Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Saturday, January 19, 2013

အနှိုင်းမဲ့အဖြည့်ခံ ယသောဓရာ ( ၇ )


ဟယ် မင်းယုတ် အသင်မင်း၏ တဏှာရာဂရမ္မက်ကြောင့် အပြစ်ကင်းစင်ကြင်နာတတ်တဲ့ ငါ့ချစ်လင်ကို အသင်သတ်လိုက်ချေပြီ။ ငါ့မှာ ဖြေမနိုင်ဆည်မရ ပူလောင်ရသကဲ့သို့ သင့်မိခင်လဲ သူ့လင်သူ့သားအတွက် ပူလောင်ပါစေ။ သင့်ဇနီးလဲ သူ့လင် သူ့သား သူ့သက်ထားအတွက် ပူလောင်ပါစေ လို့ ခပ်ကြမ်းကြမ်းကြိမ်ဆဲပါတော့တယ်။ ဒီအခါမှာ ဗာရာဏသီမင်းဟာ စိတ်မပျက်ဘဲ ဇွဲကောင်းကောင်းနဲ့ ရှေ့ကိုတစ်ဆင့်တက်လာပြန်ပါတယ်။ ( ဇွဲဆုလေးများ ရလေမလား ဆိုတဲ့အထင်လဲရှိနိုင်တာကိုး ) အို မယ်စကြာဝဠာဘွဲ့တောင် ထိုက်တန်ပီး ရှုမညီး ကြည့်မဝအောင် လှပတဲ့ ချစ်နှမ၊ သောကဖိစီး မငိုငြီးပါနဲ့။ ချစ်နှစ်မဟာ အတွေးအမြင်တွေ ဝေဝါးနေပါပေါ့လား။ ကိန္နရာရဲ့ ဇနီးမယားဘဝဟာ မခမ်းနား မတင့်တယ်ပါဘူးကွယ်။ ချစ်နှမတို့ နေထိုင်ရာ ဟိမဝန္တာဟာလဲ သွေ့ခြောက်လှပီး လူသူမနီးတဲ့တောကြီးမျက်မဲမျှသာဖြစ်ပါတယ်။ အရာရာဝယ် အလှဝေဖြာပီး ပြီးပြည့်စုံနေတဲ့ ရွှေနန်းတော်မှာ တောင်ညာစံဒေဝီ အဂ္ဂမဟေသီ မိဖုရားကြီးအဖြစ် တင်မြှောက်ပါမယ်။ လောကရဲ့ စည်းစိမ်မှန်သမျှကို ခံစားဘို့ ပျော်ရွှ့င်ကြည်နူးစွာပဲ လိုက်ခဲ့ပါတော့လို့ ဖျားယောင်းပြောဆိုပါတော့တယ်။ ဒီအခါမှာ စန္ဒကိန္နရီမလေးဟာ ဖျားယောင်းမှုနောက် မလိုက်ပါဘဲ ဒေါသအမျက် ချောင်းချောင်းထွက်ကာ ခြင်္သေ့ဟောက်သံကဲ့သို့ အလွန်စူးရှပြင်းထန်သော အသံနဲ့ အော်ဟစ်ပြောဆိုပါတော့တယ်။ ဟယ် ယုတ်မာကောက်ကျစ် ညစ်ညမ်းလှတဲ့ မင်းယုတ်၊ ငါ့ကိုလိုချင်၍ ငါ့လင်ကိုသတ်သော်လဲ သင့်လက်ထဲကို ငါဘယ်တော့မှမရောက်စေရဘူး။ အရောက်မခံဘူး။ ရဲရဲရင့်ရင့် နောက်မတွန့်ဘဲ ငါ့ကိုယ်ငါပဲ သတ်သေလိုက်တော့မယ်လို့ စန္ဒကိန္နရီမလေးက ခိုင်မာပြတ်သွားစွာပြောလိုက်ပါတော့တယ်။

      ဒီအခါမှာ ဗာရာဏသီမင်းဟာ စန္ဒကိန္နရီကို ဘယ်လိုမှသိမ်းပိုက်၍ ရမည်မဟုတ်ကြောင်း ကောင်းကောင်းသဘောပေါက်သွားပါတော့တယ်။ ဒါကြောင့် မြင်မြင်ချင်းပဲ စွဲလမ်းခဲ့တဲ့ တဏှာရမ္မက်ဟာလဲ တခဏအတွင်းမှာပဲ ပျောက်ဆုံးခန်းခြောက်သွားပါတော့တယ်။ အစကတည်းက တကယ်စစ်မှန်တဲ့အချစ်နဲ့ ချစ်တာမှမဟုတ်ဘဲလေ။ ဒါနဲ့ ဗာရာဏသီမင်းဟာ မရတဲ့အမဲ သဲနဲ့ပက်ဆိုသလို သစ်ပင်ချုံနွယ်တို့ကို စားသောက်ကြတဲ့ တိရစ္ဆာန်တွေဟာ တောကိုပဲနှစ်သက်ကြတယ်။ ခမ်းနာထယ်ဝါတဲ့ လူသားတွေရှိရာအရပ်ကို မပျော်ပိုက်ကြဘူး လို့ ခနိုးခနဲ့ ကဲ့ရဲ့တဲ့စကားနဲ့ ပြစ်တင်ပြောဆိုပီး ထွက်ခွါသွားပါတော့တယ်။ ဒီတော့မှ စန္ဒကိန္နရီမလေးဟာ ချစ်လင်ရှိရာကို အမြန်ပြေးဆင်းလာပီးတော့ ချစ်လင်ရဲ့ဦးခေါင်းကို ပေါင်ပေါ်တင်ပီးတော့ ရှိုက်ကြီးငင်ကာ ဒီလို အော်ဟစ်ငိုကြွေးပါတော့တယ်။

     လှိုင်ဂူတွေပေါ်များတဲ့ လျှိုမြောင်တောင်တောရဲ့ သာမောဖွယ်ရာ တို့နေရာတို့ကမ္ဘာလေးမှာ သည်းလျာချစ်ကြင် ခင်ပွန်းလင်နဲ့ ချစ်ကြင်ခွင့်တွေ တွေ့မြင်ခွင့်တွေ ဝေးရတော့မည်မို့ ဒီအပူ ဒီမီးတောက်နဲ့ တစ်ယောက်ထဲဘယ်လိုဆက်လက်ရှင်သန်နိုင်ပါတော့မလဲ မောင်တော်ရယ်။ အမျိုးအစားစုံ အရောင်အသွေးစုံ အလွှာစုံလှတဲ့ ကျေးငှက်သာရကာလေးတွေနဲ့ သားရဲတိရစ္တာန်တို့ ပေါများရာ တို့ကမ္ဘာတို့နေရာလေးဟာ ထူးခြားသာယာ အလှဖြာခဲ့သလို မောင်တော်နဲ့နှမတော်တို့ရဲ့ ချစ်ခြင်းဟာလဲ အမြဲပဲသစ်လွင်ကြည်သာ ကျေနပ်စရာအပြည့်နဲ့ ကြည်နူးမဝဖြစ်ခဲ့ရပါတယ် မောင်တော်ရယ်။ ဒီတောဒီတောင်မှာ ဒီအလှဒီရသတွေဟာ ဒီမျှတင်မကပါဘူးမောင်တော်၊ တကယ်တော့လေ သစ်ပင်သစ်ရွက် သစ်ခက်သစ်လက်လေးတွေနဲ့ မြကမ္ဗလာလို နူးညံ့အောင်ခင်းပီးတော့ ချစ်တင်းနှောခဲ့ရတဲ့ ဟောဒီမြေတလင်းမှာ ခုလိုစင်းစင်းကြီးလဲကျနေတဲ့ မောင်တော်ကိုမြင်ရတော့ ချစ်မဝရှုမငြီးအောင်  မြတ်နိုးရတဲ့ နှမတော်အနေနဲ့ ဘယ်လိုများခံစားနေရသလဲဆိုတာ မောင်တော်မသိနိုင်တော့ပါဘူးလေ။ နှမတော်တစ်ယောက်ထဲ ဘယ်လိုများ အားခဲလို့ ဘယ်အသဲနဲ့ ဆက်လက်ရှင်ရပါမလဲမောင်တော်ရယ်။

