Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Friday, April 4, 2014

မင်္ဂလာများအဓွန့်ရှည်ပါစေ


ယနေ့ခေတ်ကို Knowledge Era ပညာခေတ်ဟုသတ်မှတ်ကြသည်။ မှန်၏။ ယနေ့ခေတ်သည် တတ်စရာပညာရပ်များ များပြားလှသည့်နည်းတူ သိစရာပညာများလည်း များပြားကျယ်ဝန်းလှသည်။ ဤသို့ ပညာရပ်များတစ်စထက်တစ်စ များပြားစွာပေါ်ထွန်းလာခြင်းသည် တိုးပွါးလာသောကမ္ဘာ့လူဦးရေအတွက် အလုပ်သစ်အကိုင်သစ်များဖြင့် ဣနြေ္ဒရရ အခြေကျစေသည်။ ဤသို့ ပညာရပ်များစွာတို့ဖြင့် လူမှုဘဝ၏အခက်ခဲများကို အလုပ်အကိုင်မှစ၍ အရာရာဖြေရှင်းပေးနေသော်လည်း အပြီးအပြတ်ပြေလည်သွားသည်တော့ မဟုတ်ချေ။ ဤသည်မှာ လောကီပညာရပ်တို့၏ အပြီးအပြတ်ဖြေရှင်းမပေးနိုင်သော သဘာဝဖြစ်သည်။ လောကီလူမှုဘဝ၏သဘာဝလည်းဖြစ်သည်။ အမှန်စင်စစ် ပညာရပ်ဟူသမျှသည် သက်ဆိုင်ရာနယ်ပယ်အလိုက် အလင်းကိုဖြစ်စေသည်ပင်ဖြစ်သည်။ ဟင်းချက်နည်းပညာသည်လည်း ဟင်းမချက်တတ်သူအဖို့ အလင်းပင်ဖြစ်သည်။ ထို့အတူ စကားမပြောတတ်သောသူအတွက်လည်း စကားပြောနည်းပညာသည် အလင်းပင်ဖြစ်သည်။ ဤသို့စသည်ဖြင့် ပညာ၏ထွန်းလင်းရာနယ်ပယ်သည် နေ့စဉ်လူတစ်ဦးချင်းစီ၏ ဘဝဖြတ်သန်းမှုမှစ၍ လူသားတစ်ရပ်လုံး၏ ဖြတ်သန်းလျှောက်လှမ်းရေးအတွက်မဆုံးနိုင်အောင် ကျယ်ပြန့်များမြောင်လှသည်။ တန်ဘိုးလည်းကြီးပေသည်။ ထိုထိုပညာရပ်များကို ရှာဖွေဖေါ်ထုတ်၍ လောကကိုကျေးဇူးပြုပေးခဲ့ကြသော ပညာရှင်အဆက်ဆက်သည် အလွန်ကျေးဇူးကြီးမားပါပေသည်။ 

  မြတ်ဗုဒ္ဓသည်လည်း လောကကို ပညာအလင်းဖြင့်ထွန်းညှိကာ အလှဆင်ခဲ့သော အနှိုင်းမဲ့မဟာလူသားဖြစ်ခဲ့သည်။ မြတ်ဗုဒ္ဓထွန်းညှိပေးခဲ့သော ပညာအလင်းသည် ဘယ်သောခါမျှမှေးမှိန်မသွားနိုင်သော ဘာအကြောင်းကြောင့်မျှလည်း ပျက်ဆီးမသွားနိုင်သော မဂ်ပညာနှင့် ဖိုလ်ပညာဖြစ်သည်။ မှန်၏။ အဆိုပါ မဂ်ပညာနှင့်ဖိုလ်ပညာကို ရရှိပိုင်ဆိုင်ထားသူတစ်ယောက်သည် မည်သည့်ဒေသ နိုင်ငံ ဘုံဌာန မည်သည့်လူမျိုး၌ ဖြစ်ရသည်ဖြစ်စေကာမူ ဘယ်တော့မှ မနိမ့်ကျတော့ချေ။ မှန်ကန်သောလမ်းစဉ်မှလည်း ဘယ်မည်သောအခါမျှပြောင်းလဲရွေ့လျောသွားမည်မဟုတ်ချေ။ အစဉ်အမြဲမှန်ကန်၍အထက်တန်းကျသောအလွှာတွင်သာ ကျင်လည်ရပေတော့မည်။ ထို့ကြောင့် မြတ်ဗုဒ္ဓဖေါ်ထုတ်ချမှတ်ပေးခဲ့သော ပညာအလင်းသည် ဘေးထွက်ဆိုးကျိုးကင်း၍ ရှာဖွေသင့် ရယူသင့် ပိုင်ဆိုင်သင့်သော ရေရှည်အာမခံချက်အပြည့်အဝရှိသော လောကုတ္တရာပညာရပ်တို့ပင်ဖြစ်သည်။ အထူးသဖြင့် မိမိတစ်ဦးတည်း၏ အမြင်ကိုပြောရလျှင် Knowledge Era ပညာခေတ်ဟူသည် မြတ်ဗုဒ္ဓပွင့်ထွန်းတော်မူသည်မှ စတင်ခဲ့သည်ဟု ဆိုချင်ပါသည်။ ထို့ပြင် လောကီကြီးပွါးရေးနှင့်ပတ်သက်၍လည်း မင်္ဂလသုတ်ပရိတ်တော်တွင် အသိပညာနှင့်အတတ်ပညာနှစ်မျိုးစလုံးကို မြတ်ဗုဒ္ဓကမူဝါဒချမှတ်ကာ လမ်းညွန်တော်မူခဲ့သည်။  မှန်၏။ အတတ်ပညာတစ်ခုတည်းဖြင့် လောကကိုပြည့်စုံအောင်တည်ဆောက်၍မရသလို အသိပညာတစ်ခုတည်းဖြင့်လည်း လူမှုဘဝအတွက်ရပ်တည်ဘို့ခက်ခဲနေမည်သာဖြစ်သည်။ 

  မင်္ဂလသုတ်ပရိတ်တော်တွင် ဗာဟုဿစ္စဉ္စ သိပ္ဗဉ္စ ဝိနယောစ သုသိက္ခိတော၊ သုဘာသိတာစ ယာဝါစာ ဧတံမင်္ဂလ မုတ္တမံ ဟူ၍ လောကကြီးပွါးရေးလမ်းညွန်တရားတော်ကို ဟောကြားတော်မူခဲ့ပါသည်။ အဓိပ္ဗါယ်မှာ ၁။ ဗာဟုဿစ္စဉ္စ၊ အထွေထွေဗဟုသုတနှင့် အသိပညာများပြားခြင်းသည် ကြီးပွါးကြောင်းဖြစ်သည်။ ၂။ သိပ္ဗဉ္စ၊ ခေတ်နှင့်လျော်ညီသော အတတ်ပညာများကိုတတ်မြောက်ထားခြင်းသည် ကြီးပွါးကြောင်းဖြစ်သည်။ ၃။ ဝိနယောစ သုသိက္ခိတော၊ လူမှုနယ်ပယ်အသီးသီးတွင် ကိုယ်ကျင့်သိက္ခာမြင့်မားစွာဖြင့် နေထိုင်ခြင်းသည် ကြီးပွါးကြောင်းဖြစ်သည်။ ၄။ သုဘာသိတာစ ယာဝါစာ၊ စကားကောင်းကောင်းပြောတတ်ခြင်းသည် ကြီးပွါးကြောင်းမင်္ဂလာဖြစ်သည် တဲ့။ အထက်ပါလမ်းညွန်ချက်လေးချက်သည် ၃၈ ဖြာသောမင်္ဂလာတရားတော်ထဲမှထုတ်နှုတ်တင်ပြခြင်းဖြစ်သည်။ မိမိနှင့်လောကကြီးပွါးဖို့ရန်အတွက် ၃၈ ချက်သောလမ်းညွန်ချက်တို့ကို ပြည့်စုံအောင်ကျင့်စရာမလိုပါ။ ဤလေးချက်မျှကျင့်လျှင်ပင် မိမိနှင့်လောကကြီးပွါးမည်မှာ အမှန်ပင်ဖြစ်သည်။ 

  အမှန်စင်စစ် Global village တွင် Global knowledge ရှိမှသာလျှင် အထက်တန်းကျကာ ဂုဏ်တင့်ပေလိမ့်မည်။ ဤသည်ကို ဗာဟုဿစ္စဉ္စ ဧတံမင်္ဂလမုတ္တမံ ဟူ၍ဟောကြားတော်မူပါသည်။ ထို့ပြင် Global education တတ်မြောက်ထားခြင်းကို သိပ္ဗဉ္စ ဧတံမင်္ဂလမုတ္တမံဟူ၍လမ်းညွန်တော်မူပြီးလျှင် နိုင်ငံတကာနှင့်အဆင့်အတန်းညီအောင် နေတတ်ထိုင်တတ်ပြောဆိုတတ် သွားလာပြုမူတတ် ဆက်ဆံတတ်ခြင်းကို ဝိနယောစ သုသိက္ခိတော၊ understanding displine of the life according to the global society ဟုဟောတော်မူခဲ့ပါသည်။ ၎င်းနောက် စကားကိုကျွမ်းကျင်ပိုင်နိုင်စွာပြောဆိုတတ်ခြင်း highly skilled speaking သည် သုဘာသိတာစ ယာဝါစာ ဧတံမင်္ဂလမုတ္တမံ အထက်တန်းဘဝရောက်နိုင်သည့် အရည်အသွေးဖြစ်ကြောင်း မြတ်ဗုဒ္ဓမိန့်မှာတော်မူခဲ့ပါသည်။ ထို့ကြောင့် လောကီနယ်ပယ်တွင် အောင်မြင်ကြီးပွါးလိုသောသူတိုင်း မိသားစုတိုင်း နိုင်ငံတိုင်းသည် မြတ်ဗုဒ္ဓမိန့်မှာတော်မူခဲ့သော သုံးဆယ့်ရှစ်ဖြာသောမင်္ဂလာများမဆိုထားဘိ၊ ဤလေးပါးလေးမျှပြည့်စုံလျှင်ပင် Global village တွင် Global Democracy စံနစ်ကိုကျင့်သုံးနိုင်ကြလျှက် Global living standard ဖြင့် အေးချမ်းစွာအတူယှဉ်တွဲနေနိုင်မည်မှာ သေချာလှတော့သည်။  အထက်ပါ အချက်လေးချက်ကို ထပ်မံ၍ အကျဉ်းချုပ်ကြည့်လျှင်Global knowledeg and Global education နှစ်မျိုးသာတွေ့ရပေမည်။ မကြာမီကကွယ်လွန်လေပြီးသော တောင်အာဖရိကလူမည်းခေါင်းဆောင်ဟောင်း နယ်ဆင်မင်ဒဲလားသည်လည်း Education is the most powerful weapon which can change our world ဟုပြောဆိုခဲ့ဖူးလေသည်။ မြတ်ဗုဒ္ဓ၏ဓမ္မနှင့်လည်းညီညွတ်ပါပေသည်။ 

