Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Sunday, October 19, 2014

နာယကအခြေခံဥပဒေ (နိဂုံးပိုင်း)


တဖန် သည်းခံခြင်းကင်း၍ဒေါသစိတ်ဖြင့်ဆောင်ရွက်ချက်မှန်သမျှသည် အသိဥာဏ်မပါသဖြင့်ဆိုးကျိုးကိုသာ ဦးတည်စေတတ်လေသည်။ 
ထိုသို့ အသိဥာဏ်နှင့်မစပ်ယှဉ်ပါဘဲ လုပ်ကိုင်ဆောင်ရွက်မှုမှန်သမျှကို မောဟာဂတိဟုခေါ်သည်။ “ ငါ့မြင်းငါဆိုင်း စစ်ကိုင်းရောက်ရောက်၊ ငါ့လှေငါထိုး ပဲခူးရောက်ရောက် ” ဟူသကဲ့သို့ ဆင်ခြင်တုံတရားအသိဥာဏ်ကင်းမဲ့စွာ ပရမ်းပတာ လုပ်ဆောင်မှုမှန်သမျှသည် မောဟာဂတိပင်ဖြစ်သည်။ ထို့ပြင် လက်လောက်ငယ်သားများ၏ အသိဥာဏ် (အကြံဥာဏ်) များနှင့် တွဲဖက်ဆောင်ရွက်ကြရသူတို့၏ အကြံဥာဏ်များသည် အဖွဲ့အစည်း 
သို့မဟုတ် နိုင်ငံတနိုင်ငံအတွက်အရေးပါလှသည့်နည်းတူ တဦးချင်းစီ၏ဘဝကိုယ်စီအတွက်လည်း အရေးကြီးသည်သာဖြစ်သည်။ ထို့ကြောင့် အကြီးအကဲလုပ်သူ (နာယကဖြစ်သူ) သည် အသိဥာဏ်တို့၏ စုပေါင်းစွမ်းအားကို ရယူအသုံးချတတ်ဖို့အရေးမှာ သက်ဆိုင်ရာအဖွဲ့ အစည်း သို့မဟုတ် နိုင်ငံတစ်နိုင်ငံ၏ အသက်သွေးကြောတမျှအရေးကြီးလှသည်။ ယနေ့မျက်မှောက်အခြေအနေတွင် အသိဥာဏ်တို့၏ စုပေါင်းအားကိုရယူအသုံးပြုကာ ဆောက်ရွက်နေကြသော လုပ်ငန်းကြီး/သေးများ၊ အဖွဲ့အစည်းကြီး/သေးများ၊ နိုင်ငံကြီး/သေးများတို့ တိုးတက်အောင်မြင်နေကြသည်ကိုတွေ့မြင်နိုင်သည်။ ဤသည်မှာ မောဟာဂတိ ကင်းရှင်းသောကြောင့်ဖြစ်သည်။

ထို့ကြောင့် အကြီးအကဲ/နာယကဖြစ်သူသည် သည်းခံခြင်းခမာဂုဏ်
ရှိဖို့လိုအပ်သည်ဟု ရှေးပညာရှိများဆိုထားခဲ့ခြင်းဖြစ်သည်။ သီးခံခြင်းမရှိလျှင် အထက်ပါ အတ္တမာနစိတ်ထားကိုအရင်းခံ၍ အဂတိလေးပါးလိုက်စားကာ ဆောင်ရွက်တတ်လေသောကြောင့် သန့်စင်သော အောင်မြင်သော ကြီးပွါးတိုးတက်သော အားကိုးထိုက်သောဦးဆောင်မှုနှင့်ဆောင်ရွက်မှု
များဖြစ်စေရန် နာယကဖြစ်သူသည် သည်းခံခြင်းစည်းကမ်းကိုလိုက်နာဖို့
လိုအပ်လှသည်။ သည်းခံခြင်းနည်းလမ်းကို ကျင့်သုံးရမည်ပင်ဖြစ်သည်။ သည်းခံခြင်းထုံးကို နှလုံးမူရမည်သာဖြစ်သည်။ သည်းခံခြင်းဂုဏ်ကို ဖြည့်ဆည်းရမည်ပင်ဖြစ်သည်။

နံပါတ် ၂။ ဇာဂရိယ၊ နိုးကြားခြင်းဟူသည် အတွေးအခေါ်များနိုးကြားနေ
သင့်သည်။ အကြံဥာဏ်များထက်မြက်နေသင့်သည်။ လုံလောက်သော
ဗဟုသုတများရှိနေသင့်သည်။ သိရှိထားသောအချက်အလက်များ၊ လက်ရှိအခြေအနေများ Update ဖြစ်နေအောင်ကြိုးစားထား သင့်သည်။ ယခင်ဖြစ်ရပ်နှင့်ယခုဖြစ်ရပ်ကိုဆက်စပ်၍  အနာဂတ်အတွက် အဆင်သင့်ဖြစ်နေသင့်သည် ဟုဆိုလိုကြောင်း မိမိအဓိပ္ဗါယ်ဖွင့်ချင်သည်။

