Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Friday, November 7, 2014

သည်းခံတယ်ဆိုတာ




သည်းခံတယ်ဆိုတာ တဖက်သားကိုသည်းခံတာမဟုတ်ဘူး။ တိုက်ရိုက်အားဖြင့် မိမိရဲ့ လောဘ ဒေါသ မောဟ မာနတွေကို ကျေနပ်စွာဖြေလျှော့တာဖြစ်တယ်။ အောင့်အောင့်အီးအီးနဲ့ အားမတန်မာန်လျှော့တာမျိုးကို ဆိုလိုတာမဟုတ်ဘူး။ တဖက်သားကိုတော့သွယ်ဝိုက်သောအားဖြင့် သည်းခံရတာဖြစ်တယ်။ ဒီ လော ဒေါ မော စတဲ့ ကိလေသာတွေကို ဖြေလျှော့နိုင်ရင် သည်းခံနိုင်ရင် အောင်မြင်အေးချမ်းသူဖြစ်နိုင်တယ်။ သည်းခံနိုင်တဲ့ အတိုင်းအတာအလျောက် အောင်မြင်အေးချမ်းမှု ပမာဏလဲ ကွာခြားတယ်။

*~*~*~*~*~*~*~*



Thursday, November 6, 2014

သတင်းအမှောင်


                                                                                   

သတင်းအမှောင်ချခြင်းသည် လူသား၏အသိဥာဏ်ကို 
တားဆီးခြင်းဖြစ်သည်။ ဗဟုသုတကို ကန့်ကွက်ခြင်းဖြစ်သည်။ 
ပညာအညွန့်ကို ချိုးခြင်းဖြစ်သည်။ အနာဂတ်ကို ပိတ်ပင်ခြင်းဖြစ်သည်။


*~*~*~*~*~*~*~*

Monday, October 27, 2014

မင်းကျင့်တရား (၁၀) ပါး


ဒကာကြီး ဦးဇော်ဝင်း၏ တတိယမေးခွန်းကိုဖြေဆိုပေးလိုက်ပါသည်။

မင်းကျင့်တရား (၁၀) ပါး

 ရှေးရှေးသောအခါကာလဝယ် သက်ဦးဆံပိုင်ဘုရင်များကစိုးမိုးအုပ်ချုပ်စဉ် အုပ်ချုပ်သူမင်းတို့ကျင့်သုံးလိုက်နာရမည့် စည်းကမ်းဥပဒေများကို 
မင်းကျင့်တရားဟုခေါ်ဆိုခဲ့ကြသည်။ ယနေ့ခေတ်အရ “အစိုးရကျင့်ဝတ်” ဟုဘာသာပြန်ရသော် အဆင်ပြေနိုင်သည်။ မှန်၏။ အဖွဲ့ အစည်းတိုင်းသည်သက်ဆိုင်သည့်ကျင့်ဝတ်တရားတို့ကို ကျင့်ဆောင်မှသာလျှင် ထိုအဖွဲ့ အစည်းအတွင်းမှာရော ထိုအဖွဲ့ အစည်းနှင့်သက်ဆိုင်သူ
အားလုံးမှာပါ ကျင့်ဝတ်တို့၏ကောင်းကျိုးကို သာတူညီမျှပြုံးပျော်စွာခံစားနိုင်ကြပေမည်။ 
လူမှုရေးအဖွဲ့ အစည်းမှအစ ဆွမ်းလောင်းအသင်းအပါအဝင် 
ဘာသာရေးအဖွဲ့ အစည်း၊ နိုင်ငံရေးအဖွဲ့ အစည်းစသည့်အဖွဲ့ အစည်းမျိုးစုံတွင် 
သက်ဆိုင်ရာစည်းမျဉ်းများရှိရသကဲ့သို့ အစိုးရအဖွဲ့ အစည်းသည်လည်း 
သက်ဆိုင်ရာစဉ်းမျဉ်းများ ကျင့်ထုံးများ ကျင့်ဝတ်များ ဥပဒေများရှိရသည်သာဖြစ်သည်။ နိုင်ငံတနိုင်ငံတွင်အစိုးရအဖွဲ့၏ အဆိုပါစည်းမျဉ်းများသည် အရေးအကြီးဆုံးပင်ဖြစ်သည်။