     ဒီလိုနဲ့ စန္ဒကိန္နရီမလေးဟာ ရင်ထဲမှာရှိသမျှခံစားချက်တွေကို စီကာပတ်ကုံးဖွင့်ထုတ်ပီးတော့ ငိုကြွေးရင်း ကိန္နရာဖိုလေးရဲ့ရင်ပတ်ပေါ်ကို လက်တင်ထားမိရာ အပူငွေ့ရှိသေးကြောင်းသိရတာကြောင့် မောင်တော်အသက်မသေသေးဘူးဆိုတာ သိလိုက်ရပါတော့တယ်။ ဒါနဲ့ ဒီဖြစ်ရပ်ဆိုးကို နတ်သူတော်စင်များအနေနဲ့ မစောင်မ မကယ်တင်ရကောင်းလားဆိုပီး မောင်တော့်အပေါ်မှာ ထားရှိတဲ့ချစ်ဇောစိတ်ကြောင့် နတ်တွေကိုပြစ်တင်ဝေဘန်ပြန်ပါတော့တယ်။ ဒါနဲ့ သိကြားမင်းရဲ့ မြကျောက်ဖြာဟာ ကိန္နရီမလေးရဲ့ မောင်တော်ကိုအမှန်ချစ်တဲ့ မေတ္တာအရှိန်အဟုန်ကြောင့် ပူပြင်းလာပါတော့တယ်။ ဒီတော့မှ သိကြားမင်းက ပုဏ္ဏားယောင်ဖန်ဆင်းပီးတော့ လူ့ပြည်ကိုဆင်းကာ ကူညီပါတော့တယ်။ သိကြားမင်းဟာ ကိန္နရာဖိုလေးရဲ့မြှားဒဏ်ရာကို ရေစင်နဲ့ပက်ဖျန်းလိုက်တဲ့အခါ ဒဏ်ရာဟာ ချက်ချင်းပဲပျောက်ကင်းသက်သာပီးတော့ မူလပကတိအတိုင်းပဲ ကျမ္မာသွားပါတော့တယ်။ ဒီအခါမှာ ကိန္နရာမောင်နှံစုံဟာ ပုဏ္ဏားယောင်ဆောင်ထားသော သိကြားမင်းကို ဝမ်းမြောက်ဝမ်းသာ ကျေးဇူးတင်စကားဆိုကြပါတယ်။ သိကြားမင်းကလဲ ဒီနေ့မှစလို့ လူတို့နဲ့နီးစပ်ရာ လူတို့သွားလာရာဖြစ်တဲ့ တောင်အောက်ကိုမဆင်းသက်ကြဖို့နဲ့ တောင်ပေါ်မှာသာ နေထိုင်ကြဖို့ ပြောဆိုဆုံးမပီးတော့ သူရဲ့ဘုံဗိမာန်ကို ပြန်သွားပါတော့တယ်။ ကိန္နရာမောင်နှံစုံဟာလဲ  လွတ်လပ်ပျော်ရွှင်စွာနဲ့ တောင်ပေါ်ကိုပျံတက်သွားကြပါတော့တယ်။ ဒီလိုပျံတက်ရင်း စန္ဒကိန္နရီမလေးဟာ အလွန်ကျေနပ်ဆွတ်ပျံ့စွာနဲ့ပဲ ဒီသီချင်းလေးကို သီဆိုပါတော့တယ်။

        လူဆိုးလူသွမ်းကင်းရာ ငွေတောင်သာသို့ မောင်မယ်အတူ သွားကြစို့နော်။

        ချောင်းကြီးချောင်းငယ် သွယ်သွယ်စီးရာ တောင်ပေါ်မှာ ဝေဆာပွင့်ဖူးတဲ့ ပန်းကလေးများကို အတူခူးကြမယ်နော်။

        ညင်သာအေးမြ သန့်စင်လှတဲ့ တောင်ပေါ်လေချိုအေးကို တူမောင်နှံရှုရှိုက်ရင်း သီချင်းတွေဆိုကြမယ်နော်။

         အသဲဘဝင်မှာ အမြဲကြည်ရွှင်စေတဲ့ ဂီတချိုတွေ သီဆိုကြမယ်နော် တဲ့။

           စန္ဒကိန္နရီဇာတ်တော်ဟာ အလွန်ကျေနပ်ကြည်နူးစရာ ဒီဖြစ်ရပ်လေးနဲ့ အဆုံးသတ်သွားပါတယ်။ ဒီလိုဇာတ်တော်ကို အဆုံးသတ်ပီးတော့မှ ဘုရားရှင်က ဖခင်ဘုရင် သုဒ္ဓေါဒနကို ဒီလိုမိန့်တော်မူပါတယ်။ ယသောဓရာဟာ ယခုဘဝမှာသာ ငါဘုရားကို မေတ္တာနဲ့သစ္စာခိုင်မြဲစွာစောင့်စည်းခဲ့တာမဟုတ်၊ ရှေးယခင်ဘဝတွေမှာလဲ စောင့်စည်းခဲ့ပါပေတယ်လို့ ချီးကျူးစကားမိန့်ကြားတော်မူပါတယ်။ ဒီနောက် မြတ်စွာဘုရားရှင်က ယသောဓရာဟာ ယခင်က စန္ဒကိန္နရီဖြစ်ခဲ့တယ်။ ငါဘုရားကတော့ စန္ဒကိန္နရာဖြစ်ခဲ့တယ်လို့ ဇာတ်တော်ကိုပေါင်းထုတ် နိဂုံးချုပ်ခဲ့ပါတော့တယ်။

    ဒီဇာတ်တော်ကိုဖတ်ပီးတော့ မိမိဒီလိုကောက်ချက်ဆွဲမိပါတယ်။ စန္ဒကိန္နရီမလေးဟာ အချစ်စစ်အချစ်မှန်နဲ့ချစ်ခဲ့တာကြောင့် သစ္စာတည်တာဖြစ်ပါတယ်။ အကယ်၍ တကယ်အချစ်စစ်မဟုတ်ပါဘဲနဲ့ အခြေအနေနဲ့အကြောင်းကြောင်းအရ  တူနှစ်ဖြာဂဟေဆက်ခဲ့မိကြရင် ပျော်ရွှင် ကြည်လင်အေးမြတဲ့အိမ်ထောင်ရေး ရသဟာလဲကင်းမဲ့နေမှာဖြစ်သလို သစ္စာတည်မြဲဘို့အရေးဟာလဲ အလွန်ခက်ခဲလိမ့်မယ်လို့ထင်ပါတယ်။ ယသောဓရာဟာ ဘဝအဆက်ဆက်မှာ အရာရာကို ကိန်းဂဏန်းချပြလို့မရနိုင်လောက်အောင် ပေးဆပ်ဖြည့်ဆည်းခဲ့သော်လဲ ဘယ်အရာတစ်ခုကိုမျှ မတောင့်တ မမျှော်လင့်ခဲ့သလို ဘာဆုကိုမျှလဲ မပန်ဆင်ခဲ့ပါဘူး။ မောင်တော်နဲ့သေအတူရှင်မကွာ ဘဝအဆက်ဆက်ပေါင်းဖက် ဖြည့်ဆည်းပေးချင်တဲ့ အချစ်နဲ့ ဆန္ဒကလွဲလို့ ဘယ်အရာတစ်ခုကိုမှ ပိုင်ဆိုင်ဘို့မကြိုးစားခဲ့ပါဘူး။ မောင်တော်ကို ချစ်တဲ့စိတ်နဲ့ ပေးဆပ်ဖြည့်ဆည်းရုံသက်သက်မျှပါပဲ။ ဒါကြောင့် လူငယ်များကို အကြံပြုချင်တာက ပစ္စက္ခရေတိုဖြစ်တဲ့ ရုပ်ဝတ္ထုချမ်းသာသက်သက်ကိုသာမကြည့်ဘဲ ရေရှည်ကိုကြည့်ပီးတော့မှသာ တူနှစ်ကိုယ်လက်ဆက်သင့်ပါတယ်။ တကယ်လို့ တဒင်္ဂရေတိုမျှကိုသာ သာယာမက်မောပီးလက်ဆက်လိုက်ရင် ရေရှည်မှာတော့ ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင် ဆိုတဲ့စကားလို ကြီးကျယ်ခမ်းနားတယ်ထင်ရသော်လဲ ရင်တွင်းမှာတော့ အမြဲပူလောင်နေရတတ်ပါတယ်။ အိမ်ထောင်ရေးရဲ့ ဘယ်လိုသာယာကြည်နူးစရာမှ မခံစားရဘဲ ဒူးနဲ့မျက်ရည် အမြဲသုတ်နေရတဲ့ ဘဝမျိုးတွေဖြစ်တတ်ပါတယ်။

