Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Sunday, June 10, 2012

ဗုဒ္ဓဓမ္မနှင့်လူ့အခွင့်အရေး ( ၇ ) ဗုဒ္ဓဝါဒ၏ လူသားအပေါ်သဘောထား

အသင်စာဖတ်သူသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်းပါ အပိုဒ် သုံးဆယ်လုံးကို ဖတ်ရှုပြီးပေပြီ။ ထိုအပိုဒ် သုံးဆယ်လုံးသည် အဓိကအားဖြင့် ဘာကိုဖေါ်ညွှန်းပါသနည်း။ စာဖတ်သူကိုယ်တိုင်လည်း စဉ်းစားစေချင်ပါ၏။ မိမိစဉ်းစား သုံးသပ်မိသည်များကိုလည်း မိမိဥာဏ်မီသမျှ ဖေါ်ပြပါမည်။ အမှန်စင်စစ် အထက်ပါ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်းပါ အပိုဒ် သုံးဆယ်လုံးသည်
၁။ လူသား၏ မူလ မွေးရာပါတန်ဘိုးနှင့် ဂုဏ်သိက္ခာ
၂။ လူသားအချင်းချင်း ထားရှိရမည့်စိတ်ထားများနှင့်
၃။  လူသားအချင်းချင်းအပေါ် လိုက်နာစောင့်ထိန်းရမည့် ကိုယ်ကျင့်တရားများနှင့် တာဝန်များ
ဤအချက်သုံးချက်ကိုသာလျှင် အဓိကအားဖြင့် ဖေါ်ညွှန်းသည်ဟု မိမိကောက်ချက်စွဲမိ၏။ တိတိကျကျ ပြောရလျှင် မြတ်ဗုဒ္ဓညွှန်ကြားဖေါ်ပြတော်မူခဲ့သော ငါးပါးသီလအဆင့်အထိ မမီချေ။ ဆိုလိုသည်မှာ ငါးပါးသီလသည် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်းထက် အနှစ်သာရအားဖြင့်ပိုမို၍မြင့်မားပြီးလျှင် ငါးပါးသီလမျှကိုသာလုံခြုံပါလျှင် လူမှု့ လောကကြီးတစ်ခုလုံး မလိုလားအပ်သည့် လူမှု့ ပြဿနာများ ကင်းဝေးနေမည်မှာ အမှန်ပင်ဖြစ်လေ၏။ လူ့အခွင့်အရေးဟူသောစကားလုံးနှင့် လှုပ်ရှားမှုတို့သည်လည်း အဆိုပါ အချက်တို့ကို လိုက်နာမှု့ မရှိကြသောကြောင့်သာလျှင် ပေါ်ပေါက်လာခြင်းပင်ဖြစ်၏။ အထက်ပါအချက်သုံးချက်ကိုသာ လူသားများလိုက်နာ ကျင့်သုံး စောင့်ထိန်းခဲ့ကြပါက လူ့အခွင့်အရေးပြဿနာသည် ပေါ်ပေါက်လာစရာ အကြောင်းမရှိချေ။ အထက်ပါ အချက်သုံးချက်တွင် နံပါတ်တစ်ဖြစ်သည့် လူသား၏ မူလမွေးရာပါ တန်ဘိုးနှင့် ဂုဏ်သိက္ခာအကြောင်းကို ဦးစွာတင်ပြလိုပါ၏။ ဤကမ္ဘာပေါ်ဝယ်ရှိကြသော ဘာသာတရားများအနက် ဗုဒ္ဓဝါဒ၏ လူသားအပေါ်ထားရှိသည့် သဘောထားသည်အလွန်ထူးခြားလှ၏။ အဘယ့်ကြောင့်နည်း။ ဗုဒ္ဓဝါဒအရ လူသားတစ်ယောက်အဖြစ် မွေးဖွားလာဘို့အရေးသည် အလွန်တရာခက်ခဲပြီးလျှင် လူသားဘဝကို ရရှိခြင်းသည်လည်း တန်ဘိုးအရှိဆုံးသော အခွင့်အရေးကို ရရှိခြင်းပင်ဖြစ်၏ဟု လက်ခံထားသောကြောင့်ပင်တည်း။ ထို့ကြောင့် ဗုဒ္ဓဝဂ္ဂ ဧရကပတ္တနာဂရာဇဝတ္ထု ဓမ္မပဒ၌ ဘုရားရှင်ဤသို့ ဟောတော်မူ၏။
ကိစ္ဆော မနုဿပဋိလာဘော၊ ကိစ္ဆံ မစ္ဆာန ဇီဝိတံ။ ကိစ္ဆံ သဒ္ဓမ္မသဝနံ၊ ကိစ္ဆော ဗုဒ္ဓါန မုပ္ပါဒေါ။
အဓိပ္ပါယ်မှာ လူသားအဖြစ်ကိုရခြင်းသည် ခဲယဉ်း၏။ လူသားတို့၏ အသက်ရှည်စွာ နေရခြင်းသည်လည်းခဲယဉ်း၏။ သူတော်ကောင်းတရားကို ကြားနာရဘို့ရန် ခဲယဉ်း၏။ ဘုရားအဖြစ် သို့မဟုတ် ဘုရားဖြစ်ရာကာလကို ရဘို့ရန်ခဲယဉ်း၏ ဟူ၍ဖြစ်၏။ ဤ နေရာ၌ အဓိကပြောလိုသည်မှာ ကိစ္ဆော မနုဿပဋိလာဘော၊ လူသားအဖြစ်ကိုရခြင်းသည် ခဲယဉ်း၏ ဟူသောစကားပင်ဖြစ်၏။ လူ့ဘဝကို လွယ်လွယ်ရသည်မဟုတ်၊ အလွန်ရခဲ၏၊ အဘယ့်ကြောင့်နည်း လူသားဘဝသည် အလွန်တန်ဘိုးရှိသောကြောင့်ပင်တည်း။ သံယုတ္တနိကာယ် ပါဏသုတ်တွင်လည်း သမုဒ္ဒရာအောက်ခြေတွင် နေထိုင်သော မျက်လုံးတစ်ဖက်ကန်းနေသည့် လိပ်တစ်ကောင်သည် နှစ်ပေါင်းတစ်ရာကြာမှ ကောင်းကင်ကိုကြည့်ဘို့ရန် အပေါ်သို့တက်လာသည့်အခါ သမုဒ္ဒရာတွင်မျောနေသော ထမ်းပိုးတုံးမှ အပေါက်နှင့်စွပ်မိဘို့ရန် ခက်ခဲသကဲ့သို့ ထို့အတူ လူသားအဖြစ်ကိုလည်း ရရှိဘို့ရန်မှာ အလွန်ပင်ခက်ခဲကြောင်း မြတ်ဗုဒ္ဓဟောတော်မူပါ၏။ ထို့ကြောင့်ပင် မြတ်ဗုဒ္ဓသည် ယဉ်ကျေးမှု ဓလေ့ထုံးစံ နေရာဒေသ နိုင်ငံ အသားအရောင် ယောကျာ်းမိန်းမ စသည်ဖြင့် အပေါ်ယံအသွင်သဏ္ဌာန်အားဖြင့် မည်မျှပင် များပြားစွာကွဲပြားခြားနားနေစေကာမူ လူသားအားလုံးကို တန်းတူရည်တူ တန်ဘိုးထားလျှက် ကရုဏာထားမေတ္တာပွါးရမည်ဖြစ်ကြောင်း သင်ကြားဆုံးမတော်မူ၏။ ထို့ပြင် မေတ္တသုတ်၌လည်း မာတာ ယထာ နိယံ ပုတ္တ၊ မာယုသာ ဧကပုတ္တ မနုရက္ခေ။ ဧဝံပိ သဗ္ဗဘူတေသု မာနသံ ဘာဝယေ အပရိမာဏံ ဟုဟော်တော်မူ၏။ အဓိပ္ပါယ်မှာ မိခင်သည် မိမိ၏တစ်ဦးတည်းသောသားကို အသက်တမျှ တန်ဘိုးထားစောင့်ရှောက်သကဲ့သို့ ထို့အတူ လူသားအားလုံးသည်လည်း တစ်ဦးပေါ်တစ်ဦး လေးစားတန်ဘိုးထားကာ သက်ရှိသတ္တဝါ အားလုံးကိုမေတ္တာပွါးများကြရမည်ဟု ဆိုလို၏။ ထို့ပြင် မေတ္တာမပွါးနိုင်ဘဲ ဒေါသအလျောက် သတ်ဖြတ်မိပါကလည်း သတ္တဝါတို့၏ တန်ဘိုးအသီးသီးအလိုက် အပြစ်ရှိကြောင်းမြတ်ဗုဒ္ဓ သင်ကြားပေးတော်မူ၏။ သတ္တဝါတို့ကို သတ်ဖြတ်မှုကြောင့်ရရှိသောအပြစ်ဒဏ်များတွင် လူကိုသတ်သည့် အပြစ်သည် အကြီးလေးဆုံးဖြစ်ပါ၏။ အထင်ရှား အလွယ်ကူဆုံးသောသာဓက တစ်ခုကိုပြရလျှင် ရဟန်းတစ်ပါးသည် သေစေလိုသော ကြံရွယ်ချက်ဖြင့် လူကိုသတ်မိပါက ရဟန်းအဖြစ်မှလျှောကျလေတော့၏။ ပါရာဇိကကျလေ၏။ ရဟန်းဘဝဖြင့် ဆက်လက်၍နေခွင့်မရှိတော့ပေ။ အယုတ်ဆုံးအားဖြင့် လူရုပ်အသွင်သဏ္ဌာန်မပီပြင်သေးသော သန္ဓေသားကို ပျက်ကျစေရန် ကိုယ်ဝန်ဖျက်ဆေးပေးလျှင်ပင် ပါရာဇိကကျလေတော့၏။ ရဟန်းတစ်ပါးအနေဖြင့် မည်သည့်အကြောင်းကြောင့်မျှ လူကိုသတ်ခွင့်မရှိ၊ သတ်ဘို့ရန် နည်းလမ်းလည်းပေးခွင့်မရှိ၊ လူသားတစ်ယောက် သေစေရန်ရည်ရွယ်၍ မည်သို့သော နည်းပရိယာယ်ကိုမျှ အသုံးပြုခွင့်မရှိပေ။ အကယ်၍ လူကိုသေစေရန် တနည်းနည်းဖြင့် ကျူးလွန်မိပါက နောက်ထပ်တစ်ဖန် ရဟန်းဖြစ်ချင်၍ အကြိမ်တစ်ရာ ကမ္မဝါဖတ်၍ ရဟန်းခံသော်လည်း ရဟန်းအဖြစ်ကို မရနိုင်တော့။ အဘယ့်ကြောင့်နည်း။ အလွန်တန်ဘိုးကြီးလှသော လူသားဘဝကို ဆုံးရှုံးအောင် ပြုမူခြင်းကြောင့်ပင်တည်း။ မြတ်ဗုဒ္ဓ၏ဓမ္မသည် လူသားကိုဤမျှအထိတန်ဘိုးထား၏။ လေးစား၏။
 
          ထို့ပြင် အသိဥာဏ်ပိုင်းအဆင့်အတန်းကို စဉ်းစားကြည့်လျှင်လည်း နိဗ္ဗာန်ကို ဦးစွာ မျက်မှောက်ပြုလျှက် သိနိုင် နားလည်နိုင်သည်မှာ ဤကမ္ဘာဝယ် လူသားသာလျှင်ဖြစ်၏။ နတ်လည်းမဟုတ်၊ ဗြဟ္မာလည်းမဟုတ်၊ တိရစ္ဆာန်ဆိုလျှင် ပိုလို့ပင်ဝေးလေစွ။ နိဗ္ဗာန်ဟူသည် ဒဿနဆိုင်ရာရုပ်လွန်ပညာရပ်မဟုတ်ချေ။ မြတ်ဗုဒ္ဓသင်ကြားတော်မူသည့်အတိုင်း အမှန်တကယ်လိုက်နာကျင့်သုံးလျှင် ကိုယ်တိုင်ကိုယ်ကျ မဂ်ပညာ ဖိုလ်ပညာတို့ဖြင့် သိနိုင်သော ဧကန်အရှိတရား ဖြစ်၏။ ထိုနိဗ္ဗာန်တရားကို မရေမတွက်နိုင်သောသက်ရှိသတ္တဝါများထဲတွင် လူသားသည်သာ အဦးဆုံးသိခဲ့၏။  ထို့ကြောင့် ဗုဒ္ဓဓမ္မအရ လူသားသည် မွေးရာပါအားဖြင့် ဂုဏ်သိက္ခာမြင့်၏၊ တင့်၏။ အခြားသတ္တဝါများထက် အသိဥာဏ်လည်းမြင့်၏။ မွေးရာပါ အပြစ်ကင်းစင်၏။ ဘာအပြစ်မှမပါဝင်။ တစ်ချို့ဘာသာများ၏ အဆိုအရ လူသားသည် မွေးရာပါအားဖြင့် အပြစ်ပါလာ၏။ အပြစ်သားဖြစ်၏။ ထိုအပြစ်ကို ဖြေဖျောက်၍ ကယ်တင်ပေးရန် သက်ဆိုင်ရာ ဘုရားကို မျက်နှာချိုသွေးကာ ဆုတောင်းကြရ၏။ ဗုဒ္ဓဓမ္မအရ လူသားသည် မွေးရာပါအားဖြင့်ပင် ဂုဏ်တင့်၏။ မြင့်၏။ ဥာဏ်ထက်၏။ အပြစ်ကင်းစင်၏။ မည်သို့သောပုဂ္ဂိုလ်ကိုမျှ ဒူးထောက်လက်မြှောက်၍ မျက်နှာချိုသွေးကာ ဆုတောင်းနေရန်မလိုပေ။ ထို့ပြင် လူသားသည် အရာရာကို ဖန်တီးနိုင်၏။ လူ့လောကကြီးတစ်ခုလုံးကို လူသားများသာ စိတ်တိုင်းကျချယ်လှယ်နေနိုင်ကြ၏။ အဘယ့်ကြောင့်နည်း။ လူသားသည် မူလမွေးရာပါ အစွမ်းရှိသောကြောင့်ပင်တည်း။  လူသားသည်သာ ကိုးကွယ်ရာ ဘုရားဖြစ်နိုင်၏။ လူသားမှတစ်ပါး မည်သည့်သက်ရှိသတ္တဝါမျှ ဘုရားမဖြစ်နိုင်ချေ။ ဗုဒ္ဓဓမ္မအရ လူသားသည် အကျင့်မြတ်ကို အမှန်တကယ်ကျင့်လျှင် စာလုံးကြီးဖြင့်ပေါင်းသော God ကလည်း လူသားကို လေးစားရိုသေရှိခိုးရ၏။ စာလုံးသေးဖြင့်ပေါင်းသော gods များစွာတို့သည်လည်း လူသားကို လေးစားကြရ၏။ လူသားသည် God နှင့် gods အားလုံးကို ရှိခိုးစရာမလို၊ သူတို့ထံသို့ဆုတောင်းခံစရာမလို၊ မေတ္တာပွါးရန်သာလို့၏။ လူသား၏တန်ဘိုးသည် ဤမျှအထိမြင့်မားလှ၏။  ဤကဲ့သို့ မွေးရာပါ လူသား၏ဂုဏ်သိက္ခာကို အရှိအတိုင်း သဘာဝအတိုင်း ဖေါ်ထုတ်တင်ပြပေးသော ဘာသာတရား အဘယ်မှာလျှင် ရှိပါမည်နည်း။ ရှိလျှင်လည်း ပြစမ်းပါလော့။ သိချင်လှပါ၏။
         
               အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း အပိုဒ် (၁) တွင် လူတိုင်းသည် တူညီလွတ်လပ်သော ဂုဏ်သိက္ခာဖြင့်လည်းကောင်း၊ တူညီလွတ်လပ်သော အခွင့်အရေးများဖြင့်လည်းကောင်း၊ မွေးဖွားလာသူများဖြစ်သည်။ ထိုသူတို့၌ ပိုင်းခြားဝေဘန်တတ်သောဥာဏ်နှင့် ကျင့်ဝတ်သိတတ်သော စိတ်တို့ရှိကြ၍ ထိုသူတို့သည် အချင်းချင်း မေတ္တာထား၍ ဆက်ဆံကျင့်သုံးသင့်၏ ဟု ပြဋ္ဌာန်းထား၏။ ဤပြဋ္ဌာန်းချက်နှင့် ဗုဒ္ဓဓမ္မကို အသင်စာဖတ်သူ နှိုင်းယှဉ်ကြည့် သုံးသပ်ကြည့်စမ်းပါလော့။ ဤကြေငြာစာတမ်းသည် ယနေ့ကမ္ဘာ့လူသားများအတွက် ကျင့်သုံးထိုက်သည့် အခြေခံမူတစ်ခုဖြစ်ပါ၏။ သို့သော် မြတ်ဗုဒ္ဓသည် ဤကြေငြာစာတမ်းထက် လူသား၏တန်ဘိုးနှင့် ဂုဏ်သိက္ခာကို နှစ်ပေါင်း ၂၅၀၀ ကျော်စော၍ ကြိုတင်ကာ ဖေါ်ထုတ်တင်ပြခဲ့၏။ ထို့ကြောင့် ဗုဒ္ဓဓမ္မအရ လူသားသည် တန်ဘိုးအမြင့်ဆုံးဖြစ်၏။ ဂုဏ်သိက္ခာအမြင့်ဆုံးဖြစ်၏။ အလွတ်လပ်ဆုံးဖြစ်၏။ အသိဥာဏ်အမြင့်ဆုံးဖြစ်၏။ လူသားထက်မြင့်သော လူသားကကိုးကွယ်ရသော သက်ရှိသတ္တဝါဟူ၍မရှိချေ။ လူသားသည် သက်ရှိသတ္တဝါအားလုံးကို မေတ္တာတရား ကရုဏာတရား ကိုယ်ကျင့်တရား တာဝန်ဝတ္တရားတို့ဖြင့် ချီးမြှောက်ရန်သာတာဝန်ရှိလေ၏။

Sunday, June 3, 2012

ဗုဒ္ဓဓမ္မနှင့်လူ့အခွင့်အရေး (၆) အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်းအပိုင်း (၃)

