Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Monday, July 2, 2012

ဗုဒ္ဓဓမ္မနှင့်လူ့အခွင့်အရေး (၁၀) ဗြဟ္မစိုရ်တရားကို လူ့အခွင့်အရေးဖြင့်ချဉ်းကပ်ခြင်း (ခ)

ဗြဟ္မစိုရ်တရားလေးပါးတွင် မေတ္တာအကြောင်းကို အပိုင်း (က)တွင် မိမိစွမ်းနိုင်သမျှစုစည်းတင်ပြခဲ့ပါသည်။ ယခုအပိုင်း (ခ)တွင် ကြွင်းကျန်သည့် ကရုဏာ မုဒိတာနှင့် ဥပေက္ခာအကြောင်းတို့ကို စွမ်းသမျှတင်ပြပါမည်။ ကရုဏာဟူသော ဝေါဟာရကို အင်္ဂလိပ်ဘာသာပြန်သည့်အခါ Compassion ဟုဘာသာပြန်ကြ၏။ အောက်စဖို့ဒ်အဘိဓာန်တွင် Compassion ကိုဤသို့ဖွင့်ဆိုထား၏။ Compassion: pity for the sufferings of others, making one want to help them: be filled with compassion.  A feeling of deep sympathy and sorrow for another who is stricken by misfortune, accompanied by a strong desire to alleviate the suffering. Compassion: a deep awareness of and sympathy for another suffering.  Humane quality of understanding the suffering of others and wanting to do something about it. Definition of compassion: sympathetic consciousness of others' distress together with desire to alleviate it.
  ဤဖွင့်ဆိုချက်၏ဆိုလိုရင်းမှာ ကရုဏာဟူသည် ကံဆိုးမိုးမှောင်ကျနေ၍ အတိဒုက္ခရောက်နေသော သူအား ထိုဒုက္ခမှကယ်တင်ပေးလိုသော ပြင်းပြသည့်ဆန္ဒ၊ ဒုက္ခရောက်နေသူအား နစ်နစ်နောနောစိတ်ပူပန်၍ လူသားဆန်စွာ လေးလေးနက်နက်သနားကြင်နာမှု ဟူ၍ဖြစ်၏။
           
            ထို့ပြင် Compassion နှင့်ပတ်သက်၍ အခြားသောဖွင့်ဆိုချက်မှာဤသို့။
   Compassion need not be cultivated or developed - it is naturally present. Cultivated compassion is lifeless compared to the potent energy of innate altruism of that is available to everyone. True compassion is not about pity, yet feels everything deeply and responds to everything completely. Natural compassion fuels our responses with beneficial action, skillful means and heart connection with no need for contrivance.
   အဓိပ္ပါယ်မှာ ကရုဏာကိုတမင်ပွါးများဘို့မလိုအပ်။ ၎င်းသည် သဘာဝလက်ဆောင်တစ်ခုဖြစ်၏။ တမင်ပွါးများထားသော ကရုဏာသည် လူတိုင်း၌ရှိသော ကိုယ်ကျိုးမငဲ့သော မူလစိတ်စွမ်းအင်လောက် အသက်မဝင်။ စစ်မှန်သောကရုဏာသည် သနားခြင်းသက်သက်မျှသာမဟုတ်၊ အရာရာကိုနစ်နစ်နောနောခံစား၍ ပြည့်ပြည့်ဝဝ တုန့်ပြန်ဆောင်ရွက်တတ်၏။ ထို့ပြင် သဘာဝမူရင်းကရုဏာသည် လုပ်ကြံဖန်တီးမှုအလျဉ်းမရှိဘဲ ကောင်းကျိုးဖြစ်ထွန်းစေသော လုပ်ရပ်များ၊ ကျွမ်းကျင်လိမ္မာသော နည်းလမ်းများနှင့် ဖြုစင်သော နှလုံးသားတို့ဖြင့် မိမိတို့၏ တုန့်ပြန်ဆောင်ရွက်မှုများကို အင်အားပြည့်စေ၏ ဟူသတည်း။
  အထက်ပါဖွင့်ဆိုချက်နှစ်ခုတွင် အောက်စဖို့အဘိဓာန်၏ ဖွင့်ဆိုချက်သည် မူရင်းကရုဏာပုဒ်၏ အဓိပ္ပါယ်နှင့် အလှမ်းဝေးနေ၏။ ဒုတိယဖွင့်ဆိုချက်သည် အတော်အတန်နီးစပ်၏။ မူရင်းကရုဏာဟူသော စကားလုံး၏အဓိပ္ပါယ်မှာ  သောကဗျာပါဒအပူမီးများလုံးဝမရှိဘဲ တည်ငြိမ်အေးချမ်းစွာ သတ္တဝါတို့၏ ဆင်းရဲဒုက္ခကို ပယ်ဖျောက်ကယ်တင်ပေးလိုသော လေးနက်မြင့်မြတ်ကြီးမားသော စိတ်စွမ်းအင်ဖြစ်၏။ ဥပမာဆိုပါစို့။ အသင်သည် လူတစ်ယောက်ကို သနား၏။ သူ့အတွက် စိတ်ပူပန်မှုသောကလဲဖြစ်၍ အေးငြိမ်းမှုမရ။ ဤအခြေအနေ ဤစိတ်ထားမျိုးကို ကရုဏာအစစ်ဟုမဆိုရ။ ကရုဏာအတုသာဆိုရ၏။ အမှန်စင်စစ် အသင်သည် လူတစ်ယောက်ဆင်းရဲဒုက္ခရောက်နေသည်ကို သနား၏။ ထိုသနားခြင်းသည် ထိုသူအတွက် စိတ်ပူပန်မှု၊ ပင်ပန်းမှု၊ နာကျင်မှုအလျဉ်းမရှိ၊ သို့သော် အလေးထား၏။ တန်ဘိုးထား၏။ အလွန်ကြင်နာသနား၏။ ကြည်၏။ ငြိမ်း၏။ အေးချမ်း၏။ ပြည့်ဝ၏။ အသိဥာဏ်ပညာပါ၏။ ထိုအဓိပ္ပါယ်များပါဝင်သော စိတ်ထားမျိုးဖြင့် တစ်စုံတစ်ရာသော ကောင်းကျိုးများဖြစ်မြောက်သည်အထိ စွန့်လွှတ်အနစ်နာခံကာ ကူညီဆောင်ရွက်၏။ ကယ်ဆယ်ပေး၏။ ဤသည့်စိတ်ဓာတ်နှင့်လုပ်ရပ်နှစ်မျိုးပါဝင်မှုကိုသာ ကရုဏာဟုခေါ်ဆို၏။
  
