Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Tuesday, December 16, 2014

ရိုးရိုးကျင့် မြင့်မြင့်ကြံ





ပွင့်လင်းပါ၊ ရိုးသားဖြောင့်မတ်ပါ၊ သို့သော် မတုံး/မအပါနဲ့။ 
ထက်မြက်အောင်ကြိုးစားပါ။
 ရိုးသားဖြောင့်မတ်ခြင်းသည် 
လှပတင့်တယ်သောအရည်အချင်းကောင်းဖြစ်ပြီးလျှင် 
တုံးအခြင်းသည် အရုပ်ဆိုးသောအရည်အချင်းကင်းမဲ့မှုဖြစ်သည်။
 ရိုးသားဖြောင့်မတ်မှုနှင့်ထက်မြက်မှုတို့ အစဉ်အမြဲယှဉ်တွဲကာ
ထပ်တူကျနေပါမှ ရိုးရိုးကျင့်၍ မြင့်မြင့်ကြံဆောင်နိုင်ပြီးလျှင်
 စံပြုလောက်သောဘဝတခုကိုပိုင်ဆိုင်ရပေမည်။

*~*~*~*~*~*~*~*

Monday, December 15, 2014

စွမ်းရည်



ကိုယ်ကျင့်တရားရှိမှုနှင့်ဖြောင့်မတ်ဖြူစင်သောစိတ်ထားသည်သာ
 ရေရှည်တွင်မှတ်ကျောက်တင်ခံနိုင်သည့်စွမ်းရည်ဖြစ်သည်။ 
ထိုစွမ်းရည်သည်သာ ရေတိုနှင့်ရေရှည် အတ္တနှင့်ပရ 
အနီးနှင့်အဝေး ဆွေမျိုးနှင့်သူစိမ်း အကျွမ်းဝင်သူနှင့်မဝင်သူတို့အား
ကျောသားရင်သားမခွဲခြားဘဲ လှပ၍နှစ်လိုဘွယ်ရှိသောရလာဘ်ကိုဖြစ်စေပါသည်။

*~*~*~*~*~*~*~*

နားလည်မှု



ကျရှုံးဖူးသူဟာ မျှတစွာနားလည်ပေးတတ်တယ်။ 
ကိုယ်ချင်းစာခံစားပေးတတ်တယ်။ ကျရှုံးခြင်းမရှိဘဲ
အမြဲအောင်မြင်ခဲ့သူဟာ မျှတစွာနားလည်ပေးဖို့ 
မျှဝေခံစားပေးဖို့ခက်ခဲတတ်လေ့ရှိတယ်။

*~*~*~*~*~*~*~*


Sunday, December 14, 2014

ဗုဒ္ဓ




မြတ်ဗုဒ္ဓဟာ သူ့ကိုရိုသေကိုးကွယ်သူကိုသာ ကရုဏာမေတ္တာနဲ့ကုသိုလ်ဖြစ်စေတဲ့အခွင့်အရေးတွေပေးတာမဟုတ်ဘူး၊
 ရန်သူကိုတောင် ကုသိုလ်ဖြစ်စေတဲ့အခွင့်အရေးအားလုံးပေးတယ်။ 
ဒီလိုအခွင့်အရေးမျိုးကို အခြားဘယ်ဘုရားသခင်ကမှမပေးဘူး။
မြတ်ဗုဒ္ဓဟာ လူလောကထဲကို ၄၅ နှစ်ကြာတဲ့အထိ
လက်တွေ့ကျကျနေထိုင်သီတင်းသုံးခြင်းဖြင့် 

လူတွေနဲ့တိုက်ရိုက်ထိတွေ့ဆက်ဆံကာ

 လောကီလောကုတ္တရာကောင်းကျိုးများကိုဆောင်ရွက်ခဲ့တယ်။ 
လူမှုပြဿနာတွေအားလုံးကို ပွင့်လင်းမြင်သာစွာဖြေရှင်းပေးခဲ့တဲ့
ကမ္ဘာ့ပထမဦးဆုံးပုဂ္ဂိုလ်ထူး သဗ္ဗညုတဥာဏ်တော်ရှင်ဖြစ်တယ်။ 
ဒီလို/ဒီလောက်အထိပွင့်လင်းမြင်သာစွာ တိုက်ရိုက်ထိတွေ့ဆောင်ရွက်မှုမျိုးကို 
အခြားဘယ်ဘုရားသခင်ကမှ မလုပ်ဆောင်ခဲ့ဘူး။


မြတ်ဗုဒ္ဓဟာ သူလိုဘုရားအဖြစ်ကိုလိုချင်သူမှန်သမျှကျင့်ဆောင်နိုင်ရန် ပါရမီလမ်းစဉ်တို့ကိုပွင့်လင်းမြင်သာစွာ ဖေါ်ထုတ်ပေးခဲ့တယ်။
 ဒီလိုပွင့်လင်းမြင်သာတဲ့ဖေါ်ထုတ်ပေးမှုမျိုးကို 
အခြားဘယ်ဘုရားသခင်ကမှ ဆောင်ရွက်မပေးခဲ့ဘူး။

