Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Sunday, February 12, 2012

ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၂၄ ) ခန္တီပါရမီ

ခန္တီ ဟူသောပါဠိစကားလုံးသည် မြန်မာစကားလုံးစစ်စစ်ဖြစ်လေဟန် ထင်ရလောက်အောင် မိမိတို့မြန်မာများနှင့် ရင်းနှီးကျွမ်းဝင်လှ၏။ လက်ရှိဖြစ်ပျက်ကြုံတွေ့နေရသော ပြဿနာများကို အကျယ်အကျယ် ဆက်လက်မဖြစ်ပွါးစေရန် သီးခံလိုက်ပါ သီးခံလိုက်ပါ ဟူသည့်
အကြံပြုတိုက်တွန်းစကားများကို မိမိတို့လှုမှုနယ်ပယ်တွင် နေ့စဉ်သုံး ဓလေ့ထုံးစံစကားလုံးဖြစ်သည်အထိ ကြားနေရ၏။ ထိုသို့ စကားလုံးအသုံးအနှုန်းအရ နေ့စဉ်သုံးထုံးစံဖြစ်သည်အထိ ရင်းနှီးနေသော်လည်း ခန္တီ၏ အဓိပ္ပါယ်ကို မှန်ကန်စွာသိနားလည်သူကား ရှားပါးလှသည်ဟု ဆိုရပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ခန္တီဟူသောစကားလုံး၏ အနက်အဓိပ္ပါယ်ကား ကျယ်ပြောလှသောကြောင့်လည်းကောင်း၊ လက်တွေ့ကျင့်ကြံသူလည်း နည်းပါးသောကြောင့်လည်းကောင်း ဖြစ်ပေသည်။ မှန်၏။ မည်သည့်သဘောတရား မည်သည့် သိက္ခာပုဒ် မည်သည့်ကျင့်စဉ်ပင်ဖြစ်စေ လုံလောက်အောင်  တကယ်လက်တွေ့ကျင့်ကြံလျှင် အမှန်တကယ်ပင် သူ့သဘာဝအရှိအတိုင်း သဘောပေါက်လာရမြဲဖြစ်၏။ သို့ဆိုလျှင် ခန္တီ ဟူသောစကားလုံး၏အဓိပ္ပါယ်ကား ဘာဖြစ်သနည်း။ မြန်မာလို သီးခံခြင်းပင်တည်း။ သို့ဆိုလျှင် သီးခံခြင်း၏အဓိပ္ပါယ်သည် ဘာဖြစ်သနည်း။ အဓိပ္ပါယ်ကား သဘာဝတ္ထဓမ္မ၏ ကောင်းဆိုး ကြောင်းကျိုးကိုသိစွမ်းနိုင်သော ဥာဏ်ပညာနှင့်
မေတ္တာတရားတို့ကိုအခြေခံ၍ တွေ့ကြုံလာရသောဖြစ်ရပ်တိုင်းကို တည်ငြိမ်စွာခံနိုင်ရည်ရှိသော မွန်မြတ်သည့် စိတ်စွမ်းအင်သည်သီးခံခြင်းပင်တည်း။  သို့ဆိုလျှင် ၁။ မည်သည့်အရာကိုသီးခံရမည်နည်း၊ ၂။ မည်သို့သီးခံရမည်နည်း၊ ၃။ အဘယ့်ကြောင့်သီးခံရသနည်း၊ ၄။ သီခံခြင်း၏ အကျိုးကျေးဇူးကား ဘာဖြစ်သနည်း။ ဤသို့စသော အဓိပ္ပါယ်များကို စဉ်းစားဖို့ နားလည်ဖို့လိုအပ်၏။ နားလည်မှလည်းကျင့်နိုင်မည်ဖြစ်သလို ကျင့်နိုင်မှလည်းလက်တွေ့ကျကျပို၍နားလည်ကာ
ကောင်းကျိုးများကို ခံစားရမည်ဖြစ်၏။ အထက်ပါ အချက်လေးချက်တွင် နံပါတ်တစ်အရ
မည်သည့်အရာကိုသီးခံရမည်နည်းဟူသောမေးခွန်း၏ အဖြေကား  အရာရာကိုသီးခံရ၏ ဟူသတည်း။ အေးခြင်းပူခြင်းကိုလည်းသီးခံရ၏။ စား၍ကောင်းခြင်း အရသာရှိခြင်းကြောင့်လည်း ရသတဏှာမလွန်ကဲအောင်သီးခံရ၏။ စား၍မကောင်းခြင်း အရသာမရှိခြင်းကြောင့်လည်း အလိုမကျဖြစ်ခြင်း ဒေါသဖြစ်ခြင်းများမဖြစ်ရအောင်သီးခံရပြန်၏။ ဤသို့စသည်ဖြင့် သီးခံရာနယ်ပယ်သည်ကျယ်ဝန်းပါ၏။  အနည်းငယ်ချဲ့ပါအံ့။ သီးခံခြင်းကို အများစုနားလည်ထားကြသည်မှာ တဖက်သားက မိမိအပေါ်ရိုင်းပြစော်ကားလျှင် သို့မဟုတ် တနည်းနည်းဖြင့်မတရားပြုမူလျှင် ထိုသူကိုအပြစ်မမြင်ဗွေမယူဘဲ ခွင့်လွှတ်လိုက်ခြင်းသည်ပင်ဖြစ်သည်ဟူ၍။ ဤအဓိပ္ပါယ်သည်လည်း မှန်ကန်သောဖွင့်ဆိုချက်တွင် အကျုံးဝင်ပါ၏။ သီးခံခြင်း၏အဓိပ္ပါယ်သည် အလွန်ကျယ်ပြန့်လှ၏။ အမှန်စင်စစ် သီးခံခြင်းဟူသည် မိမိကိုယ်မိမိလည်းသီးခံရ၏။ သူတပါးကိုလည်းသီးခံရ၏။ တနည်းဆိုသော် အဇ္ဈတ္တရောဗဟိဒ္ဓပါ သို့မဟုတ် အတွင်းရောအပြင်ပါ သီးခံရ၏။
လောကဓံ၏သဘာဝတို့ကိုလည်း သီးခံရ၏။ မိမိကိုယ်ကိုသီးခံခြင်းဟူသည် မိမိ ဒေါသဖြစ်သည့်အခါ ထိုဒေါသကိုပြေငြိမ်းအောင် သို့မဟုတ် ပြေလျော့အောင်အားထုတ်စွမ်းဆောင်ခြင်းပင်ဖြစ်၏။ တနည်းဆိုသော် ကြမ်းတမ်းသော ဒေါသအဖြစ်မှ နူးညံ့သောမေတ္တာအဖြစ်သို့ပြောင်းလဲခြင်းပင်ဖြစ်၏။ အကယ်၍ မိမိမှာဖြစ်နေသော ဒေါသကို သီးမခံဘဲ ဒေါသအလိုအတိုင်း ပြုမူလျှင် မိမိသည်ဒေါသသားကောင်ဖြစ်သွားပေတော့မည်။ ဒေါသစေရာလုပ်သည့်  ဒေါသပါးကွက်သား
ဖြစ်သွားပေတော့မည်။ သီးခံနိုင်သူမဟုတ်တော့။  ထို့အတူ လောဘစိတ်ဖြစ်လျှင်လည်း ထိုတပ်မက်တတ်သောလောဘစိတ်ကို စွန့်လွှတ်နိုင်သော အလောဘစိတ်အဖြစ်သို့ပြောင်းလဲနိုင်ခြင်းသည် သီးခံခြင်းပင်ဖြစ်၏။ ထို့ပြင် မိမိကိုသူတပါးက အထင်သေးအမြင်သေးပြောဆိုပြုမူသည်ကိုသာ သီးခံရသည်မဟုတ်သေး။ မိမိက သူတပါးကို အထင်သေးခြင်း ရွံ့ရှာစက်ဆုပ်ခြင်းတို့ကိုလည်း မဖြစ်အောင်သီးခံရ၏။ သူတပါးကို မနာလိုဝန်တိုခြင်း အနိုင်ထက်ကလူပြုမူလိုခြင်း  မတရားဂုတ်
သွေးစုတ်လိုခြင်းစသောအောက်ကျယုတ်ညံ့သည့်စိတ်ထားများကိုလည်း
မဖြစ်ပေါ်အောင် သို့မဟုတ် ပပျောက်သွားအောင် ထိန်းသိမ်းခြင်း အားထုတ်ခြင်းတို့ဖြင့်လည်း သီးခံရ၏။ ဤသည်တို့မှာ မိမိကိုယ်ကိုသီးခံခြင်းတို့ပင်ဖြစ်၏။ အမှန်စင်စစ် သီးခံခြင်း၏ ပထမ နေရာဌာနသည် ပြင်ပပတ်ဝန်းကျင်မဟုတ်။ သူတစ်ပါးလည်းမဟုတ်။ လောကကြီးလည်းမဟုတ်။ မိမိ၏ရင်တွင်းအဇ္ဈတ္တဌာနသည်သာ သို့မဟုတ် မိမိစိတ်သန္တာန်အစဉ်တည်းဟူသောဌာနသည်သာ  သီးခံရာဘူမိဖြစ်ပါလေ၏။ ထို့ပြင် လောကဓံတရားရှစ်ပါးတွင်အကောင်းဘက်၌ပါဝင်သည့် လာဘ်လာဘပေါများခြင်း အခြွေအရံများပြားခြင်း အများ၏ချီးမွမ်းမှုကိုခံရခြင်း ထင်ပေါ်ကျော်စောခြင်း ချမ်းသာကြွယ်ဝခြင်း တို့နှင့်ကြုံတွေ့ရသောအခါတွင်လည်း ဘဝင်လည်းမမြင့်၊ မာနတံခွန်လည်းမထူ၊ အတ္တစွဲလည်းမကြီး၊ အောက်ခြေလည်းမလွတ်ဘဲ တည်ငြိမ်စွာလက်ခံနေနိုင်ခြင်းသည်လည်း သီးခံခြင်းပင်ဖြစ်၏။ ထို့အတူ အပြန်အားဖြင့် အဆိုးလောကဓံလေးပါးနှင့်ကြုံတွေ့ရသောအခါတွင်လည်း စိတ်ဓါတ်မကျ၊ မယိမ်းမယိုင်၊ ခိုင်ခိုင်မတ်မတ် တည်ငြိမ်အေးချမ်းစွာ အသက်မွေးဝမ်းကျောင်းနေနိုင်ခြင်းသည်လည်း သီးခံခြင်းပင်တည်း။ ယနေ့ကမ္ဘာဝယ် စီးပွါးရေးအရအောင်မြင်မှုများနှင့် လူမှုမျက်နှာစာအသီးသီးတွင်
