Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Sunday, December 25, 2011

ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၁၇ ) သီလပါရမီ

အမှန်စစ်စစ် ပါရမီသီလဟူသည် မည်သည့်စည်းစိမ်နှင့် မည်သည့် နတ်ဘုံ ဗြဟ္မာ့ဘုံကိုမျှ မတမ်းတ မတွယ်တာပဲ ဆောက်တည်ကျင့်သုံးသောသီလပင်ဖြစ်၏။ စာအသုံးအရပြောရလျှင် ဘဝသမ္ပတ္တိနှင့် ဘောဂသမ္ပတ္တိတို့ကို မငဲ့ကွက်ဘဲ ကျင့်သုံးသောသီလဖြစ်၏။ မှန်၏။ စည်းစိမ်ချမ်းသာနှင့် ဘုံဗိမာန်ဌာနများကို တောင့်တ၍ စောင့်သုံးသော သီလသည် စိတ်အားဖြင့် အပြည့်အဝ မဖြူစင် မဖြောင့်မတ်နိုင်ချေ။ အကြောင်းကား စိတ်နှလုံးဖြူစင်မှုနှင့် ရိုးသားဖြောင့်မတ်မှုကို အခြေခံ၍စောင့်သုံးသော သီလသာလျှင် ဖြူစင်မြင့်မြတ်၍ ပါရမီသီလဖြစ်နိုင်သောကြောင့်တည်း။ သာမန်သီလတွင် ကိုယ်မှုနှင့်နှုတ်မှုသည်သာ ပဓာနကျ၏။ ထိုသာမန်သီလကိုအကြောင်းပြု၍ လူ့စည်းစိမ်ကိုလည်း တမ်းတနိုင်၏။ နတ်စည်းစိမ်ကိုလည်း တမ်းတနိုင်၏။ စိတ်ထဲထွင် မကောင်းသည့်အရာများ ကြံစည်နေနိုင်၏။ ကောက်ကျစ်စဉ်းလဲမှုလည်း အစ္ဇျတ္တတွင် ဖြစ်နေနိုင်၏။ ကိုယ်နှင့်နှုတ်ကိုသာ လုံခြုံအောင် အပြင်သို့ ပေါက်မထွက်အောင် စောင့်ထိန်းရခြင်းဖြစ်၏။   ပါရမီသီလတွင်ကား ထိုသို့မဟုတ်၊ ရိုးသားဖြူစင်ဖြောင့်မတ်သော စိတ်နှလုံးကို အခြေခံ၍သာ ကိုယ်မှုနှင့်နှုတ်မှုတို့ကို စောင့်စည်းရ၏။ သို့ဆိုလျှင် မည်သည့်စည်းစိမ်ကိုမျှမတမ်းတ မမက်မောဘဲ စင်ကြယ်သော စိတ်ကိုအခြေခံ၍သာ ဆောက်တည်ရသော ထိုပါရမီသီလသည် အဘယ်သို့ဦးတည်ပါသနည်း။ အဖြေကား ဗောဓိဥာဏ်သို့သာ ဦးတည်ပါသတည်း။ ထိုဗောဓိဥာဏ်သည်လည်း သမ္မာသမ္ဗောဓိဥာဏ် ပစ္စေကဗောဓိဥာဏ် သာဝကဗောဓိဥာဏ်စသည်ဖြင့်ရှိလေ၏။ မှန်၏။ ထိုဗောဓိဥာဏ်ကိုရရှိမှသာလျှင် ဘေးထွက်ဆိုးကျိုးလုံးဝကင်းစင်သော ပျော်ရွှင်မှု ငြိမ်းချမ်းမှု ပြည့်ဝမှုတို့ကို ရနိုင်ပေသည်တကား။  အဘယ့်ကြောင့်ဆိုသော် ဤဗောဓိဥာဏ်ပညာတော်တို့သည် ကိုယ်မှု နှုတ်မှု စိတ်မှုတို့ ဖြူစင်ဖြောင့်မတ်သော ပါရမီသီလကို အခြေခံ၍ ရှာဖွေရရှိခဲ့ခြင်းကြောင့်ပင်တည်း။   ဤအကြောင်း အနည်းငယ်ရှင်းပါမည်။ ကမ္ဘာပေါ်ရှိ ပညာရှင်အချို့နှင့် စာရေးဆရာအချို့တို့က ယနေ့ခေတ်သည် ပညာခေတ်ဟု ဆိုကြ၏။ ထိုသူတို့ဆိုသည့်အတိုင်း ယနေ့ခေတ်သည် ပညာခေတ်ဆိုက တိုးတက်လာသော သိပ္ပံ ဝိဇ္ဇာပညာရပ်များကိုထောက်ထား၍ ငြင်း၍မရ၊မှန်လှ၏။ သို့သော် ထိုထိုတိုးတက်လာသောပညာရပ်များကြောင့် ဤကမ္ဘာကြီး ပြည့်စုံသွားပီလော၊ လူသားတို့မျှော်မှန်းသော ပျော်ရွှင်မှု အေးချမ်းမှု တည်ငြိမ်မှုတို့ကိုရော ရရှိပါပြီလော။ လူမှုလောကကြီးတစ်ခုလုံး ရည်မှန်းချက်တွေ ပြည့်ဝနေပြီလော။ စဉ်းစားဘွယ်ဖြစ်၏။ အမှန်စင်စစ် ထိုရည်မှန်းချက်များ ပြည့်ဝဘို့ဝေးစွ၊ ပြဿနာများ အတောမသတ်နိုင်အောင်ပင် ဆက်ကာဆက်ကာဖြစ်ပွါးနေ၏။  ကမ္ဘာ့နေရာများစွာ လုပ်ငန်းများစွာ ဌာနများစွာဝယ် ထိုထိုလောကီပညာရပ်များကိုအသုံးပြု၍ စိတ်ထိခိုက်ဖွယ်ရာများ အနိဋ္ဌာရုံများ အော့နှလုံးနာစရာ ဖြစ်ရပ်ဆိုးများ နေ့စဉ်နှင့်အမျှဖြစ်ပေါ်နေကြ၏။ နည်းပညာကိုသုံး၍ ဘဏ်တွေကိုဖောက်၏။ သူတစ်ပါးနိုင်ငံ၏ ထိပ်တန်းလျှို့ဝှက်ချက်တို့ကို ဖောက်၍ ခိုး၏။ သူတစ်ပါးစီးပွါးရေး လုပ်ငန်းများကို နည်းပညာဖြင့် နည်းမျိုးစုံဖျက်၏။ သည်ထက်မက ဘေးထွက်ဆိုးကျိုးများကား များပြားလှပါ၏။ ဤသည်မှာ သီလကိုအခြေမခံသော ကိုယ်ကျင့်သီလမဲ့သော ပညာရပ်တို့၏ ဘေးထွက်ဆိုးကျိုးတို့ပင်တည်း။  ထို့ပြင် တိုးတက်လာပါသည်ဆိုသော ပညာရပ်များကိုအကြောင်းပြု၍ ကိုယ်ကျိုးရှာ လောဘသမားများလည်းပေါ်ပေါက်လာ၏။ တစ်ဖန် ထိုပညာရပ်များကို အသုံးပြု၍ နျူကလီးယားလက်နက်များနှင့် အခြားစွမ်းအားပြင်းလက်နက်များ ထုတ်လုပ်ကာ ကမ္ဘာကို မင်းမူ၍ ခြိမ်းခြောက်နေသော လောဘနှင့် ဒေါသသမားများလည်း ဒုနှင့်ဒေး။ အဆိုးဆုံးမှာ အမှားကို အမှန်ဟုသိကာ အမှန်ကို အမှားဟုပြောင်းပြန်သိနေသော မောဟဖြင့် ထိုထိုလောကီပညာရပ်များကိုအသုံးပြုလျှက် လူမှုလောကကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်ခြင်းပင်တည်း။ တိုက်ခိုက်နေခြင်းပင်တည်း။ ဆိုလိုသည်မှာ ယနေ့တိုးတက်လာသော ပညာရပ်များကို လောဘနှင့်လည်းရှာခဲ့၏။
