Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Tuesday, September 30, 2014

ဒိုင်ယာရီအပိုင်းအစလေးများ ( ၁၄ ) အဖြေကို နှစ်သက်ပါတယ်

 ဟိုတယ်တွင် တည်းခိုရသည်မှာလည်း အဆင်ပြေသည်ပင်။ ပို၍အဆင်ပြေသည့်အရာမှာ နံနက်စာ
 ( အာရုံဆွမ်း ) ပင်ဖြစ်သည်။ ဟိုတယ်မှကျွေးသော အာရုံဆွမ်းသည် များပြားစုံလင်လှသည်။ သားသတ်လွတ်ဟင်းအမယ်က ( ၁၀ ) မျိုးလောက်ရှိမည်ထင်သည်။ အသားငါးဟင်းများကလည်း
 ( ၁၀ ) မျိုးခန့်လောက်ရှိသဖြင့်စုံလင်သည်။ ထိုအထဲတွင် မိမိအကြိုက်ဆုံးဖြစ်သည့် ဖင်လန်အခေါ်
 မက္ကရာ ( အသားမျိုးစုံကို ရောကြိတ်ထားပြီး ဝက်အူချောင်းပုံသဏ္ဌာန်ရှိလျှက် ကင်ထားသည့်အစားအစာ ) ကိုလည်းတွေ့ရသည်။ ထို့ပြင် ဝက်ဆားနယ်ခြောက် ပါးပါးကိုကင်ထားသည့် အစားအစာ ( bacon ) ကိုလည်းတွေ့ရသည်။ များစွာသော ဟင်းအမယ်များထဲမှ မက္ကရာနှင့် ဝက်ဆားနယ်ခြောက်ကို ဆလပ်ရွက်နုနုလေးများဖြင့် ရော၍သုံးဆောင်လိုက်သည်။ မိမိကြိုက်နှစ်သော အစားအစာဖြစ်သဖြင့် အရသာလည်းရှိ နှစ်သက်မှုလည်း ဖြစ်ရသည်။ ထို့ပြင် ကြက်ဥမွှေကြော်နှင့် ငါးသေးသေးလေးများကို အချဉ်ရည်စိမ်ထားသည်ကိုလည်း ဆလပ်ရွက်နုနုလေးများနှင့် ရောနှောကာလွေးလိုက်သေးသည်။ ဘလက်ခ် ကော်ဖီတစ်ခွက်ကိုဖြေးညှင်းစွာ မျိုကျိုက်လျှက် နံနက်စာ အာရုံဆွမ်းကို အပြီးသတ်လိုက်သည်။ အားလုံးကျမ္မာချမ်းသာကြပါစေဟုလည်း အာရုံဆွမ်းစားသုံးစဉ် စူးစိုက်စွာမေတ္တာပို့နေမိသေးသည်။

  ထိုနေ့ ( ၂၁.၀၉.၂၀၁၄ ) နံနက် ( 9:30 ) တွင် ဟိုတယ်မှ သင်တန်းဌာနသို့စတင်ထွက်ခွါ၍ နံနက် ( 10 ) နာရီတွင် တနင်္ဂနွေနေ့သင်တန်းစတင်ရသည်။ Buddhism အကြောင်းကို တစ်နာရီကျော်ကြာမျှ သင်ကြားပြီးသောအခါ အမျိုးသားတစ်ယောက်မှ မေးခွန်းတစ်ခုမေးလာလေသည်။

မေးခွန်း…၅။ ဗုဒ္ဓက အခြားဘာသာစကားနဲ့မဟောဘဲ ဘာကြောင့် မဂဓဘာသာနဲ့ဟောတာလဲ?

ဖြေ….၅။ ဒီဘာသာစကားဟာ မဂဓတိုင်းမှာ သုံးတဲ့ဘာသာစကားဖြစ်တယ်။ အာရိယန် ( အရိယ ) လူမျိုးတို့ သုံးတဲ့ဘာသာစကားလဲဖြစ်တယ်။ အဲဒီ ဗုဒ္ဓခေတ်ရဲ့ အများသုံးဘာသာစကားဖြစ်ပြီး ပေါ်ပြူလာဖြစ်ခဲ့တဲ့ ဘာသာစကားလဲဖြစ်တယ်။ ဒီနေ့ခေတ် အင်္ဂလိပ် ပြင်သစ်စတဲ့ ဘာသာစကားတွေရဲ့ အများသုံးဖြစ်မှု ပေါ်ပြူလာဖြစ်မှုတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် ပိုလို့ထင်ရှားမယ်။

ဒါ့အပြင် လောကီလူမှုနယ်ပယ်မှ အဓိပ္ဗါယ်များကိုသာမက လောကုတ္တရာနယ်ပယ်မှ အဓိပ္ဗါယ်တွေကိုပါ တိတိကျကျ ဖေါ်ပြပေးနိုင်တဲ့  ဘာသာစကားလဲဖြစ်တယ်။ အထူးသဖြင့် မဂဓဘာသာဟာ လူသားတို့ရဲ့ မူလဘာသာစကားလဲဖြစ်တယ်။ ဘယ်ဘာသာစကားကိုမျှ မကြားဘူး မပြောဘူးတဲ့ ကလေးငယ်တစ်ယောက်ဟာ အစဦးဆုံးစကားပြောမယ်ဆိုရင် မဂဓဘာသာကိုသာပြောမယ်။ ဒါကြောင့် လူသားတို့ရဲ့ မူလဘာသာစကားလို့ ဆိုခြင်းဖြစ်တယ်။ နတ်တွေ ဗြာဟ္မာတွေကလဲ မဂဓဘာသာစကားကိုပဲ သုံးကြတယ်။ ဒါကြောင့် ဗုဒ္ဓက မဂဓဘာသာနဲ့ဟောခဲ့တာဖြစ်တယ်။ သူကား ခေါင်းညိတ်လျှက် “ မင်းရဲ့အဖြေကို နှစ်သက်ပါတယ် ” ဟု ဆိုလေသည်။ ( ဆက်လက်ဖေါ်ပြပါမည် )


0 comments:

Post a Comment

***ဓမ္မမိတ်ဆွေများ၏အမှာစကား***