အစိုးရအဖွဲ့ အစည်းများလိုက်နာကျင့်သုံးရမည့် ကျင့်ဝတ်တရားတို့ကို သက်ဆိုင်ရာနိုင်ငံ၏ အခြေခံဥပဒေတွင်ထည့်သွင်းပြဋ္ဌာန်း၍ ကျင့်သုံးကြသည်။ သို့သော် တခါတရံ 
အချို့ သောနိုင်ငံများတွင် အုပ်ချုပ်ခံပြည်သူလူထုအတွက် လုံလောက်သောအကာအကွယ်ကို
မပေးထားဘဲ အုပ်ချုပ်သူလူတန်းစားတစ်ခုတည်းအတွက်သာ အကာအကွယ်နှင့်ကြီးပွါးရေးကို အလေးပေးကာရေးဆွဲထားသော အခြေခံဥပဒေများလည်းရှိတတ်လေသည်။ အကယ်၍ 
ထိုအတိုင်းရှိခဲ့လျှင် ထိုတိုင်းပြည်သည် မည်သည့်အခါမျှတိုးတက်၍ အေးချမ်းမည်မဟုတ်ဘဲ နယ်ပယ်အသီးသီးတွင် ဆုတ်ယုတ်ပျက်စီးကာ ရတက်မီးပွါးနေရသောနိုင်ငံသာဖြစ်နေပေမည်။ အကြောင်းမှာ အစိုးရအဖွဲ့ အစည်း၏ “အစိုးရကျင့်ဝတ် သို့မဟုတ် မင်းကျင့်တရား” သည် 
လူမှုအဖွဲ့ အစည်းကြီးတခုလုံးနှင့်နိုင်ငံတခုလုံးအတွက် အရေးအကြီးဆုံးသော ဥပဒေဖြစ်နေသောကြောင့်ပင်ဖြစ်သည်။ ထို့ကြောင့် မြတ်ဗုဒ္ဓသည် အစိုးရကျင့်ဝတ်တရားတို့ကို သုတ္တန်မှာလည်းဟောခဲ့သည်။ ဇာတကများတွင်လည်းဟောတော်မူခဲ့သည်။ 
ထိုထိုဟောတော်မူခဲ့သော အစိုးရနှင့်သက်ဆိုင်သည့်ကျင့်ဝတ်များအနက်မှ ဤနေရာတွင်မေးထားသောမင်းကျင့်တရား (၁၀) ပါးကိုသာဖြေဆိုပါမည်။


     အစိုးရကျင့်ဝတ်

ဒါနံ သီလံ ပရိစ္စာဂံ၊ အဇ္ဇဝံ မဒ္ဒဝံ တပံ။
အက္ကောဓံ အဝိဟိံသဉ္စ၊ ခန္တီစ အဝိရောဓနံ။ (တေသကုဏဇာတ်)
တေသကုဏဇာတ်တော်တွင် မင်းကျင့်တရားဆယ်ပါးကို မြတ်ဗုဒ္ဓရှင်တော်မှ အထက်ပါအတိုင်းဟောကြားတော်မူခဲ့ခြင်းဖြစ်သည်။ အထက်ပါ ဂါထာကို ပွင့်လင်းမြင်သာစေရန်မျှ အကျဉ်းချုပ်၍ရှင်းလင်းပါမည်။

