Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Friday, September 30, 2011

ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၅ )

သုမေဓာရှင်ရသေ့သည် တစ်နေ့သောအခါ ဈာန်သမာပတ်မှထတော်မူ၍ ကောင်းကင်ခရီးဖြင့် ကြွချီတော်မူလာရာ ရမ္မာဝတီမြို့ကောင်းကင်ယံသို့ရောက်ရှိလေ၏။ ထိုသို့ကောင်းကယ်ယံသို့ရောက်ရှိသောအခါ အောက်မြေအပြင်ကို ငုံ့၍ကြည့်မိ၏။ ထိုအခါ လူများစွာတို့သည် ပျားပန်းခတ်မျှ လှုပ်ရှားသွားလာလျှက် အားတက်သရော လုပ်ကိုင်ဆောင်ရွက်နေကြည်ကို တွေ့မြင်ရသောကြောင့် ထိုအခြင်းအရာကို စုံစမ်းမေးမြန်းလိုစိတ်ဖြစ်ပေါ်လာခဲ့၏။ ထိုကြောင့်ပင် သူသည် အောက်မြေအပြင်သို့ ဆင်းသက်၍ အခြေအနေမှန်ကို စုံစမ်းကြည့်သောအခါ ဤသို့သိရှိရလေ၏။ ဒီပင်္ကရာ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်သည် ရဟန္တာပေါင်း နှစ်သောင်းခြံရံလျှက် ရမ္မာဝတီပြည်သို့ကြွချီတော်မူလာ၏။ တိုင်းသူပြည်သား အများအပြားတို့အားလည်း တရားရေအေးတိုက်ကျွေးကာ အေးငြိမ်းရာ နိဗ္ဗူတာသို့ ပို့ဆောင်တော်မူ၏။ တိုင်းသူပြည်သား အားလုံးတို့သည်လည်း ဒီပင်္ကရာ မြတ်စွာဘုရားရှင်၏ တရားတော်ကို ရိုသေဝမ်းမြောက် နှစ်ထောင်းအားရ ရှိကြပါပေ၏။ ပြည်သူပြည်သားများသည် တရားတော်ကို နာယူကြပြီးလျှင် ဆွမ်းဖြင့်လုပ်ကျွေးပြုစုလို၏။ ဝေယျာဝစ္စကုသိုလ်ကိုလည်း လိုချင်ကြ၏။ သူတော်ကောင်းတရားကို နာကြားကြရသောကြောင့် သူတော်ကောင်းတရားများ တည်တံ့ပြန့်ပွါးထွန်းကားစေရန် စိတ်ရည်သန်၍ ဘုရားအမှုးရှိသော သူတော်ကောင်းတို့ကို ပြုစုလုပ်ကျွေးလိုခြင်းလည်းဖြစ်၏။ ထို့ကြောင့် ဒီပင်္ကရာမြတ်စွာဘုရားရှင်နှင့်တကွ ရဟန္တာပေါင်းနှစ်သောင်းကို ဆွမ်းဘုန်းပေးသောအားဖြင့် ပြည်သူပြည်သားများအား ချီးမြှောက်တော်မူပါရန် ပြည်သူပြည်သားများက ပင့်လျှောက်ထားခဲ့ကြ၏။ ထိုလျှောက်ထားချက်အရ
  မြတ်စွာဘုရားရှင်နှင့်တကွရဟန္တာအရှင်မြတ်ပေါင်း နှစ်သောင်းကြွချီတော်မူလာမည်ဖြစ်သောကြောင့် လူအများစုပေါင်း၍ လမ်းပြင်ခြင်း၊ မဏ္ဍပ်ဆောက်လုပ်ခြင်း၊ အခမ်းအနားအပြင်ဆင်ခြင်း၊ ဆွမ်းချက်ပြုတ်ခြင်းစသော ဆွမ်းကပ်လှုမည့်အခမ်းအနားတွင် လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများပြုလုပ်နေကြကြောင်းကို ရှင်ရသေ့သည် စုံစုံစေ့စေ့ သိရှိရလေတော့၏။ ထိုသို့သိရှိလေသောအခါ သူသည်လည်း ကုသိုလ်အမှုကိုပါဝင်ဆောင်ရွက်လိုပါကြောင်း၊ လမ်းပြုပြင်ရန် နေရာတစ်ခုကို ပေးစေလိုပါကြောင်း သဒ္ဓါတရားထက်သန်စွာဖြင့် မေတ္တာရပ်လေတော့၏။ ပြည်သူပြည်သားအများကလည်း ကျေကျေနပ်နပ်ပင် လမ်းပြုပြင်ရန် နေရာတစ်ခုကို သတ်မှတ်ပေးလေ၏။ သို့သော် သူပြုပြင်ရမည့်လမ်းပိုင်းသည် ရွှံ့ ညွံများဖြင့် ပြည့်လျှက်ရှိသောကြောင့် အချိန်မီမပြီးစီးခဲ့ပေ။ မပြီးစီးမီပင် ဘုရားရှင်နှင့်တကွရဟန္တာများကြွချီတော်မူလာရာ ရှင်ရသေ့သည် မပြီးစီးသေးဘဲ ကြွင်းကျန်နေသည့် ရွှံ့ ညွံများဖြင့် ဖုံးအုပ်နေသောလမ်းပေါ်ဝယ် သူ၏ကိုယ်ခန္ဓာကို ဝမ်းလျားထိုး၍ တံတားခင်းကာ ဤသို့ လျှောက်ထားခဲ့တော့၏။ လောကသုံးပါးတို့၏ ကိုးကွယ်ရာသခင် သဗ္ဗညုတဥာဏ်တော်ရှင် အရှင်မြတ်ဘုရား တပည့်တော်၏ ခန္ဓာကိုယ်ကို တံတားပြု၍ ကြွချီတော်မူပါဘုရား၊ တပည့်တော်၏ကိုယ်ခန္ဓာကို တံတားအဖြစ်လှုဒါန်းပါ၏ ရှင်တော်မြတ်ဘုရား။ ဤသို့လျှောက်ထားလိုက်သောအခါ ဘုရားရှင်နှင့်တကွ ရဟန္တာနှစ်သောင်းတို့သည် သုမေဓာရှင်ရသေ့၏ ကျောကုန်းပေါ်မှ ( ခြေတော်များဖြင့်မနင်းဘဲ ) တန်ခိုးတော်တို့ဖြင့် ကြွချီတော်မူကြလေ၏။ ထိုကဲ့သို့သော စည်ကားကြီးကျယ် ဝင့်ထယ်ခမ်းနားလှသည့် ဒီပင်္ကရာဘုရားရှင်အားကြိုဆိုပွဲနှင့် ဆွမ်းကပ်လှုပွဲတွင် မထင်မရှား အညတြအနေဖြင့် အရည်အချင်းပြည့်ဝ နှလုံးလှသည့် အမျိုးသမီးကောင်းလေးတစ်ယောက်သည် ရဲရဲရင့်ရင့်ပါဝင်လာခဲ့၏။ သူမသည် ထိုဘဝတွင် ဘုရှားရှင်ကို ကြိုဆိုမှုနှင့်ဆွမ်းကပ်သည့်အခမ်းအနားမတိုင်မီအထိ မထင်မရှားဖြစ်ခဲ့သော်လဲ ထိုဘုရားရှင်ကိုကြိုဆိုသည့်အချိန်မှစ၍ နောက်နောင်ဘဝဆက်တိုင်းတွင် ထင်ရှားကျော်ကြားလာသူဖြစ်၏။ ပါရမီဖြည့်ဆည်းတော်မူရာ ကာလတိုင်း ကမ္ဘာတိုင်း ဘဝတိုင်းဝယ် မငြီးမငြူ ကြည်ဖြူစွာဖြင့် မေတ္တာကိုအညီအမျှပြု အချစ်တုကိုဖယ်ရှား အားသစ်များပေး၍ အလောင်းတော်အား  ပါရမီဖြည့်ခဲ့သူဖြစ်၏။ လောကကြီးတစ်ခုလုံးအတွက် အလောင်းတော်ဘုရားဖြစ်စေရန် ဘဝ၏ဒဏ်ရာဒဏ်ချက်နှင့် နှလုံးသား၏ဆန္ဒ၊နှလုံးသား၏တမ်းတချက်တို့ကို ဦးစားမပေး အလေးမထားဘဲ ပေးဆပ်အနစ်နာခံရမှုတို့ အလွန်တရာကြီးကျယ်များပြားလှပြီး ရှည်လျားလှသောကာလများဝယ် အအေးနှင့်အပူ အချိုနှင့်အခါး ရိုင်းပြမှုနှင့် ယာဉ်ကျေးသိမ်မွေ့မှု ရက်စက်မှုနှင့်ကြင်နာမှု ကြမ်းတမ်းမှုနှင့်ချောမွေ့မှု အနိမ့်နှင့်အမြင့် အတိမ်နှင့်အနက် အတက်နှင့်အဆင်း အလင်းနှင့်အမှောင် အယောင်ဆောင်နှင့် အစစ် အသဲကွဲမှုနာကျင်မှုနှင့် ကျေနပ်ကြည်နူုးမှု စသည့်စသည့် မရေမတွက်နိုင်သော
အမှုများစွာကို နဲနဲလေးမျှမမှု၊ မမှုရေးချ မမှုဘဲ အံတု ဖြတ်သန်းခဲ့သူဖြစ်သည့်အပြင် စိတ်ဓါတ်ရေးရာအရ အလွန်တရာတည်ကြည်ခိုင်ခံ့၍ ကမ္ဘာ့အမျိုးသမီးထုကြီးတစ်ရပ်လုံး၏ စံပြအားထားလောက်သည့်အမျိုးသမီးကောင်းလည်းဖြစ်၏။ ပါရမီလုပ်ငန်းဟူသမျှ ကျရာနေရာ ကြုံရာအခိုက်အတန့်မှ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ ဖြည့်ဆည်းပေးခဲ့သူလည်းဖြစ်၏။ အမှန်စစ်စစ် မြတ်စွာဘုရားရှင်၏ သဗ္ဗညုတတော်ကိုရခြင်း၌ သူမ၏ကျေးဇူးကား အထူးကြီးမားလှပါဘိ။ လောကသားများအနေဖြင့်လည်း သူမ၏ ကျေးဇူးကိုသိသင့်နားလည်သင့်လှ၏။ သူမကားအခြားမဟုတ်။ သူမ၏ နာမည်ကား မိမိတို့ဗုဒ္ဓဘာသာဝင်များ ရင်းနှီးကျွမ်းဝင်ပြီးဖြစ်သော တော်လေးဝဝင်သည့် ယသောဓရာပင်တည်း။ သို့သော် သူမ ပါရမီဖြည့်ဖက်အဖြစ် စတင်ပါဝင်စဉ်ကထိုနာမည်မဟုတ်ခဲ့။ သူမ၏နာမည်ကားးးး
( ဆက်ရန်.... )

Friday, September 23, 2011

ဗုဒ္ဓဘာသာဇစ်မြစ် ( ၄ )

ထိုအချိန်ထိုအခါကာလ ထိုကမ္ဘာဝယ် ရမ္မာဝတီတိုင်းပြည်သည်ရှိခဲ့လေ၏။ ထိုတိုင်းပြည်သည် အေးချမ်း၏၊သာယာ၏၊ဖွံ့ဖြိုးတိုးတက်၏၊ သူ့ခေတ်သူ့အခါအရ ခေတ်မီဖွံ့ဖြိုးတိုးတက်၍အေးချမ်းသာယာသောနိုင်ငံတော်ကြီးဖြစ်ခဲ့မည်ဟု မိမိကောက်ချက်စွဲမိ၏။ အဘယ့်ကြောင့်ဆိုသော် ဘုရားအဖြစ်ကိုဗျာဒိတ်ပန်ဆင်နိုင်ရန် အင်္ဂါအချက်အလက်နှင့်ပါရမီတို့ပြည့်စုံနေသည့် သုမေဓာဟူသော အမျိုးကောင်းသားရှိနေသောကြောင့်ပင်တည်း။ ထိုသုမေဓာဟူသော အမျိုးကောင်းသားလေးသည် တစ်ဦးတည်းသောသားဖြစ်၏။ အမျိုးအနွယ်အားဖြင့် အမြင့်တန်းအလွှာတွင်ပါဝင်သည့် ဗြဟ္မဏမျိုးရိုးဖြစ်၏။ ပညာရေးအရလည်း ထိုခေတ်ထိုကာလတွင် သင်ကြားနိုင်သော သိပ္ပွံ နှင့် ဝိဇ္ဇာ ပညာရပ်နှစ်မျိုးလုံးကို အပြီးတိုင်သင်ယူတတ်မြောက်ထားသော အထက်တန်းပညာတတ်လူတန်းစားဖြစ်၏။ တနည်းဆိုသော် အသိပညာရော အတတ်ပညာပါပြည့်စုံသူဖြစ်သောကြောင့်
လောကကောင်းကျိုးကို စွမ်းစွမ်းတမံဆောင်ရွက်နိုင်သူ လူတန်းစားဝင်ဖြစ်၏။ ပညာပြည့်ဝနှလုံးလှသဖြင့် လောက၏အားကိုးဘွယ်ရာ ပညာရှင်လည်းဖြစ်၏။ ဥစ္စာစည်းစိမ်အားဖြင့်လည်း အထူးဆိုဘွယ်ရာမရှိ၊ အလွန်ချမ်းသာသည့် လူတန်းစားတွင်ပါဝင်ပြန်၏။ ရုပ်ရည်ဥပဓိအားဖြင့်လည်း သပ္ပါယ်ခန့်ငြားတင့်တယ်သူဖြစ်၏။ မှန်၏။ သာမာန် အောက်တန်းစားလူတစ်ယောက်သည် ဘုရားဖြစ်ရန်ဗျာဒိတ်တော်ကို ပန်ဆင်နိုင်မည်မဟုတ်ချေ။ ဤကဲ့သို့သော ထိုသုမေဓာအမျိုးကောင်းသားလေးသည် ပညာတတ်၊သဘောကောင်း၊ဥစ္စာပေါ ရုပ်ချောသဖြင့် ပျိုတိုင်းကြိုက်သည့်နှင်းဆီခိုင်ဖြစ်ခဲ့မည်မှာ သေချာလှ၏။ ထိုသို့အဖက်ဖက်မှ ပြည့်စုံတင့်တယ်လှသော အမျိုးကောင်းသားလေးသည် သူ၏ အသက်အရွယ် နုနယ်ပျိုမြစ် ၁၆ နှစ်မှာပင် သူ၏မိဘနှစ်ပါး ကွယ်လွန်ဆုံးပါးခဲ့၏။ ထိုအခါသူ့မိသားစု၏ ဘဏ္ဍာထိန်းသည် စာရင်းဇယားနှင့်တကွ ဘိုးဘွားပိုင်ပစ္စည်းများအားလုံးကို အတိအကျလွှဲအပ်လေ၏။ ထိုလွှဲအပ်မှုထဲတွင် ငွေများလည်းပါ၏၊ ရွှေများလည်းပါ၏။ ကျောက်သံပတ္တမြား လက်ဝတ်ရတနာများနှင့်တကွအခြားသောပိုင်ဆိုင်ပစ္စည်းများလည်းပါ၏။ ထိုပိုင်ဆိုင်ပစ္စည်းများ၏တန်ဘိုးနှင့် ပမာဏကားများပြားလှ၏။ ထိုအခါမှသူသည် ဘီလျံနာသူဌေးဖြစ်မှန်းသိခဲ့ရတော့၏။ ထိုစည်းစိမ် ထိုပိုင်ဆိုင်ပစ္စည်းများကို သူကိုယ်တိုင်ကိုယ်ကျတွေ့မြင်ရသောအခါ ဤသို့သူခံစားမိလေ၏။ ဤမျှများပြားလှသော စည်းစိမ်ဥစ္စာတို့ကို ငါ၏ဘိုးဘွားအစဉ်အဆက်ဆက်တို့ရှာဖွေခဲ့ စုဆောင်းခဲ့ကြ၏။ ဘိုးဘွားအဆက်ဆက်တို့လည်း ခံစားသင့်သလောက်ခံစားသွားခဲ့ကြ၏။သို့သော်မကုန်ခမ်းခဲ့။ သူတို့၏သံသရာခရီးသို့လည်း ယူဆောင်မသွားနိုင်ခဲ့။ ငါသည်လည်း ဤပိုင်ဆိုင်မှုအားလုံးတို့ကို စိတ်တိုင်းကျသုံးဆောင်သော်လည်း တစ်ဘဝဖြင့် ကုန်နိုင်ဘွယ်ရာမရှိ၊များပြားလှဘိ၏။ ထို့ကြောင့်ငါသည် ဤပိုင်ဆိုင်ပစ္စည်းအားလုံးတို့ကို လောကအတွက်အသုံးပြုလို၏။ ငါ့အတွက်လည်း သံသရာတွင် အမွေအနှစ်အစစ်ကိုယူဆောင်သွားလို၏။ ထို့ကြောင့် ဤအရာအားလုံးကို လောကအတွက်လှုမည်၊ ငါသည်ကား တောထွက်၍ရသေ့ပြုမည် ဟုခံစားခဲ့၏။ ဆုံးဖြတ်ခဲ့၏။ ထိုဆုံးဖြတ်ချက်အတိုင်းပင် သူသည် ဘိုးစဉ်ဘောင်ဆက် ခေတ်အဆက်ဆက်စုဆောင်းခဲ့သမျှပိုင်ဆိုင်မှုအရာရာကို လူမှုလောက သယာဝပြောရေး အလေးပေးစိတ်ဖြင့် ရက်ရက်ရောရော စွန့်လွှတ် လှုဒါန်းခဲ့တော့၏။ သူသည်လည်း ဟိမဝန္တာတော ဓမ္မိကတောင်တော်တွင် ဘာဝနာကမ္မဋ္ဌာန်းစီးဖြန်းလျှက် ရသေ့ဘဝဖြင့်သီတင်းသုံးနေထိုင်လေတော့၏။ သူ၏ခံစားချက်၊ခံယူချက်၊
ဆုံးဖြတ်ချက်နှင့်လုပ်ဆောင်ချက်တို့သည် အံ့ဖွယ်ရှိလှပါ၏။ သူကဲ့သို့ပြုကျင့်ဘို့ရန်မဆိုထားနှင့်၊ တွေးကြည့်ဖို့ပင်ခက်ခဲလှချေ၏တကား။ သူတော်ကောင်းစိတ်ဓာတ်ရှိသူတို့အနေဖြင့်ကြည့်လျှင် အားကျအတုယူဖွယ်ဖြစ်၏။ လေးစားချစ်ခင်ဖွယ်လည်းဖြစ်ပါ၏။ကမ္ဘာ့စံပြလည်းဖြစ်၏။ လောက၏ရှေ့သွားခေါင်းဆောင်တို့ပြုကျင့်သောလုပ်ရပ်လည်းဖြစ်၏။ သို့သော် မသူတော်တို့၏အမြင်ဖြင့်ကြည့်လျှင်မူကား ရူးသွပ်မှုဖြစ်၏။ စည်းစိမ်ကို မခံစားတတ်ခြင်းဖြစ်၏၊ ဤသို့ လုပ်ရပ်တစ်ခုအပေါ်တွင် နှလုံးသားနှင့်အမြင်ကိုအခြေခံ၍ကွဲပြားနိုင်ပါ၏။ ထိုသုမေဓာရှင်ရသေ့သည် ဟိမဝန္တာဝယ် မကြာမြင့်မီပင် ဈာန်ကိုရရှိလေတော့၏။ ဈာန်ကိုလည်း အမြဲမပြတ်ဝင်စား၏။ သူ၏ဈာန်နှင့် သမာဓိအရှိန်အဟုန်သည် အလွန်အားကောင်းလှ၏။ ထို့သို့အားကောင်းလှသော ဈာန်သမာပတ်နှင့် သမာဓိတို့ကြောင့်ပင် သူသည် ဒီပင်္ကရာမြတ်စွာဘုရားရှင်ပွင့်ထွန်းတော်မူနေသည်ကို သူမသိလိုက်မိချေ။ အကြောင်းကား အလွန်အင်အားကောင်းလှသော ဈာန်သမာပတ်ကိုဝင်စားနေခဲ့သောကြောင့်ပင်တည်း။ သို့သော် ရဟန္တာဖြစ်နိုင်သည်သာမက ဘုရားအဖြစ်ကိုဗျာဒိတ်တော်ပန်ဆင်နိုင်သည့်ပါရမီတော်အရှိန်အဟုန်များကြောင့် ဒီပင်္ကရာမြတ်စွာဘုရားရှင်ကိုတွေ့ဆုံဖူးမြင်ခွင့်ရရန် အကြောင်းကားဖန်လာခဲ့တော့၏။ ဖန်လာပုံကား ဤသို့ ဤသို့။ ( ဆက်ရန်...)