နံပါတ် ၃။ ဥဋ္ဌာန၊ လုံ့လ ဝီရိယရှိခြင်းဆိုသည်မှာ ပျင်းရိလေးတွဲ့ ဖင့်နှေးမှုမရှိရခြင်းပင်ဖြစ်သည်။ မှန်၏။ နာယကလုပ်သူသည် စားလည်းနောက် သွားလည်းနောက် လုပ်ငန်းဆောင်ရွက်လျှင်လည်းနောက် ဖြစ်နေလျှင် 
အဖွဲ့ အစည်းအတွက်မည်သို့မျှ ကောင်းကျိုးမဖြစ်ထွန်းနိုင်ချေ။ 
အဖွဲ့ အစည်းအတွက် တွေ့ ကြုံခဲ့ရသမျှကို သင်္ခန်းစာယူ၍ ဖြစ်မလာသေးသော ကောင်းကျိုးများဖြစ်ထွန်းလာအောင်၊
 ဖြစ်ထွန်းလာပြီးသောကောင်းကျိုးများ တည်မြဲခိုင်ခံ့နေအောင် တက်ကြွစွာစွမ်းဆောင်ကြိုးစားရ
မည်ပင်ဖြစ်သည်။

နံပါတ် ၄။ သံဝိဘာဂ၊ ခွဲဝေပေးကမ်းခြင်းဟူသည် အထူးရှင်းပြစရာမလိုအောင် ထင်ရှားပြီးပင်ဖြစ်သည်။  အမှန်စင်စစ် အကြီးအကဲဖြစ်သူသည် လက်အောက်ငယ်သားတို့အားပစ္စည်းလာဘ်လာဘကို ခွဲဝေ
ပေးကမ်းခြင်းသက်သက်ကိုသာလုပ်ရမည်ဟု ဆိုလိုသည်မဟုတ်၊ 
လုပ်ပိုင်ခွင့်၊ ပြောဆိုပိုင်ခွင့်နှင့်ပုဂ္ဂလိကလွတ်လပ်ခွင့်
တို့ကိုလည်း သင့်လျော်အောင် ပေးသင့်သည်သာဖြစ်သည်။ ထိုသို့မပေးလျှင် အထက်နှင့်အောက် ကွာဟချက်ကြီးမားလာကာ ပေါက်ကွဲပျက်စီးတတ်သည်မှာ ဓမ္မတာပင်ဖြစ်သည်။ ဤကဲ့သို့သောသာဓကများ ရှေးကလည်းရှိခဲ့၊ ယခုလည်းရှိနေဆဲပင်ဖြစ်သည်မို့အထူးသတိထားစရာပင်ဖြစ် သည်။ ယနေ့မျက်မှောက်ခေတ်အရ သံဝိဘာဂနှင့်ညီညွတ်မှုကြောင့် အောင်မြင်နေသောနိုင်ငံများများစွာရှိသည်။ 
 ရှေးယခင်ကလည်းရှိခဲ့သည်။ 
အလွယ်ကူဆုံးသာဓကပြရလျှင် အမေရိကန်ပြည်ထောင်စုသည် ပြည်နယ်များအား ကိုယ်ပိုင်လွတ်လပ်စွာ ပြဋ္ဌာန်းခွင့် အုပ်ချုပ်ခွင့် စီရင်ပိုင်ခွင့်အစရှိသော အာဏာများကိုလွတ်လပ်မျှတစွာ ခွဲဝေပေးကမ်းထားသောကြောင့် ခွဲထွက်ရေးပြဿနာများ ပြည်တွင်းစစ်ပြဿနာများ ကင်းဝေးနေခြင်းဖြစ်သည်ဟု မိမိယူဆသည်။
 ဤအကြောင်းကိုဥာဏ်ရှိသလောက်ချဲ့ တွေးလျှင် ကျယ်ဝန်းများပြားစွာသိနိုင်ပါသည်။