၁။ ဒါနံ၊ ပေးကမ်းလှုဒါန်းရမည်။ မှန်၏။ မြင့်မြတ်သည့်သူတော်စင် အလှုခံပုဂ္ဂိုလ်များနှင့်မရှိဆင်းရဲသောပြည်သူများအား လိုအပ်သည့်နေရာများတွင်ထောက်ပံ့
ပေးရခြင်းသည် အစိုးရတို့၏ အဓိကလုပ်ဆောင်ရမည့်တာဝန်ဖြစ်သည်။ ဤနေရာ၌ 
လှုဒါန်းသည်ဆိုရာဝယ် ဘဏ္ဍာငွေများကို စိုက်ထုတ်ထောက်ပံ့ပေးခြင်းသက်သက်ကိုသာ
ဆိုလိုသည်မဟုတ်၊ ရဟန်းရှင်လူပြည်သူအများကောင်းကျိုးဖြစ်စေမည့်အရာမှန်သမျှအတွက် လာဘ်လာဘကိုမငဲ့ကွက်ဘဲ လက်မှတ်လေးတစ်ချက်မျှရေးခြစ်ပေးခြင်းသည်လည်း ထောက်ပံ့လှုဒါန်းခြင်းပင်ဖြစ်သည်။ အကယ်၍ မိမိ၏ကိုယ်ပိုင်ငွေကြေးအကျိုးအမြတ်အတွက်
လောဘရမ္မက်တက်၍ အပေးအယူသဘောဖြင့် လက်မှတ်ထိုးပေးခြင်းဖြစ်လျှင် 
ဒါနမဟုတ်သည့်အပြင် သူခိုးစာရင်းပင်ဝင်သွားပြန်သည်ကို အလေးအနက်သတိပြုသင့်သည်။ 
ဤကဲ့သို့ လက်မှတ်ထိုး၍စီးပွါးရှာကြသူများ သို့မဟုတ် လက်မှတ်ထိုး၍ ခိုးယူကြသူများအုပ်ချုပ်သောတိုင်းပြည်ဖြစ်လျှင် မည်သည့်ဘာသာကိုကိုးကွယ်သည်ဖြစ်စေ၊ မည်သည့်လူမျိုးပင်ဖြစ်စေ၊ မည်သည့်အရပ်ဒေသပင်ဖြစ်စေ၊ (အာရှ ဥရောပ အမေရိကစသည် ဖြစ်ချင်သည့်ဒေသဖြစ်ပါစေ) မည်သည့်ခေတ်ကာလတွင်ဖြစ်စေ ထိုတိုင်းပြည်ရှိ ပြည်သူပြည်သားအများစုသည် မတရားအဓမ္မမြစ်ကြီးများမှ စနစ်ဆိုးလှိုင်းတံပိုးများ၏ ဆိုးရွားစွာရိုက်ခတ်မှုကြောင့် သောကပင်လယ်ပြင်တွင် ထောက်တည်ရာ ကာကွယ်ရာမရှိဘဲ မျောပါနေကြရပေမည်။ လုံခြုံမှုမရှိဘဲအမြဲတန်း အောက်ကျနောက်ကျဘဝတို့ဖြင့်သာ 
ရှင်သန်ကြရပေမည်။ ထို့ပြင် အာဏာမှန်သမျှကို တဦးတည်းပိုင်ချုပ်ကိုင်မထားဘဲ ပြည်သူတဦးချင်းစီ၏အခွင့်အရေးနှင့်လွတ်လပ်မှုကို တရားမျှတစွာ
လိုက်လျောပေးခြင်းသည်လည်း စစ်မှန်သောဒါနပင်ဖြစ်သည်ကို 
အထူးသတိထားကျင့်သုံးသင့်သည်။

၂။ သီလံ၊ အနည်းဆုံးငါးပါးသီလလုံခြုံရမည်။ ရဟန်းရှင်လူ ပြည်သူအများကို လိုလျှင်တမျိုး 
မလိုလျှင်တမျိုး တရားဥပဒေမဲ့သောဆန္ဒာဂတိလုပ်ရပ်မျိုးဖြင့် သတ်ဖြတ်ခြင်း၊ ညှင်းဆဲခြင်း၊ အကျဉ်းချခြင်းတို့မှရှောင်ကြည်ရမည်။ ပြည်သူပိုင် တိုင်းပြည်ပိုင်ပစ္စည်းများကို အာဏာသုံးကာ မတရားသောနည်းလမ်းမျိုးစုံဖြင့်လှည့်စားယူဆောင်ခြင်း၊ ခေါင်းပုံဖြတ်ခြင်းများကိုရှောင်ကြဉ်ရမည်။ ကာမေသုကိုလည်းရှောင်ကြဉ်ရမည်။ မုသားပြောဆိုခြင်းမှလည်း ရှောင်ကြဉ်ရမည်။ မုသားဆိုရာဝယ်ပါးစပ်ကလိမ်ပြောမှမုသားမဟုတ်၊ မိမိဖြစ်ချင်သော ရလိုသောလောဘအတွက် မတရားလိမ်လည်လိုသောစိတ်ထားဖြင့် ဥပဒေပြဋ္ဌာန်း၍လုပ်ကိုင်ဆောင်ရွက်ခြင်းသည်လည်း မုသာဝါဒပင်ဖြစ်သည်ကို နားလည်ကာသတိပြုရှောင်ကြဉ်ရမည်။  အရက်သေစာသောက်စားမူးယစ်၍တိုင်းရေးပြည်ရာ စီမံခန့်ခွဲခြင်းကို ရှောင်ကြဉ်ရမည်။

