Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Thursday, August 14, 2014

What does religion teach us? ဘာသာတရားက ကျွနု်ပ်တို့ကို ဘာတွေသင်ကြားပေးပါသလဲ ( ၃ )

Religion tells us also that academical knowledge alone is insufficient for a person to develop his insight to find peace and happiness but that he has to develop his intelligence through self-training, discipline and restraint as well. 

   ငြိမ်းချမ်းရေးနှင့်ပျော်ရွှင်မှုကိုတွေ့ရှိခံစားနိုင်ရန် ထိုးထွင်းသိဥာဏ်ပညာဖွံ့ဖြိုးရေးကိုကြိုးစားနေသူအတွက် တက္ကသိုလ်ကျောင်းတော်မှသင်ကြားပေးသော အတတ်ပညာနှင့်အသိပညာမျှဖြင့် မပြည့်စုံမလုံလောက်ပါဘူး။ အမှန်စင်စစ် ကိုယ်တိုင်ကျင့်ကြံအားထုတ်ခြင်း၊ လမ်းမှန်ညွန်ကြားထားသောစည်းကမ်းကိုလိုက်နာရိုသေခြင်းနှင့်မကောင်းမှုမှကိုယ်တိုင်ချုပ်တည်း ထိန်းသိမ်းခြင်းတို့ဖြင့် အသိဥာဏ်ကိုဖွံ့ဖြိုးစေမှသာလျှင် ငြိမ်းချမ်းမှုနှင့်ပျော်ရွှင်မှုကို တွေ့ရှိခံစားနိုင်မှာဖြစ်တယ်လို့ ဘာသာတရားကသင်ကြားပေးပါတယ်။ 

  ဗျာ..၊ ခင်ဗျားက အဲလိုထင်နေတာကိုးး။ တက္ကသိုလ်တွေကသင်ပေးတဲ့ ပညာရပ်တွေကို နှိမ့်ချပြီးတော့ ရှုမြင်နေတာမဟုတ်ပါဘူး။ ကျုပ်ကိုယ်တိုင် တက္ကသိုလ်တွေမှာ အဆင့်မြင့်ပညာရပ်တွေကို သင်ယူခဲ့ဖူးတာပဲလေ။ တက္ကသိုလ်က ပညာရပ်တွေဟာ လောကကို ကောင်းကျိုးတွေပြုနေတယ်ဆိုတာလဲ အထင်အရှားပဲဥစ္စာ။ ဆိုလိုတာက စစ်မှန်သော အေးချမ်းမှုရဲ့ရသကို လုံခြုံစွာသုံးဆောင်နိုင်ဖို့နဲ့ အပြစ်ကင်းစင်သောပျော်ရွှင်မှုရဲ့အရသာကို လွတ်လပ်နှစ်ခြိုက်စွာ ခံစားနိုင်ဖို့အထိ မလုံလောက်ဘူးလို့ ပြောတာပါ။ အထူးသဖြင့် ( လောကုတ္တရာအဆင့် ပျော်ရွှင် အေးချမ်းမှုကိုထားပါအုံး ) လောကီနယ်ပယ်အဆင့်မှာပဲ အတ္တစွဲနဲ့မာနဆိုတဲ့အစွန်းအထင်းများ ကင်းကင်းရှင်းရှင်းနဲ့ အပြစ်ကင်းစင်တဲ့ ပျော်ရွှင်မှုမျိုးကို ခံစားနိုင်ဘို့တောင် မလုံလောက်ဘူးလို့ဆိုလိုတာပါ။  အော် လက်တွေ့လား..။ ဒါက လွယ်လွယ်လေးစဉ်းစားလို့ရပါတယ်။ ခင်ဗျားကိုယ်တိုင်လဲ တက္ကသိုလ်မှာ အဆင့်မြင့်ပညာတွေသင်ယူခဲ့ပြီး အဆင့်မြင့်ဘွဲ့  ဒီဂရီတွေရယူခဲ့တာပဲလေ။  စစ်မှန်တဲ့အေးချမ်းမှုနဲ့ပျော်ရွှင်မှုတို့ရဲ့ အရသာကို ဗျာယာမခတ်ဘဲ တည်ငြိမ်စွာခံစားဖူးသလား…၊ ဒါတွေဟာ ဆေးကျမ်းကြီးဖတ်ရုံနဲ့ရနိုင်တာမဟုတ်ဘူးဗျ၊ စာအုပ်ပါဆေးညွှန်းအတိုင်း စားသုံးမှ ( ကျင့်သုံး ) ခင်ဗျားပြောတဲ့ လက်တွေ့ကျကျ သိရ ခံစားရမှာဗျ…။ အချုပ်ကတော့ဗျာ တက္ကသိုလ်မှ အဆင့်မြင့်ဘွဲ့ဒီဂရီတွေရရှိသူတိုင်း ပညာရှိသူတော်ကောင်းမဖြစ်နိုင်ဘူး။ ဒါဆိုရင် မြတ်ဗုဒ္ဓဆိုလိုတဲ့ အဆင့်မြင့်အေးချမ်းမှုနဲ့ပျော်ရွှင်မှုကို လက်တွေ့သုံးဆောင်ခွင့် မရှိနိုင်သေးပါဘူး။ 

  Tolerance, patience and understanding have been advocated by religion whereby man could learn to live peacefully in this world, as otherwise he could descend to a position much worse than that of animals by creating trouble and disturbing others. 

  ဘာသာတရားက အလေးဂရုပြုသင်ကြားပေးထားတဲ့ နားလည်ခြင်းနဲ့သည်းခံခြင်းတို့ကို ကျင့်သုံးခြင်းဖြင့်သာလျှင် ဤကမ္ဘာပေါ်မှ လူသားသည် ငြိမ်းချမ်းစွာနေထိုင်ရေးကိုသိနားလည်နိုင်မှာဖြစ်ပါတယ်။ အဲဒီလိုသာ မကျင့်သုံးဘူးဆိုရင် လူသားဟာ သူတပါးကိုနှောက်ယှက်ခြင်း၊ ဒုက္ခသုက္ခပြဿနာတို့ကို ဖန်တီးခြင်းဖြင့် 
တိရစ္ဆာန်ထက်အဆိုးဆုံးဖြစ်သော အနေအထားသို့ရောက်အောင် အောက်တန်းကျစွာကျူးလွန်ပါလိမ့်မယ်။ 

  အော်…၊ အတိုင်းအတာလား..။ ထုထည်ကိုချပြလို့မရနိုင်တဲ့ နားလည်ခြင်းဆိုတဲ့သဘောတရားမှာ အတိုင်းအတာဆိုတဲ့အသုံးအနှုန်းထက် အတိမ်အနက်ပဲရှိတယ်လို့ပြောရင် ပိုပြီးဆီလျော်ပါတယ်။ တနည်းပြောရရင် ထုထည်နဲ့ဒြပ်ကိုကိုယ်စားမပြုတဲ့ နားလည်ခြင်းဟာ အဆင့်အလိုက် စွမ်းအားကောင်းတွေရှိတဲ့ လက်နက်ပြင်းတစ်ခုပါပဲ။ အရာရာရဲ့အပေါ်မှာ နက်နက်ရှိုင်းရှိုင်း အရှိအတိုင်းနားလည်တတ်ပြီဆိုရင် ပြဿနာဆိုတာ ဝေါဟာရအနေနဲ့ သုံးစွဲဖို့တောင်ခက်ခဲလာနိုင်ပါတယ်။ အော် .. ဒါလား…။ အားမတန်လို့မာန်လျော့တဲ့ သဘောမဟုတ်ဘူးလေဗျာ။ အနိုင်ယူနိုင်လျှက်နဲ့ အထက်စီးအနေအထားကနေ အနာဂတ်ဖြစ်ပေါ်လာနိုင်တဲ့ ကောင်းကျိုးဆိုးပြစ်ကိုသိနားလည်တဲ့ အမျှော်အမြင်ကြောင့်  ကျေနပ်စွာ လျှော့ပေါ့ပေးလိုက်တာ။ ရက်ရောစွာ အခွင့်အရေးပေးလိုက်တာ။ မေတ္တာအခြေခံပြီး ခွင့်လွှတ်ပေးလိုက်တာ။ ဒါမှသာ တကယ့်သည်းခံခြင်းလေ။ ဟုတ်တယ်။ ဒီလိုနားလည်ခြင်းနဲ့သည်းခံခြင်းနှစ်မျိုးဟာ အသိဥာဏ်ပညာကိုကိုယ်စားပြုထားတဲ့အတွက် ကောင်းကျိုးကိုပဲဖြစ်စေပါတယ်။ အဲဒီနှစ်မျိုးမရှိရင်တော့ လူသားဟာ တိရစ္ဆာန်ထက် အဆများစွာပိုမိုဆိုးရွားတဲ့လုပ်ရပ်တွေကို ကျူးလွန်နိုင်တယ်ဆိုတာ စေ့စေ့ကြည့်ရင် ထင်းထင်းမြင်နိုင်ပါတယ်။ သတိမူတော့ မြူတောင်မြင်တယ် ဆိုတဲ့စကားလိုပေါ့ဗျာ။  

  To those, who run after a mirage, not knowing the real nature of life and the universe, religion like Buddhism has given them a clear picture of things as they are. 

