Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Sunday, February 5, 2012

ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၂၃ ) ဝီရိယပါရမီ

"လူပျင်းတို့သွေး၊ကျင့်မူရေးကား၊
အေးလည်းအေးဟူ၊ပူလည်းပူစွ၊
ညလည်းညသော၊စောလည်းစောစွာ၊
ဆာလည်းဆာနှင့်၊ဝပါတုံလျှင်း၊
ဝမ်းတောင့်တင်းဟု၊ အပျင်းဘို့သာ၊
ရိုးမယ်ရှာ၍၊လိုရာကိစ္စ၊မပြုရဘူး "
ဟူ၍ ကျေးဇူးတော်ရှင်မဃဒေဝမာန်လည်ဆရာတော်ကြီးသည် လူပျင်းတို့၏သဘောလက္ခဏာနှင့်စရိုက်တို့ကို အထက်ပါအတိုင်းစပ်ဆိုတော်မူခဲ့၏။ မှန်၏။ လူပျင်း လူဖျင်း လူညံ့တို့ကိုလေ့လာကြည့်လျှင် အထက်ပါစရိုက်လက္ခဏာများတွေ့ရမည်ဖြစ်၏။
အေးသောကြောင့်လည်းမလုပ်ချင်၊ ပူသောကြောင့်လည်းမစတင်၊ ညအချိန်ဖြစ်သောကြောင့်လည်း မလုပ်ဖြစ်၊ စောနေသေးသောကြောင့်လည်း အချိန်ဆွဲ၊ ဆာလောင်သောကြောင့်လည်း မလုပ်နိုင်၊ စားပြီး၍ဗိုက်ဝသောအခါလည်း ဗိုက်တင်းသောကြောင့် အလုပ်ခွင်မဆင်းဘဲ အပျင်းကိုသာရိုးမယ်ရှာ ရမယ်ဖွဲ့၍ နေလေသောကြောင့် လုပ်သင့်လုပ်ထိုက်၍ ပြီးသင့်ပြီးထိုက် အောင်မြင်သင့်အောင်မြင်ထိုက်သော အလုပ်များမပြီးစီး မအောင်မြင်ဖြစ်ရ၏။ ကောင်းကျိုးဖြစ်ထွန်းမည့် ရလာဒ်များ ဆုံးရှုံးကြရ၏။ အဘယ့်ကြောင့် ဤသို့ရသင့်ရထိုက် ဖြစ်သင့်ဖြစ်ထိုက် အောင်မြင်သင့်အောင်မြင်ထိုက်သော
ကောင်းကျိုးများဆုံးရှုံးရသနည်းဟူမူ ဝီရိယမရှိသောကြောင့်ပင်ဖြစ်၏။ မှန်၏။ ဝီရိယကင်းမဲ့သူသည် ပျင်းရိတွေဝေ၏။ ထုံထိုင်းသည့်ပြင် မှုံမှိုင်း၏။ တက်ကြွလန်းဆန်းမှုကင်း၏။ ထို့ကြောင့် အထက်တန်းကျကျ မျက်နှာပန်းလှလှ ဘဝအခြေအနေသို့
ရောက်စေနိုင်သည့်အခွင့်အလမ်းများ ဆုံးရှုံးရတော့၏။  တစ်ဖန် အပြန်အားဖြင့် ဝီရိယအားကောင်းသူသည် ထက်မြက်သွက်လက်၏။ သူ၏အမူအရာများသည် တက်ကြွဖျတ်လတ်၏။ ဆုံးဖြတ်ချက်နှင့်အတွေးအခေါ်များ ရဲရင့်ပြတ်သား၏။ ထို့ကြောင့်လည်း ဖြစ်သင့်ဖြစ်ထိုက်သော အထက်တန်းကျသည့် အခြေအနေတို့၌ဖြစ်ရ၏။ အောင်မြင်ရ၏။ ဤသို့သော အခြေအနေများ ဖြစ်ရပ်များ စာဖတ်သူတို့၏ ဝန်းကျင်တွင်သတိမူကြည့်ပါက အသိခေါင်းပြူလာမည်ဖြစ်၏။ သို့ဆိုလျှင် ဝီရိယ ဟူသောစကားလုံး၏ အဓိပ္ပါယ်ကား ဘာဖြစ်သနည်းဆိုသည်ကိုသိဘို့လို၏။ အမှန်စင်စစ် ဝီရိယဟူသောဝေါဟာရသည် မြန်မာဝေါဟာရမဟုတ်၊ ပါဠိဝေါဟာရသာဖြစ်၏။ အသုံးတွင်ကျယ်၍ မြန်မာစကားဖြစ်လေဟန် မိမိတို့ရွှေမြန်မာများနှင့် ရင်းနှီးနေခြင်းဖြစ်၏။ ထိုသို့ စကားလုံးအားဖြင့်သာရင်းနှီးသော်လည်း လက်တွေ့အားထုတ်မှုပိုင်းတွင်မူ တစိမ်းပြင်ပြင်သာတည်း။ ဂျင်းစိမ်းနှင့်မိဿလင် သူကြင်မှကိုယ်ကြင် ခပ်အင်အင်ပင် ဖြစ်နေသည်ထင်၏။ ဝီရိယဟူသော စကားလုံး၏အဓိပ္ပါယ်သည် ကြိုးစားအားထုတ်ခြင်း သို့မဟုတ် စွမ်းအင် တနည်း ရဲရင့်ခြင်းဖြစ်၏။ ထို့ကြောင့်ပင် ဝီရိယရှိသူသည် ထက်မြက် တက်ကြွ ရဲရင့်ကြောင်း အထက်တွင်ဆိုခဲ့၏။ ထိုစကားကို အနည်းငယ်ချဲ့အံ့။ ဝီရိယဖြင့်အားထုတ်ရာ၌ ရုပ်ပိုင်းစွမ်းအင်လိုသကဲ့သို့ စိတ်ပိုင်းစွမ်းအားလည်းလိုအပ်၏။ စိတ်ပိုင်းစွမ်းအားသည် ရုပ်ပိုင်းအင်အားထက် များစွာသာလွန် အထက်တန်းကျ၏။ အမှန်စင်စစ် ဤဝီရိယဟူသော ရဲရင့်ခြင်းစွမ်းအားရှိသူသည် မိမိကိုယ်မိမိ ယုံကြည်မှုပြည့်ဝ၏။ ဆုံးရှုံးမှုများကို အောင်မြင်မှု၏ သော့ချက် သို့မဟုတ် လှေကားတက်များအဖြစ် ရှုမြင်ခံစား၏။ အောင်မြင်မှုကိုတွေ့ကြုံရသည့်အခါ ရွှင်လန်းအားတက်လျှက် ထက်သထက်ပို၍ထက်မြက်၏။ အခက်အခဲအန္တရာယ်နှင့်ရင်ဆိုင်ရသည့်အခါတွင်လည်း သတ္တိများ တိုးပွါး၏။ ပို၍ရဲရင့်လာ၏။   မှန်၏။ ရဲရင့်သည့်စွမ်းအားဝီရိယမပါဘဲ အောင်မြင်သူဟူ၍ ဤလောကတွင်မရှိနိုင် မဖြစ်နိုင်ပါချေ။ မိမိတို့လက်လှမ်းမီနိုင်သလောက် ဝန်းကျင်နယ်ပယ်အသွယ်သွယ်
နိုင်ငံအသီးသီးနှင့် ကမ္ဘာ့သမိုင်းမှ ဖြစ်ရပ်ဖြစ်စဉ်များကို သေချာစွာသတိပြု
စေ့ငုကြည့်လျှင် လူသားအားလုံး၏ ဝီရိယစွမ်းအားများဖြင့် လူ့သမိုင်းကို အဆင့်ဆင့်ပြောင်းလဲ တည်ထောင်ဖန်ဆင်းကာ လူ့သမိုင်းခရီးနှင်ခဲ့ကြသည်ကို တွေ့ရမည်ဖြစ်၏။ ယခုလည်း ဝီရိယများဖြင့် လူ့သမိုင်းကိုရေးနေကြဆဲ၊ ခရီးနှင်နေဆဲပင်။ နောင်အနာဂတ်တွင်လည်း ကမ္ဘာတည်သရွေ့ ခရီးဆက်ကြပေလိမ့်အုံးမည်။ ထိုအထဲတွင် ဥာဏ်ရည်ချင်းတူသည်ဆိုလျှင် ဝီရိယစွမ်းအင် ပို၍ထက်မြက်သူက အောင်ပွဲရခဲ့ကြ၏။ ရနေကြဆဲလည်းဖြစ်၏။ နောင်တွင်လည်း ရနေကြလိမ့်အုံးမည်။ သို့ဆိုလျှင် ဝီရိယကို အဘယ်သို့အသုံးပြုမည်နည်း။ အမှန်စင်စစ် ဝီရိယကို ကြိုက် မကြိုက်အပေါ်မူတည်၍ အသုံးမပြုသင့်၊ လောကနှင့်မိမိအတွက် နှစ်ဦးနှစ်ဘက် ကောင်းကျိုးရှိ မရှိကိုမူတည်၍သာ အသုံးပြုသင့်၏။ ဝီရိယစွမ်းအားကို ကြိုက် မကြိုက်အပေါ်မူတည်၍ လွဲမှားစွာ သုံးစွဲခဲ့ကြခြင်းကြောင့် သမိုင်းအနိဋ္ဌာရုံများ ကြုံခဲ့ကြဖူးပြီ။ လူမှုဒုက္ခနှင့် သောကပရိဒေဝ ဆူးငြောင့်ခလုတ်များပေါ်ဝယ် နာကျင်ခံခက်စွာ အိပ်စက်ခဲ့ကြဖူးပြီ။ လူသားမျှသာမက တိရိစ္ဆာန်အပါအဝင် သဘာဝရေမြေ
တောတောင်ပတ်ဝန်းကျင်သည်လည်း လောကဓံဆိုးနှင့် တိုးခဲ့ရဖူးပြီ။ အဘယ့်ကြောင့်ဆိုသော် ဝီရိယဟူသော စေတသိက်သည် ( စိတ်မဟုတ် )  ကောင်းသောစိတ် ( ကုသိုလ် )နှင့်လည်း မိတ်ဆွေရင်းဖြစ်နိုင်သည့်နည်းတူ မကောင်းသောစိတ် ( အကုသိုလ် )နှင့်လည်း မိသားစုဝင်ဖြစ်နိုင်သောကြောင့်ပင်တည်း။ အဘိဓမ္မာသင်ရိုးအရ ပြောရသော် ဝီရိယသည် ကုသိုလ်နှင့်လည်းယှဉ်၏။ အကုသိုလ်နှင့်လည်းယှဉ်သောကြောင့်ပင်တည်း။ ကောင်းစိတ် အပြုသဘောဆောင်စိတ်များနှင့် မိတ်ဆွေရင်းဖြစ်သည့် သို့မဟုတ် မိသားစုဝင်ဖြစ်သည့် ဝီရိယကို သမ္မပ္ပဓါန်ဟုခေါ်ဆိုရ၏။ သမ္မာဝါယာမဟုလည်း မဂ္ဂင်ရှစ်ပါးတွင်သုံး၏။ အဓိပ္ပါယ်မှာ မှန်ကန်သောရဲရင့်ခြင်း သို့မဟုတ် မှန်ကန်သောကြိုးစားမှုစွမ်းအားဟူလေသတတ်။ ထိုသမ္မပ္ပဓါန်သည် လေးပါးရှိ၏။ ၎င်းတို့မှာ
  ၁။ ဖြစ်ပေါ်ခဲ့ပြီးသော မကောင်းသည့် ဆိုးကျိုးဆက်များကို ဖျက်ဆီးနိုင်သည့်စွမ်းအား သို့မဟုတ် ဖျက်ဆီးနိုင်သည့်ရဲရင့်မှု၊
  ၂။မဖြစ်ပေါ်သေးသော မကောင်းသည့်ဆိုးကျိုးဆက်များကို ဖြစ်မလာစေရန် တားမြစ်နိုင်သည့်စွမ်းအား သို့မဟုတ် တားမြစ်နိုင်သည့် ရဲရင့်မှု၊
  ၃။ မဖြစ်ပေါ်သေးသော ကောင်းကျိုးများ ဖြစ်ပွါးစေနိုင်သည့်စွမ်းအား သို့မဟုတ် ဖြစ်ပွါးစေနိုင်သည့်ရဲရင့်မှု၊
  ၄။ ဖြစ်ပေါ်ပြီးသော ကောင်းကျိုးများ တိုးပွါးစေနိုင်သည့်စွမ်းအား သို့မဟုတ် တိုးပွါးစေနိုင်သည့်ရဲရင့်မှု တို့ပင်ဖြစ်၏။ အထက်ပါဆိုခဲ့ပြီး ဝီရိယလေးမျိုးကို သေချာစွာစဉ်းစားကြည့်လျှင် မကောင်းသည့်အဟောင်းကို ကောင်းသည့်အသစ်ဖြင့် ကြိုးစားအစားထိုးခြင်းလည်းဖြစ်၏။ ကောင်းလာသည့်အရာကိုလည်း ပို၍သစ်လွင်တောက်ပစေ၏။ ညစ်နွမ်းသည့်အခြေအနေမှ သန့်စင်သည့်အခြေအနေသို့ရောက်အောင် စွမ်းဆောင်ခြင်းဖြစ်ကြောင်းလည်းတွေ့ရမည်ဖြစ်၏။ နိမ့်ကျသည့်ဖြစ်စဉ်မှ