       တတိယမြောက် ဗြဟ္မစိုရ်တရားသည် မုဒိတာဖြစ်၏။ ဤမုဒိတာသည် သူများကြီးပွါးအောင်မြင်သည်ကို မနာလိုခြင်းနှင့် မိမိ၏ ပိုင်ဆိုင်မှုနှင့်အောင်မြင်မှုမှန်သမျှကို သူတပါးအားမျှဝေမပေးလိုသည့် ဝန်တိုခြင်းသဘောတရားတို့၏ဆန့်ကျင်ဘက်ဖြစ်၏။ သူတပါးကြီးပွါးအောင်မြင်သည်ကို ဝမ်းမြောက်တတ်သည့်သဘော ကျေနပ်တတ်သည့်သဘောပင်ဖြစ်၏။ မိမိ၏မိသားစု မိမိနှင့်နီးစပ်သူဖြစ်ခြင်းကြောင့်မဟုတ်မူဘဲ အားလုံးအပေါ်ဝယ် ကြီးပွါးရေး အောင်မြင်ရေးနှင့်ပတ်သက်၍ ဝမ်းမြောက်တတ်၏။ မိမိ၏ရန်သူ ဆန့်ကျင်ဘက်သဘောထားရှိသူတို့ အပေါ်သော်မှ ဝမ်းမြောက်နိုင် ကျေနပ်နိုင်၏။ မြင့်မြတ်လှချေ၏တကား။
       စတုတ္ထမြောက် ဗြဟ္မစိုရ်တရားသည် ဥပေက္ခာဖြစ်၏။ ဥပေက္ခာ၏ သဘောသည် အောင်မြင်ခြင်းကြောင့်လည်းဝမ်းမမြောက်၊ ကျရှုံးခြင်းကြောင့်လည်း ဝမ်းမနဲ၊ စိတ်မချမ်းမသာမဖြစ်၊ တည်ငြိမ်တည့်မတ်ခြင်းသဘောရှိ၏။ လောက၏ အမျိုးမျိုးသော ဖြစ်ရပ်လုပ်ရပ်တို့ဖြင့် ခြောက်တိုင်းလည်းမကြောက်၊ မြှောက်တိုင်းလည်း မမြောက်မူဘဲ မူလသဘောသဘာဝအတိုင်း အရှိကိုအရှိအတိုင်း တည်ငြိမ်တည့်မတ်စွာနားလည်ခံစားတတ်ခြင်းသဘောပင်တည်း။ လောက၏ ကောင်းကောင်းဆိုးဆိုး အမျိုးမျိုးသော လောကဓံတို့ကို သဘာဝအတိုင်းရှုမြင်ခံစားနားလည်၍ တည်ငြိမ် ရင့်ကျက် တည့်မတ်စွာ ဆက်လက်ဆောင်ရွက်အားထုတ်ခြင်းသဘောပင်ဖြစ်၏။  အထင်ရှားဆုံးသော သာဓကကိုဆိုရလျှင် ဒေဝဒတ်သည် မြတ်ဗုဒ္ဓအပေါ်ဝယ် အမျိုးမျိုးမကောင်းကြံကာ လုပ်ကြံသတ်ဖြတ်သည်အထိ အတင့်ရဲခဲ့၏။ သို့သော် မြတ်ဗုဒ္ဓသည် ဒေဝဒတ်အပေါ်ဝယ် ဒေါသလည်းမဖြစ်၊ ကျောခိုင်းပစ်ထားခြင်းလည်းမဟုတ်၊ ဒေဝဒတ်နှင့်ပတ်သက်၍ ဟောစရာရှိက အရှိအတိုင်း မူလသဘာဝအတိုင်း သိရှိနားလည်အောင် ကောင်းကျိုးဖြစ်ထွန်းအောင်ဆက်လက်၍ ဟောပြော၏။  ရှင်းစရာရှိပါက ရှင်း၏။ ငါ့စကားကို နားမထောင်သူ ငါ့ကိုမကောင်းကြံသူဟူ၍ ဒေါသအာဃာတစိတ်ထား၊ မလိုလားသောစိတ်ထားတို့ဖြင့် ပစ်ပယ်လိုက်ခြင်းမဟုတ်။ ကျောခိုင်းလိုက်ခြင်းမဟုတ်ပေ။  သို့သော်လောကလူအများသည်ကား မိမိသဘောနှင့်မတိုက်ဆိုင်တိုင်း လုံးဝမဆက်ဆံ မကူညီတော့ဘဲ အရေးမထားတော့ဘဲ ကျောခိုင်းလိုက်ခြင်း ပစ်ပယ်လိုက်ခြင်းကို ဥပေက္ခာဟု ထင်မှတ်မှားနေကြ၏။  အလွန်သတိထားရမည့်အချက်ပင်တည်း။  ထို့ကြောင့် ဥပေက္ခာဟူသည် ဒေါသကြောင့်ပစ်ပယ် ကျောခိုင်းလိုက်ခြင်းလည်းမဟုတ်၊ ချစ်ခင်ခြင်းကြောင့်လဲ ပို၍ကြောင့်ကြစိုက်ခြင်းမဟုတ်ဘဲ ဖြစ်စဉ်ဖြစ်ရပ်တို့၏ မူလသဘောသဘာဝကို အရှိအတိုင်းခံစားနည်းလည်ကာ ကောင်းကျိုးဖြစ်ထွန်းအောင် လုပ်သင့်သည်တို့ကို အလေးအနက်ထားလျှက် အေးဆေး တည်ငြိမ် တည့်မတ်စွာ ဆက်လက်ကြိုးစားလုပ်ဆောင်တတ်သည့်သဘောပင်ဖြစ်ပါ၏။ 
 
           ကိုင်းအသင်စာရှုသူ အသင်သည် မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာဟူသော ဗြဟ္မဝိဟာရတရားခေါ်သည့် ဗြဟ္မစိုရ်တရားတို့၏ အဓိပ္ပါယ်ကို ယခုသိပေပြီ။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်းပါ စာပိုဒ် သုံးဆယ် (၃၀) လုံးကိုလည်း သိပြီ။ ထိုစာပိုဒ် (၃၀) လုံးသည် ဗြဟ္မစိုရ်တရားလေးပါးလောက် မကျယ်ပြန့် မလေးနက်ကြောင်းကိုလည်း အသင်နားလည်လေပြီ။ ထို့ပြင်ဤဗြဟ္မစိုရ်တရားများသည် နိုင်ငံနယ်နိမိတ် ကိုလည်းကျော်လွန်ကာ စကြာဝဠာအားလုံးသို့လည်းပြန်နှံ့ပါဝင်ကြောင်းကိုလည်း အသင်ရိပ်စားမိပေပြီ။  ကုလသမဂ္ဂတွင် ကမ္ဘာနှင့်ချီ၍ ကမ္ဘာသူကမ္ဘာသားများအတွက်ဟုဆိုကာဆွေးနွေးပြောဆိုနေကြသော လူ့အခွင့်အရေးပြဿနာများကို ဤဗြဟ္မစိုရ်လေးပါးဖြင့်အသက်သွင်းဖြေရှင်းလိုက်ပါက လုံးဝပြီးပြတ်ပြေငြိမ်းသွားမည်သာတည်း။ အမှန်စင်စစ် မြတ်ဗုဒ္ဓဖေါ်ထုတ်ရှင်းပြတော်မူခဲ့သော  ဤဗြဟ္မစိုရ်တရားများသည် စကြာဝဠာ၏ မည်သည့်ဥပဒေ မည်သည့်စည်ကမ်း နည်းလမ်းထက်မဆို သာလွန်မြင့်မြတ်လှ၏။ အမှန်စင်စစ် ဤဗြဟ္မစိုရ်တရားသည် Natural discipline, natural law which was discoveries which was formulated by the Buddha for all beings in the world ဟုဆိုရမည်ဖြစ်၏။  ဤဗြဟ္မစိုရ်တရားတို့ကိုသာ ကျင့်သုံးနိုင်ပါက လူ့အခွင့်အရေးပြဿနာသာမက အခြားမည်သည့်ပြဿနာမဆို ဖြေရှင်းနိုင်၏။ ငြိမ်းအေးနိုင်ပါ၏။ ကုလသမဂ္ဂစားပွဲဝိုင်းတွင်လည်းကောင်း လူမှုအဖွဲ့အစည်း အသီးသီးတွင်လည်းကောင်း မိသားစုတိုင်းတွင်လည်းကောင်း လူတစ်ဦးချင်းစီတွင်လည်းကောင်း ဤဗြဟ္မစိုရ်တရားများအသက်သွင်းပေးဘို့လိုအပ်ပါ၏။ ဤတရားများအသက်မဝင်သ၍ ဤကမ္ဘာသည်ဘယ်သောခါမျှ ပြဿနာငြိမ်းမည်မဟုတ်ပေ။ ဤတရားများ အသက်ဝင်လေလေ ဤကမ္ဘာကြီး ငြိမ်းအေးလေလေ၊ ဤတရားများ အသက်မဲ့လေလေ ဤကမ္ဘာကြီး ဆူပွက်လေလေသာဖြစ်နေမည်တည်း။ သို့ဖြစ်၍ ဤဗြဟ္မစိုရ်တရားများ အသက်ဝင်ကာ ဤကမ္ဘာကြီး အေးချမ်းပါစေဟု မေတ္တာဗြဟ္မစိုရ်အသက်သွင်းလိုက်ပါ၏။

Sunday, June 24, 2012

ဗုဒ္ဓဓမ္မနှင့်လူ့အခွင့်အရေး (၉) ဗြဟ္မစိုရ်တရားကို လူ့အခွင့်အရေးဖြင့် ချဉ်းကပ်ခြင်း (က)