ဒေါသဖြင့်လည်းကြိုးစားခဲ့၏။ မောဟဖြင့်လည်း ပြောင်းပြန်တွေဖြစ်အောင် ကျင့်ဆောင်ခဲ့၏။ နိုင်ထက်စီးနင်း မတရားလွှမ်းမိုးရာ၌ မရှက်မကြောက်ခြင်းဟူသော အဟိရိက အနောတ္တပတို့ဖြင့်လည်း ရက်စက်ခဲ့၏။ ထို့ကြောင့်မည်သည့် လောကီပညာရပ်မဆို ဘေးထွက်ဆိုးကျိုးများ
အနည်းနှင့်အများပါရှိမြဲပင်ဖြစ်၏။ ဤသို့ဆိုခြင်းကြောင့် လောကီပညာရပ်များသည် လောကအတွက် အန္တရာယ်သက်သက်သာဖြစ်သည်ဟုမဆိုလိုပါ။ လောကီပညာရပ်များကြောင့် ကောင်းကျိုးများဖြစ်ထွန်းခဲ့သည်မှာလည်း အထင်အရှားပင်ဖြစ်၏။ လောကအတွက်လောကီပညာရပ်များသည် လိုအပ်ပါ၏။ ကျေးဇူးများပါ၏။  ကိုယ်ကျင့်သီလမပါလျှင် တွေ့ကြုံ ဖြစ်ပျက်နိုင်သော အခြေအနေတို့ကိုသာ ဆိုခြင်းဖြစ်ပါ၏။ အကယ်၍ သီလတရားကိုသာ အခြေခံကျင့်သုံးပါက ထိုထိုလောကီ ပညာရပ်တို့သည် လူမှုလောကကြီးတစ်ခုလုံးအတွက် အလွန်တရာပင် တန်ဘိုးရှိမည်ဖြစ်၏။ ထိုကြောင့် ကိုယ်ကျင့် နှုတ်ကျင့် ဟူသော သီလတရားကို အခြေခံထားသော ပညာရပ်တို့သာလျှင် လူသားတို့မျှော်မှန်းသော ပြီးပြည့်စုံသည့် အခြေအနေသို့ရောက်နိုင်ပါ၏။ ထို့ထက် ပါရမီသီလကိုအခြေခံ၍ ကျင့်သုံးခြင်းဖြင့် ကြိုးစားရှာဖွေရယူခဲ့သော ဗောဓိဥာဏ်ပညာသည် မည်သည့်ဘေးထွက်ဆိုးကျိုးမျှမရှိ။ အလုံးစုံကို ပြီးပြည့်စုံစေနိုင်၏။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အတွက်ဖြစ်စေ၊ မိသားတစ်စုအတွက်ဖြစ်စေ၊ လူမှုအဖွဲ့အစည်းအတွက်ဖြစ်စေ၊ ကမ္ဘာလောကအတွက်ဖြစ်စေ အေးချမ်းမှု ပျော်ရွှင်မှု တည်ငြိမ်မှု တိုးတက်မှု ရင့်ကျက်မှု ပြည့်ဝမှု ချမ်းသာမှုတို့ကိုသာ အတိပေးလေ၏။ ပါရမီသီလသည် ထိုသို့သော ဂုဏ်ပေါင်းခသည့် ဗောဓိဥာဏ်သို့သာ ဦးတည်ချေသည်တကား။ သို့သော်လည်း ဘုရားအလောင်းတော်သည်ပင် ပါရမီဖြည့်စဉ်ကာလဝယ် မကောင်းမှုများ အားလုံးကင်းစင်ခဲ့သည်တော့မဟုတ်ချေ။ အကြောင်းမှာ မကောင်းမှုများ အားလုံးကင်းစင်သွားလျှင် သမ္မာသမ္ဗောဓိဥာဏ်တော်ကိုရရှိကာ ဘုရားအဖြစ်သို့ ရောက်ရှိမည်ဖြစ်သောကြောင့်ပင်တည်း။ ထို့ကြောင့်စာဖတ်သူတို့လည်း သီလပါရမီကို ဖြည့်ကျင့်ရာဝယ် နိုင်သလောက် တဖြည်းဖြည်းကျင့်ကြရမည်ပင်ဖြစ်၏။ တစ်ကြိမ်တည်း တစ်ဘဝတည်းဖြင့် စင်ကြယ်ပြည့်စုံစေရန်ဖြစ်နိုင်လိမ့်မည်မဟုတ်ချေ။ သီလ၏ ကောင်းကျိုးတို့ကား များပြားလှပါ၏။ ဤနေရာ၌ မဖေါ်ပြတော့ပါ။ ဤမျှဆိုလျှင် သီလ၏အကျိုးကျေးဇူးမည်မျှအထိကျယ်ပြန့်ကြီးမားမည်ကို  စာဖတ်သူများ အလွယ်တကူ ကိုယ်ပိုင်ဥာဏ်ဖြင့် စဉ်းစား၍ သိနိုင်ပါ၏။ ရိုးရိုးသာမန်သီလကိုဖြစ်စေ၊ ပါရမီသီလကိုဖြစ်စေ မိမိနှင့်လောက၏ကောင်းကျိုးကို လိုလားသူမှန်သမျှကျင့်ဆောင်အပ်ပါ၏။ ကျင့်ဆောင်ကြပါရန်လည်း တိုက်တွန်းအပ်ပါ၏။

Sunday, December 18, 2011

ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၁၆ ) သီလပါရမီ

