( ၁ )


ဗုဒ္ဓမြတ်စွာဘုရားရှင် ပွင့်တော်မူလာတာဟာ လောကသုံးပါးအတွက်။ လူရယ် နတ်ရယ် ဗြဟ္မာရယ် ဆိုတဲ့ သုံးလောကအတွက်။ မှန်ပါ၏။ အဲဒီ သုံးလောကဆိုတာ စကားလုံးအရ ကျဉ်းပေမယ့် သို့မဟုတ် ဝေါဟာရအရ ကျဉ်းပေမယ့် အဓိပ္ပါယ်အရ အနှိုင်းဆမဲ့ ကျယ်ပြန့်လှပါတယ်။ ဒီလို အနှိုင်းဆမဲ့ ကျယ်ပြန့်လှတဲ့ အဓိပ္ပါယ်တွေကို အကန့်သတ်နဲ့ အနှိုင်းအဆကြားထဲက နိုးကြားရှင်သန်နေရတဲ့ အကျွန်ုပ်လိုသာမန်လူသားတစ်ယောက်က ပြောပြရမှာဆိုတော့ နားမလည်နိုင်တဲ့ အကြောင်းအရာတွေ၊
လက်လှမ်းမမီတဲ့ သဘောတရားတွေ၊ များပြားလှတဲ့ အချက်အလက်တွေ၊ သာမန်လောကလူသားတွေ နားလည်နိုင်ဘို့ခက်ခဲလှတဲ့ ဖြစ်ရပ်တွေ၊ အသိဥာဏ် ဓာတ်ခံတကယ်ရှိသူတွေသာ ( ကျက်စာ သက်သက် စဉ်းစားရုံသက်သက် မျှမဟုတ်ဘဲ ) ထိုးထွင်း သိမြင်နားလည်နိုင်တဲ့ အသိဥာဏ်တွေနဲ့သာ သိမြင်ခံစား နားလည်နိုင်တဲ့ ဖြစ်စဉ်တွေကို ပြောပြရမှာဆိုတော့ အခက်အခဲကြုံရတာတော့ အမှန်ပါ။ သို့သော် ဆိုရေးရှိက ဆိုအပ်လှ၏ ဆိုတဲ့အတိုင်း ပြောပြချင်လွန်းလို့သာ နစ်နစ်နောနော ခံစားနေရတဲ့ အကြောင်းအရာလေးကို ဝေငှလိုက်ရခြင်းပါ။ ဒီတင်ပြချင်တဲ့ အကြောင်းအရာတွေထဲမှာ အဓိကအားဖြင့် အမျိုးသမီးကောင်းတွေများစွာအနက်က လက်ရှိထင်ရှားကျော်ကြား လူသိများပြီး တကယ်လဲ တော်ကြ တတ်ကြ၊ အသိဥာဏ်ပညာကြီးမားလှကြတဲ့ အမျိုးသမီးများစွာထဲမှာ တိမ်မြုပ်ပျောက်ကွယ်နေရတဲ့ အလွန်တရာ မြင့်မြတ်လှတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းကို ပြောပြချင်တာပါ။ တကယ်တော့ သူမဟာ ဘယ်သူ တစ်ဦးတစ်ယောက်ကမှ ဖျားယောင်းသွေးဆောင်လို့မဟုတ်ဘဲ၊ တိုက်တွန်းနှိုးဆော်လို့မဟုတ်ဘဲ၊ သူမရဲ့ ပင်ကိုယ် ဓာတ်ခံ စိတ်ဓာတ်အရည်အချင်းအရ လူသားလောကအတွက်သာမျှမက လူတွေ နတ်တွေ ဗြာဟ္မာတွေ ဆိုတဲ့ လောကသုံးပါးအတွက် တနည်းအားဖြင့် ကောင်းကင်ဘုံအတွက်ရော ကောင်းကင်အောက်က မြေဘုံပေါ်မှာ
 နေထိုင်ကြင်လည်နေကြတဲ့ လောကသားတွေအတွက်ရော ကမ္ဘာမြေပြင်အောက်က ငရဲသားတွေအတွက်ရော အဲဒီလောကသုံးပါးအတွက် ဘဝရဲ့အရာရာကို တစ်ဘဝမျှမဟုတ်ဘဲ ဘဝတစ်ထောင်လဲမကဘဲ ဘဝတစ်သောင်းလဲမကဘဲ ဘဝတစ်သိန်းလဲမကဘဲ တစ်သန်းလဲမက ကုဋေလဲမက အနှိုင်းမဲ့သော ဘဝများစွာမှာ ကြိုးစားဖြည့်ဆည်းအနစ်နာခံခဲ့ရတဲ့ အနှိုင်းမဲ့သော အမျိုးသမီးတစ်ယောက်အကြောင်းကို တင်ပြချင်ပါတယ်။ လောက ကောင်းကျိုးအတွက် ဒီကနေ့ ကမ္ဘာမှာ ထူးချွန်ပြောင်မြောက်လှတဲ့၊ လောကအတွက် ကောင်းကျိုးတွေ ကြီးမားလှတဲ့၊ ကမ္ဘာ့အမျိုးသမီးထုကြီးအတွက်သာမက အမျိုးသားများအတွက်ပါ အတုယူ ဂုဏ်ပြုရလောက်တဲ့ အမျိုးသမီးကောင်းတွေ ကမ္ဘာမှာ အများအပြားရှိတယ်ဆိုတာ ငြင်းပယ်လို့ မရနိုင်တဲ့အချက်ပါ။ အဲဒီအထဲကမှ အရာရာကို ကျော်လွန်သွားနိုင်ခဲ့တဲ့ အနှိုင်းမဲ့တဲ့ ဘယ်အမျိုးသမီး အမျိုးသားမဆို ဂုဏ်ယူ လိုက်နာကျင့်သုံးထိုက်တဲ့ အမျိုးသမီးတစ်ယောက်အကြောင်းကို တင်ပြချင်ပါတယ်။ ဒီအမျိုးသမီးကောင်းအကြောင်း တင်ပြချင်တာ ပြောပြချင်တာကြာပါပီ။
