ထိုအချိန်ထိုအခါကာလ ထိုကမ္ဘာဝယ် ရမ္မာဝတီတိုင်းပြည်သည်ရှိခဲ့လေ၏။ ထိုတိုင်းပြည်သည် အေးချမ်း၏၊သာယာ၏၊ဖွံ့ဖြိုးတိုးတက်၏၊ သူ့ခေတ်သူ့အခါအရ ခေတ်မီဖွံ့ဖြိုးတိုးတက်၍အေးချမ်းသာယာသောနိုင်ငံတော်ကြီးဖြစ်ခဲ့မည်ဟု မိမိကောက်ချက်စွဲမိ၏။ အဘယ့်ကြောင့်ဆိုသော် ဘုရားအဖြစ်ကိုဗျာဒိတ်ပန်ဆင်နိုင်ရန် အင်္ဂါအချက်အလက်နှင့်ပါရမီတို့ပြည့်စုံနေသည့် သုမေဓာဟူသော အမျိုးကောင်းသားရှိနေသောကြောင့်ပင်တည်း။ ထိုသုမေဓာဟူသော အမျိုးကောင်းသားလေးသည် တစ်ဦးတည်းသောသားဖြစ်၏။ အမျိုးအနွယ်အားဖြင့် အမြင့်တန်းအလွှာတွင်ပါဝင်သည့် ဗြဟ္မဏမျိုးရိုးဖြစ်၏။ ပညာရေးအရလည်း ထိုခေတ်ထိုကာလတွင် သင်ကြားနိုင်သော သိပ္ပွံ နှင့် ဝိဇ္ဇာ ပညာရပ်နှစ်မျိုးလုံးကို အပြီးတိုင်သင်ယူတတ်မြောက်ထားသော အထက်တန်းပညာတတ်လူတန်းစားဖြစ်၏။ တနည်းဆိုသော် အသိပညာရော အတတ်ပညာပါပြည့်စုံသူဖြစ်သောကြောင့်
လောကကောင်းကျိုးကို စွမ်းစွမ်းတမံဆောင်ရွက်နိုင်သူ လူတန်းစားဝင်ဖြစ်၏။ ပညာပြည့်ဝနှလုံးလှသဖြင့် လောက၏အားကိုးဘွယ်ရာ ပညာရှင်လည်းဖြစ်၏။ ဥစ္စာစည်းစိမ်အားဖြင့်လည်း အထူးဆိုဘွယ်ရာမရှိ၊ အလွန်ချမ်းသာသည့် လူတန်းစားတွင်ပါဝင်ပြန်၏။ ရုပ်ရည်ဥပဓိအားဖြင့်လည်း သပ္ပါယ်ခန့်ငြားတင့်တယ်သူဖြစ်၏။ မှန်၏။ သာမာန် အောက်တန်းစားလူတစ်ယောက်သည် ဘုရားဖြစ်ရန်ဗျာဒိတ်တော်ကို ပန်ဆင်နိုင်မည်မဟုတ်ချေ။ ဤကဲ့သို့သော ထိုသုမေဓာအမျိုးကောင်းသားလေးသည် ပညာတတ်၊သဘောကောင်း၊ဥစ္စာပေါ ရုပ်ချောသဖြင့် ပျိုတိုင်းကြိုက်သည့်နှင်းဆီခိုင်ဖြစ်ခဲ့မည်မှာ သေချာလှ၏။ ထိုသို့အဖက်ဖက်မှ ပြည့်စုံတင့်တယ်လှသော အမျိုးကောင်းသားလေးသည် သူ၏ အသက်အရွယ် နုနယ်ပျိုမြစ် ၁၆ နှစ်မှာပင် သူ၏မိဘနှစ်ပါး ကွယ်လွန်ဆုံးပါးခဲ့၏။ ထိုအခါသူ့မိသားစု၏ ဘဏ္ဍာထိန်းသည် စာရင်းဇယားနှင့်တကွ ဘိုးဘွားပိုင်ပစ္စည်းများအားလုံးကို အတိအကျလွှဲအပ်လေ၏။ ထိုလွှဲအပ်မှုထဲတွင် ငွေများလည်းပါ၏၊ ရွှေများလည်းပါ၏။ ကျောက်သံပတ္တမြား လက်ဝတ်ရတနာများနှင့်တကွအခြားသောပိုင်ဆိုင်ပစ္စည်းများလည်းပါ၏။ ထိုပိုင်ဆိုင်ပစ္စည်းများ၏တန်ဘိုးနှင့် ပမာဏကားများပြားလှ၏။ ထိုအခါမှသူသည် ဘီလျံနာသူဌေးဖြစ်မှန်းသိခဲ့ရတော့၏။ ထိုစည်းစိမ် ထိုပိုင်ဆိုင်ပစ္စည်းများကို သူကိုယ်တိုင်ကိုယ်ကျတွေ့မြင်ရသောအခါ ဤသို့သူခံစားမိလေ၏။ ဤမျှများပြားလှသော စည်းစိမ်ဥစ္စာတို့ကို ငါ၏ဘိုးဘွားအစဉ်အဆက်ဆက်တို့ရှာဖွေခဲ့ စုဆောင်းခဲ့ကြ၏။ ဘိုးဘွားအဆက်ဆက်တို့လည်း ခံစားသင့်သလောက်ခံစားသွားခဲ့ကြ၏။သို့သော်မကုန်ခမ်းခဲ့။ သူတို့၏သံသရာခရီးသို့လည်း