Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Thursday, November 28, 2013

ဂင်္ဂါရေအလျဉ် အစဉ်စီးဆင်းပါစေသား


ဓမ္မဂဂါင်္ဟု အွန်လိုင်းစာဖတ်သူများသိထားကြသော မိမိ၏သူငယ်ချင်းရောင်းရင်း
လည်းဖြစ်သော သာသနာရေးလုပ်ငန်းများကိုတွဲဖက်၍ဆောင်ရွက်ခဲ့ဖူးသူ အရှင်ဝိစိတ္တသာရ၏ မွေးနေ့မင်္ဂလာလက်ဆောင်အဖြစ် ဤပို့စ်ကိုရေးသား၍
ဂုဏ်ပြုရခြင်းအတွက် ဝမ်းသာမိသည်။ အရှင်ဝိစိတ္တသာရဟူသောဘွဲ့နာမည်၏ အဓိပ္ဗါယ်ကို မြန်မာမှုပြုရသော် “ မောင်ဆန်းနှစ် သို့မဟုတ် “ ထူးသာရ ” ဟူ၍ဖြစ်သည်။ ဆန်းလည်းဆန်းကျယ်သည်။ အနှစ်သာရလည်းပြည့်ဝသည်။ ထိုအဓိပ္ဗါယ်နှစ်မျိုးလုံးပါဝင်သည့်ဘွဲ့နာမည်ကိုပေးအပ်ခဲ့သော ဥပဇ္ဈာယ်ဆရာတော်၏ နာမည်ပေးစွမ်းရည်ကိုလည်း သဘောကျချီးကျူးမိသည်။ အမှန်စင်စစ် သူ၏နာမည်သည် သူ၏ပင်ကိုယ်မူလစွမ်းရည်များကြောင့်ရရှိထားသောအနွတ္ထနာမည်
သာဖြစ်သည်။ နာမည်ကောင်းအောင် တမင်ကြံဆောင်၍ပေးအပ်ထားသော ရုဠှီနာမည်မဟုတ်ချေ။ မှန်၏။ သူ၏အတွေးအမြင် အယူအဆများကား အများနှင့်မတူ တမူဆန်းသစ်လှသည်။ ထိုဆန်းသစ်သောအတွေးအမြင်များသည် အနှစ်သာရလည်းပြည့်လှသည်။ မိမိတို့စကားလက်ဆုံကျဖြစ်သည့်အခါတိုင်း ဆန်းသစ်ပြည့်ဝသော အကြောင်းအရာမျိုးကို ကြားရတတ်လေ့ရှိသည်။