ပါရမီဆယ်ပါးတွင် သီလပါရမီသည် ဒုတိယမြောက်ဖြစ်၏။ ပါရမီသီလကို မဆိုထားနှင့် ရိုးရိုးသာမန်သီလသည်ပင်လျှင် လောကကြီးတစ်ခုလုံးအတွက် အလွန်အရေးကြီးလှ၏။ သီလဟူသော စကားလုံးကို လူတိုင်းအစဉ်အမြဲကြားဖူးနေ၍ နားထဲတွင် ရင်းနှီးနေသော်လည်း တကယ့်လက်တွေ့ဘဝတွင်တော့ သီလနှင့်လူသည် တစိမ်းပြင်ပြင်ဖြစ်၍နေသည်သာများ၏။ သီလကို စာလုံးအရဖြစ်စေ စကားလုံးအရဖြစ်စေ နာကြားမှုအရဖြစ်စေ မြင်ဖူး ဖတ်ဖူး  ကြားနာဖူးသဖြင့် ပြင်ပဗဟိဒ္ဓသန္တာန်တွင် မိမိတို့ဗုဒ္ဓဘာသာဝင်များနှင့်မစိမ်းပါပေ။ ရင်းနှီးကျွမ်းဝင်မှုရှိလှပါ၏။ သို့သော် အဇ္ဈတ္တရင်တွင်း စိတ်တွင်းသန္တာ၌ကား စိမ်းကားကြသည်သာများ၏။ ကျွမ်းဝင်သူနည်းပါးလှ၏။ သီလအကျင့်နှင့်ဝေးကွာကြ၏။ ထိုသို့သီလနှင့်ဝေးကွာခြင်းကြောင့်လည်း လူသားများ မလိုလားအပ်သော မလိုချင် မတမ်းတ မနှစ်သက်သော ဆိုးကျိုးများနှင့် နေ့စဉ်လူမှုဘဝတွင် ခါးသီးစွာ ကြုံတွေ့နေကြခြင်းဖြစ်၏။ မှန်၏။ ကမ္ဘာသူကမ္ဘာသားများအားလုံး တညီတညွတ်တည်း တစ်ရက်မျှလောက် ငါးပါးသီလဆောက်တည်ကြည့်ကြစမ်းပါ။ ထိုတစ်ရက်သည် ထိုကမ္ဘာပေါ်မှ ထိုလူသားများအတွက်  အလွန်အေးချမ်းပေလိမ့်မည်။ လုံခြုံမှုအပြည့်ရပေလိမ့်မည်။ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆထက်ထမ်းပိုး တိုး၍ဆောင်ရွက်နိုင်ပေလိမ့်မည်။ ထိုလူသားတို့မျှော်မှန်းသော ငြိမ်းချမ်းရေးနှင့် ပျော်ရွှင်ရေးတို့သည် လက်ငင်းဒိဋ္ဌ မုချရမည်မှာ မလွဲသော အကျင့်ပင်တည်း။ အမှန်စင်စစ် သီလဟူသည် ကိုယ်ကျင့်တရားလည်းဖြစ်၏။ နှုတ်ကျင့်တရားလည်းဖြစ်၏။ လူမှုအဖွဲ့အစည်းကြီးတစ်ခုလုံးနှင့် ကမ္ဘာလောကအတွက် မရှိမဖြစ်အခြေခံအုဌ်မြစ်လည်းဖြစ်၏။ အမှန်စင်စစ် အစားအစာသည် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သော အာဟာရဖြစ်သကဲ့သို့ သီလသည်လည်း လူ့လောက ငြိမ်းချမ်းရေး ဖွံ့ဖြိုးရေး ပျော်ရွှင်ရေးတို့အတွက် မရှိမဖြစ်လိုအပ်သော အာဟာရလည်းဖြစ်၏။ ဤသည်မှာ ရိုးရိုး သာမန်သီလကိုသာရည်ရွယ်ပါ၏။ လောကတွင် စီးပွါးရေးကုမ္မဏီကြီးများအပါအဝင် အဖွဲ့အစည်းတိုင်း လုပ်ငန်းတိုင်း ဌာနတိုင်း ဒေသတိုင်း နိုင်ငံတိုင်းဝယ် လိုက်နာရမည့် စည်းကမ်းသည်ရှိ၏။ မျှတသော ကျိုးကြောင်းဆီလျော်သော အဂတိကင်းသော ဥပဒေကို ရေးစွဲသတ်မှတ်ထားကြရ၏။ထိုစည်းကမ်းဥပဒေတို့သည် ထိုထိုအဖွဲ့အစည်းတို့၏ အသက်လည်းဖြစ်၏။ ထိုစည်းကမ်း ထိုဥပဒေတို့ကို လိုက်နာကြရ၏။ မလိုက်နာ မကျင့်သုံးလျှင် ထိုအဖွဲ့အစည်း ထိုလုပ်ငန်း ထိုဌာန ထိုဒေသ ထိုနိုင်ငံသည် ဆုတ်ယုတ်၏။ မတိုးတက် မဖွံ့ဖြိုးချေ။ အေးချမ်းမှု ပျော်ရွှင်မှုတို့နှင့်လည်းဝေးနေမည်သာဖြစ်၏။ ယနေ့ ကမ္ဘာဝယ် ဗလောင်ဆူပွက်နေသော အဖွဲ့အစည်းများ ဌာနများ နိုင်ငံများကိုကြည့်လျှင် ကျိုးကြောင်းဆီလျော်၍ တရားမျှတသော ဥပဒေမရှိ၊ ရှိသော်လည်း မလိုက်နာ မကျင့်သုံးကြောင်းမှာ ထင်ရှား၏။ တစ်ဖန် ဖွံ့ဖြိုးတိုးတက်၍ အေးချမ်းသော လုံခြုံမှုအပြည့်ရှိသော နိုင်ငံများရှိလျှင် (ဥပမာ ယခု မိမိရောက်နေသောနိုင်ငံ၊ ထိုအကြောင်းနောက်ပိုင်းသက်ဆိုင်ရာအခန်းတွင် အကျယ်ရေးပါမည်) ထိုနိုင်ငံသည် တရားမျှတသော စည်းကမ်းဥပဒေတို့ကို ကောင်းသောကိုယ်ကျင့် နှုတ်ကျင့်တို့ဖြင့် အမှန်တကယ်ကျင့်ဆောင်ခြင်းကြောင့်ဖြစ်ကြောင်းထင်ရှား၏။   မိမိပြောလိုသည်မှာ ထိုစည်းကမ်းများ ဥပဒေများသည် သက်ဆိုင်ရာ အဖွဲ့အစည်းစသည်တို့၏  ကိုယ်ကျင့်တရား နှုတ်ကျင့်တရားတို့ဖြစ်၏။ ထိုထိုသက်ဆိုင်ရာ အဖွဲ့အစည်းစသည်တို့၏ ကိုယ်ကျင့်တရား နှုတ်ကျင့်တရားဟူသော သီလသည် တနည်း စည်းကမ်းသည် သက်ဆိုင်ရာ အဖွဲ့အစည်း နိုင်ငံ ဌာနစသည်တို့၏ တိုးတက်ရေးအတွက်သာဖြစ်၏။ တစ်လောကလုံးအတွက်မဟုတ်၊ မရည်ရွယ်ချေ။  အမှန်စင်စစ် မြတ်ဗုဒ္ဓသင်ကြားတော်မူခဲ့သော မူလအခြေခံသာဖြစ်သော ငါးပါးသော ကိုယ့်ကျင့် နှုတ်ကျင့်တရားတို့သည် ( ရှစ်ပါး ကိုးပါး ဆယ်ပါး စသော အဆင့်မြင့်သီလများအထိမဆိုလို ) သက်ဆိုင်ရာ မိသားစုများ အဖွဲ့အစည်းများ ဒေသများ ဌာနများ နိုင်ငံများ အတွက် ပျော်ရွှင်ရေး အေးချမ်းရေး တိုးတက်ရေးဖြစ်၏။ ကုန်ကုန်ပြောရလျှင် ငါးပါးသီလသည် တစ်ကမ္ဘာလုံးရှိ သက်ရှိသတ္တဝါအားလုံးနှင့်သက်မဲ့သဘာဝ ပတ်ဝန်းကျင်အားလုံးအတွက် စိမ်းလမ်းစိုပြေရေး အေးချမ်းရေး ပျော်ရွှင်ရေး တိုးတက်ရေး လုံခြုံရေးဖြစ်၏။ မှန်၏။ ကိုယ်ကျင့်နှုတ်ကျင့်မရှိသော နေရာဝယ် မည်သို့လုံခြုံနိုင်ပါမည်နည်း။ အဘယ်သို့လျှင် အေးချမ်းပါမည်နည်း။ သစ်တောများနည်းမျိုးစုံ မတရားခိုးထုတ်ကာ ရောင်းဝယ်ဖေါက်ကားမှုဖြင့် သဘာဝပတ်ဝန်းကျင်သည် အဘယ်သို့လျှင် စိမ်းလန်းစိုပြေနိုင်ပါတော့မည်နည်း။ ထို့ပြင် မြေထဲတွင်ရှိသောသယံဇာတနှင့် ရေထဲတွင်ရှိသော သက်ရှိသက်မဲ့အရင်းအမြစ်တို့ကို ဝိသမလောဘဇောတိုက်လျှက် အဆင်အခြင်ကင်းမဲ့စွာ ထုတ်ယူသုံးစွဲခြင်းဖြင့် စော်ကားလျှင် သဘာဝသည် မည်သို့လျှင် လှပနိုင်ပါတော့မည်နည်း။ လှပ၍ အပြစ်ကင်းသော ကျယ်ပြန့်ဝပြောလှသော သဘာဝပတ်ဝန်းကျင်ဖြစ်သော တောတောင်ကို ကျဉ်းမြောင်းလွန်းလှသော ကိုယ်ကျိုးစီးပွါးအတွက် ခိုးယူသုံးစွဲခြင်းဖြင့် သဘာဝဝန်းကျင်ပျက်ဆီးကာ ရာသီဥတုမမှန်ကန်နိုင်တော့။ ဖောက်ပြန်ပျက်ဆီးသောရာသီဥတုကြောင့် သီးနှံများ ပျက်ဆီးခြင်းမှအစပြု၍ စားဝတ်နေရေး ဒုက္ခ၊ လူမှုဒုက္ခ၊ မင်းညစ်မင်းဒဏ်ဒုက္ခအဝဝတို့သည် အဆက်ဆက်ဖြစ်ပေါ်ခံစားကြရတော့၏။ ဤသည်မှာ သီလပျက်ခြင်း၏အကျိုးဆက်ပင်ဖြစ်၏။  ထို့ပြင် ယနေ့ကမ္ဘာတွင် အသုံးများနေသော နည်းပညာဟူသော စကားလုံးနှင့် ပညာရပ်တွင်လည်း ကိုယ့်ကျင့်နှင့်နှုတ်ကျင့်ပါမှသာ လောကအတွက် အမှန်တကယ်ကောင်းကျိုးပြုနိုင်ပေမည်။ ကိုယ်ကျင့်နှင့်နှုတ်ကျင့်သာ မပါဝင်ပါက ယနေ့နည်းပညာသည် ကောင်းကျိုးထက် ဆိုးကျိုးဆီသို့သာ ဦးတည်သွားမည်ဖြစ်ကြောင်း ယနေ့လက်တွေ့ဖြစ်ရပ်နှင့်ဖြစ်စဉ်တို့က သက်သေပြနေသည်ကို သတိပြုလျှင် သိနိုင်ပါသည်။ မိမိတို့နိုင်ငံတွင်လည်း ငြိမ်းချမ်းရေး ဒီမိုကရေစီရေး ပြောင်းလဲရေးဟူသောစကားတို့ကို မီဒီယာအမျိုးမျိုးမှ အသွင်အမျိုးမျိုးဖြင့် ဟစ်အော်နေကြ၏။ သို့သော် လက်တွေ့တွင်ကား ရွှေပြည်တော် မျှော်လေတိုင်းဝေး ဟူသော အဆင့်တွင်သာရှိသေးကြောင်းမှာ လက်တွေ့ဖြစ်ရပ်များက သက်သေခံလျှက်ရှိနေပါ၏။ ဤသည်မှာ ကိုယ်ကျင့် နှုတ်ကျင့်ဟူသော သီလတရား ပျက်ဆီးနေကြောင်း ဆိတ်သုဉ်းနေကြောင်းမှာ ထင်ရှားလှ၏။ အရင်းစစ်တော့ အမြစ်မြေက ဆိုသလို ရေရှည်အတွက် ဆုတ်ယုတ်မှု၏ ဇစ်မြစ်သည် သီလပျက်စီးခြင်းလည်း ပဓာနကျသော အခန်းမှပါဝင်လေ၏။  ထို့ပြင်ကမ္ဘာ့သမိုင်းကို မိမိလက်လှမ်းမီသလောက် ပြန်လည်စဉ်းစားကြည့်သောအခါ ရာစုနှစ် အဆင့်ဆင့်တွင် ဒေသဆိုင်ရာစစ်ပွဲများ နိုင်ငံအလိုက်စစ်ပွဲများ ကမ္ဘာ့စစ်ပွဲကြီးများ အကြိမ်ကြိမ်ဖြစ်ပွါးခဲ့၏။ ထိုစစ်ပွဲများ ဖြစ်ပွါးခြင်း၏ အကြောင်းအမျိုးမျိုးနှင့်ဖြစ်ပွါးပုံတို့ကို  သမိုင်းဆရာများမှတ်တမ်းတင်ခဲ့ကြ၏။ ထိုထိုစစ်ပွဲများတွင် အောင်နိုင်သူများမှ အတ္တ မာန ဒေါသ တရားတို့ဖြင့်ပြုံးပျော်ခဲ့ကြ၏။ ရှုံးသူတို့က အာဃာတဖြင့်မဲ့ခဲ့၏။ နာကြည်းမှုဖြင့် ငိုခဲ့ကြ၏။ လူမှုဒုက္ခအဝဝကို ရုပ်ပိုင်းရော စိတ်ပိုင်းပါ နှစ်ခုစလုံး နာကျင်ခံခက် ခါးသီးစွာခံစားခဲ့ကြရ၏။ လူသားတို့ရှာဖွေခဲ့ကြသော စည်းစိမ်များကို စစ်ပွဲများတွင် ရက်ရက်ရောသုံးခဲ့ကြ၏။ သွေးဆာနေသော ဒေါသအတွက် လူသားတို့၏ ချွေးနဲစာနှင့်သယံဇာတတို့ကို ဒလဟောပုံအောသုံးခဲ့ကြ၏။ ဖြုန်းတီးခဲ့ကြ၏။ ထိုထိုစစ်ပွဲများအတွက် ကုန်ဆုံးခဲ့ရသောအချိန်ကာလများ၊ သုံးဖြူန်းခဲ့ရသော ငွေကြေးများ၊ စီးဆင်းခဲ့ရသော မျက်ရည်များ၊ အားကိုးရာမဲ့ ပူဆွေးခဲ့ကြရသော မုဆိုးမများ၊ ဘဝ၏ရှေ့လမ်းခရီးအတွက် အခက်ကြုံခဲ့ကြရသော ဖခင်မဲ့ကလေးများ၊ ဆုံးရှုံးခဲ့ကြရသော အသက်များ၊ ပျက်စီးခဲ့ကြရသော သဘာဝပတ်ဝန်းကျင်များ၊ ဖျက်ဆီးခံခဲ့ကြရသော အဆောက်အဦးများ၊ မတရားသတ်ဖြတ်ခံခဲ့ကြရသော ပညာရှင်များ၊ အနိုင်ထက်ကလူနှိပ်စက်ခံခဲ့ကြရသော သူတော်စင်များ စသည်စသည်တို့မှာ ရေတွက်၍မရနိုင်လောက်အောင်များပြားလှပါ၏။ ထိုမျှကိန်းဂဏန်းချပြ၍ မရနိုင်လောက်အောင် များပြားသော ဆုံးရှုံးနစ်နာမှုများစွာထဲမှ ငွေကြေးပမဏတစ်ခုတည်းကို