အပိုဒ် ( ၂၁ )
(၁) လူတိုင်းတွင် မိမိနိုင်ငံ၏အုပ်ချုပ်ရေး၌ ကိုယ်တိုင်ဖြစ်စေ၊ လွတ်လပ်စွာရွေးချယ်လိုက်သည့် ကိုယ်စားလှယ်များမှတစ်ဆင့်ဖြစ်စေ ပါဝင်ဆောင်ရွက်နိုင်ခွင့်ရှိသည်။
(၂) လူတိုင်းတွင် မိမိ၏နိုင်ငံရှိ ပြည်သူ့ဝန်ထမ်းအဖွဲ့၌ ဝင်ရောက်နိုင်ရန် တူညီသည့်အခွင့်အရေးရှိသည်။
(၃) ပြည်သူပြည်သားတို့၏ဆန္ဒသည် အုပ်ချုပ်မှုအာဏာ၏ အခြေခံဖြစ်ရမည်။ အဆိုပါဆန္ဒကို အချိန်ကာလပိုင်းခြားလျှက် စစ်မှန်သောရွေးကောက်ပွဲများဖြင့် ထင်ရှားစေရမည်။ ရွေးကောက်ပွဲများတွင်လည်း လူတိုင်းအညီအမျှ ဆန္ဒမဲပေးနိုင်ခွင့်ရှိရမည့်အပြင် ထိုရွေးကောက်ပွဲများကို လျှို့ဝှက်မဲပေးစံနစ်ဖြင့်ဖြစ်စေ၊ အလားတူလွတ်လပ်သော မဲပေးစံနစ်ဖြင့်ဖြစ်စေ ကျင်းပရမည်။

အပိုဒ် ( ၂၂ )
လူတိုင်းတွင် လူ့အဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ဦးအနေနှင့် လူမှုရေးလုံခြုံခွင့် ရယူပိုင်ခွင့်ရှိသည့်အပြင် နိုင်ငံရေးကြိုးပမ်းမှုဖြင့်ဖြစ်စေ၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဖြင့်ဖြစ်စေ၊ နိုင်ငံအသီးသီး၏ ဖွဲ့စည်းပုံနှင့်လည်းကောင်း၊ သယံဇာတအင်အားနှင့်လည်းကောင်း၊ ထိုလူ၏ဂုဏ်သိက္ခာနှင့်စရိုက်လက္ခဏာ လွတ်လပ်စွာ တိုးတက်မြင့်မားရေးအတွက် မရှိမဖြစ်လိုအပ်သော စီးပွါးရေး လူမှုရေးနှင့်ယဉ်ကျေးမှုအခွင့်အရေးများကို သုံးစွဲပိုင်ခွင့်ရှိသည်။

အပိုဒ် ( ၂၃ )
(၁) လူတိုင်းတွင် အလုပ်လုပ်ရန်လည်းကောင်း၊ မိမိနှစ်သက်ရာ အသက်မွေးမှုအလုပ်အကိုင်ကို လွတ်လပ်စွာရွေးချယ်ရန်လည်းကောင်း၊ တရားမျှတ၍ လုပ်ပျော်သောအလုပ်ခွင်၏ အခြေအနေကိုရရှိရန်လည်းကောင်း၊ အလုပ်လက်မဲ့ဖြစ်ရခြင်းမှ အကာအကွယ်ရရှိရန်လည်းကောင်း အခွင့်အရေးရှိသည်။
(၂) လူတိုင်းတွင်ခွဲခြားခြင်းမခံရစေဘဲ တူညီသောအလုပ်အတွက် တူညီသောအခကြေးငွေ ရနိုင်ခွင့်ရှိသည်။
(၃) အလုပ်လုပ်ကိုင်သည့်လူတိုင်းတွင် မိမိနှင့်မိမိ၏မိသားစုအတွက် လူ့ဂုဏ်သိက္ခာနှင့်ညီအောင် နေထိုင်စားသောက်နိုင်ရန် စိတ်ချလောက်သည့်အပြင် တရားမျှတ၍လုပ်ပျော်သည့် လစာကြေးငွေရပိုင်ခွင့်ရှိသည်။ လိုအပ်ခဲ့လျှင် အခြားနည်းလမ်းများမှ လူမှုရေးအထောက်အပံ့ကိုလည်း ထပ်မံ၍ရနိုင်ခွင့်ရှိသည်။
(၄) လူတိုင်းတွင် မိမိအကျိုးခံစားခွင့်ကို ကာကွယ်ရန် အလုပ်သမားအစည်းအရုံးများ ဖွဲ့စည်းခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်ရှိသည်။

အပိုဒ် ( ၂၄ )
လူတိုင်းတွင် သင့်မြတ်လျော်ကန်စွာ ကန့်သတ်ထားသည့် အလုပ်လုပ်ချိန်အပြင် လစာနှင့်တကွအခါအားလျော်စွာ သတ်မှတ်ထားသည့် အလုပ်အားလပ်ရက်များပါဝင်သည့် အနားယူခွင့်နှင့်အားလပ်ခွင့် ခံစားပိုင်ခွင့်ရှိသည်။

အပိုဒ် ( ၂၅ )
(၁) လူတိုင်းတွင် မိမိနှင့်တကွ မိမိ၏မိသားစုကျမ္မာရေးနှင့်တကွ ကိုယ်စိတ်နှစ်ဖြာ အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် အစာအာဟာရ အဝတ်အထည် နေအိမ် ဆေးဝါးအကူအညီနှင့် လိုအပ်သည့်လူမှုအထောက်အပံ့များပါဝင်သော သင့်တော်လျောက်ပတ်သည့်လူမှုအဆင့်အတန်းကို ရယူခံစားခွင့်ရှိသည်။ ထို့ပြင် အလုပ်လက်မဲ့ဖြစ်သောအခါ၌သော်လည်းကောင်း၊ မကျန်းမမာဖြစ်သောအခါ၌သော်လည်းကောင်း၊ ကိုယ်အင်္ဂါမစွမ်းမသန်ဖြစ်သောအခါ၌သော်လည်းကောင်း၊ မုဆိုးမဖြစ်သောအခါ၌သော်လည်းကောင်း၊ အသက်အရွယ်အိုးမင်းသောအခါ၌သော်လည်းကောင်း၊ မိမိကိုယ်တိုင်က မတတ်နိုင်သောအကြောင်းကြောင့် ဝမ်းစာရှာမှီးနိုင်သောနည်းလမ်း မရှိသောအခါ၌သော်လည်းကောင်း နေထိုင်စားသောက်ရေးအတွက် လုံခြုံစိတ်ချရမှုအခွင့်အရေးရှိသည်။
(၂) သားသည်မိခင်များနှင့်ကလေးများသည် အထူးစောင့်ရှောက်ခြင်းနှင့်အကူအညီပေးခြင်းကို ရခွင့်ရှိသည်။ ဥပဒေအရ ထိမ်းမြားခြင်းဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ၊ မွေးဖွားသောကလေးအားလုံးသည် တူညီသောလူမှုကာကွယ်စောင့်ရှောက်ရေးကို ရယူခံစားကြရမည်။