အောင်မြင်ကျော်ကြားမှုများရရှိနေကြသော်လည်း မိမိကိုယ်ကို အဆုံးစီရင်သွားကြသည်မှာ ဤမွန်မြတ်သော သီးခံမှုမရှိသောကြောင့်ပင်တည်း။ ထို့ပြင် စိတ်မွန်းကျပ်မှုများ မခံမရပ်နိုင်ဖြစ်မှုများ တင်းကျပ်မှုများ စိတ်ပိုင်းဆိုင်ရာပေါက်ကွဲမှုများ စိတ္တဇဝေဒနာရှင်များသည် ဤသီးခံနိုင်မှုကျင့်စဉ်
မရှိခြင်းတွင်သာအခြေခံလေ၏။ အကယ်၍သာ အထက်ပါဆိုခဲ့သည်အတိုင်း သီးခံမှုကိုဖြည့်ကျင့်နိုင်လျှင် မည်သူမဆို ဆိုးကျိုးများကင်းဝေး၍ ကောင်းကျိုးများတိုးပွါးမည်မှာအမှန်မုချပင်တည်း။  အူမတောင့်မှ သီလစောင့်နိုင်သည်ဟူသော လောကဆိုရိုးစကားရှိသော်လည်း သီးခံခြင်းကို အမှန်တကယ်
ကျင့်သုံးနိုင်သူသည် အူမ မတောင့်သော်လည်း သီလစောင့်နိုင်သည်သာတည်း။ သူတပါးကို သီးခံမှုပတ်သက်၍ အထူးပြောစရာမလိုအောင်ပင်ထင်ရှားလှသောကြောင့် ဤနေရာ၌ မရေးသားတော့ပေ။ ထို့ကြောင့် သီးခံခြင်းသဘောတရားကို မိမိတို့၏ နေ့စဉ်လူမှုနယ်ပယ် မျက်နှာစာအသီးသီးတွင် ကျင့်သုံးရန်နေရာများစွာရှိပါ၏။ ထိုသို့ကျင့်သုံးလျှင်လည်း လူမှုပြဿနာများ နည်းသည်ထက်နည်းကာ သီးခံနိုင်မှုထုထည်နှင့်အတိုင်းအတာအရ အားကောင်းလျှင်ကောင်းသလောက်အေးချမ်းသော
လူမှုဝန်းကျင်ဖြစ်လာမည်မှာမလွဲပင်တည်း။ တနည်းဆိုသော် နှစ်ဘက်အစွန်းလွတ်သည့် မဇ္ဈိမပဋိပဒါလမ်းစဉ်ဖြင့် ခွင့်လွှတ်ကျေအေးပေးလိုက်ခြင်းသည်လည်း သီးခံခြင်းပင်ဖြစ်ပါ၏။ နံပါတ်နှစ်အရ မည်သို့သီးခံရမည်နည်းဟူမူ စိတ္တာနုပဿနာသတိပဋ္ဌာန်နည်းအရ မိမိသန္တာဝယ်ဖြစ်ပေါ်နေသော စိတ်အစဉ်ကို ဖြစ်သည့်အတိုင်းရှုမှတ်လိုက်ခြင်းပင်ဖြစ်၏။
လောဘစိတ်ကလေးဖြစ်ပေါ်လာပါက မိမိ၏ရင်တွင်းသန္တာန်ကို အာရုံပြု၍ ထိုဖြစ်နေသောလောဘစိတ်ကလေးကို စူးစိုက်ကာအာရုံပြုလျှက် ထပ်ကာထပ်ကာ အဆက်မပြတ်ပြေပျောက်သွားသည်အထိ ရှုမှတ်ရမည်ဖြစ်၏။ ဤသည်ကိုပင် စိတ်ပညာရှင်များ မိမိစိတ်ကို မိမိပြန်ကြည့်ခြင်းဟုဆိုကြ၏။ လောဘစိတ်ဖြစ်သည့်အခါလည်း
လောဘအလိုကျမတုန့်ပြန်၊ဒေါသစိတ်ဖြစ်သည့်အခါလည်း ဒေါသအလိုကျမဆောင်ရွက်၊ မာနတက်သည့်အခါလည်း မာနစေရာလိုက်မလုပ်ဘဲ ထိုစိတ်တို့၏သဘာဝကို တိတ်ဆိတ်ငြိမ်သက်စွာ ထိန်းချုပ်၍ရှုကြည့်ခြင်းပင်တည်း။ ထို့ပြင် မနာလိုဝန်တိုစိတ်စသော အခြားသော ညစ်ထေးစွန်းထင်းသည့် မည်သည့်စိတ်ကိုမဆို ဤကဲ့သို့ရှုမှတ်ရပေမည်။ ဤကဲ့သို့ရှုမှတ်လျှင် ညစ်ထေးပေကျံ၍ အစွန်းရောက်သည့် စိတ်ဆိုး စိတ်ယုတ်များ ပပျောက်သွားကာ ခန္တီတရားများ တဖွားဖွားတိုးပွါးလာပေမည်။ နံပါတ်သုံးအရ အဘယ့်ကြောင့်သီးခံရသနည်းဟူမူ အဓမ္မကိုဓမ္မဖြင့်အောင်နိုင်လိုသောကြောင့်ပင်တည်း။ မှန်၏။ လောဘကိုလောဘဖြင့်အနိုင်ယူ၍မရချေ။ ထို့အတူဒေါသကိုလည်း ဒေါသဖြင့်အောင်၍မရချေ။ လောက၏ သတ်မှတ်ချက်အရ အင်အားကြီးသူကအောင်နိုင်သည်ဟုဆိုရသော်လည်း ဓမ္မအရအောင်နိုင်ခြင်းဟုမဆိုရ၊
လောဘဒေါသကိုအတိုးချထားခြင်းသာတည်း။ တစ်ချိန်ချိန်ဝယ် လောဘဒေါသတို့၏ တန်ပြန်အကျိုးသက်ရောက်မှုများက သက်ဆိုင်သူကိုရိုက်ခတ်မည်မှာမလွဲတည်း။ အမှန်စင်စစ် လောဘကို အလောဘဖြင့်အောင်နိုင်ခြင်းသည်သာ အောင်နိုင်ခြင်းအစစ်ဖြစ်သကဲ့သို့ ဒေါသကိုလည်း အဒေါသဖြင့်အောင်နိုင်ခြင်းသည်သာ အောင်မြင်မှုအစစ်ဖြစ်ပါ၏။ ဤသည်ကိုပင် ခန္တီဖြင့်အောင်နိုင်ခြင်းဟုလည်းဆိုရပါ၏။ ထိုသို့ မငြိမ်းချမ်းသော အဓမ္မလောကကို ငြိမ်းချမ်းသော ဓမ္မဖြင့်အောင်နိုင်ရန် သီးခံခြင်းတရားကိုဖြည့်ကျင့်ရခြင်းဖြစ်ပါ၏။ အမှန်စင်စင် ခန္တီဟူသည် အလွန်တည်ငြိမ်တိတ်ဆိတ်သောစကားလုံးများပင်ဖြစ်၏။ သို့သော် သက်ရောက်မှုစွမ်းအားကား အလွန်ပြင်းထန်ကျယ်လောင်လှ၏။  ထို့ပြင် မနာလိုဝန်တိုမှု မာနကြီးမှု အတ္တဆန်မှုစသည်တို့၌လည်း သီးခံခြင်းဖြင့် အောင်မြင်မှုနည်းလမ်းကို စာဖတ်သူချဲ့ထွင်၍သဘောပေါက်နိုင်လောက်ပေပြီမို့ အထူးမရေးလိုတော့ပေ။ နံပါတ်လေးအရ သီးခံခြင်း၏ အကျိုးကျေးဇူးကား ဘာဖြစ်သနည်းဟူမူ လောကီကောင်းကျိုးများကိုသာရရှိရုံမျှမက  နိဗ္ဗာန်တိုင်အောင် ကောင်းကျိုးများကိုပေးပါ၏။ ထို့ကြောင့်ပင် ဘုရားရှင်သည် ခန္တီပရမံ တပေါ တိတိက္ခာစသည်ဖြင့် ခန္တီတရားသည် အမြင့်မြတ်ဆုံးသောတရားဖြစ်ကြောင်း
ဟောတော်မူထားပါ၏။  လောကီကောင်းကျိုးဟူသည်မှာလည်း များပြားလှစွာ၏။ သီးခံခြင်းကြောင့် ရရှိနေကြသော အကျိုးကျေးဇူးများကို  မိမိတို့၏နေ့စဉ်ရှင်သန်လှုပ်ရှားမှုဘဝများမှ
သေချာစွာစဉ်းစားကြည့်လျှင် အထင်းသာတွေ့မြင်နိုင်ပါ၏။ မိမိ၏မိသားစုကိုကြည့်လျှင် မိမိ၏ဇနီးမယား သို့မဟုတ် လင်ယောက်ျား သို့မဟုတ် သားသမီးတို့ကို အလျဉ်းသင့်သလို နေ့စဉ်နှင့်အမျှသီးခံနေကြရသည်ပင်ဖြစ်၏။ သီးမခံဘဲ မိမိစိတ်ထဲပေါ်လာတိုင်းသာ ပြုမူပြောဆိုကြစတမ်းဖြစ်လျှင် အသံမစဲ ရန်ဖြစ်ပွဲများ အမြဲရှိနေမည်မှာအမှန်ပင်ဖြစ်၏။ ထိုသို့ အလျဉ်းသင့်သလို သီးခံနေကြသောကြောင့်ပင် မိသားစုဘဝများ စုစည်းညီညွတ်စွာ နေနိုင်ကြခြင်းပင်မဟုတ်ပါလား။ မိမိအထက်ပါ ရေးသားခဲ့သော သီးခံခြင်းများသည် ပါရမီမြောက်သည့် သီးခံခြင်းမဟုတ်ပေ။ အမှန်စင်စစ် ခန္တီပါရမီဟူသည် သဘာဝတ္ထကိုသိသော
