Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~
Tuesday, August 27, 2013
ကမ္ဘာမြေအေးစေဖို့ ချမ်းမြေ့စန္ဒီ တည်ကြစို့
မဇ္ဈိမဒေသအိန္ဒိယနိုင်ငံ၊ဗီဟာပြည်နယ်၊ဗုဒ္ဓဂယာမြေမြတ်မဟာ၊
ချမ်းမြေ့စန္ဒီမြန်မာသာသနာပြုကျောင်းတော်တည်ဆောက်ရေးနှိုးလွှာ
----------------------------------------------------------------------------------
''ဝိဟာရဒါနံ သံဃဿ၊ အဂ္ဂံ ဗုဒ္ဓေန ဝဏ္ဏိတံ။
တသ္မာ ဟိ ပဏ္ဍိတော၊ ပေါသော သမ္ပဿံ အတ္ထမတ္တနော။
ဝိဟာရေ ကာရယေ ရမ္မေ၊ ဝါသယေတ္ထ ဗဟုဿုတေ။
တေသံ အန္နဉ္စ ပါနဉ္စ၊ ဝတ္ထသေနာသနာနိ စ။
ဒဒေယျ ဥဇုဘူတေသု၊ ဝိပ္ပသန္နေန စေတသာ။
တေ တဿ ဓမ္မံ ဒေသေန္တိ၊ သဗ္ဗဒုက္ခာပနူဒနံ။
ယံ သော ဓမ္မံ ဣဓညာယ၊ ပရိနိဗ္ဗာတိ အနာသဝေါ ။”
သံဃာအား ကျောင်းလှူရခြင်းကို မြတ်၏ ဟု မြတ်စွာဘုရား ချီးမွမ်းတော်မူ၏။
ထို့ကြောင့် မိမိ၏အကျိုးကို မြင်သော ပညာရှိသူသည် မွေ့လျော်ဖွယ် ကျောင်းတို့ကို ဆောက်လုပ်စေရာ၏၊ ဤကျောင်းတို့၌ အကြားအမြင်များသော ရဟန်းတို့ကို နေစေရာ၏၊ ထို ဖြောင့်မတ်သော ရဟန်းတို့အား လျော်သော စားဖွယ်ကိုလည်းကောင်း၊ သောက်ဖွယ်ကိုလည်းကောင်း၊ သင်္ကန်း အိပ်ရာ နေရာတို့ကိုလည်းကောင်း ကြည်ညိုသော စိတ်ဖြင့် လှူရာ၏။
ထိုရဟန်းတို့သည် ထိုကျောင်းဒါယကာအား ဆင်းရဲအလုံးစုံကို ပယ်ဖျောက်တတ်သော တရားကို ဟောကုန်၏၊
ဤသာသနာတော်၌ ထိုကျောင်းဒါယကာသည် ထိုတရားကို သိ၍ အာသဝေါ တရားမရှိဘဲ ငြိမ်းအေးရလေ၏။
ဗုဒ္ဓ'(စူဠ၀ါပါဠိတော်မြန်မာပြန်၊ သေနာသနက္ခန္ဓက)
မြန်မာနိုင်ငံသားဆရာတော်ဒေါက်တာအရှင်စန္ဒိမာသည် အိန္ဒိယနိုင်ငံ၊ဗာရာဏသီမြို့၊သက္ကတတက္ကသိုလ်မှ ပါဠိစာပေဆိုင်ရာပါရဂူ(PhD)ဘွဲ့ကို ၂၀၁၀ ခုနှစ်တွင် ဆွတ်ခူးအောင်မြင်တော်မူခဲ့ပြီး ၂၀၁၁ ခုနှစ်တွင်
အိန္ဒိယနိုင်ငံ၏ ပထမဆုံးနှင့် တစ်ပါးတည်းသော စာပေပါရဂူတန်း(DLitt)တက်ခွင့်ရမြန်မာအမျိုးသားရဟန်းတော်အဖြစ် မှတ်တမ်းဝင်ခဲ့ပါသည်။
ယခုအခါ ဆရာတော်ဒေါက်တာအရှင်စန္ဒိမာသည် စာပေပါရဂူ(DLitt)ဘွဲ့အတွက် သုတေသနကျမ်းပြုစုတော်မူရင်း ဗုဒ္ဓအရှင်သစ္စာလေးပါးသိမြင်တော်မူ၍ စကြာဝဠာလောကအလင်းကိုဆောင်တော်မူရာ အိန္ဒိယနိုင်ငံ၊ဗုဒ္ဓဂယာမြေမြတ်မဟာတွင် အခြေချနေထိုင်သီတင်းသုံးလျက် ကမ္ဘာ့သာသနာပြုတော်မူရန် ရည်သန်ကာ ချမ်းမြေ့စန္ဒီမြန်မာသာသနာပြုကျောင်းတိုက်ကြီး တည်ထောင်ဖွင့်လှစ်နိုင်ရေးအတွက် ဗုဒ္ဓဂယာမဟာဗောဓိစေတီတော်ဝန်းကျင်ဗီယက်နမ်ဗုဒ္ဓဘာသာကျောင်းအနီးမြေကွက်ကို စရံငွေပေးချေ၍ စတင်ဝယ်ယူနေပြီဖြစ်ပါသည်။
သို့ပါ၍ ဆရာတော်ဒေါက်တာအရှင်စန္ဒိမာတည်ထောင်မည့် ဗုဒ္ဓဂယာမြေမြတ်မဟာချမ်းမြေ့စန္ဒီမြန်မာကျောင်းတော်ကြီး
အမြန်ပြီးစီးအောင်မြင်ရေးအတွက် စေတနာသဒ္ဓါတရားထက်သန်သူတိုင်း
၃ စတုရန်းပေ တစ်ကွက်လျှင် မြန်မာငွေ ၃၀၀၀၀ ကျပ်၊
သို့မဟုတ် အိန္ဒိယ ရူပီးငွေ ၂၀၀၀၊
သို့မဟုတ် အမေရိကန် ၄၀ ဒေါ်လာ၊
သို့မဟုတ် စင်ကာပူ ၅၀ ဒေါ်လာဖြင့်
သာသနာဘူမိ၊ဓမ္မဘူမိ သာသနာ့အောင်မြေ၊ဓမ္မအောင်မြေတစ်ကွက်စီလှူဒါန်းနိုင်ကြပြီး
ထိုအစီအစဉ်အရ သဒ္ဓါကြည်လင်၊ပါရမီကုသိုလ်တော်ရှင်များအနေဖြင့်
မိမိတို့၏ စေတနာသဒ္ဓါတရားအလျောက် နည်းများမဟူ လှူဒါန်းတော်မူကြပါရန် နိဗ္ဗာန်အကျိုးမျှော်၍
နှိုးဆော်အပ်ပါသည်။
ယင်းသို့ထူးမြတ်သောသာသနာတွင်းမဇ္ဈိမဒေသအလှူတွင် ပါရမီတော်ယူ၊ကုသိုလ်တော်ပါဝင်နိုင်ကြရန်အတွက်လည်း မြန်မာနိုင်ငံအနှံ့အပြားတွင် ဆက်သွယ်လှူဒါန်းရာဌာနများ ဖွင့်လှစ်ထားရှိပါသည်။
ဆက်သွယ်လှူဒါန်းရန်ဌာနများ
---------------------
၁) ဒေါက်တာအရှင်စန္ဒိမာ
အခန်း (၁၉ ) ဆန်ဆခရစ်တက္ကသိုလ်၊ဗာရာဏသီမြို့၊ အိန္ဒိယနိုင်ငံ၊
ဖုန်း ၀၀-၉၁-၉၉ ၅၆၄၈၃၇၈၅၊
၂)ဆရာတော်ဘဒ္ဒန္တကောဝိဒဓဇ
ကျောက်ကုန်းတောရမေဒိနီစာသင်တိုက်
ကျောင်းသစ်ဆောင်
(၁၄)ရပ်ကွက် ရန်ကင်းမြို့နယ်၊ရန်ကုန်
ဖုန်း၀၉ ၇၃၁၇၅၃၂၃
၃)ဆရာတော်ဘဒ္ဒန္တအဂ္ဂ၀ရ
ဓမ္မရက္ခိတဖြူးမဟာစည်သာသနာ့ရိပ်သာ
