Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Saturday, November 19, 2011

ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၁၂ ) ယသောဓရာ၏ နောက်ဆုံးနှုတ်ဆက်ခြင်း

ကြီးစွာသောလုံ့လရှိတော်မူသော မြတ်စွာဘုရား ရှေးလွန်လေးပြီးသော ကမ္ဘာများစွာဝယ် ကုဋေတစ်သိန်းရှစ်ဆယ့်ငါးဆူသော ဘုရားရှင်တို့သည် ပွင့်ထွန်းပေါ်ပေါက်ခဲ့ကြပါကုန်၏။ နတ်ထက်နတ်ဖြစ်၍ မြတ်သထက်မြတ်တော်မူကြကုန်သော ထိုထိုများပြားလှသော ဘုရားရှင်တို့၏ အထံတော်၌ များပြားလှသော အလှုကိုဖြစ်စေခဲ့ပါပြီ။ မြောက်များလှစွာသော ဆုတောင်းခြင်းတို့ကိုလဲ
ပြုခဲ့ပါပြီ။ ရှင်တော်မြတ်ဘုရား ထိုထိုလျှောက်ဆိုခဲ့ပြီးသော သဗ္ဗညုတဘုရားရှင်တို့၏အထံတော်၌သာ အလှုဒါနပြု၍ ဆုတောင်းခဲ့သည်မဟုတ်ပါ။ အခြားတစ်ပါးသော ခြောက်ဆယ့်လေးကုဋေသော ပစ္စေကဗုဒ္ဓါတို့သည်လည်းပွင့်ထွန်းတော်မူခဲ့ကြကုန်ပြီးလျှင် ထိုထိုသော ပစ္စေကဗုဒ္ဓါတို့၏ အထံတော်၌ တောင်းဆုပြုခဲ့သည်မှာလည်း များပြားလှပါ၏။ ထို့ပြင် ကိလေသာအာသဝေါ ကင်းကုန်ပြီးသော ရဟန္တာအရှင်မြတ်တို့ကား မရေမတွက်နိုင်အောင်ပင် ပေါ်ပေါက်ခဲ့ကြပါကုန်၏။ ထိုထိုပေါ်ပေါက်ခဲ့ကြသော ရဟန္တာအရှင်မြတ်တို့၏အထံတော်တို့၌လည်း
မြောက်များလှစွာ တောင်းဆုပြုခဲ့ပါ၏။ နတ်ထက်နတ်ဖြစ်တော်မူသော မြတ်စွာဘုရား တပည့်တော်မဆက်လက်လျှောက်ထားသည်တို့ကို နားကြားတော်မူစေချင်ပါ၏ဘုရား။ တရားတော်ကို ကောင်းစွာကျင့်ပြီးကုန်သော ဘုရားရှင်တို့၏အထံ၌လည်းကောင်း၊ တရားကို အမြဲမပြတ် အခါခပ်သိမ်းကျင့်လေ့ရှိကြကုန်သော သူတော်စင် ပုဂ္ဂိုလ်မွန်တို့၏ အထံတော်၌လည်းကောင်း ကိုးကွယ်ဆည်းကပ်၍ တရားကိုကျင့်သောသူသည် ပစ္စုပ္ပန် တမလွန် နှစ်တန်သောဘဝတို့၌ ချမ်းသာစွာ နေရအိပ်ရ ကျင်လည်ရပါ၏။ တပည့်တော်မသည် ပါရမီတော်တို့ကို ကူညီဖြည့်ဆည်းပေးပြီးသော ယခုဘဝတွင် သံသရာကိုငြီးငွေ့၍ အခြံအရံတစ်ထောင်နှင့်အတူ အိမ်ရာမထောင်သော ရဟန်းဘောင်သို့ ကြောင့်ကြမဲ့စွာ အနှောက်အယှက်ကင်းဝေးချမ်းသာစွာ ဝင်ရောက်ခဲ့ပါ၏။ ရဟန်းဘောင်သို့ဝင်ရောက်ပြီး၍ ရက်သတ္တနှစ်ပတ်မပြည့်မီမှာပင် ကိလေသာကုန်ခန်း ရဟန္တာအဖြစ်သို့ရောက်ခဲ့ပါပြီ။ လူများစွာတို့သည် ဆွမ်း သင်္ကန်း ကျောင်း ဆေးဟူသော ပစ္စည်းလေးပါးတို့ကို သမုဒ္ဒရာလှိုင်းတံပိုးကဲ့သို့ အရှိန်အဟုန်ကြီးမားစွာ မြောက်များစွာပို့ဆောင်ကြပါကုန်၏။ တပည့်တော်မသည် ယခုအခါ ကိလေသာ အသဝေါတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေပြီးဖြစ်ပါသဖြင့် အအေးမြဆုံးသောအရသာတို့တွင် အမြတ်ဆုံးအေးမြမှုရသကိုခံစားရပါပြီ။ ရှင်တော်မြတ်ဘုရား၏ အဆုံးအမတော်တို့ကိုလဲ လိုက်နာကျင့်သုံးပြီးပါပြီ။ များပြားလှသော ဘဝသံသရာတွင် ရှင်တော်ဘုရားနှင့်အတူ ဆင်းရဲဒုက္ခအဖုံဖုံ ချမ်းသာသုခအစုံစုံကို ကျေနပ်ကြည်နူးစွာခံစားပြီးလျှင် ယခုအခါ ဧတဒဂ်ငါးတန်ရသော ရဟန္တာထေရီမအဖြစ်သို့ရောက်လျှက် အထွဋ်မြတ်ဆုံးဖြစ်သော နိဗ္ဗာန်ချမ်းသာကို သုံးဆောင်ခံစားနိုင်ပါပြီ။ မြင့်မြတ်ကြီးကျယ်လှသော ရှင်တော်မြတ်ဘုရား၏ ကောင်းမှုကုသိုလ်အကျိုးငှာ အစဉ်အမြဲ ဖြည့်ဆည်းခဲ့ရသော တပည့်တော်မသည် ရှင်တော်မြတ်ဘုရားကဲ့သို့သော အနှိုင်းမဲ့သည့် အဆွေခင်ပွန်းကောင်းကို ဘဝပရမ္ပရ ဘဝအဆက်ဆက်ရရှိခဲ့ပါ၏။ နောက်ဆုံးဘဝဖြစ်သော ယခုအခါတွင် ရောက်သင့်ရောက်ထိုက်သော ကံစိတ်ဥတုအာဟာရ တည်းဟူသော အကြောင်းတရားလေးပါးတို့ ပြုပြင်စီရင်ခြင်း အလျဉ်းမရှိသော နိဗ္ဗာန်သို့ရောက်ရပါပြီ။ နတ်တကာတို့ထက်နတ်ဖြစ်၍ အမြတ်တကာတို့ထက်မြတ်တော်မူသော ရှင်တော်မြတ်ဘုရား ယခုအခါ တပည့်တော်မအား အတိတ်ကံအားလုံးတို့သည် ကုန်ပါပြီ။ ပစ္စုပ္ပန်ကံ မှန်သမျှသည်လည်း ချုပ်ဆုံးပါပြီ။ အနာဂတ်ကံ ဟူသမျှသည်လည်း ပျက်ဆီးချုပ်ငြိမ်းခဲ့ပါပြီ။ မကြာမြင့်မီပင် ပရိနိဗ္ဗာန်ပြုပါတော့မည်။ စက္ခုငါးပါးနှင့်ပြည့်စုံတော်မူသော ရှင်တော်မြတ်ဘုရား၏ ခြေတော်အစုံတို့ကို ဂုဏ်တော်အနန္တကိုအာရုံပြုလျှက် ဦးခိုက်ခဲ့ပါသည် ရှင်တော်မြတ်ကြီးဘုရားးးး။ ယသောဓရာထေရီမြတ် အရှင်မကြီးသည် ဘုရားရှင်ကို ဤသို့နှုတ်ဆက်စကား လျှောက်ထားပြီး၍ ပရိနိဗ္ဗာန်ဝင်စံသွားခဲ့တော့၏။ ယသောဓရာထေရီမြတ်၏ နှုတ်ဆက်စကားတို့သည် သာမာန်လူသားတစ်ယောက်အနေဖြင့် နားထောင်ရမည်ဆိုလျှင် လွမ်းမိပေမည်။ ဝမ်းနဲငိုကြွေးမိပေမည်။ ယခုမူသော်ကား လျှောက်ထားသူကား  ယသောဓရာ ရဟန္တာထေရီမြတ်အရှင်မ၊ နားထောင်သူကား သဗ္ဗညုတဥာဏ်ရှင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့ ဖြစ်သောကြောင့်သာ သံသရာမှထွက်မြောက်သည့်နှုတ်ဆက်ပွဲသည် အေးချမ်းသောရသဖြင့် ပြီးဆုံးခဲ့လေ၏။ အမှန်ကိုဆိုရသော်  မိမိလည်း ဤစာကိုရေးရင်း ရင်ထဲ၌ လှိုက်လှဲစွာ ဝမ်းနဲဝမ်းသာ ခံစားရပါ၏။ အော် မိမိသည် သံသရာတွင်းသားဖြစ်ပေသေးသကိုးးးးးးးးးးးးးးးးးးးး။ အထူးသဖြင့် မိမိသည်ယသောဓရာအကြောင်းကို ဤမျှ ဋီကာချဲ့နေခြင်းသည် သုမေဓာနှင့်သုမိတ္တာတို့နှစ်ဦးသား ဗျာဒိတ်တော်ကို ခံယူကြရာဝယ် ဘဝအဆက်ဆက်က အတူနေထိုင်ကျင်လည်ခဲ့ကြ၊ ချစ်ကြင်နာခဲ့ကြ၊ ကုသိုလ်ကိုအတူတူပြုခဲ့ကြဖူးသော အကြောင်းအကျိုးတရားအဆက်ဆက်ကြောင့်သာ နှစ်ထောင်းအားရကျေနပ်စွာအတူပူးတွဲ၍ ဤကဲ့သို့ဗျာဒိတ်တော်ကို ခံယူခဲ့ကြခြင်းဖြစ်ကြောင်းထင်ရှားစေလို၍ ဖြစ်ပါ၏။ ထို့ပြင် အမျိုးသမီးများအပေါ် လူအများစု၏ အမြင်မှားနေသော အချက်အလက်များကိုလဲ အမြင်မှန်ရစေပြီး အားပေးချင်၍လည်းဖြစ်၏။ အမြင်လွဲနေသည့်အရားကား ဤနှယ်ဤသို့ ဖြစ်သတတ်။ အားပေးချင်သည့်အရာကား ဤသို့ဤနှယ်ဖြစ်သတည်းး။ ဆက်ရန်..........

