Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Sunday, March 4, 2012

ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၂၇ ) မေတ္တာပါရမီ

 မိမိတို့မြန်မာလူမျိုးများ၏နားတွင် မေတ္တာဟူသော ဝေါဟာရသည် သမိုင်းနှင့်ချီ၍ နားရည်ဝလှပြီဟု ဆိုချင်ပါ၏။ သမိုင်းနှင့်ချီ၍ နားရည်ဝလှသော်လည်း မေတ္တာသည် လက်တွေ့လှုမှုနယ်ပယ်တွင်တော့ အသားမကျ အဝါးမဝါသေးဟုလည်းဆိုလိုက်ချင်ပြန်ပါ၏။ အကြောင်းမှာ မြတ်ဗုဒ္ဓ၏
သွန်သင်ချက်အတိုင်း မြတ်ဗုဒ္ဓကျင့်တော်မူခဲ့သည့်အတိုင်း မိမိတို့ဗုဒ္ဓဘာသာဝင် နိုင်ငံသားအများစုတို့ လက်တွေ့ကျင့်ကြံမှုအပိုင်းတွင် အားနည်းသောကြောင့်ဖြစ်မည်ဟုလည်း ကောက်ချက်ဆွဲမိပါ၏။
အမှန်စင်စစ် မေတ္တာအားနဲခဲ့ကြ၊ နဲနေကြပြီးလျှင် ဒေါသနှင့်အတ္တမာနများလွှမ်းမိုးခဲ့ကြ၊ လွမ်းမိုးနေသောကြောင့်ပင် မိမိတို့နိုင်ငံသည် အင်ပါယာတစ်ခုတည်းအဖြစ် ရှည်ကြာစွာမရပ်တည်နိုင်ခဲ့ဘဲ ပဒေသရာဇ်နိုင်ငံငယ်လေးများ အဖြစ်ဖြင့်သာ ခေတ်အဆက်ဆက် စစ်မက်များဖြစ်ပွါးကြလျှက် တည်ရှိခဲ့သည်ဟုလည်းဆိုချင်ပါ၏။ ယနေ့ခေတ်တိုင်အောင် စည်းလုံးခိုင်မာသော အနှစ်သာရပြည့်ဝသော အားကိုးယုံကြည်ထိုက်သော ပြည်ထောင်စုနိုင်ငံတော်ကြီးမဖြစ်သေးသည်မှာ အလွန်ဝမ်းနဲဘွယ်ကောင်းလေစွ။ ရှက်ဖွယ်လည်းရှိစွတကား။ ယနေ့ခေတ်တွင် စူပါ ပါဝါလည်းဖြစ်၍ ပြည်နယ် ( ၅၀ ) ထိပါဝင်သော အမေရိကားကိုကြည့်လျှင် ပြည်တွင်းငြိမ်းချမ်းရေး စည်းလုံးညီညွတ်ရေး ဟူသောစကားလုံးများ အသုံးအလွန်နဲသည်ကိုတွေ့ရ၏။ အကြောင်းမှာ ထိုလုပ်ငန်းစဉ်များ ပြီးဆုံးခဲ့ပြီဖြစ်၍ ဖွံ့ဖြိုးတိုးတက်မှုလမ်းစဉ်ကိုပင် လျှောက်လှမ်းနိုင်ခဲ့ပြီဖြစ်သောကြောင့်ဖြစ်၏။ ဖွံ့ဖြိုးတိုးတက်ပြီးဖြစ်ရုံမျှမက ကမ္ဘာ့ရှေ့ဆောင်အခြေအနေသို့ပင် ကြာမြင့်စွာဆိုက်ရောက်ခဲ့ပြီးမဟုတ်ပါလား။ အကြောင်းကိုရှာဖွေသော် အတ္တမာနတည်းဟူသောဘောင်ကျဉ်းကျဉ်းလေးထဲတွင်သာ ရပ်တည်မနေဘဲ နိုင်ငံသားတို့အချင်းချင်း အေးမြသော မေတ္တာလွင်ပြင်ကိုလက်တွဲလျှောက်လှမ်းကြလျှက် နွေးထွေးကြင်နာသော  ကရုဏာရင်ခွင်ကို အတိုင်းအတာတစ်ခုအထိ ခိုလှုံခွင့်ရခဲ့သောကြောင့်ဖြစ်၏ဟု စိတ်ပိုင်းဆိုင်ရာရှုထောင့်မှကြည့်မြင်မိပါ၏။(အမေရိကားသည် မေတ္တာရှင်နိုင်ငံကြီးဟုမဆိုလိုပါ။ နိုင်ငံသားအချင်းချင်း တန်ဘိုးထားလေးစားသော သဘောထားကြီးနိုင်သော အမျိုးသားရေးမေတ္တာ အထိုက်အလျှောက်ကျင့်သုံးနိုင်ခြင်းမျှကိုသာ ဆိုလိုပါသည်။ အမေရိကား၏ ဖွံ့ဖြိုးတိုးတက်ခြင်းအကြောင်းများ နိုင်ငံရေးရှုထောင့်စသည်များမှကြည့်လျှင်လည်း အကြောင်းတရားများရှိပါ၏။ ဤနေရာ၌ ဤမျှသာဖေါ်ပြချင်၏။) မှန်၏။ နိုင်ငံသားတို့အချင်းချင်း ထိုမေတ္တာလွင်ပြင်နှင့် ကရုဏာရင်ခွင်တို့ဝယ် လျှောက်လှမ်းခိုလှုံခွင့်ရမှသာ တရားမျှတသော၊ လုံခြုံသော၊ အာမခံချက်ရှိသော၊ လူသားအချင်းချင်းတန်ဘိုးထားလေးစားသော လူမှုအဖွဲ့အစည်းအဖြစ်သို့ တက်လှမ်းနိုင်ပေမည်။ သို့မှသာ နိုင်ငံသားအချင်းချင်း တူညီသောအခွင့်အရေးများပေး၍ လုံခြုံသော တရားမျှတသော ဥပဒေများ အသက်ရှင်သန်လာနိုင်ပါ၏။ မေတ္တာတရားကင်းမဲ့လျှင် စာရွက်ပေါ်က ဥပဒေဟူသည် လူမှုလောကအတွက် အသုံးလည်းမတည့် အသက်လည်းမဝင်သော ပုံနှိပ်အက္ခရာစာလုံးသက်သက်မျှသာဖြစ်လေ၏။  ထို့ပြင် ကမ္ဘာ့ရွာစံနစ်ကြီးတွင် ဒေသဆိုင်ရာနိုင်ငံများဖွဲ့စည်းကာ စည်းလုံးမှုကို အရယူဤ ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်ဟူသော ဘုံဗိမာန်ဝယ် အဆင့်တန်းမီမီ သိက္ခာရှိစွာ ခံစားနေကြစဉ်တွင် မိမိတို့နိုင်ငံသည် ပြည်တွင်းရေးပဋိပက္ခမျိုးစုံဖြင့် အရှိန်အဟုန်ကောင်းစွာဖြစ်ပွါးနေခဲ့ကြသော ရောင်စုံပြဿနာများနှင့်ရန်ပွဲများသည် ယနေ့ထိ မပြီးဆုံးသေးပေ။ သို့သော် ငြိမ်းချမ်းရေး ဆောင်ပုဒ်များ တိုးတက်ရေးဆောင်ပုဒ်များသည်ကား ကမ္ဘာတွင် အတွင်ကျယ်ဆုံး အများဆုံးသုံးသောနိုင်ငံတော့ဖြစ်လေ၏။ ဥပဒေသည်လည်းပါးစပ်ဖျားတွင်သာတည်ရှိခဲ့၏။ အာဏာသည်လည်း ထိုနည်း၎င်းပင်။ စက္ကူပေါ်တွင်ရှိသည့် ဥပဒေဟူသည် ကြီးပြင်းသည်အထိ အသက်ရှင်သန်ခွင့်မရခဲ့။ လူမမယ် ကလေးငယ်အရွယ်၊ ဥမမည် စာမမြောက်မီမှာပင် ဝမ်းနဲဘွယ်ရာအဖြစ်ဆိုးနှင့်တိုးခဲ့ရသည်သာများလေသည်ထင်မိ၏။ အသက်ဝင်ကာကြီးပြင်းခဲ့သည့် ဥပဒေများသည်လည်း အေမြသည့်မေတ္တာဓာတ်နှင့်နွေးထွေးကြင်နာသည့် ကရုဏာဓာတ်များ အလွန်နဲပါးခဲ့သည်ထင်၏။ အထူးသဖြင့် နိုင်ငံသားတို့အချင်းချင်း တန်ဘိုးထားလေးစားတတ်သော မေတ္တာတည်းဟူသော ရေစင်ရေအေးကိုဆွတ်ဖျန်း၊ ကရုဏာတည်းဟူသော မြေဩဇာကိုကျွေးမွေး၍ ပြဋ္ဌာန်းရေးဆွဲမှာသာလျှင် ဥပဒေတည်းဟူသော သစ်ပင်ကြီးကြာမြင့်စွာ ခန့်ထည် ခိုင်မာစွာဖြစ်ထွန်းလာနိုင်ပေမည်။ သို့မှသာ ကရုဏာမေတ္တာတို့ဖြင့်အေးမြသော ဥပဒေသစ်ပင်ရိပ်အောက်ဝယ် တိုင်းသူပြည်သားများ ပျော်ရွှင်စွာ နေထိုင်ကြလျှက် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်းကို ချီတက်နိုင်ကြပေမည်။ ထို့ကြောင့်မေတ္တာဟူသည် ပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ သံသရာအရေး ဈန်တရားရရေးမျှအတွက်သာမက တိုင်းပြည်တည်ဆောက်ရေးတွင်လည်း မဖြစ်မနေအသုံးပြုသင့်သော လူသားအရင်းအမြစ်ဖြစ်ကြောင်း နားလည်ဘို့ အထူးလိုအပ်ပါ၏။ ထို့ပြင်မိမိတို့နိုင်ငံတော်မှချမှတ်သော မေတ္တာဆောင်ပုဒ်များကိုမတွေ့ဘူးသလို အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံပြည်သူများ ချစ်ကြည်စွာ မေတ္တာတရားဖြင့် နေထိုင်ခဲ့ကြသည့်သတင်းကို လွတ်လပ်ရေးရပြီးနောက်ပိုင်း မိမိမကြားဘူး မဖတ်ဘူးပေ။ ရှေးခေတ်တွင်လည်း မင်္ဂလာရှိသော ဤသည့်မေတ္တာသတင်းမျိုး အလွန်ကြားရခဲသော ဒုလ္လဘတရားဖြစ်ခဲ့သည်ထင်၏။ ဤဖြစ်စဉ်တို့မှာ မေတ္တာအားနဲခြင်း၏ သာဓကတို့သာဖြစ်လေ၏။ ယနေ့ခေတ်အနေအထားအရ ထင်ရှားရာ ဥပမာတစ်ခုအနေဖြင့်ပြရလျှင် အီးယူဟု အများသိကြသည့် ဥရောပသမဂ္ဂသည် အဖွဲ့ဝင် ၂၇ နိုင်ငံရှိပြီးလျှင် အင်အားတောင့်တင်းပြီး ကမ္ဘာတွင်အရေးပါသော အဖွဲ့အစည်းဖြစ်၏။ အဖွဲ့ဝင်နိုင်ငံတစ်ခု အခက်အခဲ အကြပ်အတည်းကြုံလျှင် ဥပဒေနှင့်အညီစုပေါင်း၍ ဖြေရှင်းကြ၏။ အထူးသဖြင့်လောလောလတ်လတ် အခြေအနေအရ ဂရိနိုင်ငံ၏ အလွန်ဆိုးဝါး ခက်ခဲကြမ်းတမ်းသော စီးပွါးရေး အကြပ်အတည်းကိုလည်း စုပေါင်း၍ အဖြေရှာနိုင်ခဲ့ကြ၏။ ဤသည်တို့မှာ အတ္တမာန လျော့နည်းခြင်း၏ ပြယုဂ်ပင်ဖြစ်ပါ၏။ အထိုက်အလျောက် မေတ္တာကိုကျင့်သုံးခြင်း၏ ရလာဒ်လည်းဖြစ်၏။ မှန်၏။ မေတ္တာတရားလုံးဝကင်းမဲ့လျှင် ဤကဲ့သို့ ကောင်းသောအဖြေကိုစုပေါင်းရှာနိုင်မည်မဟုတ်ပေ။ ဤသည်မှာ မိမိခံစားနားလည်သလို တင်ပြခြင်းဖြစ်၍ စာဖတ်သူ သဘောတူချင်မှတူပေမည်။ အထက်ပါအမြင်တို့မှာ နိုင်ငံနှင့်ယှဉ်၍ အနည်းငယ်သုံးသပ်ကြည့်ခြင်းမျှသာဖြစ်၏။ အမှန်စင်စစ် မေတ္တာသည် တစ်ဦးချင်းစီ၏ဘဝအတွက်လည်း လိုအပ်၏။ အရေးပါ၏။ မိသားစုအသီးသီး၏ ဘဝအတွက်လည်း မရှိမဖြစ်လိုအပ်သလို လူ့လောကကြီးတစ်ခုလုံးအတွက်လည်း အဓိကသော့ချက်နေရာတွင်ပါဝင်ပါ၏။ အကြောင်းမှာ မေတ္တာကင်းလျှင်  ကောင်းကျိုးမှန်သမျှ လွင့်စင်ကင်းဝေးသွားနိုင်သောကြောင့်ပင်တည်း။ ဤမေတ္တာနှင့်ပတ်သက်၍ (၅၂၈)သွယ်ဟူသော မိသားစုမေတ္တာနှင့် (၁၅၀၀) ဟူသော တဏှာ ကိလေသာမေတ္တာတို့ကို ဗုဒ္ဓဘာသာမြန်မာလူမျိုးများ ကြားဖူးကြ၏။ သို့သော် (၅၂၈)သွယ်နှင့် (၁၅၀၀)တဏှာမေတ္တာတွက်ပုံကိုတော့ သိသူအလွန်နဲပါးမည်ဟု ယူဆမိပါ၏။ (မိမိသည်လည်း ဤပို့စ်တွင် ထိုတွက်ကိန်းများကို ရည်ရွယ်ရင်းမဟုတ်သောကြောင့် ရှင်းပြမည်မဟုတ်တော့ပါ။ နောက်ပိုင်းသက်ဆိုင်ရာအခန်းတွင် ရှင်းပြပါမည်။) မေတ္တာနှင့်ပတ်သက်၍ မိမိဤသို့ လေးဆင့်လေးလွှာခွဲခြားချင်ပါ၏။
  ၁။ ကြင်သူနှစ်ဦးတို့၏ မေတ္တာ ( တဏှာပေမ)
  ၂။ မိသားစုမေတ္တာ ( ဂေဟဿိတပေမ)
  ၃။ လူမှုရေးမေတ္တာ (သဟဇာတပေမ)
  ၄။ မြင့်မြတ်သူတို့၏ လောကကိုချစ်သည့် ဖြူစင်ကျယ်ပြန့်သော မေတ္တာ (ပါရမီမေတ္တာ) ဟူ၍ဖြစ်၏။ ထိုတွင် နံပါတ်တစ်ဖြစ်သည့် ကြင်သူမောင်နှံနှစ်ဖော်တို့၏ မေတ္တာသည် သူတို့နှစ်ဦး၏ဘဝအတွက် ကောင်း၏။ သူတို့နှစ်ဦးမှလွဲ၍ တစ်ခြားသူများအတွက် နေရာမရှိ၊ မပေးပေ။ တစ်ခြားသူကို နေရာပေးလျှင်လည်း မလိုလား မနှစ်သက်နိုင်ဖြစ်ကြ၏။ အကြောင်းမှာ ထိုမေတ္တာသည် ငါ့ချစ်သူ သို့မဟုတ် ငါ ဟူသောအတ္တအပေါ်တွင်သာ အခြေပြုတည်ဆောက်ထားသောကြောင့်ပင်တည်း။ ဤမေတ္တာမျိုးသည် လောကကောင်းကျိုးအတွက် အားမကိုးထိုက်ပေ။ သို့သော် လူသားအများစုသည် အတ္တဗဟိုပြုစိတ်၏ စေ့ဆော်မှုကြောင့် ထိုမေတ္တာမျိုးကို တမ်းတကြ၏။ စုံမက်ကြ၏။ နံပါတ်နှစ်ဖြစ်သည့် မိသားစုမေတ္တာသည် သူ၏သက်ဆိုင်ရာမိသားစုအတွက်လိုအပ်၏။ ကောင်းလည်းကောင်း၏။ ကျင့်သုံးသင့် ပွါးများသင့် ထားသင့်၏။ သို့သော် သူ့မိသားစုမှတစ်ပါး အခြားမိသားစုများကိုမူ သူဂရုမစိုက်၊ အလေးမထား၊ အားမကိုးလောက်ပေ။ အကြောင်းမှာ သူ၏မေတ္တာသည် ငါ့မိသားစု ဟူသော အတ္တနယ်ပယ်
ကျဉ်းကျဉ်းလေးပေါ်တွင်သာ အခြေပြုရပ်တည်နေသောကြောင့်ပင်ဖြစ်၏။ ဤမေတ္တာသည် သူ၏ကြင်သူအတွက်လည်းချစ်၏။ အကြုံးဝင်၏။ သူ၏မိသားစုအတွက်လည်းချစ်၏။ အကြုံးဝင်၏။  နံပါတ်သုံးဖြစ်သည့် လူမှုရေးမေတ္တာသည် သူနှင့်ခင်သူ ရင်းနှီးသူ အကျွမ်းဝင်သူ မိတ်ဆွေသင်္ဂဟတို့အတွက် ကောင်း၏။ လိုအပ်၏။ သူနှင့်လက်လှမ်းမီရာ လူမှုအဝန်းအဝိုင်းကိုသာ အာရုံပြု၏။ အလေးထား၏။ သူနှင့်မနီးစပ် မရင်းနှီး မကျွမ်းဝင်သော လူမှုအဝန်းအဝိုင်းကိုကား သူစဉ်းစားလိမ့်မည်မဟုတ်ချေ။ အကြောင်းမှာ သူ၏မေတ္တာသည် သူ၏လူမှုအဝန်းအဝိုင်းဟူသော အတ္တနယ်ပယ်တွင်သာ ကျင်လည်ကာ အသက်ဝင်သောကြောင့်ပင်တည်း။ ဤမေတ္တာမျိုးသည် အထက်ပါ မေတ္တာနှစ်မျိုးထက် ပို၍ကျယ်ပြန့်ပါ၏။ ပို၍လည်း အများ၏အားကိုးမှု ယုံကြည်မှုကို ခံထိုက်ပါ၏။ လူမှုအဝန်းအဝိုင်းတစ်ခုအတွက်လိုအပ်ပါ၏၏။ လောကတွင် ဆိုခဲ့ပြီးဤမေတ္တာသုံးမျိုးကို အတွေ့များ၏။ တနည်းဆိုသော် ဤမေတ္တာသုံးမျိုးဖြင့် လောကသားအများစုတို့ခရီးဆက်နေကြခြင်းဖြစ်၏။ အမှန်စင်စစ် မေတ္တာ၏သဘောသည် ဝေးဝေးနီးနီးသောသူမှန်သမျှကို နီးကပ်ထိစပ်စေပြီးလျှင် ကောင်းကျိုးကိုဖြစ်ထွန်းစေသော အေးမြသည့်စိတ်၏ ဓာတ်သတ္တိစွမ်းအင်ပင်ဖြစ်၏။ မှန်၏။ မေတ္တာမရှိပါက လူအချင်းချင်းလည်း နီးနီးကပ်ကပ် ပူးပူးတွဲတွဲနေ၍မရ၊ မတတ်သာ၍ အတူနေရသော်လည်း စိတ်ချင်းကားဝေးနေသည်သာဖြစ်၏။ အပြန်အလှန် အေးမြသည့်စိတ်စွမ်းအင်ကို ထုတ်လုပ်မပေးနိုင်ကြ။ ဒေါသ မာနစသော ပူလောင်သည့်စိတ်စွမ်းအင်များသာ ထုတ်လုပ်ပေးကြတော့၏။ ထိုအခါ ကွဲကြ ပြဲကြ၏။ တိုက်ကြ ခိုက်ကြတော့၏။ လောကအတွက် မည်သည့်ကောင်းကျိုးမျှ မဖြစ်ထွန်းနိုင်တော့။ အနေနီးလျှင် နီးသလောက် အန္တရယ်ကြီးတတ်ပါ၏။ လူသားအတွက်သာမက တိရစ္ဆာန်တို့အပေါ်တွင်လည်း ရက်စက်ကြမ်းကြုတ်တတ်၏။ ထို့ပြင် မေတ္တာသာရှိမည်ဆိုလျှင် အထက်ပါဆိုခဲ့သည့် မေတ္တာသုံးမျိုးတွင် မည်သည့်မေတ္တာပင်ဖြစ်စေ တနည်းနည်းဖြင့် သက်ဆိုင်သည့်သူများနှင့် ဝန်းကျင်ကို ကောင်းကျိုးဖြစ်စေ၏။ နေရာဒေသမည်မျှပင်ဝေးကွာနေသည်ဖြစ်စေ အပြန်အလှန်ကောင်းကျိုးကိုဖြစ်စေနိုင်လေ၏။ နီးလျှင်ကား ပို၍ကောင်းကျိုးပြုနိုင်သည်မှာ အထူးပြောဖွယ်ရာမရှိချေ။ အဆိုပါ မေတ္တာသုံးမျိုးထက် ပို၍မြင့်မြတ်သော လောကတစ်ခုလုံးအတွက် အမှန်လိုအပ်သော တစ်လောကလုံး၏ အားကိုးထိုက်သော မေတ္တာကား ပါရမီမေတ္တာပင်ဖြစ်၏။ ဤပါရမီမေတ္တာသည် ဆိုခဲ့ပြီးမေတ္တာသုံးမျိုးထက် ကျယ်ပြန့်၏။ အနှိုင်းအဆမဲ့၏။ အကန့်အသတ်မဲ့၏။ ကြင်သူတို့၏အဝန်းအဝိုင်း၊ မိသားစုနယ်ပယ်၊ သက်ဆိုင်ရာလူမှုဝန်းကျင်နယ်ပယ် အသွယ်သွယ်နှင့် အခြားသော အဝန်းအဝိုင်းကန့်သတ်မှုနယ်ပယ်မှန်သမျှအားလုံးကို ကျော်လွန်သွား၏။ အပြန်အလှန် ကြင်နာမှုထက်လည်းပို၏။ ချစ်ခင်ဖေါ်ရွေမှုထက်လည်း မြင့်မြတ်၏။ ကျယ်ပြန့်၏။ စိတ်ကောင်း စေတနာကောင်းထက်လည်း အဆများစွာနက်ရှိုင်း၏။ တစ်လောကလုံးအပေါ်သက်ရောက်၏။ အမှန်စင်စစ် ပါရမီမေတ္တာဟူသည် ရာထူး ဂုဏ်သိရ် စည်းစိမ်ဥစ္စာ အသားအရောင် လူမျိုး ဘာသာတရား နေရာဒေသ စသည်တို့ကို လုံးဝမခွဲခြားဘဲ သက်ရှိမှန်သမျှအားလုံးကို တန်ဘိုးထားလေးစားလျှက် လောကကောင်းကျိုးအတွက် မိမိ၏ချမ်းသာမှန်သမျှကိုပင်စွန့်လွှတ်ဝံ့သော မြင့်မြတ်အေးမြသည့် ချစ်စိတ်စွမ်းအားပင်ဖြစ်၏။ မှန်၏။ ဤပါရမီမေတ္တာသည် စကြာဝဠာမေတ္တာဖြစ်၏။ မိမိ၏နိုင်ငံကိုလည်းကျော်၏။ မိမိတို့ကမ္ဘာကိုလည်းကျော်၏။ စကြာဝဠာသက်ရှိအားလုံး၏ ကောင်းကျိုးကိုလိုလား၏။ ထိုသို့ပါရမီမေတ္တာရှိသောသူသည် အကြောက်တရားမရှိတော့သလို အကြောက်တရားဆီသို့လည်း မည်သည့်နည်းနှင့်မျှ ဦးတည်မည်မဟုတ်ချေ။ အကြောင်းမှာ သူ၏ရင်တွင်း၌ရှိသော အကန့်သတ်မဲ့မေတ္တာဖြင့် အရိုင်းဆိုင်းဆုံးသော တိရစ္ဆာန်သည်ပင် သူ၏ မိတ်ဆွေဖြစ်လာနိုင်သောကြောင့်ပင်ဖြစ်၏။ တနည်းဆိုသော် မေတ္တာစစ်ဟူသည် အေးမြသည့်သတ္တိပင်ဖြစ်၏။ ထိုအေးမြသော သတ္တိသည်သာ လောကအတွက် မွန်မြတ်ကြီးကျယ်သော ကောင်းကျိုးကိုပြုနိုင်ပါ၏။ ပူလောင်သော ကိလေသာမေတ္တာတို့ဖြင့်သော်မှ လောကအတွက် ကောင်းကျိုးပြုနိုင်သည်ဆိုလျှင် အေးမြသည့်သတ္တိဖြစ်သော
မေတ္တာဖြင့်အဘယ်သို့လျှင် လောကအတွက် ကောင်းကျိုးမပြုဘဲရှိပါမည်နည်း။ သို့ဖြစ်၍ မိမိတို့လောကသားများလည်း မိမိနှင့်တကွလောကကောင်းကျိုးများဖြစ်ထွန်းစေရန်  မိမိတို့စွမ်းနိုင်သလောက် လောကအတွက် မေတ္တာဆက်၍ အသက်မွေးနိုင်ကြပါစေ၊ အေးမြသည့်မေတ္တာသတ္တိများတိုးပွါးကြပါစေသောဟု တောင်းဆုပြုလိုက်ရပါ၏။

Sunday, February 26, 2012

ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၂၆ ) အဓိဋ္ဌာနပါရမီ

အဓိဋ္ဌာန်ဟူသော စကားလုံးသည်လည်း မြန်မာဗုဒ္ဓဘာသာနယ်ပယ်တွင် အသုံးတွင်ကျယ်လှသောဝေါဟာရ တစ်ခုပင်ဖြစ်၏။ အဓိဋ္ဌာန်ပုတီးစိပ်သည်၊ အဓိဋ္ဌာန်သီလဆောက်တည်သည်၊ အဓိဋ္ဌာန်သက်သတ်လွတ်စားသည်၊ အဓိဋ္ဌာန်တရားစခန်းဝင်သည် စသည်ဖြင့်အဓိဋ္ဌာန်များ များပြားလှပါ၏။ ရည်မှန်းချက်အသီးသီးဖြင့် ပုဂ္ဂိုလ်အသီးသီိးမှ ဖြည့်ကျင့်နေကြခြင်းဖြစ်၏။ အားထုတ်ကြိုးစားနေကြခြင်းဖြစ်၏။ သို့ဆိုလျှင် အဓိဋ္ဌာန်ဟူသော စကားလုံး၏အဓိပ္ပါယ်ကား ဘာဖြစ်သနည်းဆိုသည်ကို တိတိကျကျသိဘို့လိုအပ်လှ၏။ အမှန်စင်စင် အဓိဋ္ဌာန်ဟူသော စကားလုံးသည် ပါဠိဘာသာ အဓိဋ္ဌာန ဟူသောဝေါဟာရမှလာ၏။ အဓိပ္ပါယ်ကား ခိုင်မာပြတ်သားသော ဆောက်တည်မှု တနည်း ပြတ်သားခိုင်မာရဲရင့်သောဆုံးဖြတ်ချက် ဟူ၍ဖြစ်၏။ မှန်၏။ ကြီးမားသောရည်မှန်းချက်အတွက် သို့မဟုတ် ကြီးမားသောလုပ်ငန်းတစ်ခုအတွက် လုပ်ရတော့မည်ဖြစ်လျှင် ပြတ်သားခိုင်မာရဲရင့်သောဆုံးဖြတ်ချက်သည် အရေးကြီးလှပါ၏။ ထိုအဓိဋ္ဌာန်ဟူသော ဆုံးဖြတ်ချက်မပါလျှင် မည်သည့်လုပ်ငန်းမျှထိုက်တန်စွာအောင်မြင်မည်မဟုတ်ချေ။ စစ်မှန်ခိုင်မာသော အဓိဋ္ဌာန်ရှိသူသည် အစ၌လည်း ခိုင်မာပြတ်သား၏။ အလယ်၌လည်း ပြတ်သားရဲရင့်၏။ အဆုံး၌လည်း တိကျပြတ်သား၏။ အစ အလယ် အဆုံးကာလသုံးပါးလုံးဝယ် ခိုင်မာတိကျပြတ်သားရဲရင့် လှ၏။ မည်သည့်အကြောင်းကြောင့်မျှ ဆုံးဖြတ်ချက်ကို အပျက်ဆီးမခံပေ။ အဓိဋ္ဌာန်ကို ပျက်စီးစေသော အကြောင်းတရားများစွာထဲတွင် ထင်ရှားသောအကြောင်းများကိုသာ အကျဉ်းချုပ်၍ရေးပါမည်။ လာဘဟူသော လာဘ်လာဘသည်လည်းအဓိဋ္ဌာန်ကိုပျက်စီးစေနိုင်၏။ အဓိဋ္ဌာန်၏ အဖျက်အမှောင့်ဖြစ်၏။ လာဘ်လာဘဟူသည် ငွေကြေးအပါအဝင် သာမန်လူသားတို့တပ်မက်မောသော ရာထူး ဂုဏ်သိရ် စည်းစိမ် အိုးအိမ်စသည့်ပိုင်ဆိုင်မှုအစုစုတို့ပင်ဖြစ်၏။ ထို့နောင် သက္ကာရဟူသော အခြွေအရံပေါများမှု၊ အများ၏အထင်ကြီးခံရမှု၊ အများ၏လေးစားခံရမှု၊ အများ၏အခွင့်အရေးနှင့်နေရာပေးဆက်ဆံခံရမှုတို့ပင်ဖြစ်၏။ ထိုသည့်သက္ကာရသည်လည်း အဓိဋ္ဌာန်၏ ဆူးငြောင့်ခလုတ်ကန်သင်းပင်ဖြစ်၏။ ထို့ပြင် သိလောကဟူသော ထင်ပေါ်ကျော်ဇောမှု၊ ဂုဏ်သတင်းမွှေးပျံ့မှုတို့သည်လည်း အဓိဋ္ဌာန်၏ မာရ်နတ်သာဖြစ်၏။ ကြီးမားသောလုပ်ငန်းတစ်ခုကို မြင့်မြတ်သောရည်ရွယ်ချက်ဖြင့် တစိုက်မတ်မတ်ကြိုစားလုပ်ဆောင်နေသူ အတွက် ဤဆိုခဲ့ပြီးသော လာဘ သက္ကာရ သိလောကဟူသော အဖျက်အမှောင့်ပယောဂများသည် မလွဲမသွေဝင်ရောက်လာမည်မှာ အမှန်ပင်ဖြစ်ပါ၏။ ဤလာဘ သက္ကာရနှင့်သိလောကတို့သည် စစ်မှန်သော အဓိဋ္ဌာန်ကိုဖြည့်ကျင့်သူအတွက် ခလုတ်ကန်သင်း အမှိုက်သရိုက်မျှသာဖြစ်လေ၏။ ဆူးငြောင့်ခလုတ် အဟန့်အတား ရန်သူများသာဖြစ်၏။ မိတ်ဆွေစစ်မဟုတ်ချေ။ ဆိုလိုသည်မှာ ထိုလာဘ သက္ကာရ သိလောကတို့ဖြင့် ဖျားယောင်းသိမ်းသွင်းမှုကိုခံရသောအခါ မူလရည်မှန်းချက်များ ဆုံးဖြတ်ချက်များ ပြောင်းလဲသွားတတ်၏။ သို့မဟုတ် ပျက်ဆီးပျောက်ကွယ်သွားတတ်၏။ ဤသို့ဖြစ်တတ်သည်မှာ အသစ်အဆန်းလည်းမဟုတ်၊ မိမိအနေဖြင့် အပြစ်ဟူ၍လည်းမဆိုချင်ပေ။  အကြောင်းမှာ သာမန်လူတန်းစားများအဖို့ ဤဖြစ်ရပ်များသည် ဖြစ်ရိုးဖြစ်စဉ်ဓမ္မတာသာဖြစ်သောကြောင့်ပင်ဖြစ်၏။  သာမန်လောကရှုထောင့်အရကြည့်လျှင် ဤ လာဘ သက္ကာရ သိလောကတို့ကိုရရှိခြင်းသည် ဘဝ၏အောင်မြင်မှုဖြစ်၏။ ဘဝ၏ရည်မှန်းချက်လည်းဖြစ်၏။ ဘဝ၏ပန်းတိုင်ဟူ၍လည်းသတ်မှတ်ထားကြ၏။ ဘဝ၏အရေးကြီးဆုံးသော မိတ်ဆွေသင်္ဂဟဟူ၍လည်းမြင်ကြမည်ဖြစ်၏။ ဤအောင်မြင်မှု၊ဤရည်မှန်းချက်နှင့် ဤပန်းတိုင်အတွက် လောကသားတို့ မမောနိုင်မပန်းနိုင် မျှော်လင့်ခြင်းကြီးစွာဖြင့် နေ့စဉ်နိစ္စဓူဝ ရုန်းကန်ကြိုးစားနေကြ၏။ အမှန်စင်စစ် ဤလာဘ သက္ကာရ သိလောကအတွက် ရည်မှန်းချက်ထား ပန်းတိုင်သတ်မှတ်၍ ကြိုးစားနေခြင်းသည် ရေတိုစီမံကိန်းမျှသာဖြစ်လေ၏။ တစ်ဘဝစာ တစ်ခဏတာအတွက် တောင့်တချက်များသာဖြစ်လေ၏။ သို့သော် ရေရှည်သံသရာရည်မှန်းချက် သို့မဟုတ် သံသရာမှလွတ်မြောက်ရေးရည်မှန်းချက် ထားသူအတွက်ကား ဤလာဘ သက္ကာရနှင့်သိလောကတို့သည်ပန်းတိုင်လည်းမဟုတ်၊ရည်မှန်းချက်ဟူ၍လည်းမသတ်မှတ်၊ အောင်မြင်မှုဟူ၍လည်းမယူဆကြချေ။ အကြောင်းမှာ တကယ်စစ်မှန်ထိုက်တန်သည့် ရလာဒ်မဟုတ်သောကြောင့်ပင်တည်း။ မှန်၏။ ထိုအောင်မြင်မှုများကို တပ်မက်မောသော တဏှာ၊ ငါလုပ်လျှင်ဖြစ်တယ် ငါသာစွမ်းတယ် စသည်ဖြင့်ထောင်လွှားမောက်မာသော မာနနှင့် ထိုတဏှာနှင့်မာနတို့ကိုအခြေခံသော မှောက်မှားသည့် ဒိဋ္ဌိများဖြစ်ပွါးလာနိုင်လေ၏။ ထိုတရားများဖြစ်လာလျှင်လည်း မိမိအတွက်ရော လောကအတွက်ပါ အန္တရာယ်သည် အနည်းနှင့်အများဖြစ်လာတော့၏။ သို့ဆိုလျှင် ယနေ့ကမ္ဘာဝယ် အချို့လူဆိုးများသည် မကောင်းမှုကိုကျူးလွန်ရန်အတွက် ခိုင်မာသောဆုံးဖြတ်ချက်ကိုချ၍ ကျူးလွန်ရန်လက်မနှေးကြဘဲ လက်ရဲဇက်ရဲဖြင့်ပြုလုပ်ကြ၏။ တုံးတိုက်တိုက် ကျားကိုက်ကိုက် မိုက်ရူးရဲဆန်စွာ ကျူးလွန်ကြမည့် ဆုံးဖြတ်ချက် လုပ်ဆောင်ချက်တို့ဖြင့်  လှုပ်ရှားရုန်းကန်နေကြ၏။ ထိုလုပ်ဆောင်ချက်သည်လည်း အဓိဋ္ဌာန်ပင်ဖြစ်လေသလော။ အဖြေကား ဤလုပ်ဆောင်ချက် ကျူးလွန်ချက်တို့သည်လည်း အဓိဋ္ဌာန်ပင်ဖြစ်၏ဟူလေသတ်။ အကြောင်းကား အဓိဋ္ဌာနအရ အဓိမောက္ခစေတသိက်ကိုအရကောက်ရ၍ ထိုအဓိမောက္ခစေတသိက်သည် ကုသိုလ်စိတ်များနှင့်လည်းစပ်ယှဉ်နိုင်သလို အကုသိုလ်စိတ်များနှင့်လည်း အတူတွဲစပ်ကာ ဖြစ်နိုင်ခွင့်ရှိသောကြောင့်ပင်တည်း။ အဓိဋ္ဌာန်တွင် အကြံဆိုးများလည်းပါနိုင်သလို အတွေးကောင်းများလည်းပါနိုင်၏။  အဓိဋ္ဌာန်ဖြင့် အော့နှလုံးနာစရာ မသတီစရာ  ရက်စက်ကြမ်းကြုတ်မှုများကိုလည်းကျူးလွန်နိုင်သလို ချစ်ခင်မြတ်နိုး စုံမက်စွာအားထားလောက်သော အကြင်နာတရား ပညာတရားများဖြင့် လောကကောင်းကျိုးကိုစွမ်းစွမ်းတမံသယ်ပိုးသော လုပ်ငန်းများကိုလည်း လုပ်ဆောင်နိုင်ပါ၏။ လောကတွင် အကြံဆိုးများဖြင့် အဓိဋ္ဌာန်ဆိုးများ ကြီးစိုးလွှမ်းမိုးနေသည်ကိုလည်းတွေ့နိုင်သလို အကြံကောင်းမနောကောင်းများဖြင့် အဓိဋ္ဌာန်ကောင်းများ အောင်မြင်နေသည်ကိုလည်း အထင်အရှားတွေ့မြင်နိုင်ပါ၏။ ထို့ကြောင့်အဓိဋ္ဌာန်ဟုဆိုတိုင်း အကောင်းချည်းဟူ၍ မဆိုနိုင်ကြောင်း သေချာစွာမှတ်သားဘို့လိုအပ်ပါ၏။ ဝါဝါမြင်တိုင်း ရွှေအစစ်မဟုတ်နိုင်ကြောင်းစာဖတ်သူသိနားပြီးသားဖြစ်ပေမည်။ ယနေ့ခေတ်တွင် အလိမ်အညာ အကြံအဖန်များပေါများလှသောကြောင့် အသိဥာဏ်ကိုယ်ခံအား ကောင်းကောင်းရှိထားဘို့ အမှန်ပင်လိုအပ်လှပါ၏။ အထက်ပါရှင်းပြချက်တို့မှာ သာမန်အဓိဋ္ဌာန်အကြောင်းကိုသာ အကျဉ်းချုပ်၍ စာဖတ်သူနားလည်နိုင်ဘို့နှင့် ထို့ထက်ဆက်လက်၍စဉ်းစားနိုင်စေဘို့တင်ပြခြင်းမျှသာဖြစ်ပါ၏။ ပါရမီမြောက်သော အဓိဋ္ဌာန်မဟုတ်ချေ။ အမှန်စင်စစ် အဓိဋ္ဌာနပါရမီဟူသည် ဒါန သီလစသော ပါရမီမြောက်သည့် လုပ်ငန်းများကိုဖြစ်မြောက်အောင်မြင်စေရန် ဖြူစင်ဖြောင့်မတ် မြင့်မြတ်စွာ ပဓာနအားဖြင့်တွန်းအားပေးသော ခိုင်မာပြတ်သားတိကျရဲရင့်သည့် ဆုံးဖြတ်ချက်ပင်ဖြစ်၏။ မှန်၏။ ဤအဓိဋ္ဌာန်ပါရမီဟူသော ဆုံးဖြတ်ချက်စိတ်စွမ်းအားသည် သူလျှောက်လှမ်းမည့်လမ်းခရီးဝယ် ကြုံတွေ့ရသော အခက်အခဲ ဆူးငြောင့်ခလုပ်များကို ပယ်ရှားတော်လှန်ပစ်နိုင်စွမ်း၏။ အနှောက်အယှက်များသည် မည်သည့်ပုံစံမျိုးဖြင့်ပင် အသွင်ပြောင်း၍ဝင်လာသည်ဖြစ်စေ ဂရုမစိုက် အလေးမထားပေ။ပျော်ရွှင်ကြည်နူးစရာအဖြစ်ဝင်လာလျှင်လည်း နည်းလမ်းအဖြစ်အသုံးချကာ ကျော်လွှား၏။ ဒုက္ခ သောကအဖြစ်ဖြင့်ဝင်လာလျှင်လည်း တည်ငြိမ်စွာပယ်ရှားပစ်၏။ သူဆက်လက်လျှောက်လှမ်းမည်ဖြစ်သော မြင့်မြတ်သည့် မဟာရည်မှန်းချက်အတွက် စိုးစဉ်းအနည်းငယ်မျှ နောက်ပြန်လှည့်မည့်သူမဟုတ်ချေ။ သို့သော်  ငါ့လှေငါထိုး ပဲခူးရောက်ရောက်၊ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်ဟူ၍ မိုက်ရူးရဲဆန်ဆန် တစ်ဇွတ်ထိုးခေါင်းမာစွာလည်းပြုလုပ်လိမ့်မည်မဟုတ်ချေ။ ဥာဏ်ပညာနှင့်ယှဉ်စပ်သော နှိုင်းနှိုင်းချိန်ချိန် သုခမိန်၊ ဆိုရေးရှိက ဆိုအပ်လှ၏ ဆိုသည့်အတိုင် အခြေအနေနှင့်အချိန်အခါကို ကောင်းစွာအသုံးချကာ ဆုံးဖြတ်လုပ်ဆောင်နိုင်၏။ ထို့ပြင် လောကကောင်းကျိုးနှင့် ကောင်းမှုကုသိုလ်အတွက် သူ့ကိုစည်းရုံးလျှင် ရနိုင်သော်လည်း အကျိုးမဲ့သော အကုသိုလ်လုပ်ငန်းများအတွက်စည်းရုံးလျှင်မည်သို့မျှရနိုင်မည်မဟုတ်ပေ။ ထိုပါရမီမြောက်အဓိဋ္ဌာန်သည် အခြေအနေနှင့် အချိန်အခါအရ မာလျှင်သံချောင်း ပျော့လျှင်ဖယောင်း ဟူသကဲ့သို့ မာသင့်သည့်အရာဝယ် သံချောင်းကဲ့သို့လည်းမာ၏။ ကျောက်ခဲကဲ့သို့လည်း ကျစ်လစ်သိပ်သည်း၏။ ပျော့သင့်သည့်အရာဝယ် ဖယောင်းကဲ့သို့လည်း ပျော့သကဲ့သို့  ပန်းပွင့်ပမာလည်းနူးညံ့လှပပြနိုင်၏။ သို့သော် လိမ်လည်ကောက်ကျစ်ခြင်း အလျဉ်းမရှိချေ။  မိမိအနေဖြင့် လောကလူသားအများသည် ဖြူစင်ထက်မြက်သော ကုသိုလ်အဓိဋ္ဌာန်များလည်း တည်ဆောက်နိုင်ကြပါစေ၊ ထို့ထက် ပါရမီမြောက်သည့် အဓိဋ္ဌာန်များလည်း တည်ဆောက်ဖြည့်ကျင့်နိုင်ကြပါစေသောဟု ပတ္ထနာမှု တောင်းဆုပြုလိုက်ရပါ၏။