     အထူးသဖြင့် ဒီနေရာမှာ အမျိုးသမီးငယ်လေးများကို ပြောပြချင်တာက တကယ်နှလုံးရည်ပြည့်ဝတဲ့ အမျိုးသားကို ရွေးချယ်တတ်ပါမှ ပစ္စုပ္ပန်ရော သံသရာမှာပါ ကောင်းကျိုးစီးပွါး များပြားပီးတော့ ထာဝစဉ်ပျော်ရွှင်ကျေနပ်နိုင်တဲ့ မိသားစုဘဝကို တည်ဆောက်နိုင်ပါမယ်။ ယသောဓရာဟာ နှလုံးရည်ပြည့်ဝလှတဲ့ ယောကျာ်းကောင်းတစ်ယောက်ကို ရွေးချယ်နိုင်ခဲ့တဲ့အတွက် သံသရာတစ်လျှောက်လုံးမှာ ကျေနပ်မှု ပျော်ရွှင်မှုပြည့်ဝတဲ့ အိမ်ထောင်ရေးကိုပဲ ရရှိခဲ့တယ်။ ချစ်လို့မဝနိုင်တဲ့ ပီတိရသကို အစဉ်အမြဲခံစားခဲ့ရတယ်။ နှလုံးရည်ဆိုရာမှာ အသိပညာ အတတ်ပညာအပါအဝင် မေတ္တာ ကရုဏာ အကြင်နာ စာနာတရားနဲ့သစ္စာရှိမှုတွေကို ဆိုလိုတာပါ။ အချို့သော အမျိုးသမီးငယ်လေးများဟာ ဆိုခဲ့ပီးတဲ့ နှလုံးရည်ကို လိုလားကြဖွယ်ရှိသော်လဲ တဒင်္ဂ တခဏ သာယာမှုကို ဦးစားပေးမိကြတဲ့အခါ တစ်သက်လုံး ဘဝအမှောင်ကျကြရပါတော့တယ်။ ဒါ့အပြင် အလိုမကျမှုတွေ နာကျည်းမှုတွေ ကသိကအောက်ခံစားချက်တွေဟာ အမြဲလိုလိုရင်ထဲမှာ မွန်းကျပ်ပြည့်သိပ်နေပီးတော့ မှန်းချက်နဲ့နှမ်းထွက်မကိုက်ဘဲ မျှော်လင့်ခဲ့သမျှအရာရာ ပြိုကွဲပျက်ဆီးကုန်ကြပါတော့တယ်။ ကုန်ရှုံးတော့ တစ်ခေါက်၊ လင်ကုန်ရှုံးတော့ တစ်သက်လုံးမှောက်၊ ဆရာကုန်ရှုံးတော့ တစ်သံသရာလုံးမှောက်ဆိုတဲ့ ဆိုရိုးစကားရှိသော်လဲ သတိမမူ ဂူမမြင်ဖြစ်နေတတ်ကြပါတယ်။ လင်ကုန်ရှုံးလို့တစ်သက်လုံးမှောက်နေကြရတဲ့ အမျိုးသမီးကောင်းတွေ များစွာရှိနေနိုင်ပါတယ်။ နောက်ပီးတော့ အိမ်ထောင်မှု ဘုရားတည်၊ ဆေးမှင်ရည်စုတ်ထိုး၊ ဤသုံးမျိုးချက်မပိုင်လျှင် နောက်ပြင်ရန် ခက်သည့်အမျိုး  လို့ရှေးကအဆိုရှိပါတယ်။ ဒီအဆိုဟာ ဒီနေ့လဲ မှန်နေဆဲပါ။ နောင်ခေတ်လဲ မှန်နေအုံးမှာပါပဲ။

        ပါရမီဖြည့်ဘက်တို့ရဲ့ဘဝမှာတော့ ဘုရားအလောင်းတော်က ရွှေဆိုရင် ယသောဓရာအလောင်းက မြ၊ အလောင်းတော်က နေဆိုရင် ယသောဓရာက လ၊ အလောင်းတော်က ပညာကိုသရုပ်ဖေါ်ရင် ယသောဓရာက အကြင်နာ ကရုဏာရဲ့ ပုံရိပ်၊ အလောင်းတော်က နှလုံးရည်နဲ့ ဦးဆောင်သူဆိုရင် ယသောဓရာက နှလုံးရည်နောက်လိုက်ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူတို့နှစ်ဦးပါရမီတွေစတင်ဖြည့်ကျင့်စဉ်ကတဲက သူတို့အိမ်ထောင်ရေးအတွက်၊ ဒီထက် လောကကြီးအတွက်၊ ထို့ထက် ၃၁ ဘုံသားများရဲ့ စကြာဝဠာအတွက် ဘယ်လိုအကြမ်းဖက်မှု၊ ခေါင်းပုံဖြတ်မှု၊ ရက်စက်မှု၊ ကလိမ်ကကျစ်ကျမှုကိုမျှအသုံးမပြုဘဲ နှလုံးရည်သက်သက်နဲ့ မဟာဗျူဟာမြောက် အဂ္ဂဗျူဟာမြောက် ကြိုးစားနိုင်ခဲ့ကြတယ်။ မိမိ ဒီလိုလဲ ဆက်လက်စဉ်းစားမိပါသေးတယ်။ တကယ်လို့သာ ယသောဓရာရဲ့အချစ်စစ်နဲ့ ပေးဆပ်မှုသာမပါဝင်ခဲ့ရင် သို့မဟုတ် ယသောဓရာကသာ အရာရာမှာ ကာဆီးကာဆီးနဲ့ ကန့်လန့်တိုက်နေရင် ဘုရားပွင့်ဘို့လဲခက် ဒီသာသနာပေါ်ပေါက်ဘို့အရေးလဲ အလွန်ခက်ပါလိမ့်မယ်။ အမှန်မှာတော့ ယသောဓရာရဲ့ အချစ်နဲ့ ပေးဆပ်မှုတွေဟာ ဘုရားပွင့်ဘို့ သာသနာတော်ကြီးပေါ်ပေါက်ဘို့အတွက် အလွန်ကြီးမားတဲ့ အရံအင်အားတစ်ခုလို့မြင်မိ ခံစားမိ သုံးသပ်မိပါတယ်။ ယောက်ျားက တိကျပြတ်သားတဲ့ ဦးဆောင်မှုကို ပေးနိုင်မယ်၊ မိန်းမကလဲ နောက်လိုက်ကောင်းဖြစ်မယ်ဆိုရင် စုံတွဲတိုင်း အိမ်ထောင်ရေးတိုင်း ရွှေနဲ့မြ နေနဲ့လဖြစ်နေကြမယ်လို့ မျှော်လင့်မိပါတယ်။ ဒီလိုဒီလို ရေးနေတာတွေဟာ လက်မထပ်ကြရသေးတဲ့ လူငယ်လေးများအပါအဝင် လက်ထပ်ကြပီးသားစုံတွဲတိုင်း မိသားစုအတွက်၊ ဒီထက် ရက်ကွက် ရပ်ကျေးအတွက်၊ ဒီထက် မြို့နယ် ခရိုင် နိုင်ငံမှစလို့ လောကကြီးအတွက် စစ်မှန်တဲ့မေတ္တာစစ် အချစ်စစ်တွေနဲ့ ( အလောင်းတော်နဲ့ ယသောဓရာတို့လို ) ကောင်းကျိုးတွေစွမ်းနိုင်တဲ့နေရာက ဆောင်ရွက်စေလိုတဲ့ ဆန္ဒနဲ့ မိမိခံစားသုံးသပ်မိသမျှကို တင်ပြခြင်းဖြစ်ပါတယ်။ ( ဆက်လက်တင်ပြပါမယ် )

Wednesday, January 9, 2013

အနှိုင်းမဲ့အဖြည့်ခံ ယသောဓရာ ( ၆ )