၃။ ပရိစ္စာဂံ၊ တိုင်းပြည်အတွက် အသက်ကိုပင်ပဓာနမထားဘဲမိမိ၏စည်းစိမ်နှင့်တကွ
ကျော်ကြားမှုတို့ကိုစွန့်လွှတ်နိုင်ရမည်။ ဝန်ထမ်းများကို လောက်ငအောင်လစာပေးရမည်။ ဝန်ထမ်းများကိုလစာလောက်ငအောင်မပေးလျှင် အဂတိတရားများကိုဖိတ်ခေါ်သည့်သဘော
သက်ရောက်သည်။ ကိုယ်ကျင့်တရားပျက်ပြားမှုသို့ ဦးတည်သွားစေနိုင်သည်။ မှန်၏။ 
ဝန်ထမ်းများအား လုံလောက်သောလစာကိုပေးထားသောနိုင်ငံများတွင် အဂတိတရားများ၊ ကိုယ်ကျင့်တရားခြစားမှုများ ကင်းရှင်းသည်ကို သို့မဟုတ် နည်းပါးသည်ကို 
ယနေ့ခေတ်တွင်လက်တွေ့  တွေ့မြင်နိုင်သည်။ (စာဖတ်သူသိပြီးသားဖြစ်သဖြင့် သာဓကနိုင်ငံများကိုဖေါ်မပြတော့ပါ)

၎။ အဇ္ဇဝံ၊ ရိုးသားဖြောင့်မတ်ရမည်။ တိုင်းပြည်တာဝန်ကိုထမ်းဆောင်ရာဝယ် 
“အထက်ဖားအောက်ဖိ” သို့မဟုတ် “အပေါ်ကြောက် အောက်နင်း” သဘောထား
ကင်းလွတ်စွာဖြင့် ရိုးသားဖြောင့်မတ်စွာထမ်းဆောင်ရမည်။ ပြည်သူကို ကောက်ကျစ်သောစိတ်ထားဖြင့်မလှည့်စားရ။

၅။ မဒ္ဒဝံ၊ ယဉ်ကျေးသိမ်မွေ့ရမည်။ အများပြည်သူနှင့်ဆက်ဆံသည့်အခါ အမူအရာနှင့်အပြောအဆိုနူးညံ့သိမ်မွေ့ ရမည်။ အာဏာအထက်စီးဖြင့် ရိုင်းပြစွာဆက်ဆံပြုမူပြောဆိုခြင်းအလျင်းမပြုရ။ မှန်၏။ “မင်းတို့စကား မိုးကြိုးသွား” 
ဟူသကဲ့သို့ အုပ်ချုပ်သူတို့၏ စကားသည်ပြည်သူများအပေါ်တွင် ကြီးမားစွာရိုက်ခတ်၏။ 
အုပ်ချုပ်သူတို့၏ ရိုင်းပြကြမ်းတမ်းသော ပြုမူပြောဆိုဆက်ဆံမှုများသည် မိုးကြိုးပစ်သကဲ့သို့ ပြည်သူကိုအထိနာစေသည်။ ထို့ကြောင့် မိုးကြိုးမဖြစ်စေဘဲ အားကိုးယုံကြည်ထိုက်သူဖြစ်အောင် ယဉ်ကျေးသိမ်မွေ့ ရမည်။

၆။ တပံ၊ မိမိကိုယ်ကိုထိန်းချုပ်၍ တစိုက်မတ်မတ်ရိုးသားသောဘဝဖြင့်နေထိုင်ရမည်။ စည်းစိမ်ဥစ္စာဖြင့်ဖျားယောင်းမှုနောက်သို့မလိုက်ရ။ မှန်၏။ အာဏာရှိသူနောက်သို့အခွင့်အရေးသမားလိုက်တတ်သည်မှာ သဘာဝဖြစ်သည်။ 
အခွင့်ရေးသမားတို့၏ စည်းစိမ်ဥစ္စာဖြင့်ဖြစ်စေ အခြားနည်းဖြင့်ဖြစ်စေ ဖျားယောင်းသော်လည်း ကိုယ့်ကိုယ်ကိုထိန်းချုပ်နိုင်သော အတ္တသမ္မာပဏိဓိမင်္ဂလာဖြစ်အောင် ကျင့်ဆောင်ရမည်။