Sunday, February 19, 2012

ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၂၅ ) သစ္စာပါရမီ

"ကတိသစ္စာ၊ တည်သောခါဝယ်၊ ဩဇာလေးနက်၊ ပေါ်ဆီတက်၍၊ နွယ်မြက်သစ်ပင်၊ ဆေးဘက်ဝင်၏" ဟုစာဆိုတော် အရှင်မဟာသီလဝံသက စပ်ဆိုတော်မူခဲ့၏။ မှန်၏။ လူသားများ ကတိသစ္စာတည်ကြသောအခါ ပြုသမျှအရာရာဝယ် အနှစ်အသားပြည့်ဝလျှက် သက်မဲ့ဖြစ်သည့် နွယ်မြက်သစ်ပင်သော်မှ ဆေးဘက်ဝင်သည်အထိ ဩဇာအစွမ်းသက်ရောက်လေ၏။ သက်ရှိလူသားများ၏ ကတိသစ္စာအစွမ်းထက်မြက်မှုကိုကား အထူးပြောဘွယ်ရာမရှိတော့ချေ။ သစ္စာ၏အစွမ်းများဖြင့် သေလုဆဲဆဲအခြေအနေမှ အသက်ပြန်လည်ရှင်သန်လာခဲ့သော သာဓက ဇာတ်တော်များနှင့် ဆုံးရှုံးရတော့မည့် အခြေနေဆိုးများမှ အထက်တန်းအခြေအနေသို့ တမုဟုတ်ချင်းပြောင်းလဲသွားကြသောဖြစ်ရပ်များ ပိဋကတ်တော်ဝယ် ပါရှိ၏။ သစ္စာစကား၏ အရှိန်အဟုန်နှင့် စွမ်းပကားသည် မြင့်မားလှပါ၏။ တန်ဘိုးလည်းကြီး၏။ ချစ်မြတ်နိုးဘွယ်လည်းကောင်း၏။ ယုံကြည်ထိုက် အားကိုးထိုက်သည့်စွမ်းအားလည်းရှိ၏။ ကတိသစ္စာပျက်ယွင်းကြသောအခါ အရာရာသည်ပေါ့ပျက်ပျက်ဖြစ်၍ အနှစ်သာရမှကင်းဆိတ်ပြီးလျှင် သက်ရှိနှင့်သက်မဲ့နှစ်ခုစလုံး၏ တန်ဘိုးနှင့်စွမ်းအားသည်လည်း ကျဆင်းလေတော့၏။ သို့ဆိုလျှင် သစ္စာဟူသော စကားလုံး၏အဓိပ္ပါယ်ကား ဘာဖြစ်သနည်း။ ဤသစ္စာဟူသော စကားလုံးသည်လည်း ယခင်ဆိုခဲ့သော ဝီရိယ ခန္တီစသော စကားလုံးများကဲ့သို့ ပါဠိစကားလုံးစစ်စစ်သာတည်း။ မြန်မာများနှင့် ကိုယ်ပိုင်စကားလုံးဖြစ်လေဟန်အထိ အလွန်ရင်းနှီးသော စကားလုံးပင်တည်း။ မိမိသတိပြုမိသည်မှာ မိမိတို့မြန်မာများနှင့် အသုံးအနှုန်းအရ အလွန်ရင်းနှီးသော ပါဠိစကားလုံးများသည် လက်တွေ့ကျင့်ကြံမှုအပိုင်းနှင့် စကားလုံးများကိုနားလည်မှုအပိုင်းတွင် အလွန်ပင်စိမ်းကားနေသည်ကိုတွေ့ရ၏။ အမှန်စင်စစ် သစ္စာဟူသောစကားလုံး၏ အဓိပ္ပါယ်သည် ဖြောင့်မှန်ခြင်း ဟူ၍ဖြစ်၏။ ဖြောင့်လည်းဖြောင့်မတ်၍ မှန်လည်းမှန်၏ဟု ဆိုလို၏။ မှန်၏။ အချို့သူများသည် စိတ်ထားဖြောင့်မတ်သော်လည်း ဥာဏ်ပညာနည်းပါးမှုကြောင့် မှားတတ်၏။ အမှန်သို့မတက်လှမ်းနိုင်ကြပေ။ အချို့ကား အမှန်ကိုသိနားလည်သော်လည်း မဖြောင့်မတ်ကြ။ ဖြောင့်သော်လည်း မမှန်နိုင်၊ မှန်နိုင်ခွင့်ရှိသော်လည်း မဖြောင့်သည့် အခြေအနေများ စာဖတ်သူများ၏ဝန်းကျင်တွင်ရှိနေမည်မှာအမှန်ပင်ဖြစ်၏။  ထို့ကြောင့် ဤနေရာ၌ သစ္စာဟူသည် ဖြောင့်မတ်၍မှန်ကန်ခြင်းတည်း။ ( ယခုရေးမည့်အကြောင်းအရာကို ဒုက္ခသစ္စာစသည့် သစ္စာလေးပါးနှင့်မရောထွေးစေလိုပါ။ ပရမတ္တသစ္စာလေးပါး
အကြောင်းရေးခြင်းမဟုတ်ပါ။ ) သို့ဆိုလျှင် မည်သည့်အရာများ ဖြောင့်မတ်မှန်ကန်ခြင်းကို ဆိုလိုပါသနည်း။ ဤအရာ၌ လုပ်ရပ်နှင့်စကားရပ် နှစ်ခုထပ်တူဖြစ်ခြင်း ညီညွတ်ခြင်းကို ဖြောင့်မတ်မှန်ကန်ခြင်းဟု ဆိုလိုပါ၏။  ပြောသလိုလုပ်၍ လုပ်သလိုပြောခြင်းဟုဆိုလို၏။ ကတိတည်ခြင်းဖြစ်၏။ အလုပ်တစ်ခြား အပြောတစ်ခြားမဟုတ်ဟု ဆိုလို၏။ လောကဆိုစကားအရ ပါးစပ်က ဘုရားဘုရား၊ လက်က ကားယား ကားယား မဟုတ်ခြင်းပင်တည်း။ ထို့ပြင် ကတိသစ္စာတည်သောသူသည် သူတပါးက မိမိကို ချစ်ခင်လာစေရန် မြှောက်ပင့်၍လည်းမပြောတတ်၊ သူတပါးက မိမိကို အထင်ကြီးလာစေရန်လည်း ဝါကြွားပလွှား၍ မပြောတတ်ချေ။ ဖြောင့်မတ်မှန်ကန်သည့်အရာကိုသာ ပြော၍ ထိုအရာကိုသာကျင့်သုံး၏။ ဘုရားအလောင်းတော်ပါရမီဖြည့်စဉ်ကာလသံသရာတစ်လျှောက်လုံးတွင် သူ့အသက်သတ်မှုစသော မကောင်းမှုများကို ကျူးလွန်ခဲ့မိသော်လည်း လိမ်ညာ ဝါကြွားပြောဆိုခြင်းကိုမူ အလျဉ်းမပြုခဲ့ မပြောခဲ့ချေ။ အစဉ်အမြဲဖြောင့်မတ်မှန်ကန်သည့်  စကားတို့ကိုသာခိုင်မာစွာ ပြောဆိုတော်မူခဲ့၏။ ထိုသစ္စာစကားတို့ကို အလောင်းတော်သည် သူ၏လမ်းညွှန်အဖြစ်အသုံးပြုခဲ့၏။ အမှန်စင်စစ် ဤသစ္စာသည် တစ်ဦးချင်းစီ၏ တန်ဘိုးအတွက်သာ အရေးကြီးသည်မဟုတ်၊  မိသားစုနယ်ပယ် လူမှုဆက်ဆံရေးနယ်ပယ် စီးပွါးရေးနယ်ပယ် နိုင်ငံရေးနယ်ပယ် ဥပဒေပြုရေးနယ်ပယ်စသော ဝန်းကျင်နယ်ပယ်အသီးသီးတွင်လည်း အရေးကြီးလှပါ၏။ ဤသစ္စာနှင့်စပ်၍ ဤနယ်ပယ်အသီးသီးကို ချိန်ထိုး၍ စာဖတ်သူစဉ်းစားပါက စဉ်းစားနိုင်သလောက် ကျယ်လည်းကျယ်ပြန့်၏။အရေးလည်းပါ၏။ နက်ရှိုင်းမှုလည်းရှိ၏။ အမှန်တကယ်လည်း လိုအပ်၏။ ဥပမာတစ်ခုအနေဖြင့် ပြောရလျှင် တရားမျှတသော စီးပွါးရေးကုမ္မဏီတစ်ခု တည်ထောင်လုပ်ကိုင်လိုသူသည် ခိုင်မာတည်ငြိမ်သော နိုင်ငံရေးရှိ မရှိကိုကြည့်ရ၏။ ထို့ပြင် သူလုပ်ကိုင်မည့်နိုင်ငံ၏ ဥပဒေသည် တရားမျှတမှု သို့မဟုတ် ဖြောင့်မှန်မှု ရှိ မရှိကြည့်ရပြန်၏။ ထိုဥပဒေကတိကဝတ်များ မျှတခိုင်မာမှသာလျှင် စီးပွါးရေးကုမ္မဏီများလည်း ခိုင်မာမျှတစွာပေါ်ပေါက်လာနိုင်ပေမည်။ သို့မှသာ နိုင်ငံအတွက် လူမှုဝန်းကျင်အတွက် အသက်ရှင်သန်နေထိုင်ရေးသည် အဆင့်မီစွာဖြစ်ပေါ်တည်တံ့နေပေမည်။ လူ့ဘဝ၏ လိုအပ်ချက်တို့အတွက် အာမခံချက်ရှိပေမည်။ မတရားသော စီးပွါးရေးကုမ္မဏီများကြောင့် အလုပ်အကိုင်များရရှိနိုင်သော်လည်း လိုအပ်သည့် တရားမျှတသော အာမခံချက်များ အလျဉ်းရှိမည်မဟုတ်ချေ။ လူသား၏ မူလတန်ဘိုးများကင်းမဲ့ကာ ကျေးကျွန်သဖွယ်သာ တာဝန်ထမ်းဆောင်လျှက် နေထိုင်ကျင်လည်ရပေမည်။ ထို့ပြင် ဥစ္စာရှာပြည်နာမှ၊ ပညာရှာပြည်သာမှ၊ တရားရှာခန္တီပါမှ ဟူသောလောက ဆိုရိုးစကားဝယ် ဥစ္စာရှာပြည်နာမှ ဟူသောစကားရပ်သည် မတရားနိုင်ထက်စီးနင်းလွန်းသော ဥစ္စာရှာနည်းကိုရည်ညွှန်းခြင်းဖြစ်မည်ဟု ယူဆပါ၏။ ရေးစွဲထားသော ဥပဒေကတိကဝတ်များ စည်းကမ်းများသည် အားမကိုးထိုက် မယုံကြည်ထိုက်သော သစ္စာမဲ့စကားရပ်များအဖြစ် ရှင်သန်နေသောတိုင်းပြည်ကိုရည်ညွှန်းခြင်းဖြစ်မည်ဟု မှတ်ယူမိပါ၏။