ဥာဏ်ပညာနှင့် မေတ္တာပဓာနဦးစီးသော သူတော်ကောင်းစိတ်ဓာတ်များကိုအခြေခံ၍ မဇ္ဈိမပဋိပဒါလမ်းစဉ်ဖြင့် လျှောက်လှမ်းကျင့်သုံးနိုင်သော အရာရာကိုမြင့်မြတ်တည်ငြိမ်စွာ ခံနိုင်ရည်ရှိသည့် မဟာစိတ်စွမ်းအင်ပင်ဖြစ်ပါ၏။ ထို့ကြောင့် ခန္တီ၏ စွမ်းအားသည်လည်းကြီးမားလှပါ၏။ ထို့ပြင် ဤသီးခံခြင်းခန္တီကို စိတ်ဓာတ်အင်အား ကြီးမားသူများသာကျင့်သုံးနိုင်ကြ၏။ စိတ်ဓာတ်အင်အားနည်းပါးသူများအနေဖြင့် ဤသီးခံခြင်းတရားကို မကျင့်သုံးနိုင်ကြပေ။ ထို့ကြောင့်ပင် ပါရမီကိုဖြည့်ကျင့်ကြသော ပါရမီရှင်တို့၏ စိတ်စွမ်းအားသည်လည်းကြီးမားခြင်းဖြစ်ပါ၏။ ထို့ကြောင့် လူသားတိုင်း မိမိတို့ခန္ဓာကိုယ်ကိုတင့်တယ်လှပရေးအတွက်နေ့စဉ်ပြုပြင်အလှဆင်သကဲ့သို့
လောကသာယာလှပရေးအတွက် ဤခန္တီစိတ်ထားကို မွေးမြူကာ ကျင့်သုံးအလှဆင်နိုင်ကြပါစေ၊ ခန္တီပါရမီကိုဖြည့်ဆည်းကျင့်ဆောင်တော်မူကြကုန်သော သူတော်ကောင်းကြီးများကိုအတုယူ၍ စွမ်းနိုင်သလောက်ကျင့်ကြံနိုင်ကြပါစေဟု ဆုတောင်းလိုက်ရပါ၏။

Sunday, February 5, 2012

ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၂၃ ) ဝီရိယပါရမီ

"လူပျင်းတို့သွေး၊ကျင့်မူရေးကား၊
အေးလည်းအေးဟူ၊ပူလည်းပူစွ၊
ညလည်းညသော၊စောလည်းစောစွာ၊
ဆာလည်းဆာနှင့်၊ဝပါတုံလျှင်း၊
ဝမ်းတောင့်တင်းဟု၊ အပျင်းဘို့သာ၊
ရိုးမယ်ရှာ၍၊လိုရာကိစ္စ၊မပြုရဘူး "
ဟူ၍ ကျေးဇူးတော်ရှင်မဃဒေဝမာန်လည်ဆရာတော်ကြီးသည် လူပျင်းတို့၏သဘောလက္ခဏာနှင့်စရိုက်တို့ကို အထက်ပါအတိုင်းစပ်ဆိုတော်မူခဲ့၏။ မှန်၏။ လူပျင်း လူဖျင်း လူညံ့တို့ကိုလေ့လာကြည့်လျှင် အထက်ပါစရိုက်လက္ခဏာများတွေ့ရမည်ဖြစ်၏။
အေးသောကြောင့်လည်းမလုပ်ချင်၊ ပူသောကြောင့်လည်းမစတင်၊ ညအချိန်ဖြစ်သောကြောင့်လည်း မလုပ်ဖြစ်၊ စောနေသေးသောကြောင့်လည်း အချိန်ဆွဲ၊ ဆာလောင်သောကြောင့်လည်း မလုပ်နိုင်၊ စားပြီး၍ဗိုက်ဝသောအခါလည်း ဗိုက်တင်းသောကြောင့် အလုပ်ခွင်မဆင်းဘဲ အပျင်းကိုသာရိုးမယ်ရှာ ရမယ်ဖွဲ့၍ နေလေသောကြောင့် လုပ်သင့်လုပ်ထိုက်၍ ပြီးသင့်ပြီးထိုက် အောင်မြင်သင့်အောင်မြင်ထိုက်သော အလုပ်များမပြီးစီး မအောင်မြင်ဖြစ်ရ၏။ ကောင်းကျိုးဖြစ်ထွန်းမည့် ရလာဒ်များ ဆုံးရှုံးကြရ၏။ အဘယ့်ကြောင့် ဤသို့ရသင့်ရထိုက် ဖြစ်သင့်ဖြစ်ထိုက် အောင်မြင်သင့်အောင်မြင်ထိုက်သော
ကောင်းကျိုးများဆုံးရှုံးရသနည်းဟူမူ ဝီရိယမရှိသောကြောင့်ပင်ဖြစ်၏။ မှန်၏။ ဝီရိယကင်းမဲ့သူသည် ပျင်းရိတွေဝေ၏။ ထုံထိုင်းသည့်ပြင် မှုံမှိုင်း၏။ တက်ကြွလန်းဆန်းမှုကင်း၏။ ထို့ကြောင့် အထက်တန်းကျကျ မျက်နှာပန်းလှလှ ဘဝအခြေအနေသို့
ရောက်စေနိုင်သည့်အခွင့်အလမ်းများ ဆုံးရှုံးရတော့၏။  တစ်ဖန် အပြန်အားဖြင့် ဝီရိယအားကောင်းသူသည် ထက်မြက်သွက်လက်၏။ သူ၏အမူအရာများသည် တက်ကြွဖျတ်လတ်၏။ ဆုံးဖြတ်ချက်နှင့်အတွေးအခေါ်များ ရဲရင့်ပြတ်သား၏။ ထို့ကြောင့်လည်း ဖြစ်သင့်ဖြစ်ထိုက်သော အထက်တန်းကျသည့် အခြေအနေတို့၌ဖြစ်ရ၏။ အောင်မြင်ရ၏။ ဤသို့သော အခြေအနေများ ဖြစ်ရပ်များ စာဖတ်သူတို့၏ ဝန်းကျင်တွင်သတိမူကြည့်ပါက အသိခေါင်းပြူလာမည်ဖြစ်၏။ သို့ဆိုလျှင် ဝီရိယ ဟူသောစကားလုံး၏ အဓိပ္ပါယ်ကား ဘာဖြစ်သနည်းဆိုသည်ကိုသိဘို့လို၏။ အမှန်စင်စစ် ဝီရိယဟူသောဝေါဟာရသည် မြန်မာဝေါဟာရမဟုတ်၊ ပါဠိဝေါဟာရသာဖြစ်၏။ အသုံးတွင်ကျယ်၍ မြန်မာစကားဖြစ်လေဟန် မိမိတို့ရွှေမြန်မာများနှင့် ရင်းနှီးနေခြင်းဖြစ်၏။ ထိုသို့ စကားလုံးအားဖြင့်သာရင်းနှီးသော်လည်း လက်တွေ့အားထုတ်မှုပိုင်းတွင်မူ တစိမ်းပြင်ပြင်သာတည်း။ ဂျင်းစိမ်းနှင့်မိဿလင် သူကြင်မှကိုယ်ကြင် ခပ်အင်အင်ပင် ဖြစ်နေသည်ထင်၏။ ဝီရိယဟူသော စကားလုံး၏အဓိပ္ပါယ်သည် ကြိုးစားအားထုတ်ခြင်း သို့မဟုတ် စွမ်းအင် တနည်း ရဲရင့်ခြင်းဖြစ်၏။ ထို့ကြောင့်ပင် ဝီရိယရှိသူသည် ထက်မြက် တက်ကြွ ရဲရင့်ကြောင်း အထက်တွင်ဆိုခဲ့၏။ ထိုစကားကို အနည်းငယ်ချဲ့အံ့။ ဝီရိယဖြင့်အားထုတ်ရာ၌ ရုပ်ပိုင်းစွမ်းအင်လိုသကဲ့သို့ စိတ်ပိုင်းစွမ်းအားလည်းလိုအပ်၏။ စိတ်ပိုင်းစွမ်းအားသည် ရုပ်ပိုင်းအင်အားထက် များစွာသာလွန် အထက်တန်းကျ၏။ အမှန်စင်စစ် ဤဝီရိယဟူသော ရဲရင့်ခြင်းစွမ်းအားရှိသူသည် မိမိကိုယ်မိမိ ယုံကြည်မှုပြည့်ဝ၏။ ဆုံးရှုံးမှုများကို အောင်မြင်မှု၏ သော့ချက် သို့မဟုတ် လှေကားတက်များအဖြစ် ရှုမြင်ခံစား၏။ အောင်မြင်မှုကိုတွေ့ကြုံရသည့်အခါ ရွှင်လန်းအားတက်လျှက် ထက်သထက်ပို၍ထက်မြက်၏။ အခက်အခဲအန္တရာယ်နှင့်ရင်ဆိုင်ရသည့်အခါတွင်လည်း သတ္တိများ တိုးပွါး၏။ ပို၍ရဲရင့်လာ၏။   မှန်၏။ ရဲရင့်သည့်စွမ်းအားဝီရိယမပါဘဲ အောင်မြင်သူဟူ၍ ဤလောကတွင်မရှိနိုင် မဖြစ်နိုင်ပါချေ။ မိမိတို့လက်လှမ်းမီနိုင်သလောက် ဝန်းကျင်နယ်ပယ်အသွယ်သွယ်
နိုင်ငံအသီးသီးနှင့် ကမ္ဘာ့သမိုင်းမှ ဖြစ်ရပ်ဖြစ်စဉ်များကို သေချာစွာသတိပြု