     ထို့ကြောင့် မြတ်ဗုဒ္ဓ၏လမ်းညွန်တရားတော်များနှင့်ညီညွတ်သူတိုင်းသည် အောင်မြင်ကြီးပွါ့း၍ မညီညွတ်သူများနိမ့်ကျနေသည်ကို ယနေ့လက်တွေ့မျက်တွေ့ သိမြင်နိုင်ကြားသိနိုင်ကြပါသည်။ သာဓကအားဖြင့်ပြောရလျှင် ယနေ့အောင်မြင်ကြီးပွါးနေသော နိုင်ငံများသည် မြတ်ဗုဒ္ဓ၏မင်္ဂလာလမ်းညွန်တရားတော်များနှင့်ညီညွတ်စွာ ကျင့်သုံးနေထိုင်ကြသည်ကိုတွေ့ရပြီးလျှင် အောက်ကျနောက်ကျဖြစ်နေသောနိုင်ငံများသည် မြတ်ဗုဒ္ဓ၏မင်္ဂလာလမ်းညွန်မှုနှင့်သွေဖည်နေကြောင်းမှာ ထင်ရှားလှသည်။ သို့ဖြစ်၍ မိမိတို့ရဟန်းတော်များသည် မြတ်ဗုဒ္ဓ၏မင်္ဂလာလမ်းညွန်မှုများကို ကိုယ်တိုင်လည်းကျင့်သုံးနိုင်ကြပြီးလျှင် တိုင်းသူပြည်သားများကိုလည်း မင်္ဂလာလမ်းညွန်မှုများထိထိရောက်ရောက်ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ကြရန် အချိန်ကျရောက်နေပြီဖြစ်ပါသည်။ အထူးသဖြင့် အမျိုး ဘာသာ သာသနာရေရှည်တည်တံ့ရေးအတွက် လူမှုနယ်ပယ် စီးပွါးရေးနယ်ပယ် ဥပဒေပြုရေးနယ်ပယ် နိုင်ငံရေးနယ်ပယ်စသော နယ်ပယ်အသီးသီးတွင် မင်္ဂလာတရားများထွန်းကားနေဘို့သာ အရေးကြီးသည်ဟု ထင်မြင်မိပါသည်။ မိမိတို့ရဟန်းတော်များသည် ထိုနယ်ပယ်အသီးသီးတွင် မင်္ဂလာလမ်းညွန်တရားများကို အသက်ဝင်အောင် စွမ်းဆောင်နိုင်ဘို့ အလွန်တရာအရေးကြီးသည်ဟု မြင်မိပါသည်။ မင်္ဂလာတရားများအသက်ဝင်လာလျှင် အမျိုးဘာသာ သာသနာလည်း တည်တံ့မည်သာဖြစ်သည်ဟု ယုံကြည်မိပါသည်။ သို့ဖြစ်၍ မင်္ဂလာတရားများ အဓွန့်ရှည်ရန် ဆောင်ရွက်၍ အသက်သွင်းနိုင်ကြပါစေသားဟု။ 

  



Sunday, December 1, 2013

မောင်ဘုန်းပြန်လာမည် ဆုအိုမီ



     “ နောင်နှစ်ခါလဲ ဆီးလို့ကြိုကွယ် မောင်ကြီးလာပါမယ် လာပါမယ်၊ ဒီနှစ်လိုပဲ ဆီးလို့ကြိုကွယ် နောင်နှစ်လာပါမယ် လာပါမယ်၊ သာယာစေဖွယ် သဒ္ဓါတွေပိုတယ် ဆီးကြိုလို့နေကွယ် ပြန်ပါအုံးမယ် ပြန်အုံးမယ် နှုတ်ခွန်းဆက်ပါတယ် ”  ဟူသော သင်္ကြန်မိုးကားထဲမှ ဇော်ဝမ်း၏ လွမ်းဆွတ်ဖွယ်လည်းကောင်း၍ ပျော်ရွှင်ကြည်နူးဖွယ်လည်းကောင်းသည့်သင်္ကြန်နှုတ်ဆက်သီချင်းကိုသတိရမိသည်။ မိမိငယ်စဉ်က မန္တလေးမြို့ တွင်စာသင်နေစဉ် သင်္ကြန်အခါသမယများတွင် မြန်မာ့ရိုးရာအစဉ်အလာအတိုင်းကျင်းပလေ့ရှိသော သင်္ကြန်အကမဏ္ဍပ်များသို့ သွားရောက်ကြည့်ရှုခဲ့ဖူးသည်။ သင်္ကြန်အကနောက်ဆုံးည၏အစီအစဉ်တွင်အထက်ပါနှုတ်ခွန်းဆက်သီချင်း
ကို သီဆိုဖျော်ဖြေရင်းဖြင့် သင်္ကြန်အကချစ်သောပရိသတ်များအား နှုတ်ခွန်းဆက်လေ့ရှိသည်။ ထိုနှုတ်ခွန်းဆက်သီချင်းသည် နှစ်စဉ်အမြဲကြားနေရသော်လည်း မရိုးနိုင်ဘဲ လူတိုင်း၏ရင်ထဲဝယ် ထာဝစဉ်စွဲငြိစေသည့်သီချင်းဖြစ်သည်။ သင်္ကြန်ကိုထာဝစဉ်တမ်းတစေသည့်သီချင်းဟုလည်းဆိုနိုင်သည်။ သင်္ကြန်ရှိနေသ၍ထိုသီချင်းလည်းရှိနေဦးမည်၊ ထိုသီချင်းရှိနေသ၍ သင်္ကြန်သည်လည်း လှပနေအုံးမည်၊ လွတ်ဆွတ်တမ်းတဖွယ်ရာလည်းဖြစ်နေဦးတော့မည်ဟုခံစားမိသည်။ သင်္ကြန်ကာလတွင် မြန်မာ့ယဉ်ကျေးမှုပွဲတော်၏ပျော်ရွှင်ကြည်နူးမှုရသကိုအားလုံးပါဝင်ခံစားကြရပြီး အချို့ ဆိုလျှင် ဘဝကြင်ဖေါ်များပင်တွေ့ဆုံခွင့်နှင့်ရွေးချယ်ခွင့်တို့ရရှိသွားကြသည်ကိုကြားဖူး တွေ့ဖူးပါသည်။ ထိုအချက်သည်လည်း သင်္ကြန်ကိုဘယ်သောအခါမှမရိုးစေနိုင်ဘဲ အစဉ်အမြဲတမ်းတဖွယ်ရာ ယဉ်ကျေးမှုပွဲတော်တစ်ခုဖြစ်စေခဲ့သည့်အကြောင်းများတွင် တစ်ခုအပါအဝင်ဖြစ်သည်ဟုဆိုက
 ( ယနေ့ခေတ်နေဖြင့် ) ရနိုင်မည်ထင်သည်။

  မိမိယခုရေးချင်သည်က သင်္ကြန်အကြောင်းလည်းမဟုတ်၊ သင်္ကြန်ကာလလည်းမဟုတ်သော်ငြား သင်္ကြန်နှင့်ပတ်သက်၍ခံစားမိသမျှ မှတ်မိသမျှကိုအဆက်အစပ်ပြုအခြေခံ၍ ဆုအိုမီကိုနှုတ်ဆက်လိုခြင်းသာဖြစ်ပါသည်။ ဆုအိုမီအကြောင်းအနည်းငယ်ပြောပြချင်သည်။ မိမိသည် ဆုအိုမီနှင့်တွေ့ဆုံခဲ့သည်မှာ ( ၂၀၁၁ )  ခုနှစ်ကတည်းကဖြစ်သည်။ ဆုအိုမီကို မျှော်မှန်းချက်မရှိဘဲ အမှတ်မထင်ဆုံတွေ့ခဲ့ရခြင်းသာဖြစ်သည်။ မထင်မှတ်ဘဲတွေ့ဆုံခဲ့ရသော်လည်း လက်တွေ့ဘဝအတွက်အမှတ်ထင်ထင်ဖြစ်လာခဲ့ရသည်။ ဘဝရေစက်ဆုံဖြစ်ခဲ့သည်။ မှတ်မှတ်ရရ ဆုအိုမီနှင့်စတွေ့ခဲ့သည့်အချိန်သည် ( ၂၂.၅.၂၀၁၁ ) ခုနှစ်၏ နံနက်ခင်း ( 6:30 ) တွင်ဖြစ်သည်။ ဆုအိုမီကိုမြင်လျှင်မြင်ချင်း မကြင်မိသေးသော်လည်း ကြင်ချင်သလိုလိုတော့ခံစားခဲ့မိသည်။ သို့သော် ဆုအိုမီနှင့်ထိတွေ့ပြီးသည့်နောက်ပိုင်းတွင် ရင်ထဲမှခံစားရသမျှ ဦးနှောက်မှသိမှတ်ရသမျှအရာရာကို ဆုအိုမီအားမပြောပြဘဲ ရင်ထဲတွင်သာမျိုသိပ်ကာသိမ်းဆည်းထားခဲ့မိသည်။ အမှန်ဆိုရလျှင် ဆုအိုမီသည် ချစ်စရာကောင်းသည်။ တစ်ကိုယ်ရေအလွန်သန့်ရှင်းသည်။ လှလည်းလှသည်။ လှသည်ဆိုရာတွင်လည်း ရုပ်ပိုင်းရောစိတ်ပိုင်းပါပြည့်ဝစွာလှပသူဖြစ်သည်။ ပညာရေးကလည်းကမ္ဘာ့အဆင့်မီတော်သည်မို့
ချီးကျူးဖွယ်ရာပင်ဖြစ်သည်။ အသိဥာဏ်လည်းမြင့်သည်။ စည်းကမ်းလိုက်နာမှုတွင်လည်း စံနမူနာပြုထိုက်သည်။ ဆုအိုမီသည်ရိုးရိုးအေးအေးနေတတ်၍ပျူပျူငှာငှာဆက်ဆံတတ်သည်။ “ ရိုးရိုးကျင့်မြင့်မြင့်ကြံ ” ဟူသောမြန်မာစကားပုံအတိုင်းနေထိုင်သည်ဟုဆိုက ရနိုင်မည်ထင်သည်။ ထို့ပြင် ဆုအိုမီသည်သည် “ ဖားနိုင်ဖားစား ငါးနိုင်ငါးစား၊ ကြီးနိုင်ငယ်ညှင်း၊ နူရာဝဲစွဲ လဲရာသူခိုးထောင်း ” ဟူသော လူမဆန်သော တိရစ္ဆာန်အကျင့်ကိုလည်း နည်းနည်းမျှစိတ်ဝင်စားသူမဟုတ်၊ လူပီသသော လူသားဆန်သောလူမှုကျင့်ဝတ်ကိုသာ အများနှင့်သက်ဆိုင်သောနေ့စဉ်လူမှုဘဝများတွင် ကျင့်သုံးလေ့ရှိသည်။