ဒီအခန်းမှာတော့ ယသောဓရာရဲ့ အဖြည့်ခံအကြောင်းထက် ဘုရားအလောင်းတော်ကို သူမဘယ်လောက်အထိ ချစ်တယ်ဆိုတာကို ပြောပြချင်ပါတယ်။ မြတ်ဗုဒ္ဓဟာ သဗ္ဗညုတဥာဏ်တော်ကို ရရှိတော်မူပြီးတဲ့နောက် ခမည်းတော်ဘုရင်ကြီး သုဒ္ဓေါဓနရဲ့ ပင့်ဖိတ်ချက်အရ ဇာတိတိုင်းပြည်ဖြစ်တဲ့ ကပိလဝတ္ထုကို ပြန်ကြွတော်မူပါတယ်။ ကပိလဝတ္ထုရွှေနန်းတော်ကိုရောက်တဲ့နေမှာပဲ နေ့လည်ဆွမ်းဘုန်းပေးတော်မူပီးတဲ့နောက် ခမည်းတော်ဘုရင်ကြီးနဲ့အဂ္ဂသာဝကနှစ်ပါးတို့ကို ခေါ်ဆောင်ခြံရံလျှက် ယသောဓရာမိဖုရား စံမြန်းရာ နန်းဂေဟာကို ကြွမြန်းတော်မူပါတယ်။ မြတ်ဗုဒ္ဓဟာ အဆင်သင့် ခင်းကျင်းပြင်ဆင်ထားပီးဖြစ်တဲ့ နေရာမှာထိုင်တော်မူပါတယ်။ ထိုင်ပီးတယ်ဆိုရင်ပဲ ယသောဓရာဟာ ဘုရားရှင်ရဲ့ ဖမျက်တော်အစုံကို လက်နှစ်ဖက်နဲ့ ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပီးတော့ ဖမိုးတော်နှစ်ဖက်ကို မျက်နှာကပ်လျှက် ဘယ်ညာ အပြန်ပြန် နစ်နောစွာ ရှိခိုးဦးခိုက်ပါတယ်။ ဒီအမူအရာကိုမြင်တော့ ခမည်းတော်ဘုရင် သုဒ္ဓေါဓနက သားတော်မြတ်ဘုရားကို ဒီလိုလျှောက်ထားပါတယ်။ ရှင်တော်မြတ်ဘုရား တပည့်တော်ရဲ့ သမီးတော်ဟာ အရှင်ဘုရားက အဖန်ရည်ဆိုးထားတဲ့ အဝတ်ကိုသာ ဝတ်ဆင်တော်မူတယ်ဆိုတာကို ကြားရတဲ့အခါကတဲက အမြဲတန်း အဖန်ရည်ဆိုးထားတဲ့ အဝတ်ကိုသာဝတ်ခဲ့ပါတယ်။ အရှင်ဘုရားက တစ်ရက်မှာ တစ်ထပ်သာဆွမ်းဘုန်းပေးတော်မူတယ်ဆိုတဲ့ သတင်းကိုကြားရပြန်တော့လဲ တစ်ထပ်ထဲကိုသာ စားခဲ့ပါတယ်။ တစ်ဖန် အရှင်ဘုရားက ဇိမ်ခံပစ္စည်းတွေတပ်ဆင်ထားတဲ့ အိပ်ရာနေရာတွေကို ပယ်စွန့်လိုက်ပီဆိုတာကို ကြားရကတဲက ကြိုးပြားနဲ့ရက်ထားတဲ့ ကုတင်ပေါ်မှာသာ အိပ်စက်နေခဲ့ပါတယ်။ ဒါ့အပြင် အရှင်ဘုရားက အမွှေးနံ့သာတွေလဲမသုံး လိမ်းခြယ်ပြင်ဆင်မှုတွေလဲ မလုပ်တော့ဘူးဆိုကတဲက သမီးတော်ဟာလဲ မသုံးခဲ့တော့ပါဘူး။ အရှင်ဘုရား တောထွက်သွားတော်မူတဲ့အခါ ဆွေတော်မျိုးတော်တွေ မင်းညီမင်းသားတွေက ပြုစုစောင့်ရှောက်ခွင့်ပေးဘို့ သဝဏ်လွှာအစောင်စောင်ပါးခဲ့သော်လဲ ဘယ်သူတစ်ဦးတစ်ယောက်အပေါ်ကိုမှ မယိမ်းယိုင်ဘဲ တည်ငြိမ်ရင့်ကျက်စွာနဲ့ ကိုယ့်ကိုယ်ကို ထိန်းသိမ်းနေထိုင်နိုင်ခဲ့ပါတယ်။ ဒါကြောင့် အလွန်အံ့သြချီးမွမ်းထိုက်တဲ့ သမီးတော်ဖြစ်ပါတယ်ဘုရားလို့ ယသောဓရာရဲ့ နှလုံးသားနဲ့ ရပ်တည်ချက်ကို ချီးကျူးစကားလျှောက်ထားခဲ့ပါတယ်။

       ဒီအခါမှာ မြတ်ဘုရားက ခမည်းတော်မင်းကြီး ယခုအခါမှာ ခမည်းတော်ကြီးကစောင့်ရှောက်လျှက်ရှိသည့်ပြင် ဥာဏ်ပညာလဲရင့်ကျက် ထက်မြက်တဲ့ အနေအထားကိုရောက်နေပါပီ။ ရှေးယခင် ယခုလိုမရင့်ကျက်သေးမီ ပါရမီဖြည့်စဉ်ကာလတုန်းကလဲပဲ ကိုယ့်ကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်ပီးတော့ သစ္စာဖြင့် ချစ်ခဲ့ဖူးပါပီ ခမည်းတော်လို့ မိန့်ကြားပီးတော့ စန္ဒကိန္တွရီ ဇာတ်ကိုဟောတော်မူပါတယ်။ ဇာတ်တော်အကျဉ်းချုပ်ကတော့ ဒီလိုပါ။ ဘုရားအလောင်းတော် ပါရမီဖြည့်ဆည်းတော်မူစဉ် ဘဝတစ်ခုမှာ ကိန္နရာအမျိုးမှာဖြစ်ခဲ့ပါတယ်။ အဲဒီကိန္နရာဘဝမှာ ယသောဓရာအလောင်းဟာ စန္ဒကိန္နရီဖြစ်ခဲ့ပါတယ်။ သူတို့ နှစ်ဦးဟာ စန္ဒပဗ္ဗတလို့ခေါ်တဲ့ ငွေတောင်မှာ တူနှစ်ကိုယ်စံပျော်နေခဲ့ကြပါတယ်။ သူတို့စုံမောင်နှံဟာ မိုးရာသီမှာ တောင်ပေါ်မှာ နေထိုင်ကြသော်လဲ နွေရာသီမှာတော့ တောင်အောက်ကိုဆင်းပီးတော့ပျော်ကြပါတယ်။ တောင်အောက်က စမ်းချောင်းထဲမှာ ရေပက်တမ်းကစားကြရင်း စုံမောင်နှံ သကြံန်ကျကြသလို နွယ်ပင်တွေကိုခိုစီးကြရင်းနဲ့ ရီးလေးခိုကာ ဒန်းစီးလဲ ကစားကြပါတယ်။ ပန်းဝတ်မှုံတွေကိုစား ပန်းနံ့သာတွေကိုလိမ်းခြယ် ပန်းနဲ့ယက်ထားတဲ့ပန်းအဝတ်စားတွေကိုဝတ်ဆင်ပီးတော့ မပလီမပလာဘဲ တီတီတာ ညီညီညာနဲ့ ကြင်နာစွာ တူစုံနှံပျော်ရွှင်နေခဲ့ကြပါတယ်။ ငွေရောင်တောက်နေတဲ့သဲသောင်ပြင်မှာ ပန်းမွေ့ရာတွေခင်းလို့ လျောင်းစက်ပွေ့ဖက်ကြ ပြေးတမ်းလိုက်တမ်းကစားကြနဲ့ သူတို့တူစုံအတွက်တော့ စိတ်ညစ်စရာ နာကျင်စရာ ကြေကွဲစရာ လွမ်းဆွတ်တမ်းတစရာတွေဆိုတာ ပုံပြင်လိုပဲထင်မှတ်ရတဲ့ အခြေအနေမှာပါ။ ဒီလိုသာမန်ပျော်ရုံမျှမက ဂီတနဲ့လဲပျော်ကြလေရဲ့။ တစ်ရက်မှာတော့ ဘုရားအလောင်းတော် ကိန္နရာက ဝါးလုံးကိုဂစ်တာအဖြစ်အသုံးပြုလို့တီးခတ်နေချိန် ကိန္နရီမလေးကတော့ ပန်းဝတ်ပန်းစားတွေဝတ်စား ဆင်ယင်ပီး ကကြိုးစုံလင်စွာ အသုံးတော်ခံတင်ဆက်နေပါတယ်။