 သို့သော် တင်ပြဘို့လက်နှေးနေခဲ့မိတာလဲအမှန်ပါ။ အကြောင်းက မိမိမှာ အလုပ်များနေတယ်ဆိုတာပါပဲ။ အလုပ်များနေခဲ့တယ်ဆိုတာလဲ တကယ်အမှန်ပါ။ သို့သော် ဒီကနေ့တော့ ကျွန်ုပ်၏ညီနောင်များဖြစ်ကြတဲ့ Ven. Parkata နဲ့ Ven. Issara တို့က ဒီအကြောင်းတင်ပြသင့်တယ်ဆိုတာ တိုက်တွန်းလာတဲ့အတွက် မအားလပ်သော်လဲ ခံစားရလွန်းသော ဆန္ဒနှင့်မေတ္တာအားဖြင့် အဆောတလျှင် တင်ပြလိုက်ရခြင်းဖြစ်ပါတယ်။ ထိုသို့  အကျွန်ုပ်တင်ပြချင်သော ထိပ်တန်းအမျိုးသမီးကောင်းဆိုသည်မှာ မြတ်စွာဘုရားရှင် ပွင့်ထွန်းပေါ်ပေါက်လာဘို့အတွက် မရှိမဖြစ် တကယ့်အရေးပါသော နေရာမှ ပါဝင်ယှဉ်တွဲ၍ နှိုင်းဆလို့မရနိုင်တဲ့ စွန့်လွှတ်မှုတွေကို ကျေနပ်ရဲရင့် ပြောင်မြောက်စွာ လောကအားလုံးအတွက် စတေးခဲ့ရတဲ့ ယသောဓရာရယ်ပါ။ တကယ်တော့ ဗုဒ္ဓဘာသာနိုင်ငံတွေအများစုမှာ ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ ပါရမီဖြည့်ဖက် ကြင်ယာတော် ယသောဓရာကို ပါရမီဖြည့်ဖက်အဖြစ်သာ လေးစားလက်ခံပီး ကမ္ဘာ့ထိတ်တန်း အနှိုင်းမဲ့သော အမျိုးသမီးကောင်းတစ်ယောက်အဖြစ် အသိမှတ်ပြုလက်ခံသူနည်းပါးလှပါတယ်။ ဒါကြောင့် သူမရဲ့ အကြောင်းကို မိမိလက်လှမ်းမီသမျှ ခံစားနိုင်သမျှ တင်ပြသွားပါမယ်။

Sunday, July 8, 2012

ဗုဒ္ဓဓမ္မနှင့်လူ့အခွင့်အရေး (၁၁) ဗုဒ္ဓ၏ တန်းတူအခွင့်အရေးစံ သတ်မှတ်ချက် (က)

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း အပိုဒ် (၁)တွင် All human beings are born free and equal in dignity and rights. They are endowed with reason and conscience and should act towards one another in a spirit of brotherhood. ဟုပြဋ္ဌာန်း၍ အပိုဒ် (၃)တွင် Everyone has the right of life, liberty and security of person. ဟု (ဘာသာပြန်ကို အထက်တွင်ဖေါ်ပြပြီး) ပြဋ္ဌာန်းထား၏။ ဤအချက်တို့ကို ဗုဒ္ဓဓမ္မက ပြည့်ပြည့်ဝဝ တံဆိပ်ခပ်နှိပ်ကာ ထောက်ခံပါ၏။ အဘယ့်ကြောင့်နည်း။ ဗြဟ္မစိုရ်မေတ္တာတရားသည် in a spirit of brotherhood ဟုဆိုသည့် ညီရင်းအစ်ကိုစိတ်ထားထက်ကျော်လွန်၍ လူသားသာမက တိရစ္ဆာန်များအပါအဝင် သက်ရှိသတ္တဝါအားလုံးကို ညီညီမျှမျှချစ်မြတ်နိုးသောကြောင့်ပင်တည်း။ ထို့ကြောင့် ရှင်းရှင်းပြောရလျှင် Human Rights ဟူသော စကားလုံးနှင့် in a spirit of brotherhood ဟူသောစကားလုံးတို့၏ အဓိပ္ပါယ်ထက် ဗုဒ္ဓဓမ္မမေတ္တာတရားသည် များစွာသာလွန်နေ၏။ ထို့ပြင် လူသားတို့၏ တန်းတူရည်တူဖြစ်မှုကို ဗုဒ္ဓဓမ္မက ကျိုးကြောင်းမျှတ ခိုင်လုံသော မနုဿဗေဒဆိုင်ရာအချက်အလက်များ၊ ဇီဝဗေဒဆိုင်ရာအချက်အလက်များ၊ လူမှုကျင့်ဝတ်ရေးရာ၊ ဥပဒေရေးရာ၊ ကိုယ်ကျင့်တရား၊ ဘာသာတရားကိုးကွယ်ဆည်းကပ်မှု၊ လူမှုဗေဒဆိုင်ရာအချက်အလက်များတို့ဖြင့် ထည့်သွင်းစဉ်းစားခြင်းကိုလည်းခွင့်ပြုလက်ခံပါ၏။ ထို့အချက်အလက်များတို့တွင် မနုဿဗေဒဆိုင်ရာတို့ကို ဦးစွာစဉ်းစားကြည့်ကြစို့။ အာဖရိကတိုက်မှ အာဖရိကန်လူမျိုးသည် အာရှတိုက်မှ လူမျိုးများနှင့် အသားအရောင် ရုပ်ရည် အနေအထိုင် ယဉ်ကျေးမှု အစားအစာ ရာသီဥတု စသည်စသည်ကွဲပြားမည်ဖြစ်သလို အခြားသောသက်ဆိုင်ရာ နိုင်ငံ ဒေသတို့နှင့်လည်း ကွဲပြားနေမည်မှာအမှန်ဖြစ်၏။ သို့သော် ဤကွဲပြားမှုသည် အစားအစာနှင့် ရာသီဥတုစသည်ကြောင့် ဖြစ်ပေါ်လာသော အပေါ်ယံကွဲပြားခြားနားမှုသာဖြစ်၏။ လူလူချင်းကား မခြား၊ တစ်သားတည်းအတူတူသာတည်း။
     တစ်ဖန် အာဖရိကမှ လူမည်းမိန်းမတစ်ယောက်နှင့် အမေရိကားမှ လူဖြူယောကျာ်းတစ်ယောက်တို့ လက်ထပ်၍ ကလေးမွေးလျှင် ထိုကလေးသည် လူစင်စစ်သာဖြစ်မည်တည်း။ အခြားထူးခြားသော သတ္တဝါမဖြစ်နိုင်ချေ။
   ထို့ပြင် ဇီဝဗေဒအားဖြင့်ကြည့်လျှင် လူသား၏ကိုယ်အင်္ဂါအစိတ်အပိုင်းများသည် အတူတူသာဖြစ်၏။ နီဂရိုးလူမျိုးတွင်လည်း ဆံပင် ခေါင်း ပါးစပ် လည်ပင်း မျက်စိ နား နှာခေါင်း ရင်ဘတ် ဝမ်းဗိုက် ကျောပြင် ခြေထောက် ခြေသည်း လက်သည်း မွှေးညှင်း အသွေး အသား အရည် အူသိမ် အူမကြီး အစာအိမ် အသဲ ကျောက်ကပ်စသည့်စသည်ဖြင့် ၃၂ ကောဋ္ဌာသ ရှိသလို မြန်မာလူမျိုးတွင်လည်း အတူတူပင်ဖြစ်၏။ အခြားအခြားသောလူမျိုးများတွင်လည်း အတူတူပင်ဖြစ်၏။ အသဲချင်းလည်း အစားထိုးကုသ၍ရ၏။ သွေးအစားသွင်း၍ ကုသလျှင်လည်းရနိုင်၏။ ဇီဝဖြစ်စဉ်အားဖြင့်ခြားနားခြင်းမရှိပါချေ။ မျိုးစိတ် မျိုးနွယ်အားဖြင့်လုံးဝမခြားနားပေ။ ကွဲပြားသော မျိုးစိတ် မျိုးနွယ်အမှတ်လက္ခဏာများလည်းမရှိချေ။ ဆိုလိုသည်မှာ လူသား၏ မူလပဓာနဇီဝကမ္မဖြစ်စဉ်နှင့် အဂါင်္အစိတ်အပိုင်းတို့သည် အတူတူသာဖြစ်၏။ ဘာမှကွဲပြားခြားနားခြင်းမရှိ ဟုပြောလိုရင်းဖြစ်ပါ၏။

          သို့သော် အခြားသော ပိုးတောင်မာနှင့်ပိုးဖလံများ၊ ပုရွက်ဆိတ်နှင့်ခြကောင်တို့သည် ခြားနားကြ၏။ အဘယ့်ကြောင့်နည်း။ မျိုးနွယ် မျိုးစိတ် အမှတ်လက္ခဏာများ ခြားနားခြင်းကြောင့်တည်း။ ထို့ပြင် ခြေလေးချောင်း သတ္တဝါများလည်း အချင်းချင်းခြားနားကြသလို ငှက်များအချင်းချင်းလည်းခြားနားကြ၏။ မြွေအချင်းချင်းလည်းခြားနားကြသလို ငါးအချင်းချင်းလည်း ခြားနားကြပြန်၏။ အဘယ့်ကြောင့်နည်း။ မျိုးစိတ်မျိုးနွယ်၏ အမှတ်လက္ခဏာကိုက