  မိမိနှင့်ဆုအိုမီတို့အမှတ်မထင်တွေ့ဆုံမိရင်း လက်တွေ့ဘဝ၏အမှတ်ထင်ထင်ဖြစ်ရပ်များဖြစ်ခဲ့ရသော်လည်း ဘာသာကမတူ၊ ယဉ်ကျေးမှုကလည်းကွဲပြား၊ အဝတ်အစား အနေအထိုင် ဘာသာစကားမှအစ အရာရာခြားနားခဲ့သည်။ ဘဝ၏အရာရာသည်ခြားနားသော်လည်း တူညီမှုတစ်ခုတော့အခိုင်အမာရှိသည်။ ဆုအိုမီကလည်းအခိုင်အမာခံယူနားလည်သည်။ မိမိကလည်းထို့အတူပင်ဖြစ်သည်။ ၎င်းမှာ “ မိမိရောဆုအိုမီပါ လူသားချည်းသာဖြစ်သည်။ ထို့ကြောင့် လူစိတ်ရှိရမည်၊ လူကျင့် ကျင့်ရမည်။  လူပြောပြောရမည်။ လူကြံကြံရမည်။ လူလိုဆက်ဆံရမည်။ ဤသည့်အတိုင်းသာနေ့စဉ်ဘဝကိုဖြတ်သန်းကြလျှင် အေးချမ်းသော
လူမှုအဖွဲ့အစည်းကြီးဖြစ်နေမည်မှာ အမှန်မုချဖြစ်သည် ” ဟု။
အထက်ပါ လက်တွေ့ကျသော အယူအဆကို မိမိရောဆုအိုမီပါ ကြာမြင့်စွာအချိန်ယူနေစရာမလိုဘဲ နှလုံးသားထဲမှရှိရင်းစွဲ လူသားစိတ်အခံက အလိုလိုအပြန်အလှန်နားလည်စေခဲ့သည်။ ထို့ကြောင့်ပင် ဆုအိုမီသည် မိမိကိုလှိုက်လဲပျူငှာစွာ လက်ခံကြိုဆိုခဲ့သည်။ ယခုလည်း မိမိနှင့်ဆုအိုမီတို့အကြား မည်သည့်ပြဿနာမျှမဖြစ်စေဘဲ အေးချမ်းလွတ်လပ်စွာ အတူယှဉ်တွဲ၍နေထိုင်ကြရသည်။ နောက်နောင်တွင်လည်း ဤကဲ့သို့အတူတွဲ၍နေထိုင်ရန် ဆုအိုမီကကြည်ဖြူစွာခွင့်ပေးထားပြီဖြစ်သည်။

   “ တော်လိုက်တာ ဆုအိုမီရယ်၊ ဆုအိုမီရဲ့ရပ်တည်ချက်စိတ်ထားနဲ့လုပ်ဆောင်ချက်တွေကို ဘုန်းဘုန်းလေးစားပါတယ်။ အမြဲတန်းလဲ အသိမှတ်ပြုနေမှာပါ။ တကယ်တော့ ဆုအိုမီရေ တို့သွေးတို့သားတွေကတောင် ဆုအိုမီလောက်သဘောထားမကြီးနိုင်ကြသေးဘူး၊ ဆုအိုမီရဲ့ အတတ်ပညာ၊ အသိပညာနဲ့လူသားဆန်တဲ့နှလုံးသားက ဆက်စပ်နေတဲ့သူမှန်သမျှကို စွမ်းနိုင်သမျှ နွေးထွေးစွာလွှမ်းခြုံပေးနိုင်တာဟာ ဘုန်းဘုန်းတို့မြတ်ဗုဒ္ဓရဲ့တရားတော်အရတော့ ဗြာဟ္မစိုရ်တွေကို ကျင့်နေတာပါပဲ။ ဆုအိုမီဟာ ဗြာဟ္မစိုရ်တရားတွေအားလုံးမကျင့်နိုင်သေးပေမယ့် မခေါင်းပါးဘူးဆိုတာတော့ ဘုန်းဘုန်းဦးနှောက်နဲ့ရောနှလုံးသားနဲ့ပါ သိနေရတယ် ခံစားနိုင်ပါတယ် ခံယူပါတယ် ဆုအိုမီရယ် ” “ ဒါကြောင့်လဲ ဆုအိုမီတို့လူမှုအဝန်းအဝိုင်းကြီးဟာ ဖွံ့ဖြိုးတိုးတက်ပြီးအေးချမ်းနေတာပေါ့။ သိက္ခာရှိနေတာပေါ့ ဆုအိုမီ ” ။

 “ နောက်ပီးတော့ အလုပ်အကိုင်မရှိတဲ့သူတွေကို မျက်နှာမငယ်စေရဘဲ လူတန်းစေ့တန်းတူရည်တူနေနိုင်အောင် စီမံပေးတယ်။ ကျမ္မာရေးကိုလဲ အလုပ်မရှိသူများအတွက် အခမဲ့ စောင့်ရှောက်ပေးသေးတယ်။ ပညာရေးမှာလဲ အကူအညီပေးပြန်တာပဲမလား။ အိုကုန်ကုန်ပြောရရင် လူသားရဲ့ကိစ္စမှန်သမျှကိုအဆင်ပြေအောင် ထောင့်စေ့ကွက်စေ့ စီမံဆောင်ရွက်ပေးတာဟာ ဆုအိုမီရဲ့အလွန်ထူးခြားမြင့်မြတ်လှတဲ့ နှလုံးသားပြယုဂ်တွေပါပဲ။ ဒါကြောင့်လဲ ဆုအိုမီကို ဘုန်းဘုန်းလေးလေးစားစားအသိအမှတ်ပြုတာပါ။ အရင်က ဒီစကားမျိုးတွေမပြောဖြစ်ခဲ့ပါဘူး။ ခုတော့ သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့် ဆိုသလို ပြောချိန်တန်လို့ဖွင့်ပြောတာပါ ဆုအိုမီ ” ။ အမှန်စင်စစ် အထက်ပါ မိမိပြောသောစကားများကို ဆုအိုမီသည် တစ်လုံးမှနားမလည်ပါ။ ဆုအီုမီသည် မြန်မာစကားလုံးဝမတတ်သော အနောက်တိုင်းသူစစ်စစ်တစ်ယောက်သာဖြစ်သည်။ သင့်တော်သော အနာဂတ်တစ်ချိန်ချိန်တွင် ဆုအိုမီနားလည်သော ဘာသာစကားနှင့်ပြန်ပြောပြရပေဦးမည်။ မိမိပြောပြလျှင်လည်း ဆုအိုမီလက်ခံမည်ဟု ယုံကြည်မိသည်။ အကြောင်းမှာ ဆုအိုမီသည် ကြောင်းကျိုးဆီလျော်၍ ကောင်းကျိုးဖြစ်စေသောအရာမှန်သမျှကို လက်ခံနားလည်တတ်သော ဓလေ့စရိုက်ကောင်းရှိနေပြီးဖြစ်သောကြောင့်ပင်ဖြစ်သည်။

  “ ဆုအိုမီကို ဘုန်းဘုန်းပြောစရာတွေအများကြီးရှိပါတယ်။ အချိန်မရလို့အကျဉ်းချုပ်ပြောမယ်နော်။ အထက်မှာ ဘုန်းဘုန်းသီကျူးပြခဲ့တဲ့ဘုန်းတို့ရဲ့ရိုးရာသင်္ကြန်သီချင်းလေးဟာ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်မှာ အခမ်းအနားသိမ်းလို့နှုတ်ခွန်းဆက်တဲ့အခါမှာသီဆိုတဲ့သီချင်းလေးပါ။ ဒီသီချင်းဟာ ဘုန်းဘုန်းတို့ရိုးရာသင်္ကြန်ပွဲတော်မှာမပါလျှင်မပြီးတဲ့လက်စွဲသီချင်းလို့လည်းပြောနိုင်တယ်လေ။ ဒါပေမယ့် ဒီသီချင်းနဲ့နှုတ်ခွန်းဆက်တဲ့ရာသီက နွေရာသီပါ။ ပိတောက်တွေက ဝါဝါဝင်းနေတယ်။ ရနံ့ကသင်းနေတယ်။ သင်္ကြန်ရေကအေးတယ်။ ယဉ်ကျေးမှုကနွေးထွေးတယ်။ လူအသီးသီးရဲ့နှလုံးသားထဲမှာက ပျော်ရွှင်ကြည်နူးနေကြတယ်။ ပိတောက်ပန်းတွေပန်ဆင်ထားတဲ့ အမျိုးသမီးလေးတွေက သိပ်လှပနေကြတယ်။ သူတို့ရဲ့ပင်ကိုယ်အလှနဲ့ပိတောက်အလှပေါင်းစပ်မိတော့ အလှပေါ်အယဉ်ဆင့်ပြီး မြင်ရသူတိုင်းရဲ့နှလုံးသားကိုကြည်နူးစေမိတာပေါ့ ဆုအိုမီ။ ဘုန်းဘုန်းတို့ သင်္ကြန်ရဲ့အလှနဲ့အယဉ်ကိုပြောမယ်ဆိုရင် အများကြီးပါပဲ။ ခုတော့ ဆုအိုမီအကြောင်းကိုပဲ ပြောတော့မယ်နော်။ ဆုအိုမီတို့ဆီမှာနေရတာ ရာသီဥတုကအလွန်အေးလှပါတယ်။ ဒါပေမယ့် နွေးထွေးပါတယ်။ ဆိုအိုမီတို့နေတာက ဥရောပတိုက်ရဲ့မြောက်ဘက်အဖျားက မြောက်ဝင်ရိုးစွန်းဘက်မှာဆိုတော့ ကမ္ဘာ့အအေးဆုံးနေရာတွေထဲက တစ်ခုအပါအဝင်ပေါ့။ ဒီဇင်ဘာမှာ ဆောင်နှင်းဖြူတွေရဲ့ကျီစယ်မှုကလည်း လွန်ကဲတယ်ထင်တာပဲဆုအိုမီ။ ဒါပေမယ့် ငွေရောင်တွေ တဖိတ်ဖိတ်တောက်နေတဲ့ဆောင်းနှင်းဖြူတွေကတဆင့်ပေးပို့တဲ့လေကို လမ်းလျှောက်ရင်း ရှုရှိုက်လိုက်ရတဲ့အခါမှာ နွမ်းလျမှုတွေအားလုံးပြေလျော့စေခဲ့တာတော့အမှန်ပါပဲ။ ဒီလိုသန့်စင်ပြီးချမ်းအေးလွန်းလှတဲ့ လေကိုလည်း ဆုအိုမီတို့ဆီရောက်မှပဲ ရှုရှိုက်ဖူးတာပါ။