         တစ်နေ့မှာတော့ ပုံပြင်လို့တောင်ထင်မှတ်ခဲ့ရတဲ့ အလှည့်အပြောင်းတစ်ခုဟာ မထင်မှတ်ဘဲဖြစ်ပျက်လာပါတော့တယ်။ ဖြစ်ပျက်ပုံကတော့ ဗာရာဏသီပြည်ကို အုပ်စိုးတဲ့ဘုရင်ဟာ ထီးနန်းကိုခေတ္တစွန့်ခွါပီးတော့ ဟိမဝန္တာအရပ်ကိုတောစကားထွက်ခဲ့ပါတော့တယ်။ ဒီနေ့ခေတ် သမတတွေ ဝန်ကြီးချုပ်တွေ အပန်းဖြေ အနားယူရင်း ငါးမျှားထွက်သလိုဖြစ်မယ်ထင်ပါရဲ့။ ကိန္နရာမောင်နှံ တူစုံပျော်နေကြတဲ့ စမ်းချောင်းနားကိုရောက်တော့ ဝါးလုံးတီးခတ်သံကိုကြားရတာကြောင့် ခြေသံမကြားစေဘဲ တိုးတိတ်ညင်သာစွာ သွားရောက်ကြည့်ပါတော့တယ်။ ဒီအခါမှာ ပျော့ပျောင်း နွဲ့နှောင်းပီး ကကြိုးကကွက် ထိထိမိမိ  လှလှပပနဲ့ တင်ဆက်အသုံးတော်ခံနေတဲ့ ဟိမဝန္တာသူ ကိန္နရီမလေးကို မြင်ရပြန်တော့ မြင်မြင်ချင်းပဲ ချစ်မိကြိုက်မိပါတော့တယ်။ သာမန်ချစ်ရုံကြိုက်ရုံမျှမကဘဲ ချက်ချင်းလက်ငင်း သိမ်းပိုက်ရယူလိုတဲ့ တဏှာရမ္မက်စိတ်ကပြင်းပြလာတာကြောင့် ကျိုးကြောင်းဆိုးကောင်းကို မဆင်ခြင်တော့ဘဲ ကိန္နရာဖိုလေးကို လေးကိုတင်ကာ မြှားနဲ့ပစ်ခွင်းပါတော့တယ်။ မြှားဟာလဲ ကိန္နရာဖိုလေးရဲ့ ကိုယ်ခန္ဓာကို တဲ့တဲ့ထိမှန်တော့တယ်။ မြှားဒဏ်ရာကြောင့် ကိန္နရာဖိုလေးဟာ အော်ဟစ်ညီးညူကာ မြေပြင်ကိုလဲကျသွားပါတော့တယ်။ ကိန္နရီမလေးဟာ ချစ်လင်ရဲ့စူးရှတဲ့အော်သံကို ကြားရတာကြောင့် ကိန္နရာဖိုလေးဆီကို အမြန်ပြေးသွားပါတော့တယ်။ ဖြစ်ပျက်ပုံအစုံအလင်ကိုသေချာစွာ စစ်ဆေးလိုက်တော့ ချစ်လင်ရဲ့ခန္ဓာကိုယ်မှာ မြှားဒဏ်ရာကိုတွေ့ရတာကြောင့် ရှေ့နောက်ဝဲယာကိုကြည့်ရှုစုံစမ်းလိုက်တဲ့အခါ တဏှာရမ္မက်ဇောတွေ စောနေတဲ့ ဗြဟ္မဒတ်မင်းကို မြင်လိုက်ရပါတော့တယ်။ မြင်လိုက်တယ်ဆိုရင်ပဲ ချစ်လင်ကိုချစ်တဲ့စိတ်ဟုန်ကြောင့် ထိန်းမနိုင်သိမ်းမရတဲ့ ဒေါသအမျက်ချောင်းချောင်းထွက်ပါတော့တယ်။ ဒါပေမယ့်လို့ အားချင်းမမျှတဲ့မိန်းမသားဘဝမို့ တုန့်ပြန်နိုင်တဲ့အင်အားမရှိလေတော့ ကိန္နရာမလေးဟာ ဗြဟ္မဒတ်မင်းရဲ့အနီးမှဖြတ်ပြေးပီးတော့ တောင်ထိပ်ကိုတက်ပြေးပါတော့တယ်။ တောင်ထိပ်ပေါ်ကနေပီးတော့ ဗြဟ္မဒတ်မင်းကို ဒီလိုကျိန်ဆဲပါတော့တယ်။

        ဟယ် ရက်စက်ယုတ်မာလှတဲ့ မင်းရာဇာ ငါချစ်ကြင်ရတဲ့ ငါ့ချစ်လင်ဟာ အသင်ရက်စက်တဲ့ မြှားဒဏ်ချက်ကြောင့် ခက်လက်ဝေဖြာတဲ့သစ်ရိပ်မှာ ကြည်ရွှင်စွာပျော်မြူးရင်း ချက်ချင်းပဲ အသက်ကင်းကာ မြေခရရှာပီ။ ဒီအဖြစ်ပျက်ကြောင့် ငါ့မှာ ဖြေမဆည်နိုင်တဲ့ သောကတွေနဲ့ ပူလောင်ခံစားနေပီ။ ငါခံစားရသလို သင့်မိခင်နှင့် သင့်ဇနီးသက်ထားလဲ ပူလောင်ခံစားပါစေ။ ( ဆက်လက်ဖေါ်ပြပါမယ် )

Saturday, December 15, 2012

အနှိုင်းမဲ့အဖြည့်ခံယသောဓရာ ( ၅ )


မဒ္ဒီမိဖုရားဟာ သားလေးနဲ့ သမီးလေးရဲ့ ပျော်ရွှင်စွာဆော့ကစားနေကြတဲ့ ကြည်နူးဘွယ်မြင်ကွင်းလေးကို မမြင်ရတဲ့အချိန်မှာ မိခင်တစ်ယောက်အနေနဲ့ အလွန်တရာပဲ ပူပန်မိပါတော့တယ်။ ဒါနဲ့ မောင်တော် ဝေဿန္တရာကိုလဲ တရားကျင့်တာပျက်မှာ စိုးရိမ်တဲ့အတွက်ကြောင့် မမေးမိဘဲ သားလေးနဲ့ သမီးလေးရဲ့ နာမည်ကို တကြော်ကြော်အော်ခေါ်ကာ တောကြီးမျက်မည်းထဲမှာ တစ်ကိုယ်တည်း ရှာပုံတော်ဖွင့်ခဲ့ပါတော့တယ်။ ရှာပုံတော်ခရီးကို တစ်ညလုံးလုံး မနေမနားကြိုးစားခဲ့ရသော်လည်း သားလေးနဲ့ သမီးလေးရဲ့ အရိပ်အယောင်ကိုမျှ မတွေ့မိ မကြားမိပါဘူး။ ဒါနဲ့ သူမတို့မိသားစု့ နေထိုင်ရာ ကျောင်းသင်္ခန်းလေးဆီကို နံနက်လင်းအားကြီးမှာ ပြန်လာခဲ့တော့တယ်။  ဒီအခါမှာ မဒ္ဒီမိဖုရားရဲ့ ရင်ထဲမှာ ပူလောင်မှုကလွဲလို့ ဘာခံစားချက်ကိုမျှ မသိတော့ပါဘူး။ ခေါင်းထဲမှာလဲ မူးဝေနောက်ကျိတာကလွဲလို့ ဘာမှတ်သိစိတ်မှ ကောင်းကောင်းမရှိတော့ပါဘူး။ တစ်နေကုန် တစ်နေခန်း မောကြီးပန်းကြီးနဲ့ သစ်သီးကြီးငယ် သစ်ဥသစ်ဖုတို့ကို ရှာခဲ့ရပီးပီ။ နောက်ပီးတော့ တစ်ညလုံးလုံး မစားနိုင် မအိပ်နိုင်ဘဲ သားနဲ့သမီးကို ရှာပုံတော်ဖွင့်ခဲ့ရပီးပီ။ ဒီတော့ ရင်မှာလဲပူ ခေါင်းမှာလဲဝေ ကိုယ်မှာလဲနွမ်းလျနေတဲ့ မဒ္ဒီဟာ မထိန်းနိုင်တော့ဘဲ ဝေဿန္တရာရဲ့ အနီးမှာ မေ့မျောလဲကျသွားပါတော့တယ်။