စေ့ငုကြည့်လျှင် လူသားအားလုံး၏ ဝီရိယစွမ်းအားများဖြင့် လူ့သမိုင်းကို အဆင့်ဆင့်ပြောင်းလဲ တည်ထောင်ဖန်ဆင်းကာ လူ့သမိုင်းခရီးနှင်ခဲ့ကြသည်ကို တွေ့ရမည်ဖြစ်၏။ ယခုလည်း ဝီရိယများဖြင့် လူ့သမိုင်းကိုရေးနေကြဆဲ၊ ခရီးနှင်နေဆဲပင်။ နောင်အနာဂတ်တွင်လည်း ကမ္ဘာတည်သရွေ့ ခရီးဆက်ကြပေလိမ့်အုံးမည်။ ထိုအထဲတွင် ဥာဏ်ရည်ချင်းတူသည်ဆိုလျှင် ဝီရိယစွမ်းအင် ပို၍ထက်မြက်သူက အောင်ပွဲရခဲ့ကြ၏။ ရနေကြဆဲလည်းဖြစ်၏။ နောင်တွင်လည်း ရနေကြလိမ့်အုံးမည်။ သို့ဆိုလျှင် ဝီရိယကို အဘယ်သို့အသုံးပြုမည်နည်း။ အမှန်စင်စစ် ဝီရိယကို ကြိုက် မကြိုက်အပေါ်မူတည်၍ အသုံးမပြုသင့်၊ လောကနှင့်မိမိအတွက် နှစ်ဦးနှစ်ဘက် ကောင်းကျိုးရှိ မရှိကိုမူတည်၍သာ အသုံးပြုသင့်၏။ ဝီရိယစွမ်းအားကို ကြိုက် မကြိုက်အပေါ်မူတည်၍ လွဲမှားစွာ သုံးစွဲခဲ့ကြခြင်းကြောင့် သမိုင်းအနိဋ္ဌာရုံများ ကြုံခဲ့ကြဖူးပြီ။ လူမှုဒုက္ခနှင့် သောကပရိဒေဝ ဆူးငြောင့်ခလုတ်များပေါ်ဝယ် နာကျင်ခံခက်စွာ အိပ်စက်ခဲ့ကြဖူးပြီ။ လူသားမျှသာမက တိရိစ္ဆာန်အပါအဝင် သဘာဝရေမြေ
တောတောင်ပတ်ဝန်းကျင်သည်လည်း လောကဓံဆိုးနှင့် တိုးခဲ့ရဖူးပြီ။ အဘယ့်ကြောင့်ဆိုသော် ဝီရိယဟူသော စေတသိက်သည် ( စိတ်မဟုတ် )  ကောင်းသောစိတ် ( ကုသိုလ် )နှင့်လည်း မိတ်ဆွေရင်းဖြစ်နိုင်သည့်နည်းတူ မကောင်းသောစိတ် ( အကုသိုလ် )နှင့်လည်း မိသားစုဝင်ဖြစ်နိုင်သောကြောင့်ပင်တည်း။ အဘိဓမ္မာသင်ရိုးအရ ပြောရသော် ဝီရိယသည် ကုသိုလ်နှင့်လည်းယှဉ်၏။ အကုသိုလ်နှင့်လည်းယှဉ်သောကြောင့်ပင်တည်း။ ကောင်းစိတ် အပြုသဘောဆောင်စိတ်များနှင့် မိတ်ဆွေရင်းဖြစ်သည့် သို့မဟုတ် မိသားစုဝင်ဖြစ်သည့် ဝီရိယကို သမ္မပ္ပဓါန်ဟုခေါ်ဆိုရ၏။ သမ္မာဝါယာမဟုလည်း မဂ္ဂင်ရှစ်ပါးတွင်သုံး၏။ အဓိပ္ပါယ်မှာ မှန်ကန်သောရဲရင့်ခြင်း သို့မဟုတ် မှန်ကန်သောကြိုးစားမှုစွမ်းအားဟူလေသတတ်။ ထိုသမ္မပ္ပဓါန်သည် လေးပါးရှိ၏။ ၎င်းတို့မှာ
  ၁။ ဖြစ်ပေါ်ခဲ့ပြီးသော မကောင်းသည့် ဆိုးကျိုးဆက်များကို ဖျက်ဆီးနိုင်သည့်စွမ်းအား သို့မဟုတ် ဖျက်ဆီးနိုင်သည့်ရဲရင့်မှု၊
  ၂။မဖြစ်ပေါ်သေးသော မကောင်းသည့်ဆိုးကျိုးဆက်များကို ဖြစ်မလာစေရန် တားမြစ်နိုင်သည့်စွမ်းအား သို့မဟုတ် တားမြစ်နိုင်သည့် ရဲရင့်မှု၊
  ၃။ မဖြစ်ပေါ်သေးသော ကောင်းကျိုးများ ဖြစ်ပွါးစေနိုင်သည့်စွမ်းအား သို့မဟုတ် ဖြစ်ပွါးစေနိုင်သည့်ရဲရင့်မှု၊
  ၄။ ဖြစ်ပေါ်ပြီးသော ကောင်းကျိုးများ တိုးပွါးစေနိုင်သည့်စွမ်းအား သို့မဟုတ် တိုးပွါးစေနိုင်သည့်ရဲရင့်မှု တို့ပင်ဖြစ်၏။ အထက်ပါဆိုခဲ့ပြီး ဝီရိယလေးမျိုးကို သေချာစွာစဉ်းစားကြည့်လျှင် မကောင်းသည့်အဟောင်းကို ကောင်းသည့်အသစ်ဖြင့် ကြိုးစားအစားထိုးခြင်းလည်းဖြစ်၏။ ကောင်းလာသည့်အရာကိုလည်း ပို၍သစ်လွင်တောက်ပစေ၏။ ညစ်နွမ်းသည့်အခြေအနေမှ သန့်စင်သည့်အခြေအနေသို့ရောက်အောင် စွမ်းဆောင်ခြင်းဖြစ်ကြောင်းလည်းတွေ့ရမည်ဖြစ်၏။ နိမ့်ကျသည့်ဖြစ်စဉ်မှ
မြင့်မြတ်သည်ဖြစ်စဉ်သို့ မြှင့်တင်ခြင်းလည်းဖြစ်၏။ ရိုင်းစိုင်းသည့်လုပ်ရပ်များမှ ယဉ်ကျေးသည့်လုပ်ရပ်များသို့ရောက်အောင်စွမ်းဆောင်ခြင်းလဲဖြစ်ပါ၏။ ဤကဲ့သို့ အခြေအနေရှိသည့် ဝီရိယသော်မှလည်း ဝီရိယပါရမီ မမည်နိုင်ပါသေးချေ။ အမှန်စင်စစ် ဝီရိယပါရမီဟူသည် လောကကောင်းကျိုးအတွက် ကရုဏာနှင့်အသိဥာဏ်ပညာ ဤနှစ်ဖြာကိုအခြေခံ၍ သမ္မပ္ပဓါန်လေးပါးနှင့်အညီ ဆောင်ရွက်ပါမှ ဝီရိယပါရမီ အစစ်ဖြစ်ပါ၏။  မိမိဆိုလိုသည်မှာ ကြိုးစားတိုင်းဝီရိယပါရမီမမြောက်ဟူ၍။ မိမိကျရာတာဝန်ကို အသက်ပေး၍ ထမ်းဆောင်ပါသော်လည်း လောကအတွက်ကရုဏာနှင့် အသိဥာဏ်ပညာမပါလျှင် ပါရမီဝီရိယမထိုက်ဟူ၍။ ဘုရားအလောင်းတော်အပါအဝင် သူတော်စင်
အလောင်းတော်ကြီးများအားလုံးသည် ပါရမီမြောက်သည့် ဤဝီရိယဖြင့် လောကကိုအလှဆင်ခဲ့ကြ၏။ လောကကို ဦးဆောင်တည်ထောင်ခဲ့ကြ၏။ ထိုအခါ လောကသည် သာယာလှပ၍ ချိုမြိန်သောရသဖြင့်ပြည့်လျှမ်းခဲ့၏။ တစ်ဖန် ပါရမီလည်းမမည် ကောင်းကျိုးနှင့်လည်းမညီသည့် အဓမ္မဝီရိယကို အလွဲအမှားအသုံးပြု၍ ဦးဆောင်ခဲ့ကြသောအခါ လောကသည် အရုပ်ဆိုးအကျည်းတန်ကာ ဒေါသ အာဃာတအခိုးအငွေ့များ ဖုံးလွှမ်းလေတော့၏။ ထိုအခါလောကသည် အေးချမ်းမှုတို့ဝေး၍ ပူလောင်မှုဖြင့် ပွက်ပွက်ဆူအောင် လောက်မြိုက်လေတော့၏။ ထို့ကြောင့် လောကလူသားတိုင်း မိမိတို့နေ့စဉ်ပြုလုပ်နေကျ လုပ်ငန်းအသီးသီးတွင် ဤပါရမီစိတ်ထားကို တစ်စထက်တစ်စ တဖြေးဖြေး တိုး၍တိုး၍ မြှင့်တင်သွားနိုင်ကြလျှင် အေးချမ်းသာယာသော မြေကမ္ဘာဖြစ်မည်မှာ မလွဲပင်တည်း။ လူသားတိုင်း ဤဝီရိယပါရမီစိတ်ထားဖြင့်သာ ခရီးဆက်နေလျှင် မိမိတို့လူ့ဘုံသည် ကြည်နူးဆွတ်ပျံ့သည့် မွှေးရနံ့များဖြင့် ဝေဖြာသာယာနေတော့မည်သာတည်း။ ယနေ့လူသားတို့်မျှော်မှန်းကြသည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော မြေကမ္ဘာထက် အဆများစွာသာလွန်သော ကြည်နူးဆွတ်ပျံ့ မွှေးရနံ့လွှမ်းထုံသည့် မြေကမ္ဘာဖြစ်ပါစေဟုလည်း ညွတ်နူးစွာ ဆုထူးချွေလိုက်ပါ၏။

Sunday, January 29, 2012

ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၂၂ ) ပညာပါရမီ