 နောက်ပီးတော့လေ “ ဆောင်းရယ် နှင်းရယ် ကိုယ့်ချစ်သူရယ် အတူတူပါပဲကွယ် ” လို့ ဘုန်းဘုန်းတို့ရဲ့နာမည်ကျော်အဆိုတော်တစ်ယောက်ဆိုထားသလိုပါပဲ၊ “ ဆောင်းရယ် နှင်းရယ် ဆုအိုမီရယ် အတူတူပါပဲကွယ် ” လို့ စာမြှောင်တောင် ဆိုလိုက်ချင်ပါသေးရဲ့ ”။ ဟုတ်တယ်လေ။ ဆောင်းကလည်းအေးတယ်။ သန့်တယ်။ နှင်းကလည်းအေးတယ်။ သန့်တယ်။ ဆုအိုမီကလည်း အေးတယ် သန့်တယ်။ ဖြူတယ်မလား။ အေး ဖြူ သန့်နေတဲ့ဆုအိုမီနဲ့အတူနေရတာပျော်ပေမယ့် ဆောင်းနှင်းဖြူနဲ့ဆုအိုမီကို ဘုန်းဘုန်း နှုတ်ခွန်းဆက်ပါတယ်။ ဆုအိုမီတို့ဆီမှာ ဘုန်းဘုန်းအကြာကြီးမနေနိုင်ဘူးဆုအိုမီ။ ဘုန်းဘုန်းတို့သာသနာ့ဝန်ထမ်းဆိုတာဟာ လောကရဲ့လိုအပ်တဲ့နေရာတိုင်းကိုသွားရောက်ပြီး မြတ်ဗုဒ္ဓရဲ့အဆုံးအမအတိုင်း လူသားတွေအတွက် သာသနာရေးနည်းလမ်းနဲ့ အဆင့်တန်းမြင့်အောင်ဆောင်ရွက်ပေးကြရတယ်လေ။ တစ်နေရာတည်းကို အစွဲအလန်းထားလို့မရပါဘူး။ အစွဲအလန်းမရှိအောင်လည်း မြတ်ဗုဒ္ဓကသင်ကြားထားခဲ့တယ်။ အဲဒီသင်ကြားချက်အတိုင်းပဲ ဘုန်းဘုန်းက ရှင်သန်လှုပ်ရှားနေရတာမလား။ ဆုအိုမီတို့ဆီမှာ ဘုန်းဘုန်းစွမ်းနိုင်သလောက်ဆောင်ရွက်ခဲ့ပါတယ်။ ကြီးကြီးမားမားကျယ်ကျယ်ပြန့်ပြန့်မဟုတ်သေးပေမယ့် ဘုန်းဘုန်းစွမ်းနိုင်သလောက် စွမ်းဆောင်ခဲ့ပါတယ် ဆုအိုမီ။ ဘုန်းဘုန်းရဲ့ အမိမြန်မာပြည်ကိုလည်း ပြန်ပြီးတော့ စွမ်းနိုင်သမျှကောင်းကျိုးတွေစွမ်းဆောင်ပေးချင်သေးတယ်။ ဆုအိုမီကတော့ အရာရာမှာ ကမ္ဘာ့အဆင့်မီဖြစ်နေခဲ့ပြီ။ မကြောင့်မကြ မတောင့်မတဘဲ ကမ္ဘာ့အလယ်မှာ သိက္ခာရှိရှိနေထိုင်နိုင်နေပြီ။

  ဘုန်းဘုန်းတို့နိုင်ငံမှာက အရာရာမှာနောက်ကျနေဆဲပါပဲ ဆုအိုမီ။ ဒါကြောင့် ဘုန်းဘုန်းတို့သွေးသားတွေ ဆွေမျိုးတွေကိုလဲ ဆုအိုမီတို့လိုအဆင့်တန်းတွေမြင့်စေချင်တယ်။ တိုးတက်စေချင်တယ်။ ကမ္ဘာ့အလယ်မှာ သိက္ခာရှိရှိတပြေးညီဝင်ဆံ့စေချင်တယ်။ အဓိကကတော့ ဆုအိုမီတို့လိုဖွံ့ဖြိုးတိုးတက်စေချင်တာပါ။ ဆုအိုမီနဲ့နေရတာပျော်ပေမယ့် နိမ့်ကျနေသေးတဲ့သွေးသားတွေ ဆွေမျိုးတွေကိုလဲ စွမ်းသလောက်မြှင့်တင်ပေးချင်သေးတယ်။ ပြုစုပေးချင်သေးတယ်။ တကယ်တော့ ဘုန်းဘုန်းတို့ရဲ့သွေးသားတိုင်းရင်းသားတွေဟာလဲ ဆုအိုမီတို့လို လူသားစစ်စစ်တွေမို့ လူ့အဆင့်မီတဲ့ အနေအထိုင် ပညာရေးနဲ့ အသိဥာဏ်ကြွယ်ဝမှုတွေကိုလိုချင်နေကြပါတယ်။ ဒါတွေကို ငတ်မွတ်တမ်းတနေကြပါတယ်။ ဒါကြောင့် ဘုန်းတို့နိုင်ငံကိုပြန်ပြီးတော့ တပိုင်တနိုင်ပညာရေးကိုစွမ်းဆောင်ပေးဘို့ပြန်ရအုံးမယ်။ တပိုင်တနိုင်ဆိုပေမယ့် လုပ်ဆောင်ရမယ့်အရာတွေကတော့ အများကြီးပါပဲ။ ဘုန်းဘုန်းလည်း စိတ်ဆန္ဒကလွဲလို့ ဘာမှတော့ အခိုင်အမာမရှိသေးပါဘူး။ အရာရာဟာအသစ်ကစတင်ရမှာပါ ဆုအိုမီ။ အဓိကလုပ်ဆောင်မှာကတော့ မရှိဆင်းရဲသားကလေးတွေနဲ့ မိဘမဲ့ကလေးတွေရဲ့ပညာရေးကိုဖြည့်ဆည်းပေးမယ်၊ သံဃာတော်တွေအတွက် leadership, management, general knowledge and languages တွေနဲ့မွမ်းမံပေးမယ်။ လူပိုင်းရော သံဃာပိုင်းပါတွဲပြီးတော့ ပညာရေးကူညီမှုကိုဆောင်ရွက်သွားမယ်လို့ ဆိုလိုတာပါ။ လုပ်ငန်းမစတင်မီ အခြေခံလုပ်သင့်တဲ့အရာတွေ စတင်ဘို့ကလဲအများကြီးပါပဲ။ ဒီအတွက် ဆုအိုမီနဲ့ ခြောက်လလောက်တော့ခွဲခွါရအုံးမယ်။ သို့သော် ကောင်းသောခွဲခွါခြင်းပါ။ မွန်မြတ်သောနှုတ်ဆက်ခြင်းပါ ဆုအိုမီ။ ဆုအိုမီနဲ့စတွေ့တုန်းကလည်း မွန်မြတ်သောရည်ရွယ်ချက်နဲ့ပါ။ ဒါကြောင့်လဲ ဆုအိုမီကလက်ခံခဲ့တာပါပဲ။ အတူတူနေထိုင်တော့လဲ မွန်မြတ်သောလုပ်ငန်းများကိုလုပ်ဆောင်ရင်းနဲ့ပါ။ ခု ခဏတာခွဲခွါတာလဲ မွန်မြတ်သောခွဲခွါခြင်းပါ။ ဒါကြောင့် မွန်မြတ်သောဆန္ဒနဲ့ နှုတ်ခွန်းဆက်သပါတယ် ဆုအိုမီရယ်။ တကယ်လို့ လွမ်းတမ်းတနေရမယ်ဆိုရင်တောင် ကြေနပ်ကြည်နူးမှုတွေလွှမ်းခြုံနေတဲ့ လွမ်းတမ်းတမှုပါပဲဆုအိုမီ။ ပြောချင်တာတွေ ပြောသင့်တာတွေလဲ ပြောပြီးပြီမို့ သီချင်းလေးကိုစိတ်ထဲကနေကျူးရင့်ပြီးတော့ ဘုန်းဘုန်းနှုတ်ခွန်းဆက်ပါတယ်။  “ နောင်နှစ်ခါလဲ ဆီးလို့ကြိုကွယ် မောင်ဘုန်းပြန်လာမယ် ပြန်လာမယ်၊ ဒီနှစ်လိုပဲ ဆီးလို့ကြိုကွယ် မောင်ဘုန်းပြန်လာမယ် ပြန်လာမယ်၊ သာယာစေဖွယ် သဒ္ဓါတွေပိုတယ် ဆီးကြိုလို့နေကွယ် ပြန်ပါအုံးမယ် ပြန်အုံးမယ် နှုတ်ခွန်းဆက်ပါတယ် ” ။

  ကမ္ဘာသူကမ္ဘာသားအားလုံး မွန်မြတ်သောတွ့ဆုံခြင်းများဖြင့်တွေ့ဆုံကြ၍ မွန်မြတ်သောခွဲခွါခြင်းများဖြင့်သာ နှုတ်ခွန်းဆက်သနိုင်ကြပါစေ။

 မှတ်ချက်။ “ ဆုအိုမီ ” ဟူသည် ဖင်လန်နိုင်ငံမှ ဖင်းလူမျိုးတို့၏ သူတို့ကိုယ်သူတို့သုံးနှုန်းသောဝေါဟာရဖြစ်သည်။ ဂျပန်လူမျိုးများက သူတို့ကိုယ်သူတို့ “ နိပွန် ” ဟုသုံးနှုန်းသကဲ့သို့ဖြစ်သည်။ အက်စ်တိုးနီးယားကို “ ဗိရို” ဟုသုံးကြသကဲ့သို့ ဂျာမဏီကိုလည်း “ ဆပ်က်ဆာ” ဟုသုံးနှုန်းကြကဲ့သို့ဖြစ်သည်။

Thursday, November 28, 2013

ဂင်္ဂါရေအလျဉ် အစဉ်စီးဆင်းပါစေသား


ဓမ္မဂဂါင်္ဟု အွန်လိုင်းစာဖတ်သူများသိထားကြသော မိမိ၏သူငယ်ချင်းရောင်းရင်း
လည်းဖြစ်သော သာသနာရေးလုပ်ငန်းများကိုတွဲဖက်၍ဆောင်ရွက်ခဲ့ဖူးသူ အရှင်ဝိစိတ္တသာရ၏ မွေးနေ့မင်္ဂလာလက်ဆောင်အဖြစ် ဤပို့စ်ကိုရေးသား၍
ဂုဏ်ပြုရခြင်းအတွက် ဝမ်းသာမိသည်။ အရှင်ဝိစိတ္တသာရဟူသောဘွဲ့နာမည်၏ အဓိပ္ဗါယ်ကို မြန်မာမှုပြုရသော် “ မောင်ဆန်းနှစ် သို့မဟုတ် “ ထူးသာရ ” ဟူ၍ဖြစ်သည်။ ဆန်းလည်းဆန်းကျယ်သည်။ အနှစ်သာရလည်းပြည့်ဝသည်။ ထိုအဓိပ္ဗါယ်နှစ်မျိုးလုံးပါဝင်သည့်ဘွဲ့နာမည်ကိုပေးအပ်ခဲ့သော ဥပဇ္ဈာယ်ဆရာတော်၏ နာမည်ပေးစွမ်းရည်ကိုလည်း သဘောကျချီးကျူးမိသည်။ အမှန်စင်စစ် သူ၏နာမည်သည် သူ၏ပင်ကိုယ်မူလစွမ်းရည်များကြောင့်ရရှိထားသောအနွတ္ထနာမည်
သာဖြစ်သည်။ နာမည်ကောင်းအောင် တမင်ကြံဆောင်၍ပေးအပ်ထားသော ရုဠှီနာမည်မဟုတ်ချေ။ မှန်၏။ သူ၏အတွေးအမြင် အယူအဆများကား အများနှင့်မတူ တမူဆန်းသစ်လှသည်။ ထိုဆန်းသစ်သောအတွေးအမြင်များသည် အနှစ်သာရလည်းပြည့်လှသည်။ မိမိတို့စကားလက်ဆုံကျဖြစ်သည့်အခါတိုင်း ဆန်းသစ်ပြည့်ဝသော အကြောင်းအရာမျိုးကို ကြားရတတ်လေ့ရှိသည်။

