Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~
Saturday, November 15, 2014
အသုံးပြုတတ်ပါမှ
အမှန်တရားဟူသည် နေရာတိုင်း အချိန်တိုင်း ပုဂ္ဂိုလ်တိုင်းအတွက်အသုံးမတည့်ချေ။ 
တခါတရံ အန္တရာယ်ပင်ဖြစ်တတ်သေး၏။ ကာလ ဒေသ ပုဂ္ဂလကို သတိဥာဏ်ပညာတို့ဖြင့်နှိုင်းချိန်စိစစ်၍သာလျှင် အမှန်တရားကိုအသုံးပြုသင့်၏။ 
သို့မှသာလျှင် အမှန်တရားသည်ဘေးမဖြစ်ဘဲ ဆေးဖြစ်ပေမည်။ 
ဝေနေယျတို့အားသစ္စာဥာဏ်ဆိုက်အောင် မြတ်ဗုဒ္ဓ၏တရားဟောကြားတော်မူခြင်းကို
သတိမူ၍ အတုယူအသုံးပြုသင့်၏။ 
*~*~*~*~*~*~*~*
Friday, November 14, 2014
ဟိုဘက်ကမ်းနှင့်ဒီဘက်ကမ်း
လိုချင်တပ်မက်မောမှု့ ရက်စက်ကြမ်းကြုတ်မှု့ 
အမှားအမှန်နှင့်အကောင်းအဆိုးကိုမခွဲခြားနိုင်မှု့ 
 မောက်မာထောင်လွှားကာ ငါတကောကောမှု့ မနာလိုမှု့ 
ဝန်တိုမှု့ စသောကိလေသာတရားဆိုးများသည် သာသနာနှင့်မသက်ဆိုင်ဘဲ သာသနာပြင်ပတရားတို့သာဖြစ်၏။ အဆိုပါတရားဆိုးများ ထွန်းကားစည်ပင်လျှင် သာသနာစစ်သည်မှေးမှိန်၍ အဆိုပါတရားဆိုးများနဲပါးလျှင် သာသနာစစ်သည် ထွန်းလင်းတောက်ပလေ၏၊ သာသနာနှင့်တရားဆိုးတို့သည်
 သမုဒ္ဒရာ၏ ဟိုဘက်ကမ်းနှင့်ဒီဘက်ကမ်းပမာသာဖြစ်လေ၏။ 
*~*~*~*~*~*~*~*
Thursday, November 13, 2014
ကွာခြားချက်
ပညာရှိတို့၏ ဆွေးနွေးခြင်းသည် အနိုင်အရှုံးကို စိတ်မဝင်စား၊
ပညာရပ်နှင့်ယဉ်ကျေးမှုအမွေအနှစ်ကျန်ရစ်၏။ 
ပညာမဲ့တို့၏ ဆွေးနွေးခြင်းကား အနိုင်အရှုံးကိုသာ စိတ်ဝင်စား၏၊
 လောကကိုကောင်းကျိုးမပြုဘဲ အကျည်းတန်သောသမိုင်းသာ ကျန်ရစ်၏။
*~*~*~*~*~*~*~*
Wednesday, November 12, 2014
မြတ်ဗုဒ္ဓချီးမွမ်းသောအောင်မြင်မူ့ 
 လောကအမြင်အရတော့ ထင်ပေါ်ကျော်ကြားခြင်း၊ စည်းစိမ်ဥစ္စာချမ်းသာကြွယ်ဝခြင်း၊ ရာထူးဂုဏ်ရှိန်ရှိခြင်း၊ တက်ခြင်း အခြံအရံပေါများခြင်းစတာတွေဟာ အောင်မြင်ခြင်းတွေပါပဲ။ ဒီအမြင်ကို ဗုဒ္ဓက မကန့်ကွက်ပါဘူး။ သို့သော် အချိန်မရွေးဆုံးရှုံးပျက်ဆီးသွားနိုင်ပြီး ထာဝရအာမခံချက်မရှိတဲ့အပေါ်ယံအောင်မြင်မှုသာဖြစ်လို့ မြတ်ဗုဒ္ဓကမချီးမွမ်းပါဘူး။
မြတ်ဗုဒ္ဓအလိုအရ လော ဒေါ မောစတဲ့ ကိလေသာမှန်သမျှကို အမြစ်ပြတ်သုတ်သင်နိုင်ပြီး လွတ်မြောက်မှုအရသာကိုဥာဏ်နဲ့သိမြင်ခံစားနိုင်မှ စစ်မှန်သောအောင်မြင်မှုလို့သတ်မှတ်ပါတယ်။ ဘယ်တော့မှမဆုံးရှုံးမပျက်ဆီးနိုင်တော့ဘဲ အမြဲထာဝရအာမခံချက်ရှိတဲ့အောင်မြင်မှုဖြစ်လို့ မြတ်ဗုဒ္ဓချီးမွမ်းတော်မူပါတယ်။ 