မိမိဥာဏ်မီသလောက်တွက်ချက်ကြည့်မိ၏။ ဥပမာအနေဖြင့် လွယ်လွယ် စဉ်းစားကြည့်ကြစို့။ ယနေ့ရာစုနှစ်သည် ၂၁ ရာစုဖြစ်၏။ ရာစုနှစ်တစ်ခုအတွက် ( နှစ်တစ်ရာ ) ပျမ်းမျှအားဖြင့် စစ်အသုံးစားရိတ် တစ်သန်းသုံးသည်ဆိုပါစို့။ ၂၁ ရာစုအတွက် ၂၁ သန်းသုံးရပေလိမ့်မည်။ ကျမ္မာရေးနှင့်ပညာရေးအတွက် ရာစုနှစ်တစ်ခုလျှင် ( နှစ်တစ်ရာ )အလွန်ဆုံး တစ်သိန်းသာသုံးခဲ့ပေလိမ့်မည်။ ၂၁ ရာစုအတွက်ဆိုလျှင် ၂ သန်းနှင့် ၁ သိန်းသာသုံးခဲ့ပေလိမ့်မည်။  ဆိုလိုသည်မှာ ရာစုနှစ်တစ်ခုလျှင် အဓိကကျလှသည့် ကျမ္မာရေးနှင့်ပညာရေးအတွက် တစ်ဆယ်ရာခိုင်နှုန်းသာသုံးခဲ့ခြင်းဖြစ်ပြီး စစ်အသုံးစားရိတ်အတွက် ကိုးဆယ်ရာခိုင်နှုန်းသုံးခဲ့ခြင်းဖြစ်၏။ မိမိအနေဖြင့် အထက်ပါအတိုင်း လွယ်ကူစေရန် ကိန်းဂဏန်းကို လျှော့၍ တွက်ချက်ခြင်းဖြစ်ပါ၏။ ကိန်းဂဏန်းများစွာကို နားမလည် မတွက်တတ်သောကြောင့်ဖြစ်၏။ ( မှားယွင်းချွတ်ချော်နေပါကလည်း စာဖတ်သူများအနေဖြင့် ပြုပြင်ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။ ) ဝမ်းနဲခြင်းကြီးစွာ ဝမ်းနဲဘွယ်ကောင်းလေစွ။ အထက်ပါ ကမ္ဘာ့သမိုင်းဖြစ်ရပ်ဆိုးများ ကြုံတွေ့ဖြတ်သန်းခဲ့ကြရခြင်းသည် သာမန်ငါးပါးသီလလေးမျှ မလုံခြုံမကျင့်ကြံခဲ့ကြခြင်းကြောင့်ဖြစ်ပေ၏။ ပြောလိုသည်မှာ မြတ်ဗုဒ္ဓ၏ လူသားတိုင်းကိုကျင့်ရန်သင်ကြားပေးခဲ့သော အခြေခံ ကိုယ်ကျင့် နှုတ်ကျင့်တရားလေးကိုမျှ မကျင့်ခဲ့ကြခြင်းကြောင့် လူ့သမိုင်းကြီးတစ်ခုလုံး အရုပ်ဆိုးအကျည်းတန်ခဲ့ရပုံနှင့် အကျည်းတန်နေပုံကိုပြောလိုခြင်းဖြစ်ပါ၏။ ပါရမီသီလ အဆင့်ကို မဆိုလိုသေးပါ။ အမှန်စင်စစ် ပါရမီသီလဟူသည်........ ဆက်ရန်...  စာဖတ်သူများ နိုင်ငံအလိုက် နှစ်စဉ် စစ်အသုံးစားရိတ်ဇယားကို သိသာစေရန်အတွက် Link of location ကို ထည့်သွင်းပေးလိုက်ပါသည်။  http://en.wikipedia.org/wiki/Refueling_and_Overhaul#Refueling_and_Complex_Overhaul

Saturday, December 10, 2011

ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၁၅ ) ဒါနပါရမီ

ဒါနပါရမီဟူသည် သူတော်ကောင်းတို့၏ မြင့်မြတ်သော ကရုဏာ မေတ္တာစသော စိတ်ထား နှလုံးသားတို့ဖြင့် စွန့်လွှတ်ပေးဆပ်လှုဒါန်း၍ဖြည့်ဆည်းရသော ပါရမီဖြစ်ကြောင်း ဗုဒ္ဓဘာသာဝင် သူတော်စင်များ အားလုံး သိကြသည်ပင်ဖြစ်၏။ သို့ဆိုလျှင် ၁။ မည်သည့်အရာများကိုစွန့်လွှတ်သနည်း၊ ၂။ မည်သည့်ရည်ရွယ်ချက်ဖြင့် စွန့်လွှတ်သနည်း၊ ၃။ မည်သို့သောအကြောင်းကြောင့် စွန့်လွှတ်သနည်း၊ ၄။ မည်သူ့အတွက် စွန့်လွှတ်ပေးဆပ်သနည်း စသည်ဖြင့် စဉ်းစားဘို့လို၏။ နားလည်ဘို့လည်းလို၏။ စွန့် လွှတ်သည့်အရာများမှာ
   ၁။ ဓနပရိစ္စာဂ၊ တိုင်းပြည်အပါအဝင် ပိုင်ဆိုင်သည့် စည်းစိမ် ဥစ္စာ ပစ္စည်းမှန်သမျှ အားလုံးကို စွန့်လွှတ်ခြင်း
   ၂။ ပုတ္တပရိစ္စာဂ၊ မိမိ၏ ရင်နှစ် သွေးသားအစစ်ဖြစ်သည့် သားနှင့်သမီးတို့ကို စွန့်လွှတ်ခြင်း
   ၃။ ဘရိယပရိစ္စာဂ၊ သစ္စာရှိခြင်း မေတ္တာပြည့်ဝခြင်း စိတ်ဓါတ်ခိုင်မာခြင်းစသော စိတ်ပိုင်းအရည်အသွေးများရော တင့်တယ်ချောမောလှပခြင်းဟူသော ရုပ်ပိုင်းအရည်အသွေးများပါ ပြည့်စုံသော ဇနီးမယားကို စွန့်လွှတ်ခြင်း
  ၄။ အင်္ဂပရိစ္စာဂ၊ မျက်စိ နား နှာ အသဲ အဆုပ် စသော ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းတို့ကို စွန့်လွှတ်ခြင်း