ခြားနားနေသောကြောင့်ပင်တည်း။ လူသားတွင် မည်သည့်လူတစ်ဦးတစ်ယောက်မျှ ဤကဲ့သို့ခြားနားခြင်းမရှိချေ။ ထိုတိရစ္ဆာန်သတ္တဝါတို့သည် အသံ အပြုအမူ နေထိုင်ရှင်သန်ပုံ စားသောက်ပုံအားလုံးခြားကြ၏။ လူသည် လူအသံသာထွက်၏။ လူစာစား၏။ လူလိုသာနေထိုင်၏။ ဆင်းရဲချမ်းသာ၊ အရပ်ဒေသ၊ ယဉ်ကျေးမှုစသည်တို့ကွာဟမှုအရ အနိမ့်အမြင့်သာ ကွာပေမည်။ လူမည်းမိန်းမတစ်ယောက်သည် ကိုယ်ဝန်ဆောင်၍သားဖွားသလို လူဖြူမိန်းမတစ်ယောက်သည်လည်း ကိုယ်ဝန်ဆောင်၍သာ သားဖွား၏။ ထို့ကြောင့် မနုဿဗေဒနှင့် ဇီဝဗေဒရှုထောင့်အရ ဘာများကွာခြားပါသနည်း။ အရာရာအတူတူသာဖြစ်၏။

    ထို့ပြင် ဗုဒ္ဓခေတ်မတိုင်မီမှစ၍ ယနေ့ခေတ်တိုင်အောင် အိန္ဒိယတွင် ဇာတ်စံနစ်ကျင့်သုံးမှုသည် ရှိသေး၏။ ဟိန္ဒူဘာသာကြီးစိုးသော အိန္ဒိယတွင် ဟိန္ဒူဘာသာရှိနေသ၍ ဇာတ်စံနစ်သည်ဆက်လက်ရှိနေမည်သာဖြစ်၏။ အဘယ့်ကြောင့်နည်း။ ဟိန္ဒူဘာသာသည် လူတန်းစားခွဲခြား၍ တည်ဆောက်ထားသောကြောင့်ပင်တည်း။ ဗြဟ္မဏ (ပုဏ္ဏား)မျိုးဇာတ်၊ ခတ္တိယ မင်းမျိုးဇာတ်၊ ဝေဿ ကုန်သည်မျိုးရိုးဇာတ်နှင့် သုဒ္ဓ သူဆင်းရဲ ကျော်မွဲဇာတ်ဟူ၍ လေးမျိုးပိုင်းခြားကာ လူမှုအဖွဲ့အစည်းကို တည်ဆောက်ထား၏။ ထိုမျိုးဇာတ်လေးမျိုးတွင် ပုဏ္ဏားမျိုးဇာတ်သည် အမြဲတန်းမြင့်မြတ်၏။ မည်သည့်မကောင်းမှုကိုကျူးလွန်သည်ဖြစ်စေ၊ မည်သည့် ဥပဒေကိုချိုးဖောက်သည်ဖြစ်စေ သူသည်မြင့်မြတ်သူ အဖြစ်မှ လျှောကျသွားခြင်းအလျဉ်းမရှိချေ။ အကြောင်းကား သူသည် ထာဝရဘုရား ဗြဟ္မာကြီး၏ အာခံတွင်းမှ စတင်မွေးဖွားလာသည့် မျိုးနွယ်ဖြစ်ခြင်းကြောင့်တည်း။ တစ်ဖန် အနိမ့်ဆုံးဇာတ်ဖြစ်သည့် သုဒ္ဓဟုခေါ်သော သူဆင်းရဲဇာတ်သည် အမြဲတန်းယုတ်ညံ့၏။ အောက်တန်း နောက်တန်းကျ၏။ မည့်သို့သော အကျင့်ကောင်းကိုကျင့်သည်ဖြစ်စေ၊ မည်သည့်ဥပဒေကိုမျှမချိုးဖေါက်သော နိုင်ငံသားကောင်းဖြစ်နေသည်ဖြစ်စေ သူသည် ယုံညံ့သူသာတည်း။ နိမ့်ကျသူသာတည်း။ အကြောင်းမှာ သူသည် ထာဝရဘုရား ဗြဟ္မာကြီး၏ ခြေဖမိုးမှစတင်မွေးဖွားလာသည့် မျိုးနွယ်ဖြစ်ခြင်းကြောင့်တည်း။ ထို့ကြောင့် သုဒ္ဓဇာတ်တို့သည် အပေါ်လွှာ ဇာတ်သုံးမျိုးတို့၏ အမြဲတန်းအဖိနှိပ်ခံလူတန်းစား အလုပ်အကျွေးလူတန်းစားဖြစ်နေလေတော့၏။ ယနေ့ခေတ် အိန္ဒိယသို့ ဘုရားဖူးရောက်ဖူးသူများ သိကြပေမည်။ ရာဇဂြိုဟ်မြို့ သတ္တပဏ္ဏိတောင်ခြေတွင် ဇာတ်မြင့်များရေချိုး သွားတိုက် အဝတ်လျှော်၍ ကျလာသောရေကို ဇာတ်လတ်အဆင့်ရှိသူများက ချိုးကြရ လျှော်ဖွတ်ကြရ သွားတိုက်ကြရ၏။ တစ်ဖန် ထိုဇာတ်လတ်များ ရေချိုးဖွတ်လျှော်ပြီးမှ ကျလာသော ညစ်ထေးနေသော ရေများကိုသာ ဇာတ်နိမ့်များက လျှော်ဖွတ်ကြ ရေချိုးကြ သွားတိုက်ကြရ၏။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပြည့်ဝသော ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံတော်ကြီးဟု ကျယ်လောင်စွာ ကြွေးကြော်ဂုဏ်ယူနေသော်လည်း ဘာသာတရား၏ တည်ဆောက်ပုံသွင်းထားသော ဥပဒေနှင့်ထုံးတမ်းစဉ်လာအရ လူလူချင်းခွဲခြားမှုကား ကြီးမားလှလေစွ။ နောင် ဘယ်ခေတ် ဘယ်အခါတိုင်အောင် နှစ်သန်းပေါင်းဘယ်လောက်များ ခွဲခြားဆက်ဆံကာ ဆက်လက်ဖိနှိပ်ခံကြရဦးမည်လည်းမသိ။ အလွန်ဝမ်းနည်းစရာကောင်းသော လူမှုအဖွဲ့အစည်းကြီးဖြစ်ပေသည်။

     အမှန်စင်စစ် ဇာတ်မြင့်သူနှင့် ဇာတ်နိမ့်သူတို့ တူညီသော ထင်းတစ်ချောင်းကို မီးရှို့လျှင်လည်း ထိုမီး၏ အပူရှိန်နှင့် အရောင်အလင်းသည် အတူတူပင်ဖြစ်ပေမည်။ ထို့အတူ တူညီသော မြစ်တစ်ခုဝယ် တူညီသော ဆပ်ပြာကိုတိုက်၍ ရေချိုးကြလျှင် ထိုရေနှင့်ဆပ်ပြာသည် အတူတူပင် ပြောင်စင်စေလိမ့်မည်တည်း။ ဇာတ်မြင့်ဖြစ်သောကြောင့် ပို၍လှပစေမည်မဟုတ်ပေ။ သို့ဖြစ်၍ အရာရာသည် လူသားအတွက် တစ်ပြေးညီသာဖြစ်၏။ သို့သော် သက်ဆိုင်သူတို့၏ အရည်အချင်းအလိုက် ခြားနားမှုတော့ရှိ၏။ အရည်အချင်းကွဲပြားမှုကြောင့် လူတန်းစားကွဲပြားမှုကိုတော့ လုံးဝ ဇွတ်အတင်း ညှိ၍ မရနိုင်ပါချေ။ အဘယ့်ကြောင့်နည်း။ လူ့အခွင့်အရေးဟူသည် အရည်အချင်းပေါ်မှာသာ မူတည်သောကြောင့်တည်း။ အရည်အချင်းမြင့်သူသည် အဆင့်အတန်းမြင့်မည်ဖြစ်သလို အရည်အချင်းနိမ့်ပါကလည်း အဆင့်အတန်းနိမ့်ပေမည်။ သို့ဆိုလျှင် ထိုအရည်အချင်းဟူသည် အဘယ်နည်း။

Monday, July 2, 2012

ဗုဒ္ဓဓမ္မနှင့်လူ့အခွင့်အရေး (၁၀) ဗြဟ္မစိုရ်တရားကို လူ့အခွင့်အရေးဖြင့်ချဉ်းကပ်ခြင်း (ခ)

ဗြဟ္မစိုရ်တရားလေးပါးတွင် မေတ္တာအကြောင်းကို အပိုင်း (က)တွင် မိမိစွမ်းနိုင်သမျှစုစည်းတင်ပြခဲ့ပါသည်။ ယခုအပိုင်း (ခ)တွင် ကြွင်းကျန်သည့် ကရုဏာ မုဒိတာနှင့် ဥပေက္ခာအကြောင်းတို့ကို စွမ်းသမျှတင်ပြပါမည်။ ကရုဏာဟူသော ဝေါဟာရကို အင်္ဂလိပ်ဘာသာပြန်သည့်အခါ Compassion ဟုဘာသာပြန်ကြ၏။ အောက်စဖို့ဒ်အဘိဓာန်တွင် Compassion ကိုဤသို့ဖွင့်ဆိုထား၏။ Compassion: pity for the sufferings of others, making one want to help them: be filled with compassion.  A feeling of deep sympathy and sorrow for another who is stricken by misfortune, accompanied by a strong desire to alleviate the suffering. Compassion: a deep awareness of and sympathy for another suffering.  Humane quality of understanding the suffering of others and wanting to do something about it. Definition of compassion: sympathetic consciousness of others' distress together with desire to alleviate it.