Tuesday, September 20, 2011

ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၃ )

ပရဒုက္ခေ သတိ သာဓူနံ ဟဒယကမ္ပနံ ကရောတီတိ ကရုဏာ၊ သူတစ်ပါး ဆင်းရဲဒုက္ခဖြစ်သောအခါ သူတော်ကောင်းတို့၏ စိတ်နှလုံးကို တုန်လှုပ်စေတတ်သောကြောင့် ကရုဏာ ( သနားခြင်း ) မည်၏ ဟု အဖြောင့်အဓိပ္ပါယ်ဖြစ်၏။ ဤနေရာ၌ တုန်လှုပ်စေတတ် ဟူသည် ကြောက်ရွံ့ ထိတ်လန့်သောကြောင့် တုန်လှုပ်ချောက်ခြားသည်ဟု မဆိုလို၊ နဂိုမူရင်း ဖြစ်နေသောပုံမှန်စိတ်မှ ကယ်တင်လို ကူညီလိုသော မြင့်မြတ်သည့်စိတ်ထားသို့ပြောင်းလဲလာခြင်းကို တုန်လှုပ်စေတတ် ဟုဆိုလို၏။ မှန်၏၊ သူတော်ကောင်း စိတ်နှလုံးရှိသူတို့သည် သူတစ်ပါးဆင်းရဲသည်ကို မြင်ရသောအခါ သနား၏၊ ကူညီဖေးမလို၏၊ ကယ်တင်လို၏၊ ပေးဆပ်ချင်၏၊ ဤသည်မှာ ကရုဏာ၏ သဘောသဘာဝ၊ ကရုဏာ၏ အနက်အဓိပ္ပါယ်ဖြစ်၏။ တစ်ဖန် နောက်တစ်နည်းအနေဖြင့် အဓိပ္ပါယ်ဖွင့်ဆိုမှုလည်းရှိသေး၏။ ကိဏာတိ ဝါ ပရဒုက္ခံ ဟိံသတိ ဝိနာသေတီတိ ကရုဏာ၊ သူတစ်ပါးတို့၏ ဆင်းရဲဒုက္ခကို ပယ်ဖျောက်ပေးတတ်သောကြောင့် ကရုဏာမည်၏ ဟုအဖြောင့်အဓိပ္ပါယ်ဖြစ်၏။ ဤဖွင့်ဆိုမှုအရလည်း အနှစ်သာရ စကားကျ အဓိပ္ပါယ်အားဖြင့် အထက်ပါနည်းနှင့် အတူတူပင်ဖြစ်၏။ ပါဠိသဒ္ဒါသဘောအရသာကွဲပြား၏။ ဤသည်မှာ သာမာန်ကရုဏာ၏ သဘောမျှသာဖြစ်၏။ မဟာကရုဏာ မဟုတ်။ မဟာကရုဏာ၏သဘောကား အလွန်မြင့်မြတ်ကြီးကျယ်သောသနားခြင်း၊အစဉ်အမြဲကိုယ်ကျိုးကိုစွန့်၍ လောကကောင်းကျိုးကိုသာ ဆောင်ရွက်လိုခြင်း၊မိမိအရေးထက် သူတစ်ပါးအရေးကိုသာ ပို၍ အလေးပေးဆောင်ရွက်လိုခြင်း သဘောဖြစ်၏။ မှန်လှ၏။ ထိုမဟာကရုဏာကြောင့်ပင် သုမေဓာရှင်ရသေ့သည် သူရသင့်ရထိုက်သောအခွင့်အရေးလည်းဖြစ်၊ ရနိုင်သော အခြေအနေနှင့်စွမ်းရည်တို့လည်းအပြည့်အဝရှိတော်မူပါလျက်နှင့် ထိုအခွင့်အရေးနှင့်စွမ်းရည်တို့ကို တွန့်ဆုတ်ခြင်းအလျဉ်းမရှိ ရဲရဲရင့်ရင့် ပြတ်သားစွာ စွန့်လွှတ်လိုက်၏။ ထိုအခွင့်အရေးနှင့်စွမ်းရည်ကား အခြားမဟုတ်၊ ထိုဘဝမှာပင် ရရှိရောက်ရှိနိုင်သော ရဟန္တာအဖြစ်နှင့် ပါရမီထူးတို့ပင်တည်း။ သူသည်သံသရာဝဲဩဃဟုဆိုအပ်သော ဘုံအထပ်ထပ်၌ အရောင်အသွေး အဆင့်အတန်း အတိုင်းအတာအားဖြင့် စုံလင်များပြားလှသော ရုပ်ပိုင်းရော စိတ်ပိုင်းပါ ခံစားတွေ့ကြုံနေရသည့် အလွန်ပူပြင်းလှသော ဝေဒနာပင်လယ်တွင်  နစ်မွန်းမျောပါနေကြကုန်သော သတ္တဝါအပေါင်းကို ကယ်တင်လို၏။ အေးချမ်းစေလို၏၊ ထိုကယ်တင်လို ပေးဆပ်ဖြည့်ဆည်းပေးလိုသောဆန္ဒသည် လူမျိုး၊အသားအရောင်၊နေရာဒေသ၊ နိုင်ငံ၊ ဘုံဌာန၊ အချိန်ကာလ၊အလွှာအတန်းအစား ဘာကိုမှမခွဲခြားဘဲ စကြာဝဠာတစ်ခုလုံးကို ကယ်တင်ပေးလိုသည့် အလွန်ပြင်းပြအားကြီးသော ကုသိုလ်ဆန္ဒာဓိပတိဖြစ်၏။ ထို့ကြောင့်ပင် ထိုစိတ်ထိုဆန္ဒသည် မဟာကရုဏာဖြစ်ပါပေ၏။ ထိုမဟာကရုဏာတော်ဖြင့်ကယ်တင်လိုခြင်းမှာလည်း တဒင်္ဂအေးချမ်းစေရန်ကယ်တင်လိုခြင်းမဟုတ်၊ တစ်ဘဝအတွက် ကယ်တင်လိုခြင်းလည်းမဟုတ်၊ ဒုက္ခခပ်သိမ်း ချုပ်ပြတ်ငြိမ်း၍ အပြီးအပိုင် ထာဝရ အေးချမ်းမှုရှိသော နိဗ္ဗာန်တိုင်အောင် ကယ်တင်ပို့ဆောင်လိုခြင်းဖြစ်၏။ ထိုမဟာကရုဏာတော်ကြောင့်ပင် သူ့ဘဝ၏အရာရာကို ဂဏန်းသင်္ချာရေတွက်၍ မရနိုင်လောက်အောင် စွန့်လွှတ်ခဲ့၏။ အနစ်နာခံခဲ့၏။ ဖြည့်ဆည်းခဲ့၏။ အားထုတ်ခဲ့၏။ ထိုစွန့်လွှတ်မှုတို့ကို အကျဉ်းအားဖြင့်ဖေါ်ပြရသော်ဤသို့ဖြစ်၏။ လောကအတွက် သူစွန့်လွှတ်ခဲ့ရသော မျက်လုံးတို့ကို တိုင်းတာကြည့်ပါက ကောင်းကင်မှ နက္ခတ်ကြယ်တာရာအရေအတွက်ကား နည်းပါးကောင်းနည်းပါးပေမည်၊ သူစွန့်လွှတ်လှုဒါန်းခဲ့သော မျက်လုံးများကား ထိုထက်မက များပြားလှ၏။ သူလှုခဲ့သော သွေးတို့ကို ချိန်စက်ကြည့်ပါက သမုဒ္ဒရာတွင်ရှိသော ရေများကနည်းပါးကောင်းနည်းပါးပေမည်၊ သူလှုဒါန်းခဲ့သော သွေးများကား ထို့ထက်မက များပြားလှ၏။ ထို့ပြင် သူလှုခဲ့သော အသားတို့ကို ပုံလိုက်ပါက ကမ္ဘာမြေပြင်ရှိ သဲမှုန်များက နည်းပါးကောင်းနည်းပါးပေမည်။ သူစွန့်လှုခဲ့သော အသားများကားထို့ထက်မက များပြားလှပါ၏။ ထို့ပြင် သူလှုခဲ့သော ဦးခေါင်းများကို စုပုံလိုက်ပါက ယူဇာနာပေါင်း ရှစ်သောင်းလေးထောင် အမြင့်ဆောင်သည့် မြင့်မိုရ်တောင်သည် နိမ့်သွားနိုင်၏။ သူလှုခဲ့သော ဦးခေါင်းတို့ကား ထို့ထက်မက များပြားလှပါ၏။ ထို့ပြင် သူ၏စည်းစိမ် ဇနီးမယား သမီးသားပါမကျန်စွန့်လွှတ်မှုအနန္တဖြစ်ခဲ့၏။ ဤသည်မှာ ဒါနတစ်ခုတည်းကိုကွက်၍ပြောခြင်းဖြစ်၏။ အမှန်စစ်စစ် ပါရမီဆယ်ပါးကို ပြည့်စုံအောင်ဖြည့်ကျင့်ခဲ့ရ၏။  ထိုဖြည့်ဆည်း စွန့်လွှတ် အနစ်နာခံမှုသည် အချိန်ကာလအားဖြင့်တွက်စစ်ကြည့်လျှင် ဤကမ္ဘာမှနောက်ပြန်ရေတွက်ပါက လွန်ခဲ့သော လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်းမှစခဲ့၏။ စွန့်လွှတ်ဖြည့်ဆည်းခဲ့ရသည့်အချိန်ကာလသည် လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်းထိတိုင်ကြာမြင့်ခဲ့သည် ဟုဆိုလိုပါ၏။ ထို့ကြောင့်ယခုလက်ရှိမိမိတို့ဆည်းကပ်ယုံကြည်ကိုးကွယ်နေသော ဗုဒ္ဓဘာသာသည် ကာလအားဖြင့် လွန်ခဲ့သော လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်းထက်မှ အမြုတေအဖြစ်နှင့်စတင်တည်ရှိခဲ့၏။ စတင်ခဲ့ပုံ ဇာတ်လမ်းအကျဉ်းကားဤသို့ဖြစ်၏။ ဆက်ရန်......

