Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~
Saturday, November 15, 2014
အသုံးပြုတတ်ပါမှ
အမှန်တရားဟူသည် နေရာတိုင်း အချိန်တိုင်း ပုဂ္ဂိုလ်တိုင်းအတွက်အသုံးမတည့်ချေ။ 
တခါတရံ အန္တရာယ်ပင်ဖြစ်တတ်သေး၏။ ကာလ ဒေသ ပုဂ္ဂလကို သတိဥာဏ်ပညာတို့ဖြင့်နှိုင်းချိန်စိစစ်၍သာလျှင် အမှန်တရားကိုအသုံးပြုသင့်၏။ 
သို့မှသာလျှင် အမှန်တရားသည်ဘေးမဖြစ်ဘဲ ဆေးဖြစ်ပေမည်။ 
ဝေနေယျတို့အားသစ္စာဥာဏ်ဆိုက်အောင် မြတ်ဗုဒ္ဓ၏တရားဟောကြားတော်မူခြင်းကို
သတိမူ၍ အတုယူအသုံးပြုသင့်၏။ 
*~*~*~*~*~*~*~*
Friday, November 14, 2014
ဟိုဘက်ကမ်းနှင့်ဒီဘက်ကမ်း
လိုချင်တပ်မက်မောမှု့ ရက်စက်ကြမ်းကြုတ်မှု့ 
အမှားအမှန်နှင့်အကောင်းအဆိုးကိုမခွဲခြားနိုင်မှု့ 
 မောက်မာထောင်လွှားကာ ငါတကောကောမှု့ မနာလိုမှု့ 
ဝန်တိုမှု့ စသောကိလေသာတရားဆိုးများသည် သာသနာနှင့်မသက်ဆိုင်ဘဲ သာသနာပြင်ပတရားတို့သာဖြစ်၏။ အဆိုပါတရားဆိုးများ ထွန်းကားစည်ပင်လျှင် သာသနာစစ်သည်မှေးမှိန်၍ အဆိုပါတရားဆိုးများနဲပါးလျှင် သာသနာစစ်သည် ထွန်းလင်းတောက်ပလေ၏၊ သာသနာနှင့်တရားဆိုးတို့သည်
 သမုဒ္ဒရာ၏ ဟိုဘက်ကမ်းနှင့်ဒီဘက်ကမ်းပမာသာဖြစ်လေ၏။ 
*~*~*~*~*~*~*~*
Thursday, November 13, 2014
ကွာခြားချက်
ပညာရှိတို့၏ ဆွေးနွေးခြင်းသည် အနိုင်အရှုံးကို စိတ်မဝင်စား၊
ပညာရပ်နှင့်ယဉ်ကျေးမှုအမွေအနှစ်ကျန်ရစ်၏။ 
ပညာမဲ့တို့၏ ဆွေးနွေးခြင်းကား အနိုင်အရှုံးကိုသာ စိတ်ဝင်စား၏၊
 လောကကိုကောင်းကျိုးမပြုဘဲ အကျည်းတန်သောသမိုင်းသာ ကျန်ရစ်၏။
*~*~*~*~*~*~*~*
Wednesday, November 12, 2014
မြတ်ဗုဒ္ဓချီးမွမ်းသောအောင်မြင်မူ့ 
 လောကအမြင်အရတော့ ထင်ပေါ်ကျော်ကြားခြင်း၊ စည်းစိမ်ဥစ္စာချမ်းသာကြွယ်ဝခြင်း၊ ရာထူးဂုဏ်ရှိန်ရှိခြင်း၊ တက်ခြင်း အခြံအရံပေါများခြင်းစတာတွေဟာ အောင်မြင်ခြင်းတွေပါပဲ။ ဒီအမြင်ကို ဗုဒ္ဓက မကန့်ကွက်ပါဘူး။ သို့သော် အချိန်မရွေးဆုံးရှုံးပျက်ဆီးသွားနိုင်ပြီး ထာဝရအာမခံချက်မရှိတဲ့အပေါ်ယံအောင်မြင်မှုသာဖြစ်လို့ မြတ်ဗုဒ္ဓကမချီးမွမ်းပါဘူး။
မြတ်ဗုဒ္ဓအလိုအရ လော ဒေါ မောစတဲ့ ကိလေသာမှန်သမျှကို အမြစ်ပြတ်သုတ်သင်နိုင်ပြီး လွတ်မြောက်မှုအရသာကိုဥာဏ်နဲ့သိမြင်ခံစားနိုင်မှ စစ်မှန်သောအောင်မြင်မှုလို့သတ်မှတ်ပါတယ်။ ဘယ်တော့မှမဆုံးရှုံးမပျက်ဆီးနိုင်တော့ဘဲ အမြဲထာဝရအာမခံချက်ရှိတဲ့အောင်မြင်မှုဖြစ်လို့ မြတ်ဗုဒ္ဓချီးမွမ်းတော်မူပါတယ်။ 
*~*~*~*~*~*~*~*
***ဓမ္မမိတ်ဆွေများ၏အမှာစကား***