အမှတ်(၂)ရပ်ကွက်၊ ကမာရွတ်ဘူတာရုံအနီး၊ အေးရိပ်မွန်ရိပ်သာ
လှိုင်မြို့နယ်၊ ရန်ကုန်
ဖုန်း ၀၉၅၃၉ ၀၄၁၇ ၊ ၀၁-၅၃၀၀၆၈၊ ၅၃၀၁၁၃
၎)ဒေါက်တာဝိလာသ
ဓမ္မပါရဂူကျောင်းတိုက်
ကာယ (၁၂) ၊ ဥာဏရပ်ကွက်
ပုလဲမြို့သစ်
မင်္ဂလာဒုံမြို့နယ်
ရန်ကုန်
ဖုန်း ၀၉ ၇၃၁၂၈၆၃၃၊၀၉ ၅၄၀၇၀၀၆
၅)ဒေါက်တာဝိစိတ္တ
ဝိစိတ္တာရာမဗုဒ္ဓဂယာကျောင်း
ငါးထပ်ကြီးတိုက်၊ဗဟန်မြို့နယ်၊ ရန်ကုန်
ဖုန်း ၀၉ ၅၀၂ ၈၉ ၁၁
၆) ဆရာတော်ဘဒ္ဒန္တအာလောကာစာရ
ရွှေဖောင်ဦးပရိယတ္တိစာသင်တိုက်
ရန်ကြီးအောင်ရပ်ကွက်
ထန်းတပင်ဇီးကုန်း
ကန့်ဘလူမြို့နယ်
စစ်ကိုင်းတိုင်းဒေသကြီး
ဖုန်း ၀၉ ၄၇၁၃၅၄၁၃
၇)ကျော်အောင်စံထားနှင့် သုခချမ်းသာမဇ္ဈိမဒေသဘုရားဖူးအဖွဲ့
ဦးမြတ်စိုး-ဒေါ်သူဇာညွန့်
အမှတ် ၂၂ မြေညီထပ်၊ ဇမ္ဗူရာဇ်လမ်း၊ ကျွန်းတော(တောင်)ရပ်ကွက်၊ စမ်းချောင်းမီးသတ်အနီး၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့
ဖုန်း၊ ၀၁ ၊ ၅၀၂၃၆၅ ၀၁၊၅၁၀၆၉ ၅ ၊ ၀၉ ၅၀၇၇၉ ၈၄၊၀၉ ၄၂၀၀၉ ၀၃၉ ၉ ၊
မန္တလေးဖုန်း၊ ၀၂-၃၆၈၀၀ ၊၀၉ ၂၀၅၁၃၅၉
၈)OD Tour ခရီးသွားလုပ်ငန်း
ဦးအေးသိန်း
အမှတ် ၅၃ ၊ ကျွန်းတောလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်
ဖုန်း၊ ၀၁-၅၃၆၈၅၅၊၅၂၃၁၈၇၊၅၀၄၈၀၈၊၅၂၆၃၄၉
၉ )ဦးအောင်ဝင်း+ဒေါ်မြင့်မြင့်ခင်
မွန်မလေးစတိုး
အမှတ်(၁၀၅၂)
ဘုရင့်နောင်လမ်း၊ ၅/၆ ရပ်ကွက်
ရွှေပြည်သာမြို့နယ်၊
ရန်ကုန်
ဖုန်း။ ၀၉ ၅၁၁၆၁၈၅၊ ၀၉ ၄၅၀၀၀၅၂၈၅
၀၁-၆၁၀၆၂၄
၁၀) ဦးကျင်ဟင်း-ဒေါ်ကျင်ပို့
အမှတ်(၁၀၁) ၄ ရပ်ကွက်
ဒုတိယလမ်း
ဖျာပုံမြို့
ဖုန်း ၀၉ ၄၂၂၅ ၅၂၅၀၉ ၊ ၀၄၅-၄၀၄၇၄
၁၁) ဒေါ်သိင်္ဂီစိုး
အော်တိုအိတ်ချိန်းရုံးဝင်း
ဧရာရပ်ကွက်
မြစ်ကြီးနားမြို့
ဖုန်း ၀၉ ၄၃၁၂၁၂၁၈၊၀၇၄-၂၂၄၆၉
၁၂)စင်ကာပူနိုင်ငံ
မဆွေဇင်
ဖုန်း ၀၀-၆၅-၉ ၀၀၅၃၂၄
Saturday, August 17, 2013
လူတော် လူကောင်းများဖြင့် အားဖြည့်နိုင်ကြစေသား
မိမိ တစ်ဦးတည်း၏ ကိုယ်ပိုင်ဘဝ ကြီးပွါးရေးအတွက်သော်လည်းကောင်း၊ မိသားစုဘဝ၏ ကြီးပွါးရေးအတွက်သော်လည်းကောင်း၊ အဖွဲ့အစည်းနှင့် နိုင်ငံတော်၏ ကြီးပွါးတိုးတက်ရေအတွက်သော်လည်းကောင်း လူတော်နှင့်လူကောင်းများလိုအပ်သည်မှာ အမှန်ပင်ဖြစ်သည်။ ယနေ့ကမ္ဘာတွင် ကြီးပွါးတိုးတက်အောင်မြင်နေကြသော အဖွဲ့အစည်းများ၊ ကုမ္မဏီကြီးများနှင့် နိုင်ငံကြီးများသည် လူတော်နှင့် လူကောင်းများကို လူမှန်နေရာမှန်ဖြစ်အောင် အသုံးချနိုင်သည်ကို တွေ့ရမည်ဖြစ်သည်။ လူတော်လူကောင်းများကိုလည်း စဉ်ဆက်မပြတ်မွေးထုတ်ပေးနိုင်ကြသည်။ ဆန့်ကျင်ဘက်အနေဖြင့် ပြောင်းပြန်တွေးလျှင် လူတော်နှင့်လူကောင်းများကို နေရာမှန်အောင် မသုံးတတ်လျှင် သို့မဟုတ် မသုံးနိုင်ကြလျှင် သို့မဟုတ် မရွေးချယ်နိုင်ကြလျှင် သို့မဟုတ် မတော်မကောင်းသူတို့ ရှေ့ တန်းသို့ရောက်နေကြလျှင် ထိုသူ၊ ထိုမိသားစု၊ထိုအဖွဲ့အစည်း၊ ထိုနိုင်ငံသည် ရေရှည်တွင် အောက်ကျနောက်ကျဖြစ်နေမည်မှာ အသေအချာပင်ဖြစ်သည်။ ထိုသို့ အောက်ကျ နောက်ကျဖြစ်ပြီ ဆိုကတည်းက ဘယ်အရာလေးမျှ အဆင်ပြေမည်မဟုတ်တော့။ စည်းကမ်းပိုင်းတွင်းလည်း ဖရိုဖရဲ၊ ကိုယ်ကျင့်ပိုင်းတွင်လည်း ကျိုးကျိုးပဲ့ပဲ့၊ ရည်မှန်းချက်ပိုင်းတွင်လည်း ရေတိုရေရှည်မသဲကွဲ၊ လုပ်ဆောင်မှုပိုင်းတွင်လည်း အကွဲကွဲအပြဲပြဲ၊ တွေးခေါ်မှုပိုင်းတွင်လည်း မနက်နဲ၊ ဖြစ်ပေါ်လာမည့် အကျိုးဆက်ပိုင်းကိုလည်း သဲသဲကွဲကွဲ မသိဘဲ မှောင်နဲ့မဲမဲတွင် စမ်းတဝါးဝါးလမ်းလျှောက်ရသော မျက်မမြင်ကဲ့သို့ ဖြစ်ချေမည်။