သီလမဂ္ဂင်သည် ကမ္ဘာ့လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးအတွက် အလွန်ပင်အရေးကြီးကြောင်း၊
 မိမိကိုယ်ကို သီလစောင့်ထိန်းခြင်းသည် မိမိအတွက်ရော သူတပါးအတွက်ပါ နှစ်ဦးနှစ်ဘက် အေးချမ်းမှုနှင့်လုံခြုံမှုကိုဖြစ်စေနိုင်ကြောင်း၊ ထို့ကြောင့် လူ့ပြဿနာများပြေလည်ရေးအတွက် ကိုယ်ကျင့်သီလသည် အသက်သွေးကြောပင်ဖြစ်ကြောင်း အသင်စာဖတ်သူ ကောင်းကောင်း သိပေပြီ။ ယခုဆက်လက်၍ ဗြဟ္မဝိဟာရခေါ် ဗြဟ္မစိုရ်တရားလေးပါးကို လူ့အခွင့်အရေးဖြင့်ချဉ်းကပ်၍ ရှင်းပြပါမည်။ ဤနေရာ၌ အသင်စာဖတ်သူသည် အလွန်မြင့်မြတ်လှသည့် ဗြဟ္မစိုရ်တရားများကို လူ့အခွင့်အရေးနှင့်ချဉ်းကပ်ခြင်းသည် ဘာသာတရားနှင့် လူ့ပြဿနာကို ရောထွေးအောင် ဝေဝါးအောင် မဆီမဆိုင် တွေးချင်ရာတွေတွေး၍
 ရေးချင်ရာတွေရေးနေသည်ဟု ထင်ကောင်းထင်နိုင်ပါသည်။  
အမှန်စင်စစ် မြတ်ဗုဒ္ဓ၏ဓမ္မများသည် သုံးဆယ့်တစ်ဘုံသားအားလုံးအတွက်ဖြစ်သော်လည်း အဓိကအားဖြင့် လူသားအတွက် ဟောကြားထားခြင်းဖြစ်၏ဟု မိမိဆိုချင်၏။ အဘယ့်ကြောင့်ဤသို့ ပြောနိုင်သနည်း။ အကြောင်းကား မြတ်ဗုဒ္ဓသည် သူကိုယ်တိုင် လူသားဖြစ်၍ ဘုရားအဖြစ် ၄၅ နှစ်အတွင်းတွင် ၄၄ ဝါတိတိ လူ့ပြည်တွင် လူသားများအားဦးစားပေး ဟောကြားတော်မူ၍ တစ်ဝါသာလျှင် တာဝတိံသာနတ်ပြည်၌ တရားဟောတော်မူသောကြောင့်တည်း။
ဤအချက်ကိုထောက်ဆလျှင်ပင် လူသားသည် ဤကမ္ဘာ ဤစကြာဝဠာတွင် အလွန်အရေးပါသူဖြစ်ကြောင်း၊ လူသားများသာ ကောင်းလျှင် ကမ္ဘာသည်လည်း အေးချမ်းနေမည်ဖြစ်ကြောင်း၊ လူသားများသာမက သဘာဝပတ်ဝန်းကျင် သဘာဝတောရိုင်းတိရစ္ဆာန်များ ပျက်ဆီးဆုံးရှုံးမှု ပြဿနာများလည်း ကင်းဝေးသွားမည်မှာ အမှန်ပင်ဖြစ်ကြောင်း၊ လူနှင့်ဆက်စပ်ပတ်သက်သမျှ အရာရာသည်
 ပြေလည်သွားမည်မှာ မြေကြီးလက်ခတ်မလွဲပင်ဖြစ်ကြောင်းမှာ ထင်ရှားလှ၏။  လူသားဘဝ၏ မည်သည့် အခြေအနေ မည်သည့်ရှုထောင့် မည်သည့်ဖြစ်ရပ် မည်သည့်ခေတ်ကာလ မည်သည့်ဒေသ မည်သည့်လူမျိုးမဆို လက်တွေ့ကျင့်သုံးလျှင် ကျင့်သုံးသလောက် လက်ငင်းဒိဋ္ဌ ကောင်းကျိုးပေးနိုင်သည့် သဘာဝဓမ္မများဖြစ်၏။ ဆိုလိုသည်မှာ လူသား၏ ရှုပ်ထွေးကျယ်ပြန့်လှသော
 ရောင်စုံပြဿနာများသည် မြတ်ဗုဒ္ဓ၏ ဓမ္မဆေးများကို သက်ဆိုင်ရာ ရောဂါ (ပြဿနာ) အခြေအနေအလိုက်  လူသားကိုယ်တိုင် သောက်သုံးပါက (ကျင့်သုံး) မုချ ပြေလည် အေးငြိမ်းနိုင်ကြောင်း သိစေလိုရင်းဖြစ်ပါ၏။

       ယခု မိမိတင်ပြလိုသည့် အကြောင်းအရာကို ဆက်ပါမည်။
 ဗြဟ္မစိုရ်တရားလေးပါဟူသည် မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ လေးပါးပင်ဖြစ်၏။ ထိုလေးပါတွင် မေတ္တာကို မေတ္တာနှင့်ပတ်သက်၍ မိမိစွမ်းသမျှ တင်ပြပါမည်။ မေတ္တာတရားနှင့်ပတ်သက်၍ လူတို့၏ အဆင့်အလွှာအလိုက် အမျိုးမျိုး အဓိပ္ပယ်ဖွင့်ဆိုကြ ရေးသားကြ၏။ အချို့ဆိုလျှင် မူရင်းဝေါဟာရ၏ဆိုလိုရင်း အဓိပ္ပါယ်နှင့် လုံးဝကွဲပြားခြားသည်အထိ ပြောဆိုရေးသားနေသည်များကိုလည်း မိမိ ကြားဖူး ဖတ်ဖူးပါ၏။ ထို့ကြောင့် ဤနေရာ၌ မေတ္တာဟူသောဝေါဟာရ၏ မူရင်းအဓိပ္ပါယ်ပေါ်လွင်ထင်ရှားစေရန် အနည်းငယ်ချဲ့ထွင်ရေးသားပါမည်။

         မေတ္တာဟူသောဝေါဟာရကို  Oxford English Dictionary တွင် Love, affection > a strong feeling of deep affection for sb/sth, especially a member of your family or a friend. ထို့ပြင် Love ကို အဓိပ္ပါယ်တူစကားလုံးများဖြင့်ဖွင့်ဆိုရာတွင် Love means warm affection, attachment, affectionate devotion etc..ဟူသတတ်။ အဓိပ္ပါယ်မှာ ချစ်ခြင်းမေတ္တာဟူသည် တစ်စုံတစ်ယောက်အား (သို့) တစ်စုံတစ်ခုအား နစ်နစ်နောနောစွဲလမ်းသည့် ပြင်းပြသော စိတ်ခံစားချက်ဟူသတဲ့။
အထူးသဖြင့် မိမိ၏ မိသားစု (သို့) သူငယ်ချင်းကို ချစ်ခြင်းဟုဖွင့်ဆိုသတတ်။ အဓိပ္ပါယ်တူထပ်ဖွင့်ရာမှာတော့ အချစ်မေတ္တာဟူသည် နွေးထွေးသော ချစ်ခင်မှု၊ တွယ်တာမှု၊ တွယ်တာချစ်ခင်သော ပေးဆပ်မှု စသည်တဲ့။ ဤသည့်ဖွင့်ဆိုချက်သည် ဗုဒ္ဓဓမ္မတွင်လာရှိသည့် မေတ္တာ၏အဓိပ္ပါယ်နှင့် လုံးဝမတူချေ။ ကွာခြားလှ၏။ အဘယ့်ကြောင့်နည်း။ အင်္ဂလိပ်ဝေါဟာရတွင် မေတ္တာဟူသောပါဠိဝေါဟာရနှင့် တိုက်ရိုက်အဆင့်တူညီသည့် ဝေါဟာရမရှိသောကြောင့်တည်း။ အမှန်စင်စစ် ပါဠိစာပေမှလာသည့် မေတ္တာ၏ အဓိပ္ပါယ်သည် ရယူပိုင်ဆိုင်လိုမှုအလျဉ်းမရှိဘဲ လူ့လောကကြီး၏ သာယာဖွံ့ဖြိုးရေး၊ အေးချမ်းရေးအတွက် ကိုယ်ကျိုးစီးပွါးကို စွန့်လွှတ်ကာ အကူအညီပေးလိုမှုဟူသော ဖြူစင်မြင့်မြတ်သည့် ကုသိုလ်ဆန္ဒသက်သက်သာလျှင်ဖြစ်၏။ ဤချစ်မေတ္တာတရားသည် ချစ်လိုသူကိုသာရွေးကောက်ချစ်၍ မချစ်လိုသူများကို ပယ်ထုတ်ပစ်သော အဂတိသဘောသက်ရောက်သည့် မေတ္တာမျိုးလည်းမဟုတ်ချေ။ အကယ်၍ သင်သည် သင်နှင့်အကျွမ်းဝင်သော သင်လိုလားသော သူများကိုသာရွေးကောက်၍ချစ်ပြီးလျှင် မလိုလားသူများကို ပယ်ထုတ်ထားပါက သင့်ထံတွင် ပိဋကတ်စာပေမှဆိုလိုသည့် မေတ္တာမရှိသေးကြောင်းနားလည်ထားသင့်၏။

         ထို့ပြင် မေတ္တာဟူသည် ညီရင်းအကိုပမာချစ်ခင်သည့် စိတ်ခံစားချက်သက်သက်မျှမဟုတ်မူဘဲ လူသားအားလုံးအတွက် ကျင့်ဘို့ရန်ဟောကြားထားသော မူလအခြေခံ သဘောတရား
လည်းဖြစ်၏။ ကောင်းကျိုးလိုလားသည့် အတွေးစိတ်ကူးသက်သက်မျှမဟုတ်မူဘဲ အားလုံးအတွက် ရက်ရောသော ပေးဆပ်မှုများနှင့် တက်ကြွသော လက်တွေ့ပါဝင်ဆောင်ရွက်မှုလည်းဖြစ်၏။ မေတ္တာသည် အရပ်ဒေသတိုင်းမှ သတ္တဝါတိုင်းအား အေးလျှင်နွေးစေ၏။ ပူလျှင်အေးစေ၏။
 မြေပေါ် မြေအောက် ရေပေါ် ရေအောက် လေပေါ် လေအောက်
 ကောင်းကင်ပေါ် ကောင်းကင်အောက်တွင် နေထိုင်ကြသော
သက်ရှိသတ္တဝါအားလုံးအား အတိုနှင့်အရှည် အဖြူနှင့်အမည်း
အဝေးနှင့်အနီး ရုပ်ဆိုးနှင့်ရုပ်ချော ဆင်းရဲနှင့်ချမ်းသာ ပညာရှိနှင့်ပညာမဲ့
အာဏာရှိနှင့်အာဏာမဲ့ နိမ့်သူနှင့်မြင့်သူ အဖိုနှင့်အမ ကောင်းသူနှင့်
မကောင်းသူ အငယ်နှင့်အကြီး အထက်နှင့်အောက် ဘယ်အရာတစ်ခုကိုမျှ
မခွဲခြားဘဲ နေရာတိုင်းမှ သတ္တဝါတိုင်းအား မည်သည့်တုန့်ပြန်ချက်ကိုမျှ မမျှော်ကိုးဘဲ
 တပ်မက်မောခြင်း ပူလောင်ပြင်းပြစွာ လွမ်းဆွတ်ခြင်းတို့လည်းအလျဉ်းမရှိသည့်
 ပေးဆပ်ဖြည့်ဆည်းပေးလိုသော အဖြူထည်သက်သက် စစ်မှန်သည့် ဆန္ဒသက်သက်သည်သာ မေတ္တာဖြစ်လေ၏။