အပိုဒ် ( ၂၆ )
(၁) လူတိုင်းသည် ပညာသင်ယူနိုင်ခွင့်ရှိသည်။ အနည်းဆုံး မူလတန်းနှင့်အခြေခံအဆင့်အတန်းများတွင် ပညာသင်ကြားရေးသည်အခမဲ့ဖြစ်ရမည်။ မူလတန်းပညာသည် မသင်မနေရ ပညာဖြစ်ရမည်။ စက်မှုလက်မှုပညာနှင့် အသက်မွေးမှုပညာများကို ယေဘုယျအားဖြင့် သင်ကြားရယူနိုင်စေရမည်။ ထို့ပြင် အထက်တန်းပညာအတွက် အရည်အချင်းကိုအခြေခံပြု၍ တူညီသောအခွင့်အရေးရရှိစေရမည်။
(၂) ပညာသင်ကြားရေးကို လူသားတို့၏စရိုက်လက္ခဏာ အပြည့်အဝတိုးတက်မှုအပြင် လူ့အခွင့်အရေးနှင့်အခြေခံလွတ်လပ်ခွင့် ရိုသေလေးစားမှုတို့ကို ရှင်သန်ဖွံ့ဖြိုးလာစေရန်ရည်ရွယ်၍ သင်ကြားစေရမည်။ ပညာသင်ကြားရေးသည် နိုင်ငံအားလုံးတို့တွင်လည်းကောင်း၊ လူမျိုးစုများတွင်လည်းကောင်း၊ ဘာသာရေးအသင်းအဖွဲ့များတွင်လည်းကောင်း၊ အချင်းချင်းနားလည်မှုသည်းခံမှုနှင့်ခင်မင်ရင်းနှီးမှုတို့ကို အားပေးရမည်။ ထို့ပြင် ငြိမ်းချမ်းရေး တည်တံ့အောင် ဆောင်ရွက်ရန်အလို့ငှာ ကုလသမဂ္ဂ၏ဆောင်ရွက်မှုများကိုလည်း ဖြစ်မြောက်အောင်အားပေးရမည်။
(၃) မိဘတို့တွင် မိမိတို့၏ ကလေးများသင်ယူရမည့် ပညာအမျိုးအစားကိုရွေးချယ်နိုင်သော လက်ဦးအခွင့်အရေးရှိသည်။

အပိုဒ် ( ၂၇ )
(၁) လူတိုင်းတွင် သက်ဆိုင်ရာယဉ်ကျေးမှုလောက၌ လွတ်လပ်စွာပါဝင်ဆောင်ရွက်နိုင်ခွင့် သုခုမပညာရပ်များကို လွတ်လပ်စွာလိုက်စားမွေ့လျော်နိုင်ခွင့် သိပ္ပံပညာထွန်းကားရေးလုပ်ငန်းများတွင် လွတ်လပ်စွာဝင်ရောက်လုပ်ကိုင်နိုင်ခွင့်နှင့် ထိုပညာ၏အကျိုးအာနိသင်များကို လွတ်လပ်စွာ ခံစားသုံးစွဲနိုင်ခွင့်ရှိသည်။
(၂) လူတိုင်းတွင် သိပ္ပံမှဖြစ်စေ၊ စာပေမှဖြစ်စေ၊ သုခုမပညာမှဖြစ်စေ၊ မိမိကိုယ်ပိုင်ဥာဏ်ဖြင့် ကြံစည်ဖန်တီးမှုမှဖြစ်ထွန်းလာသည့် ဂုဏ်နှင့်ငွေကြေးအကျိုးအမြတ်များကို ခံစားရယူနိုင်ရန် အခွင့်အရေးအတွက် ကာကွယ်မှုကို ရရှိရန်အခွင့်အရေးရှိသည်။

အပိုဒ် ( ၂၈ )
လူတိုင်းသည် ဤကြေငြာစာတမ်းတွင် ဖေါ်ပြထားသည့် အခွင့်အရေးများနှင့်လွတ်လပ်ခွင့်များကို အပြည့်အစုံရယူနိုင်သော လူမှုဆက်ဆံရေးအခြေအနေနှင့် အပြည်ပြည်ဆိုင်ရာဆက်ဆံရေး အခြေအနေတို့၏ အကျိုးကျေးဇူးကိုခံစားနိုင်ခွင့်ရှိသည်။

အပိုဒ် ( ၂၉ )
(၁) မိမိ၏စရိုက်လက္ခဏာ လွတ်လပ်စွာ ဖွံ့ဖြိုးတိုးတက်နိုင်သည့် တစ်ခုတည်းသောလူ့အသိုက်အဝန်းအတွက် လူတိုင်း၌တာဝန်ရှိသည်။
(၂) မိမိ၏အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကိုသုံးစွဲရာတွင် လူတိုင်းသည် အခြားသူများ၏အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကိုအသိအမှတ်ပြု၍ ရိုသေလေးစားစေရန်အလို့ငှာလည်းကောင်း၊ ဒီမိုကရေစီကျင့်သုံးသောလူ့အဖွဲ့အစည်းတွင် ကိုယ်ကျင့်တရားအပြင် ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူ့အကျိုးစီးပွါးဖြစ်ထွန်းရေးတို့အတွက် တရားမျှတစွာကျင့်ဆောင်ရန်အလို့ငှာလည်းကောင်း ဥပဒေကပြဋ္ဌာန်းထားသည့် ချုပ်ချယ်မှုများဖြင့်သာ ကန့်သတ်ခြင်းခံရမည်။
(၃) အဆိုပါအခွင့်အရေးများနှင့်လွတ်လပ်ခွင့်များကို မည်သည့်အမှုကိစ္စတွင်မျှ ကုလသမဂ္ဂ၏ရည်ရွယ်ချက်များနှင့်လည်းကောင်း၊ အခြေခံမူများနှင့်လည်းကောင်း ဆန့်ကျင်၍မသုံးစွဲရ။

အပိုဒ် ( ၃၀ )
ဤကြေငြာစာတမ်းပါအခွင့်အရေးနှင့်တကွ လွတ်လပ်ခွင့်များ၊ ပျက်စီးရာပျက်စီးကြောင်းတို့ကိုရည်ရွယ်၍ နိုင်ငံတစ်နိုင်ငံအတွက်ဖြစ်စေ၊ လူတစ်စုအတွက်ဖြစ်စေ၊ လူတစ်ဦးတစ်ယောက်အတွက်ဖြစ်စေ၊ ပါဝင်ဆောင်ရွက်ရန်အခွင့်ရှိသည်ဟု သော်လည်းကောင်း၊ ကိုယ်တိုင်ဆောင်ရွက်ရန်အခွင့်ရှိသည်ဟုသော်လည်းကောင်း အဓိပ္ပါယ် ပိုင်းခြားကောက်ယူခြင်းမရှိစေရ။

