Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Monday, November 4, 2013

အသုံးတည့်ပညာ ( ၂ )

ယနေ့ပညာရပ်အမျိုးမျိုးကို နိုင်ငံအသီးသီးတွင် လူမျိုးအသီးသီးနှင့်အလွှာတန်းစားမြောက်များစွာတို့
သင်ယူနေကြခြင်းသည် ထိုထိုပညာရပ်တို့ကို မိမိတို့သက်ဆိုင်ရာဘဝနယ်ပယ်နှင့်မျက်နှာစာအသီးသီးတွင် အသုံးချရန်ပင်ဖြစ်သည်။ ထိုထိုပညာရပ်အသီးသီးသည် သက်ဆိုင်ရာနယ်ပယ်နှင့်မျက်နှာစာအတွက် အသုံးတည့်အောင်အသုံးပြုပါက အသုံးတည့်မည်သာဖြစ်သည်။ သို့သော် ထိုအသုံးတည့်မှုသည်
လူ့လောကအတွက်အမှန်တကယ်ကောင်းကျိုးပြု မပြုကိုတော့ သတိပြုကာဆန်းစစ်ဘို့လိုမည်ပင်ဖြစ်
သည်။ ကောင်းသည့်နေရာတွင် အသုံးတည့်ခြင်းလော သို့မဟုတ် မကောင်းသည့်နေရာတွင်အသုံးတည့်
ခြင်းလော ဆိုသည်ကိုမူ သတိဥာဏ်ပညာနှင့်ကရုဏာတရားတို့ကိုအခြေခံ၍ စဉ်းစားလုပ်ဆောင်
ရမည့်အချက်ဖြစ်သည်။ ထို့ပြင် အချို့ သောပညာရပ်တို့သည် တစ်ဦးတစ်ယောက်အတွက် သို့မဟုတ်
အဖွဲ့အစည်းတစ်ခုအတွက် ယာယီအားဖြင့်အသုံးတည့်သယောင်ထင်ရသော်လည်း ရေရှည်တွင်
အများအတွက်ရော မိမိအတွက်ပါနစ်နာစေနိုင်စေလေသည်။ ဥပမာအားဖြင့် ကိုယ်ကျင့်တရား
ကင်းမဲ့သော အတတ်ပညာရပ်များနှင့်ကိုယ်ကျင့်တရားမှသွေဖည်သွားစေသောအသိပညာရပ်များဖြစ်သည်။ မှန်၏။ ကိုယ်ကျင့်တရားကင်းမဲ့လျှင် မည်သည့်ပညာရပ်ပင်ဖြစ်စေကာမူ လူမှုလောကအတွက်ကောင်း
ကျိုးမပြုနိုင်ချေ။ 

  ဤနေရာ၌အလျဉ်းသင့်သဖြင့် သီလက္ခန်ပါဠိတော် သောဏဒဏ္ဍသုတ်၌လာရှိသော သောဏဒဏ္ဍပုဏ္ဏား
မှ မြတ်စွာဘုရားအားလျှောက်ထားသည့်စကားရပ်ကိုထည့်သွင်း၍အကျဉ်းချုပ်ကာသုံးသပ်ပြချင်ပါသည်။
 မြတ်ဗုဒ္ဓသည် သောဏဒဏ္ဍပုဏ္ဏားအား အင်္ဂါအချက်အလက်မည်မျှပြည့်စုံမှ ပုဏ္ဏားဟုခေါ်ဆိုသတ်မှတ်နိုင်
သနည်းဟု မေးတော်မူရာတွင် သောဏဒဏ္ဍပုဏ္ဏားမှဤသို့ပြန်လည်ဖြေကြားခဲ့သည်။ 
“ ရှင်တော်မြတ်ဘုရား ပုဏ္ဏားဟုခေါ်ဆိုသတ်မှတ်နိုင်ရန်အတွက် ၁။ ရုပ်အဆင်းအင်္ဂါချောမောလှပတင့်
တယ်ခြင်း၊ ၂။ ဝေဒကျမ်းဂန်မန္တာန်တို့ကိုတတ်သိနားလည်ခြင်း၊ ၃။ ပုဏ္ဏားအမျိုးဇာတ်၏စင်ကြယ်ခြင်း၊ 
၎။ ကိုယ်ကျင့်သီလနှင့်ပြည့်စုံခြင်းနှင့်၊ ၅။ ပညာနှင့်ပြည့်စုံခြင်းဟူ၍ အင်္ဂါငါးချက်ပြည့်စုံဘို့လိုအပ်ပါသည်။ 
သို့သော်လည်း အထက်ပါအချက်ငါးချက်တွင် နံပါတ် ၁၊ ၂၊ ၃၊ အချက်တို့သည် ပဓာနမကျ အဓိကမဟုတ်
ကြောင်း၊ နံပါတ် ၄ နှင့် ၅ ဖြစ်သည့် ကိုယ်ကျင့်သီလနှင့်ပညာတို့ပြည့်စုံခြင်းဟူသော အချက်နှစ်ချက်
သည်သာ ပဓာနအဓိကဖြစ်ပါကြောင်း၊ ထိုပဓာနအချက်နှစ်ချက်တွင် ကိုယ်ကျင့်သီလကိုဖြစ်စေ သို့မဟုတ် ပညာကိုဖြစ်စေ တစ်ခုခုကိုဖယ်ထုတ်လိုက်ပါက ပုဏ္ဏားဟူ၍ခေါ်ဆိုသတ်မှတ်၍မရနိုင်တော့ကြောင်း ” လျှောက်ထားခဲ့သည်။ မြင့်မြတ်သူဖြစ်ဘို့နှင့်လောကကောင်းကျိုးကိုဆောင်နိုင်ရေးအတွက် ကိုယ်ကျင့်သီလနှင့်အသိ အတတ်ပညာနှစ်ပါးတို့ မရှိမဖြစ်လိုအပ်သည်ဟု ဆိုလိုခြင်းပင်ဖြစ်သည်။ 