  မိမိသည်သူနှင့် ( ၂၀၀၇ ) ခုနှစ်တွင် အိန္ဒိယနိုင်ငံတွင် ပညာသင်စဉ်ကာလမှ
စတင်သိကျွမ်းခင်မင်ခဲ့သည်။ မှတ်မှတ်ရရပြောရလျှင် ( ၂၀၀၇ ) ခုနှစ် အိန္ဒိယနိုင်ငံဆိုင်ရာပညာသင်မြန်မာရဟန်းတော်များသာယာဖွဲ့ဖြိုးရေးအဖွဲ့၏ နှစ်ပတ်လည်အစည်းအဝေးကြီးတွင် စတင်သိကျွမ်းခင်မင်ခဲ့ရသည်။ ထိုစဉ်က သူသည် ဗာရာဏသီမြို့ ရှိ ဆန်ဆကရစ်တက္ကသိုလ်နှင့် B H U တက္ကသိုများ၏ကျောင်းသား
ဥက္ကအဖြစ်တာဝန်ယူရင်း MMWAI ၏နှစ်ပတ်လည်စာစောင်အတွက် အယ်ဒီတာချုပ်တာဝန်ကိုဆောက်ရွက်ခဲ့သူဖြစ်သည်။ ထိုစဉ်က မိမိသည် နာလန္ဒာတက္ကသိုလ်၏ အတွင်းရေးမှုးတာဝန်ကိုထမ်းဆောင်ရင်း အင်္ဂလိပ်ဆောင်းပါးတစ်ပုဒ်ကိုစတင်ရေးသားကာ သူ့ထံသို့ပေးပို့ခြင်းဖြင့်
ရင်းနှီးမှုပိုမိုခိုင်မာခဲ့သည်။ မိမိသည်သူ့ကို စတင်သိကျွမ်းစဉ်က ဓမ္မဂင်္ဂါမဟုတ်ခဲ့။ မော်ဒန်ဟူ၍သာ သိခဲ့သည်။ သူ၏နာမည်ရင်းကို မသုံးနှုန်းကြဘဲ အားလုံးက မောဒန်ဟူ၍သာခေါ်ဝေါ်သုံးနှုန်းခဲ့ကြသည်။ ထိုသို့ ခေါ်ဝေါ်သုံးစွဲသည်မှာ
သင့်လျော်လှသည်။ အကြောင်းမှာ သူ၏အတွေးအကြံနှင့်အမျှော်အမြင်တို့သည် အမြဲတန်းခေတ်မီနေသောကြောင့်ဖြစ်သည်။ လူမှုလောကအတွက် လက်တွေ့ကျကျအသုံးမတည့်ဘဲ မှားယွင်းစွာစွဲမြဲနစ်ဝင်နေသည့်အစဉ်အလာများကို တူးဆွကာဖယ်ထုတ်ရှင်းလင်း၍ ဓမ္မလမ်းကြောင်းမှ မသွေဖည်သောအတွေးကြံသစ် အမြင်သစ်တို့ဖြင့် သွက်လက်ထက်မြက်ရှင်းလင်းသောလက်ရာတို့ကို အများသိစေရန်တင်ပြတတ်သော စွမ်းရည်သည် သူ့မှာအပြည့်ရှိသည်။ 

  ထို့ပြင် သူသည်အလွန်ဖေါ်ရွေစွာဆက်ဆံတတ်သူဖြစ်သလို ပွင့်လင်းမှု
လည်းရှိသူဖြစ်သည်။ ဖေါ်ရွေမှုနှင့်ပွင့်လင်းမှုသည် သူ၏နှလုံးသားမှ
ထွက်လာခြင်းဖြစ်ပြီးလျှင် ထက်မြက်မှုသည်သူ၏ ပင်ကိုယ်ဥာဏ်စွမ်းမှ
ထွက်ကျလာသောနှစ်သက်မြတ်နိုးဖွယ်ရာရတနာများဖြစ်သည်ဟုဆိုချင်သည်။ ပညာရောနှလုံးသားပါ ပြည့်ဝသူမို့အများအတွက်ကောင်းသောအရာများစွာကို
စွမ်းဆောင်ပေးနိုင်သူဖြစ်သည်။ ထို့ကြောင့်ပင် မိမိသည်သူနှင့်စကားလက်ဆုံ
ကျမိသည့်အခါတိုင်း ပညာရေးဆိုင်ရာဗဟုသုတများလည်းရသလို လူမှုဆက်ဆံရေးနှင့်ပျော်ရွှင်စွာဘဝကိုဖြတ်သန်းတတ်မှုကိုလည်း ယူနိုင်သလောက်ရခဲ့သည်ချည်းဖြစ်သည်။ Myanmar Monk Students' Welfare Association of India ( MMWAI ) တွင် သူနှင့်အတူတွဲ၍ နှစ်အတန်ကြာမျှ
အလုပ်လုပ်ခဲ့ရသည်။ သူ၏စွမ်းဆောင်ချက်တို့သည် အဖွဲ့အတွက်ပညာရေးအရ အလွန်အကျိုးသက်ရောက်ခဲ့သည်။ အထူးသဖြင့် ( ၂၀၁၀ ) ခုနှစ်တွင် မိမိက ( MMWAI ) ၏ ဗဟိုဥက္ကဋ္ဌတာဝန်ကိုယူခဲ့ပြီးလျှင် သူကအထွေထွေအတွင်းရေးမှုးတာဝန်ကို
ယူခဲ့ရသူဖြစ်သည်။ သူနှင့်အတူတွဲ၍ သာသနာရေး ပညာရေးကိစ္စများကို
အတိုင်းအတာတစ်ခုအထိရောက်အောင် စွမ်းဆောင်နိုင်ခဲ့သည်။ ထိုစဉ်က သူ၏စွမ်းဆောင်ချက်များသည် ပညာကိုမြတ်နိုးတော်မူကြသော
သံဃာတော်များအတွက်အလွန်ပင်ကျေနပ်ဖွယ်ရာဖြစ်ခဲ့သည်။ မမေ့နိုင်စရာကာလများလည်းဖြစ်ခဲ့သည်ဟု ဆိုရချိမ့်မည်။ ထိုနှစ်တွင် မိမိတို့နှစ်ပါးလုံးသည်ယူထားသောတာဝန်အသီးသီးမှအနားယူကာ ကိုယ်တိုင်ရွေးချယ်ထားသောကိုယ်ပိုင်လမ်းစဉ်အသီးသီးဖြင့်ဘဝကန္တာရကို ဆက်လက်ဖြတ်သန်းခဲ့ကြသည်။ မိမိကဥရောပသို့ရောက်ရှိ၍ သူကလည်း အောစတေးလျ ဥရောပနိုင်ငံများသို့သွားရောက်လည်ပတ်ကာ နိုင်ငံတကာ
ဗဟုသုတများကို လက်တွေ့ကျကျရှာဖွေခဲ့သည်။ ထိုနိုင်ငံတကာအတွေ့အကြုံများ
ကြောင့်ပင် သူ၏ပင်ကိုယ်ထက်မြက်သောဥာဏ်ရည်သည် ပို၍တောက်ပခဲ့သည့်နည်းတူ ဖေါ်ရွေပျူငှာသောသူ၏ နှလုံးသားသည်လည်းပို၍ပင် ပွင့်လင်းလွတ်လပ်လာခဲ့သည်ဟု မိမိယူဆမိသည်။

  ( ၂၀၁၂ ) ခုနှစ်တွင် မိမိသည် ပီအိတ်ခ်ျဒီအတွက်ရေးထားပြီးဖြစ်သော
ကျမ်းကိုတင်သွင်းရန် အိန္ဒိယသို့ပြန်လည်ရောက်ရှိလာခဲ့သည်။ ကျမ်းတင်သွင်းပြီး၍ မိမိကျမ်းကိုတက္ကသိုလ်မှ စစ်ဆေးနေစဉ်အတွင်းဝယ် သူသည်နိုင်ငံတကာ
ခရီးထွက်ရဘို့အခွင့်တဖန်ဆိုက်လာပြန်လေသည်။ ထိုအခါ သူသည် ဗာရာဏသီမြို့  Central University of Tibetan Studies တွင် ဧည့်ပါမောက္ခအဖြစ်
ထမ်းဆောင်နေရသောလက်ရှိတာဝန်ကြောင့် ခရီးအတွက်အခက်ခဲကြုံရတော့သည်။ ထို့ကြောင့် မိမိကို သူ့ကိုယ်စားဧည့်ပါမောက္ခအဖြစ်တာဝန်ထမ်းဆောင်ရန် ကမ်းလှမ်းခဲ့လေသည်။ အစတွင်မိမိက အတန်တန်ငြင်းခဲ့သော်လည်း သူ၏ပညာကိုချစ်မြတ်နိုးသောစိတ်ထားနှင့်ကျယ်ပြန့်သောနှလုံးသားတို့ကြောင့် သူ၏ကမ်းလှမ်းမှုကိုဖြည့်ဆည်းပေးခဲ့သည်။ အမှန်စင်စစ် ထိုဖြည့်ဆည်းပေးခဲ့မှုသည် မိမိအတွက် ကောင်းသောအခွင့်အရေးနှင့်အတွေ့အကြုံပင်ဖြစ်ခဲ့သည်။ ထိုအခွင့်အရေးမျိုးကိုလိုက်ရှာနေကြရသောအများသူငါအကြားဝယ် မိမိအပေါ်
အကျိုးလိုလားသောနှလုံးသားဖြင့်နေရာတစ်ခုသို့ရောက်အောင်မြှင့်တင်ပေးခဲ့သော သူ့ကိုကျေးဇူးတင်မိပေသည်။ ဤသို့ဖြင့် မိမိသည် မျှော်လင့်မထားသော ဧည့်ပါမောက္ခရာထူးကို တရားဝင်ခန့်အပ်ခြင်းခံရမှုနှင့်အတူ မဟာယာနအများစုတို့
အကြားဝယ်ထေရဝါဒ၏ ခိုင်မာသော သန့်စင်သော အပြောင်းအလဲမရှိသောဓမ္မကို ဖြန့်ဝေခွင့်ရခဲ့သည်။ သူ၏စွမ်းဆောင်မှုသာမပါလျှင် မိမိသည်ထိုနေရာသို့
ရောက်ရှိခဲ့မည်မဟုတ်ပါချေ။ ထိုသို့ စွမ်းဆောင်နိုင်ခဲ့မည်လည်းမဟုတ်ချေ။

 ထို့ပြင် သူသည် မိမိကိုဘလော့တစ်ခုဖွင့်၍စာရေးသားရန် အတန်တန်တိုက်တွန်း
ခဲ့ဖူးသည်။ သူက အားတက်သရောတိုက်တွန်းသော်လည်း မိမိ၏အတွေးနှင့်အရေးက မထက်မြက်၊ မသွက်လက်သောကြောင့်မရေးဖြစ်ခဲ့။ မိမိဖင်လန်နိုင်ငံသို့ရောက်သာအခါ သူကစေတနာကြီးစွာထပ်မံတိုက်တွန်းပြန်သည်။  “ အရှင် ဥရောပမှာရောက်ပြီးတော့ ဘလော့လေးတစ်ခုလောက်မှဖွင့်ပြီး စာမရေးဘူးဆိုရင် ဘာအဓိပ္ဗါယ်ရှိမှာလဲ၊  ရေးစမ်းပါ၊ အရှင်ရေးတာတွေဖတ်ချင်လို့ပါ ” တဲ့။ သူ၏တိုက်တွန်းမှုကြောင့်ပင်
ကိုယ်ပိုင်ဘလော့တစ်ခုဖွင့်၍ စာရေးဖြစ်ခဲ့ပြန်သည်။ ထို့ပြင် နိုင်ငံတကာ ဗုဒ္ဓဘာသာညီလာခံများသို့ သူနှင့်အတူတွဲ၍ ဆင်နွှဲခဲ့သည်မှာလည်း အကြိမ်ကြိမ်ပင်ဖြစ်
သည်။ ထိုသို့ ဆင်နွှဲရသည့်အခါတိုင်း မိမိအားနည်းသည့်အရာများကို သူ့ထံမှရယူခဲ့သည်။ သူ၏ ပညာရည်နှင့်ကျယ်ပြန့်သောသဘောထားသည် မိမိ၏လုပ်ငန်းနှင့်ဘဝလမ်းစဉ်ကိုကျေးဇူးပြုပေးနိုင်ခဲ့သည်။ ဤသည်မှာ မိမိတစ်ဦးတည်းအတွက် ကျေးဇူးပြုသည်များကိုသာမှတ်မိသမျှဖေါ်ပြခြင်းဖြစ်သည်။ အခြားသူများစွာအတွက်လည်း သူသည် ဤမျှသောအတိုင်းအတာဖြင့်ဖြစ်စေ ဤမျှထက်ပိုသော အတိုင်းအတာဖြင့်ဖြစ်စေ ကျေးဇူးပြုပေးနိုင်မည်မှာ အမှန်ပင်ဖြစ်သည်ဟု ယုံကြည်မိသည်။ အကြောင်းကိုဆိုသော် သူသည် ပညာရည်နှင့်နှလုံးရည်ပြည့်ဝသောကြောင့်ပင်ဖြစ်သည်။

 တဖန် အိန္ဒိယတွင်ရှိနေစဉ် သူတည်ဆောက်ခဲ့သော ဓမ္မဂင်္ဂါဟူသောကောင်းကင်ပေါ်မှ
အွန်လိုင်းမြစ်တစ်စင်းသည် ကမ္ဘာအရပ်ရပ်သို့ပျံ့ နှံ့စီးဆင်းနေခဲ့သည်။ နိုင်ငံတကာမှ ဓမ္မအသိဥာဏ်ကိုချစ်မြတ်နိုးသူများသည် တသွင်သွင် အစဉ်စီးဆင်းနေသော
သူ၏ဓမ္မဂင်္ဂါမြစ်မှ အေးမြသန့်စင်သော ထက်မြက်သွက်လက်သော ပွင့်လင်းသော
ဓမ္မရသတို့ကို ကျေနပ်စွာခံစားသုံးဆောင်ကြရသည်။ မိမိလည်းသူ့ကို အားကျ၍ “ အရှင်က ဓမ္မဂင်္ဂါမြစ်ကိုတည်ဆောက်လျှင် ငါက ဓမ္မယမုံနာမြစ်ကိုတည်ဆောက်မည် ” ဟုပြောခဲ့ဖူးသည်။ အိန္ဒိယမှ သက်မဲ့ဖြစ်သောသဘာဝဂင်္ဂါမြစ်သည် အိန္ဒိယရှိ လူမျိုးဇာတ်အသီးသီးတို့အတွက် ဟိန္ဒူအယူဝါဒအရ ကိလေသာသန့်စင်ဆေးကြောရန် အရေးပါသောမြစ်ကြီးတစ်စင်းပင်ဖြစ်သည်။ ထို့အတူ ကောင်းကင်ပေါ်မှ သူဖန်တီးထားသော ဓမ္မဂင်္ဂါဟူသောမြစ်တစ်စင်းသည်လည်း သောက်သုံးကြရသော
သူများတွက် ဘဝသန့်စင်အေးမြရေးနှင့်ထက်မြက်တိုးတက်ရေးတို့အတွက် အရေးပါသောမြစ်တစ်စင်းပင်ဖြစ်သည်။ မြေပြင်မှဂင်္ဂါမြစ်သည် လောကကိုကျေးဇူးပြုသည့်နည်းတူ ကောင်းကင်ပေါ်မှဓမ္မဂင်္ဂါမြစ်သည်လည်း လောကကိုကျေးဇူးပြုနေသည်ပင်ဖြစ်သည်။ အိန္ဒိယကို ဗဟိုပြု၍ စတင်စီးဆင်းခဲ့သော ဓမ္မဂင်္ဂါမှဓမ္မရေစဉ်တို့သည် ယခုအခါ အမိရွှေပြည်ကြီးကိုဗဟိုပြု၍ နိုင်ငံအသီးသီးသို့
စီးဆင်းစေတော့မည်။ နိုင်ငံအသီးသီးမှ ဓမ္မချစ်သူ သာသနာချစ်သူတို့သည်လည်း ပိုမို၍သန့်စင်သော ပိုမို၍ရသပြည့်ဝသောဓမ္မရေစဉ်ကို အစဉ်ဆက်လက်၍ သောက်သုံးကြရပေအုံးမည်။ သောက်သုံးသည့်အတိုင်းလည်း ကောင်းကျိုးတွေ ဝေစည်နေမည်မှာ အမှန်ပင်ဖြစ်သည်။ အထူးသဖြင့် ယခုစတင်တည်ဆောက်နေ
ပြီဖြစ်သောဓမ္မဂင်္ဂါပါဠိကောလိပ်သည် လူ့အလွှာအသီးသီးဆီသို့ အစဉ်အမြဲစီးဆင်းနေမည်ဖြစ်သော ဓမ္မဂင်္ဂါမြစ်ကြီး၏ မြစ်ဖျားခံရာဖြစ်ပေတော့မည်။ ဂင်္ဂါရေအလျဉ် အစဉ်စီးဆင်းပါစေ၊ သောက်သုံးကြသူအများလည်း အေးချမ်းတိုးတက်ကြပါစေဟု ဆုတောင်းမေတ္တာဖြင့် ဓမ္မဂင်္ဂါအရှင်၏ မွေးနေ့မင်္ဂလာအတွက် လက်ဆောင်ပါးအပ်ပါသည်။

                      

Wednesday, November 20, 2013

စွဲငြိစေသောကုသိုလ်အပြုံးများ


အပြုံးကိုလူတိုင်းကြိုက်နှစ်သက်ကြမည်ဖြစ်သည်။ သို့သော် အပြုံးတိုင်းကိုတော့ လူတိုင်းကရာခိုင်နှုန်းပြည့် ကြိုက်နှစ်သက်ကြမည်မဟုတ်ဟုထင်သည်။ ဥပမာအားဖြင့် မဲ့ပြုံး၊ ရွဲ့ ပြုံး၊ ခနဲ့ပြုံး၊ ထေ့ပြုံး၊ ငေါ့ပြုံး၊ သရော်ပြူံး၊မာန်ပြုံး၊ မချိပြုံးနှင့် အထက်စီးမှ ကျီစယ်သောအပြုံးတို့ကို စဉ်းစားနားလည်တတ်သူမှန်သမျှ ကြိုက်နှစ်သက်ကြမည်မဟုတ်ပေ။ အကြောင်းကိုဆိုသော် ထိုအပြုံးတို့သည် မဲ့သောနှလုံး၊ ရွဲ့ သောနှလုံး၊ ခနဲ့သောနှလုံး၊ သရော်သော ထေ့သော ငေါ့သော မာန်ကြီးသောနှလုံး၊ မချိသောနှလုံးနှင့် အထက်စီးမှကျီစယ်သောမသန့်စင်သည့်နှလုံးတို့၏ အရည်အသွေးမမီသောထုတ်လုပ်မှုဖြစ်သောကြောင့်ပင်ဖြစ်သည်။ တနည်းဆိုသော် အကုသိုလ်အပြုံးများဖြစ်သောကြောင့်ပင်ဖြစ်သည်။ မှန်ပါသည်။ လူ့စိတ်၏မူလသဘာဝသည် အလွန်ဖြူစင်၍ အကုသိုလ်ကိုနဲနဲမျှကြိုက်နှစ်သက်သည်မဟုတ်သောကြောင့် အကုသိုလ်နှင့်စပ်ယှဉ်သောအပြုံးကိုလည်း မည်သူမျှကြိုက်နှစ်သက်ကြမည်မဟုတ်ပါချေ။ သို့သော် ဖေါ်ရွေသောလူမှုရေးအပြုံး၊ နွေးထွေးသောအပြုံး၊ လှိုက်လှဲပျူငှာသောအပြုံး၊ ဖြူစင်သောအပြုံးများ
တို့ကိုကား လူအများကြိုက်နှစ်သက်ကြသည်ပင်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုအပြုံးတို့ကို ဖေါ်ရွေသော၊ ပျူငှာသော၊ နွေးထွေးသော ရိုးသားဖြူစင်သောနှလုံးသားဖြင့် အရည်အသွေးပြည့်မီအောင် ထုတ်လုပ်ထားသောကြောင့်ပင်ဖြစ်သည်။ အပြူံးစစ်စစ်သည် အမုန်း၏ဆန့်ကျင်ဘက်ဖြစ်၍ အပျက်သဘောကိုပယ်ဖျက်ကာ အပြုသဘောကိုသာ ဆောင်ယူလာတတ်လေသည်။ ထို့ကြောင့်ပင် ယနေ့ခေတ်စီးပွါးရေးလောကတွင် ဝန်ထမ်းများအပြုံးတတ်အောင်သင်ပြခြင်းများလည်းရှိလာရသည်။

 မည်သို့ဆိုစေ လူသားတိုင်းကောင်းသောအပြုံး အရည်အသွေးပြည့်ဖြူစင်သောအပြုံးကိုမူလက်ဆောင်အဖြစ်
လိုချင်ကြသည်ချည်းပင်ဖြစ်သည်။ ထိုကောင်းသောအပြုံးလက်ဆောင်သည် နယ်ပယ်တိုင်းတွင်အလွန်
တန်ဘိုးကြီးသည်ကိုတွေ့ရသည်။ ထို့ပြင် ဖေါ်ရွေပျူငှာသောအပြုံးသည် လှပြီးသောသူများအဖို့ အလှကိုတိုးစေသည်။ တဖက်သား၏ရင်ဝယ် အချိန်ကာလကြာမြင့်သည်အထိ မပျောက်ပျက်ဘဲ စွဲငြိစေသည်။ မလှသောသူများအဖို့ သူတို့၏မျက်နှာကို ကျက်သရေတိုးစေသည်။ ချွေးလည်းမထွက် ပင်ပန်းမှုလည်းမရှိ အကြံလည်းမအိုက် စိတ်ညစ်စရာလည်းမလိုဘဲ တဖက်သားကိုအသံတိတ်လှုပ်ရှားမှုဖြင့် ဆွဲဆောင်နိုင်စွမ်းရှိသောအရာသည် ထိုဖြူစင်သောအပြုံး ကုသိုလ်အပြုံးပင်ဖြစ်သည်။ ထို့ပြင် အချို့ သော
သူတို့သည် သူတို့၏ဖေါ်ရွေသောအပြုံးကြောင့် သူတို့၏နေ့စဉ်ဖြတ်သန်းမှုဘဝများ အဆင်ပြေချောမွေ့သွားသည်များလည်းရှိကြသည်။  ထို့ထက်မက မိုနာလီဇာသည် ထိုအပြုံးကြောင့်ပင် ကမ္ဘာကျော်ခဲ့လေသည်။ အပြုံးသည် ဤမျှအထိ စွမ်းအားကြီးလှသည်။ အကြောင်းကိုဆိုသော် ဖြူစင်သော ကုသိုလ်ဖြစ်သောအပြုံးသည် မေတ္တာ ကရုဏာ မုဒိတာစသော မွန်မြတ်သည့်စိတ်စေတနာကောင်းတို့၏ ပြယုဂ်ဖြစ်နေသောကြောင့်ပင်ဖြစ်သည်။

