Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Tuesday, July 15, 2014

ဒိုင်ယာရီအပိုင်းအစလေးများ ( ၄ )



ယခင်အာဏာရှင်များ လက်လွန်ခဲ့သော ဧရာဝတီမြစ်ဆုံဆည်အရေးတွင် လျှပ်စစ်မီးကိုပြည်ပသို့ပုံအော၍ရောင်းစားသည့်ကိစ္စလည်း အရေးတကြီးပါဝင်သောပြဿနာ
တစ်ရပ်ဖြစ်ခဲ့သည်။ အဆိုပါပြဿနာနှင့်ပတ်သက်၍ သက်ဆိုရာဝန်ကြီးက " လျှပ်စစ်မီးများကိုပြည်ပသို့ရောင်းစားခြင်းသည် ပိုလျှံသောကြောင့်ဖြစ်သည် " ဟူသော အဆင်ခြင်မဲ့စွာ အဖြေကိုပေးခဲ့သည်။ ထိုစကားပြောပြီး၍ မကြာမီပင် လျှပ်စစ်မီးများမလုံမလောက်ဖြစ်၍ ပြည်သူများဆန္ဒပြကြသောအခါ သမ္မတအကြံပေးတစ်ဦးကလည်း " မီးမလာလျှင် ဖယောင်းတိုင်မီး ထွန်းနေပါ " ဟု ကရုဏာမဲ့စွာဆိုပြန်သည်။ ကျေးရွာပေါင်း ခြောက်သောင်း ( ၆၀၀၀၀ ) နီးပါးရှိသော ရွှေပြည်တွင် ကျေးရွာတစ်သောင်း ( ၁၀၀၀၀ ) ကိုလောက်ကိုသော်မှ နိုင်ငံတော်အနေဖြင့် လျှပ်စစ်မီးလင်းအောင် ဆောက်ရွက်မပေးနိုင်ဘဲ ဤစကားမျိုးပြောထွက်သည်ကို အံ့သြမဆုံးဖြစ်မိသည်။ 
 ကျေးရွာအချို့ တို့တွင် လျှပ်စစ်မီးလင်းရေးအတွက် ဘုန်းတော်ကြီးများဦးဆောင်ကာ ရွာသူရွာသားတို့စုပေါင်း၍ ကိုယ့်အားကိုယ်ကိုးကြိုးစားနေကြသော်လည်း
 သက်ဆိုင်ရာ၏ ထောက်ပံ့မှုအားနဲလွန်းသောကြောင့် သဘာဝလရောင်နှင့်ကြယ်ရောင်ကိုသာ ရှေးရိုးစဉ်လာမပျက်အားကိုးနေကြရဆဲပင်ဖြစ်သည်။ ဖင်လန်နိုင်ငံတွင် တောရောမြို့ ပါမကျန် လူရှိသောနေရာတိုင်း မီးလင်းသော်လည်း လျှပ်စစ်မီးပိုသည်ဟူသောအသံကို မည်သူမျှကြားဖူးကြလိမ့်မည်မဟုတ်ပေ။  အရှင်အနုရုဒ္ဓါအလောင်းလျာ သူငယ်လေးသည် မရှိဟူသော ဝေါဟာရကိုမကြားဘူးသကဲ့သို့ လျှပ်စစ်မီးမရှိ ဟူသောဝေါဟာကိုလည်း ဖင်းလူမျိုးတို့ကြားဖူးကြလိမ့်မည်မထင်။