   ဆက်လက်၍လျှောက်ထားသည်မှာ “ အိုအရှင် ဂေါတမ ပညာ သီလပရိဓောတာ၊ ပညာကိုသီလဖြင့်
ထက်ဝန်းကျင်ဆေးကြောအပ်ပါ၏။ သီလံ ပညာပရိဓောတံ၊ ကိုယ်ကျင့်သီလကို ပညာဖြင့်ထက်ဝန်းကျင်
ဆေးကြောအပ်ပါ၏။ ဥပမာအားဖြင့် လက်တစ်ဖက်ဖြင့် အခြားလက်တစ်ဖက်ကိုဆေးကြေားသကဲ့သို့
လည်းကောင်း၊ ခြေတစ်ဖက်ဖြင့်အခြားခြေတစ်ဖက်ကိုဆေးကြောသကဲ့သို့လည်းကောင်း ဖြစ်ပါ၏ ”ဟု လျှောက်ထားခဲ့သည်။ ဆိုလိုသည်မှာ ပညာရောင်ကို ကိုယ်ကျင့်တရားဖြင့်ထွန်းပြောင်စေနိုင်သလို
ကိုယ်ကျင့်တရား၏အရောင်အရှိန်အဝါကိုလည်း ပညာဖြင့်ထွန်းပြောင်စေနိုင်ပါ၏ဟု ဆိုလိုရင်းဖြစ်သည်။ 
မှန်၏။ ကိုယ်ကျင့်သီလကင်းမဲ့သော လောကီပညာရပ်များသည် ခြေလက်တို့ကျိုးသူနှင့်တူ၍ အသိနှင့်အတတ်ပညာကင်းမဲ့သော ကိုယ်ကျင့်သီလသည် အကန်းနှင့်တူသည်ဟု မိမိဆိုချင်သည်။ ၎င်းကိုယ်ကျင့်သီလနှင့် ပညာနှစ်ပါးပြည့်စုံမှသာလျှင် မိမိနှင့်လောကကောင်းကျိုးအတွက် ရေတိုရော
ရေရှည်ပါ လိုရာပန်းတိုင်ရောက်အောင် ဆောင်ကြဉ်းနိုင်မောင်းနှင်နိုင်ပေမည်။ ယနေ့ခေတ်စကားနှင့်
ပြောရလျှင် I Q and E Q နှစ်ခုလုံးပြည့်စုံဘို့လိုအပ်လေသည်။ 