  ဤဖွင့်ဆိုချက်၏ဆိုလိုရင်းမှာ ကရုဏာဟူသည် ကံဆိုးမိုးမှောင်ကျနေ၍ အတိဒုက္ခရောက်နေသော သူအား ထိုဒုက္ခမှကယ်တင်ပေးလိုသော ပြင်းပြသည့်ဆန္ဒ၊ ဒုက္ခရောက်နေသူအား နစ်နစ်နောနောစိတ်ပူပန်၍ လူသားဆန်စွာ လေးလေးနက်နက်သနားကြင်နာမှု ဟူ၍ဖြစ်၏။
           
            ထို့ပြင် Compassion နှင့်ပတ်သက်၍ အခြားသောဖွင့်ဆိုချက်မှာဤသို့။
   Compassion need not be cultivated or developed - it is naturally present. Cultivated compassion is lifeless compared to the potent energy of innate altruism of that is available to everyone. True compassion is not about pity, yet feels everything deeply and responds to everything completely. Natural compassion fuels our responses with beneficial action, skillful means and heart connection with no need for contrivance.
   အဓိပ္ပါယ်မှာ ကရုဏာကိုတမင်ပွါးများဘို့မလိုအပ်။ ၎င်းသည် သဘာဝလက်ဆောင်တစ်ခုဖြစ်၏။ တမင်ပွါးများထားသော ကရုဏာသည် လူတိုင်း၌ရှိသော ကိုယ်ကျိုးမငဲ့သော မူလစိတ်စွမ်းအင်လောက် အသက်မဝင်။ စစ်မှန်သောကရုဏာသည် သနားခြင်းသက်သက်မျှသာမဟုတ်၊ အရာရာကိုနစ်နစ်နောနောခံစား၍ ပြည့်ပြည့်ဝဝ တုန့်ပြန်ဆောင်ရွက်တတ်၏။ ထို့ပြင် သဘာဝမူရင်းကရုဏာသည် လုပ်ကြံဖန်တီးမှုအလျဉ်းမရှိဘဲ ကောင်းကျိုးဖြစ်ထွန်းစေသော လုပ်ရပ်များ၊ ကျွမ်းကျင်လိမ္မာသော နည်းလမ်းများနှင့် ဖြုစင်သော နှလုံးသားတို့ဖြင့် မိမိတို့၏ တုန့်ပြန်ဆောင်ရွက်မှုများကို အင်အားပြည့်စေ၏ ဟူသတည်း။
  အထက်ပါဖွင့်ဆိုချက်နှစ်ခုတွင် အောက်စဖို့အဘိဓာန်၏ ဖွင့်ဆိုချက်သည် မူရင်းကရုဏာပုဒ်၏ အဓိပ္ပါယ်နှင့် အလှမ်းဝေးနေ၏။ ဒုတိယဖွင့်ဆိုချက်သည် အတော်အတန်နီးစပ်၏။ မူရင်းကရုဏာဟူသော စကားလုံး၏အဓိပ္ပါယ်မှာ  သောကဗျာပါဒအပူမီးများလုံးဝမရှိဘဲ တည်ငြိမ်အေးချမ်းစွာ သတ္တဝါတို့၏ ဆင်းရဲဒုက္ခကို ပယ်ဖျောက်ကယ်တင်ပေးလိုသော လေးနက်မြင့်မြတ်ကြီးမားသော စိတ်စွမ်းအင်ဖြစ်၏။ ဥပမာဆိုပါစို့။ အသင်သည် လူတစ်ယောက်ကို သနား၏။ သူ့အတွက် စိတ်ပူပန်မှုသောကလဲဖြစ်၍ အေးငြိမ်းမှုမရ။ ဤအခြေအနေ ဤစိတ်ထားမျိုးကို ကရုဏာအစစ်ဟုမဆိုရ။ ကရုဏာအတုသာဆိုရ၏။ အမှန်စင်စစ် အသင်သည် လူတစ်ယောက်ဆင်းရဲဒုက္ခရောက်နေသည်ကို သနား၏။ ထိုသနားခြင်းသည် ထိုသူအတွက် စိတ်ပူပန်မှု၊ ပင်ပန်းမှု၊ နာကျင်မှုအလျဉ်းမရှိ၊ သို့သော် အလေးထား၏။ တန်ဘိုးထား၏။ အလွန်ကြင်နာသနား၏။ ကြည်၏။ ငြိမ်း၏။ အေးချမ်း၏။ ပြည့်ဝ၏။ အသိဥာဏ်ပညာပါ၏။ ထိုအဓိပ္ပါယ်များပါဝင်သော စိတ်ထားမျိုးဖြင့် တစ်စုံတစ်ရာသော ကောင်းကျိုးများဖြစ်မြောက်သည်အထိ စွန့်လွှတ်အနစ်နာခံကာ ကူညီဆောင်ရွက်၏။ ကယ်ဆယ်ပေး၏။ ဤသည့်စိတ်ဓာတ်နှင့်လုပ်ရပ်နှစ်မျိုးပါဝင်မှုကိုသာ ကရုဏာဟုခေါ်ဆို၏။
  