 လောကလူအများစုသည် တွယ်တာမက်မောသော အောက်မေ့တမ်းတသော စွဲလမ်းသော
ရာဂ (သို့) တဏှာကို မေတ္တာဟု အထင်မှားတတ်ကြ၏။ ထို တွယ်တာ မက်မောသော ချစ်မေတ္တာသည် အရမ်းချိုမြိန်သည်ဟု ထင်ရသော်လည်း လက်တွေ့တွင် မီးကဲ့သို့ပူလောင်၏။ မီးထက်လည်းပို၍ ပူတတ်၏။  ဥပမာအားဖြင့်  တခဏအတွင်း ပွင့်လာသောပန်းကလေးသည် နေ၏ပြင်းပြသော အပူဒဏ် သဘာဝရာသီဥတုနှင့် မီး၏အပူဒဏ်တို့နှင့်တွေ့ကြုံရသည့်အခါ တခဏအတွင်းမှာပင် ဒဏ်ရာဒဏ်ချက်များစွာဖြင့် ညှိုးလျှပြီး ကြွေကျပျက်ဆီးရသကဲ့သို့ ထိုတပ်မက်မောသော
တဏှာအချစ်သည် မိမိဆန္ဒနှင့်မတိုက်ဆိုင်သည့် အခြေအနေများ ဖြစ်ရပ်များနှင့်ကြုံတွေ့ရသည့်အခါ ချက်ချင်းပင်ကွယ်ပျောက်ကာ စိတ်ဆိုးကြ စိတ်ကောက်ကြ ကွဲကြကွာကြလေတော့၏။
 မြန်မာစကားပုံရှိ၏။ ချစ်ကြပြန်တော့လဲ အသဲစွဲ၊ မုန်းကြပြန်တော့လဲ အရိုးကွဲတဲ့။ အချစ်ကြီးတော့ အမျက်ကြီးတဲ့။ ဤစကားပုံများသည် တဏှာပေမ ချစ်မေတ္တာကိုသာ ရည်ညွှန်း၍ပေါ်ထွက်လာကြခြင်းဖြစ်၏။ ထို့ကြောင့် တပ်မက်မောသော အချစ်မေတ္တာကြီးလေလေ အမုန်းနှင့် နာကျင်ခံခက်မှုများလည်း ကြီးမားလေလေပင်ဖြစ်၏။ အဘယ့်ကြောင့်နည်း ဤချစ်မေတ္တာသည် မီးနှင့်တူ၍ အလွယ်တကူ အမြန်ပင်လောင်ကျွမ်းပျက်စီးစေနိုင်သောကြောင့်တည်း။ ထို့ပြင် အချစ်အတွက် ပူလောင်ခြင်းသည်လည်း မေတ္တာစစ်၏ သဘောလက္ခဏာမဟုတ်၊ မေတ္တာစစ်၏ သဘောလက္ခဏာသည် သန့်စင်မှုနှင့် အင်အားကိုပေးနိုင်သောကြောင့်ပင်ဖြစ်၏။ တဏှာချစ်သည် ကြမ်းတမ်း၏။ ပျက်လွယ်၏။ မခိုင်မာချေ။ မေတ္တာစစ်သည် ဝါဂွမ်းကဲ့သို့နူးညံ့၏။ သို့သော် ခိုင်မာ၏။ ကျစ်လစ်၏။

           အမုန်းတရား မနာလိုဝန်တိုမှု ရက်စက်ကြမ်းကြုတ်မှု ရန်ငြိုးထားမှုတို့ကို
ပယ်သတ်ပြီးသည့်နောက် သန့်စင်မြင့်မြတ်သည့် စိတ်ထားကြောင့် ညစ်ထေးနေသော
လူမှုဝန်းကျင်ကို သန့်ရှင်းစင်ကြယ်စေခြင်း၊  အေးချမ်းမှုနှင့်
 ကောင်းကျိုးများဖြစ်ထွန်းလာစေသည့်သဘောသည် မေတ္တာစစ်ပင်ဖြစ်၏။
ထို့ပြင် မေတ္တာချစ်သည် စိတ်ပိုင်းဆိုင်ရာ နာကျင်ခံစားချက်လည်းမရှိ၊
အတ္တဆန်သော ချစ်မေတ္တာမျိုးလည်းမဟုတ်၊ နယ်စည်းလည်းမခြား၊
ကန့်သတ်ချက်လည်းမပါ၊ စိတ်အနှောက်အယှက်နှင့် ကသိကအောက်ဖြစ်မှုကြောင့် ပျက်ပြားသွားသည်လည်းမဟုတ်။ အဘယ့်ကြောင့်နည်း။ မည်သည့်တုန့်ပြန်ချက်ကိုမျှ မျှော်လင့်မထားသောကြောင့်ပင်တည်း။

   ထို့ပြင် မေတ္တာသည် တက်ကြွသည့် စွမ်းအင်လည်းဖြစ်၏။
 မေတ္တာစစ်ရှိသူ၏ လုပ်ရပ်တိုင်း အမူရာတိုင်းသည် လောကလူသားများအား
အညစ်အကြေးကင်းသော စိတ်ထားဖြင့် အမြင့်မားဆုံးသော အောင်မြင်မှုကိုရရှိရေး၊ ပူလောင်မှုသောကကို ဖျေဖျောက်ပေးရန် ပို၍ဆီလျော်ပြီး ပို၍ချောမွေ့သော လမ်းကြောင်းကိုပြပေးရေး၊ ပို၍လွယ်ကူသောလမ်းကို ဖေါက်လုပ်ပေးရေး၊ ကောင်းချီးပြုပေးရေး၊ ကူညီဖေးမပေးရေးတို့သာလျှင်ဖြစ်လေ၏။

  ယခုတစ်ဖန် ပို၍ထင်သာမြင်သာဖြစ်စေရန် မေတ္တာကိုဒေါသနှင့်ယှဉ်၍တင်ပြပါမည်။
 ဒေါသသည် အကျဉ်းကျစေ၏။ မေတ္တာသည် လွတ်လပ်စေ၏။
 ဒေါသသည် အခွင့်အရေးကင်း၏။ မေတ္တာသည် အခွင့်အရေးပြည့်၏။
 ဒေါသသည် နောင်တတရားကိုသယ်ဆောင်လာ၏။ မေတ္တာသည် ငြိမ်းချမ်းမှုကို သယ်ဆောင်လာ၏။ ဒေါသသည် စိတ်အနှောက်အယှက်ဖြစ်စေ၏။ မေတ္တာသည် စိတ်ကိုအေးချမ်းတည်ငြိမ်စေ၏။ ဒေါသသည် ကွဲပြားစေ၏။ မေတ္တာသည် စည်းလုံးညီညွတ်စေ၏။ ဒေါသသည် ကြမ်းတမ်းစေ၏။ မေတ္တာသည် နူးညံ့စေ၏။
 ဒေါသသည် ဆူးငြောင့်ခလုတ် အဟန့်အတားဖြစ်၏။ မေတ္တာသည် အကူအညီဖြစ်၏။
အချုပ်အားဖြင့် မေတ္တာသည် သက်ရှိသက်မဲ့ အရာရာအတွက် နယ်စည်းမခြား ပုဂ္ဂိုလ်မခွဲဘဲ ကောင်းကျိုးမှန်သမျှကို ဖြစ်စေနိုင်သောသဘောပင်ဖြစ်၏။
(ဆက်လက်တင်ပြပါမည်)