Sunday, November 13, 2011

ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၁၁ )

ရသေ့မြတ် ဤရှုမငြီးအလှဖြင့် ချစ်စရာအတိဖြစ်သော သတို့သမီးငယ်သည် ကိုယ်၏လုပ်ရပ်ဖြစ်ရပ်
နှုတ်၏လုပ်ရပ်ဖြစ်ရပ် စိတ်၏လုပ်ရပ်ဖြစ်ရပ်ဟူသော သုံးထပ်သောကံတို့၌ သင်နှင့်ထပ်တူဖြစ်လတ္တံ့။
ထို့ပြင် ဤသတို့သမီးသည် မြင်ရသူ လူအပေါင်း၏ ရှု၍မငြီး ကြည့်၍မဝသော ချစ်ဖွယ်ရာရုပ်ဆင်းအင်္ဂါနှင့်
ပြည့်စုံသူဖြစ်ပြီးလျှင် သူတစ်ပါးတို့အား နှလုံးစိတ်ဝမ်း ပျော်ရွှင်အေးချမ်းမှုကိုလဲ တိုးပွါးစေနိုင်သောသူဖြစ်
လတ္တံ့။ မြတ်စွာဘုရားရှင်တို့၏ တရားတော်တို့၌ နှလုံးပျော်ပိုက်ကာ ကျင့်နိုင်သူဖြစ်ပြီးလျှင် ဘုန်းတန်ခိုး
ရှိန်စော် အာနုဘော်ကြီးသူဖြစ်လတ္တံ့။ အရှင်သခင်၏ ဘဏ္ဍာကိုအစဉ်မပြတ် စောင့်ရှောက်သကဲ့သို့ ကုသိုလ်တရားမှန်သမျှတို့၌လည်း အစဉ်အမြဲစောင့်ရှောက်ထိန်းသိမ်းသူဖြစ်လတ္တံ့။ ဘုရားဖြစ်ရန်ပါရမီ
ဆယ်ပါးကို ဖြည့်ကျင့်တော့မည်ဖြစ်သောသင့်အား ဖောက်ပြန်ခြင်းမရှိဘဲ အစဉ်အမြဲစောင့်ရှောက်လျှက်
ပါရမီတို့ကို ကူညီဖြည့်ဆည်းသူဖြစ်ပေလတ္တံ့။ ခြင်္သေ့သည် နှောင်အိမ်ချိုင့်ကို ဖျက်ဆီး၍ လွတ်မြောက်ရာကို
သွားသကဲ့သို့ ( သင်ဘုရားဖြစ်သောအခါ ) ကိလေသာတို့ကိုဖျက်ဆီး၍ သံသရာမှလွတ်မြောက်ရာ သာဝက
ဗောဓိဥာဏ်သို့ ( နိဗ္ဗာန် ) သို့ရောက်လတ္တံ့ ဟု တပည့်တော်မအတွက် များပြားလှသော ရမ္မာဝတီပြည်သူပြည်သားတို့၏ ရှေ့မှောက်၌ ဗျာဒိတ်စကားကို မိန့်ကြားတော်မူခဲ့
ပါ၏။ တပည့်တော်မသည် ထိုဗျာဒိတ်စကားတော်ကို ကြားရသောအခါ ရှင်တော်မြတ်ဘုရားနှင့်လက်တွဲ၍ ပါရမီလုပ်ငန်းတို့ကို ကျင့်ဆောင်ခွင့်ဖြည့်ဆည်းခွင့်ကိုရပြီဟုတွေးတောမိ၍လည်း အလွန်အမင်းဝမ်းမြောက်ကြည်နူးခဲ့ရပါ၏။ ထိုဝမ်းမြောက်ကြည်နူးမှုသည် ယခုအခါ ဖော်ပြ၍မရနိုင်လောက်သည့် အထွဋ်အထိပ်သို့ရောက်ခဲ့ပါပြီ။ ထိုသို့
ဝမ်းမြောက်ခဲ့သည့်အလျောက်လည်း ဗျာဒိတ်စကားတော်အတိုင်း ကံသုံးရပ်တို့ဖြင့် ဖြည့်ကျင့်ခဲ့ပါသည်ဘုရား။
ဒီပင်္ကရာဘုရားရှင်၌လည်း အလွန်အမင်းကြည်ညိုခဲ့ပါ၏။ ထိုကဲ့သို့ ဘုရားရှင်ကို ကြည်ညို၍ သာသနာတော် အဆုံးအမတိုင်း နေထိုင်ကျင်လည်ကာ ဖြည့်ဆည်းခဲ့ရသော ကုသိုလ်ကံစွမ်းတို့ကြောင့် လူ့ပြည် နတ်ပြည်
တို့၌မရေမတွက်နိုင်လောက်အောင် ချမ်းသာသုခကိုခံစားခဲ့ရပါသည်ဘုရား။ အရှင်ဘုရားနှင့် သံသရာတွင်ပေါင်းဆုံမိသည့်အတွက် ဤကဲ့သို့သော ချမ်းသာသုခမျိုးကို ရရှိခဲ့ခြင်း ဖြစ်ပါသည်ဘုရား။ ထိုကဲ့သို့ ပူးတွဲ၍ဆည်းပူးခဲ့ရသော ကုသိုလ်ကံအရှိန်တို့ကြောင့် ဘဝဆက်တိုင်း ချမ်းသာသုခကို