  ထို့ပြင် (၂၀၁၂ ) ခုနှစ်တွင် အာတိက်စက်ဝိုင်းကိုကျော်ဖြတ်၍ မြောက်ဝင်ရိုးစွန်းသို့ အလည်အပတ်သွားရောက်ခဲ့စဉ် ဖင်လန်နိုင်ငံထိပ်ဖျားမှ နော်ဝေနိုင်ငံသို့ဖြတ်ကူးဝင်ရသည်။ ဗီဇာမဲ့ဇုန်ဖြစ်သဖြင့် နယ်စပ်တွင်ဘာတစ်ခုမျှစစ်ဆေးမှုမရှိဘဲ လွတ်လပ်စွာဝင်ထွက်သွားလာခွင့်ရှိသည်။ မြို့ တိုင်းတွင် မြို့ ဝင်ကြေးကောက်ခံသော ဂိတ်မရှိ၊ လမ်းမကြီးတိုင်းတွင် လမ်းဖြတ်ကူးခ ကောက်ခံသော ဂိတ်များလည်ူးမည်သည့်နေရာမျှမရှိသောကြောင့် လမ်းခရီးဖင့်နှေးမှုမရှိဘဲ လွယ်ကူလွတ်လပ်စွာသွားလာခွင့်ရသည်မှာလည်း စိတ်ကျေနပ်ဖွယ်ရာအချက်တစ်ခုဖြစ်သည်။ ထို့ပြင် လမ်းဟူသမျှသည် လှိုင်းတွန့်နှင့်အချိုင့်အခွက်များမရှိသောကြောင့် ပို၍သက်သောင့်သက်သာမှုရှိလေသည်။ ရန်ကုန်မန္တလေး အမြန်လမ်းမကြီးလည်း ထိုကဲ့သို့ဖြစ်လျှင် ကောင်းလေစွဟု စိတ်မကောင်းစွာရေရွတ်မိသည်။ နော်ဝေနိုင်ငံ၏ မြောက်ဝင်ရိုးစွန်းဒေသသည် သဘာဝတောတောင်ကြီးများ လျှိုမြောင်စိမ့်စမ်းများ သစ်ပင်သစ်တောကြီးများတို့ဖြင့် အုံးဆိုင်း၍သိုင်းသိုင်းဝိုင်းဝိုင်းအံ့သြလောက်စွာ လှချင်တိုင်းလှနေတော့သည်။ အဆိုပါ တောနက်ကြီးထဲတွင် ကျေးရွာလေးများသည်လည်း နေချင့်စဖွယ် ရင်ဝယ်စွဲငြိလောက်အောင်ပင် သစ်လွင်လှပနေသည်ကို တမူထူးစွာတွေ့ရသည်။ ပို၍အံ့သြဖွယ်ကောင်းသည်မှာ ဝေးလံသီခေါင်သော ထိုတောနက် တောင်တန်းကြီးများတွင် လျှပ်စစ်မီးလင်းနေခြင်းပင်ဖြစ်သည်။ ယနေ့ နှစ်ဆယ့်တစ်ရာစုထိတိုင် ညဥ့်အမှောင်ကိုအံတု၍ သဘာဝရွှေလရောင်ကိုသာ အမှီပြုနေရဆဲဖြစ်သော ကျေးလက်နေ ရွှေပြည်သူ/သားတို့အား သနားမိသလို ကွာခြားချက်ကြိးမားမှုကိုလည်း သိစေချင်လှသည်။


  ဖွံ့ဖြိုးပြီးနိုင်ငံတို့သည် ခေတ်မီနည်းပညာများကိုလည်းတတ်မြောက်နားလည်ကြသည်။ သူတို့သည် ခေတ်မီပညာရပ်များကို အမြဲသစ်နေအောင်ကြံဆောင်ကာ အဆင့်မြင့်အောင်လည်း မြှင့်နေကြသလို သဘာဝတောတောင်တို့၏ တန်ဘိုးကိုလည်းသိမြင်လက်ခံကာ ထိန်းသိမ်းကြသည်။ တနည်းဆိုသော် ရှည်လျားသောအနာဂတ်