Sunday, June 17, 2012

ဗုဒ္ဓဓမ္မနှင့် လူ့အခွင့်အရေး (၈) သီလကို လူ့အခွင့်အရေးဖြင့်ချဉ်းကပ်ခြင်း

မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့သော ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင် သို့မဟုတ် ပိဋကတ်သုံးပုံ သို့မဟုတ် နိကာယ်ငါးရပ်ကို အကျဉ်းချုပ်လိုက်သောအခါ ၁။ သီလ၊ ၂။ သမာဓိ၊ ၃။ ပညာ ဟူ၍ အနှစ်သုံးပါးသာရလေ၏။ ဤအနှစ် သုံးပါးကိုကျင့်သုံးသူတို့၏ အတိုင်းအတာအလျောက် လူ့တန်ဘိုးသည်လည်း ကွာခြား၏။ အဆင့်အတန်းလည်းကွဲပြားသွားလေ၏။ သီလ နဲနဲရှိက လူ့တန်ဘိုးနဲနဲရှိ၏။ အဆင့်နဲနဲမြင့်၏။ နဲနဲ လေးစားထိုက်၏။ လူမှုလောကအတွက် နဲနဲအားကိုးလောက်၏။ သီလများများရှိက လူ့တန်ဘိုး များများရှိ၏။ မြင့်၏။ မြတ်၏။ ပို၍လေးစားထိုက်၏။ လူမှုလောကအတွက် ပို၍များများ အားကိုးလောက်၏။ ကိုယ်ကျင့်သီလလုံးဝမရှိပါက တန်ဘိုးမဲ့၏။ မလေးစားထိုက်။ လောကအတွက် အားမကိုးလောက်။ အမှန်စင်စစ် ကိုယ်ကျင့်သီလ ကင်းမဲ့သူသည် လောကအတွက် အန္တရာယ်များ၏။ ထိုသီလကင်းမဲ့သူအဖို့ လူ့အခွင့်အရေးကိုလည်း အချိန်မရွေးချိုးဖောက်နိုင်သလို ဥပဒေရေးရာ လူမှုရေးရာ စသော အရေးအရာတို့တွင်လည်း ချိုးဖောက်နိုင်သော အလားအလာသည် အမြဲတစေ ကိန်းဝပ်နေလေ၏။ အခွင့်သာလျှင် သာသလို ချိုးဖောက်လေတော့၏။ ဘာအတွက်ကိုမျှ မယုံကြည်ရတော့။ အားမကိုးထိုက်တော့ပေ။ ထို့ကြောင့် လူတစ်ယောက်၏ တန်ဘိုးနှင့် လူသားအရင်းအမြစ်ကိုအကဲဖြတ်ရာတွင် ကိုယ်ကျင့်သီလသည် မဖြစ်မနေပါဝင်သတ်မှတ်ရမည့် စံတစ်ခုပင်ဖြစ်၏။ ထို့ကြောင့်ပင် ကိုယ်ကျင့်သီလကောင်းသော ခေါင်းဆောင်များသည် သမိုင်းတွင် အမြဲတန်းလှပခိုင်မာစွာနေရာယူထားလေ့ရှိသည်ကိုတွေ့ရမည်ဖြစ်၏။
   
            ထို့အတူ သမာဓိ၏ အတိုင်းအတာအလျောက် လူ့အဆင့်အတန်းနှင့် တန်ဘိုးသည်လည်းကွာခြားပါ၏။ ပညာ မြင့်လျှင်မြင့်သလောက် နိမ့်လျှင်လည်းနိမ့်သည့်အလျောက် တန်ဘိုးနှင့် အဆင့်အတန်းကွာခြားလေတော့၏။ ဤနေရာ၌ ပညာဟူသည် တက္ကသိုလ်တစ်ခုခုမှ ပေးအပ်လိုက်သည့် ဘီအေ အမ်အေ ပါရဂူဘွဲ့စသော ပညာကိုမဆိုလိုပါ။ သီလနှင့် သမာဓိကို အခြေခံ၍ ထိုးထွင်းသိမြင်လာသော ယထာဘူတဥာဏ်ပညာကိုသာဆိုလိုပါ၏။ လောကတက္ကသိုလ်များမှ စစ်မှန်ထိုက်တန်စွာ ရရှိလာသော ပညာရေးဘွဲ့သော်မှ လူမှုလောကအတွက် အသုံးတည့်လျှင် လိုအပ်လျှင် တန်ဘိုးရှိသည်ဆိုလျှင် သီလနှင့်သမာဓိကို အခြေခံ၍ ထိုးထွင်းသိမြင်လာသော ယထာဘူတဥာဏ်ပညာသည် ကမ္ဘာလောကအတွက် အဘယ်မှာလျှင်အသုံးမတည့်ဘဲ ရှိမည်နည်း။ ကမ္ဘာလောကအတွက် အဘယ်မှာလျှင် တန်ဘိုးမကြီးဘဲရှိမည်နည်း။ ပို၍ပင်အသုံးတည့်ကြောင်း ပို၍ပင်လိုအပ်ကြောင်း  တန်ဘိုးအကြီးဆုံးဖြစ်ကြောင်း အမြင့်မြတ်ဆုံးဖြစ်ကြောင်း အထူးပြောဖွယ်ပင်မလိုတော့ချေ။ ဤနေရာ၌ မိမိသည် ငါးပါးသီလမျှလောက်ကိုသာ ထင်သာမြင်သာအောင် ချဉ်းကပ်ပါမည်။ ရှစ်ပါးသီလ ဆယ်ပါးသီလစသော မြင့်မားသည့် သီလများကို မချဉ်းကပ်လိုပါ။ အကြောင်းမှာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်းပါ အပိုဒ်အားလုံးသည် ထိုရှစ်ပါးသီလနှင့် ဆယ်ပါးသီလတို့လောက်အထိ မမြင့်မားသောကြောင့်ပင်တည်း။ ထို့ပြင် သမာဓိနှင့် ပညာတို့ဖြင့်လည်း ဤနေရာ၌ မချဉ်းကပ်ပါ။ အကြောင်းမှာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်းပါ စာပိုဒ်အားလုံး၏ အဓိပ္ပါယ်သည် ဗုဒ္ဓဓမ္မတွင်လာရှိသည့် သမာဓိနှင့်ပညာတရားတို့၏ အဓိပ္ပါယ်ကို မမီနိုင်သောကြောင့်ပင်ဖြစ်ပါ၏။

            သို့ဆိုလျှင် သီလ၏ အဓိပ္ပါယ်သည် ဘာဖြစ်သနည်း။ သီလ ဟူသည် ကိုယ်နှင့်နှုတ်ကို စောင့်စည်း ထိန်းသိမ်းခြင်းပင်တည်း။ မိမိရော သူတပါး နှစ်ဦးသားတို့ကို ထိခိုက်စေမည့် ကိုယ်ခန္ဓာဖြင့်ပြုလုပ်ရသည့် မကောင်းသော ကာယကံလုပ်ရပ်များနှင့် နှုတ်ဖြင့်ပြောဆိုရသည့် မကောင်းသော ဝစီကံလုပ်ရပ်များမှ မလုပ်ဖြစ် မပြောဖြစ်အောင် စောင့်စည်းခြင်း ထိန်းသိမ်းခြင်းတို့သည် သီလဖြစ်၏။ တနည်းဆိုသော် ကိုယ်ဖြင့်ကောင်းအောင်ကျင့်ရသည့် ကိုယ်ကျင့်တရားနှင့် နှုတ်ဖြင့်ကောင်းအောင် ကျင့်ရသည့် နှုတ်ကျင့်တရားတို့သည် သီလပင်ဖြစ်၏။ ဗုဒ္ဓဓမ္မတွင်လာရှိသည့် သီလများစွာတို့တွင် ငါးပါးသီလသည် လူသားတို့မဖြစ်မနေကျင့်ဆောင်သင့်သည့် လူသား၏မူလဘူတ ကိုယ်ကျင့်နှင့်နှုတ်ကျင့်များဖြစ်၏။ တစ်ဖန် ထိုငါးပါးသီလကို ထပ်မံ၍ ချုပ်ကြည့်လိုက်သောအခါ
၁။ သမ္မာဝါစာ= Right speech or perfect speech
၂။ သမ္မာကမ္မန္တ= Right action or perfect action
၃။ သမ္မာအာဇီဝ= Right livelihood or perfect livelihood ဟူ၍ သုံးမျိုးသာဖြစ်၏။  ထိုတွင် ပါဏာတိပါတ သိက္ခာပုဒ် (Abstaining from killing)၊ အဒိန္နာဒါန သိက္ခာပုဒ် (Abstaining from stealing)နှင့် ကာမေသုမိစ္ဆာစာရ သိက္ခာပုဒ် (Abstaining from illegitimate sexual conduct) သုံးပုဒ်တို့သည် သမ္မာကမ္မန္တဟူသည့် ကိုယ်ဖြင့် ကောင်းမွန်ပြည့်စုံအောင်ကျင့်ခြင်း လိုက်နာစောင့်ထိန်းခြင်း စာရင်းတွင်ပါဝင်၏။ ထို့ကြောင့် သမ္မာကမ္မန္တဟူသည့် သီလမဂ္ဂင်တစ်ပါးလောက်ကိုမျှ ကျင့်သုံးလျှင်ပင် ကမ္ဘာ့ငြိမ်းချမ်းရေးသည် အတော်အတန်ပြည့်စုံသလောက်ဖြစ်နေပေပြီ။ အဘယ့်ကြောင့်နည်း။ ယနေ့ကမ္ဘာတွင် ဖြစ်ပွါးနေသည့် လူ့အခွင့်အရေးပြဿနာသည် အဓိကအားဖြင့် ဤကာယကံကိုယ်ကျင့်တရားကင်းမဲ့မှု၊ သမ္မာကမ္မန္တ မဖြစ်မှုတို့ကြောင့်သာ အဖြစ်များသောကြောင့်ပင်တည်း။  ကမ္ဘာ့လူသားများ ဤသမ္မာကမ္မန္တ သီလမဂ္ဂင် တစ်ပါးမျှကိုကျင့်လျှင် တိုက်ရိုက်အားဖြင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်းပါ အပိုဒ် ၃၊ အပိုဒ် ၅၊ အပိုဒ် ၆၊ အပိုဒ် ၇၊ အပိုဒ် ၉၊ အပိုဒ် ၁၂၊ တို့ကို ကျင့်သုံးလိုက်နာပြီးသားဖြစ်တော့၏။ အခြားကျန်သော အပိုဒ်များကိုလည်း သွယ်ဝိုက်၍ လိုက်နာပြီးသားပင်ဖြစ်တော့၏။