 ခံစားခဲ့ရသော်လည်း လောက၏နိယာမဖြစ်သော လောကဓံတရားတို့ကိုတော့ ရှောင်လွှဲ၍
 မရသောကြောင့် အတိုင်းမသိသော အနှိုင်းဆမဲ့သော ဒုက္ခများစွာကိုလဲ ခံစားခဲ့ရပါ၏။ ထိုသို့ခံစားရသော်လည်း ဖောက်ပြန်ယိမ်းယိုင်ခြင်း အလျဉ်းမရှိခဲ့ပါ။ ဘဝသံသရာဝယ် ပါရမီတော်တို့ကို ကူညီဖြည့်ဆည်းရင်း နောက်ဆုံးဖြစ်သော ယခုဘဝတွင် သာကီဝင်မင်းမျိုး၌ မင်းသမီး
ဖြစ်ခဲ့ပါ၏။ တပည့်တော်မသည် နောက်ဆုံးဖြစ်သော ယခုဘဝဝယ် ရုပ်အဆင်းအားဖြင့်လည်း ရှု၍မငြီး
ချစ်၍မဝ တင့်တယ်လှပသူဖြစ်ရပါ၏။ စည်းစိမ်းဥစ္စာအားဖြင့်လည်း လိုအပ်သည့်အရာဟူ၍ မရှိလောက်
အောင်ပင် ပြည့်စုံသူဖြစ်ရပါ၏။ အခြံအရံ အလုပ်အကျွေးတို့လည်း များပြားလှပါ၏။ သီလတရားကိုလည်း
အလေးအမြတ်ထားကာ စောင့်ထိန်းပါ၏။ ကိုယ်အင်္ဂါအစိတ်အပိုင်းများလည်း တင့်တယ်စွာပြည့်စုံကြ၍
လူအပေါင်းတို့၏ လေးစားရိုသေ ပူဇော်မှုကို ခံယူရသူဖြစ်ပါ၏။ လောကဓံဆိုးများနှင့် ကြုံရသောအခါတွင်
လည်း စိတ်ဆင်းရဲခြင်းမဖြစ်ပါ။ လုံခြုံ ပြည့်ဝ အေးချမ်းသော ဘဝဖြင့်နေထိုင်ရပါသည်ဘုရား။ ရှင်တော်မြတ်ဘုရား မိမိတိုင်းပြည်ဖြစ်သော ကပိလဝတ္တုပြည်သို့ ပြန်လည်ကြွရောက်စဉ်အခါတုန်းက နန်းတော်တွင်းဝယ် သာကီဝင်မင်းမျိုးတို့၏ ရှေ့မှောက်၌ တပည့်တော်မ၏ ဂုဏ်ကျေးဇူးတို့ကို ဤသို့ ဖွင့်ထုတ် မိန့်ကြားတော်မူသည်ကို ကြားယောင်နေမိပါသေးသည်ဘုရား။
 အရှင်မြတ်ဘုရား မိန့်တော်မူသည်မှာ ဤရှု၍မငြီး အံ့ချီးလောက်သည့် ချစ်ဇနီးဖြစ်ခဲ့ဖူးသော ယသောဓရာသည်ကျေးဇူးအထူးကို ပြုလည်းပြုတတ်၍ သိလည်းသိတတ်သူဖြစ်ပေ၏။
အမျိုးမျိုးသောဆင်းရဲ အမျိုးမျိုးသော ချမ်းသာတို့၌ စိတ်ဖောက်ပြန်ခြင်း ယိမ်းယိုင်ခြင်းအလျဉ်းမရှိဘဲ ခိုင်ကြည်တည့်မတ်သော စိတ်ထားရှိသည့် မိန်းမမြတ်ဖြစ်ပေ၏။ ကုသိုလ်အကျိုးစီးပွါး တိုးပွါးသည့်စကား
ကိုသာပြောကြားတတ်သူဖြစ်ပေ၏။ ကောင်းမှုကုသိုလ်မှန်သမျှကိုလဲ အစဉ်အမြဲစောင့်ရှောက်တတ်သော
မိန်းမမြတ်ဖြစ်ပေ၏တကား။ ဤသည့်စကားတို့မှာ ရှင်တော်မြတ်ဘုရား ကပိလဝတ်နန်းတော်တွင်းဝယ် သာကီဝင်မင်းမျိုးတို့၏ ရှေ့မှောက်၌ တပည့်တော်မသည် သံသရာ၏ကောင်းမှုကို အစဉ်စောင့်ရှောက် ထိန်းသိမ်း ကျင့်ကြံ ဖြည့်ဆည်းခဲ့သူဖြစ်ကြောင်းကို ထင်ရှားအောင် တပည့်တော်မ၏ဂုဏ်တို့ကို ချီးမွမ်းမိန့်ကြားခဲ့သော စကားတော်များဖြစ်ပါသည်ဘုရား။ တပည့်တော်မ ဆက်လက်၍ လျှောက်ထားသည်ကို နာကြားတော်မူ
စေချင်ပါသည်ဘုရား။ .....ဆက်ရန်....