Sunday, May 27, 2012

ဗုဒ္ဓဓမ္မနှင့်လူ့အခွင့်အရေး (၅) အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်း အပိုင်း (၂ )

အပိုဒ် (၁၁)
(၁) လူအများရှေ့မှောက်၌ ဥပဒေအတိုင်းစစ်ဆေး၍ ပြစ်မှုကျူးလွန်သည်ဟု ထင်ရှားစီရင်ခြင်းခံရသည့် အချိန်အထိ ပြစ်မှုနှင့်တရားစွဲဆိုခြင်း ခံရသူတိုင်းသည် အပြစ်မဲ့သူဟူ၍ ယူဆခြင်းခံထိုက်သည့် အခွင့်အရေးရှိသည်။ ထိုအမှုကိုကြားနာစစ်ဆေးရာဝယ် စွပ်စွဲခံရသည့်ပြစ်မှုအတွက် ခုခံချေပနိုင်ရန် လိုအပ်သောအခွင့်အရေးအများကို ထိုသူအားပေးပြီးဖြစ်စေရမည်။
(၂) လူတစ်ဦးတစ်ယောက်အား နိုင်ငံဥပဒေအရဖြစ်စေ အပြည်ပြည်ဆိုင်ရာဥပဒေအရဖြစ်စေ ပြစ်မှုမမြောက်သောလုပ်ရပ် သို့မဟုတ် ပျက်ကွက်မှုအရ ဆွဲဆိုအပြစ်ပေးခြင်းမပြုရ။ ထို့အပြင် ပြစ်မှုကျူးလွန်စဉ်အခါက ထိုက်သင့်စေနိုင်သော အပြစ်ဒဏ်ထက်ပိုမိုကြီးလေးသော အပြစ်ဒဏ်ကို ထိုက်သင့်ခြင်းမရှိစေရ။

အပိုဒ် ( ၁၂ )
မည်သူမျှ မိမိသဘောအတိုင်း အေးချမ်းလွတ်လပ်စွာနေထိုင်ခြင်းကိုသော်လည်းကောင်း၊ မိမိ၏မိသားစုကိုသော်လည်းကောင်း၊ မိမိ၏နေအိမ် အသိုက်အဝန်းကိုသော်လည်းကောင်း၊ စာပေးစာယူကိုသော်လည်းကောင်း၊ ဥပဒေအရမဟုတ်သော ဝင်ရောက်စွက်ဖက်ခြင်းမခံစေရ။ ထို့ပြင်မိမိ၏ဂုဏ်သိက္ခာကိုလည်း အထက်ပါအတိုင်းပုတ်ခတ်ခြင်းမခံစေရ။ လူတိုင်းတွင် ထိုသို့ဝင်ရောက်စွက်ဖက်ခြင်းမှသော်လည်းကောင်း၊ ပုတ်ခတ်ခြင်းမှသော်လည်းကောင်း ဥပဒေအရ ကာကွယ်ပိုင်ခွင့်ရှိသည်။

အပိုဒ် ( ၁၃ )
(၁) လူတိုင်းတွင် မိမိ၏နိုင်ငံ နယ်နိမိတ်အတွင်း၌ လွတ်လပ်စွာ သွားလာရွှေ့ပြောင်းနိုင်ခွင့်၊ နေထိုင်ခွင့်ရှိသည်။
(၂) လူတိုင်းတွင် မိမိနေထိုင်ရာ တိုင်းပြည်မှလည်းကောင်း၊ အခြားတိုင်းပြည်မှလည်းကောင်း ထွက်ခွာသွားပိုင်ခွင့်ရှိသည့်အပြင် မိမိ၏တိုင်းပြည်သို့ ပြန်လာပိုင်ခွင့်လည်းရှိသည်။

အပိုဒ် ( ၁၄ )
(၁) လူတိုင်းသည် ညှဉ်းပန်းနှိပ်စက် ခံနေရခြင်းမှ လွတ်ကင်းရန် အခြားတိုင်းပြည်များ၌ အေးချမ်းစွာ ခိုလှုံနေနိုင်ခွင့်ရှိသည်။
(၂) နိုင်ငံရေးနှင့်မပတ်သက်သည့် ပြစ်မှုများမှသော်လည်းကောင်း၊ ကုလသမဂ္ဂ၏ရည်ရွယ်ချက်နှင့် သဘောတရားများကို ဖီဆန်သောအမှုများမှသော်လည်းကောင်း၊ အမှန်ပေါ်ပေါက်လာသောပြစ်မှုကြောင့် တရားစွဲဆိုခြင်းခံရသည့် အမှုအခင်းများတွင် အထက်ပါအခွင့်အရေးကို အသုံးမပြုနိုင်စေရ။

အပိုဒ် ( ၁၅ )
(၁) လူတိုင်းသည် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားအဖြစ် ခံယူခွင့်ရှိသည်။
(၂) ဥပဒေအရမဟုတ်လျှင် မည်သူမျှ မိမိ၏နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ခြင်းမခံစေရ၊ နိုင်ငံသားအဖြစ် ပြောင်းလဲနိုင်သော အခွင့်အရေးကိုလည်း ငြင်းပယ်ခြင်းမခံစေရ။