           ဒါနဲ့ ဝေဿန္တရာဟာ မဒ္ဒီမိဖုရားရဲ့ ရင်ကိုစမ်းကြည့်တော့ အပူငွေ့ရှိသေးတာကြောင့် အသက်ရှိသေးတယ်ဆိုတာသိရလို့ အကောင်းဆုံး ဖြစ်နိုင်တဲ့ နည်းလမ်းများနဲ့ပြုစု ကုစားပေးလိုက်တဲ့အခါ မဒ္ဒီမိဖုရားဟာ သတိပြန်ရလာပါတော့တယ်။ ဒီအခါမှာ မဒ္ဒီက သားနဲ့သမီးအကြောင်းကို မေးတော့ ဝေဿန္တရာက စိတ်အေးအေးထားပီးနားထောင်ဘို့နဲ့ ပါရမီကုသိုလ်အတွက်အရေးကြီးကြောင်းကို နားချပီးတော့မှ ဇူဇကာပုဏ္ဏားကို လှုလိုက်ပြီဖြစ်ကြောင်း ပြောလိုက်တော့တယ်။ မဒ္ဒီရဲ့ ရင်ထဲမှာ သားနဲ့သမီးအတွက် ပူလောင်လှပါတယ်။ သို့သော် တပြိုင်နက်ထဲမှာပဲ  မောင်တော်ရဲ့ လောကကို ကယ်တင်ရေး ဘုရားဖြစ်ရေး ပါရမီပြည့်ဘို့အတွက် ဖြည့်ပေးရတာကို ကျေနပ်မိတယ်။ ဝမ်းထဲမှာ ဘာအစားအစာမှမရှိဘဲ တစ်နေကုန် တစ်ညလုံး အစာရှာထွက်ပီး သားနဲ့သမီးအတွက် မောပန်းခဲ့ရသော်လည်း မောင်တော်ရဲ့မြင့်မြတ်လှတဲ့ အဂ္ဂဗျူဟာရည်မှန်းချက်အတွက်မို့ ဖြေသိမ့်နိုင်ပါတယ်။ မိသားစုဘဝရဲ့ အေးချမ်းတဲ့ သာယာကျေနပ်မှုတွေကို လိုချင်သော်လည်း မောင်တော်ရဲ့ လောကသာယာဝပြောရေးလုပ်ငန်းစဉ်အတွက်မို့ အံကြိတ်ပီး ကိုယ့်ကိုယ်ကိုနှစ်သိမ့်ရတယ်။ လောကအတွက် သူမရဲ့ ပျော်ရွှင်အေးချမ်းတဲ့မိသားစုဘဝကို စတေးရတယ်။ ဒီကိစ္စအတွက် သာမန်အမျိုးသမီးတစ်ယောက်အနေနဲ့ဖြစ်စေ၊ သားသမီးကို ချစ်တဲ့ မိခင်ကောင်းတစ်ယောက်အနေနဲ့ဖြစ်စေ ဝေဿန္တရာကို စူးရှတဲ့အကြည့် မာကျောတဲ့စကား ပြင်းထန်တဲ့ စကားလုံး မကျေတဲ့ ရန်ငြိုးတွေနဲ့ ချက်ချင်းတုန့်ပြန်မိတော့မှာပါ။ တကယ်တော့ မဒ္ဒီဟာ သားနဲ့သမီးကိုလဲ ချစ်တယ်။ မောင်တော် ဝေဿန္တရာကိုလဲ ချစ်တယ်။ လောကကိုလဲ ချစ်တယ်။ ဒီအချစ်တွေထဲမှာ လောကကြီးအတွက် နှလုံးသားကိုစတေးပီး ဦးနှောက်ကို ဥိးစားပေးခဲ့တယ်။ ခံစားချက်ထက် အသိဥာဏ်ကို မြှင့်တင်ခဲ့တယ်။  ဒါ့အပြင် သူမရဲ့အချစ်ဟာ မိသားစုတစ်ခုတည်းအတွက် ကွက်ကွက်လေးမျှ ချစ်တာဟုတ်ဘဲ လောကကို ပိုလို့အလေးပေးသူဖြစ်ကြောင်း လက်တွေ့ပြခဲ့တာပါပဲ။ ဒီလိုစံနမူနာကောင်းတွေပြသနိုင်ဘို့ဆိုတာ တစ်ခေတ်မှတစ်ခါပေါ်ပေါက်တာမဟုတ်ပါဘူး။ တစ်ကမ္ဘာမှ တစ်ခါပေါ်တာလဲမဟုတ်ပါဘူး။ သုံးဆယ့်တစ်ဘုံဆိုတဲ့ စကြာဝဠာကို ကယ်တင်ရေးအတွက် ပါရမီတော်တွေကို ဖြည့်ကျင့်တော်မူကြတဲ့ ဘုရားအလောင်းတော်တွေရရဲ့ ပါရမီဖြည့်ဖက် ဖြစ်ပါမှသာ ပေါ်ပေါက်တတ်တာပါ။ ဒီနေရာမှာ ချစ်သူစုံတွဲများကို  အသိပေးချင်တာက မိမိချစ်သူကို သာမန်အိမ်ထောက်ဖက်လောက်မျှသာ သဘောမထားဘဲ ပါရမီဖြည့်ဖက်အနေဖြင့် အပြန်အလှန် ချစ်ကြပါလို့ မှာချင်ပါတယ်။

        မဒ္ဒီဟာ သာမန်အမျိုးသမီးမဟုတ်တဲ့အတွက်ကြောင့် သာမန်တုန့်ပြန်မှုတွေနဲ့ မတုန့်ပြန်ခဲ့ဘူး။ မြင့်မြတ်လှတဲ့ အမျိုးသမီးကောင်းတစ်ယောက်ဖြစ်တာမို့ ဘဝရဲ့အရာရာအတွက် ဘာကိုမှ ဘယ်လိုဆုကိုမှ မပန်ဆင်ဘဲ အဖြည့်ခံသက်သက်နဲ့ လောကကြီးအတွက် မောင်တော်နဲ့အတူ ဖြည့်ဆည်းရင်း ဘဝခရီးကို ဆက်ခဲ့တယ်။ ဒီလိုဘဝမျိုးတွေ ဒီလိုဖြစ်ရပ်တွေဟာ ဘဝအကြိမ်ကြိမ် တွေ့ကြုံခံစားခဲ့ဖူးပါပီ။ သို့သော် မောင်တော်ကို စိတ်မနာရက်ဘူး။ မပစ်ရက်ဘူး။ ဘယ်ပစ်ရက်ပါ့မလဲလေ။ လောကအတွက် ကရုဏာကြီးမားလှတဲ့ မဟာကရုဏာရှင်မောင်တော်၊ လောကကောင်းကျိုးသယ်ပိုးရေးအတွက် ဘယ်တော့မှ သစ္စာမဖောက်ဖျက်ခဲ့တဲ့ မောင်တော်၊ လောကကိုကယ်တင်ရေးအတွက် ဘယ်လိုအကြောင်းကြောင်းနဲ့မှ မူလရည်မှန်းချက်ကို မပြောင်းလဲဘဲ စိတ်ဓါတ်တည်ကြည်ခိုင်မှာလှတဲ့ မောင်တော်၊ လောကရဲ့ ချစ်တဲ့သူတွေကိုမဆိုထားနဲ့ ရန်သူကိုတောင် သီးခံနားလည်ပေးနိုင်တဲ့ စိတ်စွမ်းအားကြီးမားလှတဲ့မောင်တော်၊ ဘဝရဲ့ ဘယ်နေရာ ဘယ်ဒေသပဲရောက်ရောက် သူမဘဝရဲ့ ဂုဏ်သိက္ခာကို အပြည့်အဝဖြည့်စွမ်းပေးနိုင်တဲ့မောင်တော်၊ သူမအပေါ်မှာ ဘယ်လိုအစွန်းအထင်းလေးမျှ မစွန်းထင်းရလေအောင် ခိုင်မာတဲ့ကိုယ်ကျင့်တရားနဲ့ ချစ်တတ်တဲ့မောင်တော်၊  အို မောင်ရှိတဲ့ မဘဝဟာ အရာရာပြည့်စုံနေသလို ခံစားမှုကို ပေးနိုင်တဲ့ မောင်တော်ကို မဒ္ဒီမိဖုရား မပစ်နိုင်ပါဘူး။ အပြစ်မတင်ရက်ဘူး။ မောင်တော်ကို အကြောင်းပြုပြီးမှ သူမလဲ စိတ်ဓါတ်တွေ ကိုယ်ကျင့်တွေ သတ္တိတွေ ဥာဏ်ပညာတွေ တစ်ဘဝပီး တစ်ဘဝတိုးတက် ရင့်ကျက်လာခဲ့ရသူမို့ မောင့်လိုပဲ အရာရာကို တည်ငြိမ်အောင် ခံစားနိုင် ရင်ဆိုင်နိုင်နေပါပီ။