Sunday, November 6, 2011

ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၁၀ ) ယသော်ဓရာ၏ အေးချမ်းသောအလွမ်း

ရဟန်းမြတ်ဖြစ်တော်မူသောမြတ်စွာဘုရား ရှင်တော်မြတ်ဘုရားသည် ဘဝပေါင်း ကုဋေတစ်ထောင်မက  သဗ္ဗညုတဥာဏ်တော်အကျိုးငှာ သူတစ်ပါး၏သားမယားအဖြစ် တပည့်တော်မကိုလှုခဲ့ပါ၏။ တပည့်တော်မသည် ထိုသို့ဖြစ်ရခြင်းအတွက်အနည်းငယ်မျှ ငြိုငြင်ဖောက်ပြန်ခြင်းမဖြစ်ခဲ့ပါဘုရား။ ထို့ပြင်တပည့်တော်မကိုဘဝပေါင်းကုဋေတစ်ထောင်မက သူတစ်ပါး၏အစားအစားအလို့ငှာလည်းလှုခဲ့ပါ၏။ အရှင်ဘုရားအတွက် အသက်ကို စွန့်လွှတ်ခဲ့ရသည်မှာလည်း ဘဝပေါင်းကုဋေတစ်ထောင်မကပါ။ တပည့်တော်မ၏ ကိုယ်အင်္ဂါ၊ အဆင်တန်ဆာများနှင့် အဝတ်အစားများကိုလည်းမလျှို့ဝှက်ပါ။ အရှင်ဘုရားအကျိုးငှာ လယ်ယာစပါး စီးပွါးဥစ္စာနှင့် မြို့ရွာတို့ကိုလည်းကောင်း၊ ရင်နှစ်သည်းချာ သားသမီးရတနာတို့ကိုလည်းကောင်း စွန့်လွှတ်ခဲ့ပါပြီ။ အရှင်ဘုရားအကျိုးငှာ စွန့်လွှတ်ခဲ့ရကုန်သော ဆင်မြင်းကျွဲနွား စီးပွါးဥစ္စာနှင့် ကျေးကျွန်မတို့သည်လည်း မရေတွက်နိုင်လောက်အောင်များခဲ့ပါပြီ။ အလှုအတန်းပြုလုပ်ရန်တိုင်ပင်သောအခါတိုင်း  တစ်ကြိမ်တစ်ခါမျှ ဖောက်ပြန်ကန့်ကွက်ခြင်းမပြုခဲ့ဘဲ ကြည်ဖြူစွာပင် သဘောတူခဲ့ပါ၏။ အရှင်ဘုရား၏ အကျိုးကို ဆောင်ရွက်ရင်း ချမ်းသာသည့်အခါ
ကျေနပ်ဝမ်းမြောက်ခဲ့ပါသည်။ သို့သော် ဆင်းရဲမှုကိုကြုံတွေ့ရသောအခါ၌ကား စိတ်မချမ်းမြေ့မှု မဖြစ်ခဲ့ပါ။ ကြုံတွေ့ခဲ့ရသောဘဝ၏ အနိမ့်အမြင့်လောကဓံများကို တစ်သားတည်း တစ်စိတ်တည်း မပြောင်းလဲဘဲ ကျေနပ်ခဲ့ပါ၏။ အရှင်ဘုရားသည် သဗ္ဗညုတဥာဏ်တော် ရရှိရေးကို အလေးပေး၍
လျှောက်လှမ်းခဲ့သူပါတည်း။ ထိုသို့လျှောက်လှမ်းစဉ် အမျိုးမျိုးသော ချမ်းသာ
ဆင်းရဲတို့ကို ရင်ဆိုင်ဖြတ်သန်းပြီးလျှင် အရှင်ဘုရားသည် လောကသုံးပါး၏ အထွဋ်အထိပ် သဗ္ဗညုတဥာဏ်တော်ရှင်အဖြစ်သို့ ယခုအခါ ရောက်တော်မူပါပြီ။  ဗြဟ္မဒေဝမြတ်စွာဘုရားမှ အစပြု၍ ရှေးရှေးသောဘုရားရှင်တို့၏ အထံတော်၌ အရှင်ဘုရားနှင့်တပည့်တော်မတို့ ဆုံစည်းခဲ့ရသောဘဝများ များပြားလှပါပြီ။ ထိုသို့ဆုံစည်းတိုင်း အရှင်ဘုရားအတွက် ဆုတောင်းခဲ့ရခြင်းများလည်း သင်္ချာပြ၍ရနိုင်တော့မည်မထင်ပါ။ အမှန်စင်စစ် တပည့်တော်မသည် ဘုရားဖြစ်ကြောင်းတရားတို့ကို ရှာဖွေသော ရှင်တော်မြတ်ဘုရား၏ အလုပ်အကျွေးမျှသာပါတည်း။ ရှင်တော်မြတ်ဘုရားနှင့် တပည့်တော်မတို့၏ ထင်ရှားသော ဗျာဒိတ်သမိုင်းကြောင်းကို
ပြန်ပြောင်းလျှောက်ထားရပါလျှင် လွန်ခဲ့သော လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းထက်ဝယ် ဒီပင်္ကရာဘုရားရှင်ပွင့်ထွန်းတော်မူခဲ့ပါ၏။ ထိုစဉ် ရမ္မာဝတီပြည်သူပြည်သားများက ဘုရားရှင်နှင့်သံဃာတော်များ ဆွမ်းစားကြွလာဘို့အရေး လမ်းကို သုတ်သင်ပြင်ဆင်ခင်းကျင်းကြ၏။ ထိုအခမ်းအနားဝယ် အရှင်ရသေ့မြတ်လည်း ပါဝင်ခဲ့သလို တပည့်တော်မလည်းပါဝင်ခဲ့ပါ၏။ ထိုစဉ်ကာလဝယ် တပည့်တော်မသည် သုမိတ္တာမည်သောအမျိုးသမီးဖြစ်ခဲ့၍ ရှင်တော်မြတ်ဘုရားသည် သုမေဓာမည်သော ရှင်ရသေ့ဖြစ်ခဲ့ပါ၏။ ဒီပင်္ကရာဘုရားရှင် ကြွလာတော်မူသောကြောင့် ကြာပန်းရှစ်ခိုင်ကို ဘုရားရှင်အားလှုရန် ယူလာသောအခါ ပရိသတ်အလယ်တွင် တင့်တယ်သပ္ပါယ် ခန့်ငြားလှသော ရှင်ရသေ့ကို တပည့်တော်မအထင်အရှား ဖူးတွေ့ခဲ့ရပါပြီ။ ထိုစဉ်အခါ ရှေးရှေးဘဝများစွာက အတူတကွချစ်ခဲ့ ကြင်နာခဲ့ကြရသော ချစ်မေတ္တာစွမ်းကြောင့် ရှင်ရသေ့၏ တင့်တယ်သော ဥပဓိရုပ်ရည်သည် တပည့်တော်မ၏ စိတ်ထားနှင့် နှလုံးသားကို စွဲဆောင်သွားခဲ့ပါပြီ။ ရှင်ရသေ့ကို ဖူးတွေ့ရခြင်းကြောင့်  တပည့်တော်မ၏ ရင်တွင်း၌လည်း ဤဘဝအသက်ရှင်ရခြင်းသည် အကျိုးရှိလေစွဟု ထင်မှတ်အောက်မေ့ခဲ့ပါ၏။ ထို့ပြင် တပည့်တော်မ၏ ကြည်ညိုစိတ်နှင့် ချစ်မေတ္တာစိတ်များသည် ရှင်ရသေ့အပေါ်တွင် တက်ကြွစွာ ယိုဖိတ်ဖြစ်ပေါ်လာကြသောကြောင့် ကြာပန်းငါးခိုင်ကို ရှင်ရသေ့အားလှုပြီးလျှင် ကျန်သုံးခိုင်ကို တပည့်တော်မကိုယ်တိုင်ကိုင်ဆောင်လျှက် ရှင်ရသေ့၏ သမ္မာသမ္ဗောဓိဥာဏ်အတွက် အတူတကွ ဘဝဆက်တိုင်းပေါင်းဆုံပါရစေသား ဟု ခွင့်မတောင်းမိဘဲ ဆုပန်ခဲ့ပါ၏။ ရှင်ရသေ့နှင့်တပည့်တော်မတို့ အတူတကွကြာပန်းတို့ကိုလှုကြသောအခါ ဒီပင်္ကရာမြတ်စွာဘုရားရှင်သည် တပည့်တော်မအတွက် ဤသို့သော ဗျာဒိတ်စကားတို့ကို မိန့်ကြားတော်မူခဲ့ပါ၏။...ဆက်ရန်...

Monday, October 31, 2011

ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၉ )

ချစ်မေတ္တာ သို့မဟုတ် တပ်မက်မှုရာဂသည် နည်းလမ်းမှန်အောင်အသုံးပြုပါက သာမညဒါနကောင်းမှု စသည့်ကုသိုလ်ကိုသာရနိုင်သည်မဟုတ်၊ နိဗ္ဗာန်အထိရောက်စေနိုင်ကြောင်းကို ပဋ္ဌာန်းတရားဒေသနာတော် ပဥှာဝါရ ဥပနိဿယပစ္စည်း အကု+ကု ၌ဤသို့ဆိုပါ၏။ ရာဂံ ဥပနိဿာယ ဒါနံ ဒေတိ၊သီလံ သမာဒိယတိ၊ ဥပေါသထ ကမ္မံ ကရောတိ၊ ဈာနံ ဥပ္ပါဒေတိ၊ ဝိပဿနံ ဥပ္ပါဒေတိ၊ မဂ္ဂံ ဥပ္ပါဒေတိ၊အဘိညံ ဥပ္ပါဒေတိ၊ သမာပတ္တိံ ဥပ္ပါဒေတိ။ ရာဂေါ သဒ္ဓါယ သီလဿ သုတဿ စာဂဿ ပညာယ ဥပနိဿယ ပစ္စယေနပစ္စယော ဟူသတည်း။ ဆိုလိုရင်းအဓိပ္ပါယ်မှာ ဤသို့ဖြစ်၏။ အချစ် သို့မဟုတ် ချစ်ခင်နှစ်သက်မှု သို့မဟုတ် တပ်မက်မှုရာဂကြောင့် ပေးလှု၏။ စွန့်လွှတ်နိုင်၏။ ကိုယ်ကျင့်တရားကို ကောင်းစွာဆောက်တည်၏။ ဥပုသ်သီလကို ဆောက်တည်၏။ ဈာန်တရားကို ရရှိအောင်အားထုတ်၏။ ဝိပဿနာကို အားထုတ်၏။ မဂ်ကိုရအောင်အားထုတ်၏။ အဘိညာဉ်ကို ဖြစ်စေ၏။ သမာပတ်ကိုဖြစ်စေ၏။ အချစ် သို့မဟုတ် ချစ်ခင်နှစ်သက်မှု သို့မဟုတ် တပ်မက်မှုရာဂသည် လေးစားယုံကြည်မှု၊ ကြည်ညိုမှု၊ ကိုယ်ကျင့်တရားကို ကျင့်စေမှု၊ အတတ်ပညာနှင့် အသိပညာကို