   မြတ်ဗုဒ္ဓ၏သာသနာတော်မြတ်ကြီးသည် ဘုရားရှင်၏လက်ထက်တော်မှာပင် အရင်ရှိနှင့်ပြီးဖြစ်သော ဂိုဏ်းဆရာကြီးတို့၏ အရှိန်အဟုန်နှင့် အောင်မြင်မှုတို့ကို အလျင်အမြန် ကျော်ဖြတ်နိုင်ခဲ့သည်။ အကြောင်းမှာ ထိပ်တန်းလူတော်နှင့်လူကောင်းဖြစ်သော အရှင်သာရိပုတ္တရာနှင့် အရှင်မဟာ မောဂ္ဂလာန်တို့ကို သာသနာတော်ဝယ် ထိပ်တန်းနေရာကိုပေး၍ လူမှန်နေရာမှန်ကို အသုံးချနိုင်ခဲ့ခြင်းသည် အဓိကကျသော အချက်ဖြစ်သည်ဟု ဆိုချင်သည်။ အမှန်စင်စစ် ပဉ္စဝဂ္ဂီငါးဦးတို့တွင် အရှင်ကောဏ္ဍညသည် သာသနာတော်ဝယ် ဘုရားရှင်ပြီးလျှင် ဝါတော်အကြီးဆုံးဖြစ်သည်။ ရဟန်းတို့၏ ကိုယ့်ကျင့်သီလနှင့်ပြည့်စုံသော လူကောင်း ရဟန်းကောင်းတစ်ပါးလည်းဖြစ်သည်။ သို့သော် ပညာအရာဝယ် ဧတဒဂ်အရာထားနိုင် ပေးအပ်နိုင်လောက်သည့် အရည်အချင်းမရှိပေ။ ပညာအရာ ဧတဒဂ် ပေးအပ်နိုင်လောက်သည့် လူတတ် လူတော် ရဟန်းတစ်ပါး မဟုတ်ချေ။ ထို့ကြောင့် အလွန်အရေးပါသော ပညာအရာဧတဒဂ်ကို မြတ်ဗုဒ္ဓက မအပ်နှင်းခဲ့ချေ။ ဆိုလိုသည်မှာ လူနှင့်နေရာကို ဟန်ချက်ညီ သဟဇာတဖြစ်အောင် အသုံးချနိုင်ခဲ့သောကြောင့် မြတ်ဗုဒ္ဓ၏ သံဃအဖွဲ့အစည်းကြီးသည် အလျင်အမြန်တိုးတက် ပြန့်ပွါး ထွန်းကားခဲ့သည်။ ယနေ့ထိတိုင်အောင်လည်း တည်တံ့ထွန်းကားဆဲဖြစ်သည်။ ကမ္ဘာ့ပထမဆုံးသော ဒီမိုကရေစီ စံနစ်ကိုကျင့်သုံးသည့် အဖွဲ့အစည်းလည်းဖြစ်သည်။ ( ရဟန်းဖြစ်ဘို့အတွက် တစ်ဦးတစ်ယောက်၏ အမိန့်အာဏာကို အသုံးမပြုရဘဲ သိမ်ထဲတွင် ရဟန်းတော်အားလုံး၏ ဆန္ဒနှင့်ကိုက်ညီမှသာ ရဟန်းအဖြစ်ကိုရသောကြောင့် ဤစကားကို ဆိုခြင်းဖြစ်သည်။ )
   ထို့ပြင် ဘီစီသုံးရာစုတွင် အသောကဘုရင်၏ ကိုးတိုင်းကိုးဌာန သာသနာပြုလုပ်ငန်းစဉ်တွင်လည်း ထို့အတူ လူမှန်နေရာမှန်ကို အသုံးချနိုင်ခြင်းကြောင့် သာသနာတော်သည် အိန္ဒိယနိုင်ငံ၏အပြင်ဘက်သို့ ရောက်ရှိပြန့်နှံ့ခဲ့သည်မှာ အထင်အရှားဖြစ်သည်။ သီရိလင်္ကာတွင် အရှင်မဟာ မဟိန္ဒနှင့် ဒေဝါနံပိယတိဿတို့၏ လက်တွဲညီစွာလူနှင့် နေရာမှန်ကို အသုံးပြုနိုင်ခဲ့ကြခြင်းကြောင့် သာသနာရေးနှင့်နိုင်ငံရေးတို့ အထက်တန်းကျကျအောင်မြင်ခဲ့သလို ပုဂံခေတ်တွင်လည်း အနော်ရထာနှင့် ရှင်အရဟံခေါ် အရှင်ဓမ္မဒဿီတို့၏ လူနှင့်နေရာကို ဟန်ချက်ညီအောင် အသုံးပြုနိုင်ခြင်းကြောင့် နိုင်ငံရေးနှင့်သာသနာရေး အောင်မြင်ခဲ့သည်မှာလည်း ဂုဏ်ယူဖွယ်နှင့် အတုယူဖွယ်ရာပင်ဖြစ်သည်။ တနည်းဆိုသော် လူတော်နှင့်လူကောင်းတို့ကို သာသနာရေးနှင့် နိုင်ငံရေးနယ်ပယ်တွင် တွင်ကျယ်အောင် နေရာပေးခဲ့သည်။ ဤသည့်သမိုင်းတို့သည် ယနေ့ခေတ်မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့်သာသနာရေးကို သင်္ခန်းစာရစေရန် မီးမောင်းထိုးပြရာလည်းရောက်သလို ပြက်ရယ်ပြုသယောင်လည်း ဖြစ်နေသည်ဟု မိမိပုဂ္ဂလိကအနေဖြင့်ခံစားရမိသည်။
  ထို့ပြင် သောဏဒဏ္ဍပုဏ္ဏားကြီးသည် မြတ်ဗုဒ္ဓ၏ရှေ့ တော်မှောက်ဝယ် ပုဏ္ဏားဖြစ်ရန် အင်္ဂါငါးချက်တွင် အမျိုးဇာတ်၊ အတတ်ပညာနှင့် ရုပ်အဆင်းတို့ကို ချန်ထား၍ရသော်လည်း ကိုယ်ကျင့်သီလနှင့် အသိပညာကို ချန်လှပ်၍ မရနိုင်ကြောင်းကို လျှောက်ထားခဲ့သည်။ ထိုခေတ်ထိုအခါကမှစ၍ ယနေ့ခေတ်တိုင်အောင် အိန္ဒိယနိုင်ငံတွင် ပုဏ္ဏားမျိုးဟူသည် လူ့မလိုင်များဖြစ်သည်။အထက်တန်းလွှာဖြစ်သည်။ ထိုအထက်တန်းလူတန်းစားဟု သတ်မှတ်နိုင်ရေးအတွက် ( ပုဏ္ဏားအလို) သီလနှင့်အသိပညာသည် မရှိမဖြစ်သော အချက်ဖြစ်လေ၏။ ထိုအချက်ကို မြတ်ဗုဒ္ဓကလည်း ထောက်ခံခဲ့သည်။ အမှန်စင်စစ် ကိုယ်ကျင့်သီလနှင့်ပြည့်စုံသူသည် လူကောင်းတစ်ယောက်ဖြစ်၏။ နှလုံးလှသူဟုလည်း ဆိုနိုင်၏။ သို့သော် လူတော်တစ်ယောက်တော့ ဟုတ်ချင်မှဟုတ်ပေမည်။ တဖန် အသိပညာ အတတ်ပညာတို့နှင့်ပြည့်စုံသူသည် လူတော်တစ်ယောက်ဖြစ်၏။ သို့သော် လူကောင်းတစ်ယောက်တော့ ဖြစ်ချင်မှဖြစ်ပေမည်။ ကိုယ်ကျင့်သီလရော ပညာပါနှစ်ခုလုံးပြည့်စုံသူသည် လူတော် လူကောင်းဖြစ်၏။ တော်လည်းတော် ကောင်းလည်းကောင်းပါမှသာ မိမိအတွက်ရော လောကကြီးအတွက်ပါ မင်္ဂလာကောင်းကျိုး ပွါးတိုးနိုင်ပေမည်။