       မဒ္ဒီက မပစ်နိုင်မခွါရက် ချစ်ပေမယ့် ဝေဿန္တရာက မဒ္ဒီကို စွန့်လွှတ်ဘို့အရေး ထပ်မံတွေ့ကြုံရပြန်ပါတယ်။ အဲဒါကတော့ သားနဲ့သမီးကို လှုပီးလို့ မကြာခင်သောတစ်နေ့မှာ သိကြားမင်းဟာ ပုဏ္ဏားယောင်ဆောင်ပီး မဒ္ဒီမိဖုရားကို အလှုခံပါတော့တယ်။ ဝေဿန္တာရာဟာ သဗ္ဗညုတဥာဏ်တော်ကိုရရှိရေးအတွက် တုန်လှုပ်ခြင်း တုန့်ဆိုင်းခြင်းအလျဉ်းမရှိဘဲ မဒ္ဒီကိုလှုလိုက်ပြန်ပါတော့တယ်။ ဒီတစ်ကြိမ်မှာလဲ မဒ္ဒီကြေကွဲရပြန်ပါပီ။ သို့သော် မနာကျင်ပါဘူး။ ဆို့နင့်ပူလောင်ပါတယ်။ သို့သော် တည်ငြိမ်အောင် ဖြေသိမ့်နိုင်ပါတယ်။ သူမကိုစွန့်လှုပစ်ရက်တယ်။ သို့သော် မုန်းလို့ရက်စက်တာမှမဟုတ်ဘဲလေ။ မောင်တော်ရဲ့ နူးညံ့သိမ်မွေ့လှတဲ နှလုံးသားရယ် ခိုင်မာတဲ့ ကိုယ်ကျင့်တရားရယ် ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေရယ် လောကအတွက် ကြီးမားမြင့်မြတ်လှတဲ့ မေတ္တာတရားရယ် ဒါတွေ ဒါတွေကို သူမ နားလည်ထားသူမို့ မောင်တော်ကို မြူတစ်မှုန်လောက်မျှ အပြစ်တော်မတင်ရက်ပါဘူး။ ခွင့်လွှတ်နားလည်တဲ့ စိတ်နဲ့ပဲ ဆက်လက်ပီး ပါရမီဖြည့်ရင်း ချစ်နေမှာပါ မောင်တော် လို့စိတ်ထဲက ရေရွတ်ရင်း မောင်တော်ရဲ့ အလှုတော်ဆုံးဖြတ်ချက်ကိုလက်ခံခဲ့တယ်။ မဒ္ဒီကိုလှုလို့အပီးမှာ သိကြားမင်းက သူဟာ ပုဏ္ဏားမဟုတ်ဘဲ သိကြားမင်းဖြစ်ကြောင်းဖွင့်ပြောလိုက်တဲ့အတွက် ဝေဿန္တရာနဲ့ မဒ္ဒီဟာ ပြန်လည်ပေါင်းထုတ်တဲ့ ပါရမီခရီးကို ဆက်နိုင်ခဲ့ပြန်ပါတယ်။ ဇာတ်လမ်းကို ဒီလောက်ပဲ အဆုံးသတ်ပါမယ်။ မဒ္ဒီမိဖုရားရဲ့ အမျိုးသမီးတိုင်း စံနမူနာယူလောက်တဲ့ မိမိချစ်သူရဲ့အပေါ်ထားရှိတဲ့သဘောထား ကြီးမြတ်ပုံကို တင်ပြချင်တာလောက်ပဲမို့ပါ။ တစ်ခါ ဝေဿန္တရာရဲ့ လောကအပေါ်ထားရှိတဲ့ မဟာကရုဏာစိတ်ကြောင့် ပါရမီဖြည့်ရင်း မိသားစုဘဝတွေ အသက်အိုးအိမ်စည်းစိမ်တွေ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ စတဲ့ ဘဝရဲ့ အရာရာကို စွန့်လွှတ်အနစ်နာခံခဲ့ရပုံကိုသိစေချင်တာလောက်မို့ ဇာတ်လမ်းမဆုံးသေးသော်လည်း ရပ်တန့်လိုက်ပါတယ်။ ( ဆက်လက်ဖေါ်ပြမယ် )

Sunday, December 9, 2012

အနှိုင်းမဲ့အဖြည့်ခံ ယသောဓရာ ( ၄ )