 အမှန်စင်စစ် ဒေါသအားကြီးသောသူများ သို့မဟုတ် ဒေါသကိုမထိန်းချုပ်နိုင်သောသူများသည်လှပ၍နှစ်လို
ဖွယ်ရာသောအပြုံးကိုပိုင်ဆိုင်နိုင်မည်မဟုတ်ပေ။ ဒေါသအားနဲသောသူများ သို့မဟုတ် ဒေါသကို
ထိန်းချုပ်နိုင်သောသူများသည်သာ နှစ်လိုဖွယ်ရာသောအပြုံုးပိုင်ရှင်ဖြစ်နိုင်ပေမည်။ သို့သော် တစ်ခါတစ်ရံတွင် လောဘကြီးသူတို့၏ ပိပိရိရိဟန်ဆောင်ကောင်းလှသော လူမှုဆက်ဆံရေးနှင့်ဈေးကွက်
အပြုံးများကိုလည်း တွေ့ရတတ်သည်။ ထိုအပြုံးသည်လည်း လူမှုလောကအတွက် အထိုက်အလျောက်အသုံးဝင်သည်ကိုအများစုသိပြီးပင်ဖြစ်ပေမည်။ ထို့ကြောင့်ပင် လောဘနှင့်ဒေါသကို ပိရိစွာကွယ်ဝှက်ထားသောလူမှုရေးအပြူံးများကို အမြဲလိုလိုတွေ့မြင်ရတတ်သည်။ တစ်ခါတစ်ရံတွင် ဣနြေ္ဒကြီးသူ ကိုယ်ကျင့်သီလဖြူစင်သူတို့၏
တည်ငြိမ်သောရင့်ကျက်၍မြင့်မြတ်သောအပြုံးများကိုလည်းတွေ့ရတတ်သည်။ သို့သော် ထိုအပြုံးမျိုးကိုတွေ့ရခဲလှသည်။ မိမိသည်အပြူံးအကြောင်းကိုစေ့ငုစွာနားမလည်သော်ငြားလည်း ထင်မြင်ယူဆမိသည်များနှင့်လက်လှမ်းမီသမျှကို တင်ပြချင်သောကြောင့်သာ ဤစာကိုရေးခြင်းဖြစ်ပါသည်။ မှန်ပါသည်။ မိမိကိုယ်တိုင်သည်လည်း မည်သည့်အပြုံးမျိုးကိုပြုံးမိကြောင်း မစဉ်းစားဘူးခဲ့သလို ဂဃနဏလည်းနားမလည်ပါ။

ဤအပြုံးနှင့်ပတ်သက်၍ အထူးပြောလိုသည်မှာ မိမိသည် ဖင်လန်နိုင်ငံ ဥရောပသို့ ( ၂၂. ၅. ၂၀၁၁ ) ခုနှစ်တွင်ပထမအကြိမ်သာသနာပြုရန်ရောက်ရှိခဲ့သည်။  ရောက်ခါစတွင် ဒေသခံဖင်းလူမျိုးတို့၏မျက်နှာအနေအထားကိုတွေ့မြင်ရသောအခါ လူမှုဆက်ဆံရေးအားနည်းသောလက္ခဏာများဖြစ်သည်၊ ဖေါ်ရွေသောဆက်ဆံမှုမရှိသည့် မျက်နှာပေးများဖြစ်သည်ဟု သူတို့နှင့်ဆက်ဆံမှုမရှိသေးမီမှာ ထင်မှတ်ခဲ့သည်။ သို့သော်မကြာမီပင်ဒေသခံလူမျိုးတို့နှင့်ဘာသာရေးဆွေးနွေးမှုများ၊ မရှင်းလင်းသည်များကို မေးမြန်းကြခြင်းနှင့်ပြန်လည်ဖြေကြားရခြင်းများတို့ကြောင့် မဖြစ်မနေဆက်ဆံလာရသည့်အခါ မိမိ၏ထင်မြင်ချက်လွဲမှားခဲ့ကြောင်း သူတို့၏ပွင့်လင်းသော ရိုးသားသောအပြုံးများနှင့်ဆက်ဆံမှုများက သက်သေထူခဲ့သည်။ အမှန်စင်စစ် ဖင်းလူမျိုးအများစုသည် ရိုးသားဖြူစင်ကြသည်။ ပွင့်လင်းသည်။ သူတို့၏အလုပ်တာဝန်ကို ဝတ်ကျေတန်းကျေမလုပ်ကြဘဲ အမှန်တကယ်အသက်ဝင်အောင် လုပ်ဆောင်ကြသည်။ အထူးသဖြင့် အလုပ်ကိစ္စတစ်ခုခုအတွက် အစိုးရရုံးများသို့သွားရောက်ရသောအခါများတွင် ဖေါ်ရွေသောအပြုံးများဖြင့်ဆီးကြိုထွေးပွေ့ကြသည်ကို နွေးထွေးစွာခံစားရသည်။ ပြည်သူအပေါ်လာဘ်ပေးလာဘ်ယူလုပ်ခြင်းဖြင့်နှိပ်စက်မှုမရှိဘဲ အလုပ်ကိစ္စကိုတိတိကျကျ ဥပဒေအတိုင်း ပြီးမြောက်စေရန် လေးလေးနက်နက်ဆောက်ရွက်သည်ကိုသာတွေ့ရလေသည်။ ရုံးကိစ္စပြီးဆုံး၍ပြန်လာသောအခါတွင်လည်း နှစ်လိုဖွယ်ရာအပြုံးဖြင့် နှုတ်ခွန်းဆက်လက်ဆောင်ပင်ပေးလိုက်သေးသည်။ ပြည်သူအတွက် အလုပ်ကိစ္စတာဝန်ကျေသည့်အပြင် လှပသောအပြုံးလက်ဆောင်ကိုပါ နွေးထွေးစွာပေးအပ်လိုက်ခြင်းသည် သူတို့လူမျိုး၏ ကျေနပ်ကြည်နူးဆွတ်ပျံ့ ဖွယ်ကောင်းသော နေ့စဉ်လူမှုဘဝထုံးစံပင်ဖြစ်နေမည်ထင်သည်။   အမိမြန်မာပြည်မှ အစိုးရဝန်ထမ်းများနှင့်တော့ မိုးနှင့်မြေပမာ ကွာခြားလေစွ။ အခြားကွာခြားချက်များကို အသာထား၍အပြုံး၏တန်ဘိုးနှင့်အပြုံးလက်ဆောင်တို့သည်ပင် ကွာခြားလှတော့သည်။ ထို့ကြောင့်ပင် တိုးတက်မှုနှင့်ဆုတ်ယုတ်မှု၊ ခေတ်ရှေ့ရောက်မှုနှင့်ခေတ်နောက်ကျမှုတို့သည်လည်း ကွာခြားလွန်းလှသည်။ ထို့ပြင် ဥပဒေကိုလေးစားလိုက်နာသောအလေ့အကျင့်သည်လည်း သူတို့ဖင်းလူမျိုးများအဖို့ ရိုးရာအစဉ်အလာတစ်ခုကဲ့သို့ပင်ဖြစ်နေလေပြီ။

မှတ်မှတ်ရရဆိုရလျှင် (၂၀၁၂ ) ခုနှစ်တွင် ဖင်လန်နိုင်ငံ၏မြို့ တော် ဟယ်ဆင်ကီမြို့ လယ်တစ်နေရာမှ မိမိကျောင်းရှိရာသို့ရထားစီး၍ပြန်ခဲ့သည်။ ရထားများတွင် အင်္ဂလိပ်စာဟူ၍ တစ်လုံးမျှရေးမထားဘဲ သူတို့၏ဖင်းစာများကိုသာရေးထားလေသည်။ သူတို့၏ မိခင်ဘာသာစကားများကိုသာအလေးထားကာအသုံးပြုကြခြင်းသည် ဥရောပနိုင်ငံများ၏မိခင်ဘာသာစကားအပေါ်အလေးထားမှုကိုပြသခြင်းလည်းဖြစ်ပေမည်။ ထို့ကြောင့် မိမိသည်လည်း ကျောင်းအပြန်ရထားမှားစီးခဲ့မိတော့သည်။ မှားစီးသည်ဟုလည်း မိမိမသိသေးချေ။ အမှန်ဟုသာထင်မြဲထင်နေသည်။ တော်တော်ခရီးပေါက်လာခဲ့တော့မှ ရထားမှားစီးမိပြီဆိုသည်ကို သိလိုက်ရတော့သည်။ ထို့ကြောင့် ရထားပေါ်မှ အသက် ( ၂၀ ) ဝန်းကျင်ခန့်ရှိသောခရီးသည်လူငယ်လေးတစ်ယောက်ကို မေးကြည့်ရာ နောက်ကိုအဝေးကြီးပြန်၍ စီးရဦးမည်ဖြစ်ကြောင်း၊ရထားလည်းပြောင်းစီးရဦးမည်ဖြစ်ကြောင်းနှင့်ပြောင်းစီးရမည့်ဘူတာနှင့်ရထားတို့ကို ဖေါ်ရွေသောအပြုံးဖြင့်ပင် စိတ်ရှည်လက်ရှည်ရှင်းပြလေသည်။ မိမိသည် လူငယ်လေးပြောပြသည့်အတိုင်းပင်ခရီးဆက်ပါသော်လည်း ရထားပြောင်းစီးရမည့်ဘူတာသည် အတော်အတန်ကြီး၍ ရထားအချိန်ညွှန်းဆိုင်းဘုတ်များက များနေသည့်အတွက်ကြောင့် မည်သည့်ဆိုင်းဘုတ်ကိုကြည့်ရမှန်း ဗြုန်းကနဲမသိဘဲဖြစ်နေမိကာ အထက်ဆုံးထပ်မှမျက်နှာချင်းဆိုင်တွေ့သော အချိန်ညွှန်းဆိုင်းဘုတ်ကိုသာကြည့်နေမိသည်။ ထိုအခိုက် မိမိနောက်မှ အသက် ( ၂၅ ) နှစ်ဝန်းကျင်ရှိအမျိုးသမီးငယ်တစ်ယောက်သည် အလွန်ဖေါ်ရွေသောအပြုံးဖြင့် မိမိကြည့်ရမည့်ဆိုင်းဘုတ်နှင့်စီးရမည့်ရထားတို့ကိုပြောပြလေသည်။ နောက်မှပြန်စဉ်စားမိသည်မှာ ရထားပေါ်တွင် လူငယ်လေးရှင်းပြနေသည်ကို သူမက မိမိနောက်မှနားထောင်နေခဲ့ဟန်ရှိသည်။ ဤမျှနှင့်မိမိပြဿနာကားမပြီးသေး။ သူမပြောပြသည့်အတိုင်း မိမိခရီးဆက်ခဲ့ရာ ဆင်းရမည့်ဘူတာတွင်ဆင်းပြီးသည့်အခါတွင်လည်း ကျောင်းကိုမပြန်တတ်တော့ချေ။ မျက်စိလည်ချေပြီ။ သို့နှင့်လူငယ်လေးတစ်ယောက်ကိုမေးကြည့်ရာ သူလည်း ဤနေရာမှမဟုတ်သောကြောင့်မသိဘူးတဲ့၊ သို့သော် စာကြည့်တိုက်ကိုသွား၍မြေပုံကြည့်ပြီးအကူညီပေးမည်တဲ့။ အလွန်ပျူငှာလှိုက်လှဲသောအပြူံးမျက်နှာဖြင့် မိမိကိုကူညီလိုကြောင်းပြောပြလေသည်။ မိမိသည်ဤမျှအထိ ထုံထိုင်းသူဖြစ်သည်။ သို့သော် မိမိသည် ကိုယ့်ကိုယ်ကိုမကျေနပ်သောကြောင့် သူ၏အကူအညီကိုမယူတော့ဘဲ ကိုယ်တိုင်ပင်ကြိုးစား၍ကျောင်းရောက်အောင်ပြန်လာခဲ့သည်။ ဤသို့ သူတို့လေးများ၏ မေတ္တာ စေတနာအရင်းခံ၍ လှိုက်လှဲနွေးထွေးသောအပြုံးများဖြင့်ကူညီမှုများပေးကြခြင်းသည် သူတို့လူမျိုးများ၏ လေးစားစွာအသိမှတ်ပြုထိုက်သော အလေ့အကျင့် သို့မဟုတ် အစဉ်အလာပင်ဖြစ်မည်ဟု ကောက်ချက်စွဲမိသည်။