အပိုဒ် ( ၁၆ )
(၁) အရွယ်ရောက်ပြီးသော ယောကျာ်းနှင့်မိန်းမတို့တွင် လူမျိုးကိုသော်လည်းကောင်း၊ နိုင်ငံသားအဖြစ်ကိုသော်လည်းကောင်း၊ ကိုးကွယ်သည့်ဘာသာကိုသော်လည်းကောင်း အကြောင်းပြု၍ ချုပ်ချယ်ကန့်သတ်ခြင်းမရှိဘဲ ထိမ်းမြားနိုင်ခွင့်နှင့် မိသားစုထူထောင်နိုင်ခွင့်ရှိသည်။ အဆိုပါယောကျာ်းနှင့်မိန်းမတို့သည် လင်မယားအဖြစ်ပေါင်းသင်းနေစဉ် အချိန်အတွင်း၌သော်လည်းကောင်း၊ အိမ်ထောင်ကိုဖျက်သိမ်း၍ ကွာရှင်းကြသည့်အခါ၌သော်လည်းကောင်း လက်ထပ် ပေါင်းသင်း အိမ်ထောင်ပြုခြင်းနှင့်စပ်လျဉ်းသော တူညီသည့်အခွင့်အရေးများကို ရရှိထိုက်သည်။
(၂) သတို့သားနှင့်သတို့သမီး နှစ်ဦးနှစ်ဘက်၏ လွတ်လပ်သောသဘောဆန္ဒရှိမှသာလျှင် ထိမ်းမြားခြင်းကိုပြုရမည်။
(၃) မိသားစုတစ်ခုသည်  လူ့အဖွဲ့အစည်း၏ သဘာဝကျသော အခြေခံအဖွဲ့တစ်ရပ်ဖြစ်သည်၊ ထိုမိသားစုသည် လူ့အဖွဲ့အစည်းနှင့် အစိုးရတို့၏ကာကွယ်စောင့်ရှောက်ခြင်းကို ခံယူခွင့်ရှိသည်။

အပိုဒ် ( ၁၇ )
လူတိုင်းတွင် မိမိတစ်ဦးချင်းသော်လည်းကောင်း၊ အခြားသူများနှင့်ဖက်စပ်၍သော်လည်းကောင်း၊ ပစ္စည်းဥစ္စာတို့ကို ပိုင်ဆိုင်ရန်အခွင့်အရေးရှိရမည်။ ဥပဒေအရမဟုတ်လျှင် မည်သူမျှ မိမိ၏ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ကို  စွန့်လွှတ်ခြင်းမခံစေရ။

အပိုဒ် ( ၁၈ )
လူတိုင်းတွင် လွတ်လပ်စွာတွေးခေါ်ကြံဆနိုင်ခွင့်၊ လွတ်လပ်စွာခံယူရပ်တည်နိုင်ခွင့်နှင့် လွတ်လပ်စွာသက်ဝင်ကိုးကွယ်နိုင်ခွင့်ရှိသည်။ အဆိုပါအခွင့်အရေးများ၌ မိမိကိုးကွယ်သည့်ဘာသာကို သို့တည်းမဟုတ် သက်ဝင်ယုံကြည်ချက်ကို လွတ်လပ်စွာပြောင်းလဲနိုင်ခွင့်ပါဝင်သည့်အပြင် မိမိတစ်ယောက်ချင်းဖြစ်စေ၊ အခြားသူများနှင့်စုပေါင်း၍ဖြစ်စေ၊ ပြည်သူအများရှေ့မှောက်တွင်သော်လည်းကောင်း၊ ရှေ့မှောက်တွင် မဟုတ်ဘဲသော်လည်းကောင်း၊ မိမိကိုးကွယ်သော ဘာသာကို သို့တည်းမဟုတ် သက်ဝင်ယုံကြည်ချက်ကို လွတ်လပ်စွာသင်ပြနိုင်ခွင့်၊ ကျင့်သုံးနိုင်ခွင့်၊ ဝတ်ပြုကိုးကွယ်နိုင်ခွင့်နှင့် ဆောက်တည်နိုင်ခွင့်တို့လည်းပါဝင်သည်။

အပိုဒ် ( ၁၉ )
လူတိုင်းတွင် လွတ်လပ်စွာထင်မြင်ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာဖွင့်ဟ ဖေါ်ပြနိုင်ခွင့်ရှိသည်။ အဆိုပါအခွင့်အရေးများ၌ အနှောက်အယှက်မရှိဘဲ လွတ်လပ်စွာထင်မြင်ယူဆနိုင်ခွင့်ပါဝင်သည့်အပြင် နိုင်ငံနယ်နိမိတ်များကို ထောက်ထားရန်မလိုဘဲ သတင်းအကြောင်းအရာနှင့် သဘောတရားများကို တနည်းနည်းဖြင့်လွတ်လပ်စွာ ရှာယူဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နှင့် ဝေငှဖြန့်ချီခွင့်တို့လည်း ပါဝင်သည်။

အပိုဒ် ( ၂၀ )
(၁) လူတိုင်းတွင် လွတ်လပ်အေးချမ်းစွာ စုဝေးနိုင်ခွင့်နှင့်ဖွဲ့စည်းနိုင်ခွင့်တို့ရှိသည်။
(၂) မည်သူ့ကိုမျှ အဖွဲ့အစည်းတစ်ခုသို့ ဝင်စေရန် အတင်းအကျပ်မပြုရ။

Sunday, May 20, 2012

ဗုဒ္ဓဓမ္မနှင့်လူ့အခွင့်အရေး (၄) အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း အပိုင်း ( ၁ )

  အပိုဒ် ( ၁ ) 
လူတိုင်းသည် တူညီလွတ်လပ်သောဂုဏ်သိက္ခာဖြင့်လည်းကောင်း၊ တူညီလွတ်လပ်သောအခွင့်အရေးများဖြင့်လည်းကောင်း မွေးဖွားလာသူများဖြစ်သည်။ ထိုသူတို့၌ ပိုင်းခြားဝေဘန်တတ်သောဥာဏ်နှင့် ကျင့်ဝတ်ကိုသိတတ်သောစိတ်တို့ရှိကြ၍ ထိုသူတို့သည် အချင်းချင်းမေတ္တာထား၍ ညီရင်းအကိုစိတ်ထားဖြင့် ဆက်ဆံကျင့်သုံးသင့်၏။