   I Q ( intelligence quotient ) ဥာဏ်ရည်ဥာဏ်သွေးသာရှိ၍ E Q ( emotional quotient ) နှလုံးရည်မရှိလျှင် သို့မဟုတ် E Q သာရှိ၍ I Q မရှိလျှင် ပြည့်စုံလှပပြီးအများကစံပြုလောက်သောဘဝတစ်ခုအနေဖြင့် တောက်ပနိုင်မည်မဟုတ်ချေ။ ထိုနှစ်မျိုးတွင် I Q သည် ပညာကိုကိုယ်စားပြု၍ E Q သည်ကိုယ်ကျင့်သီလ
ကို ကိုယ်စားပြုပါသည်။ E Q သည် အဘယ့်ကြောင့်ကိုယ်ကျင့်သီလကိုကိုယ်စားပြုနိုင်သနည်းဆိုလျှင် နှလုံးရည်မြင့်မားသောသူများသည်သာ ကိုယ်ကျင့်သီလကိုစောင့်ထိန်းနိုင်ကြခြင်းကြောင့်ဖြစ်သည်။ မှန်၏ နှလုံးရည်ညံ့ဖျင်းသူသည် မည်သည့်ကိုယ်ကျင့်တရားကိုမျှ စောင့်ထိန်းနိုင်စွမ်းရှိမည်မဟုတ်ချေ။ ပျော့တိပျော့ညံ့ လျော့တိလျော့ရဲဖြင့် အချောင်လမ်းစဉ်ကိုသာလိုက်၍ လောကအတွက်အမှန်တကယ် အသုံးတည့်အောင်စွမ်းဆောင်နိုင်မည်မဟုတ်ချေ။ သုတေသနစစ်တမ်းများအရ I Q သာမြင့်၍ E Q နိမ့်ကျသောသူများသည် ရေရှည်တွင်အများအကျိုးပြုလုပ်ငန်းများ၌ မအောင်မြင်ဘဲဆုံးရှုံးရကြောင်း
ဖေါ်ပြထားသည်ကို မိမိဖတ်ဖူးပါသည်။ သို့ဖြစ်၍ မိမိတစ်ဦးတည်း၏ရေရှည်အောင်မြင်မှုအတွက်ဖြစ်စေ၊ အများကောင်းကျိုးအတွက်ဖြစ်စေ လိုရာပန်းတိုင်သို့ရောက်အောင် ဆောင်ရွက်နိုင်ရန်အတွက် သီလနှင့်ပညာ၊ မြန်မာဝေါဟာရအားဖြင့် ပညာရည်နှင့်ကိုယ်ကျင့်ရည်၊ ယနေ့ခေတ်စကားနှင့်ပြောရလျှင် I Q and E Q တို့ဟန်ချက်ညီညီပြည့်စုံဘို့လိုအပ်လှပါသည်။ သို့မှသာလျှင် မိမိတို့သင်ယူတတ်မြောက်
ထားသော ပညာသည် မိမိတို့တစ်ဦးချင်းစီအတွက်ရော လူမှုလောကအတွက်ပါ အသုံးတည့်သော
ပညာရပ်ဖြစ်နိုင်ပေမည်။ ထိုသို့အသုံးတည့်မှသာလျှင် လူမှုလောကသည်လည်း ဖွံ့ဖြိုးတိုးတက်ကာ သာယာအေးချမ်းနိုင်မည်ဖြစ်သည်။ 

 မိမိတို့နိုင်ငံသည် ဗုဒ္ဓဘာသာအထွန်းကားဆုံးနိုင်ငံဟုဂုဏ်ယူဝင့်ကြွားနေကြသော်လည်း လောကီပိုင်းတွင် ပညာရည်အားဖြင့်လည်း ကမ္ဘာတွင်နိမ့်ကျသောစာရင်းတွင်ပါဝင်နေသလို ကိုယ်ကျင့်ရည်အားဖြင့်လည်း အပျက်ဆီးဆုံး ခြအစားဆုံးနိုင်ငံစာရင်းတွင်ပါဝင်နေသည်ကိုတွေ့ရသည်။ တနည်းဆိုသော် I Q ရော E Q ပါ နှစ်မျိုးလုံးနိမ့်ကျသောနိုင်ငံဖြစ်သည်မှာ အားလုံးအသိပင်ဖြစ်သည်။ ဤသည်မှာ အလွန်ဝမ်းနဲဘွယ်ရာ ရှက်ဘွယ်ရာကောင်းသောအချက်ဖြစ်သလို အထူးသတိပြုဆင်ခြင်ကာ ပြပြင်ရမည့်အချက်လည်းဖြစ်သည်။ 
ဤအချက်ကိုထောက်ဆလျှင် မိမိတို့နိုင်ငံသည် မြတ်ဗုဒ္ဓ၏ဓမ္မများကိုလူမှု့ လောကအတွက် အမှန်တကယ်
ထိရောက်အောင် အသုံးမပြု မကျင့်ကြံကြသေးကြောင်း၊ အကယ်၍ အသုံးပြု ကျင့်ကြံသည်ဆိုလျှင်လည်း အနည်းအကျဉ်းမျှသာရှိမည်ဖြစ်ကြောင်း မညှာမတာဘဲ အမှန်အတိုင်းသုံးသပ်ရမည်ပင်ဖြစ်သည်။ မှန်၏။ မြတ်ဗုဒ္ဓ၏ဓမ္မများကို လူမှု့ လောကအတွက်အမှန်တကယ်သာကျင့်သုံး၍ အကောင်အထည်ဖေါ်ကြမည်
ဆိုလျှင် မြန်မာလူမျိုးသည် ကမ္ဘာတွင် I Q and E Q နှစ်မျိုးလုံးအမြင့်ဆုံးဖြစ်ကာ အချမ်းသာဆုံးနိုင်ငံ
စာရင်းဝင်မည်မှာလည်း မြေကြီးလက်ခတ်မလွဲပင်ဖြစ်မည်ဟု မိမိမမှိတ်မသုံယုံကြည်ပါသည်။