၇။ အက္ကောဓံ၊ လက်အောက်ငယ်သားများနှင့်တကွပြည်သူအပေါ် ဒေါသအမျက်မထွက်ရ။ 
မှန်၏။ ဒေါသကြီးသောသူသည် အများပြည်သူကိုအစိုးရသူဖြစ်ဖို့မဆိုထားနှင့် သူတစ်ဦးတည်းအတွက်ပင်ကြီးပွါးရေးလုပ်ငန်းများဆောင်ရွက်ဖို့ အခက်အခဲရှိသည်။ 
အကယ်၍ ဒေါသကြီးသူသာအစိုးရသူဖြစ်လျှင် တိုင်းသူပြည်သားများသည် လူရာမဝင်ဆံ့သောမိဘ၏လက်အောက်တွင်နေရသကဲ့သို့ ကမ္ဘာ့အလယ်တွင် 
မျက်နှာငယ်ရပေမည်။

၈။ အဝိဟိံသ၊ တိုင်းသူပြည်သားများကို အကြမ်းမဖက်ရ၊ မညှင်းဆဲ မနှိပ်စက်ရ။ ထို့ပြင် တိုင်းသူပြည်သားအချင်းချင်း ဖြစ်နေသည့်စစ်ပွဲများကိုရပ်တန့်ခြင်း သို့မဟုတ် ရှောင်ကြဉ်ခြင်းများကိုဆောင်ရွက်ရမည့်အပြင် ငြိမ်းချမ်းရေးကိုလည်း မြှင့်တင်ရမည်။ 
မှန်၏။ တိုင်းသူပြည်သားအချင်းချင်းရန်ဖြစ်နေကြလျှင် သို့မဟုတ် ရက်စက်စွာညှင်းဆဲ
တိုက်ခိုက်နေကြလျှင် ထိုတိုင်းပြည်သည် လုံးဝမတိုးတက်၊ မအေးချမ်းနိုင်ချေ။ 
ယနေ့ဖွံ့ဖြိုးပြီးနိုင်ငံများသည် လက်နက်ကိုင်၍ အနိုင်ကျင့်တိုက်ခိုက်မှုမျိုးနှင့်နှိပ်စက်ခြင်းမျိုး လုံးဝမရှိသည်ကိုတွေ့မြင်နိုင်သည်။ အကယ်၍ တိုက်ခိုက်သည်ဆိုလျှင်လည်း နှလုံးရည်တိုက်ပွဲသာ အချင်းချင်းဆင်နွှဲကြသည်ကိုတွေ့မြင်နိုင်သည်။

၉။ ခန္တီ၊ သည်းခံရမည်။ တိုင်းပြည်အတွက်လုပ်ငန်းဆောင်ရွက်ရာဝယ် တွေ့ကြုံလာရသောအခက်
အခဲများ၊ အကြပ်အတည်းများကိုသည်းခံရမည့်အပြင် ပြည်သူအများကအထင်အမြင်လွဲမှား၍ စွပ်စွဲပြောဆိုလာလျှင်လည်း သည်းခံရမည်။

၁၀။ အဝိရောဓနံ၊ ရဟန်းရှင်လူပြည်သူနှင့်တကွအမတ်များ၏ဆန္ဒနှင့်မဆန့်ကျင်ရ၊ တိုင်းသူပြည်သားအများစု၏ဆန္ဒနှင့်အတူ ညီညွတ်မျှတစွာ တိုင်းပြည်အကျိုးကို သယ်ပိုးရမည်။ 
အကယ်၍ အနည်းစု၏ဆန္ဒနှင့်သာအကောင်အထည်ဖေါ်လျှင် တိုင်းသူပြည်သားအများစုအတွက်မဖြစ်နိုင်တော့ချေ။ အများစု၏ဆန္ဒနှင့်မဆန့်ကျင်ဘဲအကောင်အထည်ဖေါ်မှသာ တိုင်းပြည်အကျိုးသယ်ပိုးသည်ဟု ခေါ်နိုင်သည်။ ဤနံပါတ် (၁၀) ကျင့်ဝတ်သည် ယနေ့ခေတ်ဒီမိုကရေစီ၏
လမ်းစဉ်လည်းဖြစ်သလိုအနှစ်သာရလည်းဖြစ်သည်။