Friday, September 16, 2011

ဗုဒ္ဓဘာသာဇစ်မြစ် ( ၂ )

ထိုသို့သော အထက်ပါ အကြောင်းအရာတို့ကို ဆက်လက် ဆန်းစစ် တူးဆွကြည့်သောအခါ ဤသို့တွေ့ရမည်ဖြစ်၏။ ပါရမီတော်ဆယ်ပါးကို ဖြည့်ကျင့်ရခြင်း၏ အကြောင်းရင်းသည် ကရုဏာတော်ကြောင့်ဖြစ်၏။ ဖြည့်ကျင့်ရခြင်း၏ရည်ရွယ်ချက်ကား ၃၁ ဘုံရှိ ဘုံသူဘုံသား အားလုံးတို့ကို ကယ်တင်ရေးဖြစ်၏၊တနည်းဆိုသော် ကယ်ဆယ်လိုသောမေတ္တာဖြစ်၏။ အမှန်စင်စစ် ထိုအကြောင်းနှင့် ထိုရည်ရွယ်ချက်သည် ဗုဒ္ဓဘာသာဖြစ်ပေါ်လာရခြင်း၏ ဇစ်မြစ်ပင်ဖြစ်တော့၏။
သို့ဆိုလျှင် စာဖတ်သူသည် ဗုဒ္ဓဘာသာ၏မူရင်းဇစ်မြစ်သည် ကရုဏာတော်နှင့် သုံးဆယ့်တစ်ဘုံသားတို့အား ကယ်တင်လိုရေး မေတ္တာဖြစ်ကြောင်း ကောင်းစွာသဘောမိလောက်ပေပြီ။ ထိုမူရင်းအကြောင်းနှစ်ချက်တွင် နံပါတ်တစ်အချက်ဖြစ်သည့် ကရုဏာအကြောင်းကို ဦးစွာပထမ ဆွေးနွေးလို၏။ ရှင်းပြချင်၏။
စင်စစ်ဧကန် အမှန်အားဖြင့် ကရုဏာဟူသည် ခေတ်ကာလတိုင်းတွင် အသုံးဝင်သော၊ ဘယ်ခေတ်ဘယ်ကာလမှာမဆို မည်သူမဆို အသုံးပြုပါက အသုံးပြုသူရောအပြုခံရသူပါ နှစ်ဖြာနှစ်ဘက်အကျိုးကျေးဇူးများလှသော
မဟာသြသဓမည်သည့် ကြီးစွမြတ်စွ ဆေးတစ်ပါးပင်တည်း။
ထို့ကြောင့် ကမ္ဘာ့သမိုင်းကို အကြမ်းဖျင်းအားဖြင့် ပြန်လည်ကြည့်ရှုလျှင်
ထိုကရုဏာ၏တန်ဘိုးသည် အဖိုးဖြတ်၍မရသောလူသားလောက၏ ငြိမ်းချမ်းရေး တိုးတက်ရေး အမြုတေဖြစ်ကြောင်း ကောင်းကောင်းသိနိုင်၏။ သာဓကထုတ်ဆိုရသော် ကရုဏာကင်းမဲ့သော သူများကြီးစိုးသောခေတ်ဝယ် လူ့လောကြီး ပူဆွေး လောင်ပွက် မတိုးတက်ဘဲ ဆုတ်ယုတ်ပျက်ဆီးခဲ့၏။
၁၈ ရာစုကာလ ဥရောပတိုက်တွင် တန်ခိုးထွားလှသော စစ်ဘုရင် နပိုလီယံ၏ ကရုဏာကင်းမဲ့မှုကြောင့် လူသားအများအပြား သေကျေပျက်စီး မဟာသောကမီး ပွါးခဲ့ရသကဲ့သို့
သူကိုယ်တိုင်( နပိုလီယံ ) သည်လည်း ပျက်ဆီးခဲ့ရသည်မှာကမ္ဘာ့သမိုင်းတွင် အထင်အရှားဖြစ်၏။ 
ထို့ပြင် ဂျာမဏီမှ နာဇီ ဟစ်တလာ၊ အီတလီမှ မူဆိုလိုနီနှင့် အခြားထင်ရှားသော သာဓကများစွာရှိ၏။ ဗုဒ္ဓဘာသာစာပေတွင်လည်း မိုက်မဲလှသော ဆရာဆိုး ဒေဝဒတ်၏ညွှန်ကြားချက်ကြောင့် ဖခင်ဘုရင်ဗိမ္ဗိသာရကို ကရုဏာတရားကင်းမဲ့စွာထောင်သွင်းအကျဉ်းချ၍သတ်ပြစ်ခဲ့သော