        ထို့ပြင် သမ္မာဝါစာ= Right speech or perfect speech ဟူသည် (က) မှန်ကန်သောပြောဆိုမှု = Speaking Truth၊ (ခ) အချင်းချင်း ညီညွတ်မှုကိုဖြစ်စေသော စကားကိုပြောဆိုမှု = Words of unity which don't bring hatred and enmity among individuals၊ (ဂ) ယဉ်ကျေးသိမ်မွေ့သော စကားကိုပြောဆိုမှု = Pleasant and gentle words၊ (ဃ) အဓိပ္ပါယ်ပြည့်ဝပြီး အသုံးတည့်သော စကားကိုပြောဆိုမှု = Meaningful and useful talk တို့ဖြစ်၏။ ဤသမ္မာဝါစာ သီလမဂ္ဂင်ကို ကျင့်လျှင် စောင့်ထိန်းလျှင် တရားရုံးများတွင်မတရားအမှုဆင်ရင်ဆိုင်မှုများ ဥပဒေရေးရာမတရားမှုကိစ္စများ အထွေထွေမတရားသော လိမ်လည်ကောက်ကျစ်သော လူမှုကိစ္စများ အဂတိလိုက်စားခြင်းများနှင့် အကျင့်ပျက်ခြစားမှုများ လုံးဝကင်းဝေးသွားမည်မှာ အမှန်ပင်ဖြစ်၏။ ထို့ပြင် ဤသမ္မာဝါစာ သီလမဂ္ဂင်ကိုကျင့်သုံးလျှင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်းပါ အပိုဒ် ၁၀ နှင့် အပိုဒ် ၁၁ ကိုတိုက်ရိုက်အားဖြင့်လိုက်နာပြီးဖြစ်သလို ကျန်သော အပိုဒ်အားလုံးကိုလည်း သွယ်ဝိုက်၍ လိုက်နာပြီးဖြစ်လေတော့၏။

        တဖန် သမ္မာအာဇီဝ = Right livelihood or perfect livelihood ဟူသည် မိမိနှင့်သူတပါး နှစ်ဦးနှစ်ဖက်စလုံးအတွက် မထိခိုက်မနစ်နာစေနိုင်သော တရားမျှတ မှန်ကန်သော အလုပ်အကိုင်များဖြင့် ဘဝကိုတည်ဆောက်ရမည်၊ နေထိုင်ရှင်သန် ကျင့်သုံးရမည်ဟု ဆိုလို၏။ ဗုဒ္ဓဓမ္မကိုလိုက်နာကျင့်သုံးသော လူတစ်ယောက်သည် အဓိကအားဖြင့် အောက်ပါ လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းမှု မပြုသင့်ပေ။ (က) သတ္ထဝါဏိဇ္ဇ၊ လက်နက်ကူးသန်းရောင်းဝယ်မှု = Trading in arms ၊ (ခ) သတ္တဝါဏိဇ္ဇ၊ လူကုန်ကူးသန်းရောင်းဝယ်မှုအပါအဝင် သက်ရှိသတ္တဝါများကို ကူးသန်းရောင်းဝယ်မှု = Trading in living beings ၊ (ဂ) မဇ္ဇဝါဏိဇ္ဇ၊ အရက်သေစာနှင့် မူးယဇ်ဆေးဝါး ကူးသန်းရောင်းဝယ်မှု = Trading in alcoholic drinks and drugs ၊ (ဃ) မံသဝါဏိဇ္ဇ၊ အသားစားသတ္တဝါများ မွေးမြူခြင်း ကူးသန်းရောင်းဝယ်ခြင်း = Trading in slaughtering ၊ (င) ဝိသဝါဏိဇ္ဇ၊ သတ္တဝါအများသေကြေပျက်ဆီးစေနိုင်သော အဆိပ်များကူးသန်းရောင်းဝယ်မှု = Trading in poison တို့ဖြစ်၏။ အထက်ပါ အချက်ငါးချက်ကိုရှောင်ကြဉ်သည့် သမ္မာအာဇီဝ သီလမဂ္ဂင်ကိုလိုက်နာကျင့်သုံးလျှင်လည်း ဤကမ္ဘာတွင် လူ့အခွင့်အရေးပြဿနာများနှင့် အခြားဖြစ်ပေါ်လာနိုင်သော လူမှုပြဿနာများမှကင်းဝေးကာ ငြိမ်းအေးမည်မှာ မုချဆတ်ဆတ်ပင်ဖြစ်၏။ အဘယ့်ကြောင့်ဤသို့ပြောနိုင်သနည်း။ အကြောင်းကား ယနေ့ကမ္ဘာတွင်ဖြစ်ပျက်နေသော အခြေအနေနှင့်ဖြစ်ရပ်အားလုံးသည် မြတ်ဗုဒ္ဓဖေါ်ထုတ်ရှင်းပြတော်မူခဲ့သော သီလကိုသာ အခြေခံနေသောကြောင့်ပင်တည်း။ ဤသမ္မာအာဇီဝ သီလမဂ္ဂင်ကိုကျင့်သုံးလျှင် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်းပါ အပိုဒ် ၄ ကို တိုက်ရိုက်ကျင့်သုံးရာရောက်ပြီးလျှင် ကြွင်းကျန်သော အပိုဒ်အားလုံးတို့ကို နွယ်၍ ကျင့်သုံးပြီးသားဖြစ်လေတော့၏။
     ဗုဒ္ဓဓမ္မရှုထောင့်အရ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးပြဿနာများပြေလည်ရေးအတွက် ဆုတောင်းနေရုံမျှဖြင့် လုံးဝမပြေလည်နိုင်ပါ။ ဆုတောင်းသောကြောင့်လည်း မည်သည့် တန်ခိုးရှင် မည်သည့်ဘုရားရှင်ကမှ ပြေလည်အောင် စွမ်းဆောင်ပေးမည်မဟုတ်ပါ။ အမှန်စင်စစ် လူသား၏ပြဿနာမှန်သမျှကို ပြေလည်ငြိမ်းချမ်းသွားစေရန် လူသားကသာ ဖြေရှင်းနိုင်မည်ဖြစ်ပါ၏။ ထိုသို့ပြေလည်အေးချမ်းရေးအတွက် လူသားများကိုယ်တိုင် အထက်ပါ သီလမဂ္ဂင်သုံးပါးကို ကျင့်သုံးဘို့လိုအပ်ပါ၏။ အထက်ပါ သီလမဂ္ဂင်သုံးပါးကိုသာ မကျင့်သုံးလျှင် စားပွဲဝိုင်းတွင် အကြိမ်ပေါင်းမည်မျှပင်ဆွေးနွေးအဖြေရှာရှာ လုံးဝပြေလည် အေးငြိမ်းသွားမည်မဟုတ်ပေ။    ယခုမိမိရှင်းပြခဲ့သည်တို့မှာ နားလည်လွယ်ရုံအကျဉ်းမျှသာဖြစ်ပါ၏။ ဤမျှရှင်းပြလိုက်လျှင် စာဖတ်သူသည် အပ်ကျ မတ်ကျ ချဲ့ထွင်၍ နားလည်နိုင်ပြီဖြစ်သောကြောင့် ဆင့်ပွါးအဓိပ္ပါယ်များကို မရှင်းပြတော့ပါ။                  
      ကမ္ဘာသူကမ္ဘာသားများ သီလမဂ္ဂင်များကို ကိုယ်စီကျင့်သုံးနိုင်ကြ၍ လူ့အခွင့်အရေးပြဿနာများ ပြေလည်အေးချမ်းကြပါစေဟု မေတ္တာပို့သလိုက်ပါ၏။ ( ဆက်လက်ဖေါ်ပြပါမည် )
    