အထက်ပါ အစိုးရကျင့်ဝတ်တရားဆယ်ချက်နှင့်အညီအုပ်ချုပ်သောတိုင်းပြည်သည် 
သို့မဟုတ် ကိုးချက်၊ ရှစ်ချက်၊ ခုနစ်ချက်လောက်မျှဖြင့်အညီအုပ်ချုပ်သောတိုင်းပြည်သည် 
မည်သည့်လူမျိုး မည်သည့်ဘာသာဝင် မည်သည့်ခေတ် မည်သည့်ကမ္ဘာတွင်ဖြစ်စေ အထက်တန်းတွင်ရောက်နေမည်မှာ သေချာလှတော့သည်။ အဆိုပါ အစိုးရကျင့်ဝတ်တရားများ မည်သည့်နိုင်ငံတွင် အပြည့်အစုံရှိနိုင်သည် သို့မဟုတ် မည်သည့်နိုင်ငံတွင် အကင်းမဲ့ဆုံးဖြစ်သည် 
သို့မဟုတ် မည်သည့်နိုင်ငံတွင် အများစုကျင့်သုံးသည် သို့မဟုတ် မည်သည့်နိုင်ငံတွင် အနည်းစုကျင့်သုံးသည်ကိုမူ အသင်စာဖတ်သူကိုယ်တိုင်သာ စဉ်းစားပါလော့။ နိုင်ငံတော်အခြေခံဥပဒေများတွင် ဤအစိုးရကျင့်ဝတ်တရား ဆယ်ပါးလုံးပါဝင်အောင် ရေးစွဲပြဋ္ဌာန်းကာကျင့်သုံးနိုင်ကြလျှင်မူကား……..။  ကျင့်သုံးနိုင်ကြပါစေဟု
 မေတ္တာပို့သလိုက်ပါသည်။
ဒကာကြီး ဦးဇော်ဝင်း၏ တတိယမေးခွန်းကိုဤမျှဖြင့်အဆုံးသတ်လိုက်ပါသည်။

  ဒေါက်တာအရှင်ပညာသာမိ {ဘုန်းသူရိန်}

Friday, October 24, 2014

မိတ်ဆွေစစ် (၂) မိတ်ဆွေစစ်မှတ်ကျောက်


ချစ်သား သိင်္ဂိါလ ခုပြောပြခဲ့တဲ့မိတ်ဆွေစစ်လေးယောက်အနက် ပထမတစ်ယောက်ဖြစ်တဲ့ မိမိအားအထူးကျေးဇူးပြုပေးနိုင်တဲ့ မိတ်ဆွေစစ် ဟုတ် မဟုတ်ကို ဒီအချက်လေးချက်နဲ့စစ်တမ်းထုတ်နိုင်တယ်။

၁။ မေ့လျော့မူးယစ်၍ အသက်နှင့်ခန္ဓာအတွက်စိုးရိမ်ဖွယ်ဖြစ်သည့်အခါ စောင့်ရှောက်ပေးခြင်း၊
၂။ မေ့လျော့မူးယစ်၍ စည်းစိမ်ဥစ္စာနှင့်ရာထူးများ ပျက်ဆီးဖွယ်ရာကြုံသည့်အခါစောင့်ရှောက်ပေးခြင်း၊
၃။ ကြောက်လန့်အားနဲသည့်အခါ အားကိုးရာဖြစ်ခြင်း၊ အားကိုး၍ရခြင်း၊
၎။ ကိစ္စကြီးငယ်ရှိလာသည့်အခါ မိမိကပြုဖူးသည်ထက် နှစ်ဆပို၍ကျေးဇူးပြုပေးခြင်း၊ အပြောထက် လက်တွေ့ကျသောအလုပ်ဖြင့် ကျေးဇူးပြုပေးခြင်း၊
ချစ်သား သိင်္ဂိါလ ဒီအချက်လေးချက်ဟာ ပထမဖြစ်တဲ့မိမိအားအထူးကျေးဇူးပြုပေးနိုင်တဲ့ မိတ်ဆွေစစ် ဟုတ် မဟုတ်ကို သိနိုင်တဲ့မှတ်ကျောက်တွေဖြစ်တယ်။

ချစ်သားသိင်္ဂိါလ ဒုတိယမြောက်မိတ်ဆွေဖြစ်တဲ့ ဆင်းရဲနှင့်ချမ်းသာကိုမိမိနှင့်အတူဝေမျှခံစားနိုင်သူ ဟုတ်/မဟုတ်ကိုလည်း ခုပြောပြမယ့်အချက်လေးချက်နဲ့ စစ်တမ်းထုတ်နိုင်တယ်။