    ထို့ကြောင့်ပင် မဃဒေဝမာန်လည်ဆရာတော်ကြီးက " ပညာပြည့်ဝ၊ နှလုံးလှသော်၊ ကိစ္စကြီးငယ်၊ ဆောက်သဖွယ်လျှင်၊ကြီးကျယ်ထွင်းဖေါက်၊ ဖြတ်တောက်လိုရာ၊ ပြီးနိုင်စွာ၏"  ဟုစပ်ဆိုတော်မူခဲ့လေသည်။ မှန်ပါ၏။ ပညာပြည့်ဝခြင်းကြောင့် လူတော်ဖြစ်ရပြီးလျှင် ကိုယ်ကျင့်သီလရှိခြင်းကြောင့် နှလုံးလှသည့် လူကောင်းဖြစ်ရကား ပညာပြည့်ဝ နှလုံးလှသည့် လူတော်လူကောင်းများသည် မိမိတို့အလိုရှိရာ ကောင်းကျိုးကို စွမ်းဆောင်နိုင်မည်မှာ မုချဆတ်ဆတ်ပင်ဖြစ်သည်။ ထိုကဲ့သို့ သီလရော အသိပညာပါ နှစ်ဖက်လှပြည့်ဝကြသည့် လူတော်လူကောင်းများဖြင့် အနာဂတ်မြန်မာ့နိုင်ငံအရေး၊ သာသနာအရေးနှင့် အမျိုးသားရေးတို့အတွက် အဖက်ဖက်မှပြည့်ုစုံအောင် ကြံဆောင်ကြိုးစားသင့်သော အချိန်အခါရောက်နေပေပြီ။ ယခုထက်ပို၍ နောက်မကျသင့်တော့ချေ။ အကြောင်းမှာ နောက်ကျခြင်းမှတ်တိုင်သည် နောက်ဆုံးတွင်ရှိနေသောကြောင့်ပင်ဖြစ်သည်။ ထို့ပြင် မိမိတို့တစ်ဦးချင်းစီအတွက်လည်း ပညာပြည့်ဝ နှလုံးလှသည့် လူတော်လူကောင်းများဖြစ်ဘို့အရေးကြီးသလို မိသားစု၊ အဖွဲ့အစည်း၊
နိုငံနှင့် အမျိုးဘာသာ သာသနာအတွက်လည်း အလွန်ပင်အရေးကြီးလှကြောင်းမှာ အားလုံးသိကြပြီးဖြစ်သည်။
   ယနေ့မြန်မာနိုင်ငံတွင် လူတော်များလည်းရှိကြသလို လူကောင်းများလည်းရှိကြသည်။ တော်လည်းမတော် ကောင်းလည်းမကောင်းကြသူများရှိသလို
 တော်လည်းတော် ကောင်းလည်းကောင်းသူများရှိကြသည်။
ထိုသူများသည် ဒူးနေရာဒူး တော်နေရာတော် ဖြစ်ကြပါရဲ့လား။ ဤကိစ္စသည် အလေးအနက်ထား၍ စဉ်းစားကျင့်သုံးရမည့် ကိစ္စဖြစ်သည်ကို အမြဲသတိပြုအပ်ပေသည်။  မြတ်ဗုဒ္ဓသည် လူနှင့်နေရာသင့်တော်အောင် သို့မဟုတ် အရည်အချင်းနှင့်ရာထူး ကိုက်ညီအောင် ခန့်အပ်သည့်နေရာတွင် အနှိုင်းမဲ့ဖြစ်တော်မူပါပေသည်။ ထို့ကြောင့်ပင် သံဃအဖွဲ့အစည်းသည် မြတ်ဗုဒ္ဓလက်ထက်တော်အခါဝယ် အနှိုင်းမဲ့ စံပြုထိုက်သော အဖွဲ့အစည်းဖြစ်ခဲ့သည်။ ယနေ့မြန်မာနိုင်ငံရှိ သံဃအဖွဲ့အစည်းသည် အမှန်တကယ် ပညာပြည့်ဝ နှလုံးလှသူတို့၏ ဦးဆောင်မှုကို ခံနေရပါသလော။ ဤအချက်သည်လည်း အစဉ်အမြဲ အလေးအနက်ထား၍ စဉ်းစားရမည့်အချက်ပင်ဖြစ်သည်။ အမျိုးဘာသာ သာသနာနှင့် နိုင်ငံကောင်းကျိုးအတွက် နိုင်ငံရေးခေါင်းဆောင်နှင့် သာသနာရေးခေါင်းဆောင်တို့သည် အလွန်အရေးကြီးလှပါ၏။ နိုင်ငံရေးခေါင်းဆောင်နေရာတွင်လည်း လူတော်လူကောင်းများ အင်အားကောင်းနေဘို့လိုအပ်သလို သာသနာရေးခေါင်းကြီးပိုင်းတွင်လည်း ပညာပြည့်ဝ နှလုံးလှသည့် နှစ်ဘက်လှရဟန်းတော်များ အားပြည့်နေဘို့ အမှန်ပင်လိုအပ်နေပါသည်။ သို့မှသာ အနာဂတ်မြန်မာနိုင်ငံတော်၏ အမျိုးဘာသာ သာသနာနှင့် နိုင်ငံ့အရေး စိတ်အေးကြရမည်ဖြစ်သလို ဂုဏ်လည်းယူနိုင်ကြပေမည်။
  တိုင်းပြည်ကိုတည်ဆောက်ရာဝယ် နိုင်ငံရေးနှင့် သာသနာရေးတို့ ဟန်ချက်ညီဘို့ အထူးလိုအပ်သည်ဟု ယူဆပါသည်။ အကြောင်းမှာ နိုင်ငံရေးသက်သက်ကိုသာ နားလည်၍ သာသနာရေးအမြင်အားနဲသော ခေါင်းဆောင်များတက်လာသောအခါ သာသနာတော် ညှိုးနွမ်းနစ်နာနိုင်သောကြောင့်ဖြစ်သည်။ တဖန် သာသနာရေးအမြင်သာရှိ၍ နိုင်ငံရေးအမြင်အားနဲသော ခေါင်းဆောင်တို့တက်လာသောအခါတွင်လည်း
 နိုင်ငံရော သာသနာပါ ထိခိုက်စေနိုင်သောကြောင့်ဖြစ်သည်။ ဤကဲ့သို့ ထိခိုက်နစ်နာခဲ့ရသည့် သာဓကများမှာ မြန်မာ့သမိုင်းတွင်ရော ကမ္ဘာ့သမိုင်းမှာပါ အထင်အရှားရှိခဲ့သည်။ အထူးသဖြင့် မိမိတို့မြန်မာနိုင်ငံသည် ထေရဝါဒထွန်းကားသော ဗုဒ္ဓဘာသာနိုင်ငံတော်ဖြစ်သည်။ မြတ်ဗုဒ္ဓသာသနာတော်တွင်းရှိ တရားတော်များသည် အလွန်ပင် နူးညံ့သိမ်မွေ့ပါသည်။ နက်နဲလွန်းလှသည်။ ကိုယ်ကျင့်ပိုင်း၊ အတွေးအခေါ်ပိုင်း၊ ထိုးထွင်းသိအပိုင်း၊ လောကုတ္တရာအပိုင်း၊ လောကီအပိုင်း၊ သိပ္ဂံနည်းကျသည့်အပိုင်း၊ လက်တွေ့ ဥာဏ်တွေ့အပိုင်း စသည်စသည်တို့ဖြင့် ပြည့်ဝစုံလင်လှသည်။ ဓမ္မ ရသအလှပေါင်းစုံတို့ဖြင့် ဝေဖြာတင့်တယ်လှသည်။ မြတ်ဗုဒ္ဓတရားတော်လောက် ပြည့်ဝစုံလင်သော တရားတော်များရှိလျှင် ပြစမ်းပါ။ သိချင်စမ်းလှပါသည်။ အမှန်စင်စစ် မြတ်ဗုဒ္ဓ၏ တရားတော်လောက် စုံလင်ပြည့်ဝသည့်တရားတော်ဟူ၍ ဤကမ္ဘာတွင် မရှိနိုင်တော့ပါ။ ထိုကဲ့သို့ ပြီးပြည့်စုံကာ တန်ဘိုးကြီးမားလှသည့် တရားတော်တို့ကို ခေတ်အဆက်ဆက် နှစ်ပေါင်း ၂၆၀၀ ကျော်တိုင်အောင် ယနေ့အထိ သယ်ဆောင်ခဲ့သော သံဃာတော်အပေါင်းကိုလည်း အထူးပင်ရိုသေလေးစားထိုက်လှပါသည်။