  မိမိသည်သူနှင့် ( ၂၀၀၇ ) ခုနှစ်တွင် အိန္ဒိယနိုင်ငံတွင် ပညာသင်စဉ်ကာလမှ
စတင်သိကျွမ်းခင်မင်ခဲ့သည်။ မှတ်မှတ်ရရပြောရလျှင် ( ၂၀၀၇ ) ခုနှစ် အိန္ဒိယနိုင်ငံဆိုင်ရာပညာသင်မြန်မာရဟန်းတော်များသာယာဖွဲ့ဖြိုးရေးအဖွဲ့၏ နှစ်ပတ်လည်အစည်းအဝေးကြီးတွင် စတင်သိကျွမ်းခင်မင်ခဲ့ရသည်။ ထိုစဉ်က သူသည် ဗာရာဏသီမြို့ ရှိ ဆန်ဆကရစ်တက္ကသိုလ်နှင့် B H U တက္ကသိုများ၏ကျောင်းသား
ဥက္ကအဖြစ်တာဝန်ယူရင်း MMWAI ၏နှစ်ပတ်လည်စာစောင်အတွက် အယ်ဒီတာချုပ်တာဝန်ကိုဆောက်ရွက်ခဲ့သူဖြစ်သည်။ ထိုစဉ်က မိမိသည် နာလန္ဒာတက္ကသိုလ်၏ အတွင်းရေးမှုးတာဝန်ကိုထမ်းဆောင်ရင်း အင်္ဂလိပ်ဆောင်းပါးတစ်ပုဒ်ကိုစတင်ရေးသားကာ သူ့ထံသို့ပေးပို့ခြင်းဖြင့်
ရင်းနှီးမှုပိုမိုခိုင်မာခဲ့သည်။ မိမိသည်သူ့ကို စတင်သိကျွမ်းစဉ်က ဓမ္မဂင်္ဂါမဟုတ်ခဲ့။ မော်ဒန်ဟူ၍သာ သိခဲ့သည်။ သူ၏နာမည်ရင်းကို မသုံးနှုန်းကြဘဲ အားလုံးက မောဒန်ဟူ၍သာခေါ်ဝေါ်သုံးနှုန်းခဲ့ကြသည်။ ထိုသို့ ခေါ်ဝေါ်သုံးစွဲသည်မှာ
သင့်လျော်လှသည်။ အကြောင်းမှာ သူ၏အတွေးအကြံနှင့်အမျှော်အမြင်တို့သည် အမြဲတန်းခေတ်မီနေသောကြောင့်ဖြစ်သည်။ လူမှုလောကအတွက် လက်တွေ့ကျကျအသုံးမတည့်ဘဲ မှားယွင်းစွာစွဲမြဲနစ်ဝင်နေသည့်အစဉ်အလာများကို တူးဆွကာဖယ်ထုတ်ရှင်းလင်း၍ ဓမ္မလမ်းကြောင်းမှ မသွေဖည်သောအတွေးကြံသစ် အမြင်သစ်တို့ဖြင့် သွက်လက်ထက်မြက်ရှင်းလင်းသောလက်ရာတို့ကို အများသိစေရန်တင်ပြတတ်သော စွမ်းရည်သည် သူ့မှာအပြည့်ရှိသည်။ 

  ထို့ပြင် သူသည်အလွန်ဖေါ်ရွေစွာဆက်ဆံတတ်သူဖြစ်သလို ပွင့်လင်းမှု
လည်းရှိသူဖြစ်သည်။ ဖေါ်ရွေမှုနှင့်ပွင့်လင်းမှုသည် သူ၏နှလုံးသားမှ
ထွက်လာခြင်းဖြစ်ပြီးလျှင် ထက်မြက်မှုသည်သူ၏ ပင်ကိုယ်ဥာဏ်စွမ်းမှ
ထွက်ကျလာသောနှစ်သက်မြတ်နိုးဖွယ်ရာရတနာများဖြစ်သည်ဟုဆိုချင်သည်။ ပညာရောနှလုံးသားပါ ပြည့်ဝသူမို့အများအတွက်ကောင်းသောအရာများစွာကို
စွမ်းဆောင်ပေးနိုင်သူဖြစ်သည်။ ထို့ကြောင့်ပင် မိမိသည်သူနှင့်စကားလက်ဆုံ
ကျမိသည့်အခါတိုင်း ပညာရေးဆိုင်ရာဗဟုသုတများလည်းရသလို လူမှုဆက်ဆံရေးနှင့်ပျော်ရွှင်စွာဘဝကိုဖြတ်သန်းတတ်မှုကိုလည်း ယူနိုင်သလောက်ရခဲ့သည်ချည်းဖြစ်သည်။ Myanmar Monk Students' Welfare Association of India ( MMWAI ) တွင် သူနှင့်အတူတွဲ၍ နှစ်အတန်ကြာမျှ
အလုပ်လုပ်ခဲ့ရသည်။ သူ၏စွမ်းဆောင်ချက်တို့သည် အဖွဲ့အတွက်ပညာရေးအရ အလွန်အကျိုးသက်ရောက်ခဲ့သည်။ အထူးသဖြင့် ( ၂၀၁၀ ) ခုနှစ်တွင် မိမိက ( MMWAI ) ၏ ဗဟိုဥက္ကဋ္ဌတာဝန်ကိုယူခဲ့ပြီးလျှင် သူကအထွေထွေအတွင်းရေးမှုးတာဝန်ကို
ယူခဲ့ရသူဖြစ်သည်။ သူနှင့်အတူတွဲ၍ သာသနာရေး ပညာရေးကိစ္စများကို
အတိုင်းအတာတစ်ခုအထိရောက်အောင် စွမ်းဆောင်နိုင်ခဲ့သည်။ ထိုစဉ်က သူ၏စွမ်းဆောင်ချက်များသည် ပညာကိုမြတ်နိုးတော်မူကြသော
သံဃာတော်များအတွက်အလွန်ပင်ကျေနပ်ဖွယ်ရာဖြစ်ခဲ့သည်။ မမေ့နိုင်စရာကာလများလည်းဖြစ်ခဲ့သည်ဟု ဆိုရချိမ့်မည်။ ထိုနှစ်တွင် မိမိတို့နှစ်ပါးလုံးသည်ယူထားသောတာဝန်အသီးသီးမှအနားယူကာ ကိုယ်တိုင်ရွေးချယ်ထားသောကိုယ်ပိုင်လမ်းစဉ်အသီးသီးဖြင့်ဘဝကန္တာရကို ဆက်လက်ဖြတ်သန်းခဲ့ကြသည်။ မိမိကဥရောပသို့ရောက်ရှိ၍ သူကလည်း အောစတေးလျ ဥရောပနိုင်ငံများသို့သွားရောက်လည်ပတ်ကာ နိုင်ငံတကာ
ဗဟုသုတများကို လက်တွေ့ကျကျရှာဖွေခဲ့သည်။ ထိုနိုင်ငံတကာအတွေ့အကြုံများ
ကြောင့်ပင် သူ၏ပင်ကိုယ်ထက်မြက်သောဥာဏ်ရည်သည် ပို၍တောက်ပခဲ့သည့်နည်းတူ ဖေါ်ရွေပျူငှာသောသူ၏ နှလုံးသားသည်လည်းပို၍ပင် ပွင့်လင်းလွတ်လပ်လာခဲ့သည်ဟု မိမိယူဆမိသည်။