Sunday, June 10, 2012

ဗုဒ္ဓဓမ္မနှင့်လူ့အခွင့်အရေး ( ၇ ) ဗုဒ္ဓဝါဒ၏ လူသားအပေါ်သဘောထား

အသင်စာဖတ်သူသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်းပါ အပိုဒ် သုံးဆယ်လုံးကို ဖတ်ရှုပြီးပေပြီ။ ထိုအပိုဒ် သုံးဆယ်လုံးသည် အဓိကအားဖြင့် ဘာကိုဖေါ်ညွှန်းပါသနည်း။ စာဖတ်သူကိုယ်တိုင်လည်း စဉ်းစားစေချင်ပါ၏။ မိမိစဉ်းစား သုံးသပ်မိသည်များကိုလည်း မိမိဥာဏ်မီသမျှ ဖေါ်ပြပါမည်။ အမှန်စင်စစ် အထက်ပါ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်းပါ အပိုဒ် သုံးဆယ်လုံးသည်
၁။ လူသား၏ မူလ မွေးရာပါတန်ဘိုးနှင့် ဂုဏ်သိက္ခာ
၂။ လူသားအချင်းချင်း ထားရှိရမည့်စိတ်ထားများနှင့်
၃။  လူသားအချင်းချင်းအပေါ် လိုက်နာစောင့်ထိန်းရမည့် ကိုယ်ကျင့်တရားများနှင့် တာဝန်များ
ဤအချက်သုံးချက်ကိုသာလျှင် အဓိကအားဖြင့် ဖေါ်ညွှန်းသည်ဟု မိမိကောက်ချက်စွဲမိ၏။ တိတိကျကျ ပြောရလျှင် မြတ်ဗုဒ္ဓညွှန်ကြားဖေါ်ပြတော်မူခဲ့သော ငါးပါးသီလအဆင့်အထိ မမီချေ။ ဆိုလိုသည်မှာ ငါးပါးသီလသည် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်းထက် အနှစ်သာရအားဖြင့်ပိုမို၍မြင့်မားပြီးလျှင် ငါးပါးသီလမျှကိုသာလုံခြုံပါလျှင် လူမှု့ လောကကြီးတစ်ခုလုံး မလိုလားအပ်သည့် လူမှု့ ပြဿနာများ ကင်းဝေးနေမည်မှာ အမှန်ပင်ဖြစ်လေ၏။ လူ့အခွင့်အရေးဟူသောစကားလုံးနှင့် လှုပ်ရှားမှုတို့သည်လည်း အဆိုပါ အချက်တို့ကို လိုက်နာမှု့ မရှိကြသောကြောင့်သာလျှင် ပေါ်ပေါက်လာခြင်းပင်ဖြစ်၏။ အထက်ပါအချက်သုံးချက်ကိုသာ လူသားများလိုက်နာ ကျင့်သုံး စောင့်ထိန်းခဲ့ကြပါက လူ့အခွင့်အရေးပြဿနာသည် ပေါ်ပေါက်လာစရာ အကြောင်းမရှိချေ။ အထက်ပါ အချက်သုံးချက်တွင် နံပါတ်တစ်ဖြစ်သည့် လူသား၏ မူလမွေးရာပါ တန်ဘိုးနှင့် ဂုဏ်သိက္ခာအကြောင်းကို ဦးစွာတင်ပြလိုပါ၏။ ဤကမ္ဘာပေါ်ဝယ်ရှိကြသော ဘာသာတရားများအနက် ဗုဒ္ဓဝါဒ၏ လူသားအပေါ်ထားရှိသည့် သဘောထားသည်အလွန်ထူးခြားလှ၏။ အဘယ့်ကြောင့်နည်း။ ဗုဒ္ဓဝါဒအရ လူသားတစ်ယောက်အဖြစ် မွေးဖွားလာဘို့အရေးသည် အလွန်တရာခက်ခဲပြီးလျှင် လူသားဘဝကို ရရှိခြင်းသည်လည်း တန်ဘိုးအရှိဆုံးသော အခွင့်အရေးကို ရရှိခြင်းပင်ဖြစ်၏ဟု လက်ခံထားသောကြောင့်ပင်တည်း။ ထို့ကြောင့် ဗုဒ္ဓဝဂ္ဂ ဧရကပတ္တနာဂရာဇဝတ္ထု ဓမ္မပဒ၌ ဘုရားရှင်ဤသို့ ဟောတော်မူ၏။
ကိစ္ဆော မနုဿပဋိလာဘော၊ ကိစ္ဆံ မစ္ဆာန ဇီဝိတံ။ ကိစ္ဆံ သဒ္ဓမ္မသဝနံ၊ ကိစ္ဆော ဗုဒ္ဓါန မုပ္ပါဒေါ။
အဓိပ္ပါယ်မှာ လူသားအဖြစ်ကိုရခြင်းသည် ခဲယဉ်း၏။ လူသားတို့၏ အသက်ရှည်စွာ နေရခြင်းသည်လည်းခဲယဉ်း၏။ သူတော်ကောင်းတရားကို ကြားနာရဘို့ရန် ခဲယဉ်း၏။ ဘုရားအဖြစ် သို့မဟုတ် ဘုရားဖြစ်ရာကာလကို ရဘို့ရန်ခဲယဉ်း၏ ဟူ၍ဖြစ်၏။ ဤ နေရာ၌ အဓိကပြောလိုသည်မှာ ကိစ္ဆော မနုဿပဋိလာဘော၊ လူသားအဖြစ်ကိုရခြင်းသည် ခဲယဉ်း၏ ဟူသောစကားပင်ဖြစ်၏။ လူ့ဘဝကို လွယ်လွယ်ရသည်မဟုတ်၊ အလွန်ရခဲ၏၊ အဘယ့်ကြောင့်နည်း လူသားဘဝသည် အလွန်တန်ဘိုးရှိသောကြောင့်ပင်တည်း။ သံယုတ္တနိကာယ် ပါဏသုတ်တွင်လည်း သမုဒ္ဒရာအောက်ခြေတွင် နေထိုင်သော မျက်လုံးတစ်ဖက်ကန်းနေသည့် လိပ်တစ်ကောင်သည် နှစ်ပေါင်းတစ်ရာကြာမှ ကောင်းကင်ကိုကြည့်ဘို့ရန် အပေါ်သို့တက်လာသည့်အခါ သမုဒ္ဒရာတွင်မျောနေသော ထမ်းပိုးတုံးမှ အပေါက်နှင့်စွပ်မိဘို့ရန် ခက်ခဲသကဲ့သို့ ထို့အတူ လူသားအဖြစ်ကိုလည်း ရရှိဘို့ရန်မှာ အလွန်ပင်ခက်ခဲကြောင်း မြတ်ဗုဒ္ဓဟောတော်မူပါ၏။ ထို့ကြောင့်ပင် မြတ်ဗုဒ္ဓသည် ယဉ်ကျေးမှု ဓလေ့ထုံးစံ နေရာဒေသ နိုင်ငံ အသားအရောင် ယောကျာ်းမိန်းမ စသည်ဖြင့် အပေါ်ယံအသွင်သဏ္ဌာန်အားဖြင့် မည်မျှပင် များပြားစွာကွဲပြားခြားနားနေစေကာမူ လူသားအားလုံးကို တန်းတူရည်တူ တန်ဘိုးထားလျှက် ကရုဏာထားမေတ္တာပွါးရမည်ဖြစ်ကြောင်း သင်ကြားဆုံးမတော်မူ၏။ ထို့ပြင် မေတ္တသုတ်၌လည်း မာတာ ယထာ နိယံ ပုတ္တ၊ မာယုသာ ဧကပုတ္တ မနုရက္ခေ။ ဧဝံပိ သဗ္ဗဘူတေသု မာနသံ ဘာဝယေ အပရိမာဏံ ဟုဟော်တော်မူ၏။ အဓိပ္ပါယ်မှာ မိခင်သည် မိမိ၏တစ်ဦးတည်းသောသားကို အသက်တမျှ တန်ဘိုးထားစောင့်ရှောက်သကဲ့သို့ ထို့အတူ လူသားအားလုံးသည်လည်း တစ်ဦးပေါ်တစ်ဦး လေးစားတန်ဘိုးထားကာ သက်ရှိသတ္တဝါ အားလုံးကိုမေတ္တာပွါးများကြရမည်ဟု ဆိုလို၏။ ထို့ပြင် မေတ္တာမပွါးနိုင်ဘဲ ဒေါသအလျောက် သတ်ဖြတ်မိပါကလည်း သတ္တဝါတို့၏ တန်ဘိုးအသီးသီးအလိုက် အပြစ်ရှိကြောင်းမြတ်ဗုဒ္ဓ သင်ကြားပေးတော်မူ၏။ သတ္တဝါတို့ကို သတ်ဖြတ်မှုကြောင့်ရရှိသောအပြစ်ဒဏ်များတွင် လူကိုသတ်သည့် အပြစ်သည် အကြီးလေးဆုံးဖြစ်ပါ၏။ အထင်ရှား အလွယ်ကူဆုံးသောသာဓက တစ်ခုကိုပြရလျှင် ရဟန်းတစ်ပါးသည် သေစေလိုသော ကြံရွယ်ချက်ဖြင့် လူကိုသတ်မိပါက ရဟန်းအဖြစ်မှလျှောကျလေတော့၏။ ပါရာဇိကကျလေ၏။ ရဟန်းဘဝဖြင့် ဆက်လက်၍နေခွင့်မရှိတော့ပေ။ အယုတ်ဆုံးအားဖြင့် လူရုပ်အသွင်သဏ္ဌာန်မပီပြင်သေးသော သန္ဓေသားကို ပျက်ကျစေရန် ကိုယ်ဝန်ဖျက်ဆေးပေးလျှင်ပင် ပါရာဇိကကျလေတော့၏။ ရဟန်းတစ်ပါးအနေဖြင့် မည်သည့်အကြောင်းကြောင့်မျှ လူကိုသတ်ခွင့်မရှိ၊ သတ်ဘို့ရန် နည်းလမ်းလည်းပေးခွင့်မရှိ၊ လူသားတစ်ယောက် သေစေရန်ရည်ရွယ်၍ မည်သို့သော နည်းပရိယာယ်ကိုမျှ အသုံးပြုခွင့်မရှိပေ။ အကယ်၍ လူကိုသေစေရန် တနည်းနည်းဖြင့် ကျူးလွန်မိပါက နောက်ထပ်တစ်ဖန် ရဟန်းဖြစ်ချင်၍ အကြိမ်တစ်ရာ ကမ္မဝါဖတ်၍ ရဟန်းခံသော်လည်း ရဟန်းအဖြစ်ကို မရနိုင်တော့။ အဘယ့်ကြောင့်နည်း။ အလွန်တန်ဘိုးကြီးလှသော လူသားဘဝကို ဆုံးရှုံးအောင် ပြုမူခြင်းကြောင့်ပင်တည်း။ မြတ်ဗုဒ္ဓ၏ဓမ္မသည် လူသားကိုဤမျှအထိတန်ဘိုးထား၏။ လေးစား၏။
 