 ထို့ကြောင့် ပညာပြည့်ဝ နှလုံးလှသည့် လူတော်လူကောင်းများ၊ ရဟန်းတော် ရဟန်းကောင်းများဖြင့် နိုင်ငံတော်နှင့် အမျိုးဘာသာ သာသနာတော်ကို လူမှန်နေရာမှန် တာဝန်ယူကြလျှက် တည်ဆောက်နိုင်ကြလျှင် တစ်ချိန်တစ်ခါက ဂုဏ်ယူဝင့်ကြွားစွာ သမိုင်းဂုဏ်ရောင်ပြောင်ခဲ့သည့်နည်းတူ ယနေ့ခေတ်မှသည် နောင်သမိုင်းအဆက်ဆက်တိုင်အောင် ဂုဏ်ရောင်ပြောင်နေမည်သာဖြစ်တော့သည်။ ယနေ့ကြုံတွေ့နေရသော အခက်အခဲ အကြပ်အတည်း  မျိုးစုံမှ လွတ်မြောက်ကာ ဂုဏ်ရောင်ပြောင်အောင် စွမ်းဆောင်နိုင်ကြပါစေဟုလည်း ဆန္ဒပြုမိပါသတည်း။
Tuesday, August 13, 2013
စာအုပ်ထုတ်ဝေခြင်း
မိမိရဲ့ဘလော့ဂ်မှာ "အနှိုင်းမဲ့အဖြည့်ခံ ယသောဓရာ"ဆိုတဲ့ ခေါင်းစဉ်နဲ့
အခန်းဆက်ရေးသားခဲ့တဲ့ ပို့စ်များကို စုစည်း၍ စာအုပ်အဖြစ်ထုတ်ဝေလိုက်ပါပြီ။
သို့သော် ဘလော့ထဲက ခေါင်းစည်းအတိုင်းမဟုတ်တော့ဘဲ နာမည်ပြောင်းထုတ်လိုက်ပါတယ်။
 ခေါင်းစည်းက "အမြင့်မြတ်ဆုံးအမျိုးသမီး သို့မဟုတ် အနှိုင်းမဲ့ အဖြည့်ခံ" လို့ နာမည်ပြောင်းပေးလိုက်ပါတယ်။
ကျေးဇူးအထူးပဲတင်ရှိပါတယ်။
ကိုယ်စိတ်နှစ်ပါးငြိမ်းချမ်းကြပါစေ.....။
Monday, June 3, 2013
ဒီလိုတုန့်ပြန်ကြည့်ရအောင်
ယနေ့ကမ္ဘာတွင် ပြဿနာပေါင်း သောင်းခြောက်ထောင်မက များမြောင်လှ၏။ နိုင်ငံရေးပြဿနာ၊ စီးပွါးရေးပြဿနာ၊ လူ့အခွင့်အရေးပြဿနာ၊ လူမျိုးရေးပြဿနာ၊ ဘာသာရေးပြဿနာ စသည်ဖြင့်မဆုံးနိုင်အောင် များမြောင်လှ၏။ မိမိတို့မြန်မာနိုင်ငံတွင်လည်း ရှုပ်ထွေးများမြောင်လှသော ပြဿနာတို့သည် သတိဥာဏ်ပညာ အလွန်ကြီးစွာထားပြီး
ဖြေရှင်းမှသာလျှင် ပြေလည်နိုင်ပေလိမ့်မည်။ ထိုသို့ဖြေရှင်းရာတွင် အစိုးရချည်းသက်သက် ဖြေရှင်း၍ ရနိုင်မည်မဟုတ်ဘဲ
ပြည်သူများအနေဖြင့်လည်း ပူးပေါင်းပါဝင်မှသာ ပြေလည်နိုင်မည်ဆိုသည်ကို စာဖတ်သူများနားလည်ပြီးသား ဖြစ်ပါလိမ့်မည်။ ထိုသို့ပူးပေါင်းဖြေရှင်းရာဝယ် အစဉ်အမြဲနိုးကြားသော သတိ၊ ကျယ်ပြန့် ထက်မြက်သောဥာဏ်ပညာတို့ဖြင့် ပူးပေါင်းပါဝင်ရေးမှာ အလွန်ပင်ရေးကြီးလှသည်။ အထူးသဖြင့် ဒီမိုကရေစီ အသီးအပွင့်ကို စားသုံးရန်စိုက်ပျိုးဆဲဖြစ်သော ယခုလိုအချိန်ကာလတွင် အညွန့်အညှောက်ကလေးများ ညှိုးခြောက်မသွားစေရန် ပြုစုတတ်ဘို့ အလွန်အရေးကြီးလှသည်။
      ရေလောင်းတတ်ပေါင်းသင်တတ်ဘို့ မြေတောင်မြှောက်တတ်ဘို့ အလွန်အရေးပါသော ကာလဖြစ်သည်ကိုလူတိုင်းသိကြသည်။
ဒီမိုကရေစီအညွန့်အညှောက်ကလေးထွက်ပြူခါစဝယ် ပေါင်းပင်များက ပေါလည်းပေါသည်။ စုံလည်းစုံလှသည်။ သန်လည်းသန်လှ
သည်။ ထိုပေါင်းပင်များသည် ပြည်တွင်းမှာလည်း ပေါက်ရောက်သလို ပြည်ပမှတွင်းသွင်းလာမှုကိုလည်းခံကြရပြန်သည်။
မြောက်များလှစွာသော ပေါင်းပင်များအနက်မှ ဘာသာရေးအဓိကရုဏ်းတည်းဟူသော ပေါင်းပင်ကို အခြေခံ၍ တင်ပြချင်သည်။
မြန်မာပြည်တွင် တစ်မြို့ပြီးတစ်မြို့၊ တနယ်ပြီးတနယ်၊ ဆက်ကာဆက်ကာ ဖြစ်ပျက်နေသော ဘာသာရေး လူမျိုးရေးအဓိကရုဏ်း
ပေါင်းပင်သည် အလွန်ပင်ရှင်သန်ကြီးထွားနေသည်။ ထိုသည့်ပေါင်းပင်ကို ရှင်းလင်းရေးတွင် သတိ ဥာဏ်ပညာသည် အလွန်အရေးကြီးလှ၏။  ဒီမိုကရေစီဟူသော အသီးအပွင့်အတွက် ရဟန်းရှင်လူ ပြည်သူပြည်သား အလွှာအသီးသီးတို့၏ အသက်၊ အိုးအိမ်၊စည်းစိမ်၊ သွေး၊ ချွေး မြောက်များစွာကို အချိန်ကာလကြာမြင့်စွာ စတေးခဲ့ရသည်။ ပေးဆပ်စွန့်လွှတ်ခဲ့ရသည်။ ထိုသို့အရင်းအနှီးကြီးလှသော ဒီမိုကရေစီကို လမ်းကြောင်းမလွဲအောင်၊ ညှိုးခြောက်မသွားအောင်၊ ပျက်စီးမသွားအောင် ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ကြရပေမည်။ ဤတာဝန်မှာ နိုင်ငံ့သားမှန်သမျှ အားလုံးဝိုင်းဝန်းကာကွယ်ကြရမည့်တာဝန်
လည်းဖြစ်သည်။