  စကြာဝဠာနဲ့ဘဝရဲ့ အစစ်အမှန်သဘောသဘာဝကိုမသိဘဲ တံလျှပ်ပမာ မရေရာသောမျှော်လင့်ချက်နောက်သို့ ပြေးလိုက်နေသောသူများအတွက် ဗုဒ္ဓဘာသာကဲ့သို့သောဘာသာတရားဟာ စကြာဝဠာနဲ့ဘဝတို့ရဲ့ပကတိအခြေအနေကိုအရှိအတိုင်း သိမြင်နိုင်ရန် ရှင်းလင်းကြည်လင်သော ရုပ်ပုံကို ထိုသူတို့အား ပေးပြီးပါပြီ။ 

  တကယ်တော့ လောကမှာ တံလျှပ်ကိုရေထင်လို့ ရွှေသမင်အလိုက်မှားတဲ့ ကိန်းကိုရောက်ဖူးကြသူများ ဒုနဲ့ဒေးပါပဲ။ ဘာဖြစ်ရမှာလဲဗျ…..။ အလိုက်မှားပြီဆိုမှတော့ ပိုလို့ပင်ပန်းမယ်၊အစာရော ရေပါငတ်ပြီး သေဆုံးခြင်းရလာဒ်သာ အဖတ်တင်မှာပေါ့။ တံလျှပ်ပါဆိုမှ.. တကယ်မှရေမဟုတ်ဘဲကိုးးး.။ ဒါပေါ့ဗျာ... အဲဒီ " ဖွတ်မရ ဓားမဆုံး "  ဖြစ်တာထက်ပိုဆိုးသွားတော့တာပေါ့။  မြတ်ဗုဒ္ဓကတော့ အဲဒီလိုမဖြစ်ရအောင် စကြာဝဠာထဲမှ သက်ရှိသက်မဲ့အရာရာတိုင်းရဲ့ သဘာဝသရုပ်သကန်နဲ့ သဘောအဓိပ္ဗါယ်တွေ နည်းလမ်းတွေကို ပွင့်လင်းမြင်သာစွာ ထင်ထင်ရှားရှား သင်ကြားပေးထားပါတယ်။ တကယ်တော့ " အရာရာဟာ ဖန်ဆင်းခြင်းကြောင့်မဟုတ်ဘဲ အကြောင်းတရားတို့ရဲ့ပေါင်းဆုံမှုကြောင့် အကျိုးတရားတွေဖြစ်ပေါ်လာရတာဖြစ်တယ် " ဆိုတဲ့ ပညာရပ်မျိုးကို မြတ်ဗုဒ္ဓကအသေးစိတ်သင်ကြားပေးပြီးသားပါ။ ဒီတော့ အဆင့်မြင့်ပညာရပ်များတိုးတက်လာလေလေ၊ မြတ်ဗုဒ္ဓရဲ့သင်ကြားချက်များဟာ ပွင့်လန်းဝေဆာလာလေလေပဲဖြစ်ပါတယ်။ ဒီကနေ့ခေတ်မှာ တိုးတက်လာတဲ့ကျိုးကြောင်းဆက်နွယ်မှုပညာရပ်တွေဟာ မြတ်ဗုဒ္ဓရဲ့ဓမ္မတွေကို ဝန်းရံနေကြပါပြီ။ 

  …. သိပ်မှန်တာပေါ့ဗျာ…။ ခင်ဗျားပြောတဲ့ Discoveries ပေါ့။ ခင်ဗျားတော်တော် သဘောပေါက်လာပီ။ ကျုပ်ကတော့  " the ultimate science and arts of all things and greatest and peerless discoveries " လို့တောင် အမြဲပြောပြ သင်ကြားပြနေတာ။  ဒါကြောင့်လဲ ဧဟိ ပဿိကော၊ ( ကိုယ်ပိုင် စွမ်းအားတွေကိုလျှော့ချပြီးတော့ ဆုတောင်းမနေဘဲ ) ကိုယ်တိုင်လက်တွေ့လာပြီး သင်ယူကြည့်စမ်းပါ၊ လေ့ကျင့်ကြည့်စမ်းပါ လို့ စိန်ခေါ်နိုင်တဲ့ ဂုဏ်ပုဒ်တစ်ခုကို တရားဂုဏ်တော်ထဲမှာ ထည့်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။.. အလို... ခက်ပါရောလားဗျာ…..။ ခင်ဗျားကလည်း နက်မယောင်နဲ့ တိမ်နေပြန်ပါပြီ.….။  မသိမိုက်မဲစွာ မိုက်ကြေးခွဲတဲ့စိန်ခေါ်မှုမျိုးမဟုတ်ဘူးလေ။ သူများက အတင်းအယုံခိုင်းလို့မဟုတ်ဘဲ ခင်ဗျားကိုယ်တိုင် လက်တွေ့ကျကျသိမြင်နားလည်ပြီးခါမှ ကိုယ်တိုင်ဆုံးဖြတ်နိုင်ဘို့ ဖိတ်ခေါ်ရဲတာ၊ ခင်ဗျားရဲ့ ကိုယ်ပိုင်အရည်အသွေးတွေမြင့်တက်ပြီး ပျော်ရွှင်နိုင်စေဘို့ ဘယ်အရာတစ်ခုကိုမျှလျှို့ ဝှက်သိုသိပ်မထားဘဲ ဖွင့်ချပြရဲတာကို ဧဟိပဿိက ဂုဏ်တော်လို့ဆိုလိုတာပါ။ အဲဒီလိုဖွင့်ချတာကလဲ ခင်ဗျားကောင်းကျိုးအတွက်သက်သက်ပဲလေ..။ .. အင်း.. ခင်ဗျား နားရှင်ပြီဆိုတော့လဲ ကျုပ်ပြောရကျိုးနပ်တာပေါ့ဗျာ။ ရှေ့ ဆက်ကြရအောင်။ 

  The way of establishing peace on earth is not through force and compulsion, but through amity and compassion springing from one's inner heart; this has to be brought about by the study and practice of a religion which alone could show the way to extinction of hate, greed and ignorance. 

 ကမ္ဘာပေါ်မှာ ငြိမ်းချမ်းရေးတည်ဆောက်မှုနည်းလမ်းဟာ အင်အားအသုံးပြုခြင်း အကျပ်ကိုင်ခြင်းတွေနဲ့ မဖြစ်နိုင်ပါဘူး။ တကယ်က လူသားရဲ့ အတွင်းနှလုံးသားမှထွက်ပေါ်လာတဲ့ ချစ်ကြည်မှု ကရုဏာပြည့်ဝမှုတို့နဲ့သာ ဖြစ်နိုင်ပါတယ်။ ရက်စက်ကြမ်းကြုတ်မှု မတရားလိုချင်တပ်မက်မှုနဲ့ မသိမိုက်မဲမှုတွေကို အမြစ်ပြတ်ရှင်းလင်းရေးနည်းလမ်းကိုသင်ကြားပေးထားတဲ့ တစ်ခုတည်းသော ဘာသာတရားကိုကျင့်သုံးခြင်း လေ့လာခြင်းတို့နဲ့သာလျှင် ဒီငြိမ်းချမ်းရေးနည်းလမ်းကို ထိထိရောက်ရောက် ဖေါ် ဆောင်နိုင်မှာဖြစ်ပါတယ်။ 