          ထို့ပြင် အသိဥာဏ်ပိုင်းအဆင့်အတန်းကို စဉ်းစားကြည့်လျှင်လည်း နိဗ္ဗာန်ကို ဦးစွာ မျက်မှောက်ပြုလျှက် သိနိုင် နားလည်နိုင်သည်မှာ ဤကမ္ဘာဝယ် လူသားသာလျှင်ဖြစ်၏။ နတ်လည်းမဟုတ်၊ ဗြဟ္မာလည်းမဟုတ်၊ တိရစ္ဆာန်ဆိုလျှင် ပိုလို့ပင်ဝေးလေစွ။ နိဗ္ဗာန်ဟူသည် ဒဿနဆိုင်ရာရုပ်လွန်ပညာရပ်မဟုတ်ချေ။ မြတ်ဗုဒ္ဓသင်ကြားတော်မူသည့်အတိုင်း အမှန်တကယ်လိုက်နာကျင့်သုံးလျှင် ကိုယ်တိုင်ကိုယ်ကျ မဂ်ပညာ ဖိုလ်ပညာတို့ဖြင့် သိနိုင်သော ဧကန်အရှိတရား ဖြစ်၏။ ထိုနိဗ္ဗာန်တရားကို မရေမတွက်နိုင်သောသက်ရှိသတ္တဝါများထဲတွင် လူသားသည်သာ အဦးဆုံးသိခဲ့၏။  ထို့ကြောင့် ဗုဒ္ဓဓမ္မအရ လူသားသည် မွေးရာပါအားဖြင့် ဂုဏ်သိက္ခာမြင့်၏၊ တင့်၏။ အခြားသတ္တဝါများထက် အသိဥာဏ်လည်းမြင့်၏။ မွေးရာပါ အပြစ်ကင်းစင်၏။ ဘာအပြစ်မှမပါဝင်။ တစ်ချို့ဘာသာများ၏ အဆိုအရ လူသားသည် မွေးရာပါအားဖြင့် အပြစ်ပါလာ၏။ အပြစ်သားဖြစ်၏။ ထိုအပြစ်ကို ဖြေဖျောက်၍ ကယ်တင်ပေးရန် သက်ဆိုင်ရာ ဘုရားကို မျက်နှာချိုသွေးကာ ဆုတောင်းကြရ၏။ ဗုဒ္ဓဓမ္မအရ လူသားသည် မွေးရာပါအားဖြင့်ပင် ဂုဏ်တင့်၏။ မြင့်၏။ ဥာဏ်ထက်၏။ အပြစ်ကင်းစင်၏။ မည်သို့သောပုဂ္ဂိုလ်ကိုမျှ ဒူးထောက်လက်မြှောက်၍ မျက်နှာချိုသွေးကာ ဆုတောင်းနေရန်မလိုပေ။ ထို့ပြင် လူသားသည် အရာရာကို ဖန်တီးနိုင်၏။ လူ့လောကကြီးတစ်ခုလုံးကို လူသားများသာ စိတ်တိုင်းကျချယ်လှယ်နေနိုင်ကြ၏။ အဘယ့်ကြောင့်နည်း။ လူသားသည် မူလမွေးရာပါ အစွမ်းရှိသောကြောင့်ပင်တည်း။  လူသားသည်သာ ကိုးကွယ်ရာ ဘုရားဖြစ်နိုင်၏။ လူသားမှတစ်ပါး မည်သည့်သက်ရှိသတ္တဝါမျှ ဘုရားမဖြစ်နိုင်ချေ။ ဗုဒ္ဓဓမ္မအရ လူသားသည် အကျင့်မြတ်ကို အမှန်တကယ်ကျင့်လျှင် စာလုံးကြီးဖြင့်ပေါင်းသော God ကလည်း လူသားကို လေးစားရိုသေရှိခိုးရ၏။ စာလုံးသေးဖြင့်ပေါင်းသော gods များစွာတို့သည်လည်း လူသားကို လေးစားကြရ၏။ လူသားသည် God နှင့် gods အားလုံးကို ရှိခိုးစရာမလို၊ သူတို့ထံသို့ဆုတောင်းခံစရာမလို၊ မေတ္တာပွါးရန်သာလို့၏။ လူသား၏တန်ဘိုးသည် ဤမျှအထိမြင့်မားလှ၏။  ဤကဲ့သို့ မွေးရာပါ လူသား၏ဂုဏ်သိက္ခာကို အရှိအတိုင်း သဘာဝအတိုင်း ဖေါ်ထုတ်တင်ပြပေးသော ဘာသာတရား အဘယ်မှာလျှင် ရှိပါမည်နည်း။ ရှိလျှင်လည်း ပြစမ်းပါလော့။ သိချင်လှပါ၏။
         
               အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း အပိုဒ် (၁) တွင် လူတိုင်းသည် တူညီလွတ်လပ်သော ဂုဏ်သိက္ခာဖြင့်လည်းကောင်း၊ တူညီလွတ်လပ်သော အခွင့်အရေးများဖြင့်လည်းကောင်း၊ မွေးဖွားလာသူများဖြစ်သည်။ ထိုသူတို့၌ ပိုင်းခြားဝေဘန်တတ်သောဥာဏ်နှင့် ကျင့်ဝတ်သိတတ်သော စိတ်တို့ရှိကြ၍ ထိုသူတို့သည် အချင်းချင်း မေတ္တာထား၍ ဆက်ဆံကျင့်သုံးသင့်၏ ဟု ပြဋ္ဌာန်းထား၏။ ဤပြဋ္ဌာန်းချက်နှင့် ဗုဒ္ဓဓမ္မကို အသင်စာဖတ်သူ နှိုင်းယှဉ်ကြည့် သုံးသပ်ကြည့်စမ်းပါလော့။ ဤကြေငြာစာတမ်းသည် ယနေ့ကမ္ဘာ့လူသားများအတွက် ကျင့်သုံးထိုက်သည့် အခြေခံမူတစ်ခုဖြစ်ပါ၏။ သို့သော် မြတ်ဗုဒ္ဓသည် ဤကြေငြာစာတမ်းထက် လူသား၏တန်ဘိုးနှင့် ဂုဏ်သိက္ခာကို နှစ်ပေါင်း ၂၅၀၀ ကျော်စော၍ ကြိုတင်ကာ ဖေါ်ထုတ်တင်ပြခဲ့၏။ ထို့ကြောင့် ဗုဒ္ဓဓမ္မအရ လူသားသည် တန်ဘိုးအမြင့်ဆုံးဖြစ်၏။ ဂုဏ်သိက္ခာအမြင့်ဆုံးဖြစ်၏။ အလွတ်လပ်ဆုံးဖြစ်၏။ အသိဥာဏ်အမြင့်ဆုံးဖြစ်၏။ လူသားထက်မြင့်သော လူသားကကိုးကွယ်ရသော သက်ရှိသတ္တဝါဟူ၍မရှိချေ။ လူသားသည် သက်ရှိသတ္တဝါအားလုံးကို မေတ္တာတရား ကရုဏာတရား ကိုယ်ကျင့်တရား တာဝန်ဝတ္တရားတို့ဖြင့် ချီးမြှောက်ရန်သာတာဝန်ရှိလေ၏။

***ဓမ္မမိတ်ဆွေများ၏အမှာစကား***