  ဥပဒေဟူသည် တိုင်းသူပြည်သားများနှင့်တကွ နိုင်ငံခြားသားများအပါအဝင် လူသားများကိစ္စအတွက် ဆောင်ရွက်ရန် ပေးထားသော ကတိသစ္စာစကားရပ်တို့ပင်ဖြစ်၏။ ကတိကဝတ်တို့ပင်ဖြစ်၏ဟုဆိုချင်ပါ၏။ ထိုဥပဒေဟူသည့် ကတိသစ္စာစကားရပ်များမဖြောင့်မှန်လျှင် သို့မဟုတ် ဥပဒေကတိကဝတ်များသစ္စာသဘောမသက်ရောက်လျှင် လူသားများအတွက် မည်သို့လျှင်ကောင်းကျိုးဆောင်နိုင်ပါနည်း။ လိုတစ်မျိုး မလိုတစ်မျိုးအဓိပ္ပါယ်ဖွင့်နိုင်သော မတည်ငြိမ်သည့် ဥပဒေကတိကဝတ်များနှင့် မတရားသည့်အာဏာဖြင့် တစ်ဖက်သတ်ရေးဆွဲထားသော ဥပဒေစကားရပ်များကြီးစိုးသော လူမှုနယ်ပယ်တိုင်းသည် သာယာအေးချမ်းလိမ့်မည်မဟုတ်ချေ။ ရုပ်ပိုင်းတိုးတက်မှုရော စိတ်ပိုင်းတိုးတက်မှုပါ လုံးဝမရှိနိုင်ချေ။ ရုပ်ပိုင်းလည်းနိမ့်ကျမည်ဖြစ်သလို စိတ်ပိုင်းတွင်လည်း တဦးနှင့်တစ်ဦးအပြန်အလှန် ယုံကြည်မှု နားလည်မှု ကြင်နာချစ်ခင်မှု တန်ဘိုးထားလေးစားမှုများပပျောက်သွားမည်မှာအမှန်ပင်ဖြစ်၏။ ထို့ပြင် တရားမျှတသောလူမှုလောကဖြစ်ရေးထက် တရားသည်ဖြစ်စေ မတရားသည်ဖြစ်စေ အခွင့်ထူးကိုလက်ဦးလိုသည့် ဝိသမလောဘသမားများနှင့် ကြမ်းကြုတ်ခက်ထန်လွန်းသည့်ဒေါသသမားများသာ ကြီးစိုးလာပေမည်။ သို့ဆိုလျှင် လူမှုလောက၏ တန်ဘိုးများ စံနှုန်းများ မူလဗီဇမွေးရာပါအခွင့်အရေးများအားလုံးသည် မှေးမှိန်ကွယ်ပျောက်ကာ လူ့ဘုံက ငရဲခန်းကြီးဖြစ်နေမည်သာတည်း။  ဤနေရာတွင် အကျဉ်းမျှသာ သိသာရုံဖေါ်ပြထားသောကြောင့် စာဖတ်သူ ဆက်လက်၍ စဉ်းစားစေလိုပါ၏။ အထူးသဖြင့် ဓမ္မဥပဒေများကိုဖျက်သိမ်း၍ အဓမ္မဥပဒေများကို ပြဋ္ဌာန်းခြင်းသည်လည်း မုသာဝါဒကိုကျူးလွန်ရုံမျှသာမဟုတ်၊ တစ်လောကလုံးကိုသစ္စာဖောက်ခြင်းပင်ဖြစ်၏။ ငွေမည်းကို ငွေဖြူလုပ်သကဲ့သို့ မတရားအာဏာဖြင့် အဓမ္မဥပဒေများကိုပြဋ္ဌာန်းခြင်းသည် အလွန်မှောက်မှားသည့် မိစ္ဆာမုသားလမ်းစဉ်ကို အာသာငမ်းငမ်းတက်မက်စိတ်နှင့် ကြမ်းတမ်းသည့်ဒေါသ အာဃာတတို့ဖြင့် ဓမ္မဖြစ်လေဟန် အရှက်ကင်းမဲ့စွာ အသက်သွင်းခြင်းသာတည်း။ ဓမ္မကိုသစ္စာဖောက်ခြင်းသာတည်း။ ထို့ပြင် ဘုရားရှင်ဟောကြားသော ဓမ္မက္ခန္ဓာရှစ်သောင်းလေးထောင်ကို စကားအမျိုးအစားခြောက်မျိုးဖြင့် ချိန်ထိုးကြည့်သော် နှစ်မျိုးကိုသာတွေ့ရမည်ဖြစ်၏။
   ၁။ မှန်လည်းမှန်၊ကောင်းကျိုးလည်းရှိ၊သူတပါးလည်းနှစ်သက်သောစကား။
   ၂။ မှန်လည်းမှန်၊ကောင်းကျိုးလည်းရှိ၏၊ သို့သော်သူတပါးမနှစ်သက်သောစကား။
  ဘုရားရှင်သည် စကားခြောက်မျိုးတွင် ဤနှစ်မျိုးကိုသာအသုံးပြုတော်မူခဲ့၏။ ဝိနည်းပညတ်ရာတွင်လည်းဤနှစ်မျိုးကိုသာသုံး၏။ သုတ္တန်ကိုဟောရာတွင်လည်းကောင်း အဘိဓမ္မာကိုဟောရာတွင်လည်းကောင်း ဤနှစ်မျိုးကိုသာအသုံးပြုတော်မူခဲ့၏။ ဘုရင်ကိုဟောသည်ဖြစ်စေ ပြည့်တန်ဆာကိုဟောသည်ဖြစ်စေ နတ်ဗြဟ္မာကိုဟောသည်ဖြစ်စေ ဤစကားနှစ်မျိုးကိုသာ အသုံးပြုတော်မူ၏။ ထို့အတူ မိမိတို့လူမှုဝန်းကျင်အတွက်လည်း ဤအင်္ဂါနှစ်မျိုးပါဝင်သော ဥပဒေကတိကဝတ်များ စည်းကမ်းဥပဒေများ နည်းဥပဒေများစသည်ကိုရေးစွဲကျင့်သုံးကြလျှင် လူမှုလောကသည် စိတ်ပိုင်းတန်ဘိုးနှင့်စံနှုန်းများရော ရုပ်ပိုင်းတန်ဘိုးနှင့်စံနှုန်းများပါ မြင့်တက်လာကာ လူ့ဘုံသည် နတ်နန်းဗိမာန်ဘုံကြီးပမာ သာယာဖွယ်ဖြစ်လာမည်မှာ အသေအချာပင်ဖြစ်၏။  မိမိအထက်ပါရေးသားချက်များသည် သစ္စာပါရမီမဟုတ်ပါချေ။ လောကအတွက်အရေးကြီးသော သစ္စာစကား သစ္စာဓမ္မအကြောင်းကို ဥပဒေနှင့်စပ်၍ မိမိနားလည်သမျှ အကျဉ်းချုပ်၍ရှင်းပြခဲ့ခြင်းသာဖြစ်ပါ၏။ အမှန်စင်စစ် သစ္စာပါရမီဟူသည်
  လောကသာယာဝပြောရေးအတွက်စွန့်လွှတ်သောစိတ်ထားဖြင့် အပြောနှင့်အလုပ်ညီညွတ်အောင် လုပ်ဆောင်ဖြည့်ကျင့်ခြင်းပင်ဖြစ်၏။ ဤသည်ကိုပင် သုဟုဇု ဟုခေါ်ပါ၏။ သုဟုဇုဟူသည် ကိုယ်ရော နှုတ်ရော စိတ်ရော သုံးပါးစလုံး အလွန်ညီညွတ်ခြင်းပင်ဖြစ်ပါ၏။ အချုပ်အားဖြင့် မိမိအပါအဝင် လောကသားများအားလုံး လောကသစ္စာကိုဖြစ်စေ ထို့ထက်ပို၍မြင့်မြတ်သော ပါရမီသစ္စာကိုဖြစ်စေ စွမ်းနိုင်သည့်သစ္စာများကို ဖြည့်ကျင့်နိုင်ကြပါစေသောဟု တောင်းဆုပြုလိုက်ရပါ၏။

Sunday, February 12, 2012

ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၂၄ ) ခန္တီပါရမီ

ခန္တီ ဟူသောပါဠိစကားလုံးသည် မြန်မာစကားလုံးစစ်စစ်ဖြစ်လေဟန် ထင်ရလောက်အောင် မိမိတို့မြန်မာများနှင့် ရင်းနှီးကျွမ်းဝင်လှ၏။ လက်ရှိဖြစ်ပျက်ကြုံတွေ့နေရသော ပြဿနာများကို အကျယ်အကျယ် ဆက်လက်မဖြစ်ပွါးစေရန် သီးခံလိုက်ပါ သီးခံလိုက်ပါ ဟူသည့်