  ဒါက ဒီလိုဗျာ….။ လောဘဆိုတဲ့ အဆိပ်၊ ဒေါသဆိုတဲ့ အဆိပ်..၊ မောဟဆိုတဲ့အဆိပ်တွေဟာ လူသားတိုင်းရဲ့အတွင်းသန္တာန်မှာ အစဉ်အမြဲကိန်းအောင်းနေကြတယ်။ အချိန်ပြည့်အဆိပ်တွေမိခံထားရတယ်။ အဆိပ်မိခံလူသားတို့ရဲ့ လုပ်ရပ်တိုင်းမှာလဲ အဆိပ်တွေပျံ့ နှံ့လို့နေတယ်။ ဒီထက်ဆိုးတာက သာမာန်ပျံ့ နှံ့နေရုံမျှမဟုတ်ဘဲနဲ့ အရှိန်အဟုန်ပြင်းစွာလဲ စီးဆင်းလည်ပတ်နေကြတာပဲ….။  ပိုလို့ဆိုးပြန်တာက တစ်ဦးနဲ့တစ်ဦး အပြန်အလှန်ကူးစက်လို့လဲ နေပြန်တယ်။ ဒီတော့ အဲဒီလို ပြင်းထန်တဲ့အဆိပ်မိခံထားရပြီးကူးစက်ခံနေရသူများရဲ့ ငြိမ်းချမ်းရေးဖေါ်ဆောင်မှုဟာ ရေရှည်တည်မြဲနိုင်မှာမဟုတ်သလို အနှစ်သာရလဲမရှိုနိုင်ဘူး။ ဒါကြောင့် ကမ္ဘာပေါ်မှ လူမှုအဖွဲ့အစည်းတိုင်း နိုင်ငံတိုင်းမှာ ( အရိယာသံဃအဖွဲ့အစည်းမှလွဲရင် ) ဘယ်တုန်းကမှ အစဉ်အမြဲငြိမ်းချမ်းခဲ့တယ်ဆိုတာ မရှိပါဘူး..။ ဒါကြောင့် ဒီအဆိပ်တွေကို အမြစ်ပြတ်သုတ်သင်ရေးနည်းလမ်းသာလျှင် ငြိမ်းချမ်းမှုကိုအမှန်တကယ်ဖေါ်နိုင်မှာဖြစ်တယ်လို့ ဆိုလိုတာပါ။ …. အေးဗျာ.. ခင်ဗျားက ဥပမာနဲ့တောင်းဆိုတော့လဲ တတ်သမျှ သိသမျှလေးတော့ လင်းရပေမပေါ့… ဆိုပါဆို့ဗျာ... ဗိုင်းရပ်စ်တွေဝင်နေတဲ့ ကွန်ပြုတာမှာ သုံးလို့အဆင်မပြေနိုင်သလိုပါပဲ၊ ဒီ .. လော… ဒေါ… မော…ဆိုတဲ့ ဗိုင်းရပ်စ်တွေဝင်နေရင် သို့မဟုတ် ကူးစက်ခံထားရရင် ခင်ဗျားရဲ့ ကံသုံးပါးနဲ့ပြုမူသမျှဟာလဲ မိမိနဲ့သူတပါးအတွက် အဆင်ပြေမှာမဟုတ်ပါဘူး။ ကွန်ပြူတာမှာ Anti.virus ကို အသုံးပြုမှအဆင်ပြေသလို ဖွံ့ဖြိုးတိုးတက်ရေး ပျော်ရွှင်ငြိမ်းချမ်းရေးဆိုတာတွေကို တကယ်ခံစားချင်ရင် ခန္ဓာထဲက ဗိုင်းရပ်စ်တွေ သတ်ဘို့အရေးကြီးပါတယ်။ နားကြအုံးစို့ဗျာ.. နောက်တစ်ပတ်မှ ဆက်ကြမယ်။ 

  Religion teaches us to return good for evil, overcome anger by love, miserliness by charity and not by adopting any other unscrupulous or violent methods. 

  ဘာသာတရားဟာ အခြားမည်သည့် မသေချာမရေရာသောနည်းလမ်းများ သို့မဟုတ် အကြမ်းဖက်သောနည်းလမ်းများကို အသုံးမပြုဘဲ မကောင်းမှုတွေပပျောက်ကာ ကောင်းမှုတွေဖြစ်ပေါ်လာဘို့၊ မေတ္တာတရားဖြင့် ဒေါသကိုအောင်နိုင်ဘို့၊ နှမြောဝန်တိုခြင်းကို စွန့်ကြဲခြင်းနဲ့ ကျော်လွှားဘို့ သင်ကြားပေးပါတယ်။ 

 " မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထား " ဆိုတဲ့လင်္ကာလေးရဖူးတော့ ကောင်းမှုတွေဖြစ်ပေါ်လာဘို့ ဘာသာတရားကသင်ကြားပေးတယ်ဆိုတာတော့ ရှင်းပါပြီ။ ဒါပေမယ့် တစ်ခုလောက်သိချင်တယ်…… ၊.. ခင်ဗျားနဲ့ပြောရင် တိုတိုနဲ့ကို မပြီးပါလား..……၊  အင်း…ဟုတ်တယ်…၊  အဲဒါခင်ဗျားမေးမယ်ဆိုလဲ မေးစရာပါပဲလေ…..။ ဒီလိုဗျာ.. မေတ္တာဖြင့်ဒေါသကိုအောင်နိုင်ဘို့ဆိုတဲ့နေရာမှာ စစ်ပွဲကြီးတစ်ပွဲကို လက်နက်ကြမ်းတွေနဲ့တိုက်ခိုက်အနိုင်ယူသလိုမျိုးကို ဆိုလိုတာမဟုတ်ဘူးလေဗျာ…..။  လောကရဲ့စစ်ပွဲတွေမှာတော့ " အနိုင်ရသူကသာစေ၊ ရှုံးသူက နာစေ " ဆိုတဲ့ သဘောတရားဟာ အလိုလိုကပ်ပါလာတယ်။ ဒီနေရာမှာ အောင်နိုင်ဘို့အတွက် တိုက်ခိုက်တယ်ဆိုတဲ့ အသုံးအနှုန်းအစား အသုံးပြုတယ်ဆိုတဲ့ ဝေါဟာရကို သုံးနှုန်းရင်ပိုလို့ဆီလျော်မယ်။ " အေးချမ်းဘို့အတွက်  ဒေါသကို အသုံးမပြုဘဲ မေတ္တာကိုအသုံးပြုသင့်တယ် " လို့ပြောရင် ခင်ဗျားအမေးပြေလည်တယ်မလား….။ ပြေပါတယ်ဗျာ..။ ဟုတ်ပီ….၊ တဆက်တည်းဆက်လက်ပြောချင်တာက မေတ္တာဆိုတာ Win Win မူဝါဒပါ..၊ ဒီမူဝါဒမှာ နှစ်ဖက်စလုံး ကျေနပ်နှစ်သက်ဖွယ်ရလာဒ်တွေ အသီးအသီး ခံစားကြရမှာပါ….။ ဒီသဘောတရားကို မြတ်ဗုဒ္ဓက လွန်ခဲ့သော နှစ်ပေါင်း ( ၂၆၀၀ ) ကျော်ကတည်းက သူကိုယ်တိုင်လဲ ကျင့်သုံးခဲ့တယ်၊ လောကကိုလဲ ချမှတ်သင်ကြားပေးခဲ့တာပါ…။ ဒီနေ့ခေတ်ကျမှ Win Win policy ကိုအထူးအဆန်းလုပ်ပြီး သင်ကြားနေကြတာပါဗျာ…။ 

   ဟောထားတဲ့ဒေသနာလား…၊ ရှိတာပေါ့ဗျာ….။   ဓမ္မပဒ ဂါထာနံပါတ် ( ၅ ) မှာ န ဟိ ဝေရေန ဝေရာနိ၊ သမ္မန္တီဓ ကုဒါစနံ။ အဝေရေနစ သမ္မန္တိ၊ ဧသဓမ္မော သနန္တနော ။ လို့ မြတ်ဗုဒ္ဓဟောတော်မူခဲ့ပါတယ်။  အင်း…ရပါတယ်ဗျာ…၊  ခင်ဗျားက စိတ်ဝင်စားတယ်ဆိုတော့လဲ ရှင်းသွားအောင် လင်းရပေမပေါ့…..။ အဓိပ္ဗါယ်က ဒီလိုဗျာ...

   Hostilities aren't stilled through hostility, regardless. Hostilities are stilled through non-hostility: this, an unending truth. ( translanted by Thanissaro Bhikkhu ) . " ဤလောက၌ ရန်တို့သည် ရန်တုန့်မူခြင်းအားဖြင့် ဘယ်သောခါမှမငြိမ်းကုန် ၊ ရတုန့်မမူသဖြင့်သာလျှင် ရန်တို့သည်ငြိမ်းကုန်၏။ ဤသို့ရန်တုန့်မမူသဖြင့် ရန်ငြိမ်းခြင်းသည် ရှေးအစဉ်အလာ ဓမ္မတာသဘောပေတည်း " တဲ့….။  ဒါက ခင်ဗျားသိချင်တဲ့ သာဓကများစွာထဲကတစ်ခုပါ..။  အချုပ်သဘောကတော့ မကောင်းတဲ့အရာမှန်သမျှကို ကောင်းတဲ့အရာတွေနဲ့အစားထိုးဖို့ ဘာသာတရားကသင်ကြားပေးတာပါပဲ။ 