၅။ ဒယာ၊ သနားကြင်နာခြင်းဟူသည် အောက်လက်ငယ်သားတို့၏အပေါ်ဝယ် ညှာတာထောက်ထားရမည်။ စာနာနားလည်ရမည်၊ ငဲ့ညှာရမည်ဟုဆိုလိုသည်။ မှန်၏။ ဤသနားကြင်နာခြင်းရှိမှသာလျှင် လက်အောက်ငယ်သားတို့၏ ခံစားချက်များကို လေးလေးစားစားနားထောင်ပေးနိုင်မည်။ သူတို့၏အရေးကို ကြင်ကြင်နာနာဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ပေးမှသာ လူမှုဒုက္ခများနဲပါး၍ အေးချမ်းတည်ငြိမ်သောအခြေအနေတွင် အတူယှဉ်တွဲ၍အေးချမ်းစွာနေထိုင်နိုင်ကြပေမည်။ ထိုသို့မဟုတ်မူဘဲ သနားကြင်နာမှုကင်းမဲ့သူများခေါင်းဆောင်နေရာတွင်ရှိနေကြလျှင်
လူမှုအဖွဲ့ အစည်းသည် အရောင်အသွေးစုံသော ဒုက္ခသုက္ခများ ပြည့်ကျပ်နေပေမည်။ အလွှာစုံသော အကျပ်အတည်းများဖြင့်
ပိတ်မိနေကြပေမည်။ အခွင့်အရေးကို ခုံမင်သောကြောင်သူတော်များက အသံကောင်းဟစ်၍လူပေါ်လူဇော်လုပ်နေကြပေမည်။ အစစ်နှင့်အတု ပြောင်းပြန်ပြု၍ မသမာမှုများထောင်းထောင်းထနေမည်မှာ သေချာနေတော့သည်။ ထို့ကြောင့် ဒယာ၊ ကြင်နာသနားခြင်းဂုဏ်ကို အကြီးအကဲဖြစ်သူသည် အမြဲအလေးထားကာ ကျင့်သုံးသင့်သည်။

၆။ ဣက္ခဏာ၊ အမျှော်အမြင်ရှိခြင်းဟူသည် အနာဂတ်ကို
ပုံဖေါ်နိုင်ရေးအတွက်မျှော်ကြည့်နိုင်သူ မြင်နိုင်သူဖြစ်ရမည်ဟုဆိုလိုသည်။ ဤနေရာ၌ အမျှော်အမြင်၏အတိုင်းအတာသည် ထိုသူဦးဆောင်နေရသော 
အဖွဲ့ အစည်း သို့မဟုတ် နိုင်ငံ၏အခြေအနေမျိုးစုံနှင့်အချိန်အခါများပေါ်တွင်
မူတည်လေသေည်။ ထို့ပြင် ထိုသူဦးဆောင်ရသော နယ်ပယ်အပေါ်တွင်လည်း မူတည်နိုင်ပါသေးသည်။ ဥပမာအားဖြင့် စီးပွါးရေးနယ်ပယ် နိုင်ငံရေးနယ်ပယ် ဘာသာရေးနယ်ပယ်စသည်တို့ဖြစ်သည်။ သက်ဆိုင်ရာနယ်ပယ်အလိုက် မျှော်မြင်ရပုံခြင်းတူညီနိုင်မည်မဟုတ်ပါ။ လွယ်ကူသောဥပမာပြရလျှင် နိုင်ငံရေးအရ မဟာဗျူဟာချမှတ်လျှင် ကာလအတိုင်းအတာအားဖြင့် နှစ်ပေါင်း (၁၀၀) အတွင်းသာများသောအားဖြင့် ဖြစ်ကြပေမည်။ သို့မဟုတ် နှစ်ပေါင်း (၂၀၀/၃၀၀) ကာလအတွက်ဖြစ်ချင်ဖြစ်မည်။ နောင်နှစ်ပေါင်း (၁၀၀၀) တစ်ထောင်ကာလအထိမျှော်မှန်း၍ ချမှတ်
အကောင်အထည်ဖေါ်နေသော လက်တွေ့ကျသည့်နိုင်ငံရေးမဟာဗျူဟာ
မျှော်မှန်းချက်များရှိမည်မထင်ပါ။ ဆိုဗီယက်ခေတ်တွင် ကွန်မြုနစ်နှင့်အရင်းရှင်တို့၏ မဟာဗျူဟာတိုက်ပွဲသည် နှစ်ပေါင်း (၁၀၀) မပြည့်မီပင် ဆိုဗီယက်နိုင်ငံတော်ကြီးပြိုကွဲခြင်းဖြင့် အဆုံးသတ်ခဲ့သည်။ ထို့အတူ ဂျာမဏီနှင့်ဂျပန်တို့၏ အမျှော်အမြင်လွဲမှား၍ ရက်စက်တတ်သောအမျိုးသားနိုင်ငံရေးမဟာဗျူဟာသည်လည်း ထိုနည်း၎င်းပင် အချိန်တိုအတွင်း  အရှုံးဖြင့်နိဂုံးချုပ်ခဲ့ကြရဖူးသည်။