  ( ၂၀၁၂ ) ခုနှစ်တွင် မိမိသည် ပီအိတ်ခ်ျဒီအတွက်ရေးထားပြီးဖြစ်သော
ကျမ်းကိုတင်သွင်းရန် အိန္ဒိယသို့ပြန်လည်ရောက်ရှိလာခဲ့သည်။ ကျမ်းတင်သွင်းပြီး၍ မိမိကျမ်းကိုတက္ကသိုလ်မှ စစ်ဆေးနေစဉ်အတွင်းဝယ် သူသည်နိုင်ငံတကာ
ခရီးထွက်ရဘို့အခွင့်တဖန်ဆိုက်လာပြန်လေသည်။ ထိုအခါ သူသည် ဗာရာဏသီမြို့  Central University of Tibetan Studies တွင် ဧည့်ပါမောက္ခအဖြစ်
ထမ်းဆောင်နေရသောလက်ရှိတာဝန်ကြောင့် ခရီးအတွက်အခက်ခဲကြုံရတော့သည်။ ထို့ကြောင့် မိမိကို သူ့ကိုယ်စားဧည့်ပါမောက္ခအဖြစ်တာဝန်ထမ်းဆောင်ရန် ကမ်းလှမ်းခဲ့လေသည်။ အစတွင်မိမိက အတန်တန်ငြင်းခဲ့သော်လည်း သူ၏ပညာကိုချစ်မြတ်နိုးသောစိတ်ထားနှင့်ကျယ်ပြန့်သောနှလုံးသားတို့ကြောင့် သူ၏ကမ်းလှမ်းမှုကိုဖြည့်ဆည်းပေးခဲ့သည်။ အမှန်စင်စစ် ထိုဖြည့်ဆည်းပေးခဲ့မှုသည် မိမိအတွက် ကောင်းသောအခွင့်အရေးနှင့်အတွေ့အကြုံပင်ဖြစ်ခဲ့သည်။ ထိုအခွင့်အရေးမျိုးကိုလိုက်ရှာနေကြရသောအများသူငါအကြားဝယ် မိမိအပေါ်
အကျိုးလိုလားသောနှလုံးသားဖြင့်နေရာတစ်ခုသို့ရောက်အောင်မြှင့်တင်ပေးခဲ့သော သူ့ကိုကျေးဇူးတင်မိပေသည်။ ဤသို့ဖြင့် မိမိသည် မျှော်လင့်မထားသော ဧည့်ပါမောက္ခရာထူးကို တရားဝင်ခန့်အပ်ခြင်းခံရမှုနှင့်အတူ မဟာယာနအများစုတို့
အကြားဝယ်ထေရဝါဒ၏ ခိုင်မာသော သန့်စင်သော အပြောင်းအလဲမရှိသောဓမ္မကို ဖြန့်ဝေခွင့်ရခဲ့သည်။ သူ၏စွမ်းဆောင်မှုသာမပါလျှင် မိမိသည်ထိုနေရာသို့
ရောက်ရှိခဲ့မည်မဟုတ်ပါချေ။ ထိုသို့ စွမ်းဆောင်နိုင်ခဲ့မည်လည်းမဟုတ်ချေ။