မြတ်ဗုဒ္ဓဟာ ဘုရားဖြစ်နိုင်တဲ့လမ်းစဉ်တွေကို အားလုံးအတွက်ဖွင့်ချပေးခဲ့တယ်။
 ဘာသာတရားကို ထာဝရတစ်ဦးတည်းပိုင်မလုပ်ခဲ့ဘူး။ 
လူသားတိုင်းမှာ ဘုရားဖြစ်နိုင်တဲ့အခြေအနေတွေရှိပြီးသားဖြစ်တယ်။ 
အကြောင်းက ဘုရားဆိုတာ လူသားကဖြစ်လာကြောင့်ပါပဲ။ 
ဘုရားတကယ်ဖြစ်ချင်ရင် မြတ်ဗုဒ္ဓဖွင့်ချပေးခဲ့တဲ့လမ်းစဉ်ကို
လုံလောက်တဲ့အထိ ဖြည့်ကျင့်ဖို့ပဲလိုတယ်။ 
ဒီလိုပွင့်လင်းရိုးသားပြီးလူသားရဲ့စိတ်ဓာတ်ကို
ဘုရားဖြစ်တဲ့အထိမြှင့်တင်ပေးနိုင်တဲ့ သဘောတရားမျိုးကို 
အခြားဘယ်ဘုရားသခင်ကမှ ဖွင့်ချမပြခဲ့ဘူး။

မြတ်ဗုဒ္ဓဟာ စကြာဝဠာကိုပိုင်စိုးသူဖန်ဆင်းရှင်ဖြစ်ကြောင်းဘယ်တုန်းကမှ 
မပြောခဲ့ဘူး။ စကြာဝဠာကြီးဟာ ဖြစ်လိုက်ပျက်လိုက်နဲ့ လည်ပတ်နေတဲ့သဘာဝနိယာမဖြစ်စဉ်ကြီးသာဖြစ်တယ်။
ဒီနိယာမဖြစ်စဉ်ကို နားလည်အောင်သင်ကြားပေးခဲ့တဲ့ 
အနှိုင်းမဲ့ဥာဏ်ရှင်လူသားဖြစ်ခဲ့တယ်။
ဒီလိုပွင့်လင်းမြင်သာတဲ့သင်ကြားမှုမျိုးကို 
အခြားဘယ်ဘုရားသခင်ကမှ မသင်ကြားနိုင်ဘူး။

မြတ်ဗုဒ္ဓဟာ လူသားကဘုရားဖြစ်လာသူမို့ လူ့တန်ဘိုးကို
 ကောင်းကင်ဘုံသားတွေကတောင် လေးစားကိုးကွယ်ရတဲ့အထိ
 မြှင့်တင်ပေးခဲ့သူဖြစ်တယ်။ ကောင်းကင်ဘုံသားကို 
လူသားကခယဝတ်တွားပြီး ကိုးကွယ်စရာမလိုဘူး။ 
လူသားကဘုရားဖြစ်တယ်ဆိုတာ ဗုဒ္ဓရဲ့ဓမ္မမှာပဲရှိတယ်။ 
အခြားဘယ်ဘုရားသခင်ကမှ လူသားကိုဘုရားဖြစ်ခွင့်မပေးဘူး။ 
ဘုရားဖြစ်နိုင်ခွင့်ရှိတယ်လို့ သင်ကြားမပေးရဲဘူး။ 
အခြားဘာသာတွေမှာတော့ လူသားတွေက ကောင်းကင်ဘုံသားကို 
ခယတောင်းပန်ဝတ်တွားကြရတယ်။ 
လူ့တန်ဘိုး၊ လူ့တန်ခိုး၊ လူသားစွမ်းရည်နဲ့လူ့သိက္ခာတွေဟာ
 ကောင်းကင်ဘုံသားတွေထက် သာလွန်တယ်ဆိုတာ 
အခြားဘယ်ဘုရားသခင်ကမှ မဟောပြောနိုင်ခဲ့ဘူး။

မြတ်ဗုဒ္ဓဟာ အိုနာသေဆိုတဲ့ဘဝပြဿနာတွေကို 
ကိုယ်တိုင်ထိုးထွင်းသိတဲ့ဥာဏ်ပညာဖြင့်သာ အပြီးအပိုင်ဖြေရှင်းနိုင်ကြောင်း၊ ထိုးထွင်းသိဥာဏ်ပညာရရှိအောင် ကိုယ်တိုင်အားမထုတ်ဘဲ 
ဆုတောင်းရုံသက်သက်မျှနဲ့ ဒီအိုနာသေပြဿနာတွေမပြီးဆုံးနိုင်ကြောင်း၊ ကိုယ်တိုင်အားမထုတ်ဘဲဘယ်သူတဦးတယောက်ကမျှလဲ 
အလွတ်သက်သက်မကယ်တင်နိုင်ကြောင်း လက်တွေ့ကျကျသင်ကြားပေးခဲ့တယ်။
 ဒီလိုသင်ကြာမှုမျိုး ဘယ်ဘုရားသခင်ကမှ သင်ကြားမပေးနိုင်ဘူး။


ဒီလိုလက်တွေ့ကျတဲ့ဓမ္မတွေကို ပထမဦးဆုံးသိတော်မူပြီးတော့ 
ပထမဦးဆုံးဟောပြသင်ကြားပေးခဲ့သူဟာ 
ယနေ့ဘာသာတရားများစွာအနက်မှ မြတ်ဗုဒ္ဓရှင်တော် တစ်ပါးတည်းသာရှိတယ်။


*~*~*~*~*~*~*~*




***ဓမ္မမိတ်ဆွေများ၏အမှာစကား***