ဝိညာဏ်သိအဆင့်ဟူသည် သဘာဝဖြစ်စဉ်တို့၏ အကြောင်းအကျိုးကို ဆင်ခြင်စဉ်းစားခြင်း ဝေဘန်သုံးသပ်ခြင်း ခွဲခြမ်းစိတ်ဖြာလေ့လာခြင်း စေ့ငုစွာဆွေးနွေးအဖြေရှာခြင်းတို့ဖြင့်သိလာရသော ကြောင်းကျိုးကိုခိုင်လုံစွာတတ်သိနားလည်သည့် အသိပင်တည်း။ ထိုဝိညာဏ်သိပညာသည် လွတ်လပ်၏။ စိတ်တံခါးကို အကျယ်ပြန့်ဆုံး ဖွင့်လိုက်ခြင်းလည်းဖြစ်၏။ ယုံကြည်မှုလည်းပါ၏။ မိမိ၏အသိပညာကို အလိုရှိသလောက်ချဲ့ဆန့်ဖြန့်ကျက်ကာ လူးလွန့်၏။ အကြောင်းမှာ မည်သည့်လွဲမှားသောဖိအားပေးမှုကိုမျှ ထိုဝိညာဏ်သိပညာက လက်မခံ မယုံကြည်သောကြောင့်တည်း။   ယနေ့ကမ္ဘာကို တဖြေးဖြေးဖြင့် အဆင့်ဆင့်တိုးတက်သောအခြေအနေသို့ရောက်အောင် ထိုဝိညာဏ်သိပညာက စွမ်းဆောင်ခဲ့၏။ သညာသိပညာအဆင့်သက်သက်မျှဖြင့် ယနေ့ကဲ့သို့တိုးတက်အောင် လူမှုလောကကြီးတစ်ခုလုံးကို တွန်းအားပေးစွမ်းဆောင်နိုင်မည်မဟုတ်ချေ။ မှန်၏။ နယူတန်၏ ကမ္ဘာမြေဆွဲငင်အား သီအိုရီသည် ဝိညာဉ်သိအဆင့်ပင်မဟုတ်ပါလော။ ထို့ပြင် အိုင်းစတိုင်း၏ နှိုင်းရသီအိုရီသည်လည်း ဝိညာဏ်သိအဆင့်တွင်ပင်စာရင်းဝင်ပါ၏။ ဤသည်မှာ မိမိတို့ပိဋကစာပေများအလိုအရ သတ်မှတ်ခြင်းပင်ဖြစ်၏။ ကမ္ဘာဝယ် ထွန်းပေါက်တောက်ကြွားကာ တတ်သိခဲ့ကြသော ထိုထို နယူတန် အိုင်းစတိုင်း စတီဖင်ဟော့ကင်း စသော ပညာရှင်များစွာတို့၏ ဝိညာဏ်သိပညာသည် ယနေ့လူမှုကမ္ဘာကြီးတစ်ခုလုံးကို ဖွံ့ဖြိုးတိုးတက်စေရန် စွမ်းဆောင်မှုပေးလျှက်  များစွာကျေးဇူးပြုခဲ့ ပြုနေဆဲ ကျေးဇူးပြုနေမည်မှာ စာဖတ်သူလက်တွေ့ပင်ဖြစ်ပါ၏။ ( ဤနေရာဝယ် ဝိညာဏ်ဟုဆိုရာ၌ အများစုက လွဲမှားစွာနားလည်နေကြသည့် အတ္တကောင် ဝိညာဉ်ကောင် လိပ်ပြာကောင် မဟုတ်ကြောင်း သတိချပ်ပါ။ ) ပါဠိဘာသာမှ ဝိညာဏဟူသောပုဒ်ကို ဝိညာဏ်ဟု ပါဠိသက် ( ပါသက် ) စကားအဖြစ်ပြောဆိုကြခြင်းဖြစ်၏။ အမှန်စင်စစ် ဝိညာဏဟူသောပုဒ်၏ အဓိပ္ပါယ်မှာ အာရုံကိုအထူးသဖြင့်သိခြင်းပင်တည်း။ အာရုံကိုအထူးသဖြင့်သိခြင်းဟူသည် သာမန်မှတ်သိ
သိရုံမျှမဟုတ်မူ၍ အထက်တွင်ဆိုခဲ့သည့်အတိုင်း သဘာဝတရား၏ ဖြစ်စဉ်ကို ကြောင်းကျိုးယုတ္တိခိုင်လုံစွာ
တတ်သိနားလည်ခြင်းပင်ဖြစ်၏။ မှန်၏။ ထိုဝိညာဏ်သိပညာကိုတတ်သိထားသူ သို့မဟုတ် ဝိညာဏ်သိပညာကို မြတ်နိုးတတ်သူသည် အရမ်းယုံမျက်ကန်းယုံ ယုံကြည်သည့်သဘောမရှိချေ။ တွေ့ကြုံကြားသိရသမျှသော အရာရာတို့ကို ယုတ္တိယုတ္တာရှိ မရှိ စူးစမ်း၏။ သုံးသပ်၏။ လေ့လာ၏။ ဆင်ခြင်၏။ ဆွေးနွေး၏။ ခွဲခြမ်းစိတ်ဖြာ၏။ ထိုဝိညာဏ်သိပညာဖြင့် ဦးဆောင်နိုင်ကြမှသာလျှင် လောကအတွက် ကောင်းကျိုးဖြစ်ထွန်းမည်ဖြစ်၏။ ထို့အတူ ဝိညာဏ်သိပညာရှိမှသာလျှင် နောက်လိုက်ကောင်းများဖြစ်နိုင်ကြမည်ဖြစ်၏။ ထိုဝိညာဏ်သိပညာများရှိကြမှသာလျှင် ရှေ့သို့အဆင့်ဆင့် တက်လှမ်းနိုင်ကြမည်ဖြစ်၏။ သို့မှသာ လူမှုလောကသည် ဖွံ့ဖြိုးတိုးတက်မှုများစွာဖြင့် သာယာဝေဖြာနေပေလိမ့်မည်။ ( ပညာသိအဆင့်ရှိကြလျှင်ကား ဆိုဘွယ်ရာမရှိ အကောင်းချည်းအတိဖြစ်မည်မှာ သေချာလှတော့၏။ )သို့သော် ကောင်းသောတိုးတက်ခြင်း ဖြစ်လိုလျှင် ကိုယ်ကျင့်တရားပါဘို့ အရေးကြီးသည်ကိုလည်းမမေ့အပ်ပေ။ မိမိတင်ပြခဲ့သည့် အထက်ပါ စာသင်နည်းလေးမျိုးတွင် Discussion and Field ဟူသော ပညာသင်နည်းတို့သည် ဤဝိညာဏ်သိပညာရေးအဆင့်တွင်ပါဝင်ပါ၏။ ထို့ကြောင့်မိမိတို့နိုင်ငံတွင် ဤအဆင့်ပညာရေးများ အမြန်တိုးပွါးပါစေ ကျယ်ပြန့်ပါစေ ဟုလည်း ရင်ထဲသွေးထဲမှ နစ်နောစွာဆုတောင်းပါ၏။ ပိဋကစာပေအရ အသိဥာဏ်သုံးဆင့်တွင် နောက်ဆုံးအဆင့်သည် ပညာသိအဆင့်ပင်ဖြစ်၏။ ဤပညာသိအဆင့်သည် ကြားဖူး ဖတ်ဖူး သင်ဖူး အလွတ်အာဂုံကျက်မှတ်ဖူးရုံမျှသိသော သညာသိအဆင့်ထက်လည်းကျော်လွန်၏။ သဘာဝတရား၏ဖြစ်စဉ်ကို ကြောင်းကျိုးယုတ္တိရှိ မရှိ ဆန်းစစ်ဝေဘန်သုံးသပ်ခွဲခြမ်းစိတ်ဖြာ၍သိသော ဝိညာဏ်သိအဆင့်ထက်လည်း ပိုလွန်ပြန်၏။  ယနေ့ကမ္ဘာဝယ် အောင်လက်မှတ်များ ဂုဏ်ပြုဆုတံဆိပ်များ အမျိုးမျိုးဖြင့် ဘွဲ့ပေးအပ်ကာ အသိအမှတ်ပြုနေကြခြင်းသည် အထက်ပါ သညာသိအဆင့်နှင့်ဝိညာဉ်သိအဆင့်တို့ကို အသိအမှတ်ပြုဂုဏ်တင်နေကြခြင်းပင်တည်း။ အမှန်စင်စစ် ပညာသိအဆင့်ဟူသည် ပိုင်းပိုင်းခြားခြား ပြတ်ပြတ်သားသား ကြည်ကြည်လင်လင် နက်နက်ရှိုင်းရှိုင်း ခိုင်ခိုင်မာမာဖြင့် ငြိမ်းအေးမှုရသကိုခံစားလျှက် ထိုးထွင်း၍သိမြင်နားလည်ခြင်းတည်း။ ထိုးထွင်းသိပညာအဆင့်ဖြစ်၏။ အဘယ်ကြောင့်ထိုသို့သိသနည်း။ အကြောင်းကား သက်ဆိုင်ရာကိလေသာတို့ကို အမြစ်ပြတ်ပယ်သတ်နိုင်သောကြောင့်ပင်တည်း။ ဤသို့သော အဆင့်သို့ရောက်အောင် မြတ်ဗုဒ္ဓသည် နည်းလမ်းအသွယ်သွယ် လေးဆယ်မျှ ပေးတော်မူခဲ့ သင်ပြတော်မူခဲ့၏။ ဤနည်းလမ်း လေးဆယ်သည် အမြတ်မြတ်ဆုံးသော ပညာရကြောင်းလမ်စဉ်ဖြစ်၏ ဟူ၍ သတိမမူမိကြ၊ အသိမှတ်မပြုမိကြချေ။ တရားအားထုတ်ခြင်း ဟူ၍သာ သိထားကြ၏။ အမှန်စင်စစ် ပညာရှာရာ နယ်ပယ်သည် ရုပ်နှင့်နာမ် နှစ်သွယ်သာရှိ၏။ ဤရုပ်နှင့်နာမ်မှတစ်ပါး အခြားပညာရှာရာနယ်ပယ် အဘယ်မှာရှိနိုင်တော့မည်နည်း။ ရုပ်နှင့်နာမ်တို့၏ တကယ့်ဖြစ်စဉ်သဘာဝကို မြတ်ဗုဒ္ဓပေးသောနည်းအရ ကြိုးစား၍ အမှန်တကယ်သိလျှင် လောက၏အရာရာကို ထိပ်တန်းကျကျ ရင်ဆိုင်ဖြေရှင်းဘို့ အမြဲတန်း အဆင်သင့်ဖြစ်နေမည်သာတည်း။ ဤပညာသိအဆင့်သို့ရောက်အောင် နည်းလမ်းပေးနိုင်သော ဘာသာတရားသည် မိမိတို့လက်ဝယ်ပိုင်ဆိုင်ထားသော မြတ်ဗုဒ္ဓ၏ သာသနာတော်တွင်း၌သာ ရှိပါ၏။ ရနိုင်ပါ၏။ အခြားမည်သည့် ဘယ်ဘာသာတရားမှာမှ မည်သည့်ပညာရေးစံနစ်မှာမှ ဤကဲ့သို့သော ပညာရပ်မျိုးကိုသင်ကြားမပေးနိုင်ချေ။ သင်ကြားပေးနိုင်ဘို့ဝေးစွ၊ ကြားဖူး မှတ်ဖူးခြင်းပင်မရှိကြလေတကား။ ကောင်းကင်ဘုံနှင့်သာ ဂိတ်ဆုံးကြလေ၏။ ကောင်းကင်ဘုံသည်သာ သူတို့၏နောက်ဆုံးပန်းတိုင်ဖြစ်၏။ မိမိတို့သာသနာတော်၏ သင်ကြားချက်များအရ ကောင်းကင်ဘုံဗိမာန်ဟူသည် နောက်ဆုံးပန်းတိုင်မဟုတ်၊ အမြင့်မြတ်ဆုံးစာရင်းလည်းမဝင်ပါချေ။ ထို့ပြင် ကိလေသာကိုပယ်သတ်ကာ ထိုးထွင်း၍သိစွမ်းနိုင်သော ဤပညာသိအဆင့်သည် အောင်လက်မှတ်ဖြင့်အသိမှတ်ပြုရသော ပညာရည်အဆင့်မဟုတ်ချေ။ လောကီသားတို့က ဆုတံဆိပ်အပ်နှင်း၍ ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပဖို့လည်းမလိုသော ပညာရည်အဆင့်ဖြစ်လေ၏။  ထိုထိုလောကီဂုဏ်ပြုခြင်းတို့ထက် များစွာသာလွန်၏။ လောကသိပညာများဖြစ်သော သညာသိ ဝိညာဏ်သိအဆင့်တို့နှင့်နှိုင်းယှဉ်၍မရစကောင်းချေ။  မှန်၏။ ကိလေသာသက်ဝင်လှုပ်ရှားနေသော အသိသည် သက်ဆိုင်ရာကိလေသာ၏ အရောင်၊အရှိန်နှင့် စွမ်းအင်တို့၏ ရိုက်ခတ်မှုကြောင့် မကြည်လင်မပြတ်သား မနက်ရှိုင်း မထိုးထွင်းနိုင်ချေ။ ထင်ရှားသော ဥပမာဖြင့် အနည်းငယ်ချဲ့အံ့။ တဏှာလောဘ သက်ဝင်လှုပ်ရှားမှုအားကြီးသော လောကီပညာရှင်တစ်ယောက်သည် သူချစ်သောပုဂ္ဂိုလ်ကို တဏှာလောဘ၏ အရောင်အသွေး အရှိန်အဝါကိုအခြေလည်းခံ အသုံးလည်းပြု၍ မြင်မည်၊ ကြည့်မည်၊ ခံစားမည်၊ တွေးတောမည်၊ ပြောဆိုမည်၊ ပြုမူမည်ဖြစ်၏။ ပူဆွေးလောင်ကျွမ်းမည်ဖြစ်၏။ အသိဥာဏ်သည် မကြည်လင် မသန့်ရှင်း နောက်ကျူမည်ဖြစ်၏။ သဘာဝ၏ဖြစ်စဉ်အမှန်ကို မထင်ရှားမပြတ်သားသလို ထိုးထွင်းနက်ရှိုင်းမှုလည်းရှိမည်မဟုတ်ချေ။  သို့သော် တဏှာလောဘ အလွန်နည်းပါးသော သို့မဟုတ် တဏှာလောဘကို အမြစ်ပြတ် ပယ်သတ်ပြီးသော လောကုတ္တရာပညာရှင်တစ်ယောက်သည် လောက၏ဖြစ်စဉ်ဖြစ်ရပ်တိုင်းကို အေးချမ်းသောမေတ္တာ စာနာနားလည်မှုအားကြီးသော ကရုဏာတို့ဖြင့် ကြည်လင်ပြတ်သားစွာမြင်၏။ ကြည့်၏။ သူ၏အကြည့်အမြင်သည် နက်ရှိုင်း၏။ ပြတ်သား၏။ ကြည်လင်၏။ အေးမြ၏။ မပူဆွေးမလောင်ကျွမ်းတတ်။ သဘာဝကို သဘာဝအတိုင်းသာ သိမြင်ခံစားနားလည်သုံးသပ်တော့၏။ အကြောင်းကား ညစ်နွမ်းပူလောင်စေတတ်သော တဏှာလောဘ၏ အရိပ်အရောင် အရှိန်အစွမ်းများ လုံးဝကင်းစင်သောကြောင့်ပင်တည်း။ ကိလေသာ ကင်း မကင်း ပါး မပါး၏ ကောင်းကျိုးဆိုးပြစ်ကို အညစ်ကြေးကင်းသောမှန်ကို ကြည့်ခြင်းနှင့် အညစ်ကြေးထူထပ်သောမှန်တို့ကိုကြည့်ခြင်းတို့ဖြင့်လည်း အကြမ်းဖျင်းဥပမာဖြင့်နားလည်နိုင်ပါ၏။  ထို့ကြောင့် မြတ်ဗုဒ္ဓသည် လောကသားတို့အား ထိုပညာသိအဆင့်သို့ရောက်အောင်တိုက်တွန်းတော်မူခဲ့သလို နည်းလမ်းများလည်းအပြည့်အစုံပေးတော်မူခဲ့၏။ တနည်းဆိုသော် ၁။ သုတမယဥာဏ်အဆင့် ၂။ စိန္တာမယဥာဏ်အဆင့်နှင့် ၃။ ဘာဝနာမယဥာဏ်အဆင့်ဟူ၍ သုံးမျိုးပိုင်းခြား၍လည်းရပါ၏။ ထိုတွင် သုတမယဥာဏ်သည် သညာသိအဆင့်နှင့်ညီမျှ၏။ စိန္တာမယဥာဏ်သည် ဝိညာဏ်သိအဆင့်နှင့်ညီမျှ၏။ ဘာဝနာမယဥာဏ်သည် ပညာသိအဆင့်နှင့်ညီမျှလေ၏။ မြတ်ဗုဒ္ဓ၏ပညာပါရမီဖြည့်ရာဘဝများကိုလေ့လာကြည့်လျှင် ဝိညာဏ်သိအဆင့် သို့မဟုတ် စိန္တာမယဥာဏ်အဆင့်ကိုပိုင်ပိုင်နိုင်နိုင်ရရှိအောင် အသုံးပြုခဲ့သည်ကို တွေ့နိုင်ပါ၏။ ထိုဝိညာဏ်သိပညာကိုဘဝအဆက်ဆက်ရင်းနှီး၍ ( ဖြည့်ဆည်း၍ ) ပညာသိအဆင့်ရောက်အောင် ဖြည့်ကျင့်ခဲ့၏။  တတိယအဆင့်ပညာကိုကား သဗ္ဗညုတဥာဏ်တော်သခင် ဘုရားရှင်အဖြစ်သို့ရောက်မှသာ ရရှိခဲ့သည်ကိုတွေ့ရမည်ဖြစ်၏။ ထို့ကြောင့် မိမိတို့သည်လည်း မြတ်ဗုဒ္ဓ၏သာဝကများဖြစ်သည်အားလျော်စွာ သညာသိအဆင့်ကိုကျော်လွန်ကြ၍ ဝိညာဏ်သိအဆင့်နှင့် ပညာသိအဆင့်တို့သို့ရောက်ရှိ ရရှိအောင် ကြိုးစားဖြည့်ကျင့်အားထုတ်သင့်ကြပါ၏။ အားထုတ်နိုင်ကြပါစေဟုလည်း ဆုတောင်းမေတ္တာချွေလိုက်ပါ၏။

Sunday, January 22, 2012

ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၂၁ ) ပညာပါရမီ

ပညာရည်အဆင့်အတန်းကို ပိဋကတ်စာပေများအဆိုအရ ဤသို့သုံးဆင့်ပိုင်းခြားသတ်မှတ်နိုင်၏။ ၁။ သညာသိအဆင့်၊ ၂။ ဝိညာဉ်သိအဆင့်နှင့် ၃။ ပညာသိအဆင့်ဟူ၍။ ဤအကြောင်းအရာများကို မိမိတို့ ကိုရင်ငယ် စာသင်သားဘဝတွင်သင်ကြားခဲ့ရ၏။ သို့သော် ယ္ခုကဲ့သို့ချဲ့ထွင်ကာ မခံစားတတ်၊ မမြင်တတ်၊ နားမလည်တတ်ခဲ့ချေ။ အထက်ပါ ပညာရည်အဆင့်သုံးဆင့်တွင် နံပါတ်တစ်ဖြစ်သည့် သညာသိအဆင့်ကိုဦးစွာပထမ တင်ပြလိုပါ၏။ သညာဟူသည် မှတ်သားခြင်းသဘောမျှပင်တည်း။ အရာရာကို သူမြင်သည့်အတိုင်း ကြားသည့်အတိုင်း သင်ပေးထားသည့်အတိုင်း မှတ်သားခြင်းဖြစ်၏။ မိမိတို့၏ ဆိုင်ရာပသာဒရုပ်များဖြင့် အာရုံငါးပါးကို ထိတွေ့ကာလက်လှမ်းမီသလောက် မှတ်သားရုံသက်သက်မျှ သိခြင်းသဘောသည် သညာသိဖြစ်၏။ လေးနက် ခိုင်ခံ့၍ အနှစ်အဆံပါသော အသိမဟုတ်ချေ။ မေ့ပျောက်တတ်သလို မေ့ပျောက်သွားပါကလည်း ဘာမျှမကျန်တော့သော အသိအဆင့်မျှသာဖြစ်၏။ ကိုယ်ပိုင်ဥာဏ်ကိုအားစိုက်၍ စူးစမ်းခြင်း ဝေဘန်သုံးသပ်ခြင်း ကြောင်းကျိုးယုတ္တိကိုဆင်ခြင်ဆွေးနွေးခြင်းတို့မပါဝင်ပေ။  အမှန်စင်စစ် လူသားအပါအဝင် သတ္တဝါတိုင်းသည် ထိုသညာသိအဆင့်မှစ၍ သင်ကြားခဲ့ကြရ၏။ နားလည်ခဲ့ကြရ၏။အနည်းငယ် ချဲ့ပါအံ့။ မိမိတို့ငယ်စဉ်ဘဝတွင် မိခင်ထံမှ ဦးစွာပထမသင်ယူကြရသည်မှာ သညာသိပညာရေးပင်ဖြစ်၏။ ဤအရာကို မျက်လုံးလို့ခေါ်တယ်သားရဲ့၊ ဤအရာကို နားရွက်လို့ခေါ်တယ်သားရဲ့၊ ဤအရောင်ကို အဖြူရောင်လို့ခေါ်တယ်၊ ဤသူကိုတော့ ဦးကြီး ဘကြီး ဒေါ်ကြီး