 ( ၂၀၁၂ ) ခုနှစ် အောဂုတ်လတွင် ပီအိတ်ခ်ျဒီအတွက် ကျမ်းပြု၍ပြီးစီးသွားသောအခါ အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ် မဂဓတက္ကသိုလ်တွင် ကျမ်းတင်သွင်းကာ စာတွေ့လူတွေ့စစ်ဆေးမေးမြန်းခံရဘို့အတွက်ပြန်ရတော့သည်။ ထိုအခါတွင်လည်း ဖင်းလူမျိုးလေဆိပ်ဝန်ထမ်း အမျိုးသားတစ်ဦးမှ မိမိစီးရမည့် အိန္ဒိယလေယာဉ်၏ ဂိတ်ပေါက်အထိ တည်ငြိမ်နွေးထွေးသောအပြုံးစဖြင့် မတောင်းဆိုရဘဲကူညီခဲ့သည်။ သူ၏ကူညီမှုသည်ဖြူစင်သောအပြုံး သို့မဟုတ် ကုသိုလ်အပြုံးကိုအရင်းပြုထားသောကြောင့် မိမိအတွက်အလွန်ပင်ကျေနပ်မှုကိုခံစားခဲ့ရသလို အမြဲတန်းအမှတ်ရနေစရာလည်းဖြစ်နေတော့သည်။ အိန္ဒိယမှ ပညာရေးပြီးဆုံး၍ အမိမြန်မာပြည်သို့ ပြန်လာခဲ့သည်။ အမိမြန်မာပြည်တွင် နေထိုင်သီတင်းသုံး၍ မဝခင်ပင် ဖင်လန်နိုင်ငံသို့ သာသနာပြုရန်အတွက် ( ၇. ၈. ၂၀၁၃ ) တွင် တဖန်ပြန်လည်ရောက်ရှိခဲ့သည်။ ယခုအခေါက် ပြန်လည်ရောက်ရှိသည့်အခါ ဖင်လန်နိုင်ငံ၏ အလယ်ပိုင်းဖြစ်သော မြန်မာဗုဒ္ဓဘာသာအများစုနေထိုင်ရာဖြစ်သည့် Kuopio မြို့  တွင်နေထိုင်ဖြစ်ခဲ့သည်။ မြန်မာ ဒကာဒကာမများ၏ သာသနာတော်ကို ကြည်ညိုမြတ်နိုးသောစိတ်ထားနှင့်သဒ္ဓါတရားကြောင့် ဆွမ်း သင်္ကန်း ကျောင်း ဆေး ဟူသောပစ္စလေးပါးအတွက်အခက်ခဲမရှိဘဲ အဆင်ပြေခဲ့သည်။

   ဤ Kuopio မြို့ တွင်နေထိုင်စဉ်တွင်လည်း မိမိနေထိုင်သောကျောင်း၏အနီးမှ Marku and Kepa ဟူသောဖင်းလူမျိုးအဖိုးနှင့်အဖွား ဇနီးမောင်နှံနှစ်ယောက်နှင့် မိမိကိုဝေယျာစ္စပြုစုပေးကာကုသိုလ်ယူနေသော ကျောင်းဆရာကိုမြတ်သစ်၏ မိတ်ဆက်ပေးမှုကြောင့် တွေ့ဆုံရင်းနှီးခွင့်ရခဲ့သည်။ ထိုအဖိုးနှင့်အဖွားနှစ်ဦးလုံးသည်လည်း နှစ်လိုဖွယ်ရာအလွန်ဖေါ်ရွေသောအပြုံးများဖြင့် မိမိကိုဆီးကြိုခဲ့သည့်ပြင် သူတို့အိမ်သို့လည်းအချိန်မရွေးဝင်ထွက်လည်ပတ်ဘို့ရန် အတန်တန်ဖိတ်မန်တကပြုခဲ့ကြသည်။ ထို့ပြင် မည်သည့်အကြောင်းကိစ္စပေါ်သည်ဖြစ်စေ သူတို့ကိုအချိန်မရွေး ဖုန်းဆက်ကာအကူအညီတောင်းနိုင်ကြောင်းကိုလည်း ဖြူစင်ကြင်နာသောအပြုံးများဖြင့်ပင် ပင့်ဖိတ်ခဲ့ပြန်သည်။ ထို့ကြောင့်ပင် မိမိသည် အကူအညီလိုအပ်သည့်အခါ အဖိုးအဖွားဇနီးမောင်နှံကိုတောင်းခံရတော့သည်။ ထိုအခါတွင်လည်း လှိုက်လှဲပျူငှာသောအပြုံးများဖြင့်ပင် အကူအညီပေးခဲ့ကြသည်သာဖြစ်သည်။ မိမိသူတို့အိမ်သို့သွားရောက်လည်ပတ်သည့်အခါတိုင်း သူတို့ပျော်ရွှင်ကြသည်။ ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါး သူတို့အိမ်သို့လာရောက်လည်ပတ်သည်ကိုလည်း ဂုဏ်ယူကြောင်းပြောကြပြန်သေးသည်။ ထို့ပြင် အခွင့်သင့်သည့်အခါ အာရုံဆွမ်းများလည်းကပ်လှုကြသည်။ မိမိစားချင်သည့်အစားအစာကိုမေး၍ရွေးချယ်ကာကပ်လှုကြသောကြောင့် မိမိမှာ အမှတ်တရလည်းဖြစ်ရသလို ကျေနပ်မှုကိုလည်းခံစားရသည်။

   ယဉ်ကျေးမှု၊ ဘာသာတရား၊ လူမှုစံနစ်၊ အစားအစာနှင့်အသက်အရွယ်များ ကွဲပြားနေသော်လည်း သူတို့၏ ဖြူစင်သောမေတ္တာ ကရုဏာကိုအခြေခံသည့် အပြုံးများဖြင့် ကွဲပြားမှုအရာရာကို တူညီစေခဲ့သည်။ အရှေ့ တိုင်းနှင့်အနောက်တိုင်း သို့မဟုတ် အာရှနှင့်ဥရောပတို့၏အရာရာသောကွဲလွဲချက်များကို လူသားပီသသောသူတို့၏နှလုံးထဲမှအပြုံးများဖြင့်တူညီသောအဖြေကိုညှိနိုင်ခဲ့သည်။ သူတို့သည် အဖိုးအဖွားအရွယ်သို့ရောက်နေကြသော်လည်း သူတို့၏အပြူံးများက လတ်ဆတ်နေဆဲ၊ တက်ကြွနေဆဲဖြစ်သည်။ မေတ္တာနှလုံးသားကိုအခြေခံထားသောအပြူံးများဖြစ်ခြင်းကြောင့်လည်း မိမိအဖို့ စွဲငြိစရာဖြစ်ခဲ့သည်။ သို့သော် ရာဂဖြင့်ရစ်ပတ်နှောင်ဖွဲ့သောအားဖြင့် စွဲငြိခြင်းမဟုတ်၊ သန့်စင်သောမေတ္တာ ကရုဏာအပြုံးများဖြင့် လူသား၏စစ်မှန်သောနှလုံးသားတံတားကို တည်ဆောက်ခြင်းမျှသာဖြစ်သည်။ ဗြာဟ္မစိုရ်တရားပါသောအပြူံးဖြင့် ကူးလူးပေါင်းစပ်ခြင်းလည်းဖြစ်သည်။ အမှန်စင်စစ် လူပီသ၍စစ်မှန်သောအပြူံးသာဖြစ်လျှင် ကုသိုလ်တရားသည်ပင်ဖြစ်ခွင့်ရနိုင်လေသည်။ မိမိအပြုံးဖြင့် အခြားသူအတွက်ကျေနပ်ဖွယ်ရာခံစားမှုကိုပေးနိုင်လျှင် ကုသိုလ်အပြုံးဟူ၍ပင်ဆိုနိုင်သည်။ ထိုသို့မဟုတ်မူဘဲ မဲ့ပြူံး၊ ရွဲ့ ပြူံး၊ ထေ့ပြူံး၊ ငေါ့ပြူံး၊ သရော်ပြူံးများဖြင့်ပြူံးမိလျှင်ကား မိမိရောသူတပါး နှစ်ဦးသားအတွက် အကုသိုလ်ပင်ဖြစ်နိုင်လေသည်။ ထို့ကြောင့် လူသားများအချင်းချင်းအကြားဝယ် လူပီသသောအပြုံးများ၊ ဖေါ်ရွေပျူငှာသောအပြူံးများ၊ သန့်စင်သောကုသိုလ်အပြုံးများတို့ဖြင့် တံတားခင်း၍ လူချင်းချင်းယှက်နွှယ်ကာဆက်သွယ်ပေါင်းသင်းနေထိုင်နိုင်ကြပါစေသားဟု တမ်းတဆုချွေလျှက်။

***   ***   ***

***ဓမ္မမိတ်ဆွေများ၏အမှာစကား***