မျိုးဆက်သစ်များ၏ လူမှုဘဝအတွက် အကြင်နာတရားနှင့်အသိပညာတို့ပေါင်းစပ်ကာ လျှောက်လှမ်းနေကြသည်။ မိမိ ဟယ်ဆင်ကီမြို့ တွင် သီတင်းသုံးစဉ် ညဥ့်အခါ ကျောင်းဝင်းထဲသို့ ယုန်ကလေးများဝင်လာတတ်ကြသည်။ လူနေရပ်ကွက်အနီးတွင် ယုန်ကလေးများရှိနေခြင်းသည်ပင် ပြည်သူတို့၏လူပီသသောစိတ်ဓာတ်ကြောင့် 

တိရစ္ဆာန်များနှင့်ချစ်ကြည်စွာအတူယှဉ်တွဲနေထိုင်နိုင်ခြင်းဖြစ်သည်။ ၎င်းသည်ပင်အလှတရားမဟုတ်ပါလော။ ပြောလိုသည်မှာ ဖင်လန်နိုင်ငံသည် သဘာဝအရင်းအမြစ် သစ်ပင်သစ်တောကို ထိန်းသိမ်းထားနိုင်သည်။ တစ်နိုင်ငံလုံးသစ်တောများလွှမ်းဖုံးထား၍ မြို့ဟူသည်မှာလည်း တောထဲတွင်သာတည်ရှိနေလေသည်။ သဘာဝတောတောင်မှ သန့်စင်သောလေကို အားပါးတရရှုရှိုက်ခွင့်ရသလို ခေတ်မီစွာဖွံ့ဖြိုးခြင်း၏အသီးအပွင့်ကိုလည်း တန်းတူညီမျှစွာခံစားခွင့်ရှိလေသည်။ ကမ္ဘာတွင်အရှားပါးဆုံးသော မြန်မာ့ကျွန်းသစ်အပါအဝင် အဖိုးတန်သဘာဝသစ်တောကြီးများ ပြောင်တလင်းခါအောင်ကုန်ဆုံးပျက်ပြုန်းသွားခဲ့ရသော ရွှေပြည်ကြီးအဖို့မှာတော့ နှမြောတသဝမ်းနဲရုံမှတပါး မည်သို့တတ်နိုင်ပါတော့မည်နည်း။



  ၎င်းပြင် ဖင်လန်တွင် အစိုးရပိုင်သစ်တောများလည်းရှိသလို ပုဂ္ဂလိကပိုင်သစ်တောများလည်းရှိသည်။ မည်သည့်သစ်တောပင်ဖြစ်စေ ဥပဒေအရ တစ်ပင်ခုတ်လျှင်တစ်ပင်ပြန်စိုက်ရသည်။ ခရစ်စမတ်ပွဲတော်တွင် ခရစ်စမတ်သစ်ပင်ကိုပင်လျှင် ခုတ်ခွင့်မရှိပေ။ ခရစ်စမတ်ပင်ရောင်းသည့်နေရာတွင်သာ ဝယ်ယူ၍အသုံးပြုကြရသည်။ ကုန်ကုန်ပြောရလျှင် ကိုယ်ပိုင်ခြံဝင်းထဲမှ သစ်ပင်ကိုပင်လျှင် ခုတ်ခွင့်မရှိ၊ သက်ဆိုင်ရာသို့ ခိုင်လုံသောအကြောင်းပြချက်ကို တင်ပြပြီးမှသာခုတ်ခွင့်ရှိလေသည်။ သို့သော် ဖင်းလူမျိုးတို့သည် ယခုအခါ ဥပဒေ၏တားမြစ်ချက်ကြောင့်မဟုတ်ဘဲ သစ်ပင်ကိုထိန်းသိမ်းခြင်းသည် သူတို့၏ ယဉ်ကျေးမှုသဖွယ်ဖြစ်လာခဲ့သည်ကို သိရှိရသည်။
 