 ထို့ပြင် သူသည် မိမိကိုဘလော့တစ်ခုဖွင့်၍စာရေးသားရန် အတန်တန်တိုက်တွန်း
ခဲ့ဖူးသည်။ သူက အားတက်သရောတိုက်တွန်းသော်လည်း မိမိ၏အတွေးနှင့်အရေးက မထက်မြက်၊ မသွက်လက်သောကြောင့်မရေးဖြစ်ခဲ့။ မိမိဖင်လန်နိုင်ငံသို့ရောက်သာအခါ သူကစေတနာကြီးစွာထပ်မံတိုက်တွန်းပြန်သည်။  “ အရှင် ဥရောပမှာရောက်ပြီးတော့ ဘလော့လေးတစ်ခုလောက်မှဖွင့်ပြီး စာမရေးဘူးဆိုရင် ဘာအဓိပ္ဗါယ်ရှိမှာလဲ၊  ရေးစမ်းပါ၊ အရှင်ရေးတာတွေဖတ်ချင်လို့ပါ ” တဲ့။ သူ၏တိုက်တွန်းမှုကြောင့်ပင်
ကိုယ်ပိုင်ဘလော့တစ်ခုဖွင့်၍ စာရေးဖြစ်ခဲ့ပြန်သည်။ ထို့ပြင် နိုင်ငံတကာ ဗုဒ္ဓဘာသာညီလာခံများသို့ သူနှင့်အတူတွဲ၍ ဆင်နွှဲခဲ့သည်မှာလည်း အကြိမ်ကြိမ်ပင်ဖြစ်
သည်။ ထိုသို့ ဆင်နွှဲရသည့်အခါတိုင်း မိမိအားနည်းသည့်အရာများကို သူ့ထံမှရယူခဲ့သည်။ သူ၏ ပညာရည်နှင့်ကျယ်ပြန့်သောသဘောထားသည် မိမိ၏လုပ်ငန်းနှင့်ဘဝလမ်းစဉ်ကိုကျေးဇူးပြုပေးနိုင်ခဲ့သည်။ ဤသည်မှာ မိမိတစ်ဦးတည်းအတွက် ကျေးဇူးပြုသည်များကိုသာမှတ်မိသမျှဖေါ်ပြခြင်းဖြစ်သည်။ အခြားသူများစွာအတွက်လည်း သူသည် ဤမျှသောအတိုင်းအတာဖြင့်ဖြစ်စေ ဤမျှထက်ပိုသော အတိုင်းအတာဖြင့်ဖြစ်စေ ကျေးဇူးပြုပေးနိုင်မည်မှာ အမှန်ပင်ဖြစ်သည်ဟု ယုံကြည်မိသည်။ အကြောင်းကိုဆိုသော် သူသည် ပညာရည်နှင့်နှလုံးရည်ပြည့်ဝသောကြောင့်ပင်ဖြစ်သည်။