      ယနေ့ဖြစ်ပျက်နေသော လူမျိုးရေး ဘာသာရေးအဓိကရုဏ်းသည် သွေးရိုးသားရိုးမဟုတ်ဘဲ အဖွဲ့အစည်းတစ်ခုခုမှ ရည်ရွယ်ချက်တစ်ခုအတွက် အကွက်ချကာ တမန်ဖန်တီးနေကြောင်းမှာ လူတိုင်းသိနိုင်လောက်အောင်ထင်ရှားလှသည်။ ထို့ပြင် ယခုဖြစ်ပျက်နေသော အဓိကရုဏ်းများသည် ဘာသာရေးကိုအခြေခံ၍ ဖြစ်ပျက်နေကြသည်မဟုတ်ဘဲ သာမန်နေ့စဉ်လူမှုဘဝ
ဖြစ်စဉ်များကို လူမျိုးရေး ဘာသာရေးအသွင်ဆောင်လာစေရန် ပုံဖေါ်ဖန်တီးကာ ထောင်ချောက်ဆင်နေကြခြင်းသာဖြစ်သည်ဟု မိမိယူဆပါသည်။ ဤအခြေအနေတွင် မိမိတို့သည် သတိ ဥာဏ်ပညာကြီးစွာထားလျှက် ရှောင်ရှားတတ်ရပေမည်။ သို့မဟုတ်ပါက ထောင်ချောက်မိကာ ရုန်းထွက်မရနိုင်တော့သော ထာဝရအကျဉ်းအကျပ်အခြေအနေထဲသို့ ဆိုက်ရောက်သွားနိုင်
ပါသည်။  အထူးသဖြင့်မိမိတို့ ဗုဒ္ဓဘာသာဝင်များသည် မြတ်ဗုဒ္ဓလမ်းညွန်တော်မူသည့်အတိုင်းသာ ဖြေရှင်းသင့်သည်။ အကြောင်းကား ဗုဒ္ဓဘာသာဝင်ဖြစ်နေသောကြောင့်ပင်ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်ဖြစ်လျှက် မြတ်ဗုဒ္ဓညွန်ကြားတော်မူသည့်အတိုင်း မဖြေရှင်းလျှင် ရေရှည်တွင် လုံးဝအောင်ပွဲဆင်နိုင်လိမ့်မည်မဟုတ်ချေ။ အနည်းငယ်ချဲ့ပါအံ့။ မြတ်ဗုဒ္ဓသည် မိမိသူတပါး နှစ်ဦးသားလုံးကို မထိခိုက်စေသော၊ ဘေးထွက်ဆိုးကျိုးကင်းသော၊ သွေးမစွန်းသောလမ်းစဉ်ဖြင့် သာသနာတော်ကို ဖြန့်ချီတော်မူခဲ့၏။ သံဃအဖွဲ့အစည်းကိုလည်း ထို့အတူပင်တည်ထောင်တော်မူခဲ့၏။ သံဃအဖွဲ့အစည်းကို တည်ထောင်ခြင်းဖြင့် မည်သည့်နိုင်ငံ မည်သည့်လူမျိုးကိုမှ မထိခိုက်မနစ်နာစေဘဲ လောကီကောင်းကျိုး လောကုတ္တရာ
ကောင်းကျိုးများကိုသာပေးစွမ်းတော်မူခဲ့ပါ၏။
     ထို့ပြင် ဗုဒ္ဓဘာသာဝင် ဘုရင်အဆက်ဆက်နှင့်ပြည်သူတို့ကလည်း ဘာသာရေးကို ခေါင်းစည်းတပ်ကာ ဘာသာမတူ လူမျိုးမတူသူများကို သွေးစွန်းအောင်မလုပ်ခဲ့။ ပျက်ဆီးအောင်လည်းမလုပ်ခဲ့။ ( လူမှုဘဝ၏ ဓမ္မတာသဘောအရပြဿနာ
အနည်းငယ်တော့ ရှိခဲ့ပါသည်။ ) အထူးသဖြင့် မြတ်ဗုဒ္ဓ၏ဓမ္မသည် သတိ၊ ကရုဏာနှင့်အသိဥာဏ်ပညာကို အခြေခံ၍
လောကဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေးကို ပေးသောဝါဒဖြစ်၏။ ထိုထက်မက လောကထက်ကျော်လွန်သော လောကုတ္တရာတရားကိုလည်း လမ်းညွန်နိုင်ပေးနိုင်စွမ်း၏။ မှန်၏။ လောကဖွံ့ဖြိုးရေးလုပ်ငန်းများကိုလုပ်ကြရာဝယ် သတိ၊ ကရုဏာနှင့် အသိဥာဏ်ပညာသည် မရှိမဖြစ်လိုအပ်သော အမြုတေဖြစ်၏။ စစ်မှန်သော လူသားအရင်းအမြစ်လဲဖြစ်၏။ အကယ်၍ ကရုဏာသာရှိပြီး အသိဥာဏ်
ပညာကင်းမဲ့လျှင် မျက်စိမမြင်ဘဲလမ်းလျှောက်သူကဲ့သို့ ခရီးလည်းမပေါက်၊ ဆူးငြောင့်ခလုပ်လည်းမလွတ်ဘဲ အန္တရာယ်သာ
များလေ၏။ ထို့ကြောင့် ကရုဏာသာရှိ၍ အသိဥာဏ်ပညာကင်းမဲ့သူသည် အဆိပ်ပင်ကိုလဲ ရေလောင်းမိတတ်၏။ ဆေးပင်ကိုလည်း
သေစေတတ်၏။ လောကအတွက် အန္တရာယ်များလှပါ၏။
     တဖန် အသိဥာဏ်ပညာသာရှိ၍ ကရုဏာကင်းမဲ့သူသည် မျက်စိသာမြင်၍ ခြေထောက်မပါသော သူနှင့်တူ၏။
ထိုသူမျိုးသည်လည်းလောကအတွက် အလုပ်လုပ်သည့်အခါ ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ဦးတည်စေတတ်၏။ အန္တရာယ်လည်းများ၏။ ကရုဏာရော ပညာပါ နှစ်မျိုးစလုံးကင်းမဲ့လျှင်ကား အထူးပြောဘွယ်ရာမရှိတော့၊ မိုက်တွင်းနက်ကာ ဆင်းရဲတွင်းနက်စေသော လုပ်ရပ်များကိုသာ ကျူးလွန်တော့မည်ဖြစ်၏။ အကယ်၍ ကရုဏာရော အသိပညာပါပြည့်ဝကြလျှင်၊ သို့မဟုတ် မွေးမြူကြလျှင် မြတ်ဗုဒ္ဓ၏လမ်းစဉ်နှင့်ညီညွတ်ပြီးကာ မည်ကဲ့သို့သော အဓိကရုဏ်းမျှဖြစ်ပေါ်လာနိုင်စရာ အကြောင်းမရှိချေ။ မည်သူက မည်သည့်အကြောင်းကြောင့် မည်သည့်ရည်ရွယ်ချက်ဖြင့် ထောင်ချောက်ဆင်သည်ဖြစ်စေ ဖန်တီးသည်ဖြစ်စေ အေးချမ်းစွာကျော်လွှာသွားနိုင်ကြမည်သာဖြစ်သည်။ ဤနေရာတွင် မေးစရာရှိပါ၏။ တဖက်က ရန်စလာလျှင် ဒီအတိုင်းပဲ ငုံခံနေရမှာလား၊ မတုန့်ပြန်ရတော့ဘူးလား ဟုမေးနိုင်ပါ၏။ မိမိတစ်ဦးတည်း၏ အယူအဆအရဆိုလျှင် တုန့်ပြန်ရမည်ဖြစ်၏။ ငုံ့ခံစရာမလိုပါ။ သို့သော် ဘယ်လိုတုန့်ပြန်မလဲ ဟူသော တုန့်ပြန်နည်းသည် အရေးကြီး၏။ တုန့်ပြန်ပုံတုန့််ပြန်နည်းသည် အဖြေ၏အသက်ပင်ဖြစ်၏။ ဤနေရာဝယ်မြတ်ဗုဒ္ဓတုန့်ပြန်ဖြေရှင်းခဲ့ပုံကို အနည်းငယ်ချဲ့ပြောလို၏။