ရရှိအောင် ကြိုးစားအားထုတ်မှု၊ စွန့်လွှတ်ပေးဆပ်မှုနှင့် မဂ်ဖိုလ်နိဗ္ဗာန်ကို ထိုးထွင်းသိမြင်နိုင်သော ဓမ္မပညာကို ဖြစ်စေနိုင်မှုတို့အတွက် အလွန်အားကြီးသော အကြောင်းတရား စွမ်းအားဖြင့် ကျေးဇူးပြု၏။ ဖြစ်စေ၏။ထို ဖြစ်ပြီးသော တရားများကိုလည်း အလွန်အားကြီးသော စွမ်းအားဖြင့် တည်ရှိနေစေရန် ကျေးဇူးပြု၏ ဟု အဓိပ္ပါယ်အချုပ် ထုတ်ပြအပ်၏။ မှန်လှ၏။ သုမိတ္တာအမျိုးသမီးကောင်းလေးသည် သုမေဓာရှင်ရသေ့အပေါ်ဝယ် ရှေးရှေးသောဘဝများစွာသံသရာတွင်
နှစ်ကိုယ်တူကြင်လည်၍ ချစ်ခဲ့ရသော ချစ်မေတ္တာနှင့် ယုံကြည်စိတ်တို့ကြောင့်ပင် ယခုဘဝတွင်လည်း မြင်လျှင်မြင်ချင်း သုမေဓာရှင်ရသေ့ကို ချစ်မိ၏။ ယုံကြည်မိ၏။ အားထားလက်တွဲလို၏။  ပြင်းပြင်းပြပြ သဒ္ဓါကြည်ညိုလေးစားကာ ချစ်အားပိုမိတော့၏။ ထို့ကြောင့်ပင် အလွန်မြင့်မြတ်ကြီးကျယ်လွန်းသော ပါရမီလုပ်ငန်းဝယ် အတူတွဲဘက်၍ဖြည့်ဆည်းရန်ဆုံးဖြတ်ရဲခြင်းပင်ဖြစ်ပေသည်။ အထူးသဖြင့် စံနမူနာယူသင့်သည့် အချက်မှာ သုမိတ္တာ၏အချစ်သည် သူမ၏ပါရမီဖြည့်ဘက်အပေါ်ဝယ် အစွန်းရောက်အချစ်မျိုးဖြစ်သော မျက်ကန်းချစ်ဖြင့် ရူးရူးမိုက်မိုက် ချစ်ခဲ့သည့် အချစ်မျိုးမဟုတ်ချေ။ အမှန်စင်စစ် သူမ၏ချစ်မေတ္တာသည် မဂ္ဂင်ရှစ်ဖြာ မဇ္ဈိမပဋိပဒါ လမ်းပေါ်တွင်လျှောက်လှမ်းခဲ့သည့် နှစ်ဘက်စွန်းလွတ် ချစ်မေတ္တာပင်ဖြစ်၏။  ထိုချစ်မေတ္တာဖြင့်ပင် ယုံကြည်ခဲ့၏။ ဖြည့်ဆည်းခဲ့၏။ ဖေးမကြင်နာခဲ့၏။ နားလည်မှုတွေပေးခဲ့၏။
ထိုအစွန်းလွတ်ချစ်မေတ္တာကြောင့်သာလျှင် ကြားလေသွေးသော်လည်း အချစ်မဝေးခဲ့ခြင်းဖြစ်၏။ တည်တံ့ခိုင်မြဲခဲ့၏။ အေးချမ်းသာယာ၍ ကြည်နူးဘွယ်ရာအတိရှိသော အိမ်ထောင်ရေးဘဝကို ဘဝဆက်တိုင်းရခဲ့ကြ၏။ ထိုထိုလောက၏ကောင်းကျိုးမှန်မျှထက်ကျော်လွန်၍ လောက၏အထွဋ်ဆုံး အမြတ်ဆုံးဖြစ်သည့် ဘုရားအဖြစ်သို့ရောက်သည့်တိုင်အောင် ပါရမီလုပ်ငန်းများကို လုပ်နိုင် ဖြည့်ဆည်းပေးနိုင်ခဲ့၏။ ဤသည်မှာ ချစ်မေတ္တာကို နည်းလမ်းမှန်အောင် အသုံးချတတ်ခြင်းကြောင့်  လောကကောင်းကျိုးများးကို ကျော်လွန်၍ လောကုတ္တရာ နိဗ္ဗာန်တိုင်အောင် အနှိုင်းမဲ့အကျိုးကို ရရှိခြင်းဖြစ်၏။ အများစုက ထင်ထားကြသည်မှာ မဂ္ဂင်ရှစ်ဖြာကို မဂ်ဖိုလ်နိဗ္ဗာန်ရရေး အားထုတ်သောအခါတွင်မှသာ အသုံးတည့်သည်ထင်ကြ၏။ လောကအရေးအရာများအတွက် သုံး၍မဖြစ်၊မသက်ဆိုင်ဟုယူဆထားကြ၏။ အမှန်စင်စစ် မဂ္ဂင်ရှစ်ဖြာသည် အချစ်ရေး အိမ်ထောင်ရေး နိုင်ငံရေး လူမှုရေး စီးပွါးရေးစသည့်အရေးအရာ အားလုံးတို့၌ အသုံးချတတ်ပါက လောကအတွက် အလွန်တရာမှအသုံးတည့်လှပါ၏။ ထိုမဂ္ဂင်လမ်းစဉ်ကိုသာ လူမှုနယ်ပယ်အသီးသီး၌ အသုံးပြုကြလျှင် သို့မဟုတ် လိုက်နာကျင့်သုံးကြလျှင် ယနေ့ကမ္ဘာသည် ပျော်ရွှင်ဘွယ်ရာ အတိဖြစ်နေမည်မှာ မြေကြီးလက်ခတ်မလွဲပင်ဖြစ်ပါ၏။ ယနေ့ လူသားအများစုအနေဖြင့်လည်း