   အဲဒီလိုမဟုတ်ဘဲ " ထိခိုက်ပျက်ဆီးပြီးအန္တရာယ်များစေတဲ့ နည်းလမ်းတွေနဲ့တုန့်ပြန်ဘို့ သင်ကြားပေးတယ်ဆိုရင် အဲဒါဟာ ဘာသာတရားမဟုတ်တော့ပါဘူး။ အထူးသဖြင့် ငါဟောတာသာ မှန်တယ်.. အခြားသူတွေဟောတဲ့ တရားတွေဟာ အချည်းနှီးဘဲ..၊ ငါဟောတဲ့တရားကိုသာလိုက်နာစေ…၊ မလိုက်နာတဲ့သူတွေကို ငရဲအပြစ်ဒဏ်ကျစေ..ဆိုပြီး စိတ်အလိုမကျတိုင်း အပြစ်ပေးအရေးယူကာ ရှင်းလင်းသုတ်သင်ဘို့သင်ကြားပေးထားတဲ့ ဘာသာတရားရှိတယ်ဆိုရင် အဲဒါဟာ ဘာသာတရားဆိုတဲ့ နာမည်နဲ့ လုံးဝ လုံးဝ မထိုက်တန်တော့ပါဘူး….။ ဘာသာတရားဆိုတဲ့ နာမည်ကိုအရေခြုံထားပြီး သိမ်းပိုက်အောင်နိုင်ရေးလမ်းစဉ်ကိုချမှတ်ထားတဲ့ အာဏာရှင် နိုင်ငံရေးစနစ်အသွင်
ဆောင်သွားပါတော့တယ် " ။ တကယ်တော့ ဘာသာတရားဟာ နိုင်ငံရေးစနစ်တစ်ခုမဟုတ်ပါဘူး။ သို့သော် နိုင်ငံရေးနဲ့လဲ မကင်းနိုင်ပါဘူး။ လူ့အဖွဲ့အစည်းနဲ့ ကင်းလို့မှမရနိုင်ဘဲကိုးးး..။ " တကယ့်ဘာသာတရားဆိုတာ လူမှုကိစ္စနဲ့ပတ်သက်တဲ့ လူမှုရေး စီးပွါးရေး နိုင်ငံရေး ပညာရေးစတဲ့ လူ့အမှုလူ့အရေးအရာအားလုံးကို Win Win policy နဲ့ ဦးဆောင် ဖြေရှင်းတာပါပဲ "…။ .. ရှင်းပါပြီးဗျာ..။ ကျေးဇူးပါ..။ ကျုပ်ကလဲ ခင်ဗျားစိတ်ဝင်စားတာကိုပဲ ကျေနပ်နေတာပါ…။ နောက်တစ်ပတ်မှ ဆက်ကြတာပေါ့…။ 

    

    

Monday, August 4, 2014

What does religion teach us? ဘာသာတရားက ကျွနုပ်တို့ကို ဘာတွေသင်ကြားပေးပါသလဲ ( ၂ )

Religion always advises people not to practice any form of discrimination among members of the human society; but some religionists have acted quite contrary to this fundamental teaching and so divided human society in the name of religion. This is indeed a very sad thing.

ဘာသာတရားက လူမှုအဖွဲ့အစည်း၏အဖွဲ့ဝင်များအကြားမှာ မည်သည့်ခွဲခြားဆက်ဆံမှုမျိုးကိုမျှ မပြုကျင့်ရန် အစဉ်အမြဲသင်ကြားထားပါတယ်။ ဒါပေမယ့် အချို့ သော ဘာသာဝင်တွေဟာ ဤပဓာနအခြေခံကျတဲ့ သင်ကြားချက်ကို တော်တော်ကိုဆန့်ကျင်ပြီးကြပါပြီ။ ဘာသာတရားရဲ့ နာမည်ပညတ်ကိုခေါင်းစဉ်တပ်ပြီး လူ့အဖွဲ့ အစည်းကို လုံးဝခွဲခြမ်းပစ်ခဲ့ကြတယ်။ အမှန်တကယ်တော့ ဒီလုပ်ရပ်တွေဟာ အလွန်ဝမ်းနဲဘွယ်ရာကောင်းတဲ့ အချက်ဖြစ်ပါတယ်။ 

ဟုတ်တယ်။ ယနေ့ ကမ္ဘာပေါ်မှာ လူ့အဖွဲ့အစည်းအချင်းချင်း ကွဲပြားကြပြီးတော့ မဆုံးနိုင်တဲ့ပြဿနာများ ကြုံတွေ့နေရခြင်းတွေထဲမှာ ဒီဘာသာတရားခွဲခြားမှုပြဿနာဟာလည်း တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ ဒါတွေဟာ သမိုင်းမှာလဲ နေရာအနှံ့ရှိခဲ့ ဖြစ်ပျက်ခဲ့သလို ယနေ့ထိလဲပဲ ရှိနေဆဲ ဖြစ်ပွါးနေဆဲပါပဲ။ လူသားဟာ ကိုယ့်ကိုယ်ကို မထိန်းချုပ် မစောင့်စည်း နားမလည်နိုင်သ၍တော့ သူတပါးကို ယိုးမယ်ဖွဲ့ အပြစ်ပုံချရင်း ရှုပ်ထွေးလှတဲ့ပြဿနာဝဲသြဃထဲမှာ မြုတ်တစ်ခါ ပေါ်တစ်လှည့်နဲ့ ဆင်းရဲစွာ ကျင်လည်နေရအုံးမှာပါ။ အချို့  ဘာသာတရားတွေဆိုရင် ဘာသာဝင်ချင်းတူပါလျှက်နဲ့ လူတန်းစားခွဲခြားတဲ့ စနစ်ဆိုးကြောင့် မမျှတတဲ့ ခါးသီးရင်နင့်ဖွယ်ရာ ဖြစ်ရပ်ဆိုးတွေကို ဒီနေ့ထိတိုင် အထင်အရှားတွေ့မြင်နေရဆဲပါပဲ။ 

It is only through religion that man can mould his life and destiny to adjust himself and not through any other means. 

" လူသားသည် သူ၏ဘဝကို ပုံစံတကျဖြစ်ဘို့နှင့် သူ၏ကံကြမ္မာကို သူကိုယ်တိုင်အချိုးစားတကျ သဟဇာတဖြစ်ဖို့ စွမ်းဆောင်ပေးနိုင်သည် " ဆိုသောအချက်မှာ ဘာသာတရားရဲ့သင်ကြားချက်ကြောင့်သာလျှင်ဖြစ်ပါတယ်။ အခြားမည်သည့် နည်းလမ်းကြောင့်မျှမဖြစ်နိုင်ပါဘူး။ 


ဟုတ်တယ်။ စစ်မှန်တဲ့ဘာသာတရားဟာ လူသားတိုင်းရဲ့ဘဝတွေကို သဘာဝပတ်ဝန်းကျင် လူမှုပတ်ဝန်းကျင်မှအစ ဝန်းကျင်နယ်ပယ်အားလုံးနဲ့ ဆီလျော်မှုရှိအောင် သင်ကြားပေးတယ်။ ဒါ့အပြင် လူသားဟာ သူ့ရဲ့အစွမ်းအစနဲ့အရည်အချင်းကိုလဲ အာဏာရှင် တန်ခိုးရှင်တစ်ဦးတည်းရဲ့ ချုပ်ကိုင်မှုအောက်မှာ ငုပ်လျှိုးတိုးဝင်နေစရာမလိုဘဲ ဘုရားဖြစ်တဲ့အထိ လွပ်လပ်စွာ ထိုးဖောက်ခွင့် စွမ်းဆောင်ခွင့် ဖြစ်နိုင်ခွင့်တွေကို ဖွင့်ချပေးတယ်။ သင်ပြပေးတယ်။ ဒီလို လူသားရဲ့ပင်ကိုယ်သဘာဝစွမ်းပကားကို သဘာဝကျစွာ ဖွင့်ထုတ်သင်ကြားပေးရဲတဲ့ ဘာသာတရားသာလျှင် အနာဂတ်ကမ္ဘာမှာလွှမ်းမိုးခွင့်ရပါလိမ့်မယ်။

  Religion teaches us how to conquer ourselves without depending on others. If everyman could learn to do this through his own power and intelligence then what wonderful world this would be to live in peacefully and happily. Man should not blame religion for his own failure. 

ဘာသာတရားဟာ အခြားသူများကို မှီခိုအားထားမှုမပြုဘဲ မိမိကိုယ်တိုင် အခက်အခဲများကို ဘယ်လိုကျော်လွှားရမယ်ဆိုတာကို သင်ကြားပေးတယ်။ အကယ်၍ လူသားတိုင်းဟာ ကိုယ်ပိုင်စွမ်းအား ကိုယ်ပိုင်အသိဥာဏ်များနဲ့ အောင်မြင်မှုနည်းလမ်းများကို တတ်သိနားလည်နိုင်ကြမယ်ဆိုရင် အံ့သြကျေနပ်စရာကောင်းတဲ့ ဒီကမ္ဘာကြီးထဲမှာ ငြိမ်းငြိမ်းချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်နိုင်ကြပါလိမ့်မယ်။ လူသားဟာ မိမိကိုယ်တိုင်ရဲ့ဆုံးရှုံးမှုအတွက် ဘာသာတရားကို အပြစ်မတင်သင့်ပါဘူး။

ဟုတ်တယ်။ တွေ့ကြုံလာရတဲ့ ကောင်းကောင်းဆိုးဆိုး အမျိုးမျိုးသော ဖြစ်ရပ်တိုင်းကို ဘယ်လိုတန်ခိုးရှင်ရဲ့ အလိုဆန္ဒကိုမျှလိုက်လျောရတာမဟုတ်ဘဲ( တန်ခိုးရှင်အလိုတော်ကျမဟုတ်ဘဲ ) လူသားဟာ ကိုယ်တိုင်တာဝန်ယူရဲရမယ်။ တာဝန်ခံရဲရမယ်။ အဲဒီတာဝန်နှစ်မျိုးပါတဲ့စိတ်နဲ့ ကျော်လွှားနိုင်ရမယ်။ အဲဒီလို မိမိကိုယ်တိုင် တာဝန်လဲယူရဲ တာဝန်လဲခံရဲတဲ့ သတ္တိမျိုးကို မွေးမြုပြုစုနိုင်တဲ့ ဘာသာတရားသည်သာ ဖွံ့ဖြိုးတိုးတက် အေးချမ်းလိုသော ကမ္ဘာကြီးအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ဖြစ်ရပ်တိုင်းမှာ တန်းခိုးရှင်တစ်ဦးဦးရဲ့အလိုတော်ကျဖြစ်ရတာပဲဆိုတဲ့ ( ကိုယ်တိုင်တာဝန်ယူရဲ တာဝန်ခံရဲတဲ့ သတ္တိကင်းတဲ့ ) အယူဝါဒကို ဥာဏ်ပညာမျက်စိမှိတ်ပြီးယုံကြမယ်ဆိုလျှင် လူသားဟာအကျဉ်းသားတစ်ဦးအဆင့်ထက်မပိုနိုင်တော့ပါဘူး။ 

Religion teaches us not to become slaves even to our own senses; instead it teaches to calm them down in order to find the way to real happiness. 