၁။ သူ၏လျှို့ ဝှက်ချက်ကိုလည်း မိမိထံမှာဖွင့်ဟကာ လျှို့ ဝှက်ထားခြင်း၊
၂။ မိမိ၏လျှို့ ဝှက်ချက်ကိုလည်း လုံခြုံအောင်လျှို့ ဝှက်ပေးခြင်း၊ (အတွင်းရေးများကို အပြန်အလှန်နားလည်စွာ လျှို့ ဝှက်ထားခြင်း)
၃။ ဘေးရန်ဖြစ်သောအခါ မိမိကိုစွန့်ပစ်၍ ကိုယ်လွတ်ရုန်းမထွက်ခြင်း၊
၎။ မိမိအတွက် အသက်ကိုပင်စွန့်၍ဆောက်ရွက်ပေးခြင်း၊
ချစ်သားသိင်္ဂိါလ ဒီအချက်လေးချက်ဟာ ဒုတိယမြောက်မိတ်ဆွေကိုမှတ်ကျောက်တင်နိုင်တဲ့အချက်အလက်တွေဖြစ်တယ်။

ချစ်သား သိင်္ဂိါလ တတိယမြောက်မိတ်ဆွေဖြစ်တဲ့ မိမိအားကောင်းသောအကျိုးစီးပွါးဖြစ်မည့်အရာကိုသာ အကြံပြု/ပြောကြားသူ အမှန်တကယ်ဟုတ် မဟုတ်ကိုလည်း အောက်ပါအချက်လေးချက်နဲ့တိုင်းတာ
နားလည်သင့်တယ်။
၁။ မကောင်းမှုမှန်သမျှကို တားမြစ်ခြင်း၊
၂။ ကောင်းမှုမှန်သမျှကို အားပေးကူညီခြင်း၊
၃။ မသိဘူးသေး မကြားဘူးသေးသော ကြီးပွါးကြောင်းနည်းလမ်းကောင်းများနှင့်တရားတော်များကို ပြောပြသွန်သင်ပေးခြင်း၊
၎။ သံသရာကောင်းကျိုးနှင့်နတ်ပြည်ရောက်ကြောင်းတရားများကို ပြောကြားပေးခြင်း၊
ချစ်သား သိင်္ဂိါလ ဒီအချက်လေးချက်ဟာ တတိယမြောက်မိတ်ဆွေအတွက် မှတ်ကျောက်ဖြစ်တယ်။

ချစ်သား သိင်္ဂိါလ စတုတ္ထမြောက်မိတ်ဆွေဖြစ်တဲ့ မိမိအားအစဉ်အမြဲ ငဲ့ညှာသနားကြင်နာသူ ဟုတ် မဟုတ်ကိုလည်း အောက်ပါအချက်လေးချက်နဲ့ကောက်ချက်စွဲကာ သုံးသပ်နားလည်သင့်တယ်။

၁။ မိမိ၏အကျိုးစီးပွါးမဖြစ်ထွန်းလျှင် မနှစ်သက်မလိုလားခြင်း၊
၂။ မိမိ၏အကျိုးစီးပွါး ဖြစ်ထွန်းသည်ကိုသာ နှစ်သက်လိုလားခြင်း၊
၃။ မိမိအားကဲ့ရဲ့စကားပြောသူကို ကန့်ကွက်ခြင်း၊
၎။ မိမိအားချီးမွမ်းစကားပြောကြားသူကို ထောက်ခံခြင်း၊
ချစ်သား သိင်္ဂိါလ ဒီအချက်လေးချက်နဲ့ပြည့်စုံရင် စတုတ္ထမြောက်မိတ်ဆွေအစစ်ဖြစ်ပြီလို့ နားလည်ရမယ်။ အထက်ပါ အချက်များနဲ့ပြည့်စုံညီညွတ်တဲ့ မိတ်ဆွေစစ်ကိုတွေ့ပြီဆိုရင် မိခင်ဟာ သားကိုချဉ်းကပ်သလို အစဉ်အမြဲ မခွဲမခွါချဉ်းကပ်ပေါင်းသင်းထိုက်တယ်” ဟူ၍ မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့သည်။ (ဒီဃနိကာယ၊ ပါထိကဝဂ္ဂပါဠိ၊ သိင်္ဂိါလသုတ်)