အဇာတသတ်သည် လောဟကုမ္ဘီငရဲသို့ ကျရောက်ခဲ့ရ၏။ ဆရာဒေဝဒတ်မှာကား အဝီစိသို့ကြွရောက်နန်းစံရချေ၏။ မြန်မာ့သမိုင်းတွင်လည်း သာဓကများစွာရှိပါ၏။ သို့သော်ဤနေရာ၌ မဖေါ်ပြလိုပါ။ထို့ကြောင့် မိသားတစ်စု၊ အဖွဲ့အစည်းတစ်ခု၊နိုင်ငံတစ်နိုင်ငံအနေဖြင့် ဝရုန်းသုန်းကား ပရမ်းပတာဖြစ်ပျက်နေလျှင် ထိုမိသားစု၊ထိုအဖွဲ့အစည်း၊ထိုနိုင်ငံသည် ကရုဏာအားနည်းမှု သို့မဟုတ် ကင်းမဲ့မှုဖြစ်နေပြီဟု အကြမ်းဖျင်းအားဖြင့်ကောက်ချက်ချနိုင်ပါ၏။ အထူးအားဖြင့် ဘုရားအလောင်းတော်၏ဖြစ်စဉ်ဇာတ်တော်များကိုလေ့လာကြည့်သောအခါ အလောင်းတော်သည် လောကဓံဆိုး ခေတ်ဆိုးများကိုကြုံတွေ့ရသော်လည်း သူ၏စစ်မှန်သော ကရုဏာအရင်းခံစိတ်ထားကြောင့် အောင်မြင်ငြိမ်းချမ်းခဲ့သည်ကိုသာတွေ့ရမည်ဖြစ်၏။ တစ်ဖန် မိမိတို့နေ့စဉ် ရင်ဆိုင်ကြုံတွေ့နေရသော လူမှုဘဝ၊ မိသားစုဘဝ၊ ဆက်ဆံရေးဘဝမှအစ နယ်ပယ်အသီးသီးတွင်လည်း ကရုဏာအရေးပါလှကြောင်း သတိပြုကြည့်ရှုပါက အထင်အရှားသိနိုင်ပေမည်။ မိသားတစ်စုတွင် ကရုဏာပြည့်ဝနေပါက ထိုကရုဏာကိုအခြေခံသော မိသားစုသည် မလိုလားအပ်သော ပြဿနာများကို ရှောင်ရှားနိုင်မည်မှာ ဧကန်မလွဲပင်ဖြစ်ချေ၏။ အဖွဲ့အစည်း၊နိုင်ငံတို့တွင်လည်း ထို့အတူပင်ဖြစ်၏။ ထို့ကြောင့်ကရုဏာသည် 
အချိန်ကာလ နေရာဒေသ ပုဂ္ဂိုလ်မရွေး အရေးကြီးလှကြောင်းမှာ ထင်ရှားလှ၏။ တစ်ဖန် ကရုဏာကြီးစိုးလွှမ်းမိုးသောခေတ်ဝယ် လူ့လောက
သာယာငြိမ့်ငြောင်း ပြောင်းလဲတိုးတက်၍ ပျော်မွေ့ဘွယ်ရာ
နတ်တို့ရွာကဲ့သို့ခံစားခဲ့ရသည်များလည်း အထင်အရှားရှိခဲ့၏။ ရှိနေဆဲ။
( အချို့နိုင်ငံများ၊မိသားစုများ၊အဖွဲ့အစည်းများ ) ဆက်လက်ရှိနေရန်လည်း ဆန္ဒပြုမိ၏။ မိမိခေါင်းထဲဝင်လာသည့်အချက်အလက်တို့ကိုကြားဖြတ်ရေးနေသည့်အတွက် ကရုဏာ၏ မူရင်းအဓိပ္ပါယ်ကို ဆွေးနွေးရန် နှောင့်နှေးမိပါ၏။ ယခုဆက်လက်တင်ပြပါအံ့။ ထိုဗုဒ္ဓဘာသာ၏ မူလဘူတ ဇစ်မြစ်တစ်ခုဖြစ်သောကရုဏာသည် သနားခြင်း ဟုအဓိပ္ပါယ်ထွက်၏။သို့သော် ထိုသနားခြင်း ကရုဏာသည် အားနည်းသူ နိမ့်ကျသူကိုတွေ့လျှင် ဖြစ်ပေါ်လာတတ်သော သာမာန်သနားခြင်းကရုဏာမဟုတ်၊ ထိုသနားခြင်းမျိုးကို လူသားအများစုရော အချို့သောတိရစ္ဆာန်များအပါအဝင် ခံစားတတ်ကြ၏။ ပွါးများနိုင်ကြ၏။ စင်စစ်ကား ဗုဒ္ဓဘာသာ၏ဇစ်မြစ် အနှစ်ကရုဏာဟူသည်  
မဟာကရုဏာ ပင်ဖြစ်ချေ၏တကား။
ထိုကရုဏာဟူသော ပုဒ်ကို သို့မဟုတ် စကားလုံးကို ပါဠိစာပေတွင်ဤသို့ ဝိဂြိုဟ်ပြုဖွင့်ဆိုပါ၏။
( ဆက်ရန်...)

***ဓမ္မမိတ်ဆွေများ၏အမှာစကား***