ဘာသာတရားဟာ ကျွန်တော်တို့ကိုယ်ပိုင်စိတ်အာရုံတွေရဲ့ အထံမှာတောင် ကျေးကျွန်မဖြစ်ဘို့ရန် သင်ကြားပေးပါတယ်။ မည်သူတစ်ဦးတစ်ယောက်ထံမျှ ကျေးကျွန်မဖြစ်စေဘဲ စစ်မှန်သောပျော်ရွှင်မှုသို့သွားရာ လမ်းကြောင်းကို ရှာဖွေတွေ့ရှိနိုင်ရန် စိတ်တည်ငြိမ်ရင့်ကျက်အေးမြစေရေးကို သင်ကြားပေးပါတယ်။ 

ဟုတ်တယ်။ လူသားဟာ သူကိုယ်တိုင်သာ သူ့ဘဝရဲ့သခင်ပါပဲ။ ဘာသာတရားက သခင်စိတ်နဲ့ အထက်တန်းရောက်အောင် သူကိုယ်တိုင်ကြိုးစားဘို့သင်ကြားပေးတာပါပဲ။ ကိုယ်ကိုယ်တိုင် သခင်စိတ်နဲ့မကြိုးစားဘဲ မရှိတဲ့တန်ခိုးရှင်အထံမှာ ရေသာခိုအချောင်စိတ်နဲ့ ဆုတောင်းနေမယ်ဆိုရင် သူဟာ ကျေးကျွန်ဘဝက လွတ်မြောက်သူမဟုတ်သေးပါဘူး။ အဲဒီလို ကျေးကျွန်အယူအဆကိုစွဲမြဲစွာယုံကြည်ကျင့်သုံးနေမယ်ဆိုရင်လဲ လူသားရဲ့မူလဂုဏ်သိက္ခာနဲ့တန်ဘိုးဆိုတာလဲ မရှိနိုင်တော့ပါဘူး။ အကြောင်းက လူသားဟာ သူ့ဘဝကို သူကိုယ်တိုင်ပြဋ္ဌာန်းပိုင်ခွင့်မရှိဘဲ တန်ခိုးရှင်ကသာ ပြဋ္ဌာန်းဖန်တီးခွင့်ကို တဖက်သတ်ထာဝရ ရယူထားခြင်းကြောင့်ပါပဲ၊ 

Religion again teaches us ( without blaming anybody else ) to try to understand our own weakness and to shoulder the responsibility of life by fulfilling our duties and obligations to ourselves as well as to others. 

ဘာသာတရားဟာ ( အခြားဘယ်သူတစ်ဦးတစ်ယောက်ကိုမှအပြစ်မတင်ဘဲ ) ကျွန်တော်တို့ကိုယ်တိုင်ရဲ့အားနဲချက်ကို သိရှိနားလည်အောင်ကြိုးစားဖို့ တဖန်ထပ်လို့ သင်ကြားပေးပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ကိုယ်တိုင်နဲ့သူတပါးအတွက် တာဝန်နဲ့ဝတ္တရားတွေကို ဖြည့်ဆည်းခြင်းဖြင့် ဘဝရဲ့တာဝန်ကိုထမ်းဆောင်ဖို့ကိုလည်း လမ်းညွှန်ပေးပါတယ်။ 

ဟုတ်တယ်။ ကိုယ်ကိုယ်တိုင်ရဲ့ အားနဲချက်ကိုသိမြင်ခြင်းဟာ တန်ုဘိုးမဖြတ်နိုင်တဲ့ဧရာမအမြတ်အစွန်းကြီးပဲဖြစ်ပါတယ်။ အရာရာနဲ့ နယ်ပယ်တိုင်းမှာ အားနဲချက်ကိုသိရမှ အားသာချက်ဆီသို့ ဆက်လက်လျှောက်လှမ်းနိုင်မှာဖြစ်ပါတယ်။ ဒီကနေ့ကမ္ဘာမှာဖြစ်နေကြတဲ့ ပြဿနာရပ်တိုင်းရဲ့ဇာစ်မြစ်ကိုတူးဆွကြည့်ရင် လူသားကိုယ်စီဟာ ကိုယ်စီအားနဲချက်ကို အမှန်အတိုင်း အရှိအတိုင်းနားမလည်ခြင်းကြောင့်ပဲဆိုတာ စေ့စေ့စဉ်းစားလေ ထင်ရှားလေပါပဲ။ ( ဆက်ရန် )


Wednesday, July 30, 2014

What does religion teach us? ဘာသာတရားက ကျွန်ုပ်တို့ကို ဘာတွေသင်ကြားပေးပါသလဲ? ( ၁ )

Religion teaches us to overcome our difficulties without creating further difficulties. Every problem of life which we come across could be solved if only we know how to practice a rational religion. 

ဘာသာတရားဟာ အကျွန်ုပ်တို့ကို နောက်ထပ်အခက်အခဲတစုံတရာဆက်လက်မဖြစ်စေဘဲ လက်ရှိအခက်အခဲကို ကျော်လွှားနိုင်ဘို့ သင်ကြားပေးပါတယ်။ ဆင်ခြင်တုံတရားအခြေခံသော ဘာသာတရား၏ ကျင့်ပုံကျင့်နည်းကို သိကြမှသာလျှင် သို့မဟုတ် သတိ ပညာကိုအခြေခံသော ဘာသာတရား၏သင်ကြားချက်တို့ကို သိရှိလိုက်နာကြာမှသာလျှင် အကျွန်ုပ်တို့ အမှတ်မထင်ကြုံတွေ့ဖြတ်သန်းရသော ဘဝပြဿနာတိုင်းကို ဖြေရှင်းနိုင်ပါတယ်။ 

မှန်ပါတယ်။ စစ်မှန်သောဘာသာတရားရဲ့သင်ကြားချက်များကို စစ်မှန်အောင်သာ ကျင့်သုံးကြရင် လူသားတွေမလိုလားတဲ့ ပြဿနာတိုင်းဟာ ကင်းဝေးနေမှာပါ။ ဘာသာတရားကို ကိုးကွယ်ကျင့်သုံးကြတဲ့အခါမှာ ဆင်ခြင်တုံတရား သို့မဟုတ် သတိနဲ့ ပညာဟာ အလွန်ပဲ အရေးကြီးလှပါတယ်။ သတိနဲ့ ပညာလုံးဝမပါဘဲ တန်ခိုးရှင်တစ်ဦးဦးကို အရမ်းယုံ မျက်ကန်းယုံ ယုံကြည်တတ်တဲ့ မှိုင်းမိခံရတဲ့ယုံကြည်မှုမျိုးသက်သက်မျှနဲ့သာ ကိုးကွယ်ကြမယ်ဆိုရင် ပြဿနာတိုင်းကို ဖိတ်ခေါ်ရာရောက်ပါတယ်။ အစွန်းရောက်တယ်ဆိုတာဟာ သတိနဲ့ပညာအားနဲသွားလို့ သို့မဟုတ် ဆင်ခြင်တုံတရားပညာနဲ့ ယုံကြည်မှုတို့ ဟန်ချက်မညီမျှမှုကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် မြတ်ဗုဒ္ဓကတော့ သဒ္ဓါနဲ့ပညာမျှတအောင် ကျင့်သုံးတတ်ဖို့ သင်ကြားပေးခဲ့တာဖြစ်ပါတယ်။ 

Man has been endowed with certain extra faculties which animals do not have. If man does not train himself to utilize such faculties he is capable of behaving in a manner much worse than animals. He could train himself against the moral back ground introduced by a religion. But such religious instruction should be given not by threatening them with hell-fire nor by pleasing them by promising a paradise, but by making them to understand why they should observe morality and obtain from evil. 