 တဖန် အိန္ဒိယတွင်ရှိနေစဉ် သူတည်ဆောက်ခဲ့သော ဓမ္မဂင်္ဂါဟူသောကောင်းကင်ပေါ်မှ
အွန်လိုင်းမြစ်တစ်စင်းသည် ကမ္ဘာအရပ်ရပ်သို့ပျံ့ နှံ့စီးဆင်းနေခဲ့သည်။ နိုင်ငံတကာမှ ဓမ္မအသိဥာဏ်ကိုချစ်မြတ်နိုးသူများသည် တသွင်သွင် အစဉ်စီးဆင်းနေသော
သူ၏ဓမ္မဂင်္ဂါမြစ်မှ အေးမြသန့်စင်သော ထက်မြက်သွက်လက်သော ပွင့်လင်းသော
ဓမ္မရသတို့ကို ကျေနပ်စွာခံစားသုံးဆောင်ကြရသည်။ မိမိလည်းသူ့ကို အားကျ၍ “ အရှင်က ဓမ္မဂင်္ဂါမြစ်ကိုတည်ဆောက်လျှင် ငါက ဓမ္မယမုံနာမြစ်ကိုတည်ဆောက်မည် ” ဟုပြောခဲ့ဖူးသည်။ အိန္ဒိယမှ သက်မဲ့ဖြစ်သောသဘာဝဂင်္ဂါမြစ်သည် အိန္ဒိယရှိ လူမျိုးဇာတ်အသီးသီးတို့အတွက် ဟိန္ဒူအယူဝါဒအရ ကိလေသာသန့်စင်ဆေးကြောရန် အရေးပါသောမြစ်ကြီးတစ်စင်းပင်ဖြစ်သည်။ ထို့အတူ ကောင်းကင်ပေါ်မှ သူဖန်တီးထားသော ဓမ္မဂင်္ဂါဟူသောမြစ်တစ်စင်းသည်လည်း သောက်သုံးကြရသော
သူများတွက် ဘဝသန့်စင်အေးမြရေးနှင့်ထက်မြက်တိုးတက်ရေးတို့အတွက် အရေးပါသောမြစ်တစ်စင်းပင်ဖြစ်သည်။ မြေပြင်မှဂင်္ဂါမြစ်သည် လောကကိုကျေးဇူးပြုသည့်နည်းတူ ကောင်းကင်ပေါ်မှဓမ္မဂင်္ဂါမြစ်သည်လည်း လောကကိုကျေးဇူးပြုနေသည်ပင်ဖြစ်သည်။ အိန္ဒိယကို ဗဟိုပြု၍ စတင်စီးဆင်းခဲ့သော ဓမ္မဂင်္ဂါမှဓမ္မရေစဉ်တို့သည် ယခုအခါ အမိရွှေပြည်ကြီးကိုဗဟိုပြု၍ နိုင်ငံအသီးသီးသို့
စီးဆင်းစေတော့မည်။ နိုင်ငံအသီးသီးမှ ဓမ္မချစ်သူ သာသနာချစ်သူတို့သည်လည်း ပိုမို၍သန့်စင်သော ပိုမို၍ရသပြည့်ဝသောဓမ္မရေစဉ်ကို အစဉ်ဆက်လက်၍ သောက်သုံးကြရပေအုံးမည်။ သောက်သုံးသည့်အတိုင်းလည်း ကောင်းကျိုးတွေ ဝေစည်နေမည်မှာ အမှန်ပင်ဖြစ်သည်။ အထူးသဖြင့် ယခုစတင်တည်ဆောက်နေ
ပြီဖြစ်သောဓမ္မဂင်္ဂါပါဠိကောလိပ်သည် လူ့အလွှာအသီးသီးဆီသို့ အစဉ်အမြဲစီးဆင်းနေမည်ဖြစ်သော ဓမ္မဂင်္ဂါမြစ်ကြီး၏ မြစ်ဖျားခံရာဖြစ်ပေတော့မည်။ ဂင်္ဂါရေအလျဉ် အစဉ်စီးဆင်းပါစေ၊ သောက်သုံးကြသူအများလည်း အေးချမ်းတိုးတက်ကြပါစေဟု ဆုတောင်းမေတ္တာဖြင့် ဓမ္မဂင်္ဂါအရှင်၏ မွေးနေ့မင်္ဂလာအတွက် လက်ဆောင်ပါးအပ်ပါသည်။

                      

***ဓမ္မမိတ်ဆွေများ၏အမှာစကား***