အရင်တစ်ပတ်တင်ခဲ့တဲ့ ပို့စ်မှာ သုမိတ္တာဆိုတဲ့ ယသောဓရာအလောင်းလျာမလေးရဲ့ အသိဥာဏ်နဲ့ သတ္တိစွမ်းပကား ကြီးမားပြတ်သားမှုကြောင့် ဗုဒ္ဓဝါဒပေါ်ထွန်းခဲ့တဲ့အထိ ကူညီပံ့ပိုးဖြည့်ဆည်းနိုင်ခဲ့ကြောင်း တင်ပြခဲ့ပါတယ်။ ဒီတစ်ပတ်တော့ သူမရဲ့ အသိဥာဏ်နဲ့ သတ္တိစွမ်းပကားကြီးမားပုံကို ဝေဿန္တရာဇာတ်တော်ကို အခြေခံပြီး တွေးတောနိုင်သလောက် သုံးသပ်တင်ပြမှာပါ။ ဇာတ်တော်အကြောင်းကို အကျဉ်းချုပ် ပြန်လည်တင်ပြရင်း သုံးသပ်သွားမှာပါ။  ဒီဇာတ်တော်မှာ တိုင်းပြည်က နှင်ထုတ်လို့ ဝေဿန္တရာဟာ တိုင်းပြည်ကနေ ဟိမဝန္တာရှိ ဝင်္ကဘာတောင်တန်းကို ထွက်ခွါရတယ်။ ထွက်ခွါခါနီးမှာ ဝေဿန္တရာက ပါရမီဖြည့်ဖက်ဖြစ်တဲ့ မဒ္ဒီမိဖုရားကို မှာတယ်။ ချစ်နှမ ငါကိုယ်တော်မြတ်ကတော့ တိုင်းပြည်ကနေထွက်ရတော့မယ်။ ဒီလိုထွက်ခွါရတဲ့အခါမှာ ချစ်နှမအနေနဲ့ မိဘတွေရှိရာ ကိုယ့်တိုင်းပြည်ကို ( ဒေဝဒဟ ) ပြန်ချင်လဲပြန်ပါ။ တိုင်းပြည်ပြန်ရောက်လို့ နောက်အိမ်ထောင်ပြုမယ်ဆိုလဲ ပြုပါ။ ဒီအရာတွေအတွက် အားလုံးကို နားလည်ခွင့်လွှတ်ပါတယ်။ သားလေး ဇာလီနဲ့ သမီးလေး ကဏှာဇိန်တို့ကိုလဲ လောကအလယ် မျက်နှာမငယ်ရအောင် ပြုစုထိန်းသိမ်းစောင့်ရှောက်နေရစ်ပါတော့လို့ မှာရှာတယ်။ ဝေဿန္တရာမင်းဟာ မဒ္ဒီမိဖုရားကို ပစ်ထားရက်တဲ့စိတ်နဲ့ ဒီစကားတွေကို ပြောနေတာမဟုတ်ပါဘူး။ မဒ္ဒီမိဖုရားဟာ အလွန်ချစ်ခင်လေးစားထိုက်တဲ့ မိန်းမသားတစ်ယောက်ဖြစ်တဲ့အတွက် ချစ်စိတ် လေးစားစိတ်တွေနဲ့ နေရစ်ခဲ့ဘို့ မှာတမ်းချွေနေတာပါ။  ဝေဿန္တရာရဲ့ စိတ်ထဲမှာ ဘယ်နေ့ ဘယ်အချိန် ဘယ်သောခါမှ တိုင်းပြည်ကို ပြန်ရောက်မယ်ဆိုတာလဲမသိ၊ ပြန်ရောက်ချင်လဲ ရောက်နိုင်သလို ပြန်မရောက်တော့ဘဲ တစ်သက်လုံး ဝင်္ကဘာတောင်တန်းမှာပဲ နေရကောင်း နေရနိုင်တာကိုး။ ဒီလိုမှာတမ်းချွေတော့ မဒ္ဒီမိဖုရားက ပြန်ပြောတယ်။ မောင်တော် ဝေဿန္တရာ၊ မောင်တော်မရှိတဲ့ လောကရဲ့ ဘယ်နေရာမှာမှ တစ်ယောက်ထည်းခွဲမနေပါဘူးတဲ့။  နှမတော်ရဲ့ တိုင်းပြည်ကိုလဲ မပြန်ဘူး။ မောင်တော်ရဲ့ နန်းတော်ထဲမှာလဲ တစ်ယောက်ထဲ ကျန်မနေခဲ့ချင်ပါဘူး။ မောင်တော် ရှိရာအရပ်မှာပဲ မခွဲမခွာ လက်တွဲသွားမှာပါ။ ဝင်္ကဘာဆိုတဲ့ တောနက်ကြီးထဲမှာ သားရဲ တိရစ္ဆာန်တွေ ဘယ်လောက်ဆိုးသွမ်းကြမ်းတမ်းပါစေ မောင်တော်နောက်ကို နှမတော်လိုက်မယ်။ လျှိုမြောင် ချောက်ကမ်းပါးတွေ ဘယ်လောက်ပဲ ထူထပ်လို့ နက်ရှိုင်းနေပါစေ မောင်တော်နဲ့ မခွဲဘူး လို့ ပြောပြတော့ ဝေဿန္တရာကလက်ခံတယ်။ ဒါနဲ့ သားလေးရယ် သမီးလေးရယ် နှစ်ယောက်လုံးကိုခေါ်ပီးတော့ စုစုပေါင်း မိသားစုလေးယောက် ဟိမဝန္တာရှိ ဝင်္ကဘာတောင်တန်းကိုရောက်ကြတယ်။ ရောက်တော့ ဝင်္ကဘာတောင်တန်းမှာ အေးအေးချမ်းချမ်းနေထိုင်ကြတယ်။ ဝေဿန္တရာက တရားကျင့်တယ်။ မဒ္ဒီမိဖုရားက မိသားစု လေးယောက်ရဲ့ အစားအစာအတွက် သစ်ဥ သစ်ဖု အရှာထွက်ရတယ်။ နေကုန်နေခန်း တောကြီးမျက်မဲထဲမှာ ပင်ပင်ပန်းပန်း နေ့စဉ်နဲ့အမျှ အစာရှာထွက်ရသော်လည်း မဒ္ဒီမိဖုရား ပျော်ပါတယ်။ ကျေနပ်တယ်။ ဒီနေရာမှာ သတိပြုမိတာက သူမဟာ ဝေဿန္တရာကို တဏှာပေမသက်သက်နဲ့ အရူးအမူး ချစ်နေရုံသက်သက်မျှကြောင့်မဟုတ်ဘဲ၊ ဝေဿန္တရာရဲ့ ဘုရားဖြစ်ရေး လောကကို ကယ်တင်ရေးဆိုတဲ့ လမ်းစဉ်ကို မြတ်နိုးလွန်းလို့ လေးစားလွန်းလို့ ကြည်ညိုလွန်းလို့ သူမရဲ့ ချမ်းသာမှုတွေကို စွန့်လွှတ်ပီး တောကြီးမျက်ထဲအရောက်လိုက်လံဖြည့်ဆည်းပေးတာပါ။ တကယ်လို့သာ သူမဟာ ဝေဿန္တရာအပေါ်မှာ လေးစားကြည်ညို တန်ဘိုးထားမှုတွေမပါဘဲ တဏှာပေမသက်သက်အတွက်နဲ့သာချစ်ခဲ့တာဆိုရင် မဒ္ဒီဟာ ဒီလောက်ထိဘဝကို ရင်းရဲ ရင်းနိုင်မှာ မဟုတ်ပါဘူး။ အဆင်းရဲခံနိုင်မှာမဟုတ်ပါဘူး။  တကယ်လို့ တဏှာပေမသက်သက်ကို အခြေခံပီး ရင်းရဲ ရင်းနိုင်စေအုံးတော့၊ ရေရှည်မှာ ဒီလောက်အထိ ကျေနပ်စွာ ဖြည့်ဆည်းနိုင်မှာမဟုတ်ပါဘူး။ ခုတော့ အရာရာဟာ လောကအတွက်ပဲ ဖြစ်စေရမယ် ဆိုတဲ့ မြင့်မြတ်လှတဲ့ သံဓိဋ္ဌာန်နဲ့ ဗျူဟာအဆင့်ဆင့်ချမှတ်ပြီး ကြိုးစားနေတဲ့ မောင်တော် ဝေဿန္တရာကို ချစ်မေတ္တာရော လေးစားကြည်ညိုစိတ်ပါ အားကြီးမိသူမို့ ဒီလောက်အထိ ဖြည့်ဆည်းပေးနိုင်တာပါ။ သူမရဲ့ ဝေဿန္တရာအပေါ်ထားရှိတဲ့ အချစ်စိတ် မေတ္တာစိတ် လေးစားစိတ်တွေဟာ ပါရမီဖြည့်ရာမှာ အလွန်ထိရောက်တဲ့ စွမ်းအင်တွေပါပဲ။ ဒါကြောင့်လဲ သူမက မောင်တော်ရဲ့ လောကတ္ထစရိယဆိုတဲ့ လောကကောင်းကျိုးသယ်ပိုးရေး ခရီးလမ်းမှာ မငြီးမငြူ ကူညီဖြည့်ဆည်းရင်း ကျေနပ်နေသူရယ်ပါ။ သို့်သော်လဲ ဒီကျေနပ် ပီတီဖြစ်ရတဲ့ အခြေအနေဟာ အမှတ်မထင် ပျောက်ကွယ်ပျက်ဆီးဘို့အကြောင်းဖန်လာတော့တယ်။ တစ်နေ့မှာတော့ မဒ္ဒီမိဖုရား အစားအစာအတွက် သစ်ဥ သစ်ဖုအရှာထွက်နေတုန်း ဇူဇကာပုဏ္ဏားဟာ သားနဲ့သမီးကိုလာပီး အလှုခံပါတော့တယ်။ သဗ္ဗညုတဥာဏ်တော် ရရှိရေးကိုရည်မှန်းတောင့်တပြီးတော့ အလွန်ချစ်ရတဲ့ သားလေးနဲ့ သမီးလေးကို ဝေဿန္တရာဟာ လှုလိုက်ပါတော့တယ်။ ညနေချမ်းရောက်တော့ မိသားစုအတွက် သစ်ဥ သစ်ဖုတွေ မိသားစုအတွက် အားပါးတရသယ်ဆောင်လာခဲ့တဲ့ ယသောဓရာဟာ မြင်နေကျမြင်ကွင်းလေး မမြင်ရတော့ ရင်ထဲ နှလုံးထဲမှာ အလွန်ပဲ စိုးထိတ်မိခဲ့ပါတော့တယ်။ အဲဒီမြင်ကွင်းလေးကတော့ သူမကို အမောပြေစေတဲ့ သူမရဲ့ သားလေးနဲ့ သမီးလေးတို့ရဲ့ ပျော်ရွှင်စွာ ဆော့ကစားနေကြတဲ့ မြင်ကွင်းလေးပါပဲ။ ( ဆက်လက်တင်ပြပါမည်။ )

***ဓမ္မမိတ်ဆွေများ၏အမှာစကား***