လူသားဟာ တိရစ္ဆာတွေမှာမရှိတဲ့ အချို့ ပိုလွန်ကောင်းမြတ်သော စွမ်းရည်များနဲ့ပြည့်စုံပါတယ်။ တကယ်လို့ လူသားဟာ တိရစ္ဆာန်ထက် ပိုလွန်ကောင်းမြတ်တဲ့ အဲဒီအရည်အသွေးတွေကို အကျိုးရှိရှိအသုံးပြုဘို့ မလေ့ကျင့်ဘူးဆိုရင် တိရစ္ဆာထက်အဆိုးရွားဆုံးဖြစ်တဲ့ အပြုအမူတွေကိုပြုမူနိုင်ပါတယ်။ သူဟာ ဘာသာတရားက အစပျိုးသင်ကြားပေးထားတဲ့ အခြေခံကိုယ်ကျင့်တရားကိုလဲ ဆန့်ကျင်နိုင်ပါတယ်။ တကယ်တော့ ကောင်းကင်ဘုံနဲ့ ကတိပေးပြီး မြှောက်ပင့်ခြင်း၊ ငရဲမီးနဲ့ခြောက်လှန့်ခြင်းတို့ မပြုလုပ်ဘဲ ဘာကြောင့် ကိုယ်ကျင့်တရားကို ကျင့်သုံးသင့်တယ်၊ ဘာကြောင့် မကောင်းမှုမှရှောင်ကြဉ်သင့်တယ်ဆိုတာကို နားလည်အောင်ရှင်းပြခြင်းဖြင့်သာလျှင် ဘာသာတရားသင်ကြားချက်များကို ပေးသင့်ပါတယ်။ 

မှန်ပါတယ်။ လူသားတွေရဲ့ ထူးခြားကောင်းမြတ်တဲ့စွမ်းရည်တွေကို လွဲမှားစွာအသုံးပြုခဲ့ကြတာကြောင့် ကမ္ဘာ့သမိုင်းမှာ အမည်းစက်ကြီးတွေ စွန်းထင်းခဲ့ဖူးပါပြီ။ အဲဒီအစွန်းရောက်အမဲစက်တွေဟာ တိရစ္ဆာထက်ပိုဆိုးတဲ့ လူသားတွေရဲ့ ရက်စက်ကြမ်းကြုတ်လှတဲ့ အကျင့်ဆိုးတွေပါပဲ။ အထူးသဖြင့်တော့ လူသားရဲ့ မူလပင်ကိုစွမ်းရည်များကို အသုံးတည့်အောင် အသုံးပြုဘို့မစဉ်းစားဘဲ ငရဲမီးနဲ့ခြောက်ပြီး ကောင်းကင်ဘုံနဲ့မြှောက်တဲ့ သဘောတရားကို အသားပေးလွန်းခဲ့တဲ့ဘာသာတရားတွေဟာ လူသားရဲ့သဘာဝစွမ်းရည်များမှ သွေဖည်စေပြီး တန်ခိုးရှင်တစ်ဦးဦးရဲ့အထံမှာ ကိုယ်ပိုင်အစွမ်းအစတွေကို စုံမှိတ်ပြီးအပ်နှံစေပါတယ်။ ဒီတော့ လူသားဟာ သူ့ထက်အရာရာပိုလွန်တဲ့ တန်ခိုးရှင်တစ်ဦးရှိတယ်ဆိုတဲ့ အခြေအမြစ်ကင်းမဲ့သော အစွဲအလမ်းကို ခိုင်မာလာခဲ့တယ်။ ဒါကြောင့်ပဲ လူသားရဲ့မူလစွမ်းပကားတွေကို ယုံကြည်အားကိုးမှုထက် တန်ခိုးရှင်ကိုသာ အားကိုးမှုတွေကြီးစိုးလွှမ်းမိုးခဲ့ပြီး အဲဒီတန်ခိုးရှင်ကသာ လူသားတွေရဲ့ ကောင်းကောင်းဆိုးဆိုးအမျိုးမျိုးသော အရာရာတွေအတွက်ပဓာနဖြစ်တယ်လို့ ယုံမှတ်မှားလာခဲ့တော့တယ်။ 

Human beings cannot be controlled by a government merely by imposing more and more rigid rules. The more the government makes the rules the more would people find out loopholes to break such rules. If man is morally trained by a religion so as to make him understand why he should behave as a good citizen, no problems would arise. 

အစိုးရတစ်ဖွဲ့ဟာ ပို၍ပို၍တင်းကျပ်တဲ့ အမိန့်ဥပဒေများကိုပြဌာန်းရုံမျှဖြင့် လူသားကို ထိန်းချုပ်လို့ရနိုင်မှာမဟုတ်ပါဘူး။ အစိုးရဟာ တင်းကျပ်တဲ့အမိန့်ဥပဒေများကို ပြဌာန်းလေလေ လူထုဟာ အဲဒီတင်းကျပ်တဲ့ အမိန့်ဥပဒေများကို ချိုးဖောက်ရန် ထွက်ပေါက်ကိုရှာဖွေတွေ့ရှိလေလေပဲဖြစ်ပါလိမ့်မယ်။ ဘာသာတရားက လူသားကို နိုင်ငံသားကောင်းတစ်ယောက်အဖြစ်ဖြင့် ကိုယ်ကျင့်သိက္ခာတရားကို ဘာကြောင့်လေးစားလိုက်နာသင့်တယ်ဆိုတာကို နားလည်အောင်လေ့ကျင့်သင်ကြားပေးလျှင် လူမှုပြဿနာတွေဟာ ဖြစ်ပေါ်လာမှာ မဟုတ်တော့ပါဘူး။ 


ဟုတ်ပါတယ်။ အာဏာရှင်များကြီးစိုးတဲ့နိုင်ငံတွေမှာ ပို၍တင်းကျပ်လာပြီး မမျှတတဲ့အမိန့်အာဏာများဟာ ပြည်သူလူထုရဲ့ကိုယ်ကျင့်တရားကို မထိန်းချုပ်နိုင်ရုံမျှမက အာဏာပိုင်လူတန်းစားတို့ရဲ့ ကိုယ်ကျင့်တရားကိုလည်း အောက်ဆုံးအဆင့်သို့ရောက်စေခဲ့တတယ်ဆိုတာ သမိုင်းမှာလက်တွေ့အထင်အရှားပဲဖြစ်ပါတယ်။ အဲဒီမမျှတတဲ့ အမိန့်အာဏာတွေဟာ ကိုယ့်ကျင့်တရားပျက်ပြားခြင်းထွက်ပေါက်ဆီသို့ တိတ်တိတ်တမျိုး ထင်ထင်ရှားရှားတဖုံ ခုန်ဆင်းသွားကြတော့တာပါပဲ။ ( ဆက်ရန် ) 

Sunday, July 27, 2014

ဒိုင်ယာရီအပိုင်းအစလေးများ ( ၇ ) ဤခရီးနီးသလား

ဖင်လန်နိုင်ငံတွင် လူငယ်များအတွက်ပညာသင်ကြားရေးသည် အဆင်ပြေလွယ်ကူလှသည်။ နို့စို့ကလေးအရွယ်မှစ၍ ( ၇ ) နှစ်သားအရွယ်မတိုင်မီအထိ ကလေးထိန်းကျောင်းတွင်ထားကြသည်။ ကလေးထိန်းကျောင်းအတွက်လခကို မိဘ၏အခြေအနေအလိုက် ပေးကြရသည်။ မိဘများအလုပ်မရှိလျှင် ကျောင်းလခပေးရန်မလိုဘဲ စိတ်အေးချမ်းသာစွာ အခမဲ့ ကျောင်းထားနိုင်သည်။ အလုပ်ရှိသော မိဘဖြစ်လျှင်ကား ကျောင်းလခပေးကြရသည်။ ကျောင်းတွင် နံနက်စာ နေ့လည်စာနှင့်မုန့်ပဲသွားရည်စာတို့ကိုလည်း အခမဲ့ကျွေးလိုက်သေးသည်။  ကလေးများ၏ ကြီးထွားမှု ဖွံ့ဖြိုးမှုနှင့် တတ်သိနားလည်မှုတို့ကို အချိုးကျ ဟန်ချက်ညီညီရရှိစေနိုင်သော စောင့်ရှောက်မှုနှင့်ပညာသင်ကြားမှုတို့ကို ဖြည့်ဆည်းပေးသည်။ ၎င်းဖြည့်ဆည်းပေးမှုသည် ငယ်ရွယ်စဉ်ကလေးဘဝပညာရေးနှင့် ကလေးစောင့်ရှောက်မှုအစိတ်အပိုင်းနှစ်ခုတို့၏ မကွဲပြားဘဲ တစ်သားတည်းဖြစ်မှုကိုဖေါ်ဆောင်သည်။  ဆိုလိုသည်မှာ ကလေးစောင့်ရှောက်မှုသည်ပင် ပညာသင်ကြားပေးခြင်းဖြစ်သည်။ စောင့်ရှောက်ရင်းဖြင့် သင့်လျော်သောပညာရပ်များကိုသင်ကြားပေးသည်။  သို့သော် ကလေးအသက်ခြောက်နှစ်သို့ရောက်သောအခါ အခြေခံပညာအလယ်တန်းကိုတက်ရောက်နိုင်ရန် အခြေခံအကြိုတန်းကို တစ်နှစ်ကြာတက်ရောက်ရသည်။ ၎င်းအကြိုတန်း၏ ရည်ရွယ်ချက်သည် ကလေးဘဝပညာရေးနှင့်စောင့်ရှောက်မှုတို့၏ အစိတ်အပိုင်းအနေဖြင့် ကလေးများ၏ တတ်မြောက်ရေးကျွမ်းကျင်မှုကို တိုးတက်စေရန်ရည်ရွယ်သည်။ အလွယ်ဆိုရသော် အခြေခံအကြိုတန်းသို့လွယ်ကူစွာတက်ရောက်နိုင်ရန် ကြိုတင်ပြင်ဆင်သောအတန်းလည်းဖြစ်သည်။ ထို့ပြင် ထိုအခြေခံအကြိုတန်းအတွက် မိဘများမှငွေကြေးကုန်ကျစရာမလိုဘဲ အစိုးရမှထောက်ပံ့သော အခမဲ့ပညာရေးဖြစ်သည်။ အခြေခံအကြိုပညာရေးအတွက် အမျိုးသားဗဟိုသင်ရိုးညွှန်းတန်းကို ဖင်လန်အမျိုးသားပညာရေးအဖွဲ့မှဆုံးဖြတ်သည်။ 