အကြံပြုတိုက်တွန်းစကားများကို မိမိတို့လှုမှုနယ်ပယ်တွင် နေ့စဉ်သုံး ဓလေ့ထုံးစံစကားလုံးဖြစ်သည်အထိ ကြားနေရ၏။ ထိုသို့ စကားလုံးအသုံးအနှုန်းအရ နေ့စဉ်သုံးထုံးစံဖြစ်သည်အထိ ရင်းနှီးနေသော်လည်း ခန္တီ၏ အဓိပ္ပါယ်ကို မှန်ကန်စွာသိနားလည်သူကား ရှားပါးလှသည်ဟု ဆိုရပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ခန္တီဟူသောစကားလုံး၏ အနက်အဓိပ္ပါယ်ကား ကျယ်ပြောလှသောကြောင့်လည်းကောင်း၊ လက်တွေ့ကျင့်ကြံသူလည်း နည်းပါးသောကြောင့်လည်းကောင်း ဖြစ်ပေသည်။ မှန်၏။ မည်သည့်သဘောတရား မည်သည့် သိက္ခာပုဒ် မည်သည့်ကျင့်စဉ်ပင်ဖြစ်စေ လုံလောက်အောင်  တကယ်လက်တွေ့ကျင့်ကြံလျှင် အမှန်တကယ်ပင် သူ့သဘာဝအရှိအတိုင်း သဘောပေါက်လာရမြဲဖြစ်၏။ သို့ဆိုလျှင် ခန္တီ ဟူသောစကားလုံး၏အဓိပ္ပါယ်ကား ဘာဖြစ်သနည်း။ မြန်မာလို သီးခံခြင်းပင်တည်း။ သို့ဆိုလျှင် သီးခံခြင်း၏အဓိပ္ပါယ်သည် ဘာဖြစ်သနည်း။ အဓိပ္ပါယ်ကား သဘာဝတ္ထဓမ္မ၏ ကောင်းဆိုး ကြောင်းကျိုးကိုသိစွမ်းနိုင်သော ဥာဏ်ပညာနှင့်
မေတ္တာတရားတို့ကိုအခြေခံ၍ တွေ့ကြုံလာရသောဖြစ်ရပ်တိုင်းကို တည်ငြိမ်စွာခံနိုင်ရည်ရှိသော မွန်မြတ်သည့် စိတ်စွမ်းအင်သည်သီးခံခြင်းပင်တည်း။  သို့ဆိုလျှင် ၁။ မည်သည့်အရာကိုသီးခံရမည်နည်း၊ ၂။ မည်သို့သီးခံရမည်နည်း၊ ၃။ အဘယ့်ကြောင့်သီးခံရသနည်း၊ ၄။ သီခံခြင်း၏ အကျိုးကျေးဇူးကား ဘာဖြစ်သနည်း။ ဤသို့စသော အဓိပ္ပါယ်များကို စဉ်းစားဖို့ နားလည်ဖို့လိုအပ်၏။ နားလည်မှလည်းကျင့်နိုင်မည်ဖြစ်သလို ကျင့်နိုင်မှလည်းလက်တွေ့ကျကျပို၍နားလည်ကာ
ကောင်းကျိုးများကို ခံစားရမည်ဖြစ်၏။ အထက်ပါ အချက်လေးချက်တွင် နံပါတ်တစ်အရ
မည်သည့်အရာကိုသီးခံရမည်နည်းဟူသောမေးခွန်း၏ အဖြေကား  အရာရာကိုသီးခံရ၏ ဟူသတည်း။ အေးခြင်းပူခြင်းကိုလည်းသီးခံရ၏။ စား၍ကောင်းခြင်း အရသာရှိခြင်းကြောင့်လည်း ရသတဏှာမလွန်ကဲအောင်သီးခံရ၏။ စား၍မကောင်းခြင်း အရသာမရှိခြင်းကြောင့်လည်း အလိုမကျဖြစ်ခြင်း ဒေါသဖြစ်ခြင်းများမဖြစ်ရအောင်သီးခံရပြန်၏။ ဤသို့စသည်ဖြင့် သီးခံရာနယ်ပယ်သည်ကျယ်ဝန်းပါ၏။  အနည်းငယ်ချဲ့ပါအံ့။ သီးခံခြင်းကို အများစုနားလည်ထားကြသည်မှာ တဖက်သားက မိမိအပေါ်ရိုင်းပြစော်ကားလျှင် သို့မဟုတ် တနည်းနည်းဖြင့်မတရားပြုမူလျှင် ထိုသူကိုအပြစ်မမြင်ဗွေမယူဘဲ ခွင့်လွှတ်လိုက်ခြင်းသည်ပင်ဖြစ်သည်ဟူ၍။ ဤအဓိပ္ပါယ်သည်လည်း မှန်ကန်သောဖွင့်ဆိုချက်တွင် အကျုံးဝင်ပါ၏။ သီးခံခြင်း၏အဓိပ္ပါယ်သည် အလွန်ကျယ်ပြန့်လှ၏။ အမှန်စင်စစ် သီးခံခြင်းဟူသည် မိမိကိုယ်မိမိလည်းသီးခံရ၏။ သူတပါးကိုလည်းသီးခံရ၏။ တနည်းဆိုသော် အဇ္ဈတ္တရောဗဟိဒ္ဓပါ သို့မဟုတ် အတွင်းရောအပြင်ပါ သီးခံရ၏။
လောကဓံ၏သဘာဝတို့ကိုလည်း သီးခံရ၏။ မိမိကိုယ်ကိုသီးခံခြင်းဟူသည် မိမိ ဒေါသဖြစ်သည့်အခါ ထိုဒေါသကိုပြေငြိမ်းအောင် သို့မဟုတ် ပြေလျော့အောင်အားထုတ်စွမ်းဆောင်ခြင်းပင်ဖြစ်၏။ တနည်းဆိုသော် ကြမ်းတမ်းသော ဒေါသအဖြစ်မှ နူးညံ့သောမေတ္တာအဖြစ်သို့ပြောင်းလဲခြင်းပင်ဖြစ်၏။ အကယ်၍ မိမိမှာဖြစ်နေသော ဒေါသကို သီးမခံဘဲ ဒေါသအလိုအတိုင်း ပြုမူလျှင် မိမိသည်ဒေါသသားကောင်ဖြစ်သွားပေတော့မည်။ ဒေါသစေရာလုပ်သည့်  ဒေါသပါးကွက်သား
ဖြစ်သွားပေတော့မည်။ သီးခံနိုင်သူမဟုတ်တော့။  ထို့အတူ လောဘစိတ်ဖြစ်လျှင်လည်း ထိုတပ်မက်တတ်သောလောဘစိတ်ကို စွန့်လွှတ်နိုင်သော အလောဘစိတ်အဖြစ်သို့ပြောင်းလဲနိုင်ခြင်းသည် သီးခံခြင်းပင်ဖြစ်၏။ ထို့ပြင် မိမိကိုသူတပါးက အထင်သေးအမြင်သေးပြောဆိုပြုမူသည်ကိုသာ သီးခံရသည်မဟုတ်သေး။ မိမိက သူတပါးကို အထင်သေးခြင်း ရွံ့ရှာစက်ဆုပ်ခြင်းတို့ကိုလည်း မဖြစ်အောင်သီးခံရ၏။ သူတပါးကို မနာလိုဝန်တိုခြင်း အနိုင်ထက်ကလူပြုမူလိုခြင်း  မတရားဂုတ်
သွေးစုတ်လိုခြင်းစသောအောက်ကျယုတ်ညံ့သည့်စိတ်ထားများကိုလည်း
မဖြစ်ပေါ်အောင် သို့မဟုတ် ပပျောက်သွားအောင် ထိန်းသိမ်းခြင်း အားထုတ်ခြင်းတို့ဖြင့်လည်း သီးခံရ၏။ ဤသည်တို့မှာ မိမိကိုယ်ကိုသီးခံခြင်းတို့ပင်ဖြစ်၏။ အမှန်စင်စစ် သီးခံခြင်း၏ ပထမ နေရာဌာနသည် ပြင်ပပတ်ဝန်းကျင်မဟုတ်။ သူတစ်ပါးလည်းမဟုတ်။ လောကကြီးလည်းမဟုတ်။ မိမိ၏ရင်တွင်းအဇ္ဈတ္တဌာနသည်သာ သို့မဟုတ် မိမိစိတ်သန္တာန်အစဉ်တည်းဟူသောဌာနသည်သာ  သီးခံရာဘူမိဖြစ်ပါလေ၏။ ထို့ပြင် လောကဓံတရားရှစ်ပါးတွင်အကောင်းဘက်၌ပါဝင်သည့် လာဘ်လာဘပေါများခြင်း အခြွေအရံများပြားခြင်း အများ၏ချီးမွမ်းမှုကိုခံရခြင်း ထင်ပေါ်ကျော်စောခြင်း ချမ်းသာကြွယ်ဝခြင်း တို့နှင့်ကြုံတွေ့ရသောအခါတွင်လည်း ဘဝင်လည်းမမြင့်၊ မာနတံခွန်လည်းမထူ၊ အတ္တစွဲလည်းမကြီး၊ အောက်ခြေလည်းမလွတ်ဘဲ တည်ငြိမ်စွာလက်ခံနေနိုင်ခြင်းသည်လည်း သီးခံခြင်းပင်ဖြစ်၏။ ထို့အတူ အပြန်အားဖြင့် အဆိုးလောကဓံလေးပါးနှင့်ကြုံတွေ့ရသောအခါတွင်လည်း စိတ်ဓါတ်မကျ၊ မယိမ်းမယိုင်၊ ခိုင်ခိုင်မတ်မတ် တည်ငြိမ်အေးချမ်းစွာ အသက်မွေးဝမ်းကျောင်းနေနိုင်ခြင်းသည်လည်း သီးခံခြင်းပင်တည်း။ ယနေ့ကမ္ဘာဝယ် စီးပွါးရေးအရအောင်မြင်မှုများနှင့် လူမှုမျက်နှာစာအသီးသီးတွင်
အောင်မြင်ကျော်ကြားမှုများရရှိနေကြသော်လည်း မိမိကိုယ်ကို အဆုံးစီရင်သွားကြသည်မှာ ဤမွန်မြတ်သော သီးခံမှုမရှိသောကြောင့်ပင်တည်း။ ထို့ပြင် စိတ်မွန်းကျပ်မှုများ မခံမရပ်နိုင်ဖြစ်မှုများ တင်းကျပ်မှုများ စိတ်ပိုင်းဆိုင်ရာပေါက်ကွဲမှုများ စိတ္တဇဝေဒနာရှင်များသည် ဤသီးခံနိုင်မှုကျင့်စဉ်
မရှိခြင်းတွင်သာအခြေခံလေ၏။ အကယ်၍သာ အထက်ပါဆိုခဲ့သည်အတိုင်း သီးခံမှုကိုဖြည့်ကျင့်နိုင်လျှင် မည်သူမဆို ဆိုးကျိုးများကင်းဝေး၍ ကောင်းကျိုးများတိုးပွါးမည်မှာအမှန်မုချပင်တည်း။  အူမတောင့်မှ သီလစောင့်နိုင်သည်ဟူသော လောကဆိုရိုးစကားရှိသော်လည်း သီးခံခြင်းကို အမှန်တကယ်