သို့သော် ဘာသာရေးအရ မဟာဗျူဟာချမှတ်ကျင့်သုံးရသည့်အခါ နောင်နှစ်ပေါင်း (၁၀၀၀) တစ်ထောင်လည်းမက၊ ဘဝပေါင်းတစ်ထောင် တစ်သောင်းလည်းမက
 ကမ္ဘာပေါင်း အသိန်းအသောင်းမက သတ္တဝါအများ 
လူ့ရပ်နတ်ရွာနှင့်တကွနိဗ္ဗာန်ရောက်သည်အထိ ချမှတ်၍ ဦးဆောင်
အကောင်အထည်ဖေါ်ဆောင်ရွက်ကြရသည်။
 (ကရုဏာနှင့်ပညာရှိကြသော ဘာသာရေးခေါင်းဆောင်များကိုသာဆိုလိုသည်) 
မှန်၏။ ဘုရားအလောင်းတော်သည် လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်း
ကာလကြာမြင့်သည်အထိ အားလုံးသောသက်ရှိသတ္တဝါများအတွက် မဟာဗျူဟာချမှတ်၍ ဦးဆောင်ကာအကောင်အထည်ဖေါ်ဆောင်ရွက်ခဲ့သည်။
 နောင်အနာဂတ်လေးအသင်္ချေနှင့်
ကမ္ဘာတစ်သိန်းကာလအထိ မျှော်မြင်ကာ လုပ်ဆောင်ခဲ့သည်ဟု ဆိုလိုသည်။ ( နိုင်ငံရေးကိုနားလည်၍မဟုတ်ပါ၊ မိမိ၏ထင်မြင်ချက်သက်သက်မျှကိုသာတင်ပြခြင်းဖြစ်ပါသည်။
မှားခဲ့လျှင် လွတ်လပ်စွာဝေဘန်အကြံပေးနိုင်ပါသည်)။

ထို့ကြောင့် နံပါတ်ခြောက် ဂုဏ်အင်္ဂါအရ အမျှော်အမြင်ရှိခြင်းသည်လည်း နာယကဖြစ်သူအတွက်အရေးကြီးသလို သူဦးဆောင်ရသော 
လူမှုအဖွဲ့ အစည်းအတွက်လည်း အသက်သွေးကြောပင်ဖြစ်သည်။ နာကကဖြစ်သူတိုင်း အကြီးအကဲနေရာမှ ဦးဆောင်ရသူတိုင်း အထက်ပါ နာယကဂုဏ်ခြောက်းပါးနှင့်အမှန်တကယ်ပြည့်စုံကြလျှင် ထိုလူမှုအဖွဲ့ အစည်း ထိုနိုင်ငံသည် အမှန်ပင်တိုးတက်အေးချမ်းနေမည်မှာ သေချာလှသည်။ ရှေးရှေးပညာရှိများသည် လူမျိုး နေရာဒေသ ယဉ်ကျေးမှု ဘာသာတရား ဘာသာစကား အသားအရောင်ဘာကိုမျှမခွဲခြားဘဲ အားလုံးနှင့်သက်ဆိုင်သော ကမ္ဘာတည်သ၍မှန်ကန်နေမည်ဖြစ်သော ထာဝရနာယကစည်းမျဉ်း သို့မဟုတ် နာယကအခြေခံဥပဒေကို လောကအတွက်တင်ဆက်ခဲ့ကြလေသည်။ ချီးမြှောက်ခဲ့ကြလေသည်။ အသင့်စားသုံးရန်ထုတ်လုပ်ပေးခဲ့ကြလေသည်။ ထိုစည်းမျဉ်း သို့မဟုတ် အခြေခံဥပဒေသတို့ကို အသင့်စားသုံးကာ(အသုံးပြု) တိုးတက်သောလူမှုဘဝ၊ အေးချမ်းသောလူမှုအဖွဲ့ အစည်းဖြစ်
လေအောင် လက်တွေ့ဆန်သောမဟာဗျူဟာဖြင့်ခရီးဆက်ဖို့အရေးကား မိမိတို့၏တာဝန်သာဖြစ်တော့သည်။

လင်္ကာ။ ထကြွနိုးကြား၊ သနားသည်းခံ၊ ဝေဖန်ထောက်ရှု၊ ဤခြောက်ခု ကြီးသူ့နာယကဂုဏ်။

Patience, vigilance, and industry, liberality, compassion and hope-these are the qualities of a leader; these are the qualities that should be wished for by the righteous.
 (ဘာသာပြန် ဂျိမ်းစ်ဂရေး) လောကနီတိ သုခ စာအုပ်မှ။


 ဒေါက်တာဘုန်းသူရိန်

0 comments:

Post a Comment

***ဓမ္မမိတ်ဆွေများ၏အမှာစကား***