အပိုဒ် (၂)
လူတိုင်းသည်လူ့ အခွှင့်အရေးကြေငြာစာတမ်းတွင်ဖေါ်ပြထားသည့်
အခွှင့်ရေးအားလုံး လွတ်လပ်ခွှင့်အားလုံးတို့ ကိုပိုင်ဆိုင်ခံစားခွှင့်ရှိသည်။ လူမျိုးနွယ်အားဖြင့်ဖြစ်စေ၊
အသားအရောင်အားဖြင့်ဖြစ်စေ၊ ကျား၊ မ၊ သဘာဝအားဖြင့်ဖြစ်စေ၊ ဘာသာစကားအားဖြင့်ဖြစ်စေ၊
ကိုးကွယ်သည့်ဘာသာအားဖြင့်ဖြစ်စေ၊ နိုင်ငံရေးယူဆချက်၊ သို့ တည်းမဟုတ် အခြားယူဆချက်အားဖြင့် ဖြစ်စေ၊ နိုင်ငံနှင့်ဆိုင်သော သို့ တည်းမဟုတ် လူမူ့ အဆင့်တန်းနှင့်ဆိုင်သော
ဇစ်မြစ်အားဖြင့်ဖြစ်စေ၊ ပစ္စည်းဥစ္စာ ဂုဏ်အားဖြင့်ဖြစ်စေ၊ မျိုးရိုးဇာတိအားဖြင့်ဖြစ်စေ၊ အခြားအဆင့်အတန်း
အားဖြင့်ဖြစ်စေ ခွဲခြားခြင်းမရှိစေရ။
ထို့ ပြင် လူတဦးတယောက်နေထိုင်ရာ နိုင်ငံ၏ သို့ တည်းမဟုတ် နယ်မြေဒေသ၏နိုင်ငံရေးဆိုင်ရာ
ဖြစ်စေ စီရင်ပိုင်ခွှင့်ဆိုင်ရာဖြစ်စေ တိုင်းပြည်အချင်းချင်းဆိုင်ရာဖြစ်စေ၊ အဆင့်အတန်းတခုခုကို
အခြေပြု၍သော်လည်းကောင်း ဒေသနယ်မြေတခုသည် အချုပ်အခြာအာဏာပိုင် လွတ်လပ်သည့်နယ်မြေ
သို့ တည်းမဟုတ်  ကုလသမဂ္ဂ ထိန်းသိမ်းစောင့်ရှောက်ထားရသည့်နယ်မြေ၊ သို့ တည်းမဟုတ်
ကိုယ်ပိုင်အုပ်ချုပ်ခွှင့်အာဏာတို့ တစိတ်တဒေသလောက်သာရရှိသည့် နယ်မြေစသည်ဖြင့် ယင်းသို့ သော
နယ်မြေများဖြစ်သည် ဟူသောအကြောင်းကို အထောက်အထားပြု၍သော်လည်းကောင်း ခွဲခြားခြင်းလုံးဝ
မရှိစေရ။

အပိုဒ်(၃)
လူတိုင်း၌ အသက်ရှင်ရန်လွတ်လပ်မူ့ ခွှင့်နှင့် လုံခြုံစိတ်ချခွှင့်ရှိသည်။

အပိုဒ်(၄)
မည်သူ့ ကိုမျှကျေးကျွန်အဖြစ် သို့ တည်းမဟုတ် အစေအပါးအဖြစ်၊ နိုင်ထက်စီးနင်း စေခိုင်း ခြင်းမပြုရ။
လူကိုကျေးကျွန်သဖွယ် အဓ္ဓမစေခိုင်းခြင်း၊ အရောင်းအ၀ယ်ပြုခြင်းနှင့် ထိုသဘောသက်ရောက်သော
လုပ်ငန်းဟူသမျှကိုပိတ်ပင်တားမြစ်ရမည်။

အပိုဒ်(၅)
မည်သူ့ ကိုမျှ ညှင်းပမ်းနှိပ်စက်ခြင်း၊ သို့ တည်းမဟုတ် ရက်စက်ကြမ်းကြုတ်စွာ လူမဆန်စွာ
ဂုဏ်ငယ်စေသောဆက်ဆံမူ့ မပြုရ၊ သို့ တည်းမဟုတ်အပြစ်ဒဏ်ပေးခြင်းမပြုရ။

အပိုဒ်(၆)
လူတိုင်းတွင် ဥပဒေအရာ၌ လူပုဂ္ဂိုလ်တဦးအဖြစ်ဖြင့် အရာခပ်သိမ်းတွင် အသိအမှတ်ပြုခြင်းကို
ခံယူပိုင်ခွှင့်ရှိသည်။

အပိုဒ်(၇)
လူအားလုံးတို့ သည် ဥပဒေအရာ၌တူညီကြသည့်အပြင်၊ ဥပဒေ၏အကာအကွယ်ကို ခြားနားခြင်း
မခံရစေပဲ တူညီစွာခံစားပိုင်ခွှင့်ရှိသည်။ ဤကြေငြာစာတမ်းပါသဘောတရားများကို ဖီဆန်၍
ခွဲခြားခြင်းမှလည်းကောင်း၊ ထိုသို့ ခွဲခြားခြင်းကိုလှုံဆော်ခြင်းမှလည်းကောင်း၊ ကင်းလွတ်စေရန်
အကာအကွယ်ကို တူညီစွာခံစားပိုင်ခွှင့်ရှိသည်။

အပိုဒ်(၈)
ဖွဲ့ စည်းပုံအခြေခံဥပဒေက သော်လည်းကောင်း၊ အခြားဥပဒေကသော်လည်းကောင်း၊
လူတိုင်းအတွက်ပေးထားသည့် အခြေခံအခွှင့်အရေးများသည် ချိုးဖေါက်ဖျက်ဆီးခြင်းခံခဲ့ရလျှင်
ထိုသို့ ချိုးဖေါက်ဖျက်ဆီးသောပြုလုပ်မူ့ ကြောင့် ဖြစ်ပေါ်လာသောနစ်နာချက်အတွက်
ထိုသူသည် နိုင်ငံဆိုင်ရာ အာဏာပိုင်တရားရုံးတွင်ထိရောက်စွာသက်သာခွှင့်ရနိုင်စေရမည်။

အပိုဒ်(၉)
မည်သူမျှ ဥပဒေအရမဟုတ်သော ဖမ်းဆီးခြင်းကိုဖြစ်စေ၊ ချုပ်နှောင်ခြင်းကိုဖြစ်စေ၊
ပြည်နှင်ခြင်းကိုဖြစ်စေမခံစေရ။

အပိုဒ်(၁၀)
အခွှင့်အရေးများနှင့် တာဝန်ဝတ္တရားများကို အဆုံးအဖြတ်ခံရာတွင်လည်းကောင်း၊
ပြစ်မူ့ ကြောင့်တရားစွဲဆိုစီရင် ဆုံးဖြတ်ခံရာတွင်လည်းကောင်း၊ လူတိုင်းသည် လွတ်လပ်၍
ဘက်မလိုက်သော တရားရုံးတော်၏ လူအများရှေ့ မှောက်တွင် မျှတစွာကြားနာစစ်ဆေးခြင်းကို
တူညီစွာခံစားပိုင်ခွှင့်ရှိသည်။

***ဓမ္မမိတ်ဆွေများ၏အမှာစကား***