ကျင့်သုံးနိုင်သူသည် အူမ မတောင့်သော်လည်း သီလစောင့်နိုင်သည်သာတည်း။ သူတပါးကို သီးခံမှုပတ်သက်၍ အထူးပြောစရာမလိုအောင်ပင်ထင်ရှားလှသောကြောင့် ဤနေရာ၌ မရေးသားတော့ပေ။ ထို့ကြောင့် သီးခံခြင်းသဘောတရားကို မိမိတို့၏ နေ့စဉ်လူမှုနယ်ပယ် မျက်နှာစာအသီးသီးတွင် ကျင့်သုံးရန်နေရာများစွာရှိပါ၏။ ထိုသို့ကျင့်သုံးလျှင်လည်း လူမှုပြဿနာများ နည်းသည်ထက်နည်းကာ သီးခံနိုင်မှုထုထည်နှင့်အတိုင်းအတာအရ အားကောင်းလျှင်ကောင်းသလောက်အေးချမ်းသော
လူမှုဝန်းကျင်ဖြစ်လာမည်မှာမလွဲပင်တည်း။ တနည်းဆိုသော် နှစ်ဘက်အစွန်းလွတ်သည့် မဇ္ဈိမပဋိပဒါလမ်းစဉ်ဖြင့် ခွင့်လွှတ်ကျေအေးပေးလိုက်ခြင်းသည်လည်း သီးခံခြင်းပင်ဖြစ်ပါ၏။ နံပါတ်နှစ်အရ မည်သို့သီးခံရမည်နည်းဟူမူ စိတ္တာနုပဿနာသတိပဋ္ဌာန်နည်းအရ မိမိသန္တာဝယ်ဖြစ်ပေါ်နေသော စိတ်အစဉ်ကို ဖြစ်သည့်အတိုင်းရှုမှတ်လိုက်ခြင်းပင်ဖြစ်၏။
လောဘစိတ်ကလေးဖြစ်ပေါ်လာပါက မိမိ၏ရင်တွင်းသန္တာန်ကို အာရုံပြု၍ ထိုဖြစ်နေသောလောဘစိတ်ကလေးကို စူးစိုက်ကာအာရုံပြုလျှက် ထပ်ကာထပ်ကာ အဆက်မပြတ်ပြေပျောက်သွားသည်အထိ ရှုမှတ်ရမည်ဖြစ်၏။ ဤသည်ကိုပင် စိတ်ပညာရှင်များ မိမိစိတ်ကို မိမိပြန်ကြည့်ခြင်းဟုဆိုကြ၏။ လောဘစိတ်ဖြစ်သည့်အခါလည်း
လောဘအလိုကျမတုန့်ပြန်၊ဒေါသစိတ်ဖြစ်သည့်အခါလည်း ဒေါသအလိုကျမဆောင်ရွက်၊ မာနတက်သည့်အခါလည်း မာနစေရာလိုက်မလုပ်ဘဲ ထိုစိတ်တို့၏သဘာဝကို တိတ်ဆိတ်ငြိမ်သက်စွာ ထိန်းချုပ်၍ရှုကြည့်ခြင်းပင်တည်း။ ထို့ပြင် မနာလိုဝန်တိုစိတ်စသော အခြားသော ညစ်ထေးစွန်းထင်းသည့် မည်သည့်စိတ်ကိုမဆို ဤကဲ့သို့ရှုမှတ်ရပေမည်။ ဤကဲ့သို့ရှုမှတ်လျှင် ညစ်ထေးပေကျံ၍ အစွန်းရောက်သည့် စိတ်ဆိုး စိတ်ယုတ်များ ပပျောက်သွားကာ ခန္တီတရားများ တဖွားဖွားတိုးပွါးလာပေမည်။ နံပါတ်သုံးအရ အဘယ့်ကြောင့်သီးခံရသနည်းဟူမူ အဓမ္မကိုဓမ္မဖြင့်အောင်နိုင်လိုသောကြောင့်ပင်တည်း။ မှန်၏။ လောဘကိုလောဘဖြင့်အနိုင်ယူ၍မရချေ။ ထို့အတူဒေါသကိုလည်း ဒေါသဖြင့်အောင်၍မရချေ။ လောက၏ သတ်မှတ်ချက်အရ အင်အားကြီးသူကအောင်နိုင်သည်ဟုဆိုရသော်လည်း ဓမ္မအရအောင်နိုင်ခြင်းဟုမဆိုရ၊
လောဘဒေါသကိုအတိုးချထားခြင်းသာတည်း။ တစ်ချိန်ချိန်ဝယ် လောဘဒေါသတို့၏ တန်ပြန်အကျိုးသက်ရောက်မှုများက သက်ဆိုင်သူကိုရိုက်ခတ်မည်မှာမလွဲတည်း။ အမှန်စင်စစ် လောဘကို အလောဘဖြင့်အောင်နိုင်ခြင်းသည်သာ အောင်နိုင်ခြင်းအစစ်ဖြစ်သကဲ့သို့ ဒေါသကိုလည်း အဒေါသဖြင့်အောင်နိုင်ခြင်းသည်သာ အောင်မြင်မှုအစစ်ဖြစ်ပါ၏။ ဤသည်ကိုပင် ခန္တီဖြင့်အောင်နိုင်ခြင်းဟုလည်းဆိုရပါ၏။ ထိုသို့ မငြိမ်းချမ်းသော အဓမ္မလောကကို ငြိမ်းချမ်းသော ဓမ္မဖြင့်အောင်နိုင်ရန် သီးခံခြင်းတရားကိုဖြည့်ကျင့်ရခြင်းဖြစ်ပါ၏။ အမှန်စင်စင် ခန္တီဟူသည် အလွန်တည်ငြိမ်တိတ်ဆိတ်သောစကားလုံးများပင်ဖြစ်၏။ သို့သော် သက်ရောက်မှုစွမ်းအားကား အလွန်ပြင်းထန်ကျယ်လောင်လှ၏။  ထို့ပြင် မနာလိုဝန်တိုမှု မာနကြီးမှု အတ္တဆန်မှုစသည်တို့၌လည်း သီးခံခြင်းဖြင့် အောင်မြင်မှုနည်းလမ်းကို စာဖတ်သူချဲ့ထွင်၍သဘောပေါက်နိုင်လောက်ပေပြီမို့ အထူးမရေးလိုတော့ပေ။ နံပါတ်လေးအရ သီးခံခြင်း၏ အကျိုးကျေးဇူးကား ဘာဖြစ်သနည်းဟူမူ လောကီကောင်းကျိုးများကိုသာရရှိရုံမျှမက  နိဗ္ဗာန်တိုင်အောင် ကောင်းကျိုးများကိုပေးပါ၏။ ထို့ကြောင့်ပင် ဘုရားရှင်သည် ခန္တီပရမံ တပေါ တိတိက္ခာစသည်ဖြင့် ခန္တီတရားသည် အမြင့်မြတ်ဆုံးသောတရားဖြစ်ကြောင်း
ဟောတော်မူထားပါ၏။  လောကီကောင်းကျိုးဟူသည်မှာလည်း များပြားလှစွာ၏။ သီးခံခြင်းကြောင့် ရရှိနေကြသော အကျိုးကျေးဇူးများကို  မိမိတို့၏နေ့စဉ်ရှင်သန်လှုပ်ရှားမှုဘဝများမှ
သေချာစွာစဉ်းစားကြည့်လျှင် အထင်းသာတွေ့မြင်နိုင်ပါ၏။ မိမိ၏မိသားစုကိုကြည့်လျှင် မိမိ၏ဇနီးမယား သို့မဟုတ် လင်ယောက်ျား သို့မဟုတ် သားသမီးတို့ကို အလျဉ်းသင့်သလို နေ့စဉ်နှင့်အမျှသီးခံနေကြရသည်ပင်ဖြစ်၏။ သီးမခံဘဲ မိမိစိတ်ထဲပေါ်လာတိုင်းသာ ပြုမူပြောဆိုကြစတမ်းဖြစ်လျှင် အသံမစဲ ရန်ဖြစ်ပွဲများ အမြဲရှိနေမည်မှာအမှန်ပင်ဖြစ်၏။ ထိုသို့ အလျဉ်းသင့်သလို သီးခံနေကြသောကြောင့်ပင် မိသားစုဘဝများ စုစည်းညီညွတ်စွာ နေနိုင်ကြခြင်းပင်မဟုတ်ပါလား။ မိမိအထက်ပါ ရေးသားခဲ့သော သီးခံခြင်းများသည် ပါရမီမြောက်သည့် သီးခံခြင်းမဟုတ်ပေ။ အမှန်စင်စစ် ခန္တီပါရမီဟူသည် သဘာဝတ္ထကိုသိသော
ဥာဏ်ပညာနှင့် မေတ္တာပဓာနဦးစီးသော သူတော်ကောင်းစိတ်ဓာတ်များကိုအခြေခံ၍ မဇ္ဈိမပဋိပဒါလမ်းစဉ်ဖြင့် လျှောက်လှမ်းကျင့်သုံးနိုင်သော အရာရာကိုမြင့်မြတ်တည်ငြိမ်စွာ ခံနိုင်ရည်ရှိသည့် မဟာစိတ်စွမ်းအင်ပင်ဖြစ်ပါ၏။ ထို့ကြောင့် ခန္တီ၏ စွမ်းအားသည်လည်းကြီးမားလှပါ၏။ ထို့ပြင် ဤသီးခံခြင်းခန္တီကို စိတ်ဓာတ်အင်အား ကြီးမားသူများသာကျင့်သုံးနိုင်ကြ၏။ စိတ်ဓာတ်အင်အားနည်းပါးသူများအနေဖြင့် ဤသီးခံခြင်းတရားကို မကျင့်သုံးနိုင်ကြပေ။ ထို့ကြောင့်ပင် ပါရမီကိုဖြည့်ကျင့်ကြသော ပါရမီရှင်တို့၏ စိတ်စွမ်းအားသည်လည်းကြီးမားခြင်းဖြစ်ပါ၏။ ထို့ကြောင့် လူသားတိုင်း မိမိတို့ခန္ဓာကိုယ်ကိုတင့်တယ်လှပရေးအတွက်နေ့စဉ်ပြုပြင်အလှဆင်သကဲ့သို့
လောကသာယာလှပရေးအတွက် ဤခန္တီစိတ်ထားကို မွေးမြူကာ ကျင့်သုံးအလှဆင်နိုင်ကြပါစေ၊ ခန္တီပါရမီကိုဖြည့်ဆည်းကျင့်ဆောင်တော်မူကြကုန်သော သူတော်ကောင်းကြီးများကိုအတုယူ၍ စွမ်းနိုင်သလောက်ကျင့်ကြံနိုင်ကြပါစေဟု ဆုတောင်းလိုက်ရပါ၏။

***ဓမ္မမိတ်ဆွေများ၏အမှာစကား***