*~*~*~*~*~*~*~*
စည်းကမ်း
  ဒီမိုကရေစီရေးအတွက် ကျင့်ဝတ်နဲ့စည်းကမ်းတွေကို 
လိုက်နာထိန်းသိမ်းဖို့လိုသလို လောကုတ္တရာရေးဖြစ်တဲ့ 
သံသရာမှလွတ်မြောက်မှုအတွက်လဲ 
သက်ဆိုင်ရာ ကျင့်ဝတ်နဲ့စည်းကမ်းနည်းလမ်းတွေကို လိုက်နာကျင့်သုံးဖို့လိုတယ်။
*~*~*~*~*~*~*~*
အသိဥာဏ်
အသိဥာဏ်ပညာဖြင့် အမှန်ကိုမြတ်နိုးတတ်ပါမှ အမှားကိုရှောင်နိုင်မည်။ 
အသိဥာဏ်ပညာမရှိချေက အမှန်ကိုမြတ်နိုးသော်လည်း 
မခွဲခြားနိုင်မှုကြောင့် အမှားကိုသာ စွဲလမ်းချစ်ခင်နေမိတတ်သည်။
 မခွဲခြားနိုင်မှုကြောင့် မသိမိုက်မဲစွာ အမှားကိုတွယ်တာနေခြင်းသည် 
မိမိသူတပါး နှစ်ဦးသားလုံးအတွက် ဒုက္ခကိုဖန်ဆင်းနေခြင်းပင်ဖြစ်သည်။ အသိဥာဏ်ပညာနှင့်ယှဉ်သောအမှန်တရားသည်သာ ကောင်းမှုအင်အားပြည့်ဝ၍ မိမိသူတပါးနှစ်ဦးသားလုံးအတွက် ချမ်းသာသုခကိုဆောင်ရွက်နိုင်မည်ဖြစ်သည်။
*~*~*~*~*~*~*
Monday, November 10, 2014
ပရိယတ္တိဆိုတာ
 ပရိယတ္တိဆိုတာ ပိဋကတ်စာပေတွေ သင်ယူတာ ပို့ချတာတွေကိုသာ ဆိုလိုတာမဟုတ်ဘူး၊
 ကောင်းမြတ်တဲ့ အတတ်ပညာ အသိပညာတွေ ပို့ချတာ သင်ယူတာမှန်သမျှဟာ ပရိယတ္တိပဲ။ အသိအမြင်တွေ အကျင့်အကြံတွေလွဲနေတာကို လမ်းကြောင်းတဲ့ပေးတာ ညွှန်ပြပေးတာဟာလဲ 
 ပရိယတ္တိပါပဲ။
 *~*~*~*~*~*~*~*
Sunday, November 9, 2014
ပေတံ
လူ့အဖွဲ့ အစည်းတစ်ခု တိုးတက်ခြင်း ဆုတ်ယုတ်ခြင်းတွေကို ခေတ်ပေါ်ပေတံအမျိုးမျိုးနဲ့တိုင်းတာ
ကြသော်လည်း မြတ်ဗုဒ္ဓဓမ္မပေတံနဲ့တိုင်းရင်တော့ တစ်မျိုးတည်းပဲရှိတယ်။ အဲဒါက မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာဆိုတဲ့ ဗြာဟ္မစိုရ်ပေတံပါပဲ။ တိုးတက်နေပြီ လုံခြုံနေပြီ အေးချမ်းနေပြီဆိုရင် ဗြာဟ္မစိုရ်တွေ ရှိနေလို့ ကျင့်နေလို့ ဗြာဟ္မစိုရ်လမ်းပေါ်လျှောက်နေလို့၊ ဆုတ်ယုတ်နေပြီ မလုံမခြုံဖြစ်နေပြီ ပူလောင်နေရပြီဆိုရင် ဗြာဟ္မစိုရ်တွေကင်းနေလို့ မကျင့်လို့ ဗြာဟ္မစိုရ်လမ်းပေါ်မလျှောက်လို့ပါပဲ။ တိုးတက်ခြင်း ဆုတ်ယုတ်ခြင်းရဲ့ ရင်းမြစ်ဟာလဲ ဒီဗြာဟ္မစိုရ်ပါပဲ။ 
*~*~*~*~*~*~*~*
***ဓမ္မမိတ်ဆွေများ၏အမှာစကား***