ယူဆောင်မသွားနိုင်ခဲ့။ ငါသည်လည်း ဤပိုင်ဆိုင်မှုအားလုံးတို့ကို စိတ်တိုင်းကျသုံးဆောင်သော်လည်း တစ်ဘဝဖြင့် ကုန်နိုင်ဘွယ်ရာမရှိ၊များပြားလှဘိ၏။ ထို့ကြောင့်ငါသည် ဤပိုင်ဆိုင်ပစ္စည်းအားလုံးတို့ကို လောကအတွက်အသုံးပြုလို၏။ ငါ့အတွက်လည်း သံသရာတွင် အမွေအနှစ်အစစ်ကိုယူဆောင်သွားလို၏။ ထို့ကြောင့် ဤအရာအားလုံးကို လောကအတွက်လှုမည်၊ ငါသည်ကား တောထွက်၍ရသေ့ပြုမည် ဟုခံစားခဲ့၏။ ဆုံးဖြတ်ခဲ့၏။ ထိုဆုံးဖြတ်ချက်အတိုင်းပင် သူသည် ဘိုးစဉ်ဘောင်ဆက် ခေတ်အဆက်ဆက်စုဆောင်းခဲ့သမျှပိုင်ဆိုင်မှုအရာရာကို လူမှုလောက သယာဝပြောရေး အလေးပေးစိတ်ဖြင့် ရက်ရက်ရောရော စွန့်လွှတ် လှုဒါန်းခဲ့တော့၏။ သူသည်လည်း ဟိမဝန္တာတော ဓမ္မိကတောင်တော်တွင် ဘာဝနာကမ္မဋ္ဌာန်းစီးဖြန်းလျှက် ရသေ့ဘဝဖြင့်သီတင်းသုံးနေထိုင်လေတော့၏။ သူ၏ခံစားချက်၊ခံယူချက်၊
ဆုံးဖြတ်ချက်နှင့်လုပ်ဆောင်ချက်တို့သည် အံ့ဖွယ်ရှိလှပါ၏။ သူကဲ့သို့ပြုကျင့်ဘို့ရန်မဆိုထားနှင့်၊ တွေးကြည့်ဖို့ပင်ခက်ခဲလှချေ၏တကား။ သူတော်ကောင်းစိတ်ဓာတ်ရှိသူတို့အနေဖြင့်ကြည့်လျှင် အားကျအတုယူဖွယ်ဖြစ်၏။ လေးစားချစ်ခင်ဖွယ်လည်းဖြစ်ပါ၏။ကမ္ဘာ့စံပြလည်းဖြစ်၏။ လောက၏ရှေ့သွားခေါင်းဆောင်တို့ပြုကျင့်သောလုပ်ရပ်လည်းဖြစ်၏။ သို့သော် မသူတော်တို့၏အမြင်ဖြင့်ကြည့်လျှင်မူကား ရူးသွပ်မှုဖြစ်၏။ စည်းစိမ်ကို မခံစားတတ်ခြင်းဖြစ်၏၊ ဤသို့ လုပ်ရပ်တစ်ခုအပေါ်တွင် နှလုံးသားနှင့်အမြင်ကိုအခြေခံ၍ကွဲပြားနိုင်ပါ၏။ ထိုသုမေဓာရှင်ရသေ့သည် ဟိမဝန္တာဝယ် မကြာမြင့်မီပင် ဈာန်ကိုရရှိလေတော့၏။ ဈာန်ကိုလည်း အမြဲမပြတ်ဝင်စား၏။ သူ၏ဈာန်နှင့် သမာဓိအရှိန်အဟုန်သည် အလွန်အားကောင်းလှ၏။ ထို့သို့အားကောင်းလှသော ဈာန်သမာပတ်နှင့် သမာဓိတို့ကြောင့်ပင် သူသည် ဒီပင်္ကရာမြတ်စွာဘုရားရှင်ပွင့်ထွန်းတော်မူနေသည်ကို သူမသိလိုက်မိချေ။ အကြောင်းကား အလွန်အင်အားကောင်းလှသော ဈာန်သမာပတ်ကိုဝင်စားနေခဲ့သောကြောင့်ပင်တည်း။ သို့သော် ရဟန္တာဖြစ်နိုင်သည်သာမက ဘုရားအဖြစ်ကိုဗျာဒိတ်တော်ပန်ဆင်နိုင်သည့်ပါရမီတော်အရှိန်အဟုန်များကြောင့် ဒီပင်္ကရာမြတ်စွာဘုရားရှင်ကိုတွေ့ဆုံဖူးမြင်ခွင့်ရရန် အကြောင်းကားဖန်လာခဲ့တော့၏။ ဖန်လာပုံကား ဤသို့ ဤသို့။ ( ဆက်ရန်...)
မဟာဒုက္ခက္ခန္ဓသုတ်
-
၁၆၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် – အခါတပါး၌ မြတ်စွာဘုရားသည်
သာဝတ္ထိပြည်အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။
ထိုအခါ များစ...
2 months ago
0 comments:
Post a Comment