   အကယ်၍ မြတ်ဗုဒ္ဓ၏ညွှန်ကြားချက်နှင့်သင်ပြချက်များအတိုင်းသာ လူမှု့ လောကအတွက်
( နိဗ္ဗာန်အတွက်မဆိုလိုပါ ) လက်တွေ့ကျကျကျင့်ကြံကာအကောင်အထည်ဖေါ်ကြမည်ဆိုလျှင် ကမ္ဘာတွင် ဂုဏ်ယူစရာအကောင်းဆုံးလူမျိုးများသည် အချမ်းသာဆုံးသောနိုင်ငံတွင် အမြင့်မြတ်ဆုံးသော မြတ်ဗုဒ္ဓ၏သာသနာတော်ကြီးကို ပိုင်ဆိုင်ခွင့် ကိုးကွယ်ခွင့်ကို အလွန်ကံကောင်းစွာရရှိထားကြသူများအဖြစ် ဝင့်ကြွားနေနိုင်မည်မှာ အမှန်ပင်ဖြစ်သည်။ မိမိဤစကားကို ဤကဲ့သို့ ရဲရဲကြီးပြောရဲသည်မှာ သာဓကမဲ့စွာ
ပြောနေခြင်းမဟုတ်ပါချေ။ သာဓကအနေဖြင့် မလေးရှားနိုင်ငံလက်အောက်မှလွတ်လပ်ရေးရပြီးနောက် စင်္ကာပူနိုင်ငံကိုတည်ဆောက်ရာတွင် ဝန်ကြီးချုပ် လီကွမ်ယူ၏ အကြံပေးအဖြစ် မြန်မာတစ်ဦးပါဝင်ခဲ့သည်။ အမေရိကန်သမ္မတ ကလင်တန်လက်ထက်တွင် စီးပွါးရေးအကြံပေးထိပ်တန်းပုဂ္ဂိုလ် ( ၁၀ ) ဦးအနက် မြန်မာတစ်ဦးပါဝင်ခဲ့သည်ဟု မိမိဖတ်ရဖူးသည်။ ထို့ပြင် ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ဟောင်း ဦးသန့်သည်လည်း ကမ္ဘာ့နိုင်ငံများ၏ဦးဆောင်နိုင်ငံများဖြစ်ခဲ့ကြသော အမေရိကန်နှင့်ဆိုဗီယက်တို့၏ အလွန်ပြင်းထန်သောပဋိပက္ခအခြေအနေကို အကောင်းဆုံးပြေလည်အောင် တည်ငြိမ်စွာဦးဆောင်
ဖြေရှင်းနိုင်ခဲ့ခြင်းဖြင့် တတိယကမ္ဘာစစ်ဘေးမှကင်းဝေးအောင် စွမ်းဆောင်နိုင်ခဲ့သည်။