     ဘာသာရေးအဓိကရုဏ်းသည် ယခုမှမဟုတ်ဘဲ မြတ်ဗုဒ္ဓသက်တော်ထင်ရှားရှိစဉ်ကပင် အကြိမ်ကြိမ်ဖြစ်ပွါးခဲ့၏။ အချို့ကမြတ်ဗုဒ္ဓကိုဝါဒရေးအရ တိုက်ခိုက်ကြ၏။ အချို့က လုပ်ကြံသတ်ဖြတ်၏။ အချို့က လိင်ကိစ္စဖြင့်စွပ်စွဲ၏။
အောင်ခြင်းရှစ်ပါးအနက်မှ အများသိပြီးသားဖြစ်ရပ်များနှင့်ယှဉ်ထိုးကာပြောပြချင်ပါ၏။ စိဉ္စမာနဆိုသော မိန်းမငယ်လေးသည်
မြတ်ဗုဒ္ဓကိုလိင်ကိစ္စဖြင့် မအပ်မရာစွပ်စွဲ၏။ သူမသည် ဘာသာခြားမိန်းမသားဖြစ်၏။ တရားတော်ကိုနာယူနေသော ဗုဒ္ဓဘာသာ ပရိတ်သတ်ကြီးရှေ့တွင် ရဲရဲတင်းတင်းလာရောက်စွပ်စွဲရဲသူဖြစ်၏။ နေရာကား သာဝတ္ထိပြည် ဇေတဝန်ကျောင်းဝင်းအတွင်းဖြစ်၏။ ဤကိစ္စကိုကြည့်ပါ။ ဗုဒ္ဓဘာသာ ကျောင်းဝင်းအတွင်းတွင် ဗုဒ္ဓဘာသာတရားနာပရိသတ်ကြီးရှေ့မှောက်ဝယ် မြတ်ဗုဒ္ဓကို ကိုယ်တိုင်ကိုယ်ကျ လာရောက်စွပ်စွဲရဲသောသတ္တိသည် နှယ်နှရရမဟုတ်ချေ။ ဤဘာသာရေးအဓိကရုဏ်းဖြစ်စေရန်ဖန်တီး
လုပ်ဆောင်မှုကို မြတ်ဗုဒ္ဓသည် မဟာကရုဏာတော်နှင့်သဗ္ဗညုတဥာဏ်တော်သက်သက်ဖြင့်သာတုန့်ပြန်ဖြေရှင်းခဲ့၏။
မည်သည့်ကြမ်းတမ်းသောအမှုအရာမျှဖြင့် မတုန့်ပြန်ခဲ့ပါ။ တရားတော်ကို နာယူနေကြသော လူထုကြီးကိုလည်း အားပေးအားမြှောက်မလုပ်ခဲ့။ အငြိမ်းချမ်းဆုံးသောနည်းလမ်းဖြင့်သာ ဖြေရှင်းအောင်မြင်ခဲ့၏။ အကြောင်းမှာ သူမ၏အပြစ်က သူမကိုတုန့််ပြန် စီမံမည်ဖြစ်သည်ကို သဗ္ဗညုတဥာဏ်တော်ဖြင့်သိနေသောကြောင့်ပင်တည်း။
    ထို့ပြင်မြတ်ဗုဒ္ဓကို အလွန်ကြမ်းတမ်းစွာတိုက်ခိုက်သော အာဠာဝကဘီလူးကိုလည်း မဟာကရုဏာတော်နှင့် သဗ္ဗညုတဥာဏ်တော်တို့ကို ပေါင်းစပ်၍ ဖြေရှင်းကာ အောင်တော်မူခဲ့၏။ မိမိဆိုလိုသည်မှာ ဗုဒ္ဓဘာသာဝင်များပီပီ
မြတ်ဗုဒ္ဓကျင့်သုံးတော်မူခဲ့ သင်ကြားတော်မူခဲ့သည့်အတိုင်း အထက်တန်းကျသောနည်းနာများဖြင့် တုန့်ပြန်ဘို့ပင်ဖြစ်ပါသည်။
ကောက်ရိုးမီးကဲ့သို့ ဟုန်းကနဲတောက်၍ ဝုတ်ကနဲငြိမ်းသွားသော ဒေါသစိတ်မျိုးဖြင့်မဖြေရှင်းကြဘို့ အလွန်အရေးကြီး၏။ ထို့ပြင် ဗုဒ္ဓဓမ္မသည် အရာရာကို သတိ၊ အသိပညာနှင့် ကရုဏာတို့ကိုအရင်းတည်၍သာ ဖြေရှင်းဘို့သွန်သင်ထားပါ၏။ အစွန်းမှန်သမျှကို ဖြတ်တောက်ကာ ခိုင်ကြည်တည့်မတ်သောလမ်းစဉ်ကိုလျှောက်လှမ်းရန်သင်ကြားပေးသော ဓမ္မလည်းဖြစ်၏။  ရေရှည်ကိုမကြည့်ဘဲ အစွန်းရောက်သော ဒေါသစိတ်များဖြင့် တုန့်ပြန်ကြလျှင် ဘယ်တုန်းကမှသွေးမစွန်းခဲ့ဘဲ အမြဲဖြူစင်ခဲ့သော ဗုဒ္ဓဘာသာဝင်တွေသည် မိမိတို့လက်ထက်ရောက်မှ သွေးစွန်းသောသမိုင်းကို ရေးသကဲ့သို့ဖြစ်သွားနိုင်၏။ ထို့ပြင် ဗုဒ္ဓဓမ္မကိုလည်း ညှိုးနွမ်းစေနိုင်ပါ၏။
     ထို့ပြင် ယခုလို အဆောက်အဦးများဖျက်ဆီးခြင်း၊ ရန်ပြုတိုက်ခိုက်ခြင်းစသော အပြုအမူများကြောင့် ဖြစ်ပေါ်လာသော ပျက်ဆီးဆုံးရှုံးမှု့ များသည် ဒီအတိုင်းပဲပြီးမသွားပါ။ အေးလဲမသွားပါ။ မှတ်တမ်းများအဖြစ်နှင့်ကျန်နေခဲ့ပါလိမ့်မည်။ ထိုမှတ်တမ်းများသည် မီးစများ မီးကြွင်းများအဖြစ်နှင့် ကြွင်းကျန်နေပါလိမ့်မည်။ ထိုမီးကြွင်းမီးစများသည် တစ်နေ့သောအခါတွင် မည်ကဲ့သို့သောအင်အား မည်ကဲ့သို့သောနည်းလမ်းများဖြင့် တန်ပြန်သက်ရောက်လာမည်မသိနိုင်ပါ။ အသေအချာသိသည်မှာ ထိုတန်ပြန်သက်ရောက်မှုသည် ကောင်းကျိုးတော့ဖြစ်လိမ့်မည်မဟုတ်ပါ။ ခလုပ်ထိမှ အမိတရတဲ့ အဖြစ်မျိုးမရောက်အောင် ယခုကတည်းက သတိ၊ ဥာဏ်ပညာနှင့် ကရုဏာတို့ကို အရင်းတည်၍သာ ဖြေရှင်းတုန့််ပြန်သင့်ကြပါသည်။
    မိမိတို့ကဤအတိုင်းသာ သူများကျားကွက်ရွှေ့တိုင်း ရွေ့နေကြလျှင်၊ သူများထောင်ချောက်ဆင်တိုင်း ဝင်နင်းနေကြလျှင်၊
ရေတိုဒေါသစိတ်ကိုသာ ဦးစားပေး၍ ရေရှည်ဗုဒ္ဓဓမ္မနည်းလမ်းကို မကျင့်သုံးကြလျှင် မိမိတို့သာလျှင် ဆုံးရှုံးနိုင်ဘွယ်ရှိသည်ဟု ထင်မြင်မိပါသည်။ ဥပမာအားဖြင့်လောလောဆယ်ဖြစ်နိုင်ချေရှိသည့် အရာကိုစဉ်းစားကြည့်ချင်ပါသည်။ ယခုဖြစ်ပျက်ခဲ့ပြီးသော