       တတိယမြောက် ဗြဟ္မစိုရ်တရားသည် မုဒိတာဖြစ်၏။ ဤမုဒိတာသည် သူများကြီးပွါးအောင်မြင်သည်ကို မနာလိုခြင်းနှင့် မိမိ၏ ပိုင်ဆိုင်မှုနှင့်အောင်မြင်မှုမှန်သမျှကို သူတပါးအားမျှဝေမပေးလိုသည့် ဝန်တိုခြင်းသဘောတရားတို့၏ဆန့်ကျင်ဘက်ဖြစ်၏။ သူတပါးကြီးပွါးအောင်မြင်သည်ကို ဝမ်းမြောက်တတ်သည့်သဘော ကျေနပ်တတ်သည့်သဘောပင်ဖြစ်၏။ မိမိ၏မိသားစု မိမိနှင့်နီးစပ်သူဖြစ်ခြင်းကြောင့်မဟုတ်မူဘဲ အားလုံးအပေါ်ဝယ် ကြီးပွါးရေး အောင်မြင်ရေးနှင့်ပတ်သက်၍ ဝမ်းမြောက်တတ်၏။ မိမိ၏ရန်သူ ဆန့်ကျင်ဘက်သဘောထားရှိသူတို့ အပေါ်သော်မှ ဝမ်းမြောက်နိုင် ကျေနပ်နိုင်၏။ မြင့်မြတ်လှချေ၏တကား။
       စတုတ္ထမြောက် ဗြဟ္မစိုရ်တရားသည် ဥပေက္ခာဖြစ်၏။ ဥပေက္ခာ၏ သဘောသည် အောင်မြင်ခြင်းကြောင့်လည်းဝမ်းမမြောက်၊ ကျရှုံးခြင်းကြောင့်လည်း ဝမ်းမနဲ၊ စိတ်မချမ်းမသာမဖြစ်၊ တည်ငြိမ်တည့်မတ်ခြင်းသဘောရှိ၏။ လောက၏ အမျိုးမျိုးသော ဖြစ်ရပ်လုပ်ရပ်တို့ဖြင့် ခြောက်တိုင်းလည်းမကြောက်၊ မြှောက်တိုင်းလည်း မမြောက်မူဘဲ မူလသဘောသဘာဝအတိုင်း အရှိကိုအရှိအတိုင်း တည်ငြိမ်တည့်မတ်စွာနားလည်ခံစားတတ်ခြင်းသဘောပင်တည်း။ လောက၏ ကောင်းကောင်းဆိုးဆိုး အမျိုးမျိုးသော လောကဓံတို့ကို သဘာဝအတိုင်းရှုမြင်ခံစားနားလည်၍ တည်ငြိမ် ရင့်ကျက် တည့်မတ်စွာ ဆက်လက်ဆောင်ရွက်အားထုတ်ခြင်းသဘောပင်ဖြစ်၏။  အထင်ရှားဆုံးသော သာဓကကိုဆိုရလျှင် ဒေဝဒတ်သည် မြတ်ဗုဒ္ဓအပေါ်ဝယ် အမျိုးမျိုးမကောင်းကြံကာ လုပ်ကြံသတ်ဖြတ်သည်အထိ အတင့်ရဲခဲ့၏။ သို့သော် မြတ်ဗုဒ္ဓသည် ဒေဝဒတ်အပေါ်ဝယ် ဒေါသလည်းမဖြစ်၊ ကျောခိုင်းပစ်ထားခြင်းလည်းမဟုတ်၊ ဒေဝဒတ်နှင့်ပတ်သက်၍ ဟောစရာရှိက အရှိအတိုင်း မူလသဘာဝအတိုင်း သိရှိနားလည်အောင် ကောင်းကျိုးဖြစ်ထွန်းအောင်ဆက်လက်၍ ဟောပြော၏။  ရှင်းစရာရှိပါက ရှင်း၏။ ငါ့စကားကို နားမထောင်သူ ငါ့ကိုမကောင်းကြံသူဟူ၍ ဒေါသအာဃာတစိတ်ထား၊ မလိုလားသောစိတ်ထားတို့ဖြင့် ပစ်ပယ်လိုက်ခြင်းမဟုတ်။ ကျောခိုင်းလိုက်ခြင်းမဟုတ်ပေ။  သို့သော်လောကလူအများသည်ကား မိမိသဘောနှင့်မတိုက်ဆိုင်တိုင်း လုံးဝမဆက်ဆံ မကူညီတော့ဘဲ အရေးမထားတော့ဘဲ ကျောခိုင်းလိုက်ခြင်း ပစ်ပယ်လိုက်ခြင်းကို ဥပေက္ခာဟု ထင်မှတ်မှားနေကြ၏။  