  ၅။ ဇီဝိတပရိစ္စာဂ၊ မိမိ၏အသက်ကိုပင် စွန့်လွှတ်ခြင်း ဟူ၍ အရာငါးမျိုးကိုစွန့်လွှတ်၏။ တနည်းဆိုသော် ဘဝ၏ အရာရာကို စွန့်လွှတ်၏။ ထိုအရာများအပြင် ဘဝတွင် စွန့်လွှတ်စရာဟူ၍ ဘာတစ်ခုမျှမကျန်ရှိတော့ပေ။ ထိုသို့စွန့်လွှတ်ရာဝယ် ရည်ရွယ်ချက်မဲ့စွာ အဓိပ္ပါယ်မဲ့ စွန့်ပစ်သည်မဟုတ်၊ စွန့်လွှတ်ခြင်း၏ ရည်ရွယ်ချက် အဟုတ်ကား သဗ္ဗညုတဥာဏ်တော်ရရှိရေး တနည်း ဘုရားဖြစ်ရေးပင်ဖြစ်၏။ မှန်၏။ သိစရာမှန်က မကျန်ရအောင် လုံးဝစုံလင် အကုန်မြင်သိနိုင်သော သဗ္ဗညုတဥာဏ်တော်ဖြင့်သာ လောကကောင်းကျိုး လောကုတ္တရာကောင်းကျိုးတို့ကို အလွန်မြင့်မြတ်သော အနှိုင်းမဲ့ လမ်းစဉ်ဖြင့် သယ်ပိုးနိုင်ပေလိမ့်မည်။ ထိုသို့စွန့်လွှတ်မှုရည်ရွယ်ချက်၏ မူလအကြောင်းရင်းသည်ကား  မိမိတို့၏ အတွင်းအဇ္ဈတ္တသန္တာန်ဝယ် အလွန်ခိုင်မြဲစွာတည်ရှိနေသော တဏှာ လောဘကိုပယ်သတ်ရေးပင်ဖြစ်၏။ တနည်း တဏှာလောဘကို ပယ်သတ်လိုသောကြောင့် စွန့်လွှတ်ခြင်းဖြစ်၏။ မှန်၏။ ကောင်းကောင်းဆိုးဆိုး အမျိုးမျိုးကို တပ်မက်ခင်မင်လိုချင်တတ်သော တဏှာကို ပယ်သတ်နိုင်မှသာလျှင် ၃၁ ဘုံသားတို့၏ကောင်းကျိုးကို အမွန်မြတ်ဆုံးနည်းဖြင့် ဆောင်ရွက်နိုင်ပေမည်။ ထို့ပြင် ထိုစွန့်လွှတ်မှုသည် မည်သူ့အတွက် စွန့်လွှတ်သနည်း ဟူမူ ၃၁ ဘုံသားတို့၏ ကောင်းကျိုးချမ်းသာအတွက် စွန့်လွတ်ခြင်းဖြစ်၏။ လူ့သားအတွက်သာ ကန့်သတ်၍ စွန့်လွှတ်သည်လည်းမဟုတ်၊ သူ့နိုင်ငံ သူ့လူမျိုး သူ့အသိုင်းအဝိုင်းအတွက်သက်သက်ကိုလည်းမရွယ်ရွယ်၊ သူ၏စွန့်လွှတ်ခြင်းသည် လူသားအတွက်လည်းပါ၏။ တိရစ္ဆာန်အတွက်လည်းပါ၏။ အပါယ်ဘုံသားများ ငရဲသားများအတွက်လည်းပါ၏။ နတ်ဒေဝါများ ဗြဟ္မာများအတွက်လည်းပါ၏။ အောက်အဝီစိ ဘုံသားမှစ၍ အထက် အဇဋာဗြဟ္မာဘုံသားများအတွက်ထိပါဝင်၏။ ထိုသို့ကြီးကျယ်မြင့်မြတ်လှစွာ စွန့်လွှတ်ဖြည့်ဆည်းရသော ဒါနပါရမီသည် ဖြည့်ကျင့်သူကို ကောင်းမြတ်သော စွမ်းအင်နှစ်ရပ်ကိုပေးလေ၏။ ၎င်းစွမ်းအင်နှစ်ရပ်ဟူသည် အတ္တဆန်၍ ကိုယ်ကျင့်တရားကင်းမဲ့စေသော အတွေးအခေါ် အယူအဆတို့ကို ထိန်းချုပ်နိုင်သော စွမ်းရည်နှင့် ကိုယ်ကျိုးမငဲ့ဘဲ ဖြူစင်သန့်ရှင်း မြင့်မြတ်သည့် အတွေးအခေါ်အယူအဆတို့ကို ဖွံ့ဖြိုးစေနိုင်သော စွမ်းရည်တို့ပင်ဖြစ်ပါ၏။ ထို့ပြင် ထိုဒါနပါရမီစိတ်ဓါတ်သည် မိမိ၏ ဆိုင်ရာဆိုင်ရာ ကောင်းမှုကုသိုလ်
လုပ်ငန်းဟူသမျှဝယ် ကျေနပ်စွာလုပ်ဆောင်နိုင်ခြင်း၊
ပျော်ရွှင်မှုကိုဖြစ်စေခြင်း၊ နှစ်သိမ့်မှုကိုရရှိခြင်း၊ စိတ်ဒုက္ခဝေဒနာများမှလွတ်မြောက်ခြင်း ဟူသော ကောင်းကျိုးတို့ကိုလည်း လက်ငင်းဒိဋ္ဌ ရစေဖြစ်စေနိုင်၏။ မှန်၏။ ထိုပါရမီစိတ်ဓါတ်သာ မရှိလျှင် ဆိုင်ရာ ကောင်းမှုကုသိုလ်လုပ်ငန်းဟူသမျှဝယ် ပျင်းရိခြင်း တက်ကြွမှုမရှိခြင်း
ကျေနပ်မှုကိုမရရှိခြင်းတို့သာ ဖြစ်ပေါ်လာပေလိမ့်မည်။  အထူးသဖြင့် ဒါနပါရမီသည် သုံးဆယ်တစ်ဘုံသားများအတွက် အသားအရောင် လူမျိုး အယူဝါဒ ယုံကြည်မှု အဆင့်အတန်း ဒေသ ဘုံဌာနစသည်တို့ဖြင့် မခွဲခြားဘဲ တစ်သားတည်းထားကာ စွန့်လွှတ်သည်မှန်သော်လည်း ကောင်းကျိုးမရှိသော အရာဌာနတွင်တော့ မျက်ကန်းသဘောဖြင့်  စွန့်လွှတ်လိမ့်မည်မဟုတ်ချေ။ အကြောင်းကား ဒါနပါရမီတွင် အသိဥာဏ်ကပ်ယှဉ်နေသောကြောင့်ပင်ဖြစ်၏။ ဥပမာအနေဖြင့် လူဆိုးတစ်ယောက်သည် အကူအညီလိုအပ်နေ၏။ ပါရမီရှင်ထံအကူအညီတောင်း၏။ ပါရမီရှင်၏ အကူအညီဖြင့် လောကအတွက် အန္တရာယ်တစ်စုံတစ်ရာပြုမည့်သူလည်းဖြစ်၏။ ထိုအကူအညီကို အလွဲသုံးစား ပြုမည်ဖြစ်၏။ ထိုသို့သော လူစားမျိုး အခြေအနေမျိုးတွင် ပါရမီရှင်သည် လုံးဝအကူအညီပေးလိမ့်မည်မဟုတ်ချေ။ အကယ်၍ အဆိပ်ပင်ရေလောင်းသကဲ့သို့ အသိဥာဏ်မဲ့စွာ စွန့်လွှတ်ကူညီလျှင်လည်း ထိုလုပ်ရပ်သည် ပါရမီသဘောမသက်ရောက်နိုင်တော့ချေ။ အမှန်စင်စစ် ဒါနပါရမီအရ စွန့်လွှတ်ခြင်းဟူသည် လောက၏ ကောင်းကျိုးဖြစ်ထွန်းနိုင်သော အခြေအနေ ဖြစ်ရပ်ဖြစ်စဉ်တို့၌သာ အသိဥာဏ်နှင့်ယှဉ်၍ စွန့်လွှတ်ပေးဆပ်ခြင်းဖြစ်လေ၏။

Sunday, December 4, 2011

ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၁၄ ) ပါရမီဟူသည် ဘယ်အရာကို ခေါ်သနည်း

အမျိုးသမီးများ မရနိုင် မဖြစ်နိုင် မရောက်နိုင်သော အခြေအနေနှင့် ဘဝတို့မှာ
          ၁။ သဗ္ဗညုဘုရားရှင်နှင့် ပစ္စေကဗုဒ္ဓ အဖြစ်