ဘာသာရေးပိုင်းတွင်လည်း တိပိဋကဓရ မင်းကွန်းဆရာတော်ဘုရားကြီးသည် မှတ်ဥာဏ်အကောင်းဆုံး
သောလူသားအဖြစ် ကမ္ဘာ့မှတ်တမ်းဝင်ခဲ့သည်။  အထူးသဖြင့် အလွန်လည်းလူသိနည်း၍ ရဟန်းသံဃာ
စာသင်သားများသာသိသော ထန်းတပင်ဆရာတော်ဘုရားကြီးသည် အထက်တန်းအဘိဓမ္မာကျမ်းများ
ဖြစ်သောယမိုက်နှင့်ပဋ္ဌာန်းအရကောက်ကျမ်းကြီးများကိုရေးသားခဲ့သည်။ အမှန်စင်စစ် ဤကျမ်းကြီးများကို ကမ္ဘာတွင်လူသိများအောင် ချမပြနိုင်ကြသေးသောကြောင့်သာ တိမ်မြုပ်နေခြင်းဖြစ်သည်။ ကမ္ဘာသိအောင် ချပြနိုင်လျှင် ကမ္ဘာတွင်အလွန်အံ့သြစရာကောင်းသော ပညာရပ်များဖြစ်မည်မှာ အသေအချာပင်ဖြစ်သည်။ ထို့ကြောင့် မိမိတို့မြန်မာလူမျိုးများသည် ပင်ကိုယ်ဗီဇအားဖြင့် ညံ့သူများမဟုတ်ကြဘဲ နိုင်ငံရေး
ပတ်ဝန်းကျင်၏အခြေအနေကြောင့်သာ စွမ်းရည်များ တိမ်မြုပ်ငုတ်လျှိုးနေကြခြင်းဖြစ်သည်ဟု ခံစားမိသည်။ ဥပမာအားဖြင့် မြန်မာလူမျိုးများသည် ပင်ကိုယ်စွမ်းရည်အရ အပြေးသန်သော်လည်း လေ့ကျင့်မှုမရှိ၊ လေ့ကျင့်ခွင့်လည်းမရသောကြောင့် ပြိုင်ပွဲရှုံးရခြင်းနှင့်တူသည်။ လက်ဝှေ့ထိုးနိုင်သော ပင်ကိုယ်စွမ်းရည်
ရှိသော်လည်း လက်ဝှေ့ထိုးနည်းပညာကို သင်ကြားခွင့် လေ့လာခွင့်မရသောကြောင့်သာ ပြိုင်ပွဲဝင်ခွင့်
မရခြင်းဖြစ်နေသည်နှင့်တူလေသည်။ Nature and nurture ဗီဇနှင့်ပတ်ဝန်းကျင်ဟူသောအကြောင်းတရား
နှစ်ပါးတွင် ဗီဇညံ့ဖျင်းမှုကြောင့်မဟုတ်မူဘဲ ပတ်ဝန်းကျင်၏အားနဲချွတ်ယွင်းခြင်းကြောင့်ပင်ဖြစ်သည်ဟု မိမိဆိုချင်သည်။

    အချုပ်အားဖြင့် အသုံးတည့်ပညာများပြည့်စုံအောင်ကိုယ်ကျင့်သီလများကိုလည်းဖြည့်ကျင့်ကြ
ရမည်ဖြစ်သည်။ ပညာရည်များအရောင်တောက်ပလာအောင်လည်း ကိုယ်ကျင့်ရည်များဖြင့်
အရောင်ခြယ်ကြရမည်ဖြစ်သည်။ I Q များအသုံးတည့်အောင် E Q များကိုမွေးမြူကြရမည်ဖြစ်သည်။ တနည်းဆိုသော် I Q ( intelligence quotient ) E Q ( emotional quotient ) and M Q ( morality quotient ) သုံးမျိုးပြည့်စုံအောင်ဖြည့်ကျင့်ကြရမည်ဖြစ်သည်။ သို့မှသာ နှလုံးရည်နှင့်ကိုယ်ကျင့်ရည်များကိုအခြေခံ၍
အသုံးတည့်သောပညာရည်ဖြင့် ဖွံ့ဖြိုးတိုးတက်အေးချမ်းသာယာသောနိုင်ငံတော်ကြီးကိုတည်ဆောက်နိုင်
ပြီးလျှင် သာကီမျိုးရွှေဗမာတို့ ကမ္ဘာတွင်ဂုဏ်ယူဝင့်ကြွားနိုင်ကြပေမည်။ အားလုံးသော သာကီမျိုး
ရွှေမြန်မာများ အသုံးတည့်ပညာရပ်များဖြင့် အမျိုးဘာသာ သာသနာတော်နှင့်နိုင်ငံတော်ကို မြှင့်တင်နိုင်
ကြပါစေဟု နစ်နောစွာတမ်းတလျှက်။ 


***ဓမ္မမိတ်ဆွေများ၏အမှာစကား***