   ကလေးအသက် ( ၇ ) နှစ်သို့ရောက်သောအခါမှစ၍ မသင်မနေရပညာရေးစနစ်အရ အခြေခံပညာကျောင်းသို့စတင်တက်ရောက်ကြရသည်။ တစ်တန်းမှစ၍ ကိုးတန်းအထိကို မသင်မနေရ အခြေခံပညာရေးအဖြစ်သတ်မှတ်ကာ အခြေခံပညာရေးကို ကိုးနှစ်ကြာသင်ကြားကြရသည်။ ၎င်းကိုးနှစ်ကို နှစ်ပိုင်းပြန်ခွဲလိုက်သောအခါ တစ်တန်းမှ( ၆ ) တန်းအထိသည် အခြေခံပညာအလယ်တန်းဖြစ်၍ ( ၇ ) တန်းမှ( ၉ ) တန်းအထိသည် အထက်တန်းဖြစ်သည်။ ( ၁၀ ) တန်းမှ ( ၁၂ ) တန်းအထိ သုံးနှစ်ကြာသင်ယူရသောပညာရေးသည် အဆင့်မြင့်ပညာရေးဖြစ်သည်။ ဤနိုင်ငံတွင် အခြေခံပညာမူလတန်းဟူ၍ သတ်မှတ်ထားချက်မရှိပါ။  ကျောင်းသင်ရိုးညွှန်းတမ်းသည် အမျိုးသားဗဟိုသင်ရိုးညွန်းတမ်းကိုအခြေခံသည်။  မသင်မနေရပညာရေးကို ကိုးနှစ်ကြာသင်ကြားပြီးဆုံးသည့်အခါ ကျောင်းသား၏ကိုယ်ပိုင်ဆန္ဒအလျောက် တစ်နှစ်အပိုထပ်ဆင့်သင်ယူရန်ရွေးချယ်ခွင့်ရှိသည်။ သို့သော် မရွေးချယ်လျှင်လည်းရသည်။ ဤဆန္ဒအလျောက်တစ်နှစ်ရွေးချယ်ခွင့်ရှိသောပညာရေးသည် အထက်တန်းပညာရပ်များကိုဆက်လက်သင်ယူနိုင်စေရန် လူငယ်များအားတိုက်တွန်းဘို့ရန်နှင့်ကူညီဘို့ရန် ရည်ရွယ်ပါသည်။ အကယ်၍ တက္ကသိုလ်သို့ဆက်လက်သင်ကြားလိုလျှင် ( ၁၂ ) တန်းအောင်မှသာ တက်ရောက်သင်ကြားနိုင်သည်။ ထူးခြားသည်မှာ သားသမီးကို မိဘကကိုယ်ဖြစ်စေချင်သည့်အတိုင်း ပုံဖေါ်ခွင့်မရဘဲ ကလေး၏ဆန္ဒအလျောက်သာပညာရေးကိုလွတ်လပ်စွာ ရွေးချယ်ခွင့်ပေးထားခြင်းဖြစ်သည်။ လွတ်လပ်စွာရွေးချယ်ခွင့်ပေးထားသည်ဆိုသော်လည်း ကျောင်းသားတစ်ဦးတည်း၏ ဆန္ဒသက်သက်မျှဖြင့် စိတ်ထင်တိုင်းရွေးခွင့်မရှိပေ။  သားသမီး ( ကျောင်းသား ) ၏ ပညာရေးအခြေအနေနှင့်ဆန္ဒကို ဆရာ ဆရာမများက အနီးကပ်လက်တွေ့ကျကျ သိမြင်ထားပြီးဖြစ်ရာ ကျောင်းသားမိဘများကိုကျောင်းသို့ခေါ်ဆောင်၍ ကလေး၏အနေအထားကိုရှင်းပြလျှက် အနာဂတ်ပုံဖေါ်ရေးကို ဆွေးနွေးကြရသည်။ ထိုသို့ ၁။ မိဘ ၂။ ကျောင်းသား ၃။ ဆရာဆရာမတို့၏ အသီးသီးသောဆွေးနွေးချက်များအရ ကျောင်းသား၏ဆန္ဒနှင့်အနေအထားကိုက်ညီသော ပညာရေးကိုဇောင်းပေး၍ ရွေးချယ်ခွင့်ပေးလိုက်ကြသည်။ အလွန်အတုယူထိုက်သော စနစ်တစ်ခုပင်ဖြစ်သည်။ သံသရာမှ လွတ်မြောက်ရေးအတွက် သတ္တဝါတို့၏ အကြိုက်စရိုက်အားလျော်စွာ မြတ်ဗုဒ္ဓ၏ ကမ္မဋ္ဌာန်းပေးသောနည်းစနစ်နှင့်တူညီနေသည်ကို သတိပြုမိသည်။ 

   သို့သော် အခြေခံအထက်တန်းဖြစ်သည့် ( ၉ ) တန်းအောင်ပြီးလျှင် အဓိကရွေးချယ်ခွင့်နှစ်ခုရှိသည်။ ၎င်းတို့မှာ ၁။ အသက်မွေးအလုပ်သင်ပညာရေးကျောင်းနှင့် ၂။ အဆင့်မြင့်ပညာသင်ကျောင်းတို့ဖြစ်သည်။ အဆိုပါ နှစ်ကျောင်းလုံး၏ ကျောင်းတက်ချိန်ကာလမှာ ( ၃ ) နှစ်ဖြစ်သည်။ အကယ်၍ အသက်မွေးအလုပ်သင်ပညာရေးကျောင်းပြီးဆုံးသောအခါ တက္ကသိုလ်သို့ဆက်လက်တက်ရောက်လိုလျှင်လည်း တက်ရောက်ခွင့်ရှိသည်။ အကယ်၍ အသက်မွေးအလုပ်သင်ပညာရေးကျောင်းကိုမတက်ဘဲ အဆင့်မြင့်ပညာရေးကျောင်းသို့တက်ရောက်ကာ အောင်မြင်ပြီးဆုံးသော်လည်း  အလုပ်သင်ပညာရေးကျောင်းကိုမဖြစ်မနေတက်ရောက်ကြရသည်သာဖြစ်သည်။ အကြောင်းမှာ အသက်မွေးအလုပ်သင်ပညာရေးကျောင်းမှ အောင်လက်မှတ်ရရှိထားမှသာလျှင် အလုပ်ရနိုင်သောကြောင့်ဖြစ်သည်။ သို့သော် အဆင့်မြင့်ပညာရေးကျောင်းပြီးဆုံးမှ အသက်မွေးအလုပ်သင်ပညာရေးကျောင်းကိုတက်ရောက်ကာပြီးဆုံးပါက အလုပ်ကောင်းကောင်း လစာကောင်းကောင်းအတွက် ပို၍အခွင့်အလမ်းသာလေသည်။ တက္ကသိုလ်ပညာရေးသည်ကား ဘီအေ ဘီအက်စ်စီ ဘွဲ့တို့အတွက်ပင် ၄ နှစ် သို့မဟုတ် ၅ နှစ်ကြာသည့်တိုင် သင်ယူကြရသည်။ ထိုထိုဘွဲ့တို့အတွက် စာအလွတ်ကျက်မှတ်ခြင်းကို ဦးစားမပေးဘဲ သုတေသနလုပ်ငန်းများကိုသာ အဓိကဦးစားပေးထားသည်။ 