         ၂။ စကြာဝတေးမင်းအဖြစ်
         ၃။ မဟာဗြဟ္မာမင်းအဖြစ်
         ၄။ သိကြားမင်းအဖြစ်
        ၅။ မာနတ်မင်းအဖြစ်
        ၆။ ဧဟိဘိက္ခုရဟန်းအဖြစ် တို့်ပေတည်း။ အထက်ပါ အခြေအနေရှိသော ဘဝတို့ကို ပိုင်ဆိုင်လို ဖြစ်လိုပါလျှင် အမျိုးသမီးဘဝမှ အမျိုးသားဘဝသို့ ရရှိရောက်ရှိအောင် ဦးစွာပထမ အားထုတ်ကြရမည်ဖြစ်၏။ အမျိုးသမီးနှင့် အမျိုးသားတို့အကြား နှိုင်းယှဉ်လေ့လာစရာများ မြောက်များစွာရှိသေးသော်လည်း ဤအကြောင်း ဤနေရာတွင်သာ ရပ်ပါမည်။ မူလဦးတည်ရေးသားမှုဖြစ်သော ဗုဒ္ဓဘာသာဇစ်မြစ်ဆီသို့ပြန်သွားပါမည်။ ဗုဒ္ဓဘာသာ၏ ဇစ်မြစ်အကြောင်းတရားတို့ကို စေ့ငုကြည့်သောအခါ ပါရမီသည်လည်း အဓိကအကြောင်းရင်းတွင် ပါဝင်နေသည်ကို တွေ့ရမည်ဖြစ်၏။ ဤနေရာ၌ ပါရမီ၏ ပုဒ်ပါဌ်အဖွင့်အဓိပ္ပါယ်တို့ကို မရေးတော့ဘဲ စာဖတ်သူများ အလွယ်တကူနားလည်နိုင်သော အဓိပ္ပါယ်စကားပြေကိုသာ ဦးစားပေး၍ ရေးသားပါမည်။ အမှန်စင်စစ် ပါရမီဟူသည် ကောင်းကောင်းဆိုးဆိုး အမျိုးအမျိုးဖြစ်နိုင်သော မည်သည့်တုန့်ပြန်ချက်ကိုမှ မမျှော်လင့် မကြောက်ရွံ့ဘဲ သဗ္ဗညုတဥာဏ်တော် ရရှိရေးကိုသာ ရှေးရှုအလေးဂရုပြုလျှက် ဘဝ၏ အရာရာကို စွန့်လွှတ်ပေးဆပ်အနစ်နာခံကာ လောကကောင်းကျိုးတို့ကို အနှိုင်းမဲ့သော ကရုဏာ မေတ္တာတို့ဖြင့် သယ်ပိုးဆောင်ရွက်ခြင်းပင်ဖြစ်၏။ ထိုပါရမီသည် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တည်းကသာ ပိုင်ဆိုင်သောသဘောတရားလည်းမဟုတ်။ ငါတို့နှင့်မဆိုင် မြင့်မြတ်ကြီးကျယ်သော သူတို့နှင့်သာဆိုင်သော လမ်းစဉ်ဖြစ်သည် ဟူ၍ ဆင်ခြေပေးကာ ရှောင်လွှဲသင့်သော သဘောတရားလည်းမဟုတ်ချေ။ ထို့ပြင် မည်သူတစ်ဦးတစ်ယောက်ကမျှ အာဏာဖြင့်လွှမ်းမိုး ချုပ်ကိုင်ကာ ချယ်လှယ်ပိုင်ခွင့်လဲမရှိ။ ဥပဒေဖြင့်လည်း ကန့်သတ်ပိတ်ပင်၍ မရစကောင်း ဖြစ်ချေ၏။ ပါရမီလမ်းစဉ်သည် မြင့်မြတ်၏။ လွတ်လပ်၏။ ပွင့်လင်း၏။ ကျယ်ပြန့်၏။ ဖြူစင်သန့်ရှင်း၏။ တည်ကြည်ခိုင်ခန့်၏။ ဖြောင့်မတ်၏။ ပြည့်ဝ၏။ အေးမြစေ
၏။ နက်ရှိုင်း၏။ အစဉ်အမြဲ ကောင်းကျိုးကိုသာ ဦးတည်၏။ အစဉ်အမြဲ အခွင့်အလမ်းရှိ၏။ လောကအတွက် ဘယ်သောအခါမျှ သစ္စာမဖေါက်။ မည့်သည့်အကြောင်းကြောင့်မျှလည်း မေတ္တာမပျက်။ အနှောက်အယှက် အဟန့်အတားများအတွက် အာဃာတတရား အငြှိုးအတေး လုံးဝကင်းဝေး၏။ ထောင်လွှားမောက်မာသော မာန မရှိ။ ပါရမီ၏ မြင့်မြတ်သည့် ဂုဏ်တို့ကို ဖေါ်ပြရလျှင် များပြားလှ၏။ ချုပ်၍ဆိုရလျှင် ပါရမီဟူသည် ချွတ်ယွင်းအားနဲချက် အပြစ်အနာအဆာကင်းဝေးလျှက် အလွန်မြင့်မြတ်လှသည့် သူတော်ကောင်းတို့၏ လောကကောင်းကျိုးပြု လုပ်ငန်းစဉ် မူဝါဒသဘောတရားနှင့် ကျင့်စဉ်တို့သာလျှင်ဖြစ်၏ ဟုလည်းဆိုနိုင်ချိမ့်မည်။   နိုင်ငံတော်အခြေခံဥပဒေ လူမှုအဖွဲ့အစည်းဆိုင်ရာဥပဒေ စသည်တို့တွင် ပါရမီသဘောသက်ရောက်သည့် စည်းမျဉ်းစည်းကမ်းများပါဝင်အောင် ရေးစွဲချမှတ်ကာ ကျင့်သုံးကြလျှင် ဖွံ့ဖြိုးတိုးတက် အေးချမ်းသော နိုင်ငံများ လူမှုအဖွဲ့အစည်းများ ဖြစ်လာကြမည်မှာ ဧကန်ဧက ဟုပင်ဆိုချင်ပါ၏။ ကုလသမဂ္ဂအဖွဲ့အစည်းအပါအဝင် ယနေ့ဖွံ့ဖြိုးတိုးတက်သော နိုင်ငံနှင့်အဖွဲ့အစည်းများကိုကြည့်လျှင် အနည်းနှင့်အများ ( အပြည့်အဝမဟုတ်သော်လည်း ) ပါရမီသဘောသက်ရောက်သည့် တရားမျှတသော ဥပဒေတို့ကို ချမှတ်ကျင့်သုံးနေသည်ကို တွေ့နိုင်ပါမည်။ အကယ်၍ မဖွံ့ဖြိုး မတိုးတက်ဘဲ နောက်ကျကျန်နေခဲ့သော နိုင်ငံရှိလျှင် ထိုနိုင်ငံသည် တရားမျှတသော ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို ချတ်မှတ်ခြင်းလည်းမရှိ၊ ကျင့်သုံးမှုလည်းမရှိ၊ ပါရမီလမ်းစဉ်သဘောသက်ရောက်ဘို့ဆိုသည်မှာ စဉ်းစား၍မျှမရနိုင်သော နိုင်ငံနှင့်အဖွဲ့အစည်းဖြစ်မည်ဟု ယူဆမိ၏။ ထိုပါရမီ ထိုအဆင့်သို့ လူသားတိုင်း