မြင့်မြတ်သည်ဖြစ်စဉ်သို့ မြှင့်တင်ခြင်းလည်းဖြစ်၏။ ရိုင်းစိုင်းသည့်လုပ်ရပ်များမှ ယဉ်ကျေးသည့်လုပ်ရပ်များသို့ရောက်အောင်စွမ်းဆောင်ခြင်းလဲဖြစ်ပါ၏။ ဤကဲ့သို့ အခြေအနေရှိသည့် ဝီရိယသော်မှလည်း ဝီရိယပါရမီ မမည်နိုင်ပါသေးချေ။ အမှန်စင်စစ် ဝီရိယပါရမီဟူသည် လောကကောင်းကျိုးအတွက် ကရုဏာနှင့်အသိဥာဏ်ပညာ ဤနှစ်ဖြာကိုအခြေခံ၍ သမ္မပ္ပဓါန်လေးပါးနှင့်အညီ ဆောင်ရွက်ပါမှ ဝီရိယပါရမီ အစစ်ဖြစ်ပါ၏။  မိမိဆိုလိုသည်မှာ ကြိုးစားတိုင်းဝီရိယပါရမီမမြောက်ဟူ၍။ မိမိကျရာတာဝန်ကို အသက်ပေး၍ ထမ်းဆောင်ပါသော်လည်း လောကအတွက်ကရုဏာနှင့် အသိဥာဏ်ပညာမပါလျှင် ပါရမီဝီရိယမထိုက်ဟူ၍။ ဘုရားအလောင်းတော်အပါအဝင် သူတော်စင်
အလောင်းတော်ကြီးများအားလုံးသည် ပါရမီမြောက်သည့် ဤဝီရိယဖြင့် လောကကိုအလှဆင်ခဲ့ကြ၏။ လောကကို ဦးဆောင်တည်ထောင်ခဲ့ကြ၏။ ထိုအခါ လောကသည် သာယာလှပ၍ ချိုမြိန်သောရသဖြင့်ပြည့်လျှမ်းခဲ့၏။ တစ်ဖန် ပါရမီလည်းမမည် ကောင်းကျိုးနှင့်လည်းမညီသည့် အဓမ္မဝီရိယကို အလွဲအမှားအသုံးပြု၍ ဦးဆောင်ခဲ့ကြသောအခါ လောကသည် အရုပ်ဆိုးအကျည်းတန်ကာ ဒေါသ အာဃာတအခိုးအငွေ့များ ဖုံးလွှမ်းလေတော့၏။ ထိုအခါလောကသည် အေးချမ်းမှုတို့ဝေး၍ ပူလောင်မှုဖြင့် ပွက်ပွက်ဆူအောင် လောက်မြိုက်လေတော့၏။ ထို့ကြောင့် လောကလူသားတိုင်း မိမိတို့နေ့စဉ်ပြုလုပ်နေကျ လုပ်ငန်းအသီးသီးတွင် ဤပါရမီစိတ်ထားကို တစ်စထက်တစ်စ တဖြေးဖြေး တိုး၍တိုး၍ မြှင့်တင်သွားနိုင်ကြလျှင် အေးချမ်းသာယာသော မြေကမ္ဘာဖြစ်မည်မှာ မလွဲပင်တည်း။ လူသားတိုင်း ဤဝီရိယပါရမီစိတ်ထားဖြင့်သာ ခရီးဆက်နေလျှင် မိမိတို့လူ့ဘုံသည် ကြည်နူးဆွတ်ပျံ့သည့် မွှေးရနံ့များဖြင့် ဝေဖြာသာယာနေတော့မည်သာတည်း။ ယနေ့လူသားတို့်မျှော်မှန်းကြသည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော မြေကမ္ဘာထက် အဆများစွာသာလွန်သော ကြည်နူးဆွတ်ပျံ့ မွှေးရနံ့လွှမ်းထုံသည့် မြေကမ္ဘာဖြစ်ပါစေဟုလည်း ညွတ်နူးစွာ ဆုထူးချွေလိုက်ပါ၏။

***ဓမ္မမိတ်ဆွေများ၏အမှာစကား***