   ထူးခြားသည်မှာ ကိုးတန်းအထိပါဝင်သော အခြေခံပညာအဆင့်နှင့် ( ၁၀ ) တန်းမှ ( ၁၂ ) တန်းထိပါဝင်သော အဆင့်မြင့်ပညာရေးတို့တွင် ပြဋ္ဌာန်းစာအုပ်များ ဘောလ်ပင် ခဲတံများနှင့်အခြားသောပညာရေးအသုံးအဆောင်ပစ္စည်းများကို အစိုးရမှ တရားဝင်အခမဲ့ ထောက်ပံ့သည်။  မိဘများမှာ သားသမီးများ၏ ပညာရေးအတွက် တစ်ပြားတစ်ချပ်မှ ကုန်ကျစရာမလိုချေ။ ကျောင်းအပ်ခလည်းပေးစရာမလို၊ ပေးရကောင်းမှန်းလည်း သူတို့မသိကြချေ။ ထို့ပြင် ကျောင်းတွင် နေ့လည်စာကိုလည်း အခမဲ့ကျွေးပြန်သေးသည်။ ထို့ကြောင့် ထမင်းချိုင့်ထည့်ပေးရသော ဒုက္ခမှလည်းကင်းဝေးသွားတော့သည်။  ကျောင်းကျမ္မာရေးနှင့်အခြားကောင်းကျိုးဖြစ်စေသော ဝန်ဆောင်မှုများအတွက်လည်း အခြေခံပညာကျောင်းသားနှင့်အဆင့်မြင့်ကျောင်းသားများအတွက် အခမဲ့ပင်ဖြစ်သည်။ အခြေခံပညာသင် ကျောင်းသားအားလုံးသည် သင်ကြားရေးနှင့်အခြားကျောင်းလုပ်ငန်းများတွင် လိုအပ်ချက်ဖြစ်ပေါ်လျှင်ဖြစ်ပေါ်ခြင်း အထောက်အပံ့နှင့်လမ်းညွန်မှုကို ရယူနိုင်ခွင့်ရှိသည်။ ဆရာ ဆရာများသည်လည်း သက်ဆိုင်ရာ ကဏ္ဍအလိုက် တာဝန်ကိုကျေပွန်စွာထမ်းဆောင်ကြရသည်။ သင်ကြားရေးဆရာ၊ သင်ထောက်ကူဆရာ၊ ကလေးများအားနဲသည့်ဘာသာရပ်ကို ဖြည့်စွမ်းပေးမည့် စပါရှယ်လစ်စ်ထ် ဆရာတို့ဖြင့် ပြည့်စုံအောင် ဖြည့်ဆည်းတာဝန်ပေးထားသည်။ ထို့ကြောင့်ပင် ကလေးများ၏ ပညာရေးအတွက် မိဘများသည် ငွေရေးကြေးရေးမှအစ အရာရာအတွက် ပူပန်စရာမလိုတော့ပေ။ ထို့ကြောင့် ဆင်းရဲချမ်းသာမရွေး အားလုံးတပြေးညီ ပညာသင်ကြားခွင့်ရကြလေသည်။ ထို့ကြောင့်ပင် လူတန်းစားကွာဟမှုသည်လည်း ကျဉ်းမြောင်းသွားတော့သည်။ ပညာသင်ကာလသည် နှစ်စဉ် အောဂတ်စ်လလည်တွင်စတင်၍ ဂျွန်လဆန်းပိုင်းတွင် အဆုံးသတ်သည်။ နွေရာသီကျောင်းပိတ်ရက်မှာ ရက် ( ၆၀ ) ကျော်ကျော်ဖြစ်သည်။ 

  တဖန်ထူးခြားပြန်သည်မှာ နွေရာသီကျောင်းပိတ်ရက်တွင် မည်သည့်ကျူရှင်သို့မျှလည်း သွားစရာမလိုသည့်ပြင် ကျောင်းပိတ်ထားစဉ်ကာလအတွင်းဝယ် မည်သည့်ကျောင်းစာမျှမကြည့်ရန်နှင့် ဦးနှောက်နှင့်စိတ်ကို လွတ်လပ်စွာအနားပေးရန် ဆရာ ဆရာမများက ကျောင်းသားများအား မှာကြားလိုက်သည်။  ကျောင်းဖွင့်ရက်ကာလများတွင်လည်း အပြင်ကျူရှင်ဟူသည်ကို သူတို့ မရှိ မသိ မမြင် မကြားဘူးကြပေ။ အကယ်၍ ကျောင်းသားမှ ဘာသာရပ်တစ်ခုခုအားနဲသည်ဆိုလျှင် ကျောင်းတွင်သာ စပါယ်ရှယ်လစ်စ်ထ် ဆရာဖြင့် အပိုသင်ကြားပေးသည့်အလေ့အထရှိသည်။ အိမ်တွင်စာကျက်ဘို့မတိုက်တွန်းဘဲ နောက်နေ့သင်မည့်စာကို တစ်ခေါက်ဖတ်ထားရန်သာ မှာကြားသည်။ အိမ်စာကိုလည်း အလွန်ဆုံးလုပ်ရမှ တစ်နာရီသာဖြစ်သည်။ ဤတစ်နာရီသည်လည်း နေ့စဉ်မဟုတ်။ ကျောင်းသားကို လက်တွေ့ကျကျနားလည်သည်အထိ သင်ပြသည့်စနစ်ကိုသာ ဦးစားပေးသည်။  စာအလွတ်ကျက်၍ ဖြေခိုင်းသောနည်းစနစ်ကိုအားမပေးပေ။ စာအလွတ်မကျက်ရသော်လည်း ကမ္ဘာ့အအဆင့်မီပညာရေးတွင် ပါဝင်နေသည်။ ထို့ပြင် အဆင့်သတ်မှတ်ရာတွင်လည်း ရွှေပြည်မှာကဲ့သို့ (1 ) to (10 ) သတ်မှတ်ခြင်းမျိုးမဟုတ်။ (10 ) to (1 ) သတ်မှတ်သည်ကို  မိမိအနေဖြင့် အထူးအဆန်းဖြစ်စွာတွေ့ ရသည်။  အဆင့် ( ၁၀ ) ရသူသည်အတော်ဆုံးဖြစ်၍ အဆင့် ( ၁ ) ရသူသည် အညံ့ဆုံးဖြစ်သည်။ အကြောင်းမှာ ရာခိုင်နှုန်းဖြင့် အဆင့်ကိုသတ်မှတ်သောကြောင့်ဖြစ်သည်။ အမှတ် ( ၁၀၀) ရသူသည် ရာခိုင်နှုန်းအရ အဆင့် ( ၁၀ ) ဖြစ်၍ အမှတ်( ၅၀ )ရသူသည် အဆင့်( ၅ ) ဖြစ်ကာ အမှတ် ( ၁၀ ) ရသူသည် အဆင့် ( ၁ ) ဖြစ်သည်။ အထူးခြားဆုံးမှာ မိဘများမှ သားသမီးများ၏ ပညာရေးအတွက် ငွေကြေးကုန်ကျမှုကို လုံးဝစိတ်ပူစရာမလိုခြင်းဖြစ်သည်။ ကလေးများအတွက်လည်း ကျောင်းမှကျူရှင် ကျူရှင်မှကျောင်းသို့ လုံးချာလည်သွားလာရသော ဂျာအေးသူ့အမေရိုက် မုန့်လုံးစက္ကူကပ်ပုံပြင်ကဲ့သို့ သံသရာတဝဲဝဲလည်စရာမလိုတော့ချေ။ အထက်ပါ ပြောပြချက်တို့မှာ မိမိလက်လှမ်းမီသမျှတို့သာဖြစ်ပါသည်။ အပြည့်အစုံမဟုတ်ပါ။  ဤအကြောင်းအရာတို့ကို ရန်ကုန်မှ မိမိ၏ (ဆွမ်းခံကြွခဲ့ဖူးသော) ဆွမ်းဒကာမကို ပြောပြသောအခါ ဒကာမက ပြန်ပြောသည်မှာ " ဦးဇင်း တကယ်ပြောတာလား " တဲ့။ မယုံသင်္ကာစကားလုံးဖြင့် တုန့်ပြန်မှုကို ခံလိုက်ရသည်။   ဒကာမပြောမည်ဆိုလျှင်လည်း ပြောထိုက်ပေသည်မို့ တကယ်ပြောတာပါ ဟူသောစကားမှလွဲ၍ နှုတ်ထွက်မဝံ့တော့ပါ။ ဖြစ်နိုင်လျှင် " ကလေးငယ်လေးပြန်ဖြစ်၍ ဤနိုင်ငံတွင် ပညာတွေကို တဝကြီးသင်ယူချင်စမ်းပါဘိ " ဟုလည်း မဖြစ်နိုင်မှန်းသိလျှက်နှင့် နစ်နောစွာခံစားတမ်းတမိသည်။ ထို့ထက် တို့ရွှေပြည်ကြီး ဤခရီးကို နီးစေချင်လှဘိတော့သည်။ ( ဆက်ရန် )


***ဓမ္မမိတ်ဆွေများ၏အမှာစကား***