မဂ္ဂင်လမ်းစဉ်ကို အခြေခံ၍ ချစ်ကြစေချင်ပါ၏။ မဂ္ဂင်လမ်းစဉ် အိမ်ထောင်ရှင်များ လုပ်ငန်းရှင်များ ခေါင်းဆောင်များ ဖြစ်စေချင်ပါ၏။ အထူးသဖြင့် ထိုမဂ္ဂင်လမ်းစဉ်ကို အခြေခံသော ပါရမီိအိမ်ထောင်ရေး ပါရမီမိသားစု ပါရမီလူမှုအဖွဲ့အစည်းကြီး ဖြစ်စေချင်ပါ၏။ ဤသို့သာ ဖြစ်ကြလျှင် ဤကမ္ဘာ ဤလောကသည် မည်မျှငြိမ်းချမ်း တိုးတက်လိုက်မည်နည်း။ မည်မျှပျော်ရွှင်ဘွယ်ကောင်းသော လောကကြီးဖြစ်လိုက်မည်နည်း။ အကျွန်ုပ်သည် တွေးရင်းရေးရင်းဖြင့် ငြိမ်းချမ်း ဖွံ့ဖြိုး သာယာ ပျော်ရွှင်ဘွယ်ပြည့်ဝလှသော လူသားအဖွဲ့အစည်းကြီးအတွက် အိပ်မက်မက်မိသည်မှာ အမှန်ပင်ဖြစ်ပါ၏။  ထိုပါရမီအချစ်နှင့်ပတ်သက်၍ ယသောဓရာထေရီပါဒါန်တွင် ပရိနိဗ္ဗာန်စံခါနီးဖြစ်သော ယသောဓရာထေရီအရှင်မသည် မရေမတွက်နိုင်သောဘဝများစွာ ကမ္ဘာအနန္တဝယ် မဂ္ဂင်လမ်းစဉ်ကို အခြေခံလျှက် သင်္ချာပြ၍မရနိုင်လောက်အောင် အရာရာကို ချစ်မေတ္တာဖြင့် ပေးဆပ်စွန့်လွှတ် အနစ်နာခံကာ ပါရမီဖြည့်ခဲ့ရပုံကို ဘဝဇာတ်သိမ်း၍ ဒုက္ခအားလုံး ချုပ်ဆုံးတော့မည့် ပရိနိဗ္ဗာန်စံခါနီးဆဲဆဲ၌ ဘုရားရှင်အား ဤသို့ရင်ဖွင့် အသိပေး နှုတ်ဆက်စကား လျှောက်ထားလျှက်  သံသရာမှအပြီးအပိုင် ထွက်ခွာသွားခဲ့လေတော့၏။ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား တပည့်တော်မကား အရှင်မြတ်ဘုရား၏ ကြင်ယာသက်ထား ဖြစ်ခဲ့ဖူးသော ယသောဓရာဖြစ်ပင်ဖြစ်ပါ၏။ အရှင်မြတ်ဘုရား၏ ခြေတော်အစုံတို့ကို ဖူးမြှော်ဦးခိုက်၍ နှုတ်ဆက်လိုပါ၏။ တပည့်တော်မသည် အရှင်ဘုရား၏ အထံတော်၌ အမြင့်မြတ်ဆုံးဖြစ်သော အဘိညာဉ် ငါးပါးလုံးကို ထိုးထွင်းသိမြင် ရရှိခဲ့ပါပြီ။ ကိလေသာအာသဝေါကုန်ခန်း၍ အမြင့်မြတ်ဆုံးဖြစ်သော ရဟန္တာထေရီမအဖြစ်သို့လည်း ယခုအခါ
ရောက်ခဲ့ပါပြီ ။ နောက်ထပ်တစ်ဖန် ဘဝသစ်၌ ပြန်လည်၍ဖြစ်ဘွယ်ရာမရှိတော့ပါ။ အရှင်မြတ်ဘုရား၏ ခြေတော်ရင်း၌ပင် အလွန်ရနိုင်ခဲလှသော ပဋိသမ္ဘိဒါလေးပါးကိုလည်း ထိုးထွင်းသိမြင်ရအပ်ခဲ့ပါပြီ။ ရဟန်းမြတ်ဖြစ်တော်မူသော မြတ်စွာဘုရား ရှေးရှေးသောဘုရားရှင်တို့၏ အထံတော်၌ အရှင်ဘုရားနှင့်အတူတကွ တပည့်တော်မတို့ ပေါင်းဆုံမိကြပြီးလျှင် အရှင်ဘုရားအတွက် ဆုတောင်းပေးခဲ့သည်မှာလည်း များပြားလှပါ၏။ လုံ့လကြီးတော်မူသော မြတ်စွာဘုရား အရှင်မြတ်ဘုရားအကျိုးငှာ ကုသိုလ်ကောင်းမှုများစွာကို တပည့်တော်မ ဆည်းပူးခဲ့ပါပြီ၊ ထိုကုသိုလ်ကောင်းမှုတို့ကို အောက်မေ့တော်မူပါလော့။ ရှင်တော်မြတ်ဘုရား တပည့်တော်မသည် မပြုကျင့်သင့် မပြုကျင့်ထိုက်သော အရာမှန်သမျှကို ရှောင်ကြဉ် ဖယ်ခွါ တားမြစ်လျှက် အရှင်ဘုရားအကျိုးအတွက် အသက်ကိုပင် ကျေနပ်စွာစွန့်လွှတ်ခဲ့ဖူးပါပြီ။ .... အရှင်မကား ဤသို့ဆက်လက်လျှောက်ထားလေ၏။...ဆက်ရန်....

***ဓမ္မမိတ်ဆွေများ၏အမှာစကား***