ထို့ကြောင့် ဘဝအောင်မြင်ရေးကိုမျှော်တွေး၍အထက်တန်းကိုလျှောက်လှမ်းသူများသည်လည်းကောင်း၊ ဘဝကိုအေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းလိုသူများသည်လည်းကောင်း၊ သံသရာတွင်အထက်တန်းကျကျ မျက်နှာပန်းလှလှဖြင့် ကျင်လည်လိုသောသူများသည်လည်းကောင်း၊ မိမိကောင်းကျိုးနှင့်လောကကောင်းကျိုး ထိုနှစ်မျိုးကိုသယ်ပိုးဆောင်ရွက်လိုသူသည်လည်းကောင်း မြတ်ဗုဒ္ဓညွှန်ပြမိန့်မှာတော်မူခဲ့သည့် မိတ်ဆွေစစ် မိတ်ဆွေကောင်းများကို ခွဲခြားနားလည်၍ ပေါင်းသင်းနိုင်ဖို့အရေးကြီးလှပေသည်။ ထို့ထက် မိမိကိုယ်တိုင်သည်လည်း အခြားသူများအတွက် မိတ်ဆွေစစ် မိတ်ဆွေကောင်းဖြစ်ရန် ပို၍အရေးကြီးသည်ဟု ထင်မြင်မိသည်။ သူများကကောင်းမှ စစ်မှ မိမိကကောင်းမည် စစ်မည်ဆိုလျှင် မိမိကနောက်လိုက်သာလျှင်ဖြစ်ပေမည်။ မိမိက ဦးဆောင်၍ကောင်းပြ စစ်ပြနိုင်လျှင်ပို၍ပင်ကောင်းပေမည်။

အထက်ပါ မိတ်ဆွေစစ်အင်္ဂါများကို ချုပ်၍သုံးသပ်ရသော် မိတ်ဆွေစစ်ဟူသည် ပညာလည်းရှိသူတော်ကောင်းလည်းဖြစ်သော ပုဂ္ဂိုလ်ပင်ဖြစ်သည်။ မှန်၏။ ပညာသာရှိ/တတ်၍ သူတော်ကောင်းမဟုတ်လျှင် (စိတ်ကောင်းမရှိလျှင်) မိမိတဦးတည်းအတွက်မျှသာမဟုတ်ဘဲလူမှုလောကအတွက်ပါ အခက်အခဲအန္တရာယ်ကို
ဖြစ်စေတတ်သည်။ ထို့ပြင် သူတော်ကောင်းသာဖြစ်၍ (စိတ်ကောင်းသာရှိ၍) ပညာမရှိ/မတတ်လျှင် မိမိတစ်ဦးတည်း၏ကောင်းကျိုးကိုလည်းမဆောင်ရွက်နိုင်သလို လူမှုလောက၏ကောင်းကျိုးများကိုလည်း ကျယ်ကျယ်ပြန့်ပြန့်ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည်ဟုတ်ချေ။ ထို့ကြောင့် မိမိကိုယ်တိုင်သည်လည်း ပညာလည်းရှိသူတော်ကောင်းလည်းဖြစ်သော မိတ်ဆွေစစ်ဖြစ်ဖို့အရေးကြီးသလို မိမိအတွက်လည်း ပညာရှိသူတော်ကောင်းမိတ်ဆွေစစ် မဖြစ်မနေလိုအပ်သည်သာဖြစ်သည်။ ထို့ကြောင့် တဦးချင်းစီအတွက်ရော လူမှုအဖွဲ့ အစည်းပါ ကောင်းကျိုးများကို သယ်ပိုးနိုင်သောပညာရှိသူတော်ကောင်းများ၊ မိတ်ဆွေစစ်များကိုတွေ့ဆုံပေါင်းသင်းနိုင်ကြပါစေ၊ မိမိတို့ကိုယ်တိုင်လည်း ပညာရှိ သူတော်ကောင်းများဖြစ်ကြပါစေဟုဆန္ဒပြုရင်း 
ဒကာကြီးဦးဇော်ဝင်း၏ ဒုတိယအမေးအား အဆုံးသတ်လိုက်ပါသည်။

မိတ်ဆွေစစ်လေးယောက် လင်္ကာ

၁။ ကျေးဇူးကြီးမား ပြုနိုင်ငြား မှတ်သားမိတ်ဆွေကောင်း။
၂။ ချမ်းသာဆင်းရဲ စဉ်မခွဲ မှတ်စွဲမိတ်ဆွေကောင်း။
၃။ ကောင်းကျိုးကိုသာ အမြဲပြောတာ မှတ်ပါမိတ်ဆွေကောင်း။
၎။ အစဉ်ငဲ့ညှာ သူကြင်နာ မှတ်ပါမိတ်ဆွေကောင်း။

ဒေါက်တာ ဘုန်းသူရိန်


***ဓမ္မမိတ်ဆွေများ၏အမှာစကား***