 သဘာဝသစ်တောနှင့်ပတ်ဝန်းကျင်ကိုထိန်းသိမ်းခြင်းသည် လူ့အဖွဲ့အစည်းကို ထိန်းသိမ်းခြင်းဖြစ်ကြောင်း သူတို့ကောင်းကောင်းနားလည်ကာ လက်တွေ့ကျင့်သုံးနေကြသည်။ အမှန်စင်စစ် လူသားသတ္တဝါသည် သဘာဝကိုအမှီပြု၍သာ အသက်ရှင်သန်နေကြရသည်မဟုတ်ပါလော။ သဘာဝပျက်ဆီးလျှင် လူအဖွဲ့အစည်းလည်း ပျက်ဆီးမည်သာဖြစ်သည်။ ထို့ကြောင့် သဘာဝကိုချစ်တတ်ဖို့ နားလည်တတ်ဖို့ ခံစားတတ်ဖို့ အရေးကြီးလှလေပြီ။ မြတ်ဗုဒ္ဓသည်ပင် တောမှာမွေးဖွားခဲ့သည်။ တောမှာ တရားကျင့်ခဲ့သည်။ တောမှာဘုရားဖြစ်ခဲ့သည်။ တောမှာ တရားဦးကိုဟောခဲ့သည်။ သဘာဝတောတောင်ကို အမှီပြုခဲ့သည်။ တန်ဘိုးထားခဲ့သည်။သစ်ပင်တောတောင်သည် သဗ္ဗညုတဥာဏ်တော်ရှင် ဘုရားသခင်ဖြစ်ဘို့အရေးအထိ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ကျေးဇူးပြုပေးနိုင်သည်။  ထို့ကြောင့်ပင် " ယဿ ရုက္ခဿ ဆာယာယ၊ နိသီဒေယျ သေယယ်ဝါ၊ န တႆ သာခံ ဘေဥၹယ်၊ မိတၱဒုုေဗ ၻာ ဟိ ပါပေကာ " ဟုဟောတော်မူခဲ့သည်။ လိုရင်းအဓိပ္ဗါယ်မှာ လူတစ်ယောက်သည် သစ်ပင်၏အရိပ်အောက်ဝယ် နားခိုဖူး အိပ်ဖူးမည်ဆိုလျှင် ထိုသစ်ပင်၏ အကိုင်းအခက်ကိုမျှ မချိုးဖြတ်သင့်။ အကယ်၍ ချိုးဖြတ်လျှင် ယုတ်မာသူသာဖြစ်သည် တဲ့။ ဤဒေသနာကိုမှီ၍ " အရိပ်နေနေ အခက်ချိုးချိုး မလုပ်သင့် " ဟု ရှေးမြန်မာတို့ ပြောထုံးရှိခဲ့ကြလေသည်။ သို့စဉ်လျှက် ရွှေပြည်တွင် ရတနာသစ်တောကြီးများ ပြောင်တလင်းခါအောင် ပြုတ်ပြုတ်ပြုန်းသွားခဲ့ရလေပြီ။ မိုးလေဝသများလည်းမမှန်တော့။ အပူချိန်များလည်း မြင့်သထက်မြင့်တက်လာနေချေပြီ။ အကြောင်းရင်းကိုအထူးရှာစရာမလိုဘဲ ရှင်းလေပြီ။ ( ဆက်ရန် )


*
*
*

ဒိုင်ယာရီအပိုင်းအစလေးများ ( ၃ )




" ရွှေပြည်တွင် တွေ့ကြုံမိသမျှ --(အပိုင်း- ၃ )"
ရွှေပြည်ကိုပြန်ရောက်လျှင်ရောက်ချင်း အဓိကအသုံးပြုလိုသည့်ဆန္ဒမှာ ဖုန်းနှင့်အင်တာနက်ဖြစ်သည်။ ဖုန်းနှင့်အင်တာနက်ဆက်သွယ်ရေးသည် ယနေ့ခေတ်ကာလတွင် ပညာရေးလေ့လာမှုများ လူမှုရေးလုပ်ငန်းများ၊ စီးပွါးရေးလုပ်ငန်းများ နိုင်ငံရေးလုပ်ငန်းများစသည့်စသည့်အရေးအရာတို့အတွက် မရှိမဖြစ် အရေးကြီးသောအခန်းကဏ္ဍတွင်ပါဝင်နေသော်လည်း