တစ်ဆင့်ပြီးတစ်ဆင့် တဖြည်းဖြည်း လျှေက်လှမ်းကြရမည်ဖြစ်၏။ လျှောက်လည်း လျှောက်လှမ်းသင့်၏။ ထိုသို့သာ လျှောက်လှမ်းကြလျှင် ယနေ့လူသားများ ကြုံတွေ့နေရသော အခက်အခဲများ ပြဿနာများ အနိဋ္ဌာရုံများ ပဋိပက္ခများ အားလုံးကင်းဝေး၍ ငြိမ်းအေးသော လူ့သားလောက ကမ္ဘာကြီးဖြစ်နေမည်မှာ မြေကြီးလက်ခတ်မလွဲပင်ဖြစ်ပေ၏။ ဘုရားအလောင်းအစရှိသော အလောင်းတော် သူတော်ကောင်းတို့သည်လည်း တစ်ဆင့်ပြီးတစ်ဆင့် တစ်ဘဝပြီးတစ်ဘဝ တဖြည်းဖြည်းဖြည့်ကျင့်ခဲ့ကြရ၏။ ဆိုလိုသည်မှာ ငါတို့နှင့်အလှမ်းဝေးပါတယ် ဟု ဆင်ခြေဆင်လက်ပေးကာ ရှောင်လွှဲစရာမလိုဘဲ လူသားတိုင်း ဖြည့်ကျင့်နိုင်သည့်လမ်းစဉ်ဖြစ်သည် ဟု ပြောလိုရင်းဖြစ်ပါ၏။ ပါရမီကို ဖြည့်ဆည်းလိုသူအတွက် နေရာဒေသမရွေး အချိန်မရွေး  အလုပ်မရွေး ပုဂ္ဂိုလ်မရွေး နယ်ပယ်မရွေး ဖြည့်ဆည်းနိုင်သော အခွင့်အလမ်းရှိ၏။ အသားအရောင်ခွဲခြားမှုမရှိ၊ လူမျိုးအားဖြင့်လည်း သတ်မှတ်မှုမရှိ၊ ရာထူး ဂုဏ်သိန် အဆင့်အတန်းလည်း မပိုင်းခြား၊ကိုးကွယ်ယုံကြည်မှု ယောကျာ်းမိန်းမ ကလေးလူကြီး ဇာတ်နိမ့် ဇာတ်မြင့် ပညာရှိ ပညာမဲ့ စည်းစိမ်ရှိ စည်းစိမ်မဲ့ ရုပ်အဆင်းလှသူနှင့် မလှသူ စသည်တို့ဖြင့်လည်း မတိုင်းတာဘဲ မည့်သည်နေရာ မည်သည့်အချိန် မည့်သည့် ခေတ်ကာလ မည်သည့်ပုဂ္ဂိုလ်မဆို ဖြည့်ကျင့်နိုင်သည့် အခွင့်အလမ်းအပြည့်အဝရှိသော လမ်းစဉ်ဖြစ်ပါ၏။ ပါရမီကို ဖြည့်ဆည်းသူအတွက် လောကကြီးကပို၍ ခက်ခဲကြမ်းတမ်းလေလေ ကြိုးစားဖြည့်ဆည်းဘို့အတွက် အခွင့်အလမ်းပို၍ကောင်းလေလေပင်ဖြစ်တော့၏။ အနှစ်သာရအားဖြင့် ပါရမီသည် ပြင်ပအခြေအနေ ဖြစ်ရပ်ဖြစ်စဉ်တို့၌ အဓိကအားဖြင့် အကြောင်းမခံဘဲ ပါရမီကို ဖြည့်ဆည်းလိုသူ၏ ရင်တွင်း အဇ္ဈတ္တသန္တာန်၌ရှိသော ကရုဏာနှင့် မေတ္တာစွမ်းအားတို့တွင်သာ အဓိကအားဖြင့် မူတည်ပါ၏။ အမှန်စင်စစ် ပါရမီဟူသည် လူသားတိုင်းနှင့်သက်ဆိုင်ပီး လောကကောင်းကျိုးကို အထက်တန်းကျကျ ကျယ်ကျယ်ပြန့်ပြန့် လေးလေးနက်နက် ထိရောက်စွာ ဆောင်ရွက်သယ်ပိုးလိုသူတိုင်း ဖြည့်ကျင့်ရမည့် လမ်းစဉ်လည်းဖြစ်၏ဟုဆိုချင်၏။  ထိုလမ်းစဉ်သည် မဟာယာနဗုဒ္ဓဘာသာ အလိုအရ ပါရမီ ခြောက်ပါးရှိ၏။ မိမိတို့ ထေရဝါဒ ဗုဒ္ဓဘာသာအလိုအရ ပါရမီဆယ်ပါးရှိကြောင်း လူတိုင်းသိကြ၏။ မဟာယာန ဗုဒ္ဓဘာသာ အလိုအရ ပါရမီခြောက်ပါးသည် အောက်ပါအတိုင်းဖြစ်၏။
          ၁။ ဒါနပါရမီ၊
         ၂။ သီလပါရမီ
         ၃။ ခန္တီပါရမီ
         ၄။ ဝီရိယပါရမီ
         ၅။ ဈာနပါရမီ ( ဝါ ) သမာဓိပါရမီ
         ၆။ ပညာပါရမီ တို့ပင်ဖြစ်၏။ ထို့ပြင် မဟာယာနကျမ်းတစ်ကျမ်းဖြစ်သော ဒသဘူမိကသုတ်တော်အရ ပါရမီဆယ်ပါးအဖြစ်ရေတွက်လိုလျှင် အောက်ပါ ပါရမီလေးမျိုးကိုထည့်သွင်းရေတွက်ရမည်ဖြစ်ကြောင်း ပြဆိုလေ၏။
၎င်းတို့မှာ ၁။ ဥပါယပါရမီ
            ၂။ အဓိဋ္ဌာနပါရမီ
            ၃။ ဗလပါရမီ
            ၄။ဥာဏပါရမီ ဟူ၍ဖြစ်လေ၏။
မိမိတို့၏ ထေရဝါဒကျမ်းစာများအလိုအရ ပါရမီဆယ်ပါးဟူသည်မှာ ဤသို့ဖြစ်၏။
             ၁။ ဒါနပါရမီ
             ၂။ သီလပါရမီ
             ၃။ နေက္ခမ္မပါရမီ
             ၄။ပညာပါရမီ
            ၅။ ဝီရိယပါရမီ
            ၆။ခန္တီပါရမီ
            ၇။ သစ္စာပါရမီ
            ၈။ အဓိဋ္ဌာနပါရမီ
            ၉။ မေတ္တာပါရမီ
           ၁၀။ ဥပေက္ခာပါရမီ တို့ပေတည်း။ အထက်ပါ ထေရဝါဒနှင့် မဟာယာနဝါဒတို့တွင်လာရှိသည့် ပါရမီတို့ကို နှိုင်းယှဉ်ကြည့်လျှင် ဒါန သီလ ခန္တီ ဝီရိယ နှင့် ပညာပါရမီဟူသောငါးပါးတို့သည် အတူတူပင်ဖြစ်သည်ကို တွေ့ရမည်ဖြစ်၏။ မဟာယာနတွင်လာရှိသော ပါရမီခြောက်ပါးတွင် ဈာနပါရမီ ( ဝါ ) သမာဓိပါရမီသည်သာ ကွဲပြားကြောင်းတွေ့ရပေမည်။ ထိုပါရမီတို့၏ တစ်ခုချင်းအဓိပ္ပါယ်အကျဉ်းမှာ  ဤသို့ဖြစ်၏။

***ဓမ္မမိတ်ဆွေများ၏အမှာစကား***