အလွန်သတိထားရမည့်အချက်ပင်တည်း။  ထို့ကြောင့် ဥပေက္ခာဟူသည် ဒေါသကြောင့်ပစ်ပယ် ကျောခိုင်းလိုက်ခြင်းလည်းမဟုတ်၊ ချစ်ခင်ခြင်းကြောင့်လဲ ပို၍ကြောင့်ကြစိုက်ခြင်းမဟုတ်ဘဲ ဖြစ်စဉ်ဖြစ်ရပ်တို့၏ မူလသဘောသဘာဝကို အရှိအတိုင်းခံစားနည်းလည်ကာ ကောင်းကျိုးဖြစ်ထွန်းအောင် လုပ်သင့်သည်တို့ကို အလေးအနက်ထားလျှက် အေးဆေး တည်ငြိမ် တည့်မတ်စွာ ဆက်လက်ကြိုးစားလုပ်ဆောင်တတ်သည့်သဘောပင်ဖြစ်ပါ၏။ 
 
           ကိုင်းအသင်စာရှုသူ အသင်သည် မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာဟူသော ဗြဟ္မဝိဟာရတရားခေါ်သည့် ဗြဟ္မစိုရ်တရားတို့၏ အဓိပ္ပါယ်ကို ယခုသိပေပြီ။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်းပါ စာပိုဒ် သုံးဆယ် (၃၀) လုံးကိုလည်း သိပြီ။ ထိုစာပိုဒ် (၃၀) လုံးသည် ဗြဟ္မစိုရ်တရားလေးပါးလောက် မကျယ်ပြန့် မလေးနက်ကြောင်းကိုလည်း အသင်နားလည်လေပြီ။ ထို့ပြင်ဤဗြဟ္မစိုရ်တရားများသည် နိုင်ငံနယ်နိမိတ် ကိုလည်းကျော်လွန်ကာ စကြာဝဠာအားလုံးသို့လည်းပြန်နှံ့ပါဝင်ကြောင်းကိုလည်း အသင်ရိပ်စားမိပေပြီ။  ကုလသမဂ္ဂတွင် ကမ္ဘာနှင့်ချီ၍ ကမ္ဘာသူကမ္ဘာသားများအတွက်ဟုဆိုကာဆွေးနွေးပြောဆိုနေကြသော လူ့အခွင့်အရေးပြဿနာများကို ဤဗြဟ္မစိုရ်လေးပါးဖြင့်အသက်သွင်းဖြေရှင်းလိုက်ပါက လုံးဝပြီးပြတ်ပြေငြိမ်းသွားမည်သာတည်း။ အမှန်စင်စစ် မြတ်ဗုဒ္ဓဖေါ်ထုတ်ရှင်းပြတော်မူခဲ့သော  ဤဗြဟ္မစိုရ်တရားများသည် စကြာဝဠာ၏ မည်သည့်ဥပဒေ မည်သည့်စည်ကမ်း နည်းလမ်းထက်မဆို သာလွန်မြင့်မြတ်လှ၏။ အမှန်စင်စစ် ဤဗြဟ္မစိုရ်တရားသည် Natural discipline, natural law which was discoveries which was formulated by the Buddha for all beings in the world ဟုဆိုရမည်ဖြစ်၏။  ဤဗြဟ္မစိုရ်တရားတို့ကိုသာ ကျင့်သုံးနိုင်ပါက လူ့အခွင့်အရေးပြဿနာသာမက အခြားမည်သည့်ပြဿနာမဆို ဖြေရှင်းနိုင်၏။ ငြိမ်းအေးနိုင်ပါ၏။ ကုလသမဂ္ဂစားပွဲဝိုင်းတွင်လည်းကောင်း လူမှုအဖွဲ့အစည်း အသီးသီးတွင်လည်းကောင်း မိသားစုတိုင်းတွင်လည်းကောင်း လူတစ်ဦးချင်းစီတွင်လည်းကောင်း ဤဗြဟ္မစိုရ်တရားများအသက်သွင်းပေးဘို့လိုအပ်ပါ၏။ ဤတရားများအသက်မဝင်သ၍ ဤကမ္ဘာသည်ဘယ်သောခါမျှ ပြဿနာငြိမ်းမည်မဟုတ်ပေ။ ဤတရားများ အသက်ဝင်လေလေ ဤကမ္ဘာကြီး ငြိမ်းအေးလေလေ၊ ဤတရားများ အသက်မဲ့လေလေ ဤကမ္ဘာကြီး ဆူပွက်လေလေသာဖြစ်နေမည်တည်း။ သို့ဖြစ်၍ ဤဗြဟ္မစိုရ်တရားများ အသက်ဝင်ကာ ဤကမ္ဘာကြီး အေးချမ်းပါစေဟု မေတ္တာဗြဟ္မစိုရ်အသက်သွင်းလိုက်ပါ၏။

***ဓမ္မမိတ်ဆွေများ၏အမှာစကား***