ရွှေပြည်သူ/သားများတို့အတွက်မူ တမူထူးနေလေသည်။ အင်တာနက် အင်တာဖြူတို့ထက် နေ့စဉ် မိသားစုစားဝတ်နေရေးပြဿနာကိုသာ အလေးပေးနေရသည်ကိုတွေ့မိသည်။ အကယ်၍ အင်တာနက်ကိုသုံးသည်ဆိုလျှင်လည်း စီးပွါးရေး ကြီးပွါးရေး ဆက်သွယ်ရေး သွားလာရေး ပညာရေးစသည်တို့အတွက် အသုံးပြုမှုထက်  ဂိမ်းဆော့ဖို့အရေးနှင့်  အီစီကလီအရေးစသော အချိန်ဖြုန်းသည့်လုပ်ငန်းများတွင်သာ အများစုအသုံးပြုနေကြကသည်ကိုတွေ့မြင်ကြားသိရသည်။ ဤအချက်က အင်တာနက်ဆက်သွယ်ရေးသည် နေ့စဉ်လူမှုဘဝ၏ဖြတ်သန်းမှုထဲသို့ လက်တွေ့ကျကျ ထဲထဲဝင်ဝင်မရောက်သေးကြောင်းကို ဖေါ်ပြနေခြင်းပင်သည်။ ထို့ကြောင့်ပင် အချိန်နှင့်တပြေးညီသိရမည့်အချက်အလက်များကို မသိနိုင်ကြ၊ ခေတ်နှင့်လျော်ညီသော အတွေးအခေါ်များလည်း ပွင့်လန်းမလာကြတော့ပေ။ ပွင့်လန်းလတ်ဆတ်၍ ကျယ်ပြန့်သော အတွေးအမြင်များမရှိဘဲ  ̔ခေတ်မီဖွံ့ ဖြိုးတိုးတက်သောနိုင်ငံတော်သို့ ̕ ဟူသောဆိုင်းဘုတ်ကို ကိုင်ဆောင်၍ကြွေးကြော်ဟစ်အော်နေခြင်းသည် ယုတ္တိမဲ့စွာ ကြမ်းပိုးကို လိပ်ဖြစ်အောင်ပြောနေသည်နှင့်တူလှတော့သည်။   

  လူများစုကြီးဖြစ်သော တောရပ်ဒေသများတွင် အင်တာနက်ကို မသုံးတတ်ကြ၊ မြင်လဲမမြင်ဘူးကြပေ။ သို့သော် အင်တာနက်ဟူသော အခေါ်အဝေါ်ကိုနားရည်ဝအောင် ကြားဖူးနေကြသည်ကိုပင် တိုးတက်မှုအပိုင်းအစတစ်ခုဟု ဆိုရပေမည်။ ထို့ပြင် ရွှေပြည်တွင် ဖုန်းခကလည်းဈေးကြီးလှသည်။ ယခု ဖင်လန်နိုင်ငံတွင် မိမိအသုံးပြုနေသောလိုင်းမှာ တစ်လလျှင် ယူရိုငွေ ၂၀ သာလျှင်ကုန်ကြပါသည်။
 မြန်မာငွေနှင့်ဆိုလျှင် ( ၂၆၀၀၀ ) နှစ်သောင်းခြောက်ထောင် ကျော်ကျော်လေးမျှသာဖြစ်သည်။ တစ်လလုံးလုံး ( ၂၄ ) နာရီ ( ပြည်တွင်း ) စိတ်တိုင်းကျဖုန်းဆက်နိုင်သည်။ အင်တာနက်ကို အမြဲတန်းဖွင့်ထား၍ ( ၂၄ ) နာရီသုံးနိုင်သည်။  ရွှေပြည်တွင်ထိုကဲ့သို့ အသုံးပြုပါက တစ်သိန်းလဲမလောက် နှစ်သိန်းလဲမလောက်ဖြစ်မည်မှာသေချာသည်။ ပြန်လာခါနီးတွင် ဖုန်းနှင့်ပတ်၍ ဤသို့ကြုံရသည်။ ( ၁၅၀၀ ) တစ်ထောင့်ငါးရာတန် WCDMA ဖုန်း ဆင်းကဒ်များကို ဘုန်းကြီးကျောင်းများတွင် ဗုံးဘောလအော လိုက်ရောင်းနေသည်။ ရပ်ကွက်များတွင်လည်း အရင်ထက် အများကြီး ဖုန်းကဒ်များချပေးနေသည်ဟုသိရသည်။ ယခင်ကလို တစ်ရပ်ကွက်လျှင် နှစ်ကဒ် သုံးကဒ်မဟုတ်တော့။ သံဃာများသော စာသင်တိုက်ဘုန်းကြီးကျောင်းများအတွက် တစ်ကဒ် နှစ်ကဒ်မဟုတ်တော့။
သို့သော် တစ်လလျှင် အနည်းဆုံး ( ၂၅၀၀ ) နှစ်ထောင့်ငါးရာကျပ်ကုန်အောင် သုံးကိုသုံးရမည်။ ဖုန်းဆင်းကဒ် တစ်ခုခုချွတ်ယွင်းမှုဖြစ်ခဲ့လျှင် သုံးစွဲသူကသာ တာဝန်ယူရမည်၊ သူတို့ ၌တာဝန်မရှိချေ။ စာချုပ်တွင်ဤအတိုင်းပါသည်။ အစောပိုင်းတွင် ပြည်သူအပေါ်တော်တော်စေတနာကောင်းလာပြီ၊ လုပ်စားကိုင်စားများနဲသွားပြီဟု ချီးကျူးကာ သာဓုခေါ်မိသည်။( ၈) လပိုင်း ( ၉ )  လပိုင်းလောက်တွင် အော်ရီဒူးနှင့် တယ်လီနောကုမ္မဏီတို့မှ ဟန်းဆက်ဝယ်လျှင်ဖုန်းဆင်းကဒ်အခမဲ့ပေးမည်ဟူသော သတင်းကောင်းကို ကြိုတင်ပူဆွေးကြလျှက် ကတိုက်ကရိုက် လိုက်၍ညစ်နေကြတာပါလားဟု နောက်မှစဉ်းစားမိရင်း သံဝေဂယူရတော့သည်။ 

  ဖုန်းဆက်သည့်အခါ မကြခဏဆိုသလို ဖုန်းလိုင်းအသံမကြည်လင်မှုနှင့်ကြုံရသည်။ ဆက်သွယ်မှုဧရိယာပြင်ပသို့ရောက်ရှိနေပါသဖြင့် ခေါ်ဆို၍မရနိုင်ပါရှင် ဟူသော မုသာဝါဒအသံများဖြင့်လည်း မကြာခဏနှောက်ယှက်ကျီစယ်တတ်ကြသည်။ ဆက်သွယ်မှုလိုင်းများ မအားသေးရှင် ဟူသော တာဝန်မဲ့စွာတုန့်ပြန်သည့် အသံများကိုလည်း အမြဲလိုလိုကြားနေရတတ်သည်မှာ ရွှေပြည်၏ ( ၂၁ ) ရာစု ဆက်သွယ်ရေးယဉ်ကျေးမှုပင်ဖြစ်တော့သည်။ ဤသို့သောအခြေအနေရှိသည့်ရွှေပြည်ကြီးကို " နယ်တကာလှည့်ပါးရိုက်ရဲတယ် " ဟု အပြစ်မဲ့ပြည်သူကို ကြိမ်းမောင်းရဲသော ( ဂျာနယ်များများမှပေးသဖြင့် ) အာဇာနည် ပါးရိုက်ချန်ပီယံဘွဲ့ ရ ဝန်းကြီးတစ်ဦးက " မြန်မာပြည်မတိုးတက်ဘူးလို့ ပြောတဲ့သူတွေဟာ ရူးလို့ပြောတာ " ဟု ရူးသွပ်မိုက်မဲစွာ ဒေါသအိုးဖေါက်ခွဲပြသောကြောင့် ဒေါသအခိုးအငွေ့များ ဂျာနယ်ပေါ်မှရှုရှိုက်ခဲ့ရသည်။ အမှန်စင်စစ် အနှီဝန်ကြီးဆိုသူသည် ဖင်လန်နိုင်ငံမှ သာမန်ရုံးဝန်ထမ်းတစ်ယောက်၏ နှလုံးရည်အဆင့်မျှမမီချေ။ ဖင်လန်နိုင်ငံတွင် အကြောင်းကိစ္စတစ်ခုခုကြောင့် အစိုးရ ရုံးများသို့သွားသောအခါ နေရာတွင်ထိုင်လျှင်ထိုင်ခြင်းပင် အပြုံးဖြင့်ကြိုဆိုသည်။ မေးသမျှ ယဉ်ကျေးစွာဖြေသည်။ စိတ်မရှည်ဘဲ ဒေါသဖြင့်တုန့်ပြန်ခြင်း ဟိတ်ဟန်ထုတ်ခြင်း ကောက်ကျစ်ခြင်း လာဘ်မျှော်ခြင်း ပုဒ်မလေး ပေးမှလုပ်ခြင်း စသော မနှစ်မြို့ ဖွယ်ရာအပြုအမူများ အလျဉ်းမတွေ့ဘူးပါ။ ကိုယ့်ကိစ္စပြီးစီး၍ ထပြန်သောအခါတွင်လည်း သက်ဆိုရာ အစိုးရ ရုံးဝန်ထမ်းမှ ဖေါ်ရွေသောအပြုံးဖြင့်ကျေးဇူးတင်ကြောင်း နှုတ်ဆက်လိုက်သေးသည်။
  ထို့ပြင် (၂၀၁၃ ) ခုနှစ်က ဖင်လန် နိုင်ငံခြားရေးဝန်ကြီးနှင့်
ဟယ်ဆင်ကီတွင်တွေ့ဆုံဖူးသည်။ ပရိသတ်များအတွက်စီမံထားသော အစားအစာထဲမှ သူ၏ကိုယ်တာကျအစုကို သူကိုယ်တိုင်ယူစားသည်။ အများပြည်သူရှေ့  အစည်းဝေးခန်းမတွင် နောက်လိုက်အခြွေအရံများ တစ်ယောက်မျှမပါဘဲ လွတ်လပ်စွာပြည်သူနှင့်တွေ့သည်။  အများပြည်သူပြောသည်ကို စိတ်ရှည်စူးစိုက်စွာနားထောင်ကာ အသေအချာမှတ်သားပြီးမှ အသင့်တော်ဆုံးဖြစ်မည့်အရာကို ဆုံးဖြတ်ချက်ချ၍ ဝန်ဆောင်မှုကိုပေးသည်။ သူ၏ဝန်ဆောင်မှုသည် ကြီးမားသော နှလုံးသားတွင်အခြေတည်သောကြောင့် ဝန်ကြီးဟူသောဂုဏ်ပုဒ်နှင့်ဆီလျော်လှသည်။ မှန်ပါသည်။ နှလုံးသားကြီးကြီး ဥာဏ်ပညာကြီးကြီးဖြင့် တာဝန်ကြီးကြီးကိုဆောင်ရွက်နိုင်ပါမှ ဝန်ကြီးဖြစ်ထိုက်သည်ဟု နားလည်ခံယူသည်။  ရွှေပြည်မှဝန်ကြီးနှင့်ခြားနားပေစွတကား။ 