အဓိကရုဏ်းများမှ ပျက်ဆီးဆုံးရှုံးမှုစာရင်းကို အခြေခံ၍ သူတို့နှင့်သက်ဆိုင်ရာ အဖွဲ့အစည်းများသို့စာရင်းများကို အမှန်အတိုင်းတင်ချင်လည်းတင်မည်။ သို့မဟုတ် လိမ်လည်၍တင်ချင်လည်းတင်မည်။ ထိုအခါ OIC နှင့်တကွ ပြည်ပနိုင်ငံများမှ နည်းမျိုးစုံသုံး၍ ဖိအားပေးကာ ပြည်တွင်းသို့ အဖျက်အမှောင့် ပယောဂများ အဆက်မပြတ် ဝင်လာနိုင်သည်။ အဘယ့်ကြောင့်ဆိုသော် ယခုအခါကုလသမဂ္ဂတွင် လူ့အခွင့်အရေးဟူသော ခေါင်းစည်းကိုတပ်၍ မဲခွဲဆုံးဖြတ်လျှင် OIC သာနိုင်မည်။ အကြောင်းကား သူတို့သည် အများစုဖြစ်သောကြောင့်တည်း။
     မိမိတို့နိုင်ငံတွင်သာ လူ့အခွင့်အရေးဟူသော ခေါင်းစဉ်ကို ခေတ်သစ်လက်နက်အဖြစ်အသုံးပြုမှုခံနေရသော်လည်း အချို့သောမွတ်စလင်နိုင်ငံများတွင် လူ့အခွင့်အရေးကို ရက်ရက်စက်စက် ချိုးဖောက်ခံနေရသည်။ အထူးသဖြင့် အမျိုးသမီးများသည် လူ့အခွင့်အရေးနှင့်ပတ်သက်သော ဆုံးရှုံးမှုများ များပြားလှသည်။ သို့သော် UN သည် ထိုနိုင်ငံများအတွက် လူ့အခွင့်အရေးကို မအော်ပါ။ အမျိုးသမီးအခွင့်အရေးအတွက်လည်း နှုတ်ဆိတ်နေပါသည်။ အကြောင်းမှာ ကုလသမဂ္ဂတွင် မွတ်စလင်နိုင်ငံများက အများစုဖြစ်နေသောကြောင့်ပင်ဖြစ်၏။ ထို့ကြောင့် မိမိတို့မြန်မာများသည် စည်းလုံးညီညွတ်သော United Myanmar
များဖြစ်သင့်ကြပါသည်။ စည်းလုံးညီညွတ်သော ယူနိုက်တက်မြန်မာဟုဆိုသဖြင့် မျက်ကန်းမျိုးချစ် စိတ်ဓာတ်မျိုးဖြင့် စည်းလုံးရမည်ဟု မဆိုလိုပါ။ အစဉ်အမြဲနိုးကြားနေသော သတိ၊ ကျယ်ပြန့်စွာမျှော်မြင်တတ်သော အသိဥာဏ်ပညာ၊ အချင်းချင်းတန်ဘိုးထားလေးစားကာ ကြင်နာသနားတတ်သော ကရုဏာ စိတ်တို့ဖြင့် စည်းလုံးသော United Myanmar ဖြစ်ဖို့လိုပါသည်။
     ထို့ပြင် မိမိတို့ကို မတရားအပုတ်ချ စော်ကားလာလျှင် မည်ကဲ့သို့ဖြေရှင်းရမည်ကိုလည်းကောင်း၊ ချီးမွမ်းခြင်းခံရသောအခါ မည်ကဲ့သို့ပြုမူသင့်သည်ကိုလည်းကောင်း သီလက္ခန်ပါဠိတော် ဗြဟ္မဇာလသုတ်တော်တွင် မြတ်ဗုဒ္ဓဤသို့မိန့်ကြားတော်မူခဲ့ပါသည်။
        ရဟန်းတို့ သူတပါးတို့သည် ရတနာသုံးပါ၏ အပြစ်ကိုပြောကြလျှင် (ရှုတ်ချပြစ်တင်ပြောဆိုကြလျှင်)  ရန်ငြိုးထားခြင်း၊
နှလုံးမသာခြင်း၊ စိတ်မကျေချမ်းခြင်းမဖြစ်စေသင့်။ အကယ်၍ အမျက်ထွက်ကြလျှင် သူတပါးတို့၏ အကောင်းအဆိုးကို သိနိုင်ကြပါမည်လော။ ဤစကားသည် ဤအကြောင်းကြောင့်မဟုတ်၊မမှန်၊ စင်စစ် ဤအပြစ်သည် ငါတို့၌ ထင်ရှားမရှိ ဟု မဟုတ်သည်ကို မဟုတ်သည့်အတိုင်း ဖြေရှင်းရမည်။
    ရဟန်းတို့ သူတပါးတို့သည် ရတနာသုံးပါ၏ဂုဏ်တို့ကို ချီးမွမ်းပြောဆိုကြလျှင် နှစ်သက်ခြင်း၊ ဝမ်းသာခြင်း၊ စိတ်တက်ကြွခြင်းမဖြစ်စေသင့်။ သင်တို့သည် နှစ်သက်ဝမ်းသာ စိတ်တက်ကြွကြလျှင် သင်တို့အားသာလျှင် အန္တရာယ်ဖြစ်ရာ၏။ ဤစကားသည် ဤအကြောင်းကြောင့် ဟုတ်၏။ မှန်၏။ စင်စစ်ဤဂုဏ်သည်သာလျှင် ငါတို့၌  ထင်ရှားရှိပေ၏ဟု ဟုတ်မှန်သည်ကို ဟုတ်မှန်သည့်အတိုင်း ဝန်ခံရမည်။
     ထို့ကြောင့် ဖြစ်ရပ်မှန်သမျှကို ရေတိုဒေါသစိတ်၊ မျက်ကန်းမျိုးချစ်စိတ်များဖြင့် မတုန့်ပြန်ဘဲ၊ အစဉ်အမြဲနိုးကြားနေသောသတိ၊  ကျယ်ပြန့်စွာမျှော်မြင်တတ်သောအသိဥာဏ်ပညာ၊ အချင်းချင်းအပြန်အလှန် စာနာကြင်နာသနားတတ်သော ကရုဏာတို့ဖြင့်
ဖြစ်စဉ်ဖြစ်ရပ်များကို အမှန်အတိုင်း ဂဃနဏ သိအောင်ကြိုးစားကြလျှက် ရင်ဆိုင်တုန့်ပြန်သင့်ကြပါသည်။ အစိုးရအနေဖြင့်လည်း တရားမျှတသော တရားဥပဒေကို မွန်မြတ်သောလက်နက်အဖြစ် တိတိကျကျ အသုံးပြုကာကွယ် ဖြေရှင်းရမည်ဖြစ်သည်။
ပြည်သူများမှလည်း ဥပဒေ၏တန်ဘိုးကို သိမြင်နားလည်ကြလျှက် ဒေါသ အာဃာတစိတ်ထားများဖြင့် ဥပဒေ၏ပြင်ပဖြစ်သော တုန့််ပြန်မှုတို့ကို စောင့်စည်းကြရမည်ဖြစ်သည်။ သို့မှသာလျှင် အရသာပြည့်ဝသော ဒီမိုကရေစီအသီးအပွင့်ကိုလည်း မကြာခင် တဝကြီးခံစားနိုင်ကြပါလိမ့်မည်။ဗုဒ္ဓသာသနာတော်မြတ်ကြီးရော ဗုဒ္ဓဘာသာဝင်တွေပါ အမြဲတန်းဂုဏ်တင့်နေပါတော့မည်။
          ဒေါက်တာ ပညာဆာမိ။
***ဓမ္မမိတ်ဆွေများ၏အမှာစကား***