ဒေါ်လေးလို့ခေါ်တယ် စသည်ဖြင့် မှတ်တတ်အောင် စတင်သင်ကြားပေး၏။ ဤအတိုင်းပင် မိမိတို့မှတ်သားခဲ့၏။ ဘာကြောင့်မျက်လုံးဟုခေါ်သည်၊ ဘာကြောင့်အဖြူရောင်ခေါ်သည်၊ ဘာကြောင့် ဦးကြီး ဦးလေးခေါ်သည် စသည်ဖြင့် ကြောင်းကျိုး ဝေဘန်စဉ်းစားသုံးသပ်ခြင်းများမပါဝင်ပေ။ သူ့အိုးနှင့်သူ့ဆန် တန်ရုံသာ ဟုဆိုသည့်အတိုင်း လူမမယ်ကလေးအရွယ်တွင် ဤသညာအဆင့်ပညာရေးသည် သင့်တော်၏။ လိုက်ဖက်၏။ ဤသညာအဆင့်ပညာရေးသည် မိဘ၏လက်ဦးသင်ကြားရေးမှသည် ကျောင်းသင်ပညာရေး မူလတန်းနှင့်အလယ်တန်းပြီးဆုံးသည်အထိ သင့်တော်၏ဟုဆိုကဆိုနိုင်မည်ထင်၏။ ( မူလတန်းကတည်းက သညာအဆင့်ထက်ကျော်လွန်နိုင်ပါကလည်း ပို၍ပင်ကောင်းပါ၏။ ) သို့သော် အထက်တန်းပညာရေးသို့ရောက်လျှင်ကား ဤသညာအဆင့်သင်ကြားမှုပညာရေးသည် မစပ်ဟပ်မိ၊ မဆီလျော်တော့ချေ။ အကြောင်းကား အထက်တန်းပညာရေးတွင် ကြောင်းကျိုးဝေဘန်မှုများ စဉ်းစားသုံးသပ်မှုများပါဝင်လာရမည်ဖြစ်သောကြောင့်ပင်တည်း။ ဤအကြောင်းအရာနှင့်စပ်၍ သင်ကြားနည်းလေးမျိုးကို တင်ပြလိုပါ၏။ ၁။ Notes: မှတ်စုပေး၍သင်ကြားနည်း၊ ( ဆရာတိုင်ပေး ခေါ်ပေးသည့်အတိုင်း တပည့်က လိုက်၍ ရေးရ မှတ်ရ ကျက်ရ၏။ ဤအတိုင်းမေးလျှင် ဤလိုဖြေ၊ သည်ပုံမေးလျှင် သည်လိုရေးဟုဆိုကာ အမေမှာသည့်ဆန်တစ်ခွဲ သုံးစိပ်နဲ့မလဲ ဆိုသည့်ပမာ မှာထားသည့်အတိုင်းသာ မူသေဆုပ်ကိုင်လျှက် ကိုယ်ပိုင်ဥာဏ်ထုတ်သုံးဘို့လဲမလို၊ စဉ်းစားသုံးသပ်ခြင်းလဲကင်းကာ ပြန်လည်ဆွေးနွေး
မေးမြန်းခွင့်လဲမရှိသော ရေးဖူးမှတ်ဖူးရုံသက်သက်မျှ သင်ကြားရေးဖြစ်၏။ ထိုရေးမှတ်ထားသည်ကိုသာ နှုတ်တက်အာဂုံအလွတ်ကျက်မှတ်ရ၏ ) ၂။ Lecture: ဟောပြောပို့ချသင်ကြားနည်း၊ ( ဆရာဟောပြောသည့်အတိုင်းနားထောင်၊ မှတ်သား၊ ဆရာပြောသမျှသည်သာ မှတ်ကျောက်၊ အပြီးသတ်အဖြေ ရလာဒ်ဖြစ်၏။ မိမိ၏ကိုယ်ပိုင်ဥာဏ်ကို သုံးဖို့မလိုအပ်။ ကြားနာဖူးရုံသက်သက်မျှ ပညာရေးဖြစ်၏။ ထိုသည့်အတိုင်း အလွတ်ကျက်မှတ်ရ၏။ ဧဝံ မေသုတံ မဟုတ်၊ ဧဝ မေသုတံ ပညာသင်နည်းတည်း။ ) ၃။ Discussion: ဆရာနှင့်တပည့် အပြန်အလှန်ဆွေးနွေးသင်ကြားနည်း၊ ( အကြောင်းအရာတစ်ခုအပေါ်ဝယ် ဆရာ့အမြင်နှင့် တပည့်အမြင်တို့နှီးနှောယှက်သွယ် ဖက်တွယ်ကြလျှက် ကိုယ်ပိုင်ဥာဏ်များကိုအားစိုက် စုပေါင်းသုံး၍ ချစ်ကြည်စွာ အဖြေရလာဒ်ကိုရှာခြင်းဖြစ်၏။ ) ဤသင်ကြားနည်းသည် ယနေ့ကမ္ဘာတွင် အကျိုးသက်ရောက်မှုအားလည်းများ၍ ခေတ်စားနေသောသင်ကြားနည်းလည်းဖြစ်၏။ ဤသင်ကြားနည်းကို အသုံးပြုခြင်းဖြင့် ကျောင်းသားများအား မိမိကိုယ်မိမိယုံကြည်စိတ်များမွေးထုတ်ပေးရာရောက်၏။ သတ္တိနှင့်ခိုင်မာသောအရည်အချင်းကိုပြုစုပေးခြင်းလဲဖြစ်၏။ လူမှုအဖွဲ့အစည်းအတွင်း ပြောဆိုစည်းရုံးဆက်ဆံလုပ်ကိုင်ရေးများအတွက် အရောင်တင်ပေးရာလည်းရောက်၏။ စစ်မှန်သောအရည်အသွေးကို မြတ်နိုးစိတ် တန်ဘိုးထားစိတ်များလည်းတိုးပွါးလာနိုင်၏။ ၄။ Field: ကွင်းဆင်းလေ့လာသင်ကြားနည်း ( စာသင်ခန်းတွင်သင်္ခန်းစာများပြီးဆုံး၍ လက်တွေ့သင်ကြားပြသခြင်း ) ဟူ၍ဖြစ်ပါ၏။ အထက်ပါ စာသင်နည်းလေးမျိုးတွင် မိမိတို့နိုင်ငံသည် အဘယ်နည်းများကို အသုံးပြုနေပါသနည်း။ လောကီနယ်ပယ် ဘာသာရေးနယ်ပယ် မျက်နှာစာအသီးသီးရှိစာသင်သားများ မည်သို့သောနည်းဖြင့်ဖြေဆို အောင်မြင်နေကြသနည်း။ အောင်မြင်လာသည့်စာမေးပွဲများအလိုက် အမှန်တကယ် တတ်မြောက်မှုရှိပါသလော။ ဤအချက်များကို အားမနာတမ်း ဖြစ်စဉ်အမှန်တိုင်း သေချာစွာသုံးသပ်ကြည့်ပါလျှင် လက်ရှိ ပကတိဖြစ်ရပ်မှန်ကို စာဖတ်သူထင်ထင်ရှားရှားပင်သိနိုင်ပေမည်။ ဆက်လက်၍ မိမိတို့နိုင်ငံနှင့်ပတ်သက်သည့် လှမ်းမီသမျှ ခံစားနားလည်မိသမျှကို သုံးသပ်ပြရလျှင် ဤသို့။ နည်းစံနစ်မှန်ကန်သော ပညာသင်ကြားရေးလည်း မရှိသည့်အပြင် တည်ငြိမ်သောပညာရေးမူဝါဒမရှိခြင်းကလည်း မျိုးဆက်သစ်များအတွက် တိုးတက်ဘို့အခွင့်အလမ်းအားနဲစေခဲ့သည်မှာ လက်တွေ့ပြယုဂ်အမှန်ပင်ဖြစ်၏။ မတည်ငြိမ်သောပညာရေးမူဝါဒဖြင့် မျိုးဆက်သစ်များ၏ ပညာနှင့်ဘဝအရည်အသွေးတို့မှေးမှိန်စေခဲ့ပြီ။ လိုရာဆွဲ၍ အဓိပ္ပါယ်ဖွင့်နိုင်သော အဂတိရောပြွမ်းသော အဓမ္မဥပဒေများဖြင့် နိုင်ငံသားကောင်းများကို အညွန့်ချိုးခဲ့ပြီ။ အဂတိရောင်စုံလွှမ်းခြုံထားသော အခွင့်အရေးနှင့် လာဘ်လာဘကို အသုံးပြုခြင်းဖြင့် ကဏ္ဍစုံ အလွှာအသီးသီးတွင် စာရိတ္တမဏ္ဍိုင်ကို ယိုင်နဲ့စေခဲ့ပြီ။ အလွှာအထပ်ထပ်လုပ်ငန်းအရပ်ရပ်၌ အမြီးကျက် အမြီးစား ခေါင်းကျက်ခေါင်းစားသည်သာမက မကျက်လဲစား ကျက်လဲစား ဘယ်သူသေသေ ငတေမာပြီးရော ဟူသည့်ငါ့ဘို့စိတ်ထားများဖြင့် အတ္တကို ပုံကြီးချဲ့မိတ္တူပွါး၍ ရိုးသားမှုများကင်းပျောက်ကာ အချင်းချင်းယုံကြည်မှု ကင်းမဲ့နေကြလေပြီ။ ဤသည့်ဖြစ်ရပ်ဖြစ်စဉ်တို့မှာ ပညာရေးနယ်ပယ်မှအစပြု၍ နေ့စဉ်လက်တွေ့ သက်ဝင်လှုပ်ရှားမှုများ၌ ဖြစ်ပျက်နေသော ဖြစ်စဉ်အမှန်ပင်တည်း။ ဤအခြေအနေဆိုးတို့မှလွတ်မြောက်အောင် နိုင်ငံသားတိုင်းတာဝန်ကိုယ်စီရှိသဖြင့် သညာသိပညာရေးမှလွန်မြောက်သော အဆင့်ကိုတက်ညီလက်ညီ တက်လှမ်းသင့်ပေပြီ။  ယခုမိမိနေသောနိုင်ငံတွင် ကျူရှင်ဟူသည်မရှိ၊ ရှိဘို့နေနေသာသာ ကျူရှင်ယူရသည်ကိုကြားဖူးသောကျောင်းသားပင်မရှိချေ။ ထို့ပြင် အိမ်တွင်စာကျက်သော ကျောင်းသားဟူ၍ မရှိသလောက်ပင်တည်း ။ ကျောင်းတွင်သာ တည်ငြိမ်သောပညာရေးပြဋ္ဌာန်းစာများကို မှန်ကန်သောနည်းစံနစ်ဖြင့် အချိန်ကိုမဖြူန်းဘဲ တန်ဘိုးရှိအောင် သုံးလိုက်၏။ အချိန်ကို ပင်ပန်းကြီးစွာခါးစည်း၍ မရင်းရ၊ ငွေကြေးလဲ အပိုမကုန်၊ လူလဲမပင်မပန်း လန်းဆန်းသက်သာ၏။ သို့သော် ပညာရည်အဆင့်အတန်းသည် ကမ္ဘာ့အဆင့်မီဖြစ်၏။ ၂၀၀၆ ခုနှစ်တွင် နိုင်ငံတကာမှ အစိုးရအဖွဲ့များနှင့် အခြားသောကိုယ်စားလှယ်အဖွဲ့ ( ၁၀၀ ) ကျော်တို့၏ လေ့လာစူးစမ်းမှုအရ ဤနိုင်ငံ ( ဖင်လန် )သည် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ပညာရည်အမြင့်ဆုံးအဆင့်ရှိကြောင်းတွေ့ရှိ မှတ်တမ်းတင်နိုင်ခဲ့၏။ ဤသို့မြင့်မားသော ရလာဒ်ကိုရရှိခြင်းသည် သညာသိပညာသင်ကြားရေးစံနစ် သို့မဟုတ် Notes and Lecture သင်ကြားနည်းတို့ကို အလေးမပေး မဏ္ဍိုင်မပြု ဂရုမထားသောကြောင့်ဖြစ်၏။  မိမိတို့နိုင်ငံ၏ သညာသိပညာရေးစံနစ်နှင့် မတည်ငြိမ်သောပညာရေးမူဝါဒကို အမြန်ပင်ပြုပြင်ပြောင်းလဲနိုင်ပါစေဟုလည်း ဆုတောင်းပါ၏။ ထို့ပြင်  မင်္ဂလသုတ်ပရိတ်တော်တွင် ဗာဟုဿစ္စဉ္စ သိပ္ပဉ္စ... ဧတံ မင်္ဂလမုတ္တမံဟူ၍ဘုရားရှင်ဟောကြားတော်မူ၏။ ဗာဟုဿစ္စ၊ ဟူသည် အထွေထွေဗဟုသုတဘာသာရပ်များကိုတတ်သိနားလည်ခြင်းဖြစ်၏။ နိုင်ငံတကာနယ်ပယ်မှ ဘာသာရပ်အမျိုးမျိုးကိုတတ်သိနားလည်ခြင်းပင်တည်း။ တနည်းဆိုသော် ယနေ့ခေတ်အရသုံးရလျှင်  ဝိဇ္ဇာဘာသာရပ်များကို တတ်သိနားလည်ခြင်းပင်တည်း။ သိပ္ပ ဟူသည် သူ့ခေတ်သူ့အခါအားလျှော်စွာ သိပ္ပံပညာများကိုတတ်သိနားလည်ခြင်းပင်တည်း။ ထိုဆိုခဲ့ပြီးသော ဝိဇ္ဇာနှင့်သိပ္ပံပညာရပ်များကို တတ်မြောက်နားလည်ခြင်းသည် ကြီးပွါးကြောင်းမင်္ဂလာဖြစ်၏ ဟုဘုရားရှင်မိန့်ကြားတော်မူခဲ့၏။ ဤသို့လျှင် ဗုဒ္ဓဘုရားရှင်သည် လောကီအရေးတွင်သာမက လောကုတ္တရာအရေးအထိ အကြံအဖန်ကင်း၍ တိုးတက်သောပညာရေးကို အလေးပေးမိန့်ကြားခဲ့ပါသော်လည်း ယနေ့မိမိတို့ ဗုဒ္ဓဘာသာဝင်များ၏ ပကတိဖြစ်ရပ်များကိုကြည့်လျှင် ဗုဒ္ဓ၏တရားတော်နှင့် ထက်အောက်ပြောင်းပြန် လန်ချင်တိုင်းလန်နေသည်ကိုသာ (အများစု) တွေ့ရမည်ဖြစ်၏။ ရှက်ဖွယ်ရှိစွ။ အထူးသဖြင့်ဝမ်းနဲဘွယ်ရာကောင်းသည်မှာ နည်းမျိုးစုံသုံး၍ အထက်တန်းနှင့်အမြင့်တန်းပညာရေးဘွဲ့များကိုငွေကြေးဖြင့် ပြည်တွင်းပြည်ပတွင် အရောင်းအဝယ် တွင်ကျယ်နေကြခြင်းပင်တည်း။ ထိုသို့သောပညာရေးသည် ဘုရားရှင်ဟောကြားတော်မူသော ဗာဟုဿစ္စဉ္စ သိပ္ပဉ္စ ဖြစ်နိုင်ပါမည်လော။ မဖြစ်လျှင် တောက်ပြောင်သော ထက်မြက်သောပညာရေးဟူသည် အဘယ်မှာရှိချိမ့်မည်နည်း။ အစစ်အမှန်ပညာရည်မရှိသောသူသည် ဘွဲ့တုဂုဏ်တုများဖြင့် လောကမျက်နှာစာအသီးသီးဝယ် အတုများကိုအရောင်ပြကာ လမ်းစဉ်တုဖြင့် သက်ဆိုင်ရာတို့ကို တုစေတော့မည်။ ထိုသို့သော ကိစ္စများပပျောက်ရန်မှာ လူထုအများစုကြီး ဗာဟုဿစ္စ သိပ္ပမင်္ဂလာနှင့်ညီအောင်ကြိုးစားထားဘို့ သိထားဘို့လိုအပ်ပါ၏။ သို့မှသာ လုပ်စားကိုင်စားအတုအယောင်များ နည်းပါးနိုင်ပေမည်။ ပညာရည်မဲ့လျှင် ပညာကိုအခြေခံသော နှလုံးရည်လည်းမရှိနိုင်တော့ချေ။ သို့ဆိုလျှင် အဘယ်သို့လျှင် နိုင်ငံ့သားကောင်းများဖြစ်လာနိုင်ပါမည်နည်း။ အမျိုးဘာသာ သာသနာဂုဏ်ကို မည်သို့ဆောင်ကြပါမည်နည်း။ အကယ်၍ ခေါင်းဆောင်လုပ်ကြမည်ဆိုလျှင် မည်သို့သော ပညာရည် နှလုံးရည်များဖြင့် ဦးဆောင်ကြမည်နည်း။ အမှန်စင်စစ် ပညာရည် နှလုံးရည်ကင်းမဲ့သောခေါင်းဆောင်သည် မြတ်ဗုဒ္ဓ၏လမ်းစဉ်မှသွေဖည်သော လက်ရုံးရည်ကိုသာ အားကိုရပေတော့မည်။ ပညာရည် နှလုံးရည်ထက် လက်ရုံးရည်ကိုသာစွဲကိုင်ကျင့်သုံးခဲ့ခြင်းကြောင့် ကမ္ဘာ့နေရာအနှံ့အပြားမှ လူမှုအဖွဲ့အစည်းများအားလုံး ဒုက္ခတွေပင်လယ်ဝေခဲ့ကြဖူးပြီ။ သောကမျက်ရည်တွေ ချောင်းစီးခဲ့ကြဖူးပြီ။ ကြိတ်မနိုင်ခဲမရ ဒေါမနဿဝေဒနာအခိုးအငွေ့များ ကောင်းကင်တစ်လွှား ဖုံးလွှမ်းခဲ့ကြဖူးပြီ။ ယနေ့ကမ္ဘာသည် လက်ရုံးရည်အားကိုးကာ အကြမ်းဖက်၍ သူရဲကောင်းလုပ်သောဝါဒ ချုပ်ငြိမ်းပေပြီ။  စဏ္ဍာသောကမည်သည့် လက်ရုံးအားကိုးကာ အလွန်ကြမ်းကြုတ် ခက်ထန် ရက်စက်ခဲ့ဖူးသူသည် မြတ်ဗုဒ္ဓ၏ စစ်မှန်သော ဓမ္မပညာများကို သင်ကြားနားလည်ပြီးသောအခါ သိရီဓမ္မာသောကဘုရင်အဖြစ်သို့ရောက်၍ ပညာရည် နှလုံးရည်တို့ဖြင့်နိုင်ငံကို အုပ်ချုပ်၍ ကျယ်ပြန့်စွာ သာသနာပြုနိုင်ခဲ့၏။ နိုင်ငံရေး သာသနာရေး လူမှုရေး ကျမ္မာရေး ပညာရေး တိရစ္ဆာန်အရေး သဘာဝပတ်ဝန်းကျင်အရေးတို့ကို ကမ္ဘာဝယ် ပထမဦးဆုံး ဘက်စုံဖွံ့ဖြိုးအောင် ဆောင်ရွက်နိုင်ခဲ့ပုံကို အသောကကျောက်စာဘာသာပြန်များမှ ဖတ်ရှုလေ့လာနိုင်၏။ ထို့ပြင် ခေတ်ကာလနှင့်လျော်ညီသော လောကီပညာရပ်များအပြင် သောတာပတ္တိမဂ်ဖိုလ်ပညာကို နားလည်ပိုင်ဆိုင်ထားသော ဗိမ္ဗိသာရဘုရင်သည်လည်း နှလုံးရည် ပညာရည်ဖြင့်ပင် တိုင်းပြည်ကိုအုပ်ချုပ်နိုင်ခဲ့၏။ အထက်ပါ ပညာရည်အဆင့်သုံးမျိုးတွင်   ဤသို့မှတ်သားရုံမျှသက်သက်သာဖြစ်သော သညာသိပညာရေးသည် ခိုင်မာမှုလည်းမရှိ၊ မြင့်မားသောတိုးတက်သော အခြေအနေသို့လည်းမရောက်စေတတ်၊ တီထွင်ဖန်တီးမှုဟူသည် ဝေလာဝေးဖြစ်ကာ မေ့ပျောက်သွားပါက ဘယ်အရာကိုမျှမသိရှာတော့သော လူနုံလူအသဖွယ် သနားဘွယ်ရာအတိပင်ဖြစ်တော့၏။ ဝိညာဉ်သိ အဆင့်ဟူသည်...... ဆက်ရန်

***ဓမ္မမိတ်ဆွေများ၏အမှာစကား***