   ထို့ပြင် အသက် ( ၂၅ ) ဝန်းကျင်ရှိလူငယ်လေးများသည် တိုးတက်ချင်သောဆန္ဒကောင်းလေးများကြောင့် ထိုးထွက်နေကြသည်ကိုတွေ့ရသည်။ သို့သော် ရွှေပြည်အတွင်းတွင် ထိုးစရာအပေါက်မရှိသေးပေ။ ထွက်စရာလမ်းစလည်း ပိတ်နေဆဲသာဖြစ်သည်ဟုမြင်မိသည်။ လူငယ်လေးများတွင် တက်ကြွသောစိတ်ဓာတ်ကလေးများ မြူးထူးစွာပွင့်လန်းနေကြသည်ကို မြင်ရသောကြောင့် တိုးတက်ခြင်း၏ မျိုးစေ့တော့ သန်နေပြီဟု သုံးသပ်မိသည်။ သို့သော် ထိုမျိုးစေ့ကို ယခင်ကလို အာဏာမှလွဲလျှင်ဘာကိုမှ မဆင်ခြင်တတ်ကြသော လူတစ်စု၏ အညွန့်ချိုးမှုကိုမခံရအောင် ဝိုင်းဝန်းကာကွယ်တတ်ကြဘို့တော့လိုပေမည်။ အထူးသဖြင့် ရဟန်းတစ်ပါးအနေနှင့်
ပို၍တွေ့ရသည်မှာ လူငယ်တရားနာပရိသတ်ဖြစ်သည်။ ယခင်ကဆိုလျှင် လူကြီးသူမများသာ တရားနာလေ့ရှိသော်လည်း ယနေ့တွင်မူ လူငယ်များက တရားပွဲများကိုဦးဆောင်ကျင်းပနေသည်ကိုပင်တွေ့မြင်ရသည်။ ထိုလူငယ်လေးများကို မြင်ရသည်မှာ အနာဂတ်နိုင်ငံတော်နှင့်သာသနာတော်အတွက်  ကျေနပ်ဖွယ်ကောင်းလှသည်။  သူတို့သည် မြတ်ဗုဒ္ဓသာသနာတော်အတွက် စိတ်အားထက်သန်စွာလုပ်ဆောင်နေကြသည်။ ကုသိုလ်ရေးမို့လည်း စေတနာရေစီးတွေသန်နေကြသလို အမျိုး ဘာသာ သာသနာဟူသောလှိုင်းလုံးကလည်း သူတို့၏ဘာသာရေးလုပ်ငန်းများကိုပို၍တက်ကြွစေသည်ဟုသုံးသပ်မိသည်။ ထို့ပြင် ယခင်မိမိတို့ငယ်စဉ်က ဘုရားပွဲကျောင်းပွဲများတွင် သံဃဝေယျာစ္စများကို အမျိုးသားများသာလုပ်ဆောင်ကြသော်လည်း ယခုတွင်မူ အမျိုးသမီးများက အစားထိုးဝင်ရောက်လာသည်ကိုတွေ့ရသည်။ အမျိုးသမီးများ၏ ဝေယျာဝစ္စလုပ်ဆောင်မှုသည် သေသပ်ကျန၍ ထောင့်စေ့အကွက်စေ့လုပ်ဆောင်တတ်ကြသည်။ အထူးသတိပြုမိသည်မှာ ရွှေပြည်၏ လူမှုအဝန်းအဝိုင်းသည် လှုရေးတန်းရေး ကိစ္စတို့တွင် ရက်ရောစွာပေးလှုတတ်ကြသော်လည်း အများပြည်သူအတွက် ရိုးသားဖြောင့်မတ်မှုနှင့်ယှဉ်တွဲသော ထက်မြက်စွာဆောင်ရွက်မှုမျိုးကား ရှားပါးလှသည်။ အမှန်စင်စစ် လူသားအရင်းအမြစ်၏ အခြေခံသည် ရိုးသားဖြောင့်မတ်မှုကိုအခြေခံသော ထက်မြက်မှုပင်ဖြစ်သည်ဟု ဆိုချင်သည်။ ( ဆက်ရန် )


***ဓမ္မမိတ်ဆွေများ၏အမှာစကား***